← Chapters

အခန်း (၂၄၈-၂၄၉)

Vol. 24 Ch. 248-249

အခန်း (၂၄၈-၂၄၉)

Vol. 24 Ch. 248-249

အခန်း (၂၄၈) မသွားရောက်သင့်သေးသော နေရာ

လုကျစ်ချွန်း ပျောက်ကွယ်သွားသော နေရာသို့ ချန်ဖေး ရောက်ရှိလာချိန်တွင် ထိုတိုက်ခိုက်မှုနှင့်အတူ အရာအများစုမှာ ပျောက်ကွယ်သွားခဲ့ပြီး ပျက်စီးနေသော ဝိညာဉ်လက်နက်တစ်ခုနှင့် အနည်းငယ် အရည်ပျော်နေသော မြေကြီး ကျောက်ဆောင် သလင်းကျောက် တစ်ပိုင်းသာ ကျန်ရစ်ခဲ့ပေသည်။

မြေကြီး ကျောက်ဆောင် သလင်းကျောက်သည် ဝိညာဉ်လက်နက်များ ဖန်တီးရာတွင် အသုံးပြုနိုင်သော အရန်ပစ္စည်းတစ်ခု ဖြစ်သည်။ ပျမ်းမျှ တန်ဖိုးအတော်အသင့်ရှိပြီး ဤအရွယ်အစားရှိသော တစ်ပိုင်းကို ရယူရန် စျေးကွက်ပေါက်ဈေးမှာ ငွေတစ်သောင်းခန့် ရှိပေ၏။

ချန်ဖေးသည် ပစ္စည်းနှစ်ခုကို သူ၏ လက်ထဲသို့ ကောက်ယူလိုက်ပြီး မြေကြီး ကျောက်ဆောင် သလင်းကျောက်ကို တစ်ချက်ကြည့်ကာ ပျက်စီးနေသော ဝိညာဉ်လက်နက်အပေါ် အာရုံစိုက်လိုက်သည်။

ဝိညာဉ်စွမ်းအင်သည် လုံးလုံးလျားလျားနီးပါး ပျောက်ဆုံးနေပြီ ဖြစ်သည်။ အကယ်၍ ထိုမျှသာ ဖြစ်မည်ဆိုလျှင် ပြုစုပျိုးထောင်ရန် အချိန်တစ်ပိုင်းပေးပြီး ဝိညာဉ်သတ္တု အချို့ဖြင့်ဆိုပါက ဝိညာဉ်လက်နက်၏ စွမ်းအားအချို့ကို ပြန်လည်ရယူနိုင်ရန် မျှော်လင့်ချက် ရှိသေးပေသည်။

သို့သော် ယခုအချိန်တွင် ဤဝိညာဉ်လက်နက်သည် ဝိညာဉ်စွမ်းအင် ဆုံးရှုံးသွားရုံသာမက မျက်နှာပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများ ဖုံးလွှမ်းနေ၏။ ဤဝိညာဉ်လက်နက်သည် လုံးလုံးလျားလျား ပျက်စီးသွားပြီဟု ဆိုနိုင်ပေသည်။

ပြုပြင်ရန် မဖြစ်နိုင်သည် မဟုတ်သော်လည်း ကုန်ကျစရိတ်မှာ ဝိညာဉ်လက်နက် အများအပြားကို ပြန်လည် ပုံသွင်းခြင်းနှင့် ညီမျှမည်ဖြစ်ရာ ကြိုးစားအားထုတ်ရသည်နှင့် မတန်တော့ချေ။

"ဂိုဏ်းထဲက ရတနာခန်းမမှာရှိတဲ့ ပန်းပဲဆရာတွေ ဆီ ပြန်ယူသွားရင် အသုံးဝင်တဲ့ တစ်ခုခု လုပ်ပေး

နိုင်မလား မသိဘူး..."

ချန်ဖေးသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အာကာသ ကွက်လပ်ထဲမှ သစ်သားသေတ္တာကို ထုတ်ကာ ပျက်စီးနေသော ဝိညာဉ်လက်နက်နှင့် မြေကြီး သလင်းကျောက်ကို အထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သေတ္တာကို အာကာသ ကွက်လပ်ထဲသို့ ပြန်ထည့်လိုက်လေသည်။

ချန်ဖေးသည် အခင်းဖြစ်ပွားရာ နေရာကို အကဲခတ်ကြည့်လိုက်ရာ မည်သည့်အရာမျှ မကျန်ရစ်ကြောင်း တွေ့ရှိရသဖြင့် တည်နေရာကို မှတ်သားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

လူသူကင်းမဲ့သော တောင်တန်းများထဲတွင် ချန်ဖေး၏ ပုံရိပ်သည် အစက်ချမျဉ်းတစ်ခုကဲ့သို့ ဆန့်ထွက်နေပြီး သာမန်လူများအမြင်တွင် တစ္ဆေတစ်ကောင်ကို မြင်တွေ့ရသကဲ့သို့ ဖြစ်နေပေမည်။

အဆင့်မတက်မီကနှင့် နှိုင်းယှဉ်ပါက ယခုအခါ ချန်ဖေး၏ ကိုယ်ဖော့ပညာသည် အမြန်နှုန်းကို နောက်ထပ် အဆင့်တစ်ခုသို့ ယူဆောင်သွားပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မောင်းနှင်အားသည် ချီစွမ်းအင်မှ မူလစွမ်းအင်သို့ ပြောင်းလဲသွားပြီဖြစ်ရာ တူညီသော လှုပ်ရှားမှုသည် ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ဤအမြန်နှုန်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် သဘာဝအလျောက် အလွန်အားကောင်း၍ ချန်ဖေးသည် ဝိညာဉ်လိုက်ခြေလှမ်း ကိုယ်ဖော့ပညာကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံထားသော်လည်း ဒွာရသန့်စင်ခြင်း အဆင့်တွင်မူ အလွန် သာမန်မျှသာ ဖြစ်ပေ၏။

သို့သော် ဝိညာဉ်လိုက်ခြေလှမ်း ကိုယ်ဖော့ပညာ၏ ကန့်သတ်ချက်များက ဒွာရသန့်စင်ခြင်း အဆင့်၏ အပြည့်အဝ စွမ်းအားကို ထုတ်လွှတ်ခြင်းမှ တားဆီးထားလေသည်။ လေလွင့် ကျင့်ကြံသူ အများစုအတွက်လည်း ဤကဲ့သို့ပင် ဖြစ်လေ့ရှိ၏။ ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်များ ရင်ဆိုင်ရသော အကျပ်အတည်းများထဲမှ တစ်ခုပင် ဖြစ်သည်။

သူတို့၏ ကျင့်စဉ်အများစုကို အခွင့်အရေးများမှတဆင့် ကံကောင်းထောက်မစွာ ရရှိခဲ့ကြခြင်းဖြစ်ပြီး အခြားသော လေလွင့် ကျင့်ကြံသူများထံမှ ဝယ်ယူရန် ခက်ခဲပေမည်။

ထို့ကြောင့် လွေင့် ကျင့်ကြံသူ အများစုတွင် ကိုယ်ပိုင် အားနည်းချက်များ အသီးသီး ရှိကြလေသည်။

ချန်ဖေးတွင်မူ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ လုံးလုံးလျားလျား မရှိချေ။ သူသည် ဂိုဏ်းသို့ ရိုးရှင်းစွာ ပြန်သွားနိုင်ပြီး ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို သင်ယူနိုင်ပေသည်။

ထို့ပြင် ချန်ဖေးတွင် နောက်ထပ် ရည်မှန်းချက်တစ်ခု ရှိသေး၏။ ယွမ်ချန် ဓားကျမ်းစာကို ပြုပြင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။ကျုံးယွမ်ဓားသိုင်းသည် ဒွာရ ရှစ်ဆယ်ကို ဖွင့်လှစ်ပေးနိုင်ပြီး လေလွင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ပြိုင်ဘက်ကင်းသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်မှာ သေချာပေသည်။ မည်သည့် ကုန်ကျစရိတ်ကိုမဆို ပေးဆပ်ရပါစေ ရယူရန် ဆန္ဒရှိကြမည် ဖြစ်သည်။

သို့သော် ချန်ဖေးမှာမူ ကျေနပ်မှု မရှိသေးချေ။ ဒွာရသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သည် ဒွာရ ၁၀၈ ခု လိုအပ်သည်။ ဒွာရ ရှစ်ဆယ်ဆိုသည်မှာ အလွန် နည်းပါးလွန်းလှပေ၏။

ယွမ်ချန် ဓားကျမ်းစာသည် ဒွာရ ၁၀၈ ခုကို ဖန်တီးပေးနိုင်သောကြောင့် ကျင့်စဉ်ဖြင့် အားလုံးကို အံ့သြမှင်သက်စေနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ချန်ဖေးသည် ယွမ်ချန် ဓားဂိုဏ်း၏ လျှို့ဝှက်ချက် အများအပြားကို ဝင်ရောက်ကြည့်ရှုခွင့် မရရှိခဲ့ချေ။ သို့သော် ယခု ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းပြီးပြီ ဖြစ်ရာ ချန်ဖေးသည် ဝင်ရောက်ကြည့်ရှုရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

အတွေးလွန်နေသော်လည်း ချန်ဖေးသည် လမ်းလျှောက်ခြင်းကို မရပ်တန့်ခဲ့ချေ။

အချိန်တိုအတွင်းမှာပင် သူသည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။

အောက်သို့ ကြည့်လိုက်ချိန်တွင် မြူနှင်းများ ဖုံးလွှမ်းနေသော တောင်ပေါ်ရွာလေးတစ်ရွာကို ချန်ဖေး မြင်လိုက်ရပြီး မိန်းမောတွေဝေနေစဉ် ရွာထဲတွင် ရပ်နေကာ သူ့ကို စိုက်ကြည့်နေသော လူတစ်စုကိုပင် မြင်ယောင်လာမိပေသည်။

ချန်ဖေး၏ စိတ်ကူးယဉ်မှု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မျက်လုံးချင်းဆုံပြီး တစ်ခဏအကြာတွင် တောင်ပေါ်ရွာမှ ရွာသားများသည် ကျောခိုင်းသွားကြပြီး သူ့ကို ဆက်လက်မကြည့်တော့ကြောင်း ချန်ဖေး သတိပြုမိလိုက်၏။

ချန်ဖေး မျက်တောင်ခတ်လိုက်ပြီး ထပ်ကြည့်လိုက်ချိန်တွင် တောင်ပေါ်ရွာလေးကို မြူတိမ်များ ဖုံးလွှမ်းသွားခဲ့ရာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှသည် ချန်ဖေး၏ စိတ်ကူးယဉ်မှုမျှသာ ဖြစ်နေသကဲ့သို့ပင်။

"စနစ်ထဲက ငွေတွေ ကုန်သွားလို့သာ... မဟုတ်ရင် ဘာပဲဖြစ်ဖြစ် ပြန်ဝင်သွားဦးမှာပဲ..." ချန်ဖေး သူ့ကိုယ်သူ တွေးလိုက်သည်။

မီရွာ ပျောက်ကွယ်သွားမည် ဟုတ်မဟုတ် အတည်ပြုရန် ချန်ဖေး ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး ယခု မြင်ကွင်းကို မြင်တွေ့ရချိန်တွင် သူ စိတ်သက်သာရာ ရသွားပေ၏။ ငွေကြေး လုံလုံလောက်လောက်သာ ရှိပါက ချန်ဖေးသည် မီရွာကို တစ်ကိုယ်တော် ရှင်းလင်းနိုင်ပြီး အခြား သိုင်းပညာရှင်များ ကြောက်ရွံ့ကြသော ဤထူးဆန်းသည့် နယ်ပယ်ကို အောင်နိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ကျုံးယွမ်ဓားသိုင်း ကျင့်စဉ်ကို ရိုးရှင်းအောင် ပြုလုပ်ခဲ့ခြင်းကြောင့် ချန်ဖေး၏ စနစ်ပြားပေါ်ရှိ ငွေကြေးများ လုံးလုံးလျားလျားနီးပါး ကုန်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ချန်ဖေး ယခု ဝင်သွားမည်ဆိုပါက သူ၏ ကံကြမ္မာသည် လုကျစ်ချွန်းထက် များစွာ ပိုကောင်းမည် မဟုတ်ချေ။

အမှန်ပင် ချန်ဖေး ဝင်သွားသည်နှင့်တစ်ပြိုင်နက် ရွာသူကြီးက သူ့ကို အပြင်သို့ ပစ်ထုတ်လိုက်မည့် အလားအလာလည်း ရှိနေပေ၏။

မည်သို့ပင်ဆိုစေ သူ၏ စနစ်ပြားပေါ်တွင် ငွေလုံလုံလောက်လောက် မရှိတော့ကြောင်း ချန်ဖေး သိသော်လည်း မီရွာမှ ရွာသားများကမူ သိမည်မဟုတ်ချေ။ သူတို့ သိသည်မှာ သူတို့ထက်ပင် ပို၍ ထူးဆန်းသော သိုင်းပညာရှင်တစ်ယောက် ရှိနေသည်ဆိုသောအချက်သာ ဖြစ်ပေ၏။

ချန်ဖေးသည် မီရွာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ပုံရိပ် လင်းလက်သွားကာ ဖျင်ရင် ခရိုင်ဆီသို့ ပြေးသွားလေသည်။

ဤနေရာသို့ ရောက်လာပြီးပြီဖြစ်ရာ ချန်ဖေးသည် ဖျင်ရင် ခရိုင်ကို အဝေးမှ တစ်ချက် ကြည့်ရှုလိုပေသည်။ ထိုထူးဆန်းသော သတ္တဝါသည် ခရိုင်တစ်ခုလုံးကို မျိုချသွားခဲ့ပြီဖြစ်ရာ ထိုနေရာတွင် ယခု အခြေအနေ မည်သို့ ရှိနေမည်ကို သူ သိချင်နေ၏။

တစ်နာရီ၏ လေးပုံတစ်ပုံမျှပင် မကြာမီ ဖျင်ရင် ခရိုင်၏ အပြင်ဘက် တစ်ကီလိုမီတာခန့် အကွာတွင် ချန်ဖေး၏ ပုံရိပ် ပေါ်လာခဲ့သည်။ ဤနေရာသည် ဖျင်ရင် ခရိုင်ကို ရှင်းလင်းစွာ မြင်နိုင်သော နေရာတစ်ခု ဖြစ်၏။

ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းပြီးပြီ ဖြစ်သော်လည်း ဖျင်ရင် ခရိုင်အတွင်းရှိ ထူးဆန်းမှုများ မည်မျှအထိ ကြီးထွားလာသည်ကို မခန့်မှန်းနိုင်သေးသဖြင့် ချန်ဖေးသည် ဖျင်ရင် ခရိုင်သို့ မဆင်မခြင် သွားရောက်ခြင်း မပြုချေ။

ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်နေရင်း ချန်ဖေး မျက်လုံးမှိတ်ကာ အဝေးမှ ဖျင်ရင် ခရိုင်အတွင်းရှိ အခြေအနေကို ခံစားကြည့်လိုက်သည်။ အလွန်အေးစက်နေပြီး သူ၏ ဝိညာဉ်စွမ်းအားသည် ရေခဲတုံးတစ်ခုကို ထိတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

"ဒီထူးဆန်းတဲ့ စွမ်းအားက ဒီလောက်တောင် အားကောင်းသွားပြီလား..."

ချန်ဖေး မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွား၏။ အမြဲတမ်း ဤမျှ အားကောင်းနေခဲ့ခြင်းလော သို့မဟုတ် ဖျင်ရင် ခရိုင်ကို သိမ်းပိုက်ပြီးနောက်တွင် ဤမျှ အားကောင်းလာခဲ့ခြင်းလောဟု သူ တွေးတောမိလေသည်။

ချန်ဖေး ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဆက်သွားရန် ရည်ရွယ်ချက် မရှိတော့ချေ။

သူ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်တွင် ဖျင်ရင် ခရိုင်၏ အရှေ့ဘက် ဂိတ်တံခါး ပွင့်သွားပြီး အတွင်းမှ ပုံရိပ်တစ်ခု ယိမ်းယိုင်ကာ ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရလေသည်။အရှေ့ဘက် ဂိတ်တံခါးအတွင်းတွင် ပုံရိပ်အချို့ကို ဝေဝါးစွာ မြင်နိုင်သေးပြီး ဖျင်ရင် ခရိုင်မှ လွတ်မြောက်ရန် ကြိုးစားနေကြပေသည်။ သို့သော် ချမ်းစိမ့်စိမ့် စွမ်းအားလှိုင်းများ မြင့်တက်လာပြီး အလွန် ပြင်းထန်သော စုပ်ယူသည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာကာ ဂိတ်တံခါးအတွင်းရှိ ပုံရိပ်များကို အတွင်းသို့ တိုက်ရိုက် ပြန်လည်ဆွဲငင်သွားလေသည်။

အော်ဟစ်သံများနှင့် အကူအညီတောင်းသံများကို ချန်ဖေး ဝေဝါးစွာ ကြားလိုက်ရသော်လည်း ထိုအသံများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

ချမ်းစိမ့်စိမ့် စွမ်းအားများသည် ရေတွက်မရနိုင်သော စုပ်ခွက်လက်တံများအဖြစ် ပြောင်းလဲသွားပြီး အပြင်ဘက်ရှိ လူကို အတွင်းသို့ ပြန်ဆွဲသွင်းရန် လျှပ်စီးကဲ့သို့ ပစ်လွှတ်လိုက်လေသည်။ အဝေးမှကြည့်လျှင် ဖျင်ရင် ခရိုင်သည် ထိုအချိန်၌ အသက်ဝင်လာသကဲ့သို့ ချန်ဖေး မြင်လိုက်ရပေ၏။

အရှေ့ဘက် ဂိတ်တံခါးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျိုချနေသည့် ဘီလူးတစ်ကောင်၏ ပါးစပ်ပေါက်ကြီးနှင့် တူနေ၏။ လက်တံများကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သာမန်လူတစ်ဦး ချက်ချင်း သေဆုံးသွားနိုင်ပေသည်။

ဝိညာဉ်စွမ်းအားမှတဆင့် ထွက်ပေါ်လာသော ချမ်းစိမ့်စိမ့် အရှိန်အဝါကို ချန်ဖေးပင်လျှင် ခံစားနိုင်ပေ၏။ သို့သော် ဤဝိညာဉ်စွမ်းအား ညစ်ညမ်းမှုသည် ယခုအခါ ချန်ဖေးအတွက် ပြဿနာ မဟုတ်တော့ဘဲ လျင်မြန်စွာ ဖယ်ရှားပစ်နိုင်ခဲ့သည်။

"ကွဲစမ်း..."

အရှေ့ဘက် ဂိတ်တံခါး အပြင်ဘက်တွင် ဖန်းကျီချိုးသည် ဒေါသတကြီး အော်ဟစ်ကာ လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်ပြီး အစွမ်းထက်သော တိုက်ခိုက်မှု တစ်ခုကို ထုတ်လွှတ်လိုက်သည်။ လက်ထဲမှ အစီအရင်တစ်ခု ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အစီအရင်သည် မီတာပေါင်းများစွာ အရွယ်အစားအထိ ကြီးထွားလာပြီး လက်တံအားလုံးကို ပိတ်ဆို့လိုက်လေသည်။

"ခွပ်... ခွပ်... ခွပ်..."

အစီအရင်သည် လက်တံများနှင့် ဝင်တိုက်မိပြီး ချက်ချင်းပင် ရေခဲအဖြစ် အေးခဲသွားလေသည်။ နောက်တစ်ခဏတွင် အစီအရင် ကြေမွသွား၏။ သို့သော် ဖန်းကျီချိုးသည် ဤတိုတောင်းသော အချိန်လေးကို အသုံးပြု၍ ပျောက်ကွယ်သွားပြီး ဖျင်ရင် ခရိုင်မှ မီတာ တစ်ရာကျော် အကွာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤနေရာသို့ ရောက်ရှိချိန်တွင် ဖျင်ရင် ခရိုင်သည် ဖန်းကျီချိုးကို အတွင်းသို့ ဆက်လက် မဆွဲသွင်းနိုင်တော့ချေ။ ဖျင်ရင် ခရိုင်၏ အရှေ့ဘက် ဂိတ်တံခါး တုန်ခါသွားပြီးနောက် ပိတ်သွားကာ ခရိုင်တစ်ခုလုံး ယခင် တိတ်ဆိတ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အားလုံးသည် လုံးလုံးလျားလျား မဖြစ်ပွားခဲ့သကဲ့သို့ပင်။

ဖျင်ရင် ခရိုင်အတွင်းရှိ ထူးဆန်းမှုများသည် ဆက်လက်လိုက်လံမတိုက်ခိုက်တော့ကြောင်း တွေ့ရှိရသဖြင့် ဖန်းကျီချိုး သည် သက်ပြင်းချလိုက်သော်လည်း သူ ဆက်လက်၍ မရပ်တန့်ရဲဘဲ ရှေ့သို့ ဆက်ပြေးနေလေသည်။

လမ်းတစ်ဝက်တွင် ဖန်းကျီချိုး ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့ရှိ ချန်ဖေးကို ကြည့်လိုက်ရာ သူ၏ အမူအရာသည် သတိဝီရိယများ ပြည့်နှက်သွားပေ၏။

ယခုအခါ ဖန်းကျီချိုးသည် ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်ရာ ချန်ဖေးသည် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မပြသထားသော်လည်း ဖန်းကျီချိုး လုံးလုံးလျားလျား ပေါ့ဆမှု မပြုရဲချေ။

ဖန်းကျီချိုးသည် ချန်ဖေးကို သတိထား၍ အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် သူ၏ ပုံရိပ် လင်းလက်သွားကာ အခြားနေရာတစ်ခုဆီသို့ ပြေးထွက်သွားလေသည်။

ချန်ဖေးသည် မေးခွန်းအချို့ မေးမြန်းရန် ရည်ရွယ်ထားသော်လည်း ဖန်းကျီချိုး၏ အမူအရာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူ ဖြေကြားမည်မဟုတ်ကြောင်း သူ သိလိုက်ပေ၏။ အတင်းအကျပ် မေးမြန်းခြင်းက နောက်ထပ် တိုက်ပွဲတစ်ခုကိုသာ ဖြစ်ပေါ်စေနိုင်လေသည်။

နှစ်ဖက်ကြားတွင် ရန်ငြိုးရန်စ မရှိသဖြင့် ချန်ဖေးသည် ဤကဲ့သို့သော အဓိပ္ပာယ်မဲ့ တိုက်ပွဲမျိုးကို မဆင်နွှဲလိုချေ။ ထို့ပြင် ပြိုင်ဘက်၏ အဆင့်မှာ သိသိသာသာပင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ဖြစ်နေပြီး သူသည် ဒဏ်ရာရနေလျှင်ပင် သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ဖန်းကျီချိုး ထွက်သွားသည်ကို ကြည့်နေစဉ် ဖျင်ရင် ခရိုင်အပေါ် ချန်ဖေး၏ အမြင်မှာ ပြောင်းလဲသွားခဲ့လေပြီ။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ဦးပင် ထိတ်လန့်တကြား ထွက်ပြေးရသည်ဆိုသောအချက်က ဖျင်ရင် ခရိုင်၏ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်သည် စိတ်ကူးထားသည်ထက် များစွာ ပိုမိုဆိုးရွားကြောင်း ပြသနေပေသည်။

ထို့ပြင် ယခုလေးတင် ဖျင်ရင် ခရိုင်၏ အရှေ့ဘက် ဂိတ်တံခါးအတွင်းမှ အခြား ပုံရိပ်များကိုလည်း ချန်ဖေး မြင်တွေ့ခဲ့ရသေး၏။

"ရန်စလို့ မဖြစ်ဘူး..."

ချန်ဖေး တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ဖျင်ရင် ခရိုင်ကို နောက်ဆုံး တစ်ချက် ကြည့်ကာ ရှင်းဖန်မြို့ဆီသို့ ဦးတည်၍ ပျောက်ကွယ်သွားလေသည်။ ယွမ်ချန် ဓားဂိုဏ်းသို့ မပြန်မီ ရှင်းဖန်မြို့တွင် တစ်ရက်ခန့် အနားယူရန် သူ စီစဉ်ထားပေ၏။တစ်ချိန်တည်းမှာပင် ရှင်းဖန်မြို့နှင့် မိုင်တစ်ဒါဇင်ခန့် အကွာတွင် ပုံရိပ်အချို့သည် ပြင်းထန်သော ရေကြီးမှုက သူတို့အနောက်မှ လိုက်လာနေသကဲ့သို့ ထိတ်လန့်တကြား ပြေးလွှားနေကြလေသည်။

"ဘန်း..."

ချူးလန် ခြေခလုတ်တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားရာ သူမ၏ လက်များမှာ ချက်ချင်း သွေးများ ဖုံးလွှမ်းသွား၏။ အသံတစ်ချက်မျှ မထွက်ဘဲ ချူးလန် လျင်မြန်စွာ ထရပ်လိုက်သော်လည်း ချက်ချင်းပင် ထပ်မံ ယိမ်းယိုင်သွားရာ သူမ၏ ညာဘက်ခြေထောက်မှာ ရောင်ရမ်းပြီး နီရဲနေပြီ ဖြစ်သည်။

ချူးဝမ်နီယန်သည် ချူးလန်ကို ကျောပေါ် တင်ပိုးကာ ရှေ့သို့ ဆက်လက် ပြေးလွှားနေသော်လည်း ခြေလှမ်း အနည်းငယ် အကြာတွင် ချူးဝမ်နီယန်သည် ပြင်းထန်စွာ မောဟိုက်လာပြီး ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှာ ပြန်လည် ပွင့်ထွက်လာကာ အဝတ်အစားများကို သွေးများ စွန်းထင်းသွားစေလေသည်။

"အဘိုး... သမီး ဘာသာသမီး လမ်းလျှောက်နိုင်ပါတယ်..."

သူမ၏ အဘိုး ဒဏ်ရာရနေသည်ကို ချူးလန် ခံစားမိလိုက်ရာ သူမ၏ မျက်လုံးများ ချက်ချင်း နီရဲလာပြီး တိုးညှင်းစွာ ငိုကြွေးလာလေသည်။

"အဘိုး ဘာမှမဖြစ်ဘူး..."

ချူးဝမ်နီယန် သွားကြိတ်ကာ ပြောလိုက်သည်။ "လိုက်ဖမ်းတဲ့လူတွေ အနောက်မှာ ရှိနေတုန်းပဲ..." ချူးဝမ်နီယန်မှာ မနှောင့်နှေးရဲချေ။

"ဒါကို စားလိုက်..."

ရွမ်ချောင်ကျွင်းသည် အိတ်ကပ်ထဲမှ ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ချူးဝမ်နီယန်ကို ကမ်းပေးလိုက်သည်။ ချူးဝမ်နီယန်သည် အလိုအလျောက် လှမ်းယူလိုက်ရာ ဆေးရနံ့များ ပျံ့လွင့်လာပြီး သူ၏ ဒဏ်ရာများကို များစွာ သက်သာသွားစေပုံရလေသည်။

ချူးဝမ်နီယန် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း လက်ရှိ အခြေအနေကို ထည့်သွင်းစဉ်းစားကာ ခေါင်းကို မော့၍ ဆေးလုံးကို မျိုချလိုက်လေသည်။

နွေးထွေးသော စီးကြောင်းတစ်ခု ပျံ့နှံ့သွားပြီး သူ၏ ရင်ဘတ်မှာ ရုတ်တရက် ထုံကျင်ပြီး ယားယံလာကြောင်း ချူးဝမ်နီယန် တွေ့ရှိလိုက်ရ၏။ အက်ကွဲနေသော နေရာများကို လျင်မြန်စွာ ပြုပြင်ပေးပြီး သွေးထွက်ခြင်းလည်း မကြာမီ ရပ်တန့်သွားလေသည်။

ဤကဲ့သို့သော ဆေးလုံးမျိုးကို သူ့အား အစကတည်းက မပေးသင့်ကြောင်း သတိထားမိ၍ ချူးဝမ်နီယန် နောင်တရမိသွား၏။ အလွန် နှမြောစရာ ကောင်းလှပေသည်။

သူမ၏ အဘိုး ဒဏ်ရာများ သက်သာလာသည်ကို ချူးလန် ခံစားမိလိုက်ရာ သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာမှာ အနည်းငယ် သက်သာသွားလေသည်။ သို့သော် အနောက်မှ လိုက်လာသူများကို တွေးမိချိန်တွင် ချူးလန်၏ အမူအရာသည် ထပ်မံ၍ ဝမ်းနည်းဖွယ် ဖြစ်သွားပြန်၏။

"အဘိုး... အခု ကျွန်မတို့ ဘယ်ကို သွားရမလဲ..." ချူးလန်က တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"ရှင်းဖန်မြို့ကို ပြန်သွားမယ်... အဲ့ဒီမှာ ငါတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးနိုင်ပြီး အဲ့ဒီလူတွေကို ရက်အနည်းငယ်လောက် နှောင့်နှေးသွားအောင် လုပ်နိုင်တဲ့ လူတွေ အများကြီး ရှိတယ်..." ရွမ်ချောင်ကျွင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အခန်း (၂၄၉) လုပ်ရကျိုးနပ်တဲ့အပေးအယူ

ရှင်းဖန်မြို့တွင် ချန်ဖေးသည် စားသောက်ဆိုင် တစ်ဆိုင်၌ ထိုင်ကာ အောက်ဘက် လမ်းမပေါ်တွင် သွားလာနေကြသော လူများကို ကြည့်ရှုနေလေသည်။

ချန်ဖေးသည် ရှင်းဖန်မြို့တွင် ရှိနေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ သူသည် ရွှီ အိမ်တော်သို့ တစ်ခေါက် သွားရောက်ခဲ့သော်လည်း ငွေအနည်းငယ်မှလွဲ၍ အခြား ထူးခြားမှု များများစားစား မရရှိခဲ့ချေ။

ပို၍ တိကျစွာ ဆိုရလျှင် ယနေ့ခေတ်တွင် ချန်ဖေး၏ အာရုံကို ဖမ်းစားနိုင်သော အရာများသည် တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်၏။

မနက်ဖြန်တွင် သူ၏ ဂိုဏ်းသို့ ပြန်လည် ထွက်ခွာရန် ချန်ဖေး စီစဉ်ထားသည်။ သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်အရ ကုန်သည်အဖွဲ့နောက်သို့ အထူးတလည် လိုက်ပါရန် မလိုအပ်တော့ချေ။ သူသည် လမ်းကြောင်းကို ကောင်းစွာ သိရှိထားပြီး သူ၏ လက်ရှိ အမြန်နှုန်းဖြင့်ဆိုပါက လျင်မြန်စွာ ရောက်ရှိမည် ဖြစ်သည်။

စားသောက်ဆိုင်တွင် အတန်ကြာ ထိုင်ပြီးနောက် ချန်ဖေး ထွက်ခွာလာပြီး သူ၏ တည်းခိုခန်းဆီသို့ ဦးတည်သွားလေသည်။ သို့သော် လမ်းတစ်ဝက်တွင် ရင်းနှီးနေသော အသက်ရှူသံ နှစ်ခု သူ၏ အာရုံထဲတွင် ပေါ်လာသဖြင့် ချန်ဖေး၏ ခြေလှမ်းများ တုံ့ဆိုင်းသွား၏။

ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် ချန်ဖေး၏ ဝိညာဉ်စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ယခုအခါ ပတ်ဝန်းကျင်ရှိ အချက်အလက်များ၏ အပြောင်းအလဲများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီ ဖြစ်သည်။

ချန်ဖေး ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ပုံရိပ် လင်းလက်သွားကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာချိန်တွင် အခြား လမ်းကြားတစ်ခု၏ နံရံပေါ်တွင် ရောက်ရှိနေပြီး အောက်ဘက်ရှိ ပုံရိပ် သုံးခုကို ငုံ့ကြည့်နေ၏။

"ချလွင်..."

ရုတ်တရက် နံရံပေါ်တွင် လူတစ်ယောက် ပေါ်လာသဖြင့် ချူးဝမ်နီယန်သည် အလိုအလျောက် ဓားကို ဆွဲထုတ်လိုက်သော်လည်း နံရံပေါ်ရှိ လူကို မြင်လိုက်ရပြီးနောက် သူ အံ့အားသင့်သွားလေသည်။

"အစ်ကို ချန်..."

ဤမျှ ရက်များစွာ ကြာပြီးနောက် ဤနေရာတွင် သူ့ကို ပြန်လည်ဆုံတွေ့ရမည်ဟု မထင်မှတ်ထားသဖြင့် ချူးလန်သည် ချန်ဖေးကို အံ့သြစွာ ကြည့်လိုက်သည်။ ချူးလန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလုနီးပါး ဖြစ်သွားသော်လည်း သူမ၏ လက်ရှိ အခြေအနေကို တွေးမိချိန်တွင် အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ပြေး..."

ချူးဝမ်နီယန် ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး ချူးလန်နှင့် ရွမ်ချောင်ကျွင်းတို့ကို ဦးဆောင်ကာ ရှေ့သို့ ဆက်လက် ပြေးလွှားသွားလေသည်။ အနောက်မှ လိုက်လာသူများ ရှိနေသဖြင့် ချူးဝမ်နီယန်သည် သူတို့အား ချန်ဖေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ချေ။

ချူးလန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ချန်ဖေးကို ဒုက္ခပေးမိမည်စိုးသဖြင့် နှုတ်မဆက်ရဲချေ။ သို့သော် ဤဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည်လားဟု တွေးတောရင်း ချူးလန်သည် ချန်ဖေးကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

"ရပ်လိုက်..."

ရွမ်ချောင်ကျွင်းသည် ချူးဝမ်နီယန်ကို ဆွဲဖမ်းလိုက်ပြီး ချန်ဖေးကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေ၏။

ချူးဝမ်နီယန်နှင့် ချူးလန်တို့သည် ရွမ်ချောင်ကျွင်းကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်လိုက်သော်လည်း ရွမ်ချောင်ကျွင်းက ချန်ဖေးထံ တည့်တည့်လျှောက်သွားပြီးနောက် ချန်ဖေး၏ ရှေ့တွင် ဦးညွှတ်ကာ ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရလေသည်။

"စီနီယာ့အကူအညီ လိုအပ်ပါတယ်..." ရွမ်ချောင်ကျွင်းက တိုးညှင်းစွာ ပြောလိုက်သည်။

ရှေ့ရှိ မြင်ကွင်းကြောင့် ချူးဝမ်နီယန်၏ ပါးစပ် တုန်ရီသွားပြီး အလွန်အမင်း အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားလေသည်။ ချူးလန်သည်လည်း သူမ၏ ပါးစပ်ကို အုပ်ထားပြီး ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။

ချန်ဖေးသည် ရွမ်ချောင်ကျွင်းကို အနည်းငယ် အံ့အားသင့်စွာ ငုံ့ကြည့်လိုက်သည်။ တစ်ဖက်လူသည် သူ၏ ဖုံးကွယ်ထားသော အရှိန်အဝါကို အမှန်တကယ် ထောက်လှမ်းနိုင်ခဲ့သည်မှာ သူ၏ ဝိညာဉ်အာရုံသည် အမှန်တကယ်ပင် ထက်မြက်လှပေသည်။

ချန်ဖေး၏ ချီစွမ်းအင်ကို ဖုံးကွယ်နိုင်စွမ်းသည် အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင် ရှိစဉ်ကကဲ့သို့ ပြီးပြည့်စုံမှု မရှိတော့ချေ။

ထူးခြားသော ဒွာရက ချန်ဖေး၏ ချီစွမ်းအင်ကို ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များနှင့် အဆက်မပြတ် အပြန်အလှန် သက်ရောက်မှု ရှိနေစေလေသည်။

ချန်ဖေး၏ ဝိညာဉ်စွမ်းအားသည် ဤကဲ့သို့သော အပြောင်းအလဲများကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ချေ။ နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ ခန္ဓာကိုယ် ဖိနှိပ်ခြင်း အပိုင်း အထွတ်အထိပ် အဆင့်သို့ ရောက်လျှင်ပင် အလုပ်မဖြစ်နိုင်ပေ။ နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန် နှင့် နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ်များကို အပြီးသတ် ကျင့်ကြံပြီးမှသာ ဖြစ်နိုင်ပေမည်။

"စီနီယာ... ကျွန်မတို့ လိုက်လံတိုက်ခိုက်ခံနေရလို့ပါ... တကယ်လို့ စီနီယာက ကျွန်မတို့ကို ချင်ဟိုင်မြို့ရောက်တဲ့အထိ ကာကွယ်ပေးနိုင်မယ်ဆိုရင် ကိစ္စပြီးသွားတဲ့အခါ ကောင်းကင် ရွှေကျောက်တုံး တစ်တုံးကို ပေးအပ်ဖို့ လိုလိုလားလား ရှိပါတယ်..."

ချန်ဖေးက မည်သို့မျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ရွမ်ချောင်ကျွင်းက ချန်ဖေးကို မော့ကြည့်ကာ ပြောလိုက်သည်။

ချန်ဖေး မလှုပ်မယှက် ရှိနေ၏။ ချင်ဟိုင်မြို့သည် ရှင်းဖန်မြို့နှင့် မိုင် နှစ်ရာ သို့မဟုတ် သုံးရာခန့် ကွာဝေးပြီး အထူးတလည် ဝေးကွာလှသည်တော့ မဟုတ်ချေ။ အလွန်ထက်မြက်သော သဘောသဘာဝရှိသည့် ကန်းကျင်း ရွှေ ကဲ့သို့ပင် အလွန်လေးလံသော သဘောသဘာဝရှိသည့် ကောင်းကင် ရွှေကျောက်တုံး သည်လည်း အလွန်ရှားပါးသော ဝိညာဉ်သတ္တု တစ်မျိုး ဖြစ်သည်။

အကယ်၍ ရွှေကျောက်တုံးကို ရောင်းချမည်ဆိုပါက ငွေ တစ်သိန်းခန့် အလွယ်တကူ ရရှိနိုင်ပေသည်။

အဓိက အချက်မှာ တစ်ခါတစ်ရံတွင် ငွေရှိလျှင်ပင် ဝယ်ယူရန် ခက်ခဲတတ်ပြီး အရာများစွာကို အခြား ဝိညာဉ်သတ္တုများဖြင့် ဖလှယ်ရခြင်းပင် ဖြစ်သည်။

အကယ်၍ ချန်ဖေး၏ လက်ရှိ ချန်ယွမ် ဓားတွင် ကောင်းကင် ရွှေကျောက်တုံးကို ပေါင်းစပ်လိုက်မည်ဆိုပါက ဝိညာဉ်လက်နက်တစ်ပိုင်းမှ အစစ်အမှန် ဝိညာဉ်လက်နက် အဖြစ်သို့ ပြောင်းလဲရန် အများဆုံး တစ်နှစ်ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။

ချန်ဖေး၏ မူလ အစီအစဉ်အရ ဤအလုပ်ကို ပြီးမြောက်ရန် ဖြစ်နိုင်ခြေ လေးငါးနှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။

ဝိညာဉ်လက်နက် ရှိသော ဒွာရသန့်စင်ခြင်း အဆင့်နှင့် မရှိသော သူတို့ကြား ကွာခြားချက်မှာ အလွန် ကြီးမားလွန်းလှပေသည်။

"ခင်ဗျားတို့က အရင်က နတ်တိမ် ကုန်သည်အဖွဲ့နဲ့ အတူတူ မဟုတ်ဘူးလား... နတ်တိမ် ကုန်သည်အဖွဲ့ရဲ့ အင်အားနဲ့ဆိုရင် ခင်ဗျားတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရမှာပေါ့..."

ချန်ဖေးက ချူးဝမ်နီယန်ကို လှည့်ကြည့်လိုက်ရာ ချန်ဖေးအတွက် ပဟေဠိဖြစ်စေသော အချက်ပင် ဖြစ်သည်။

နတ်တိမ် ကုန်သည်အဖွဲ့သည် အခကြေးငွေ မြင့်မားစွာ ကောက်ခံသော်လည်း လုံခြုံရေးသည် အမှန်တကယ်ပင် အာမခံချက် ရှိပေသည်။ တောင်ပေါ် ဓားပြများကဲ့သို့သော အရာများသည် နတ်တိမ် ကုန်သည်အဖွဲ့ကို ပစ်မှတ်ထားလောက်အောင် မိုက်မဲမည် မဟုတ်ချေ။ ထိုသို့လုပ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်။သူတို့က ဘာကြောင့် ရှင်းဖန်မြို့ကို ပြန်ရောက်လာရသနည်း။

ထို့ပြင် သူတို့သုံးဦးကြားရှိ ဆက်ဆံရေးကို အကဲခတ်ကြည့်ပါက ချူးဝမ်နီယန်နှင့် ချူးလန်တို့သည် ရွမ်ချောင်ကျွင်းကို လုံးလုံးလျားလျား လက်အောက်ခံနေရပုံပေါ်ပေ၏။ ယခင်က နတ်တိမ် ကုန်သည်အဖွဲ့ အတွင်းတွင် ချူးဝမ်နီယန်နှင့် ချူးလန်တို့သည် ရွမ်ချောင်ကျွင်းနှင့် မည်သည့် အဆက်အသွယ်မျှ မရှိခဲ့ချေ။

ကုန်သည်အဖွဲ့ တစ်ခုအတွင်း လူတွေက တစ်ယောက်ကို တစ်ယောက် မသိဟန်ဆောင်နေကြတာလား။

"ရှန်းယန်ဂိုဏ်း လို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့လူတွေက နတ်တိမ် ကုန်သည်အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်... ပြီးတော့ ကျွန်တော်တို့ကို လိုက်ဖမ်းတဲ့လူတွေလည်း ပေါ်လာလို့ ကျွန်တော်တို့ ထွက်ပြေးခဲ့ရတာပါ..." ချူးဝမ်နီယန်က တိုးညှင်းစွာ ပြောလိုက်သည်။

ရှန်းယန်ဂိုဏ်း လား...

ချန်ဖေး၏ စိတ်နှလုံး အနည်းငယ် လှုပ်ရှားသွား၏။ အမှန်တကယ်ပင် ရှန်းယန်ဂိုဏ်း လား၊ သို့မဟုတ် ရှန်းယန်ဂိုဏ်း ကို အပြစ်တင်ခံရအောင် လုပ်ဆောင်ခဲ့ခြင်းလော။

"မိတ်ဆွေလေး... အဲလေ စီနီယာ... ကျွန်တော်တို့ကို ချင်ဟိုင်မြို့ရောက်အောင် ကူညီပေးနိုင်မလား..."

ချူးဝမ်နီယန်သည် ရွမ်ချောင်ကျွင်းကို တစ်ချက် ကြည့်လိုက်သည်။

မယုံကြည်နိုင်စရာကိစ္စများ ပြည့်နှက်နေသော်လည်း ရွမ်ချောင်ကျွင်းအပေါ် ယုံကြည်မှုကြောင့် ချူးဝမ်နီယန်သည် ချန်ဖေးကို သတိထား၍ မေးမြန်းလိုက်လေသည်။

"ကျွန်တော် ချင်ဟိုင်မြို့ကို တစ်ခါမှ မရောက်ဖူးဘူး... ဒါပေမဲ့ အဲဒါကို ခဏထားပြီး တခြား တစ်နေရာကို အရင်သွားကြရအောင်... ဒီနေရာက မလုံခြုံဘူး..."

ချန်ဖေး စကားပြောနေစဉ် သူ၏ ညာဘက်လက်ကို ဆန့်တန်းလိုက်ရာ ရွမ်ချောင်ကျွင်း၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ချန်ဖေး၏ လက်ထဲသို့ ကျရောက်သွားလေသည်။

ရှေ့ရှိ မြင်ကွင်းကို ရွမ်ချောင်ကျွင်း အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ စွမ်းအင်များ ဖယ်ရှားခံလိုက်ရချိန်တွင် ရွမ်ချောင်ကျွင်းသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ချန်ဖေးသည် သူ၏ လက်ထဲရှိ စွမ်းအင်ကို ကြည့်လိုက်သည်။ ဤသည်မှာ ဝိညာဉ်စွမ်းအား ဖြစ်သည်။ တစ်စုံတစ်ယောက်က အလွန် ရှုပ်ထွေးသော နည်းစနစ်တစ်ခုဖြင့် ရွမ်ချောင်ကျွင်းအပေါ် အမှတ်အသားတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ ချန်ဖေး အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင် ရှိနေစဉ်ကပင် ဤကဲ့သို့ မလုပ်နိုင်ခဲ့ချေ။

အမှန်ပင် ကနဦးက ချန်ဖေးတွင် ဝိညာဉ်စွမ်းအား ကင်းမဲ့နေသောကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ နတ်အာရုံခံစားမှုပညာ မရှိသောကြောင့်သာ ဖြစ်ပေသည်။

"သွားကြရအောင်..."

ချန်ဖေး ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး လူသုံးဦးကို ထိန်းချုပ်ရန် သူ၏ မူလစွမ်းအင်ကို အသုံးပြုလိုက်ရာ သူတို့သည် လမ်းကြားထဲသို့ ပျောက်ကွယ်သွားကြလေသည်။

ခေတ္တအကြာတွင် လမ်းကြားထဲမှ ပုံရိပ်အချို့ ထွက်ပေါ်လာပြီး ရွမ်ချောင်ကျွင်း နောက်ဆုံး ပေါ်လာခဲ့သော နေရာကို အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ အမှတ်အသား၏ တည်နေရာကို အတိအကျ မရှာဖွေနိုင်သေးချေ။

"အမှတ်အသား ပျောက်သွားပြီ... ဖျက်ပစ်ခံလိုက်ရတာ သေချာတယ်..."

"ဒါကို အထက်လူကြီးတွေဆီ သတင်းပို့လိုက်..."

"ဟုတ်ကဲ့..."

စကားအနည်းငယ် ဖလှယ်ပြီးနောက် ထိုပုံရိပ်များသည် လမ်းကြားထဲသို့ ပျောက်ကွယ်သွားလေသည်။

မီတာ ရာဂဏန်းခန့် အကွာတွင် ချန်ဖေးနှင့် အခြားသုံးဦးသည် ခြံဝန်းတစ်ခုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုနေရာတွင် လူမနေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း ယခုအခါ လူအနည်းငယ် စကားပြောရန် သင့်လျော်သော နေရာတစ်ခု ဖြစ်နေပေသည်။

"ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ..." ရွမ်ချောင်ကျွင်းသည် နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး သူမ၏ စကားများတွင် လေးစားမှုများ ပြည့်နှက်နေပေ၏။

ယခုလေးတင် ပြသခဲ့သော ချန်ဖေး၏ နည်းစနစ်များအပေါ် အခြေခံ၍ သူမ ခန့်မှန်းထားသည်မှာ မမှားကြောင်း ရွမ်ချောင်ကျွင်း သိလိုက်လေသည်။ သူမ၏ ရှေ့ရှိ လူသည် အမှန်တကယ်ပင် ဒွာရသန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေ၏။

"အစ်ကို ချန်... အစ်ကို ချန်က အရိုးသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား..."

ချန်ဖေး၏ ချောမောသော ဘေးတိုက် မျက်နှာပြင်ကို ကြည့်ရင်း ချူးလန်သည် စိမ်းသက်သော ခံစားချက်ကို ရရှိလိုက်သည်။ ကုန်သည်အဖွဲ့ထဲတွင် ရှိစဉ်က ချန်ဖေး၏ ကျင့်ကြံမှုသည် အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးပြီး သူမ၏ အဘိုးကပင် အထင်သေးခဲ့သေးသည်။

ချန်ဖေးက မျက်တောင်တစ်ခတ်အတွင်း ဘယ်လိုလုပ် ဒီလောက် အံ့သြဖို့ကောင်းအောင် ဖြစ်သွားတာလဲ။

"အဲ့ဒီတုန်းက အရှိန်အဝါကို ဖုံးကွယ်ထားခဲ့တာလေ..."

ချန်ဖေးသည် ချူးလန်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ ချန်ဖေး၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ချူးလန်သည် ယခင်ကကဲ့သို့ပင် သူမ၏ တင်းမာမှု အနည်းငယ် လျော့ကျသွားသည်ကို ခံစားလိုက်ရလေသည်။

‘သေချာတာပေါ့... အစ်ကို ချန်က အရင်က အစ်ကို ချန်ပဲ... အရင်ကလိုပဲ ကောင်းတုန်းပဲ…’

ဘေးတွင် ရပ်နေသော ချူးဝမ်နီယန်သည် ချန်ဖေးအား သူ ပေးခဲ့သော အကြံဉာဏ်များကို ပြန်လည်အမှတ်ရကာ အနည်းငယ် ရှက်ရွံ့သွားလေသည်။ ထိုစကားများကို ယခု ပြန်တွေးကြည့်မိချိန်တွင် သူ အနည်းငယ် ရှက်ရွံ့မိပေ၏။

"အခြေအနေကို ရှင်းပြပေးပါ..."

ချန်ဖေး ရွမ်ချောင်ကျွင်းကို ကြည့်လိုက်သည်။ အကယ်၍ ကိစ္စများက သိပ်မရှုပ်ထွေးပါက ချင်ဟိုင်မြို့သို့ သွားရန် ချန်ဖေး မငြင်းဆန်ချေ။ မည်သို့ပင်ဆိုစေ ကောင်းကင် ရွှေကျောက်တုံး တစ်တုံးသည် အလွန် ရိုးသားသော ကမ်းလှမ်းမှု တစ်ခု ဖြစ်ပေ၏။

"ကျွန်မက ချင်ဟိုင်မြို့ ရွမ် မိသားစု ကပါ..."

မဆိုင်းမတွပင် ရွမ်ချောင်ကျွင်းက သူမ၏ အခြေအနေ တစ်ခုလုံးကို အသေးစိတ် ပြန်လည်ပြောပြလေသည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ရွမ်ချောင်ကျွင်း စကားပြောရပ်လိုက်ပြီး ချန်ဖေးကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

ချန်ဖေးသည် တိတ်ဆိတ်နေပြီး အားသာချက် အားနည်းချက်များကို တွေးတောနေလေ၏။

ရွမ်ချောင်ကျွင်း၏ အခြေအနေမှာ မရှုပ်ထွေးချေ။ အမှန်တကယ်တွင် အလွန် ရိုးရှင်းသည်ဟု ဆိုနိုင်ပေသည်။

ချင်ဟိုင်မြို့ ရွမ် မိသားစု ၏ တိုက်ရိုက်မျိုးဆက်သည် ပိုမိုကြီးမားသော အောင်မြင်မှုရရှိရန် မျှော်လင့်ချက်ဖြင့် နတ်တိမ်မြို့ တွင် ဆရာတစ်ဦးလက်အောက်၌ သိုင်းပညာများ သင်ယူနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ပါရမီ ကန့်သတ်ချက်များကြောင့် နှစ်များတစ်လျှောက် သူမ၏ ကျင့်ကြံမှုမှာ ခြင်ဆီသန့်စင်ခြင်းအဆင့် တွင်သာ ဝဲလည်နေခဲ့၏။

ရွမ်ချောင်ကျွင်း၏ အဆိုအရ သူမသည် မူလက နတ်တိမ်မြို့တွင် ဆက်လက် ကျင့်ကြံရန် မျှော်လင့်ခဲ့သော်လည်း မကြာသေးမီက သူမ၏ ဖခင်ဖြစ်သူ ရွမ် မိသားစု၏ ခေါင်းဆောင် ပြင်းထန်သော ဒဏ်ရာများဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း ချင်ဟိုင်မြို့မှ သတင်းရောက်လာခဲ့သည်။

ရွမ်ချောင်ကျွင်း၏ ဖခင်သည် သစ္စာရှိသော သူတစ်ဦး ဖြစ်သည်။ ရွမ်ချောင်ကျွင်း၏ မိခင်သည် သူမကို မွေးဖွားပြီးနောက် ကွယ်လွန်သွားခဲ့၏။ ရွမ်ချောင်ကျွင်း၏ ဖခင်သည် နောက်အိမ်ထောင် မပြုခဲ့သဖြင့် ရွမ်ချောင်ကျွင်းမှာ သူ၏ တစ်ဦးတည်းသော သမီး ဖြစ်လာခဲ့လေသည်။

ရွမ်ချောင်ကျွင်းသည် တစ်ဦးတည်းသော တိုက်ရိုက်မျိုးဆက် ဖြစ်သော်လည်း ရွမ် မိသားစု တွင် အခြားသော ဘေးအကိုင်းအခက်များ ရှိသေးသည်။ ရွမ် မိသားစု သည် ချင်ဟိုင်မြို့ တွင် တော်တော်လေး ကြီးမားသော မိသားစုကြီး ဖြစ်သဖြင့် အချို့လူများက ရွမ်ချောင်ကျွင်း ဘယ်သောအခါမျှ ပြန်မလာရန် မျှော်လင့်နေကြပေ၏။

ရွမ်ချောင်ကျွင်း ကတိပေးခဲ့သော ကောင်းကင် ရွှေကျောက်တုံး သည် ရွမ် မိသားစု ၏ ရတနာတိုက်ထဲမှ ရတနာတစ်ခု ဖြစ်သည်။ ထိုရွှေကျောက်တုံးကို ရွမ်ချောင်ကျွင်း၏ ဖခင်က ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်း ဖြစ်၏။ ရွမ် မိသားစု တစ်ခုလုံးတွင် ဤအကြောင်းကို သိရှိသည်မှာလူသုံးယောက်ထက်မပိုပေယ

ရွမ်ချောင်ကျွင်း၏ ဖခင်သည် သူ၏ မိသားစု အကျပ်အတည်းကြုံတွေ့ချိန်တွင် အစွမ်းထက်သော ဒွာရသန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အကူအညီနှင့် လဲလှယ်နိုင်ရန် ဤ ကောင်းကင် ရွှေကျောက်တုံး ကို သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ချူးဝမ်နီယန် နှင့် ချူးလန် တို့မှာမူ ရွမ်ချောင်ကျွင်း၏ သက်တော်စောင့်နှင့် အစေခံများ ဖြစ်ကြသည်။ နတ်တိမ်မြို့ တွင် ရွမ်ချောင်ကျွင်း၏ နေ့စဉ်ဘဝကို သူတို့ ဂရုစိုက်ရန် မလိုအပ်ဘဲ အဖော်အဖြစ် ပို၍ နေထိုင်ကြခြင်း ဖြစ်၏။

ချင်ဟိုင်မြို့ သို့ ပြန်လာချိန်တွင် ချူးဝမ်နီယန်နှင့် အဖော်ဖြစ်သူတို့က သဘာဝကျကျပင် လိုက်ပါလာခဲ့ကြသည်။

မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် ကုန်သည်အဖွဲ့နှင့်အတူ ခရီးသွားစဉ် တစ်ဦးကိုတစ်ဦး မသိဟန်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ခရီးစဉ် ဤမျှ ဆိုးရွားမည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြသကဲ့သို့ နတ်တိမ် ကုန်သည်အဖွဲ့ သည်လည်း ပစ်မှတ်ထားခံရမည်ဟု မထင်ထားခဲ့ကြချေ။

အကယ်၍ ရှန်းယန်ဂိုဏ်း သာ ပါဝင်ပတ်သက်မှု မရှိခဲ့လျှင် ရွမ်ချောင်ကျွင်းသည် ချင်ဟိုင်မြို့ သို့ ရောက်ရှိပြီးနောက်မှသာ အခက်အခဲများနှင့် အများဆုံး ရင်ဆိုင်ရမည် ဖြစ်သည်။

ယခုအခါ သူတို့သည် ရှင်းဖန်မြို့ သို့ ပြန်လည် ထွက်ပြေးခဲ့ရပြီး ထိုနေရာတွင်ပင် သေဆုံးသွားနိုင်ပေသည်။

ချန်ဖေးသည် ရွမ်ချောင်ကျွင်းကို မော့ကြည့်လိုက်ပြီး ချူးလန်၏ မျှော်လင့်ချက်အပြည့်ပါသော အကြည့်နှင့် ဆုံတွေ့လိုက်ရာ ချန်ဖေး ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

ရွမ် မိသားစု တွင် ထိပ်တန်း ဒွာရသန့်စင်ခြင်း အဆင့် အဖွဲ့ဝင်များ မရှိချေ။ သူတို့၏ အသန်မာဆုံးမှာ အတွင်းကလီစာသန့်စင်ခြင်း အဆင့် များ ဖြစ်သည်။ ဤတာဝန်အတွက် ငှားရမ်းထားသော လုပ်ကြံသူများသည် အတော်လေး ကျွမ်းကျင်ကြပေ၏။

သို့သော် ရွမ် မိသားစု ၏ ချမ်းသာကြွယ်ဝမှု အရဆိုလျှင် ဒွာရသန့်စင်ခြင်း အဆင့် လုပ်ကြံသူတစ်ဦးကို ငှားရမ်းရန် လုံးလုံးလျားလျား မဖြစ်နိုင်ချေ။ သူတို့ ထိုမျှလောက် ငွေကြေး မတတ်နိုင်ပေ။"ဒါဆိုလည်း ချင်ဟိုင်မြို့ကို သွားကြတာပေါ့... မင်း စကားပြန်မရုပ်သိမ်းဘူးလို့ မျှော်လင့်ပါတယ်..."

ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ဖေး သဘောတူလိုက်သည်။

ချင်ဟိုင်မြို့ သို့ ခရီးစဉ်သည် အနည်းငယ် အလျင်စလို ဖြစ်မည်ဖြစ်သော်လည်း လေးငါးရက်ခန့်သာ ကြာမည်ဟု သူ ခန့်မှန်းထားလေသည်။ ကောင်းကင် ရွှေကျောက်တုံး ကို ရရှိပြီးသည်နှင့် ချန်ဖေး၏ ဂိုဏ်းသို့ ပြန်ရန် အချိန်များစွာ ပိုကြာမည် မဟုတ်တော့ချေ။

ရက်အနည်းငယ်အတွင်း ကောင်းကင် ရွှေကျောက်တုံး တစ်တုံးကို ရရှိနိုင်သည်။ ဤအပေးအယူက လုပ်ရကျိုးနပ်ပေသည်။

"စီနီယာ့ကို အများကြီး ကျေးဇူးတင်ပါတယ်..." ရွမ်ချောင်ကျွင်းသည် ဝမ်းသာလုံးဆို့၍ မျက်ရည်ကျလာပြီး သူမ၏ နှလုံးသားပေါ်မှ ဧရာမ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားသွားသကဲ့သို့ နောက်ဆုံးတွင် ခံစားလိုက်ရလေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကို ချန်..." ချူးလန်သည် ဘေးတွင် ရပ်နေရင်း ချန်ဖေးထံ သွားရောက် ဖက်ထားချင်သော်လည်း သူမတွင် သတ္တိမရှိခဲ့ချေ။

"ကျေးဇူးတင်ပါတယ် စီနီယာ..." ချူးဝမ်နီယန် ပြုံးလိုက်သည်။ သူ၏ မြေးမ ခေါ်ဝေါ်ပုံနှင့်အတူတူပင်ခေါ်၍ မျိုးဆက်ကွာဟချက် ရှိနေသော်လည်း ယခုအချိန်တွင် ချူးဝမ်နီယန်က ဂရုမစိုက်တော့ချေ။

ယခု အရေးအကြီးဆုံးမှာ ချင်ဟိုင်မြို့ သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိရန်သာ ဖြစ်ပေ၏။

နောက်တစ်နေ့ နံနက်စောစောတွင် မြင်းလှည်းတစ်စီးသည် ရှင်းဖန်မြို့မှ ထွက်ခွာလာပြီး ချင်ဟိုင်မြို့ဆီသို့ ဦးတည်သွားလေသည်။

ချန်ဖေးသည် မြင်းလှည်းပေါ်တွင် ထိုင်ကာ ကျုံးယွမ်ဓားသိုင်း ကို အသက်သွင်းထားပြီး မူလချီစွမ်းအင်များသည် သူ၏ ပတ်ဝန်းကျင်ရှိ ဒွာရအတွင်းသို့ စီးဝင်နေလေသည်။

ချူးလန်သည် သူ၏ ဘေးတွင် ထိုင်ကာ ချစ်ခင်စွဲလမ်းနေသော အမူအရာဖြင့် ချန်ဖေးကို ငေးကြည့်နေ၏။

ချူးဝမ်နီယန်သည် ဘေးမှနေ၍ သူ၏ မြေးမဖြစ်သူ လုပ်ရပ်များကို ကြည့်ရှုနေပြီး သူ၏ မြေးမသည် အမှန်တကယ်ပင် အမြင်ကောင်းသည်ဟု တွေးတောနေလေတော့သည်။

All Chapters