← Chapters

ထပ်တွေ့ပြန်ပြီနော် ချင်းဆွေ

Vol. 9 Ch. 896

ထပ်တွေ့ပြန်ပြီနော် ချင်းဆွေ

Vol. 9 Ch. 896

စကြာဝဠာထဲတွင် မရေမတွက်နိုင်သည့် ကြယ်စင်များရှိလေသည်။

ကွမ်းချန်ကျီ၏ ကြယ်စင်တစ်ထောင်တန်ခိုးစွမ်းအားကြောင့် အနီးအနားမှ ကြယ်စင်များ ရွေ့လျားသွားကြသော်လည်း ကောင်းကင်ထက်တွင် ကြယ်စင်များ ပြန်လည်လှည့်ပတ်နေပြီး နဂါးငွေ့တန်းဆီသို့ စီးဝင်ပေါင်းစပ်နေကြဆဲ ဖြစ်လေသည်။

စကြာဝဠာကြီး၏ အဆုံးမဲ့ ကျယ်ပြန့်မှုနှင့် အချိန်၏ အဆုံးမရှိမှုတို့ဖြင့် နှိုင်းယှဉ်လိုက်လျှင် လူသားများတည်ရှိမှုသည် ဘာမှမဟုတ်တော့ပေ။

ယွီဧကရာဇ်က ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ဆန်းလျန်သည် အဆုံးမရှိသည့် အနန္တစကြာဝဠာကြီးနှင့် ချိတ်ဆက်နေသည့်အလားထင်မှတ်ရပြီး ခွဲခြားပစ်ရန်မှာ ခက်ခဲလှလေသည်။

ယွီဧကရာဇ် မချိပြုံးတစ်ချက် ပြုံးလိုက်မိလေသည်။

သူက အမြဲတမ်း မာနကြီးလွန်းခဲ့သူတစ်ယောက်ဖြစ်သည့်တိုင် သူ၏အဆင့်က ဆန်းလျန်နှင့် မည်သို့မှ မယှဉ်နိုင်သည်ကို သိရှိလိုက်သောကြောင့် ဖြစ်သည်။

ဆန်းလျန်၏ အဆင့်သည် အချိန်ကိုကျော်လွန်နိုင်တော့မည့် အနေအထားဖြစ်လေသည်။

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။

သူ၏ တန်ခိုးစွမ်းအားများသည် စကြာဝဠာတစ်ခွင်ရှိ ကြယ်စင်တိုင်းနှင့် ပေါင်းစည်းသွားလေ၏။ ကြယ်စင်စွမ်းအားများအတွင်းတွင် သဘာဝတာအိုစွမ်းအားများ ကိန်းအောင်းနေလေသည်။

ဘဝတစ်ခု၏ အစသည် ထိုသဘာဝတာအိုစွမ်းအားများထဲတွင် ရှိနေလေသည်။

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…

"တာအိုဆိုတာ ထိတွေ့လို့မရနိုင်သလို အကန့်အသတ်လည်းမရှိဘူး ၊ ထိုက်ဟောက်ဟာ တာအိုရဲ့သဘောကို နားလည်သလို သဘာဝတရားကိုလည်း သိရှိခဲ့တယ် ၊ ဒါကြောင့် သူက ဧကရာဇ်ပေါင်း(၁၀၀)ကိုအုပ်ဆိုးတဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့တာပဲ ၊ သူတန်ခိုးစွမ်းအား ဘယ်လောက်မြင့်မားလည်းဆိုတာ ကျုပ်လည်း မသိနိုင်ဘူး ၊ ဒါပေမဲ့ နည်းနည်းတော့ ခန့်မှန်းနိုင်တယ် ၊ သူ့လိုလူမျိုးက အတိတ်က ဘေးအန္တရယ်ကပ်ဆိုးကြီးတွေမှာ ပျက်စီးသွားနိုုင်စရာအကြောင်းမရှိဘူး ၊ ဒါကြောင့် ကျုပ်က သူ့လိုလူမျိုးကို တခြားသူတွေ မေ့မသွားရအောင် လုပ်ပေးလိုက်တာပါ…"

ဆန်းလျန်၏ စကားထဲတွင် ဆန်းလျန်၏ မာနတရားများကို တွေ့မြင်ရမည် ဖြစ်လေသည်။

ဆန်းလျန် မာနထားရသည့်အကြောင်းရင်းကိုလည်း ယွီဧကရာဇ် နားလည်ထားပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်ကဲ့သို့သော မာနမျိုး သူ့တွင်လည်း ရှိခဲ့သောကြောင့် ဖြစ်လေသည်။ သို့သော်… ယခုတော့ မာနများခဝါချခဲ့ရပြီ။

ထိုသို့ဖြစ်ရသည်မှာ သူက အားနည်းသောကြောင့်မဟုတ်ဘဲ နောက်ထပ်မြင့်မားသည့် ကောင်းကင်တစ်ခုကို တွေ့ခဲ့ရသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် အထူအပါးနားမလည်ဘဲ ပြောမိပြောရာ ပြောနေသည့်သူမျိုး မဟုတ်သည်ကို သူ ကောင်းကောင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် ကောင်းကင်ထက်မြင့်မားပြီး မြေကြီးထက်ပင် နက်ရှိုင်းသောသူတစ်ယောက် ဖြစ်သောကြောင့်ပင်။

သူသည် လောအလယ်တွင် မြင့်မြင့်မားမား ရပ်တည်နိုင်သူတစ်ယောက် ဖြစ်လေသည်။

ယွီဧကရာဇ်က အတန်ကြာတိတ်ဆိတ်နေပြီးမှ…

"ကျုပ်အသက်နဲ့ရင်းပြီး မင်းရဲ့ကျေးဇူးကို ပြန်ဆပ်ပါ့မယ်…"

ဆန်းလျန်ရှေ့တွင် ယွီဧကရာဇ် မာန်ချရပြီ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တကယ်တော့ ကျုပ်က မင်း ကျုပ်ကို တောင်းပန်မယ်ထင်ထားတာ ၊ ဒါပေမဲ့ မင်း ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး…"

ယွီဧကရာဇ် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

နတ်ဒေဝါမြေခွေးက…

"ကျွန်မက ယွီဧကရာဇ်ကိုယ်စား ဆန်းလျန်ထျန်းကျွင်းကို တောင်းပန်ပေးမယ် ဆိုရင်ရော…"

ဆန်းလျန်က…

"ကျုပ်သိတာတော့ ယွီဧကရာဇ်က ဘဝမှာ တစ်ခါမှ မတောင်းပန်ဖူးဘူးတဲ့…"

သူသည် အိပ်မက်ဆန်သည့်စမ်းချောင်းလေးအလား စီးဆင်းလာပြီး နံနက်ခင်းတိမ်တိုက်များသဖွယ် ဆန်းလျန် ထွက်ခွာသွားလေတော့သည်။

နတ်ဒေဝါမြေခွေးနှင့် ယွီဧကရာဇ်တို့ ဆန်းလျန်၏ စကားလုံးများကို သေသေချာချာ သဘောမပေါက်သေးခင်မှာပင် ဆန်းလျန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

နတ်ဒေဝါမြေခွေးက…

"သူပြောသွားတဲ့စကားက ဘာအဓိပ္ပါယ်လဲ…"

ယွီဧကရာဇ်က…

"ပျော့ပြောင်းခြင်းက ဧကရာဇ်တို့ရဲ့ ဂုဏ်အင်ပဲ ၊ ခေါင်းမာတာကတော့ အာဏာအပေါ်ခုံမင်ခြင်းပဲ ၊ ကျုပ် စစ်ဝမ်မင့်ဟာ အမြဲတမ်း ဘုရင်အားလုံးရဲ့ဘုရင်ဖြစ်ခဲ့တယ် ၊ အမြဲတမ်း ခေါင်းမာခဲ့တယ် ၊ ဆန်းလျန်ရဲ့ ရည်ရွယ်ချက်က ကျုပ်ကို ခေါင်းမာနေတာကနေ ပျော့ပြောင်းသွားစေပြီး ဧကရာဇ် ပီသစေချင်တာပဲ…"

နတ်ဒေဝါမြေခွေးက…

"ဒီလိုဆိုရင်တော့ မဆိုးပါဘူး ၊ တကယ်တော့ ဧကရာဇ်ဆိုတာ ဧကရာဇ်ပီသတာ ကောင်းတာပေါ့…"

ယွီဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"တချို့တချို့တွေကျတော့လည်း မွေးကတည်းက ဧကရာဇ် ပီသကြတယ်…"

နတ်ဒေဝါမြေခွေးက ပြုံးလိုက်ရင်း…

"ရှင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ရှင့်ကို အမြဲတမ်း ချစ်နေမှာပါ…"

ယွီဧကရာဇ်က သူ၏ ချစ်လှစွာသော ကြင်ယာတော်၏ပခုံးလေးကို အသာဖက်လိုက်လေသည်။

သူက အတန်ကြာတိတ်ဆိတ်နေပြီးမှ…

"ကိုယ်တို့ သူ့ကိုအသက်ကယ်တဲ့အကြွေးတင်သွားပြီ ၊ နောက်ကျ သူ့ကို အလေးအနက်ထားပြီး ကျေးဇူးဆပ်ရလိမ့်မယ်…"

နတ်ဒေဝါမြေခွေးက…

"ကျွန်မ ချင်းဆွေထျန်းကောင်းကင်ဘုံကိုသွားရမယ် ၊ တာအိုဆရာလီချင်းဆွေကတော့ ကျွန်မတို့ကို တစ်ခုခု လမ်းညွှန်ပြသပေးနိုင်မယ်ထင်တယ်…"

……………..

ချင်းဆွေထျန်ကောင်းကင်ဘုံအပြင်ဘက်တွင် ဆန်းလျန်ရှိနေလေသည်။

ယခင်တစ်ခေါက် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ ရောက်ခဲ့သည့်အချိန်နှင့် ယခုအချိန် မတူတော့ပေ။

ဆန်းလျန်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ချင်းဆွေထျန်းကောင်းကင်ဘုံသည်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

ရွှမ်ဟွမ်မိုးနတ်မင်း၏ မိုးကောင်းကင်ခုံရုံးက မရှိမှုကျေးရွာမှ ကောင်းကင်ဘုံများနှင့် နတ်ဘုရားကျောက်ဂူများကို အတော်များများ သိမ်းပိုက်ပစ်လိုက်သော်လည်း ချင်းဆွေထျန်းကောင်းကင်ဘုံကတော့ ထိုအထဲတွင် ပါဝင်သွားခြင်း မရှိပေ။

ချင်းဆွေထျန်းကောင်းကင်ဘုံသည် ယခင်ကကဲ့သို့ ရေကန်လေးတစ်ခုမျှသာမဟုတ်တော့ဘဲ မြစ်တစ်စင်းအလား စီးဆင်းနေလေသည်။

တစ်ချန်တုန်းက မိုးကောင်းကင်ခုံရုံးတစ်လျှောက် နဂါးငွေ့တန်းက အဆုံးမရှိသည့်မြစ်ရေအလား စီးဆင်းခဲ့လေသည်။ ယခုလည်း မိုးကောင်းကင်ခုံရုံးတွင် နဂါးငွေ့တန်းပြန်လည်စီးဆင်းနေပြီ ဖြစ်လေသည်။

သို့သော်… လီချင်းဆွေကတော့ ရွှမ်ဟွမ်မိုးနတ်မင်း၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆိုခဲ့ပါလေ၏။

ဆန်းလျန်ရှေ့မှ မြစ်ရေသည် လူ့လောကနှင့် ဆက်စပ်နေလေသည်။ မြစ်ရေထဲတွင် ကောင်းကင်ထက်မှ ကြယ်စင်များ ရောင်ပြန်ဟပ်နေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။

ထိုမြစ်သည် အချိန်ရေစီးကြောင်းနှင့်ပင်ဆင်တူပြီး မြစ်ရေ၏ စီးဆင်းမှုကို နေ့နေ့ညည မည်သည့်အရာကမှ တားဆီးဖြတ်တောက်နိုင်မည် မဟုတ်ပေ။

ကောင်းမြတ်ခြင်းသည် ရေကဲ့သို့ပင်ဖြစ်ပြီး ရေသည် တာအိုတရားနှင့် အနီးစပ်ဆုံး ဒြပ်စင်ဖြစ်လေ၏။

ဆန်းလျန် နက်နက်ရှိုင်းရှိုင်းနားလည်လိုက်သည်မှာ လီချင်းဆွေက သူမသည် တာအိုဆရာသခင်ထိုက်ယီ၏ သမီးဖြစ်သည်ဆိုသည့် ဂုဏ်ပုဒ်ကို ထိုမျှ မက်မောခြင်း မရှိလှပေ။ သို့သော် သူမသည် အစကတည်းက ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လေသည်။

သူမသည် ဆန်းလျန်အပါအဝင် မည်သည့်ကျင့်ကြံသူကိုမဆို သူ့ဘဝကို လာရောက်လွှမ်းမိုးသည်ကို မည်သည့်အခါမှ လက်ခံမည် မဟုတ်ပေ။

ရေလှိုင်းများက တစ်ခုပြီးတစ်ခု ရိုက်ခတ်နေပြီး မြစ်ရေပြင်သည် ငွေရောင်အလား ကြည်လင်တောက်ပလျှက် ရှိလေသည်။

လရောင်နှင့်ဆင်တူသော်လည်း လရောင်မဟုတ် ၊ နေရောင်နှင့်ဆင်တူသော်လည်း နေရောင်မမည်သော တောက်ပမှု ဖြစ်လေ၏။

နှင်းပွင့်ကဲ့သို့ ဖြူစင်သည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ရေလှိုင်းများကြားမှ ထွက်ပေါ်လာလေသည်။ သူမ၏အသားအရေကလည်း နှင်းပွင့်ကဲ့သို့ ဖြူစင်နေပြီး သူမသည် ယခင်ကထက်ပင် ပိုပြီး ခမ်းနားနေသေးသည်။

မည်သည့်နတ်ဘုရားမှ သူမကို မော်ဖူးရဲကြမည်မဟုတ်သည့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားလေသည်။

ဆန်းလျန်က သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး မြစ်ရေထဲသို့ လှမ်းဝင်လိုက်လေသည်။ ဆန်းလျန် လှမ်းဝင်လိုက်သည်နှင့် မြစ်ရေက ရေခဲပြင်တစ်ခုကဲ့သို့ အေးခဲသွားလေသည်။

ဆန်းလျန်နှင့်ချင်းဆွေသည် ခြေလှမ်း (၅)လှမ်းခန့် အကွာအဝေးတွင် ရှိနေလေသည်။

ဆန်းလျန်က …

"တာအိုဆရာချင်းဆွေကို ဂါရဝပြုပါတယ်… ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော် ချင်းဆွေ…"

သူက ထိုစကားပြောလိုက်ပြီးသည်နှင့် ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်ကာ လီချင်းဆွေကို ဂါရဝပြုလိုက်လေသည်။

လီချင်းဆွေက…

"မင်း အရင်ကထက် တော်လာပြီ… အမှတ်ပိုပေးရမယ်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"အမှတ်လိုချင်လို့မဟုတ်ပါဘူး ၊ ကျွန်တော်က ချင်းဆွေကို ကျေးဇူးတင်ချင်လို့ပါ…"

"သြော်…"

ဟု တစ်ခွန်းတည်းသာ ချင်းဆွေက ပြန်ပြောလိုက်သည်။

သူမ၏ မျက်နှာက အေးဆေးတည်ငြိမ်နေပြီး အတန်ကြာမှ စကားဆက်ပြောလိုက်လေသည်။

"သုံးဆင့်ဘဝပြောင်းပညာသင်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်တာဆိုရင်တော့ ကျေးဇူးတင်စရာ မလိုဘူး…"

ဆန်းလျန်က ခြေအိတ်လည်းမရှိသလို ဖိနပ်လည်းစီးထားခြင်းမရှိသည့် လီချင်းဆွေ၏ ခြေထောက်များကို အမှတ်တမဲ့ ကြည့်လိုက်မိလေသည်။ သူမရပ်နေသည့် ခြေထောက်အောက်၌ ရေသည်လည်း ခဲခြင်းမရှိပေ။

သူမ၏ တန်ခိုးစွမ်းအားများ မည်မျှ မြင့်မားနေပြီ ဖြစ်သည်ကို သိမြင်နိုင်လေသည်။

ဆန်းလျန်က ခပ်အေးအေးလေသံဖြင့်…

"အဲဒီပညာက အရှေ့နဲ့အနောက် ၊ အတိတ်နဲ့အနာဂတ် ပြောင်းပြန်လှန်နိုင်တာ အရမ်းအံ့သြစရာကောင်းတာပဲ ၊ အဲဒီပညာရဲ့ ဇာစ်မြစ်ကိုများ ကျွန်တော် သိခွင့်ရှိမလား…"

လီချင်းဆွေက…

"အဲဒီပညာကို ကျမ်းပြုခဲ့တဲ့သူက ဘယ်တာအိုဆရာသခင်ကြီးလို့ မင်းထင်သလဲ…"

ဆန်းလျန်က…

"အစတုန်းက ကျွန်တော်လည်း တာအိုဆရာသခင်ကြီးတစ်ပါးပါးရဲ့ ပညာလို့ ထင်ခဲ့တာ ၊ ဒါပေမဲ့ တစ်ခုခုမှားနေတယ်လို့ ခံစားရလို့ ချင်းဆွေဆီ မေးကြည့်ဖို့ ရောက်လာခဲ့တာပါ…"

ချင်းဆွေ၏ ခြေဖဝါးအောက်မှ ရေပြင်သည် ကျောက်စိမ်းရောင်တောက်ပနေလေသည်။

သူမသည် အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေပြီးမှ…

"မင်းလည်းသိပါတယ် ၊ တာအိုဆရာသခင်ထိုက်ယီနဲ့ ဗုဒ္ဓက အချိန်ရေစီးကြောင်းတစ်လျှောက် ယှဉ်ပြိုင်မှုတွေ လုပ်ခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့ ယှဉ်ပြိုင်ကြတိုင်း ဝင်နှောက်ယှက်တဲ့တတိယလူတစ်ယောက်ရှိတယ်…"

ဆန်းလျန်က ချင်းဆွေ၏ မျက်ဝန်းများကို စိုက်ကြည့်နေလေသည်။ သူမက ချင်းဆွေ၏ မျက်ဝန်းများမှတစ်ဆင့် ချင်းဆွေ၏ အတွေးများကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေမိသည်။

သို့သော်… သူမ၏မျက်ဝန်းများထဲတွင် မည်သည့်သဲလွန်စကိုမှ ဆန်းလျန် မတွေ့ခဲ့ရပေ။

ဆန်းလျန်က…

"ဘယ်သူက ဒီလောက်တော်မှာတဲ့လဲ…"

ခဏနားလိုက်ပြီးမှ ဆန်းလျန်က ဆက်ပြောလိုက်သည်။

"တာအိုဆရာသခင်ကြီးတစ်ပါးရဲ့ဘဝကို ဘယ်သူမှ မသိနိုင်ဘူး ၊ ချင်းဆွေ ဘယ်လိုမွေးဖွားလာသလဲ ဘယ်သူမှ မသိဘူး ၊ ကြင်နာတတ်တဲ့ သဲလွန်စမရှိဘူး ၊ ဒါပေမဲ့ ဒါပေမဲ့ ဒီလောကမှာ သူရှိနေတယ် ၊ သဲလွန်စတစ်ခုမရှိဘဲ သူကလည်းသံသရာကိုကျော်လွန်သွားတယ် ၊ အိပ်မက်ကိုပြောင်းပြန်လှန်ပြီး ဘယ်ဟာကအမှား ဘယ်ဟာက အမှန်လဲ ၊ အဲဒီလူဟာ… သူများလား…"

***

All Chapters