တာအိုကွင်းပြင်မှ ဆဲဆိုပွဲ
Vol. 61 Ch. 640
“သူတို့ ရောက်လာကြပြီလား”
အပြင်ထွက်လာပြီး ကျန်းဖုန်းကို မြင်သည်နှင့် ထန်ထျန်းက မေးလိုက်သည်။
ကျန်းဖုန်းက ခေါင်းညိတ်ပြ၏။ “အင်း၊ ဟုန်းယွင်တောင်ကကောင်တွေ ဒီရက်ပိုင်း နေ့တိုင်းလာပြီး လာရန်စနေကြတာ”
“အခု တောင်အောက်က တာအိုကွင်းပြင်ကို ရောက်နေလောက်ပြီ၊ အဲ့ဒီမှာ အော်ဟစ်ဆဲဆိုနေကြမှာပဲ”
အရင်ကဆိုလျှင် ကျန်းဖုန်းက ဤကိစ္စကို ပြောတိုင်း အတော်လေး စိတ်လှုပ်ရှားနေတတ်ပြီး ထိုသူများကို အပြတ်အနိုင်ယူ ချင်သည့် ပုံစံမျိုး ရှိခဲ့သည်။
သို့သော် ယနေ့တွင်မူ သူက ထင်သလောက် တက်ကြွမနေပေ။
ဖြစ်နိုင်သည်မှာ သူက ထန်ထျန်းကို ဤပဋိပက္ခထဲတွင် မပါဝင်စေချင်၍ ဖြစ်ပေလိမ့်မည်။
သို့သော် ကံဆိုးသည်မှာ ထန်ထျန်းကမူ သူ၏စိုးရိမ်မှုကြောင့် ယနေ့ဆုံးဖြတ်ချက်ကို လက်လျှော့မည့်သူ မဟုတ်ပေ။
“ဒါဆို ဘာစောင့်နေတာလဲ၊ သွားကြစို့”
ထန်ထျန်းက ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးမှာ တစ်ဦးနောက်တစ်ဦး လိုက်ပါလျက် ပန်းခြံထဲမှ ထွက်လာခဲ့ကြသည်။
ပန်းခြံအပြင်ဘက်သို့ ရောက်သည်နှင့် အပြင်ဘက်ရှိ အခြေအနေကြောင့် ထန်ထျန်း အနည်းငယ် ကြောင်အသွားရသည်။
တောင်ထိပ်သခင် လျိုထျန်းဟုန် ကိုယ်တိုင် ဦးဆောင်လာခြင်းဖြစ်ပြီး သူ၏ဘေးတွင်လည်း တိမ်တိုက်တောင်၏ နာမည်ကြီး နတ်ဘုရားသားတော်များစွာ ပါဝင်နေကြသည်။
ဤလူအင်အားကို ကြည့်ပြီး ဘာမှမသိသောသူဆိုလျှင် တိမ်တိုက်တောင်က ဟုန်းယွင်တောင်၏ အခြေစိုက်စခန်းကို သွားရောက်တိုက်ခိုက်တော့မည်ဟု ထင်မှတ်သွားနိုင်ပေသည်။
“ဂျူနီယာညီလေးထန်”
ထန်ထျန်း ထွက်လာသည်ကို မြင်သည်နှင့် လျိုထျန်းဟုန်က ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။
ထန်ထျန်းက မတတ်သာသလိုဖြင့် ပြော၏။ “မင်းတို့ ဒါ ဘာလုပ်နေကြတာလဲ”
“ဟုန်းယွင်တာအိုအရှင် ရောက်လာလို့လား”
လျိုထျန်းဟုန်က ကြောင်သွားပြီးနောက် ရယ်ကျဲကျဲဖြင့် ပြောသည်။ “ဒါတော့ မဟုတ်ပါဘူး”
“ငါတို့က... မင်းရဲ့ ဘေးကင်းရေးကို စိုးရိမ်လို့ပါ”
“ဒီနေရာက တိမ်တိုက်ထျန်းဖူလို မဟုတ်ဘူး၊ ယုတ်မာတဲ့ကောင်တွေက သူတို့ရည်ရွယ်ချက်အတွက်ဆို ဘာမဆို လုပ်ကြတာ”
ထန်ထျန်းက ခေါင်းခါလိုက်သည်။
ဤလူတွေက သူသည် ပါရမီထူးချွန်ပြီး အနာဂတ်အလားအလာ ကောင်းသောကြောင့် အထက်လူကြီးများ၏ အလေးပေးမှုကို ခံရသည်ဟု ထင်နေကြပုံရသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
သို့သော် သူတို့မသိသည်မှာ ဤသို့သော အခြေအနေများ ဖြစ်လာရခြင်းမှာ နောက်ထပ် အဆင့်အတန်းတစ်ခုကြောင့် ဖြစ်သည်ဆိုသည်ကိုပင်။
မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ စေတနာနှင့်ဖြစ်၍ သူ ငြင်းဆန်ရန် အကြောင်းမရှိပေ။
လိုက်ချင်လည်း လိုက်ကြပါစေပေါ့။
“စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး”
“သွားကြစို့”
ထန်ထျန်းက ပြောလိုက်သည်။
ထို့နောက်တွင် လျိုထျန်းဟုန်နှင့် တိမ်တိုက်တောင်မှ အစွမ်းထက်သူများ ဝန်းရံလျက် လူအုပ်ကြီးမှာ တောင်အောက်သို့ ဟိတ်ဟန်အပြည့်ဖြင့် ဆင်းလာခဲ့ကြသည်။
တိမ်တိုက်တောင် တာအိုကွင်းပြင်
ဤနေရာမှာ လူအများရှေ့တွင် ဖွင့်လှစ်ထားသော ကွင်းပြင်ဖြစ်ပြီး မြင့်မြတ်နယ်မြေရှိ အခြားအင်အားစုများလည်း လွတ်လပ်စွာ ဝင်ထွက်နိုင်သည်။ ကျင့်ကြံခြင်းအပြင် ပဋိပက္ခများကို ဖြေရှင်းသည့် နေရာအဖြစ်လည်း သုံးလေ့ရှိသည်။
မြင့်မြတ်နယ်မြေရှိ အင်အားစုအတော်များများတွင် ဤကဲ့သို့သော တာအိုကွင်းပြင်တစ်ခုစီ ရှိကြရာ ၎င်းမှာ မရေးမသားထားသော စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
မကြာသေးမီရက်များအတွင်း ဟုန်းယွင်တောင်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများမှာလည်း ဤတာအိုကွင်းပြင်ရှိ အကြီးဆုံး စင်မြင့်ပေါ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။
ထန်ထျန်းတို့ ရောက်လာချိန်တွင် ဤနေရာမှာ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
တိမ်တိုက်တောင်မှ လူများအပြင် အခြားအင်အားစုမှ လူများမှာလည်း ထက်ဝက်ကျော်ရှိနေပြီး အားလုံးမှာ ပွဲကြည့်ရန် လာရောက်ကြခြင်း ဖြစ်သည်။
ယခင်က ဤမျှအထိ လူမစည်ကားခဲ့သော်လည်း ထန်ထျန်း၏ နာမည်ကျော်ကြားလာပြီးနောက်တွင် နေ့စဉ် လာရောက်ကြည့်ရှုသူ ပိုမိုများပြားလာခဲ့သည်။
တစ်ဖက်တွင် တိမ်တိုက်တောင်၏ အခြေအနေကို စုံစမ်းရန်ဖြစ်ပြီး နောက်တစ်ဖက်မှာမူ ဤနေရာတွင် ထန်ထျန်းကို မြင်တွေ့ရမလားဆိုသည့် မျှော်လင့်ချက်ကြောင့် ဖြစ်သည်။
ထိုစဉ် ဟုန်းယွင်တောင်မှ လူများမှာ စင်မြင့်ပေါ်တွင် ရပ်နေကြပြီ ဖြစ်သည်။
သူတို့ထဲမှ လူငယ်တစ်ဦးမှာ အားတက်သရောဖြင့် လေသံပစ်နေ၏။
“အောက်ကမ္ဘာက ပါရမီရှင်တဲ့လား”
“ဟားဟား၊ ဟာသပဲ”
သူက လက်ပိုက်လျက် ကောင်းကင်အောက်မှာ သူက အတော်ဆုံးဆိုသည့် ပုံစံမျိုးဖြင့် ရယ်မောကာ ပြောသည်။ “နိယာမတွေတောင် မပြည့်စုံတဲ့ အဲ့ဒီလို ဂျောင်ကျကျနေရာက ဘယ်လိုပါရမီရှင်မျိုး ထွက်မှာလဲ”
“တစ်သောင်းမှာ တစ်ယောက်၊ ကမ္ဘာပေါ်မှာ အတော်ဆုံးဆိုတာတွေက အထက်ကမ္ဘာကို ရောက်လာရင်တော့ အစစ်အမှန် ပေါ်လာတာပဲ၊ အရိုက်ခံရပြီး ဘာမှမဟုတ်တော့ဘူး”
“ဟေ့ ၊ မယုံရင် ကြည့်လေ”
“မနေ့ကတင် အဲ့ဒီ ပါရမီရှင်ဆိုတဲ့ ကျန်းဖုန်းက ငါ့ခြေထောက်အောက်မှာ လဲနေခဲ့တာ”
“ငါသာ လက်မနှေးခဲ့ရင် သူ စင်ပေါ်ကနေ လိမ့်ဆင်းသွားဖို့တောင် အခွင့်အရေး ရှိမှာမဟုတ်ဘူး”
“ပြီးတော့ သူက ငါ့ထက်တောင် အသက်ကြီးသေးတယ်”
“အကယ်လို့ သူတောင်မှ ထူးချွန်တဲ့ ပါရမီရှင်ဆိုရင် ငါသာ သူတို့ကမ္ဘာကို သွားရင်တော့ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ခံရမှာပဲ~”
ထိုစကားအဆုံးတွင် အောက်ဘက်ရှိ လူအုပ်ကြီးထံမှ ရယ်သံများ ဟိန်းထွက်လာတော့သည်။
ဒေသခံ အင်အားစုများမှ လူအတော်များများက ဝိုင်းပြီး ထောက်ခံ ကြ၏။
“ဟုတ်တယ်၊ ငါတို့ဆီက သာမန်လူတစ်ယောက်ကို လွှတ်လိုက်ရင်တောင် အဲ့ဒီက ပါရမီရှင်ဆိုတဲ့ကောင်တွေကို အမေတောင် မှတ်မိမှာမဟုတ်တယ့်အထိ ရိုက်လွှတ်နိုင်တယ်”
“ဟားဟား၊ ငါမှတ်မိသလောက်ဆိုရင် အဲ့ဒီ ပါရမီရှင်လို့ နာမည်တပ်ထားတဲ့ကောင်တွေ အကုန်လုံး တက်လာပြီးရင် သူတို့နဲ့ ရွယ်တူတွေရဲ့ အနိုင်ယူ တာကိုပဲ ခံရတာ၊ ဒါကို ငါတို့က လက်တွေ့ဘဝကို နားလည်သွားတာလို့ ခေါ်တယ်”
“ဟုတ်ပ၊ တချို့က လက်တွေ့ကို လက်ခံနိုင်ပေမဲ့ တချို့ကတော့ သူတို့ရဲ့ ပါရမီရှင်ဆိုတဲ့ နာမည်ကို မစွန့်လွှတ်နိုင်ဘဲ ရူးသွားတဲ့သူတွေတောင် မနည်းဘူး”
“ကြက်ဘုရင်က ဒေါင်းအုပ်ထဲရောက်ရင် ဘယ်လောက်ပဲ ထူးခြားနေပါစေ ကြက်က ကြက်ပါပဲ”
အောက်ဘက်ရှိ ဒေသခံအင်အားစုမှ လူအချို့က တစ်ယောက်တစ်ခွန်း နှိမ်ချပြောဆိုနေကြရာ အပြောအဆိုမှာ အတော်ပင် ရိုင်းစိုင်းလှသည်။
သို့သော် ထျန်းဖူမျိုးဆက်မှ လူများလည်း ရှိနေသဖြင့် မကျေမနပ် ပြန်လည်တုံ့ပြန်ကြ၏။ “ငါတို့လူတွေက ထိပ်ဆုံးကို မရောက်သေးရင်တောင် သူတို့ရွယ်တူတွေကြားထဲမှာတော့ ထိပ်တန်းကပဲ”
“မင်းတို့ပြောသလို ဘာမှမဟုတ်တဲ့ အကောင်တွေ မဟုတ်ဘူး”
“ဟမ့်၊ မင်းတို့က သူတို့ အခုမှတက်လာကာစ ရှုံးနိမ့်တာကိုပဲ မြင်ပြီး သူတို့ နိယာမတွေကို အသားကျသွားရင် ဘယ်လောက်မြန်မြန် လိုက်မီပြီး ပြန်အနိုင်ယူသွားလဲဆိုတာကိုတော့ လျစ်လျူရှုထားကြတာပဲ”
“မောက်မာတာက အပြစ်ပဲ၊ မင်းလည်း မကြာခင် မင်းရဲ့ စီနီယာတွေလိုပဲ ဘယ်သူမှ ဂရုမစိုက်တဲ့ နင်းခြေခံ ကျောက်တုံး တစ်ခု ဖြစ်လာမှာပဲ”
နှစ်ဖက်စလုံးက အပြန်အလှန် ဆဲဆိုနေကြပြီး တစ်ဖက်၏ အားနည်းချက်ကို တစ်ဖက်က ကိုင်ကာ အပြင်းအထန် ငြင်းခုံနေကြရာ အခြေအနေမှာ အတော်ပင် စည်ကားလှသည်။
ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းကို ကြည့်ပြီး ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ မေးလိုက်သည်။ “ဒီမှာ နေ့တိုင်း ဒီလိုပဲလား”
လျိုထျန်းဟုန်က ပခုံးတွန့်ပြ၏။ “ပြဿနာရှိရင်တော့ ဒီလိုပါပဲ”
“ဒါက မြင့်မြတ်နယ်မြေရဲ့ ထူးခြားချက်တစ်ခုပေါ့”
“ဒီနှစ်တွေတစ်လျှောက်မှာ နှစ်ဖက်စလုံးက အပြန်အလှန် အနိုင်အရှုံး ရှိနေကြတာဆိုတော့ ဆဲဆိုပွဲမှာ အသာစီးရတာကလည်း အားသာချက်တစ်ခုပဲလေ”
ထိုစဉ် ကျန်းဖုန်းက ရှေ့သို့တိုးလာကာ ပြောပြသည်။ “စင်ပေါ်မှာ ရပ်နေတဲ့ကောင်က မနေ့က ငါ့ကို ကောက်ကျစ်တယ့် နည်းလမ်း သုံးပြီး နိုင်သွားတဲ့ကောင်ပဲ၊ သူ့နာမည်က ဝူချန်း တဲ့”
“သူက ဟုန်းယွင်တောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အတော်ဆုံးထဲက တစ်ယောက်ပဲ၊ အသက် ၂၄ နှစ်၊ ကျိ တာအို အစောပိုင်း အဆင့်၊ တကယ်တော့ သူက ပါရမီရှင်တစ်ယောက်ပဲ”
“ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ သူက အတော်လေး မောက်မာတယ်၊ ပါးစပ်ကလည်း မကောင်းတော့ ဟုန်းယွင်တောင်မှာ အမုန်းခံရဆုံး တစ်ယောက်ပဲ”
ထန်ထျန်းက နားထောင်ပြီး ခေါင်းခါလိုက်သည်။ ဤကောင်တွေက တကယ်ကို ပျင်းစရာကောင်းလွန်းလှသည်။
အမြန်ပဲ အဆုံးသတ်လိုက်တာ ပိုကောင်းပေလိမ့်မည်။
သို့သော် သူ ရှေ့သို့ ခြေတစ်လှမ်း မလှမ်းမီမှာပင် စင်ပေါ်မှ ဝူချန်းက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“မင်းတို့ ဘယ်လောက်ပဲ ဆင်ခြေပေးပေး၊ မင်းတို့ရဲ့ ပါရမီရှင်ဆိုတဲ့ကောင်က ငါ့ခြေထောက်အောက်မှာ ခွေးသေတစ်ကောင်လို လဲနေခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့မရဘူး”
ဝူချန်းက မေးကိုပင့်ကာ အောက်ဘက်သို့ ငုံ့ကြည့်၏။
“ပြီးတော့ တကယ်ဆိုရင် ကျန်းဖုန်းက ငါ့ကို လာစိန်ခေါ်တာက စည်းမျဉ်းနဲ့တောင် မညီဘူး”
“ငါ့ရဲ့ ပြိုင်ဘက်က တက်လာတဲ့ ထန်ထျန်း ဖြစ်သင့်တာ”
“ဟားဟား၊ တာအိုအရှင် ကိုယ်တိုင် လက်ခံတွေ့ဆုံတယ်ဆိုတော့ ဟိတ်ဟန်ကတော့ အတော်ကြီးသား”
“အပြင်မှာတော့ သူက နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ပါရမီအရှိဆုံး၊ အောက်ကမ္ဘာက ထွက်ပေါ်လာတဲ့ ကြယ်တစ်ပွင့် ဆိုပြီး ပြောနေကြတာပဲ”
“ဒီနာမည်ကြောင့်ပဲ ငါ သူ့ကို လာတွေ့တာ”
“ဒါပေမဲ့ ငါ လုံးဝ မထင်ထားတာက အဲ့ကောင်က နှစ်ပေါင်းတစ်သောင်းအတွင်းမှာ အကြောက်ဆုံး လိပ်တစ်ကောင် ဖြစ်နေတာပဲ၊ ဒီရက်တွေအထိ မျက်နှာတောင် မပြရဲဘူး”
“သူက ထပ်ပြီး သက်သေပြလိုက်တာပဲ၊ အောက်ကမ္ဘာက ပါရမီရှင်ဆိုတာ ဟာသတစ်ခုပဲဆိုတာကိုပဲ”
ဝူချန်းက အေးစက်စက် ပြောလိုက်သည်။
သူ၏ မောက်မာမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။