တာအိုလက်နက်ကို လက်ဗလာဖြင့် ဆွဲဖြဲခြင်း
Vol. 61 Ch. 643
ယခု စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည့် အခြေအနေမှာ မည်သူမျှ ကြိုတင်ခန့်မှန်းထားနိုင်သည့် အရာမဟုတ်ပေ။
သူတို့၏ စိတ်ကူးထဲတွင် ထန်ထျန်း စင်ပေါ်တက်လာပြီးနောက် ဝူချန်း၏ ရန်စ စကားများကြောင့် ဒေါသတကြီး တိုက်ခိုက်လိမ့်မည်၊ ထို့နောက် အစွမ်းကုန် ကြိုးစားသော်လည်း ကျိ တာအို အဆင့်ရှိသည့် ဝူချန်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ထင်ထားကြသည်။
ဝူချန်းက ကြောင်က ကြွက်ကို ကစားသလိုမျိုး ထန်ထျန်းကို စိတ်ကြိုက် ပညာပေးလိမ့်မည်။
နောက်ဆုံးတွင် သူ့ကို အနိုင်ယူပြီး အရှက်ခွဲလိမ့်မည်။
အောက်ကမ္ဘာမှ တက်လာသည့် ပါရမီရှင် အများစု ကြုံတွေ့ရသလိုမျိုးပင်။
သို့မဟုတ် အလွန်နည်းပါးသော ဖြစ်နိုင်ခြေတစ်ခုအနေဖြင့် ထန်ထျန်း၏ ပါရမီနှင့် ခွန်အားက အလွန်ပင် ထူးခြားနေပြီး အကြာကြီး ခုခံနိုင်ကာ ဝူချန်းကို အနည်းငယ်သော ကွာခြားချက်ဖြင့် ရှုံးနိမ့်ခြင်း၊ သို့မဟုတ် အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာပြီး တစ်ဖက်လူကို အနိုင်ယူကာ လူတိုင်းကို အားရကျေနပ်စရာ တိုက်ပွဲတစ်ခု တင်ဆက်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် အခြေအနေက ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားပါ့မည်နည်း။
ဒါက တာအိုအဆင့် အစွမ်းထက်သူတွေရဲ့ တိုက်ပွဲလား
မဟုတ်ဘူး... မဟုတ်ဘူး... ဒါက သိသိသာသာကို သာမန်လူတွေ ရန်ဖြစ်နေကြတာပဲ
ပြီးတော့ ဒီတိုက်ပွဲက အတော်လေးကို ထူးဆန်းနေသည်။
ကျိ တာအို အဆင့်ရှိသည့် ဝူချန်းက ပထမဆုံး လက်သီးတစ်ချက် ထိုးပြီးကတည်းက နောက်ပိုင်းတွင် မည်သည့် ပြန်လည်ခုခံမှုကိုမျှ မလုပ်နိုင်တော့ပေ။
ထန်ထျန်းကတော့ ရိုးရိုးရှင်းရှင်းပဲ ရှေ့တိုးလာလိုက်၊ ပါးရိုက်လိုက်၊ ရှေ့တိုးလာလိုက်၊ ပါးရိုက်လိုက်နှင့်...။
ဝူချန်းက လူကောင် အနည်းငယ် ပိန်ပါးသော်လည်း ထန်ထျန်း၏ လက်ဝါးချက်များအောက်တွင် သူ၏ ပါးနှစ်ဖက်မှာ မျက်မှောက်မှာတင် ဖူးရောင်လာပြီး နီရဲတွတ်နေကာ မျောက်ဖင်နှင့်ပင် တူနေတော့သည်။
သို့သော်လည်း လူအုပ်ကြီးမှာ ရယ်စရာဟု မခံစားရဘဲ အမည်မသိ ကြောက်ရွံ့မှုတစ်ခုကိုသာ ခံစားနေကြရသည်။
ဝူချန်းက ဘာလို့ ပြန်မချတာလဲ
ဝူချန်းက ထန်ထျန်း၏ ပါးရိုက်ခြင်းကို တစ်ချက်ပြီးတစ်ချက် အလိုလို ခံယူချင် နေလိမ့်မည်ဟု လူတိုင်း မယုံကြည်ကြပေ။
သို့ဆိုလျှင် အမှန်တရားက တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ထန်ထျန်း၏ လက်ဝါးချက်များအောက်တွင် ဝူချန်းမှာ ပြန်လည်ခုခံရန် အခွင့်အရေး လုံးဝမရှိခြင်းပင်။
သို့သော် ထန်ထျန်းက ဤအရာအားလုံးကို ဘယ်လိုများ လုပ်နိုင်ခဲ့သနည်း
အထက်ကမ္ဘာသို့ ရောက်ရှိလာသည်မှာ မကြာသေးသော အင်မော်တယ်ဧကရာဇ် တစ်ဦးက ကျိ တာအို အဆင့်ရှိသည့် အစွမ်းထက်သူတစ်ဦးကို မည်သို့များ မြဲမြံစွာ ချုပ်နှောင်ထားနိုင်သနည်း
မည်သူမျှ အဖြေရှာမရကြပေ။
လူတိုင်းမှာ ဝူချန်းတစ်ယောက် ထန်ထျန်း၏ ပါးရိုက်ခြင်းကို ခံရကာ စင်မြင့်တစ်ဖက်မှ အခြားတစ်ဖက်သို့ ရောက်သွားလိုက်၊ ထိုဘက်မှ ပြန်ရောက်လာလိုက်နှင့် ဖြစ်နေသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။
ဟုန်းယွင်တောင် လူငယ်မျိုးဆက်၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးမှာ ထန်ထျန်း၏ လက်ဝါးချက်များအောက်တွင် သိက္ခာများ အကုန်ကျဆင်းသွားပြီး ယခင်က မောက်မာရိုင်းစိုင်းခဲ့သည့် ပုံစံမျိုး လုံးဝမရှိတော့ပေ။
ထန်ထျန်းက ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ နောက်ထပ် တစ်ကျော့ ပြန်စရန် ပြင်လိုက်ချိန်တွင် မူးဝေနောက်ကျိနေသည့် ဝူချန်းမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ပေ။
“ထန်ထျန်း”
“ဒါ မင်း ငါ့ကို ဖိအားပေးတာပဲ”
သူက တံတွေးများ လွင့်ထွက်သည်အထိ အော်ဟစ်လိုက်သည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အော်ရာ တစ်ခု စင်မြင့်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။
သူ၏ လက်ထဲတွင် ကိုင်ထားသော အရာကို မြင်လိုက်ရချိန်တွင် လူတိုင်း အံ့ဩတကြီး အော်ဟစ်လိုက်ကြ၏။
“ဒါ ဟုန်းယွင်တောင်ရဲ့ မျိုးဆက် တာအိုလက်နက်ပဲ”
ရှည်လျားသော ပန်းချီကားတစ်ခု ဝူချန်း၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုပန်းချီကား ပေါ်လာသည်နှင့် တပြိုင်နက် လေထုကို လှုပ်ခတ်သွားစေပြီး စင်မြင့်ပေါ်တွင် ကြမ်းတမ်းသော စွမ်းအင်မုန်တိုင်းတစ်ခုကို တိုက်ခတ်စေသည်။
ဤအခြေအနေမှာ ထိုမျိုးဆက် တာအိုလက်နက်က အတု အယောင် အဆင့်မှာ အတော်ပင် မြင့်မားနေကြောင်း ပြသနေပြီး မူလ တာအိုလက်နက်၏ စွမ်းအား ဆယ်ပုံတစ်ပုံခန့် ရှိနေနိုင်ပေသည်။
မူလ တာအိုလက်နက်ကို အထင်မသေးနှင့်၊ ဝူကျိတာအိုအရှင် အဆင့်တွင်ပင် အစွမ်းထက်သော မူလ တာအိုလက်နက်တစ်ခု ရှိနေခြင်းက တိုက်ပွဲတွင် အသာစီးရရန် များစွာ အထောက်အကူပြုသည်။
ယခုမူ ကျိ တာအို အဆင့်ချင်း တိုက်ပွဲသာ ဖြစ်သည်။
ဤမျိုးဆက် တာအိုလက်နက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် စွမ်းအား သေချာပေါက် ရှိသည်။
“ကြည့်စမ်း၊ ကျန်းဖုန်း ပြောတာ မလိမ်ဘူးပဲ၊ သူ တကယ်ပဲ မျိုးဆက် တာအိုလက်နက်ကို ဝှက်ထားတာပဲ”
“ငါ ပြောသားပဲ၊ ကျန်းဖုန်းရဲ့ ခွန်အားက ဝူချန်းနဲ့ အတူတူပဲကို၊ မနေ့က ဘာလို့ ဒီလောက်ဆိုးဆိုးရွားရွား ရှုံးသွားတာလဲဆိုတော့ ဝူချန်းက ကောက်ကျစ်တဲ့ နည်းလမ်းသုံးခဲ့လို့ကိုး”
“ဒီကောင့်ရဲ့ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တတ်တဲ့ အကျင့်ကတော့ တကယ့်ကို တစ်ဖက်ကမ်းခတ်ပဲ”
လူအများမှာ မနေ့က ကျန်းဖုန်း၏ ရှုံးနိမ့်မှုအတွက် ဝိုင်းပြောပေးကြတော့သည်။
မျိုးဆက် တာအိုလက်နက်ကို သုံးပြီး နိုင်တာက မင်းရဲ့ အရည်အချင်း ဖြစ်နိုင်ပေမဲ့၊ မသုံးဘူးလို့ ပြောပြီးမှ သုံးတာကတော့ အတော်လေးကို အရှက်သိက္ခာ မရှိသည့် လုပ်ရပ်ပင်။
ကျန်းဖုန်းအကြောင်း ပြောပြီးနောက် သူတို့က အကြည့်ကို စင်မြင့်ပေါ်သို့ ပြန်ပို့လိုက်ကြပြန်သည်။
“မနေ့က ဝူချန်းက ကျန်းဖုန်းကို တိုက်တုန်းက မျိုးဆက် တာအိုလက်နက်ကို တိတ်တဆိတ် သုံးခဲ့တာ”
“ဒါပေမဲ့ အခုတော့ သူက မဖုံးကွယ်တော့ဘဲ တိုက်ရိုက် ထုတ်သုံးလိုက်ပြီ၊ ထန်ထျန်း တောင့်ခံနိုင်ပါ့မလား မသိဘူး”
“ခက်ခဲလိမ့်မယ်၊ ထန်ထျန်းက ဝူချန်းကို ဘာနဲ့ ချုပ်ထားလဲ မသိပေမဲ့ မျိုးဆက် တာအိုလက်နက်ရဲ့ စွမ်းအားကတော့ နောက်ပြောင်နေတာ မဟုတ်ဘူး”
“ထန်ထျန်း... အန္တရာယ်ရှိသွားပြီ”
မျိုးဆက် တာအိုလက်နက် ပေါ်လာပြီးနောက် အိပ်မက်မက်နေသလို ဖြစ်နေသည့် လူအုပ်ကြီးကို လက်တွေ့ဘဝထဲသို့ အတင်းအကျပ် ဆွဲခေါ်လာသလို ဖြစ်သွားသည်။
မင်း ထန်ထျန်း ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ၊ မျိုးဆက် တာအိုလက်နက်ထက်တော့ ပိုစွမ်းအားကြီး နိုင်ပါ့မလား
မည်သူမျှ မယုံကြည်ကြပေ။
လျိုထျန်းဟုန်တို့မှာလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။
လျိုထျန်းဟုန်ဆိုလျှင် သူ ယူဆောင်လာသော မူလ တာအိုလက်နက်ကို လက်ထဲတွင် အဆင်သင့် ကိုင်ထားလိုက်ပြီ ဖြစ်သည်။
အခြေအနေ တစ်ခုခု မှားယွင်းလာပါက သူက စင်မြင့်စည်းမျဉ်းကို ချိုးဖောက်ပြီးတော့ပင် ထန်ထျန်း ဘေးကင်းစေရန် သေချာပေါက် ဆောင်ရွက်လိမ့်မည်။
ဟုန်းယွင်တောင်ဘက်မှ လူများပင်လျှင် မျက်မှောင်ကြုတ်သွားကြသည်။
“ဝူချန်း၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့”
“သူ့ကို မသတ်လိုက်နဲ့”
ထိုအထဲမှ အစွမ်းထက်သူအချို့က ကျယ်လောင်စွာ လှမ်းပြောကြသည်။
သူတို့က ဝူချန်း စိတ်လွတ်သွားပြီး ထန်ထျန်းကို သတ်မိသွားမှာ စိုးရိမ်နေခြင်း ဖြစ်သည်။
ထန်ထျန်းမှာ ချန်ဝူဟွေ့ အလေးပေးထားသည့် လူဖြစ်ရာ မင်း သူ့ကို အနိုင်ယူလို့ ရသော်လည်း သတ်လိုက်မည်ဆိုပါက ဤကိစ္စမှာ အလွယ်တကူ ပြီးဆုံးလိမ့်မည် မဟုတ်ပေ။
ကံဆိုးသည်မှာ ထိုစဉ်က ဝူချန်းမှာ ထန်ထျန်း၏ ပါးရိုက်ချက်များကြောင့် မူးဝေနေပြီဖြစ်ရာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
ပန်းချီကားကို ထုတ်လိုက်ပြီးနောက် သူက ၎င်း၏ စွမ်းအားအားလုံးကို ချက်ချင်း နှိုးဆွလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ ကုလားကာ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။
ထိုအချိန်တွင် ထန်ထျန်းက သူ၏ ပါးရိုက်ပွဲကို ရပ်တန့်လိုက်၏။
အကြောင်းမှာ ထိုပန်းချီကားက သူ၏ နေရာလွတ် ထဲတွင် ရှိနေသည့် ပန်းချီကား၏ အတုမှန်း သူ သိသွားသောကြောင့် ဖြစ်သည်။
ကြည့်ရသည်မှာ သူ့ကို လာရောက် လုပ်ကြံခဲ့သည့် ထိုလျှို့ဝှက်ဆန်းပြားသော တာအိုအရှင်က ဟုန်းယွင်တောင်၏ အရှင်သခင်ဖြစ်သူ ဟုန်းယွင်တာအိုအရှင် ဖြစ်ပေလိမ့်မည်။
အမှန်တရားကို အတည်ပြုပြီးပြီဖြစ်သလို မောက်မာရိုင်းစိုင်းသည့် ဤလူငယ်ကိုလည်း ပညာပေးပြီးပြီဖြစ်ရာ ဆက်လုပ်ရန် မလိုအပ်တော့ပေ။
ရှေ့မှ ကုလားကာ ကြီး လျင်မြန်စွာ တိုးကပ်လာသည်ကို ကြည့်ပြီး စင်အောက်မှ အော်ဟစ်သံများကြားမှာပင် ထန်ထျန်းက လက်ကို မြှောက်လိုက်ကာ ထိုကုလားကာ ကြီးကို ဆွဲချလိုက်သည်။
ထို့နောက် လက်နှစ်ဖက်ဖြင့် ရိုးရိုးရှင်းရှင်းလေး ဆွဲဖြဲလိုက်ရာ “ဗြိ” ဆိုသည့် အသံနှင့်အတူ မူလ တာအိုလက်နက်၏ ဆယ်ပုံတစ်ပုံ စွမ်းအားရှိပါသည်ဆိုသော မျိုးဆက် တာအိုလက်နက်ကြီးမှာ နှစ်ခြမ်းကွဲသွားတော့သည်။
ကြည့်ရသည်မှာ စာရွက်တစ်ရွက်ကို ဆွဲဖြဲလိုက်ရသည်ထက်ပင် ပို၍ လွယ်ကူနေပုံရသည်။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းမှာ နေရာတွင်ပင် မှင်သက်ကုန်ကြသည်။
ထန်ထျန်း၏ ရှေ့တွင် ရပ်နေသော ဝူချန်းမှာ ပို၍ပင် မျက်လုံးအပြူးသား ဖြစ်သွားကာ မျက်လုံးထဲမှ သွေးကြောများပင် ပေါ်လာတော့သည်။
သူက ပန်းချီကားကို စတင် အမိန့်ပေးရန် ပြင်ဆင်နေကာစရှိသေးသော်လည်း ထန်ထျန်းက ၎င်းကို လက်ဗလာဖြင့် ဆွဲဖြဲပစ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
လက်ဟန်ပြုရန် ပြင်ဆင်ထားသည့် ကျင့်စဉ်မှာ ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားခဲ့သည်။
စင်အောက်ရှိ လူများမှာလည်း လုံးဝကို အူကြောင်ကြောင် ဖြစ်သွားကြတော့သည်။
မျိုးဆက် တာအိုလက်နက်ကို လက်ဗလာနဲ့ ဆွဲဖြဲပစ်လိုက်တာ
ဒီမတိုင်ခင်ကသာ တစ်စုံတစ်ယောက်က ဤကဲ့သို့ လုပ်နိုင်သည်ဟု ပြောခဲ့လျှင် လူတိုင်းက ထိုသူကို အရူးဟု ထင်ကြပေလိမ့်မည်။
၎င်းမှာ မျိုးဆက် တာအိုလက်နက်လေ
မူလ တာအိုလက်နက်၏ အတုဆိုသော်လည်း မူလ တာအိုလက်နက်၏ အရှိန်အဝါ အနည်းငယ် ပါဝင်နေသဖြင့် ၎င်းကို ပျက်စီးစေရန်ပင် အလွန်ခက်ခဲလှသည်။
ယခုမူ ဆွဲဖြဲပစ်လိုက်သည်တဲ့လား
၎င်းကို ဘာကြောင့် မျိုးဆက် တာအိုလက်နက်ဟု ခေါ်သနည်းဆိုလျှင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုမူ သူတို့၏ မျက်စိရှေ့မှာတင် အစွမ်းထက်လှသော မျိုးဆက် တာအိုလက်နက်တစ်ခုမှာ မြင့်မြတ်နယ်မြေသို့ ရောက်ကာစ အောက်ကမ္ဘာမှ ပါရမီရှင်တစ်ဦး၏ လက်ဗလာဖြင့် ရိုးရှင်းစွာ ဆွဲဖြဲခြင်း ခံလိုက်ရလေပြီ။
လူတိုင်းမှာ မူးဝေနောက်ကျိကာ ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားကြတော့သည်။
အိပ်မက်မက်နေသလိုပင်