← Chapters

သခင်အဖြူ နိဂုံးချုပ်၍ စစ်ပွဲ စတင်ပြီ

Vol. 95 Ch. 1315

သခင်အဖြူ နိဂုံးချုပ်၍ စစ်ပွဲ စတင်ပြီ

Vol. 95 Ch. 1315

“နိုင်နိုင်ရှုံးရှုံး တိုက်ခိုက်မယ်"

“သူတို့လည်း အဆင်သင့်မဖြစ်သေးမှတော့ ... ငါတို့ အခုချက်ချင်း တိုက်သင့်တယ်”

“ဒါက စစ်ပွဲလေးပဲ မဟုတ်လား။ ဘယ်လောက်ကြာမလဲ မသိနိုင်ရင်တောင်မှ တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဖြစ်လာဦးမှာပဲ ရှောင်လွှဲမရဘူး”

တခဲနက် ကြွေးကြော်သံများသည် တောင်ပင်လယ်လောက၏ နေရာအနှံ့အပြားမှ ကြောက်မခန်းလိလိ ဟိန်းထွက်နေ၏။ အသံများကြား၌ မန်ဟိုကား တိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးများကမူ ပြင်းပြသော တိုက်ခိုက်လိုစိတ်တို့ဖြင့် တဟုန်းဟုန်း တောက်နေသည်။

“နည်းနည်းပါးပါး ပြင်ဆင်ပြီးရင် တောင်ပင်လယ်လောကရဲ့စွမ်းအားကို ငါ ပိုပြီး စုစည်းနိုင်လောက်မယ်” သူက တွေးသည်။ “ဒါပေမဲ့ ... အဲဒီအချိန်ကျရင် အပြင်က အင်အားစုနှစ်စုလည်း ရောက်လာခဲ့လောက်ပြီ

“အဲဒီလိုဆိုမှတော့ ဘာလို့ အခု မတိုက်ခိုက်ဘဲ နေတော့မလဲ။ အဲဒီအင်အားစုနှစ်စု ရောက်မလာခင် ကောင်းကင်ဘုံ ၃၃ ဘုံကို ငါတို့ ရှင်းပစ်နိုင်ခဲ့ရင် ... စစ်နိုင်ဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး” မန်ဟို့မျက်လုံးများ လင်းလက်တောက်ပလာသည်။ ယခုအချိန်က စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ သူသည် သခင်အဖြူကို ဆုပ်ကိုင်ထားဆဲဖြစ်သော ရွှေရောင်ချပ်ဝတ်လက်ကြီးကို မော့ကြည့်လိုက်၏။ သူက တိုက်ခိုက်လိုကြောင်း မကြွေးကြော်သော်လည်း သူ၏နတ်ဘုရားအာရုံကို ပါရာဂွန်အဆင့်နှင့် ရှစ်ဆယ်ရာခိုင်နှုန်း ညီမျှသောစွမ်းအားဖြင့် ဖြန့်ကျက်လိုက်သည်။

စစ်ပွဲ စလျှင် သခင်အဖြူသည် မန်ဟို့ထာဝရအလွှာအတွက် ကြီးမားသော အထောက်အကူ ဖြစ်နိုင်၏။ ထို့ကြောင့် သူ့ကို ... အလွှတ်မပေးနိုင်ပေ။ မန်ဟို့နတ်ဘုရားအာရုံက သူ့ထံ လိမ့်ထွက်သွားသည်....

ကောင်းကင်ဘုံ (၁) မှ ရွှေရောင်ချပ်ဝတ်အပြင်သူမှာ အံ့အားသင့်နေလေသည်။ တောင်ပင်လယ်လောကသားအားလုံး၏ တုံ့ပြန်မှုက သခင်အဖြူကို ဆွဲထုတ်နေသော သူ့အား အလိုအလျောက် နောက်ဆုတ်မိသွားစေ၏။ ထိုအခိုက်အတန့်တွင် မန်ဟို့နတ်ဘုရားအာရုံက ချဉ်းကပ်လာသည်။

မန်ဟို့နတ်ဘုရားအာရုံသည် မိုးကောင်းကင်ကို ထက်ခြမ်းခြမ်းနိုင်သော ဧရာမဓားကြီးတစ်လက်အသွင် ပြောင်းပြီးနောက် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည့် လက်ကြီးကို ရက်ရက်စက်စက် ပိုင်းချလိုက်၏။

“မင်းက နေနဲ့လကို တိုက်ခိုက်နေတဲ့ ဆန်စေ့တစ်စေ့သာသာပဲကွ” ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူက အေးစက်စက် နှာမှုတ်ကာ ပြောသည်။ ထို့နောက် သူ့လက်က မန်ဟို့နတ်ဘုရားအာရုံကို လျစ်လျူရှု၍ သခင်အဖြူကို ဆက်လက်ဆွဲထုတ်တော့မည့်အလား ရွှေရောင်တောက်လာသည်။

သို့သော် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟို၏နတ်ဘုရားအာရုံဓားသွားက ရွှေရောင်စဉ်ကို ချက်ချင်း ပိုင်းချလိုက်သည်။ ရွှေရောင်စဉ်မှာ ပြိုကွဲတော့မလို တုန်ရီလာလေသည်။

“အဲ့ဒါက ..” ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီး သူ့စိတ်မှာ ချာချာလည်နေတော့သည်။

မန်ဟို့နတ်ဘုရားအာရုံဓားသွားက ရွှေရောင်စဉ်ကို ထိုးဖောက်ပြီးနောက် ရွှေရောင်ချပ်ဝတ်အပြင်သူ၏ ဧရာမလက်ကြီးကို ထိသွားသည်။ ရွှေရောင်ချပ်ဝတ်မှာ တထက်ထက် အက်ကွဲလာကာ အကြေးခွံများနှင့်လက်ကြီးကို ဖော်ပြလိုက်၏။

မန်ဟို့နတ်ဘုရားအာရုံဓားသွားက ၎င်းအထဲ နစ်ဝင်လာသဖြင့် လက်ကြီးမှာ တုန်ရီလာပြီး ခုခံနိုင်စွမ်းပင် မရှိသယောင်ပင်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ပြတ်ထွက်သွားတော့သည်။

မန်ဟိုက သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် လက်ပြတ်ကြီးကို စိုက်ကြည့်ပြီးနောက် မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးနှင့် ကြိမ်းဝါးသည်။ “ကျူးကျော်လာတဲ့ အပြင်သူမှန်သမျှ သေစေသား”

အားခနဲ အော်သံကြီးက ကောင်းကင်ဘုံ (၁) တွင် တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည်။ လက်မောင်းပြတ်မှ နာကျင်မှုက ပြင်းထန်သဖြင့် ရွှေရောင်ချပ်ဝတ်အပြင်သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မန်ဟိုက နတ်ဘုရားအာရုံကိုသာ သုံးရင်း ယခုလို ဖြတ်နိုင်ခဲ့မှန်း သဘောပေါက်လိုက်သည့်အခါ သူ့နှလုံးသားသည် ထိတ်လန့်စွာ တုန်ရီလာတော့၏။ ထိုကဲ့သို့စွမ်းအားအဆင့်က သူ့ကို လုံးလုံးလျားလျား ကြောက်လန့်တုန်ရီသွားစေသည်။

“ပါရာဂွန်” ရွှေရောင်ချပ်ဝတ်နှင့် အပြင်သူက အော်သည်။ “အဲဒါ ပါရာဂွန်စွမ်းအား။ မင်း... မင်းက ... ပါရာဂွန်ပဲ”

ကောင်းကင်ဘုံ (၁) မှ ကျန်အပြင်သူကျင့်ကြံသူအားလုံး ပင့်သက်ရှိုက်သွားကြပြီး မျက်နှာများ ရိပ်ခနဲ ဖြစ်ကုန်ကြသည်။

တောင်ပင်လယ်လောကတွင် သခင်အဖြူကို ဆုပ်ကိုင်ထားသော လက်ပြတ်ကြီးမှာ ဖြည်းဖြည်းချင်း ပြေလျော့လာသည်။ သခင်အဖြူမှာ မန်ဟို့ကို မျှော်လင့်ချက်မဲ့စွာဖြင့်  လှည့်ကြည့်လိုက်၏။

“တောင်ပင်လယ်လောကကို သစ္စာဖောက်တဲ့လူမှန်သမျှ သေစေသား” မန်ဟိုက မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို ကိုင်မြှောက်၍ သခင်အဖြူထံ လျှပ်စီးလို ပစ်ခွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လှံသည် သခင်အဖြူ၏နဖူးကို စိုက်ဝင်သွား၏။

မချိတင်ကဲအော်သံကြီးတစ်သံ ဆူညံသွားပြီး လုံးဝမှင်သက်နေမှုကို သခင်အဖြူ၏မျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူသည် မန်ဟို့ကို တခဏ တွေတွေကြီး စိုက်ကြည့်နေပြီးနောက် သူ့ခေါင်းတစ်ခေါင်းလုံး ဖောင်းခနဲ ပေါက်ကွဲသွား၏။ သူ့ခန္ဓာကိုယ်လည်း နောက်ဆက်တွဲ လိုက်ပါပေါက်ကွဲသွားသည်။

သတ္တမတောင်ပင်လယ်သခင်ကား သေဆုံးသွားလေပြီ။

သခင်အဖြူ သေသွားသည့်အခါ သူ ဆောင်းခဲ့သော သရဖူက ပြုတ်ကျလာသည်။ တစ်ချိန်တည်းမှာပင် သတ္တမတောင်ပေါ်ရှိ သခင်အဖြူ၏နန်းတော်မှာ ဧရာမလက်ကြီးတစ်ဖက်၏ ရိုက်ချခြင်းခံခဲ့ရသည့်အလား ပြာကျသွားသည်။

ကြယ်တာရာကောင်းကင်တွင် ကျန်ခဲ့သည် တစ်ခုတည်းသောအရာမှာတော့ ... ပိုင်ရှင်မဲ့သရဖူတစ်ခုသာ။ ၎င်းသည် သတ္တမတောင်ထိပ်သို့ ပြန်လည်သက်ဆင်းရင်း သတ္တမတောင်ပင်လယ်သခင်အသစ်တစ်ဦး ပေါ်ထွန်းလာမည်ကို စောင့်နေ၏။

သတ္တမတောင်ထိပ်ရှိ နတ်ရေကန်ထဲတွင် ရွှမ်းဝူလိပ်ကြီး၏မျက်လုံးများသည် အဖြူရောင်တောက်ပနေ၏။ ကြည့်ရသရွေ့ သတ္တမတောင်ပင်လယ်သခင်နှင့် ၎င်းကို ချိတ်ဆက်ပေးထားသော ဆက်သွယ်မှု ပျောက်ကွယ်သွားပုံရသည်။

တောင်ပင်လယ်များ၏ အကန့်အသတ်မဲ့စွမ်းအားက သရဖူထံမှ ဖြာထွက်လာကာ သတ္တမတောင်ပင်လယ်တစ်ခွင် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သတ္တမတောင်ပင်လယ်၌ မွေးဖွားခဲ့သော ကျင့်ကြံသူအားလုံးသည် ထိုစွမ်းအားကို ခံစားလိုက်ရပြီး ...

သခင်ရာထူး လစ်ဟာသွားပြီဖြစ်၍ မိုးကောင်းကင်အောက်ရှိ အရာအားလုံးသည် အစွမ်းအထက်ဆုံးလူ၏အပိုင် ဖြစ်လာတော့မည်ဟု ပြောနိုင်သွားကြ၏။

ထိုစဉ် အဋ္ဌမတောင်ပင်လယ်တွင် .... သခင်အဖြူ သေဆုံးသွားသော အခိုက်အတန့်၌ သူ့အလောင်းသည် ချီနှင့်သွေးများစွာအဖြစ် ပြောင်းလဲသွား၏။ တချို့ကို မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းမှ စုပ်ယူလိုက်သော်လည်း ထိုချီနှင့်သွေးအများစုမှာ မန်ဟို သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် စုပ်ယူနေသော အဖြူရောင်အငွေ့မျှင်များ ဖြစ်လာသည်။

ထိုမျှသာမက သခင်အဖြူ သေဆုံးခဲ့သောနေရာတွင် မှော်ကျင့်စဉ်တစ်ခု ဖြစ်ပေါ်လာနေသည့်အလား အရောင်အဝါများကို ထုတ်လွှတ်နေသည့် အစိမ်းရောင်သစ်ရွက်တစ်ရွက် ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မန်ဟို့ထာဝရအလွှာသည် သစ်ရွက်ကို သူ့ဆီ ဆွဲငင်ပေးရင်း သက်ဝင်လှုပ်ရှားလာ၏။ တခဏကြာသော် သူကား ၎င်းကို အပြည့်အဝ စုပ်ယူပြီးလေပြီ။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့ကိုယ်အတွင်း၌ ပေါ်ထွက်လာသော အဆုံးမဲ့အသက်စွမ်းအားကို ခံစားလိုက်ရသည်။ သူ့အပြင်အားကိုယ်က အဆင့်မတက်သွားသော်လည်း ရုတ်တရက် စွမ်းအားစုစည်းလာမှုက သူ့ကို အံ့အားသင့်သွားစေသည်။

နတ်ဘုရားသွေးဖြင့် သူ့အပြင်အားကိုယ်ကို အဆင့်တက်အောင် လုပ်နိုင်လျှင် သူ၏အပြင်အားကိုယ်သည် တာအိုသခင်အဆင့်ကို ကျော်လွန်၍ တာအိုဥသျှောင်အဆင့်သို့ တိုက်ရိုက်တက်နိုင်လိမ့်မည်။

သူ၏ ခြောက်လုံးမြောက် ဝိညာဉ််မီးအိမ်လည်း ငြိမ်းတော့မည်ဖြစ်ကြောင်း ... သူ ပြောနိုင်သည်။

မန်ဟို သခင်အဖြူကို သတ်လိုက်သည့်အချိန်မှာပင် တောင်ပင်လယ်လောကထဲ၌ ညာသံပေးကြွေးကြော်သံများ သောင်းသောင်းသဲသဲ ဆူညံလာသည်။ အဋ္ဌမတောင်ပင်လယ်မှ ဖြာထွက်လာနေသော တန်ခိုးလှိုင်းအငွေ့အသက်များကိုလည်း မန်ဟို အာရုံရခဲ့၏။ ထိုအခိုက်အတန့်၌ ဘိုးဘိုးမန်မန် ... နောက်ဆုံးတော့ နိုးထလာခဲ့ပြီဟု သူ သိလိုက်လေသည်။

အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ တောင်ပင်လယ်လောက၏စိတ်ဆန္ဒက နောက်တစ်ကြိမ် စကားပြောသည်။

“တိုက်” ၎င်းက စကားလုံးလေးတစ်လုံးသာ ဖြစ်သော်လည်း ဟိန်းထွက်လာသည့်အခိုက်အတန့်တွင် တောင်ကိုးလုံးအပေါ်ရှိ ရွှမ်းဝူလိပ်ကြီးကိုးကောင်လုံး ခေါင်းထောင်ကာ ဟိန်းကြသည်။ ထို့နောက် တောင်ပင်လယ်လောက၏ နေနှင့်လနှစ်စင်းလုံး အရောင်အဝါစူးရှတောက်ပလာသည်။

အလင်းတန်းကိုးတန်းက တောင်ကိုးလုံးမှ ထိုးတက်လာပြီးနောက် အပေါ်ရှိ ရွှေရောင်ပေါက်ကွန်ကြီးကို ဝင်တိုက်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံအကျယ်ကြီးများ ပဲ့တင်ထပ်လာသည်။ ပိုက်ကွန်မှာ ချက်ချင်း တုန်ရီလာပြီးနောက် ... စတင်ပြိုကျလာတော့သည်။

ပိုက်ကွန်ပြိုကျသွားသည့်အခါ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ကောင်းကင်ဘုံ (၁) သည် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ... ကျဆင်းစပြုလာ၏။

ယခုတွင် ကြယ်တာရာကောင်းကင်၏အလွန်၌ မြင်ရသည်မှာ အဆုံးမဲ့သော အာကာပြင်ကျယ်ကြီးမဟုတ်ဘဲ ....ဧရာမမြေထုကြီး ဖြစ်နေသည်။

မရေမတွက်နိုင်သော အစွမ်းထက်နတ်ဘုရားအာရုံစီးကြောင်းများ တဟုန်ထိုး ထွက်လာသဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံလုံး တသိမ့်သိမ့် တုန်ရီနေ၏။ ကြောက်ခမန်းလိလိ လှိုင်းဂယက်များလည်း ကောင်းကင်ဘုံ (၁) မှ ဖြာထွက်လာသည်။ ထိုစဉ် ရှေးကျသော အေးစက်စက်အသံကြီးတစ်သံအား ကြားလိုက်ရသည်။

“စစ်ပွဲ။ တောင်ပင်လယ်လောက ဒီစစ်ပွဲကို စောစော စတင်ချင်မှတော့ ... ငါတို့လည်း တိုက်ခိုက်ကြစို့” အသံကြီး ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သော ကြွေးကြော်သံများ ကောင်းကင်ဘုံ (၁) မှ ဟိန်းထွက်လာကြသည်။ ထို့နောက် ကောင်းကင်ဘုံ (၂)၊ ကောင်းကင်ဘုံ (၃) ၊ ကောင်းကင်ဘုံ (၃၃) ဘုံလုံးမှ အရိပ်များ ထွက်လာနေသည်ကို မြင်ရနိုင်သည်။ တိုက်ပွဲဝင်လိုသူများ ပိုမိုများပြားလာသည်။

သို့သော် ထိုသို့ဖြစ်ပျက်နေသည့်အချိန်မှာပင် တောင်ပင်လယ်လောက၏ နေနှင့်လက တောက်ပလင်းလက်သော အလင်းတန်းနှစ်တန်းအား ကောင်းကင်ဘုံ ၃၃ ဘုံထဲက ကောင်းကင်ဘုံ (၁) နှင့် ကောင်းကင်ဘုံ (၂) ဆက်နေသော နေရာထံ ထိုးတက်သွားစေသည်။

ဝုန်း

အလင်းတန်းနှစ်တန်းက ထို ဆက်နေသောနေရာကို ထုတ်ချင်းဖောက်၍ ကောင်းကင်ဘုံ (၁) အား ကျန်ကောင်းကင်ဘုံ ၃၃ ဘုံမှ ပြတ်ထွက်သွားစေသည်။ ထို့နောက်တွင် ကောင်းကင်ဘုံ (၁) တစ်ထပ်လုံးကို လွှမ်းခြုံပြီး သီးသန့်ပိုင်းခြားလိုက်သော ဧရာမပိုက်ကွန်ကြီးနောက်တစ်ခု ပေါ်လာ၏။

ကောင်းကင်ဘုံ (၁) ၏အလွန်မှ ဆင်းသက်လာနေသောအရိပ်များမှာ တုံ့ခနဲ ရပ်သွားကြသည်။ ဒေါသတကြီးကြိမ်းမောင်းသံများ ကြားလိုက်ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အသံများ ဆူညံနေသဖြင့် ကောင်းကင်ဘုံ (၃၃) ဘုံမှာ တသိမ့်သိမ့် တုန်နေတော့သည်။ ကောင်းကင်ဘုံ (၁) တွင်မူ အပြင်သူအားလုံး တိတ်ဆိတ်နေကြသည်။ သို့သော် သူတို့အားလုံး သူတို့၏မြေထုမှ ပျံထွက်၍ တောင်ပင်လယ်လောကသို့ ဆင်းသက်လာရန် သိပ်မကြာလိုက်ပေ။

စစ်ပွဲကား .... အမှန်တကယ် စတင်ပြီဖြစ်၏။

စစ်မြေပြင်မှာ တောင်ပင်လယ်လောကအတွင်းရှိ နေရာတစ်နေရာသာ မဟုတ်... တစ်လောကလုံး ဖြစ်နေချေပြီ။

အဆုံးမရှိကျယ်ပြောသော ကောင်းကင်ဘုံ (၁) မှ အပြင်သူကျင့်ကြံသူများ အရပ်မျက်နှာအသီးသီးမှ ပျံဆင်းလာကြသည်။ ကောင်းကင်ဘုံ (၁) မှ ဤအပြင်သူများသည် ပုံပန်းသွင်ပြင်အားဖြင့် ရက်စက်ကြမ်းကြတ်သည်သာမက သာမန်ကျင့်ကြံသူများနှင့်လားလားမျှ မတူပေ။ သူတို့ကား ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသော သားရဲများနှင့် ပိုတူသည်။

တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကအတွင်းရှိ မြေပြင်အားလုံး လှုပ်ရှားကြသည်။ မကြာမီ တိုက်ပွဲကား အင်အားအလုံအရင်းဖြင့် ဖြစ်ပွားနေလေပြီ။

သတ္တမတောင်ပင်လယ်မှာ ချက်ချင်းဆိုသလို မီးတဟုန်းဟုန်းတောက်လျက် မီးပင်လယ်တစ်စင်းသဖွယ် ဖြစ်လာခဲ့သည်။ ထိုနေရာတွင် ကျင့်ကြံသူများများစား မကျန်ခဲ့သောကြောင့် ကောင်းကင်ဘုံ (၁) မှ အပြင်သူများအတွက် အခုအခံ သိပ်မတွေ့ရပေ။ ထို့ကြောင့် အများစုက ထိုနေရာကို သူတို့၏ခြေကုပ်ခံတပ်အဖြစ် တည်ဆောက်ရန် အာရုံစိုက်နေကြသည်။

ကောင်းကင်ဘုံ (၁) သည် ဤကျူးကျော်စစ်အတွက် နှစ်ပေါင်းများစွာ ပြင်ဆင်နေခဲ့ကြောင်း သိသာ၏။

တူညီသောမြင်ကွင်းမှာ ဆဋ္ဌမတောင်ပင်လယ်တွင်လည်း ဖြစ်ပွားနေသည်။

တိုက်ခိုက်သတ်ဖြတ်မှုများ ရုတ်ခြည်း အကြိတ်အနယ်ဖြစ်လာသည်။ သို့သော် အဋ္ဌမနှင့် ပဉ္စမတောင်နှစ်လုံးစလုံးတွင် စစ်ပွဲများ စတင်နေခဲ့ပြီးသားပင်။ ထိုစစ်ပွဲများအတွင်း၌ ဆင်နွှဲခဲ့သော အင်အားစုများမှာ ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း လောလောဆယ်တွင် ရှေ့တန်းစစ်ကြောင်းတစ်ကြောင်းစီ၌ တောင်ပင်လယ်နှစ်ခု၏အင်အား ပေါင်းစည်းထားမိပြီးလေပြီ။ ထို့အပြင် အဋ္ဌမတောင်ပင်လယ်၌ မန်ဟို လုပ်ဆောင်ခဲ့သည့်အရာကြောင့် တိုက်ပွဲမပြင်းထန်ခဲ့သဖြင့် တပ်ဖွဲ့များလည်း အကောင်းပကတိ ကျန်ခဲ့သေးသည်။

ယခုတွင် တကယ့်စစ်ပွဲ စတင်နေပြီဖြစ်၍ ထိုနေရာရှိ ကျင့်ကြံသူများသည် အားမာန်အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေပြီး တိုက်ခိုက်သံများ ပဲ့တင်ထပ်နေ၏။

ကျန်တောင်ပင်လယ်များအတွက်မူ မည်သည့်တိုက်ပွဲမှ မဖြစ်ပွားခဲ့ပေ။ သူတို့တွင် လစ်ဟာနေသည့်အရာမှာ အင်အားစုစည်းဖို့ အချိန်ပင်။ သို့သော် ကောင်းကင်ဘုံ (၁) မှ ကျင့်ကြံသူများလည်း ထိုနည်းတူ မပြင်ဆင်ထား၍ ဖရိုဖရဲတိုက်ပွဲများ ချက်ချင်း ဖြစ်ပွားနေတော့သည်။

ပထမတောင်ပင်လယ်တွင် အက်ရှလွန်ကျင့်ကြံသူ တာအိုကောင်းကင်က ဦးဆောင်တိုက်ခိုက်နေ၍ ထိုနေရာရှိ ကျန်ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးလည်း ဝင်ရောက်တိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ဒုတိယတောင်ပင်လယ်နှင့် တတိယတောင်ပင်လယ်လည်း ထိုနည်းတူဖြစ်သည် .... စတုတ္ထတောင်ပင်လယ်မှ လွဲ၍။

All Chapters