← Chapters

ရွှမ်မင်တံခါး

Vol. 9 Ch. 894

ရွှမ်မင်တံခါး

Vol. 9 Ch. 894

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားများကို အနည်းနှင့်အများ အတွေ့အကြုံရှိထားသူ ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က သူသည် အချိန်ရေစီးကြောင်းတစ်လျှောက် တာအိုဆရာသခင်ကြီး (၈)ပါးစလုံး၏ ပုံရိပ်ယောင်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရပြီး ကြယ်စင်တစ်ထောင်တန်ခိုးစွမ်းအား၏ အံ့သြစရာ ကောင်းပုံကိုလည်း သိရှိခဲ့ဖူးလေသည်။

ထို့ကြောင့် ယနေ့အခါတွင်တော့ သူ့အတွက် အံ့သြစရာ မရှိတော့ပေ။

သို့သော်… တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားများဆိုသည်က ပြောမပြနိုင်လောက်အောင် ရင်သပ်ရှုမောရစမြဲ ဖြစ်လေသည်။ ကွမ်းချန်ကျီ ထိုတန်ခိုးစွမ်းအားကို ကျင့်ကြံသည့်အခါ သူသည် ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက်အလား တန်ခိုးစွမ်းအား မြင့်မားလျှက် ရှိလေသည်။

ပေါက်ကွဲလွင့်စင်သွားသည့် ကြယ်စင်များအောက်တွင် ယွီဧကရာဇ်၏ သုံးမြှောင့်မီးအိုးကြီး (၉)ခုက ကိုယ်ခွဲ (၈)ခုမှ တန်ခိုးစွမ်းအား (၈)ခုဖြင့် ပေါင်းစည်းကာ ကြယ်စင်တစ်ထောင်တန်ခိုးစွမ်းအားကို တားဆီးထားလိုက်လေသည်။

ဆန်းလျန်က ယွီဧကရာဇ်ကို ကယ်တင်ရန် ရောက်လာခြင်းဖြစ်သော်လည်း ချက်ချင်းကယ်တင်ရန် ရည်ရွယ်ချက် မရှိသေးပေ။

သူက စကြာဝဠာတစ်နေရာတွင် ပုန်းကွယ်ပြီး မတ်တတ်ရပ်နေရင်း တိုက်ပွဲအခြေအနေကို လေ့လာနေလေသည်။ သူရောက်ရှိနေကြောင်းကို မည်သူမှ သိရှိခြင်း မရှိကြပေ။

ရွှမ်တုတောက်ကျွင်းတစ်ဖြစ်လဲ ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တိကျန်ဗောဓိသကျတို့သည်လည်း အခြေအနေကို ကြည့်ရန် ရောက်ရှိနေကြလင့်ကစား ဆန်းလျန်ရောက်ရှိနေသည်ကို အာရုံခံမိခြင်း မရှိကြပေ။

သို့သော်… ယွီဧကရာဇ်၏ နန်းတော်ထဲတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေသည်ကို ဆန်းလျန် သိရှိလိုက်လေသည်။ယွီဧကရာဇ်တွင် စစ်ကူတစ်ယောက် ရှိနှင့်ပြီးသားဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်သည်။

ရုတ်တရက်… အဖြူရောင်အမွှေးရှည်များရှိသည့် မြေခွေးတစ်ကောင် ထွက်ပေါ်လာလေသည်။ မြေခွေး၏ စိမ်းပြာရောင် မျက်ဝန်းများက ပင်လယ်ရေအလား ကြည်လင်လျှက်ရှိလေသည်။ သူ၏ အမြီး (၉)ခုက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။  ကြယ်စင်တန်း (၉)ဆင်းနှင့်ပင် တူလွန်းလှပြီး လေထဲတွင် ယိမ်းနွဲ့လျှက်ရှိလေသည်။

ယွီဧကရာဇ်က ကြုံးဝါးသံကြီးတစ်ချက် ပြုလုပ်လိုက်လေသည်။ ထို့နောက် ယွီခြေလှမ်းပညာကို အသုံးပြုကာ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင်… သုံးမြှောင့်မီးအိုးကြီး (၉)ခုက ကောင်းကင်ထက်သို့ ပျံဝဲတက်သွားပြီး အဆုံးမရှိ လင်းလက်တောက်ပလာလေသည်။ ထို့နောက် အမြီး (၉)ခုမြေခွေး၏ အမြီး (၉)ချောင်းထက်တွင် သုံးမြှောင့်မီးအိုးကြီး (၉)ခုက တည်နေလေသည်။

ထိုအခါ နတ်မိစ္ဆာမြေခွေး၏ တန်ခိုးစွမ်းအားများက ပိုပြီး မြင့်တက်လာလေတော့သည်။

တစ်ချိန်တည်းမှာပင် ယွီဧကရာဇ်၏ ယွီခြေလှမ်းများက ဗလာနယ်ထဲတွင် ခြေလှမ်းပေါင်း (၉၉)လှမ်းနှင့် ထောင့်ဖြတ်ခြေလှမ်း (၈၁)လှမ်း ဖြစ်ပေါ်လာလေသည်။ ထိုခြေလှမ်းများသည် လောကကြီးတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့်အလား ဖြစ်လေ၏။

ထိုမြင်ကွင်းကိုမြင်သည်နှင့် ချင်းရွှီးက သူ၏ ရွှမ်ဟွမ်စေတီကို အခိုးအငွေ့အသွင်ပြောင်းကာ အကာအကွယ်ယူထားလိုက်လေသည်။ ထိုအခါ ယွီဧကရာဇ်၏ တန်ခိုးစွမ်းအားများသည် သူ့ကို အန္တရယ်ပေးနိုင်ခြင်း မရှိတော့ပေ။

ဧကရာဇ်ပေတံက မြွေတစ်ကောင်အလား စကြာဝဠာကို လွှမ်းခြုံထားဆဲဖြစ်လေသည်။

ဗလာနယ်ထဲတွင် တန်ခိုးစွမ်းအားများ ရောယှက်ရှုတ်ထွေးလျှက် ရှိလေတော့သည်။

မာရ်နတ်ကတော့ မှော်ဝင်ဓားကိုကိုင်ကာ မတ်တတ်ရပ်နေလေသည်။

သူ၏ပတ်ပတ်လည်တွင် အဆုံးမရှိသည့် နတ်ဆိုးစစ်သည်တော်များထွက်ပေါ်လာပြီး စကြာဝဠာကြီးတစ်ခုလုံး လှုပ်ခါတော့မည့်အလား ကြုံးဝါးသံများဖြင့် ဆူညံလျှက် ရှိလေတော့သည်။

နဂါးငွေ့တန်း နက်ရှိုင်းသည့်နေရာတွင် အဝါဖျော့ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် တာအိုကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ လှမ်းလာလေသည်။ သူ၏လက်ထဲတွင် နတ်ခေါင်းလောင်းတစ်ခုကိုကိုင်းထားပြီး ကြယ်စင်များမှ တန်ခိုးစွမ်းအားများက ထိုခေါင်းလောင်းအတွင်းသို့ စီးဆင်းဝင်ရောက်နေကြလေသည်။

နတ်ခေါင်းလောင်းမှ ထွက်ပေါ်နေသည့် ခေါင်းလောင်းသံက ကြည်လင်ပြီး ရှည်လျားလေသည်။

ထိုအခါ… ဖော်မပြနိုင်လောက်အောင် များပြားလွန်းသည့် နတ်ဘုရားဝိညာဉ်များသည် နဂါးငွေ့တန်းအလား သူ့ရှေ့တွင် စီးဆင်းလွင့်မျောလာကြလေသည်။

ထိုသူမှ ကွမ်းချန်ကျီ ဖြစ်လေသည်။

သူ၏ တန်ခိုးစွမ်းအားများက မာရ်နတ် ၊ ချင်းရွှီး တို့၏ တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ်သွားပြီး ကြီးမားသည့် တန်ခိုးစွမ်းအားထုကြီးတစ်ခုက စကြာဝဠာကြီးတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။

ထို့နောက် ယွီဧကရာဇ်နှင့် အမြီးကိုးချောင်း နတ်ဒေဝါမြေခွေးတို့ကို ပိတ်ဆို့ထားလိုက်လေတော့သည်။

အမြီး (၉)ချောင်းပါရှိသည့် နတ်ဒေဝါမြေခွေးသည် တန်ခိုးစွမ်းအားအလွန်မြင့်မားသော်လည်း နတ်ဘုရား (၃)ပါး၏ တန်ခိုးစွမ်းအားများချိတ်ဆက်ထားသည့် စွမ်းအားထုကြီးကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိပေ။

နတ်ဒေဝါမြေခွေးသည် တဖြည်းဖြည်း အလွန်ချောမောလှပသည့် မိန်မပျိုတစ်ယောက်အသွင်သို့ ကူးပြောင်းသွားလေသည်။

ချောမောလှပရုံသာမက အပြစ်တစ်စက်မှ ဆိုစရာမရှိအောင် ပြည့်စုံလှပလွန်းခြင်း ဖြစ်လေ၏။

ယွီဧကရာဇ်က သူမကို တီးတိုးပြောလိုက်လေသည်။

"ကိုယ့်ကြောင့် မင်းလည်း နာကျင်ရပြီ…"

အမြီးကိုးချောင်းနတ်ဒေဝါမြေခွေးက သူ့ပခုံးထက်တွင် ခေါင်းမှီလိုက်ရင်း…

"ရှင့်ကြောင့် မဟုတ်ပါဘူး…"

ယွီဧကရာဇ်က…

"ကွမ်းချန်ကျီ ၊ မင်းကတော့ ကျုပ်ရဲ့ သုံးမြှောင့်မီးအိုး (၉)ခုကိုတော့ စိတ်ဝင်စားမှာ မဟုတ်ဘူး ၊ မင်းက ဘာအတွက် တိုက်ခိုက်ရတာလဲ…"

သူ့စိတ်ထဲတွင် နားမလည်သည့်အချက်ကို အမှန်အတိုင်းမေးလိုက်ခြင်းဖြစ်လေသည်။

မာရ်နတ်နှင့် ချင်းရွှီးတို့ကတော့ အမှန်တကယ်ပင် သုံးမြှောင့်မီးအိုး (၉)လုံးကို လိုချင်ကြခြင်း ဖြစ်လေသည်။

သို့သော် ကွမ်းချန်ကျီလိုလူမျိုးကတော့ ထိုသို့ မဟုတ်တန်ရာပေ။

ကွမ်းချန်ကျီက…

"ယွီဧကရာဇ် ၊ မင်း မခုခံဘဲ အရှုံးပေးလိုက်ရင် မင်းကို ကျုပ်တို့ လွှတ်ပေးမယ်…"

ယွီဧကရာဇ်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"ကျုပ်က အမြဲတမ်းဖြောင့်မတ်စွာနေခဲ့တဲ့သူပါ ၊ ဘယ်အကြံအစည်မှာမှ ပါဝင်ပတ်သက်လိုခြင်းမရှိဘူး ၊ အခု ကွမ်းချန်ကျီက ကျုပ်မေးတဲ့စကားကို မဖြေသေးဘူးနော် ၊ ဘာလို့ ကျုပ်ကို တိုက်ခိုက်ရတာလဲ…"

မာရ်နတ်ထံမှ ရယ်မောသံထွက်ပေါ်လာပြီး…

"ကျုပ်က မိတ်ဆွေ ကွမ်းချန်ကျီကို မိုးကောင်းကင်နတ်မိစ္ဆာတွေရဲ့ စစ်မှန်တဲ့လွတ်မြောက်မှုအတွက် ကျုပ်တို့နဲ့လက်တွဲဖို့ ကမ်းလှမ်းခဲ့တာ…"

ယွီဧကရာဇ်က မာရ်နတ်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး…

"အနာဂတ်မှာ တစ်ယောက်ယောက်က မင်းရဲ့အပြစ်တွေကို သိသွားမှာ မကြောက်ဘူးလား မာရ်နတ်…"

မာရ်နတ်က…

"သိသွား ပိုတောင်ကောင်းသေးတယ်…"

ယွီဧကရာဇ်က…

"မင်းလိုကောင်က သမိုင်းတစ်လျှောက်မှာ စွမ်းအားအကြီးမားဆုံးလူတစ်ယောက်အဖြစ် မှတ်တမ်းတင်ခံရတာ မအံ့သြတော့ပါဘူးကွာ…"

သူက မာရ်နတ်ဆိုလိုသည့်အဓိပ္ပါယ်ကို ယေဘူယျနားလည်လိုက်လေသည်။

မာရ်နတ်က နတ်ဘုရားများကိုပင် ပြုစားနိုင်ခဲ့လေပြီလား။ ကြည့်ရသည်မှာ သူ၏ မိစ္ဆာလမ်းစဉ်သည် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေဟန် ရှိလေသည်။

တစ်ချိန်တည်းမှာပင်…

မာရ်နတ်မည်မျှရူးသွပ်သည်ကို သတိပြုလိုက်မိလေသည်။

ထို့ကြောင့် သေခြင်းရှင်ခြင်းကို သူ့စိတ်ထဲတွင် မထားတော့ဘဲ ပိုမိုမြင့်မားသည့် တန်ခိုးစွမ်းအားများကို အသုံးပြုကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

မာရ်နတ်၏စကားကို တုံ့ပြန်ရန်အတွက် စကားတစ်ခွန်းသာ ရှိလေသည်။

"သောက်ရူးများသည် တရားအလင်းမရနိုင်" ဆိုသည့်စကားပင်။

မာရ်နတ်သာ ဆန်းလျန်နှင့် ခေတ်ပြိုင်မဟုတ်ခဲ့လျှင် စကြာဝဠာတစ်ခုလုံးကို ကြမ္မာဆိုးကျရောက်စေမည့်သူမှာ ဆန်းလျန်မဟုတ်ဘဲ မာရ်နတ်၏လုပ်ရပ် ဖြစ်ပေလိမ့်မည်။

မာရ်နတ်က…

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့ ၊ တာအိုဆရာကွမ်းချန်ကျီ ဘယ်လောက်စွမ်းလဲဆိုတာသာ ကြည့်လိုက်တော့…"

ကွမ်းချန်ကျီက ယွီဧကရာဇ်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး…

"တိုက်မယ်…"

ဟုပြောလိုက်လေသည်။

ထို့နောက် ကွမ်းချန်ကျီက သူ၏လက်ဖဝါးများကို အသာဖြန့်လိုက်လေရာ လက်ဖဝါးထက်တွင် ဖန်းထျန်းစည်းတံဆိပ် ထွက်ပေါ်လာလေသည်။

ယွီဧကရာဇ်ရော နတ်ဒေဝါမြေခွေးပါ ဖန်းထျန်းစည်းတံဆိပ်ကို တွေ့မြင်လိုက်ရသည့်အခါ စကြာဝဠာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ကြရလေသည်။

မရေမတွက်နိုင်အောင် အသက်ရှင်သန်ခဲ့ကြသည့် နှစ်ပေါင်းများစွာအတွင်းတွင် ပထမဆုံး သိမ်ငယ်မှုနှင့် အရေးမပါသည့်ခံစားချက်ကို ခံစားလိုက်ကြရလေသည်။

ဖန်းထျန်းတံဆိပ်တော်ဆိုသည်မှာ ယွိချင်တာအိုဆရာသခင်ယွမ်စီထျန်းကျွင်း သေသေချာချာ ပြုလုပ်ထားခဲ့သည့် မှော်ဝင်စည်းတံဆိပ်တစ်ခုဖြစ်လသည်။

ခေတ်အဆက်ဆက်တွင် … ကွမ်းချန်ကျီသည် ဖန်းထျန်းတံဆိပ်တော်ကို အသုံးပြုကာ မည်မျှအင်အားကြီးမားသည့် ရန်သူဖြစ်ပါစေ အနိုင်ယူခဲ့သည်ချည်းပဲ ဖြစ်လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်… ဖန်းထျန်းတံဆိပ်တော်မှ အံ့သြထိတ်လန့်စရာ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာကာ ယွီဧကရာဇ်နှင့် နတ်ဒေဝါမြေခွေးကို ပိတ်ဆို့ထားလိုက်လေတော့သည်။

ရုတ်တရက်… သူတို့ (၂)ယောက်လုံး၏ စိတ်များ ေ၀ဝါးသွားပြီး မျက်လုံးအမြင်များကိုလည်း ဖန်းထျန်းတံဆိပ်တော်က ဖုံးကွယ်ပစ်လိုက်လေသည်။

ဖန်းထျန်းတံဆိပ်တော်မှ တန်ခိုးစွမ်းအားများ သူတို့ (၂)ယောက်ကို ထိခိုက်မိသည့်အချိန်ခဏတွင်ပင် သူတို့ (၂)ယောက်လုံး ချက်ချင်းပင် တစ်စစီ ဖြစ်သွားနိုင်လေသည်။

နတ်ဒေဝါမြေခွေး၏ အမြီး (၉)ချောင်းသည် သေခြင်းရှင်ခြင်းကြားတွင် လူးလွန့်လှုပ်ရှားနေလေသည်။ဖန်းထျန်းစည်းတံဆိပ်၏ ရွှေရောင်အလင်းတန်းများအောက်တွင် သဘာဝကျစွာပင် လှပနေလေသည်။

ထိုအချိန်မှာပင်… ဧကရာဇ်ပေတံကရုတ်တရက် လှုပ်ရှားလာပြီး ယွီဧကရာဇ်နှင့် နတ်ဒေဝါမြေခွေးကို ကာကွယ်ထားသည့် တောက်ပသည့်အလင်းတန်းများကို ဖယ်ရှားပစ်လိုက်လေသည်။

ကြယ်စင်ကောင်းကင်တစ်ခုလုံး ကြည်လင်သွားလေ၏။

ယွီဧကရာဇ် သတိပြန်ဝင်လာလေသည်။

သူ၏မျက်ဝန်းများတွင် နတ်ဘုရားအလင်းရောင်များလင်းလက်လာပြီး နဂါးနှစ်ကောင်အလား တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ဧကရာဇ်ပေတံကို ရိုက်ချလိုက်လေသည်။

စကြာဝဠာတစ်ခုလုံးကို အဖြူရောင်အလင်းတန်းတစ်ခုက ဖုံးအုပ်သွားလေ၏။

သို့သော်… ယွီဧကရာဇ် စိတ်သက်သာရာမရနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော်… သူ၏ တန်ခိုးစွမ်းအားများ ရုတ်တရက် လျော့ကျသွားသည်ကို ခံစားလိုက်ရသောကြောင့်ဖြစ်လေသည်။ တန်ခိုးစွမ်းအားများ လျော့ကျသွားသည့်အပြင် တန်ခိုးစွမ်းအားများကိုလည်း စုစည်း၍ မရတော့ပေ။

တစ်ချိန်တည်းမှာပင် မှိန်ပျပျဓားအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အချိန်နှင့်နေရာကို ဖြတ်ကျော်ကာ မရေမတွက်နိုင်သည့် အော်မြည်သံများပြုကာ ထွက်ပေါ်လာကြသည့် နတ်ဆိုးများကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရလေသည်။

သူ့စိတ်ထဲတွင် ဒေါသထွက်နေသည့်တိုင် သူ့တွင် ထိုဓားဝိညာဉ်ကို တားဆီးနိုင်စွမ်း မရှိတော့ပေ။

ထိုအချိန်မှာပင်…

ယွီဧကရာဇ်၏ နားထဲသို့ တိုးတိတ်သည့်အသံတစ်သံဝင်ရောက်လာလေသည်။

"စစ်ဝမ်မင့်… ၊ မင်းကို ကျုပ် တစ်ကြိမ်ကယ်တင်ပေးခဲ့တယ်ဆိုတာကို အမြဲ အမှတ်ရနေပါ…"

ထို့နောက် စကြာဝဠာဗလာနယ်ထဲတွင် တံခါးတစ်ချပ်ပွင့်သွားပြီး ရှိရှိသမျှ တန်ခိုးစွမ်းအားများအားလုံးကို စုပ်ယူသွားလေတော့သည်။

"ရွှမ်မင်တံခါး…"

ချင်းရွှီးက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေတော့သည်။

***

All Chapters