← Chapters

ထိုက်ဟောက်

Vol. 9 Ch. 895

ထိုက်ဟောက်

Vol. 9 Ch. 895

"တောင်ကြားနတ်မိမယ်ကို ရွှမ်မင်မိန်းမပျိုလို့ခေါ်တယ်…

ရွှမ်မင်တံခါးဆိုတာ မိုးနဲ့မြေရဲ့ အရင်းအမြစ်ပဲ…"

လေထဲတွင် စကားသံတစ်သံထွက်ပေါ်လာပြီး တဖြည်းဖြည်းတိုးတိတ်ပျောက်ကွယ်သွားလေသည်။

သူတို့အားလုံး ရွှမ်မင်တံခါးကို စိတ်ဝင်စားသွားကြလေသည်။

ရှေးခေတ်အချိန်များစွာတုန်းက တန်ခိုးစွမ်းအားမြင့်မားသူများ များစွာ ပေါ်ထွက်ခဲ့ဖူးကြလေသည်။ ယခု ဗလာနယ်ထဲတွင် ထွက်ပေါ်လာသည့် စာသားအရဆိုလျှင် ရွှမ်မင်တံခါးသည် နေရာအားလုံး၏ ဝင်ပေါက်တစ်ခု ဖြစ်လေသည်။

ဤတံခါးသည် မိုးနှင့်မြေတွင် လူသားများ၏ အဓိက မကိုက်ညီမှုကြီး (၄)ခုကို ညှိနှိုင်းရန်အတွက် လောကအလယ်တွင် တစ်ခါတစ်ရံတွင် ပွင့်သွားတတ်ပြီးတစ်ခါတစ်ရံတွင် ပိတ်သွားတတ်လေသည်။ လှုပ်ရှားမှုက ငြင်သာပြီး သဘာဝကျလေသည်။

မည်သည့် ပါရမီရှင် ၊ မည်သည့်တန်ခိုးရှင်မှ ထိုတံခါး၏ လုပ်ဆောင်မှုကို ဝင်ရောက်စွက်ဖက်၍ မရပေ။

ရွှမ်မင်တံခါးအတွင်းမှ တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသည့် ကောင်းကင်ဘုံကိုးလွှာနတ်နဂါးကြီးတစ်ကောင်ကို လူသားများပင် တွေ့မြင်ရနိုင်လေသည်။

နဂါးအကြေးခွံတစ်စနှင့် လက်သည်းခွံတစ်ခုကိုသာ တွေ့မြင်ရလေသည်။

ဗုဒ္ဓက သစ္စာတရားဖြင့် ရွှမ်မင်တံခါးကို ပိတ်ခဲ့ဖူးလေသည်။

သို့သော်… ထိုက်ဟောက်ဧကရာဇ်ဆိုသည့် အနန္တတန်ခိုးစွမ်းအားကို အသုံးပြုနိုင်သူတစ်ယောက်ကတော့ ရွှမ်မင်တံခါးကို ဖွင့်နိုင်ပိတ်နိုင်စွမ်း ရှိလေ၏။

ကွမ်းချန်ကျီတို့ (၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြလေသည်။ သူတို့သည် ထိုက်ဟောက်အကြောင်းကို စဉ်းစားမိကြသည့်အခါ ရွှမ်မင်တံခါးမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများထက်ပင် ကြောက်ရွံ့ ထိတ်လန့်သွားကြလေသည်။

ထို့နောက် ဗလာနယ်ထဲတွင် ဗျပ်စောင်းတီးခတ်သံတစ်သံ ထွက်ပေါ်လာပြီး ဗျပ်စောင်းသံမှာ အံ့သြစရာကောင်းလွန်းလှလေသည်။

ဗျပ်စောင်းသံထွက်ပေါ်လာသည်နှင့် ဗလာနယ်တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များအားလုံး တစ်မဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။

ချင်းရွှီးက တစ်ချက်ပြုံးလိုက်ရင်း…

"ကြည့်ရတာ ထိုက်ဟောက် ဒီနေရာကို ရောက်နေတယ်ထင်တယ် ၊ ဘာလို့ ထွက်မတွေ့ရတာလဲ…"

စကြာဝဠာဗလာနယ်ထဲတွင် ရွှမ်မင်တံခါးက ပိတ်မသွားသေးဘဲ ပွင့်နေဆဲ ဖြစ်လေသည်။

သို့သော်… စကြာဝဠာအတွင်းမှ မည်သည့်တန်ခိုးစွမ်းအားကိုမှ စုပ်ယူခြင်းမရှိတော့ဘဲ ငြိမ်သက်နေလေသည်။

သို့သော်… မည်သူမှ ကိုယ်ထင်ပြထွက်ပေါ်လာခြင်း မရှိပေ။

တောင်ပေါ်စမ်းချောင်းလေး စီးဆင်းနေသည့်အလား ၊ လေပြေက ဝါးရုံတောသို့ ဖြတ်သန်းတိုက်ခတ်သွားသည့်အတွက် ဝါးရွက်လေးများလှုပ်ရှားသံအလား သာယာကြည်လင်သည့် ဗျပ်စောင်းသံကသာ လေထဲတွင် ပျံ့လွင့်နေလေသည်။

ချင်းရွှီးက ရောက်လာသည့်သူမှာ သေချာပေါက် ထိုက်ဟောက်ဖြစ်မည်ဟုထင်လိုက်ပြီး …

"ဒီကိစ္စမှာ ထိုက်ဟောက် ဝင်ပါမှတော့ ကျုပ်တို့တွေ ပြန်ဆုတ်ကြရအောင်…"

မာရပ်နတ်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…

"သူက မျက်နှာမပြရဲမှတော့ ထိုက်ဟောက် မဖြစ်နိုင်ဘူး ၊ သူတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ဒီကိစ္စတွေကို လုပ်နိုင်မှာလဲ.."

ယွီဧကရာဇ်က ကျယ်လောင်သည့်လေသံဖြင့်…

"မာရ်နတ်… ဒီနေ့ကိစ္စတွေကိုဖြစ်သွားတာ ၊ ကျုပ် မင်းကို အလွတ်ပေးမယ် မထင်နဲ့…"

ကွမ်းချန်ကျီက…

"ထိုက်ဟောက်ဆိုလို့ရှိရင် ကိုယ်ထင်ပြပါ ၊ ထိုက်ဟောက်က ယွီဧကရာဇ်ကို ကူညီချင်တယ်ဆိုရင် ကျုပ်တို့ဘက်က လျှော့ပေးပါ့မယ်…"

မာရ်နတ်က စကားဆက်မပြောတော့ဘဲ အေးစက်စွာဖြင့် ရယ်မောနေလေသည်။

ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့က ရှေးအချိန်များတုန်းက ထိုက်ဟောက်နှင့် ဆုံတွေ့ခဲ့ဘူးလေသည်။ သို့သော်… ခင်မင်ရင်းနှီးကြသူများတော့ မဟုတ်ကြပေ။

ရွှမ်မင်တံခါးသည် အလွန်ကျော်ကြားသည့်တံခါးတစ်ခုဖြစ်လေသည်။ ထို့ကြောင့် သူတို့အားလုံး အစပိုင်းတွင် အံ့အားသင့်သွားကြရပြီး မည်သည့်နည်းနှင့်မှ ထိုက်ဟောက်နှင့် ရင်ဆိုင်လိုခြင်း မရှိကြပေ။

ရွှမ်မင်တံခါးက တစ်ချက်တုန်ခါသွားပြီး အရင်ကထက်ပိုပြီး ကြည်လင်တောက်ပလာလေသည်။ တံခါးအတွင်းမှ နက်နဲသည့်တာအိုတန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ရှည်လျားလှသည် စကြာဝဠာကြီးတစ်ခုလုံးနှင့် ကာရံညီသွားလေသည်။

ယွီဧကရာဇ်၏ သုံးမြှောင့်မီးအိုး (၉)လုံးမှာ ရွှမ်မင်တံခါးဝတွင် အနည်းငယ် လှုပ်ခါသွားပြီး ကြီးမားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

ထို့နောက် ရွှမ်မင်တံခါးမှ တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး မှော်ဝင်သတ္တဝါကြီးတစ်ကောင်သည် မိုေးကာင်းကင်မဟာလမ်းစဉ်၏ တန်ခိုးစွမ်းအားများဖြင့် စတင်နိုးထလာလေတော့သည်။

ခမ်းနားပြီး လျှို့ဝှက်နက်နဲလှသည့် တာအိုတန်ခိုးစွမ်းအားများက စိမ်းပြာရောင်မီးနဂါးကြီးတစ်ကောင်အလား ထွက်ပေါ်လာပြီး ကြယ်စင်ကောင်းကင်ဗလာနယ်ထဲတွင် တောက်ပထိန်လင်းလျှက်ရှိလေသည်။ ကောင်းကင်တစ်ခွင်လုံးသည်ပင် စိမ်းပြာရောင်တောက်ပသွားလေသည်။

ထိုတာအိုတန်ခိုးစွမ်းအားကြီးက ကွမ်းချန်ကျီအပါအဝင်အခြားသူများအားလုံးကို ဖိနှိပ်ထားပြီး သူတို့၏ တာအိုနှလုံးသားများပင် တုန်လှုပ်သွားကြရလေသည်။ ရွှမ်မင်တံခါးမှ ပေါက်ကွဲထွက်လာမည့် တန်ခိုးစွမ်းအားများက သူတို့အားလုံးကို ပျက်စီးသွားစေရန် ခြိမ်းခြောက်နေကြောင်း သူတို့အားလုံးနားလည်လိုက်ကြရသည်။

ကွမ်းချန်ကျီက မာရ်နတ်ကို ကြည့်လိုက်ရင်း…

"သွားကြမယ်…"

ချင်းရွှီးကတော့ စကားတစ်လုံးမှ မပြောတော့ဘဲ ရွှမ်ဟွမ်စေတီမှ အဝါရောင်နှင့်အနက်ရောင်တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး  ကြယ်စင်ကောင်းကင်ထက်တွင် ပျံ့နှံ့သွားကာ ပျောက်ကွယ်သွားလေတော့သည်။

မာရ်နတ်ကတော့ ရွှမ်မင်တံခါးကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ပြီး ဗလာနယ်ထဲမှ ပျောက်ကွယ်သွားလေသည်။

ကွမ်ချန်ကျီ၏လက်ထဲတွင် ကိုင်ထားသည့် နတ်ခေါင်းလောင်းမှ အဆုံးမရှိ ခေါင်းလောင်းသံများထွက်ပေါ်လာပြီး အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။

သူတို့အားလုံး ပျောက်ကွယ်သွားသည်နှင့် ဗလာနယ်ထဲမှ ရွှမ်မင်တံခါးသည်လည်း ပျောက်ကွယ်သွားလေသည်။

ယွီဧကရာဇ်၏ သုံးမြှောင့်မီးအိုး (၉)လုံးသည်လည်း ပြန်လည်ငြိမ်သက်သွားကြလေသည်။

ယွီဧကရာဇ်က မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…

"နောင်တော်ထိုက်ဟောက် ၊ သူတို့ကို ဘာလို့ ကိုယ်ထင်ပြပြီး ထွက်မတွေ့ရတာလဲ…"

ယွီဧကရာဇ်ဘေးနားမှ နတ်ဒေဝါမြေခွေးက တစ်ချက်ရယ်မောလိုက်ရင်း…

"ဘယ်က ထိုက်ဟောက်ရမှာလဲ ၊ ကျွန်မတို့ကို ကူညီတာ ချင်းရွှမ်နတ်တံခါးက ဆန်းလျန်ထျန်းကျွင်းပဲ…"

တည်ငြိမ်သည့်အသံတစ်သံက ဗလာနယ်ထဲတွင် ပျံ့နှံ့လာလေသည်။

"ကွမ်းချန်ကျီနဲ့ ချင်းရွှီးတောင်မှ ထိုက်ဟောက်လို့ပဲ ထင်နေတာ ၊ ဒီက သခင်မက တစ်ချက်တည်းနဲ့ ဆန်းလျန်ဆိုတာ ဘယ်လိုလုပ်သိသွားရတာလဲ…"

"ဗျပ်စောင်းသံထဲမှာ "တာ့စန့်ယီယင်း" တေးသွားရဲ့ အနှစ်သာရတွေပါနေတယ် ၊ ကျွန်မက နတ်ဒေဝါမြေခွေးတစ်ပါးဆိုတော့ ကျွန်မရဲ့တန်ခိုးစွမ်းအားက ကွမ်းချန်ကျီနဲ့ ချင်းရွှီးတို့လောက် ဘယ်လိုလုပ် မြင့်မားနိုုင်မှာလဲ ၊  ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်က အရည်အချင်းတွေတော့မတူကြပါဘူး ၊ ဒါကြောင့် ကျွန်မက ဗျပ်စောင်းတေးသံကတစ်ဆင့် ဆန်းလျန်ထျန်းကျွင်းရဲ့ အစစ်အမှန်ရုပ်ခန္ဓာကို တွေ့မြင်ခဲ့ရပါတယ်…"

နတ်ဒေဝါမြေခွေး၏ တည်ငြိမ်သည့်မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် ပြည့်နေပြီး သူမ၏ မျက်ဝန်းအိမ်ထဲတွင် ဆန်းလျန်၏ ပုံရိပ်ပေါ်နေလေသည်။ အလွန်မှေးမှိန်နေသည့်တိုင် ဆန်းလျန်ကို သူမ တွေ့မြင်နေရဆဲဖြစ်လေ၏။

ဆန်းလျန်က ပုန်းကွယ်မနေတော့ဘဲ ကိုယ်ထင်ပြလိုက်လေသည်။

"ကြည့်ရတာ အမြီး (၉)ချောင်း နတ်ဒေဝါမြေခွေး သခင်မက အဆုံးထိ ကျင့်ကြံခဲ့ပြီးပြီထင်တယ် ၊ မိုးကောင်းကင်လမ်းစဉ်ကိုတောင် ကျော်ဖြတ်ပြီး နတ်စက္ခုရနေခဲ့ပြီ…"

နတ်ဒေဝါမြေခွေးက…

"ကျွန်မက တာအိုဆရာသခင်ထိုက်ယီရဲ့ အကူအညီကိုရခဲ့လို့ ဒီလိုမျိုး ကံကောင်းခဲ့တာပါ…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"မအံ့သြတော့ပါဘူး ၊ ချင်းရွှမ်နတ်တံခါးရဲ့ ထိုက်ဝေ့ထိုင်ခန်းမဆောင်ထဲက နတ်ဒေဝါမြေခွေးစာတမ်းရှည်ကို ရေးသားခဲ့တဲ့ နတ်ဒေဝါမြေခွေးဟာ သခင်မပဲ မဟုတ်လား…"

နတ်ဒေဝါမြေခွေးက ပြုံးလိုက်ပြီး…

"ကျွန်မက ထူစန်းတောင်ဂိုဏ်းက ဆင်းသက်လာတဲ့ နတ်ဒေဝါမြေခွေးပါ ၊ ကျွန်မ စစ်ဝမ်မင့်နဲ့ လက်ထပ်ခဲ့တာ ကြာပါပြီ ၊ နောက်ပိုင်းကျင့်စဉ်လမ်းမှာ အစစ်ဆေးခံခဲ့ရပြီး လူပြန်ဝင်စားခဲ့ရတယ် ၊ တာအိုဆရာသခင်ထိုက်ယီနဲ့ မတွေ့မချင်း ကျွန်မဟာ လမ်းပျောက်နေခဲ့ရတယ် ၊ ကျွန်မနာမည်က ချင်းဖုန်းလို့ခေါ်ပါတယ် ၊ အချို့ကလည်း ချင်းဖုန်းနတ်သမီးလို့ ခေါ်ကြတယ် ၊ ကျွန်မရဲ့ နတ်ဒေဝါမြေခွေးစာတမ်းရှည်ကို ချင်းရွှမ်နတ်တံခါးမှာ သိမ်းဆည်းထားဖို့အတွက် တာအိုဆရာသခင် ယွမ်ချင်းကို ကျွန်မကိုယ်တိုင်ပေးခဲ့တာပါ…"

ဆန်းလျန်က…

"ကျုပ် သိပါပြီ ၊ ဒါနဲ့ သခင်မက တာအိုဆရာသခင်ထိုက်ယီနဲ့ ရင်းနှီးတာလား…"

နတ်ဒေဝါမြေခွေးက…

"ရှင်က ကျွန်မတို့ ဇနီးမှောင်နှံရဲ့ အသက်ကို ကယ်ခဲ့တယ် ၊ ရှင်မေးတဲ့မေးခွန်းမှတ်သမျှကို ကျွန်မ ဖြေပေးနိုင်ပါတယ် ၊ ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီအကြောင်းမေးမယ်ဆိုရင်တော့ ကျွန်မဘက်က ဖြေနိုင်မယ် မထင်ဘူး ၊ ပြီးတော့ ရှင်လည်း အချိန်ရေစီးကြောင်းတစ်လျှောက်မှာ တာအိုဆရာသခင်ကြီးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိခဲ့တဲ့သူပဲ ၊ ရှင်တွေ့ကြုံခဲ့သမျှတွေက အမှန်လို့ ယူဆလို့ရသလို  အမှားလို့လည်း ယူဆလို့ရတာတွေပါပဲ ၊ ဒီလိုစကားမျိုးပြောလို့ ကျွန်မကို စိတ်မရှိစေချင်ဘူး…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်လေသည်။

ထိုအကြောင်းများကို သူလည်း အနည်းငယ် သိခဲ့ပါသည်။ သူ့ကြောင့်ဖြစ်ပေါ်လာခဲ့သည့် တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေတွင်ပင်လျှင် တာအိုဆရာသခင်ထိုက်ယီနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ ရှိနေခဲ့လေသည်။

သို့သော်… တစ်စုံတစ်ယောက်က ရှာဖွေမည်ဆိုလျှင် သဲလွန်စမကျန် ပျောက်ကွယ်နေလေသည်။ အရာအားလုံးက ဖျက်စီးခံထားရလေသည်။

တာအိုဆရာလီချင်းဆွေသာပြောပြခြင်းမရှိလျှင် ဆန်းလျန်သည်လည်း ထိုအကြောင်းများကို သိခွင့်ရခဲ့မည် မဟုတ်ပေ။

ထိုက်ယန်ကြယ်စင်ထက်တွင် ဆန်းလျန် ရှို့လိုက်သည့်မီးကြောင့် ကမ္ဘာမြေကြီး ဖြစ်တည်လာကတည်းက ထိုနေရာတွင် တာအိုဆရာသခင်ထိုက်ယီနှင့်ပတ်သက်သည့်အတိတ် အကြောင်းအရာများ ရှိခဲ့ဟန်တူလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် တာအိုဆရာသခင် ထိုက်ယီသည် ဆန်းလျန်နှင့် တစ်စုံတစ်ခုများ ဆက်စပ်နေခဲ့သည်လား ထင်မှတ်စရာရှိသည်။

သို့သော်… တကယ်တမ်းတွင် ဆက်စပ်မှုမရှိခဲ့ပေ။

ကမ္ဘာမြေတွင် တာအိုဆရာသခင်ထိုက်ယီမှ မဟုတ်ပါ။ စန်းချင်တာအိုဆရာသခင် (၃)ပါး ၊ ဗုဒ္ဓ နှင့် နွီဝါးနတ်သမီးနှင့် ပတ်သက်ဆက်နွယ်သည့်အရာများပင် ခွန်လွန်တောင်တွင် ရှိနေခဲ့သေးသည် မဟုတ်ပါလား။

တာအိုကျမ်းစာအချို့ပင်လျှင် ကမ္ဘမြေတွင် ရှိနေခဲ့သေးသည်။

"မရှိမှု" က "ရှိမှု" ပင် ဖြစ်လေသည်။ ထိုအချက်ကြောင့်ပင် ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများကို အနည်းငယ် နားလည်ခဲ့ခြင်း ဖြစ်လေသည်။

သို့ရာတွင်… နားလည်သည့်တိုင်အောင် ပြောပြနိုင်ခြင်း မရှိသေးပေ။

"ဆန်းလျန် ၊ မင်းက သူတို့က မင်းကို ထိုက်ဟောက်လို့ထင်သွားအောင် တမင်တကာလုပ်လိုက်တာ ၊ အဲဒါ ဘာအဓိပ္ပါယ်လဲ…"

အချိန်အကြာကြီးတိတ်ဆိတ်နေသည့် ယွီဧကရာဇ်က ရုတ်တရက် ထမေးလိုက်လေတော့သည်။

…..

Footnote :

(ချင်းဖုန်းနတ်သမီးနာမည်ကို ချင်းရွှမ်လမ်းစဉ် ဆရာသခင် စာစဉ် - ၃ ၊ အပိုင်း -၃၅ မှာကတည်းက မူရင်းစာရေးသူက အစဖော်ထားခဲ့ပါတယ် - ဘာသာပြန်သူ)

***

All Chapters