← Chapters

ကောင်းကင်ပြာမဟာလမ်းစဉ်

Vol. 9 Ch. 897

ကောင်းကင်ပြာမဟာလမ်းစဉ်

Vol. 9 Ch. 897

ချင်းဆွေက ခေါင်းကိုလှည့်လိုက်ပြီး မြစ်ကမ်းနံဘေးကို ကြည့်လိုက်လေသည်။

ထိုနေရာတွင် ဧကရာဇ်တစ်ပါးရှိနေလေ၏။

ရွှမ်တုတောက်ကျွင်း…

ရွှမ်တုတောက်ကျွင်းဟု ဆို၍ မရတော့ပေ။ ရွှမ်ဟွမ်မိုးနတ်မင်းဟု ပြောရပေမည်။

လီချင်းဆွေက…

"မင်း ခန့်မှန်းမိမယ်ဆိုတာ ငါသိပြီးသားပါ…"

ဆန်းလျန်က ပြုံးလိုက်ပြီး ရွှမ်ဟွမ်ဧကရာဇ်ကို လက်ညိုးတစ်ချက်ထိုးပြလိုက်ရင်း…

"သူ ဒီရက်တွေ ချင်းဆွေဆီ ခဏခဏ လာနေတာလား…"

လီချင်းဆွေက ခေါင်းညိတ်ပြလိုက်သည်။

ဆန်းလျန်က နူးညံ့သည့်လေသံဖြင့်…

"ကျုပ်တို့က မိတ်ဆွေတွေဆိုတော့ ချင်းဆွေရဲ့ ပြဿနာက ကျွန်တော့်ရဲ့ ပြဿနာပဲပေါ့…"

လီချင်းဆွေသည် ဆန်းလျန်ကို ငေးကြည့်နေမိလေသည်။

သူမ မွေးဖွားလာပြီးကတည်းက ထိုသို့သောအပြုအမူမျိုးကို ပြုလုပ်ခဲလှလေသည်။ ထို့ကြောင့် လီချင်းဆွေ၏ အကြည့်နှင့်ရင်ဆိုင်လိုက်ရသည့်အခါ အစဉ်အမြဲတည်ငြိမ်နေလေ့ရှိသည့် ဆန်းလျန်၏နှလုံးသားမှာ လှုပ်ရှားသွားရလေသည်။

ဆန်းလျန်၏ရင်ထဲတွင် နွေဦးရာသီလေးဖြတ်သန်းသွားသလိုခံစားလိုက်ရလေသည်။

လီချင်းဆွေသည်လည်း ဆန်းလျန်ကဲ့သို့ပင် အနည်းငယ် စိတ်လှုပ်ရှားသွားမိလေသည်။

သို့သော်… သူမက ချက်ချင်းပင် အိန္ဒြေဆည်လိုက်ပြီး ခပ်အေးအေးလေသံဖြင့်…

"ဆန်းလျန်… ဒါဖြင့် မင်း သူ့ကို ငါ့အစား မောင်းထုတ်ပေးစမ်းပါ…"

ဆန်းလျန်က ပြုံးလိုက်လေသည်။

ထို့နောက် ရေပြင်ထက်မှ တာအိုတန်ခိုးဖြင့်ဖန်ဆင်းထားသည့် ရေခဲပြင်ကြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး လူသတ်လက်နက်များအလား ရွှမ်ဟွမ်မိုးနတ်မင်းအားသတ်ဖြတ်ရန် လွင့်စင်ထွက်သွားကြလေတော့သည်။

ရေခဲအပိုင်းအစများဖြစ်သော်လည်း တန်ခိုးစွမ်းအားဖြင့် ထိန်းချုပ်ထားသည့်အတွက် ပျံသန်းနေသည့်ဓားများအလား စွမ်းအားမြင့်မားလွန်းလှလေသည်။

ယွမ်စီထျန်းကျွင်း၏ ကြယ်စင်တစ်ထောင်တန်ခိုးစွမ်းအားကို တွေ့မြင်ဖူးသည့် ရွှမ်ဟွမ်မိုးနတ်မင်းအနေဖြင့် ထိုတန်ခိုးစွမ်းအားကိုအခြေခံထားသည့် ဆန်းလျန်၏ ရေခဲအပိုင်းအစများကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပါချေ။

ကောင်းကင်ထက်တွင် အဆုံးမရှိသည့်ရွှေရောင်တံတားတစ်စင်း ပေါ်လာလေသည်။

သို့သော်… ရွှေရောင်တံတားသည် နတ်တံတားတစ်စင်းဖြစ်ပြီး ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို တားဆီးထားလိုက်လေသည်။

ထို့နောက် ရွှေရောင်တံတားမှ ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

ဆန်းလျန်နှင့် ချင်းဆွေ (၂)ယောက်လုံးက ရွှေရောင်တံတားမှ တန်ခိုးစွမ်းအားများကို ကြံ့ကြံ့ခံထားပြီး ရွှမ်ဟွမ်မိုးနတ်မင်းကို ကြည့်နေကြလေသည်။

ထို့နောက် ချင်းဆွေက နည်းနည်းနောက်ဆုတ်ပေးလိုက်သည့်အခါ ဆန်းလျန်က ရွှမ်ဟွမ်မိုးနတ်မင်းကို ရင်ဆိုင်ရန်အတွက် ရှေ့သို့ တက်လိုက်လေသည်။

လောကတွင်ထပ်တန်းအဆင့် နတ်ဘုရား (၂)ပါး မမျှော်လင့်ဘဲ တွေ့ဆုံကြပြီ ဖြစ်လေသည်။

ဆန်းလျန်ကလည်း မျှော်လင့်မထားခဲ့သလို ရွှမ်တုတောက်ကျွင်းကလည်း မျှော်လင့်မထားခဲ့မိပေ။

မတော်တဆ ကြုံဆုံကြရာမှ တိုက်ပွဲတစ်ခု ဆင်နွှဲရတော့မည်။

မိုးကောင်းကင်ခုံရုံးတွင်တော့ ကျောက်စိမ်းဝိညာဉ်နန်းတော်က တစ်ချက်လှုပ်ရှားသွားလေသည်။ ထို့နောက်… မိုးကောင်းကင်ခုံရုံးအလယ်တွင် ဖန်ကူအလံ ပေါ်လာလေသည်။

ဖန်ကူအလံက ရွှမ်ဟွမ်မိုးနတ်မင်း၏နောက်ခံအင်အားဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကလည်း နောက်မဆုတ်ပေ။ သူကရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။ သူ့အတွက်တော့ လီချင်းဆွေက နောက်ခံအင်အားဖြစ်လေ၏။

ထပ်ပြီး စကားပြောစရာမရှိတော့ပေ။

ဆန်းလျန်လက်ချောင်းထိပ်များတွင် အလင်းတန်းများထွက်ပေါ်နေပြီး ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ သူ၏ ဆံနွယ်ရှည်များက လေထဲတွင် လွင့်ပျံနေလေသည်။ သူ့ပုံစံက အိပ်မက်ဆန်လွန်းသလို လက်တွေ့လည်းကျနေလေသည်။

ဆန်းလျန်၏လက်ထဲမှ ဓားဝိညာဉ်က တဖြည်းဖြည်းတောက်ပလာပြီး ကြယ်စင်များတောက်ပနေသည့် ကောင်းကင်တစ်ခုအလား ထင်မှတ်ရလေသည်။

ထို့ပြင် ဆန်းလျန်၏ ဓားဝိညာဉ်က ဥက္ကာပျံမိုးထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။ သူ၏ဓားဝိညာဉ်က မိုးကောင်းကင်ခုံရုံးတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

ရွှမ်ဟွမ်မိုးနတ်မင်းသာ ဓားအလင်းတန်းများကို ပိတ်ဆို့ထားခြင်းမရှိလျှင် မိုးကောင်းကင်ခုံရုံးသည် ဆန်းလျန်၏ ဓားချက်အောက်တွင် အမှတ်တကယ်ပင် ပြိုကွဲပျက်စီးသွားမည် ဖြစ်လေသည်။

လီချင်းဆွေက…

"မင်းရဲ့ဓားက ဘာဓားလဲ…"

ဆန်းလျန်က …

"အထက်ဘဝဂ် အောက်အသူရာအထိရောက်နိုင်တဲ့ဓားပဲ ၊ ဒါပေမယ့် အခုတော့ အထက်ဘဝဂ်ရော အောက်အသူရာရောပျောက်ဆုံးနေတယ် ၊ ဒီဓားကို ဘဝဂ်အသူရာဓားလို့ပဲ နာမည်ပေးလိုက်တော့မယ်…"

ဆန်းလျန်ပြောသကဲ့သို့ပင် ဓားအလင်းရောင်သည် အထက်ဘဝဂ် အောက်အသူရာတိုင်အောင် လင်းလက်နေလေ၏။

အထက်ဘဝဂ်သို့ထွက်ပြေးပြေး ၊ အောက်အသူရာအထိ ဆင်းပြေးပြေး ဆန်းလျန်၏ ဓားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော်… ရွှမ်ဟွမ်မိုးနတ်မင်းကလည်း ထွက်ပြေးမည့်သူတစ်ယောက် မဟုတ်ပေ။

သူ၏ခြေထောက်အောက်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင်တံတားထက်သို့ သူက ပျံသန်းပြီး တက်သွားလေသည်။ သူ၏တာအိုတန်ခိုးစွမ်းအားများသည် မရှိမှုကျေးရွာတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

ဆန်းလျန်၏ဓားဝိညာဉ်သည် ရှည်လျားသည့်လမ်းတစ်လမ်းအလား အကြောက်အလန့်မရှိ ရွှေရောင်တံတားကြီးကို ခုတ်ပိုင်းချလိုက်လေသည်။

ကျောက်တောင်ကိုထိမိသည့်ရေတံခွန်အလား ဓားဝိညာဉ်နှင့် ရွှေရောင်တံတားကြီးရိုက်ခတ်မိသွားပြီး ကောင်းကင်ထိတိုင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

ပေါက်ကွဲသံကြီးမှာ ကောင်းကင်ဘုံ (၉)ထပ်အထိ ပျံ့လွင့်လျှက်ရှိလေသည်။

ရွှမ်ဟွမ်မိုးနတ်မင်း၏ ဝတ်ရုံစသည် လေထဲတွင်လွင့်ပျံနေပြီး ထိုက်စန်းတောင်ကြီးအလား တည်ငြိမ်သည့် ရွှေရောင်တံတားကြီးပင် အနည်းငယ် တုန်ခါသွားလေသည်။

မိုးကောင်းကင်ခုံရုံးတွင်ရောက်ရှိနေကြသည့် နတ်ဘုရားများမှာ ပြင်းထန်လွန်းသည့် ဖိအားကြီးတစ်ခုကိုခံစားလိုက်ကြရလေသည်။ ထိုဖိအားကြီးမှာ ဆန်းလျန်၏ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။

ရွှမ်ဟွမ်မိုးနတ်မင်းသာ ကာကွယ်ပေးထားခြင်း မရှိလျှင် မိုးကောင်းကင်ခုံရုံး၏ အဖြစ်ဆိုးသည်ကား မတွေးရဲစရာပင်။

ဆန်းလျန်ထျန်းကျွင်းဆိုသူက အစကတည်းက တန်ခိုးစွမ်းအားမြင့်မားလွန်းသူတစ်ယောက်အဖြစ် သိရှိထားကြသည့် ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ အခြားသောနတ်ဘုရားများကတော့ ထူးခြားပြီး အံ့သြမနေတော့ပါချေ။

ဆန်းလျန်ထျန်းကျွင်း၏လက်အောက်တွင် များပြားလှစွာသော ဒဏ္ဍာရီဆန်သည့်နတ်ဘုရားများ ရှုံးနိမ့်ခဲ့ကြရသည်ပဲ မဟုတ်ပါလား။

ထိုအချိန်မှာပင် ရွှမ်ဟွမ်မိုးနတ်မင်းက…

"ကောင်းကင်ပြာမဟာတာအိုလမ်းစဉ်…"

ဟု ရေရွတ်လိုက်လေသည်။

သူ့အသံက နက်ရှိုင်းလွန်းပြီး တာအိုတရားများနှင့် ပြည့်နက်လျှက်ရှိသည်။

ရုတ်တရက်… မရှိမှုကျေးရွာတစ်ခုလုံးကို ပြာလွင်သည့်ထာဝရကောင်းကင် တစ်ခုက ဖုံးလွှမ်းသွားလေသည်။ ထို့နောက်… မယုံကြည်နိုင်လောက်သည့် နက်ရှိုင်းသည့်တန်ခိုးစွမ်းအားများသည် ဆန်းလျန်၏ ဓားဝိညာဉ်ရှိရာသို့ ဝင်ရောက်လာလေတော့သည်။

ယခုတော့ မိုးနတ်မင်းတစ်ပါး၏ တန်ခိုးစွမ်းအားကို ရွှမ်ဟွမ်မိုးနတ်မင်းက ပြသလိုက်ပြီ ဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားများက အထက်ဘဝဂ်အောက်အသူရာပျံ့နှံ့သွားပြီး ဆန်းလျန်၏ ဘဝဂ်အသူရာဓားကို ဖိနှိပ်ထားလိုက်လေ၏။

ယနေ့တွင်… သူက မိုးကောင်းကင်ခုံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သူရရှိခဲ့သည့် အကျိုးကျေးဇူးများဖြစ်သည့် တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

အပြာရောင်ကောင်းကင်ကြီးသည် ဆန်းလျန်ကို သုတ်သင်သတ်ဖြတ်တော့မည့်အလား ဖိနှိပ်ထားလေသည်။

ရွှမ်ဟွမ်မိုးနတ်မင်းက မြားတစ်စင်းအလား ထက်ရှနက်ရှိုင်းသည့်မျက်ဝန်းများဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေလေ၏။

ထိုမျက်ဝန်းများ၏ အဓိပ္ပါယ်ကို ဆန်းလျန် နားလည်လိုက်လေသည်။

"မင်းရဲ့ တန်ခိုးစွမ်းအားတွေ ဘယ်လောက်မြင့်မားပါစေ ကောင်းကင်ပြာမဟာတာအိုလမ်းစဉ်ကို အနိုင်ယူနိုင်ပါ့မလား"

ဟု ပြောနေသည့်အကြည့်မျိုးဖြစ်လေ၏။

သူ့အကြည့်က ဆန်းလျန်ကို မထီမဲ့မြင်ပြုနေသည့်ဟန် အပြည့်ဖြစ်လေသည်။

ဆန်းလျန်က စကားတစ်ခွန်းမှ မဆိုပေ။ သူတို့ (၂)ယောက်ကြားတွင် ပြောစရာစကားလည်း မရှိ။

လီချင်းဆွေက…

"မင်း မခံနိုင်တော့ရင် ငါကူတိုက်ပေးရမလား…"

ဆန်းလျန်က ခေါင်းကို ခါယမ်းလိုက်သည်။ သူ့မျက်နှာက ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်လျှက်ပင် ရှိလေသည်။

လောကတွင် လှည့်ကွက်ပေါင်းများစွာကို သူ အသုံးပြုလေ့ ရှိခဲ့လေသည်။ သို့သော်… ယခုအချိန်တွင်တော့ ထိုသို့ မဟုတ်တော့ပေ။

ဆန်းလျန်၏ ကျောပြင်ကို ငေးစိုက်ကြည့်နေသည့် ချင်းဆွေသည် ထူးဆန်းမှုတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

သူမ၏ မျက်ဝန်းထဲတွင် ဆန်းလျသည် ဗလာနယ် ၊ အချိန် ၊ သေခြင်းရှင်းခြင်း ၊ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်နှင့် အရာအားလုံးအဖြစ် ပြောင်းလဲသွားလေသည်။

ကောင်းကင်တိုင်းပြည်တံခါးပွင့်လာကာ အားလော်ဟယ်လည်း ထွက်ပေါ်လာလေသည်။

အားလော်ဟယ်၏ မျက်နှာက တည်ကြည်လေးနက်နေပြီး မုတ်ဆိတ်ဖြူများက လေထဲတွင် လွင့်နေလေသည်။

သူ့ဘေးတွင်ရပ်နေသည့် ကောင်းကင်တမာန်က…

"တစ်သောင်းမှာတစ်ယောက်မရှိတဲ့ နတ်ဘုရားတစ်ပါးပဲ…"

အားလော်ဟယ်က ခေါင်းညိတ်ပြလိုက်လေသည်။

သူ၏မျက်ဝန်းများတွင် စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေသယောင် ထင်မှတ်ရလေ၏။

ထိုအချိန်မှာပင် အနောက်ဘက်ကောင်းကင်ဘုံမှ အလင်းရောင်များတောက်ပလာပြီး မီလဲ့ကိုယ်တော်သည် ရွှီးမီစန်းတောင်ထိပ်တွင် ထိုင်နေလေသည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဗလာနယ်မဟုတ်တဲ့ အနတ္တတရား…"

ဟု ရေရွတ်လိုက်လေ၏။

အားလော်ဟယ်နှင့် မီလဲ့ကိုယ်တော် ဆန်းလျန်ကို မြင်သည့်အမြင်များက မတူညီကြပေ။

ဆန်းလျန်၏ တာအိုစွမ်းအားများမှာ အမှန်ပင် သိမြင်ရန် ထိုက်တန်လှလေသည်။ သို့သော်… နားလည်အောင် ကြိုးစားလေ နားမလည်နိုင်လေ ဖြစ်ရလေသည်။

ဆန်းလျန်၏ တာအိုစွမ်းအားများကို ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့ကသာ နားလည်နိုင်စွမ်း ရှိခဲ့ကြလေသည်။

ရွှမ်တုတောက်ကျွင်း၏ မျက်နှာက တည်ကြည်လေးနက်ပြီး မည်သည့်အခါမှ ပျော်မကျတော့မည့် ရေခဲအလား အေးစက်လျှက်ရှိသည်။ စကြာဝဠာတစ်ခုလုံး ပြိုကျလျှင်တောင်မှ အရေးစိုက်မည်မဟုတ်သည့် မျက်နှာထားမျိုး ဖြစ်လေ၏။

တိကျန်ဗောဓိသကျကတော့ တစ်ချက်မှ လှုပ်ရှားခြင်း မရှိဘဲ တည်ကြည်လေးနက်စွာဖြင့် တိုက်ပွဲကို ကြည့်နေလေသည်။သူ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်းနှင့် မာနတရားတို့ကတော့ ဖုံးကွယ်ထား၍မရဘဲ အထင်းသား ပေါ်လွင်နေလေသည်။

ဆန်းလျန်၏ လက်ဖဝါးက ဓားသွားအလား ထက်ရှလာပြီး ကောင်းကင်ပြာကို လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်လေသည်။ ထိုအခါ သူ့ကိုဖိနှိပ်ထားသည့် ကောင်းကင်ပြာသည် စုတ်ပြတ်ပျက်စီးသွားလေတော့သည်။

ထိုအချိန်မှာပင် ဆန်းလျန်၏ ဓားဝိညာဉ်အလင်းတန်းများက အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာပြီး အချိန်ကိုခွဲဖြာပြီး ခေတ်ကို နှစ်ပိုင်းခွဲလိုက်သည့်အလား ကောင်းကင်ပြာကို တစ်စစီ ဖျက်စီးပစ်လိုက်လေတော့သည်။

ကောင်းကင်ပြာပျက်စီးသွားသည့်နောက်…

ရုတ်တရက်… ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားတစ်ခု မွေးဖွားလာလေသည်။ ထိုတန်ခိုးစွမ်းအားသည် အချိန်နှင့် ကံတရားကဲ့သို့ ရွှမ်ဟွမ်မိုးနတ်မင်းရော ဆန်းလျန်ပါ ထိန်းချုပ်နိုင်စွမ်း မရှိသည့် တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။

ထိုတန်ခိုးစွမ်းအားက ရွှမ်တုတောက်ကျွင်းကိုရော ဆန်းလျန်ကိုပါ ဝါးမြိုသွားလေတော့သည်။

ထိုအခါ… သူတို့ (၂)ယောက်စလုံး ထိတ်လန့် အံ့သြသွားကြရလေတော့သည်။

***

All Chapters