မိုးကောင်းကင်မှအချိန်ကိုခိုးယူ
Vol. 9 Ch. 899
လီချင်းဆွေနှင့် ဆန်းလျန်သည် ပင်လယ်ကမ်းခြေတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလေသည်။
ပင်လယ်ရေလှိုင်းများက မည်မျှပြင်းထန်ပါစေ သူတို့ (၂)ယောက်ရှေ့တွင်တော့ အလိုလို မာန်လျှော့ကာ ဝပ်တွားသွားကြရသည်ပဲ ဖြစ်လေသည်။
ပင်လယ်ကအပြာရောင် ၊ မိုးကောင်းကင်ကလည်းအပြာရောင် ရေပြင်နှင့်ကောင်းကင် တစ်ရောင်တည်းခြယ်ထားသဖြင့် ရှုမျှော်ခင်းက အလွန်မှ လှပလွန်းလှသည်။
လီချင်းဆွေက…
"မင်းရဲ့ဂိုဏ်းတူအစ်မက အရမ်းကြိုးစားတယ်…"
ဆန်းလျန်က ပင်လယ်ရေလှိုင်းများကြားတွင် ကျင့်ကြံနေသည့် ကူးဝေေ၀၏ ပုံရိပ်ကို လှမ်းကြည့်လိုက်လေသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် သူမ မည်မျှအပင်ပန်းခံပြီး ကျင့်ကြံနေသည်ကို သိရှိနိုင်လေသည်။
ချင်းဆွေထျန်းကောင်းကင်ဘုံမှ ပင်လယ်ရေလှိုင်းများသည် သာမာန်ရေလှိုင်းများ မဟုတ်ပေ။ ထိုရေလှိုင်းများသည် ပေတစ်ထောင်ခန့်မြင့်သည့် ကျောက်ဆောင်ကြီးများကိုပင် အပိုင်းပိုင်းကွဲကြေစေလောက်အောင် ပြင်းထန်လွန်းသည့် ရေလှိုင်းများ ဖြစ်လေသည်။
ကူးဝေေ၀သည် ထိုရေလှိုင်းများကြားထဲတွင် ကျင့်ကြံနေခြင်း ဖြစ်လေ၏။
လီချင်းဆွေသာ သူမကို သင်ပြပေးထားခြင်း မရှိလျှင် သူမ မည်မျှပင် ကြိုးစားပါစေ ထိုရေလှိုင်းများ၏ဒဏ်ကိုမခံနိုင်ဘဲ တစ်စစီဖြစ်သွားမည် ဖြစ်လေသည်။
သို့သော်… ထိုသို့ ဒုက္ခခံပြီး ကျင့်ကြံနေရခြင်းက သူမအတွက် အမှန်တကယ်ပင် အကျိုးရှိလေသည်။
ကူးဝေေ၀ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ ယခင်ကထက်ဆာလျှင် အဆမတန် နက်ရှိုင်းနေသည်ကို ဆန်းလျန် သတိပြုလိုက်မိသည်။
ပင်လယ်ရေလှိုင်းများကြားတွင် ကျင့်ကြံနေခြင်းကြောင့် သူမ၏ တန်ခိုးစွမ်းအားများက ထိုမျှ နက်ရှိုင်းလာခြင်း ဖြစ်လေသည်။
သို့သော်… သူမ ကျင့်ကြံခွင့်ရသည့် အချိန်က တိုတောင်းလွန်းလှသည်။
နောက်ထပ်နှစ်ပေါင်းတစ်သောင်းခန့်သာ ကျင့်ကြံနိုင်မည်ဆိုလျှင် သူမ၏ ကျင့်ကြံမှုက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားပေလိမ့်မည်။
ထို့ကြောင့် ဆန်းလျန်က ကူးဝေေ၀ကို နှစ်ပေါင်းတစ်သောင်း အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဆန်းလျန်က လက်ဖဝါးကိုအသာဖြန့်လိုက်သည့်အခါ လက်ဖဝါးထက်တွင် အလင်းရောင်များ တောက်ပလာပြီး စည်းတံဆိပ်တစ်ခု ပေါ်လာလေသည်။
လီချင်းဆွေက ဆန်းလျန်ဘေးတွင်ရပ်နေပြီး ဆန်းလျန်ပြုလုပ်နေသည့် စည်းတံဆိပ်ကို ကြည့်နေလေသည်။ ထိုစည်းတံဆိပ်သည် အချိန်စည်းတံဆိပ်တစ်ခု ဖြစ်လေသည်။
ထိုစည်းတံဆိပ်ဖြင့် ဆန်းလျန်က မိုးကောင်းကင်မှ အချိန်နှင့်ကံကြမ္မာကိုခိုးယူနေခြင်း ဖြစ်လေသည်။
မိုးကောင်းကင်မှ နှစ်ပေါင်းတစ်သောင်း ခိုးယူနေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ လက်ချောင်းများထက်မှ အချိန်စီးကြောင်းကာ ကူးဝေေ၀ရှိရာ ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်နေလေသည်။
ကူးဝေေ၀ရှိရာနေရာတွင် နှစ်ပေါင်းတစ်သောင်းဆိုသောအချိန်သည် ရုတ်ချည်းပင် ကုန်ဆုံးသွားခဲ့လေသည်။
ဆန်းလျန် ချောင်းများဆိုးလာပြီး သွေးများအန်ချလိုက်သည်။ သွေးစက်များက မြေပြင်ထက်သို့ ကျသွားပြီး ချင်းဆွေထျန်းကောင်းကင်ဘုံတစ်ခုလုံး တုန်လှုပ်သွားကာ ပင်လယ်ရေပြင်ထက်တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာလေသည်။
ဆန်းလျန်၏ သွေးတစ်စက်ကပင် နတ်ဘုရားတောင်တစ်တောင်ကို အမှုန့်ချေပစ်နိုင်စွမ်းရှိလေရာ သွေးတစ်ပွက်အန်ချလိုက်ခြင်းကတော့ ဆိုဖွယ်ရာ မရှိတော့ပေ။
ကြောက်မက်ဖွယ်ရာ ဆူနာမီလှိုင်းလုံးကြီးများဖြစ်ပေါ်လာသည်ကိုကြည့်ခြင်းအားဖြင့် ဆန်းလျန်၏ သွေးထဲမှ တန်ခိုးစွမ်းအားများ မည်မျှ ပြင်းထန်သည်ကို ပြသနေလေသည်။
လီချင်းဆွေကတော့ မည်သည့်စကားမှ မဆိုဘဲ အရှေ့ဆီသို့သာ ကြည့်နေလေသည်။
ကူးဝေေ၀ ကျင့်ကြံနေသည့်နေရာတွင် အခြားနေရာများနှင့်မတူဘဲ နှစ်ပေါင်းတစ်သောင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ နှစ်ပေါင်းတစ်သောင်းအတွင်း ကူးဝေေ၀ မည်မျှ တိုးတက်လာသည်ကို လီချင်းဆွေ သိချင်နေမိသည်။
ဆူနာမီလှိုင်းလုံးများကြားထဲတွင် ကူးဝေေ၀၏ အသွင်းအပြင်က တစ်မူထူးခြားနေလေသည်။ ယခင်ကကဲ့သို့ နူးညံ့သည့် အသွင်အပြင် မရှိတော့ပေ။ မျက်ဝန်းများကလည်း စူးရှထက်မြက်လျှက်ရှိလေသည်။
သူမက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဆူနာမီရေလှိုင်းများကို တားဆီးထားလိုက်လေသည်။ သူမ၏တန်ခိုးစွမ်းအားများက အဆမတန် မြင့်မားလျှက်ရှိလေသည်။
သူမ၏ သွယ်လျသည့်ခန္ဓာကိုယ်လေးသည် ခွန်လွန်တောင်အလား ဧရာမလှိုင်းလုံးကြီးများကို ကြံ့ကြံ့ခံထားပြီး သူမ၏လက်ဝါးစောင်းတစ်ချက်က မျောက်မင်းစွန်းဝူခုံး၏ တင့်ဟိုင်စန်းကျန်းသံတုတ်အလား ပင်လယ်ရေလှိုင်းကြီးများကို ရိုက်ခွဲပစ်လိုက်လေသည်။
လီချင်းဆွေက သူမထံမှ အကြည့်လွှဲလိုက်ပြီး ဆန်းလျန်ကို လှည့်ကြည့်လိုက်သည်။
"အခုဆိုရင် ထိုက်ရွှီးနည်းဗျူဟာအဆင့်ကို အတော်အဆင့်မြင့်မြင့်ရောက်အောင် သူ ကျင့်ကြံနိုင်သွားခဲ့ပြီ ၊ ဒါပေမဲ့ ထိုက်ယီထျန်းရှန်းအဆင့်ကိုတော့ မရောက်သေးဘူး ၊ အဲဒါက မင်းကို ဘာမှ အကူအညီမပေးနိုင်ပါဘူး ၊ မင်းက ဘာလို့ သူ့အတွက် တာအိုလမ်းစဉ်ကို ချိုးဖျက်ပြီး နှစ်ပေါင်းတစ်သောင်း ခိုးယူပေးလိုက်ရတာလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း …
"ချင်းဆွေ ကျွန်တော့်စိတ်ကို သေသေချာချာ နားလည်နိုင်မှာ မဟုတ်ပါဘူး…"
လီချင်းဆွေ၏ ဆံနွယ်ရှည်များ လေထဲတွင် လွင့်ပျံလာပြီး မျက်ဝန်းများကလည်း စူးရှထက်မြက်လာလေသည်။
"မင်းကိုနားလည်ရအောင် ငါက မင်းကို သဘောကျနေတာမှ မဟုတ်တာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း….
"ကျွန်တော် သွားတော့မယ်…"
ဆန်းလျန်ဆိုသည်က သူ၏ ဂိုဏ်းတူအစ်မကို တွေ့ချင်သည်ဆို၍ လာတွေ့သည်။ တွေ့ရပြန်တော့လည်း သူလုပ်ချင်တာလုပ်ပြီး ထွက်ခွာသွားပြန်ပြီ ဖြစ်သည်။
ပထမတစ်ကြိမ်ဒဏ်ရာရသွားတုန်းကတော့ ချင်းဆွေနှင့် စိတ်လိုလက်ရ စကားများပြောနေပြီး ယခု ဒုတိယတစ်ကြိမ်ဒဏ်ရာရပြန်တော့ တစ်ချက်ပင် မနားဘဲ ထွက်ခွာသွားပြန်သည်။
ဆန်းလျန်ထွက်ခွာသွားသည်နှင့် လီချင်းဆွေ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဆန်းလျန်ကိုမြင်ရတိုင်း တာအိုဆရာသခင်ထိုက်ယီကို သူမ သတိရမိသည်။
ဆန်းလျန်နှင့် တာအိုဆရာသခင်ထိုက်ယီသည် လုံးဝမတူညီသည့် လူသား (၂)ယောက် ဖြစ်လေသည်။ သို့သော်… သူတို့ (၂)ယောက်သည် အလွန်မှ တူညီလွန်းလှသည်။
"ဆရာချင်းဆွေ…"
အတွေးလွန်နေဆဲ ကူးဝေေ၀၏ နူးညံ့သည့်အသံကို ကြားရသည့်အတွက် လီချင်းဆွေ အနည်းငယ် ထိတ်လန့်သွားရသည်။
လီချင်းဆွေက ကူးဝေေ၀ကို လှမ်းကြည့်လိုက်သည်။
ကူးဝေေ၀၏ပုံစံက အိပ်မက်မှ နိုးထလာသည့်အလား သူမ၏မျက်နှာထက်တွင် မရေရာမှုများဖြင့် ပြည့်နက်နေလေသည်။
လီချင်းဆွေက ညင်သာသည့်လေသံဖြင့်…
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အခုဆိုရင် နောက်တစ်ဆင့်တက်ဖို့ အခက်အခဲကို ရင်ဆိုင်ရမယ့်အချိန်ကို ရောက်နေပြီ…"
ကူးဝေေ၀မှာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တန်ခိုးစွမ်းအားများ ချက်ချင်း မြင့်တက်လာသည်ကို ခံစားနေရလေသည်။
သူမ ပင်လယ်လှိုင်းလုံးများအလယ်တွင် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံနေခဲ့ပြီး အချိန်ကိုပင် သူမ မေ့လျော့သွားခဲ့လေသည်လား။
ထို့ကြောင့် ဆူနာမီလှိုင်းလုံးများကို ခုခံကာကွယ်ထားနိုင်သည့်အထိ သူမ၏ တန်ခိုးစွမ်းအားများ ရုတ်တရက် မြင့်တက်သွားခြင်းလေလား။
ထိုအချိန်မှာပင် ပင်လယ်ရေပြင်သည် သွေးအသွင်ပြောင်းလဲသွားပြီး သွေးရောင်ပြယ်သည့်အခါ ပန်းနုရောင်သမ်းပြီး ကျန်ရစ်ခဲ့လေသည်။
ကူးဝေေ၀က…
"ဘာတွေဖြစ်ခဲ့တာလဲ ဆရာချင်းဆွေ ၊ ကျွန်မ အချိန်ဘယ်လောက်ကြာအောင်တောင် ကျင့်ကြံနေခဲ့မိတာလဲ…"
လီချင်းဆွေက ဖုံးကွယ်ထားခြင်းမရှိဘဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။
လီချင်းဆွေ စကားကို နားထောင်ပြီးသည့်နောက် ကူးဝေေ၀မှာ အတန်ကြာအံ့အားသင့်နေပြီး စကားမပြောနိုင်ဖြစ်နေရလေသည်။
နောက်ဆုံးမှ သူမက စကားတစ်ခွန်းပြောလိုက်သည်။
"ကျွန်မကိုတောင် နှုတ်မဆက်ဘဲ သူ ပြန်သွားတာပေါ့…"
လီချင်းဆွေက…
"မင်းမှာ သူ့ကို ပြောစရာတစ်ခုခု ရှိလို့လား…"
ကူးဝေေ၀ တိတ်ဆိတ်ငြိမ်သက်နေမိလေသည်။
ပြောစရာစကားများရှိနေသည့်တိုင် မပြောလိုက်ရသည်ကလည်း ကောင်းတာပါပဲလေဟု သူမ တွေးနေမိလေသည်။
လီချင်းဆွေက…
"မင်းရဲ့တန်ခိုးစွမ်းအားတွေက အခုဆိုရင် အရမ်းနက်ရှိုင်းနေပြီ ၊ လောကအလယ် ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာပဲ မင်းကိုသင်ပေးဖို့ လိုတော့တယ်…"
ကူးဝေေ၀က သူမရင်ထဲမှ ဝမ်းနည်းစိတ်များကို ထိန်းချုပ်လိုက်ရင်း….
"ကျွန်မ ကြိုးစားပါ့မယ်…"
ဟု ပြောလိုက်လေသည်။
လီချင်းဆွေက…
"မင်း မကြိုးစားလည်း ဘာမှ မဖြစ်ပါဘူး…"
လီချင်းဆွေ၏ စကားကြောင့် ကူးဝေေ၀ အံ့အားသင့်သွားရသည်။ လီချင်းဆွေဆိုလိုသည့် စကားအဓိပ္ပါယ်ကို သူမ နားမလည်ပေ။
လီချင်းဆွေကတော့ကူးဝေေ၀နားမလည်သည်ကို ရှင်းပြမနေတော့ပေ။
သူမက ရှင်းပြရန်အတွက် အလွန်ပျင်းနေသည်ကတစ်ကြောင်း ၊ စကားပြောလိုစိတ်မရှိတော့သည်က တစ်ကြောင်း ကြောင့် ရှင်းမပြတော့ခြင်း ဖြစ်လေသည်။
အမှန်တော့ ကူးဝေေ၀ မည်မျှပင် ကြိုးစားကျင့်ကြံပါစေ ဆန်းလျန်နှင့် လီချင်းဆွေကိုတော့ မည်သည့်နည်းနှင့်မှ လိုက်မီနိုင်မည် မဟုတ်ပေ။
အမှန်တရားသည် တစ်ခါတစ်ရံတွင် လက်မခံနိုင်စရာ ကောင်းလှလေသည်။ သို့သော် မည်သို့မှ မတတ်နိုင်ပေ။
ကျင့်စဉ်လမ်းအဆင့်တူညီသည့် နတ်ဘုရားများပင်လျှင် တစ်ယောက်နှင့်တစ်ယောက် အရည်အချင်း ၊ တန်ခိုးစွမ်းအားများ မတူညီကြပေ။ မြင့်သည့်သူကမြင့်မားသည် နိမ့်သည့်သူက နိမ့်ပါးသည်ပဲ ဖြစ်လေသည်။
အချို့သူများက မွေးလာကတည်းက ခပ်တုံးတုံးဖြစ်ကြပြီး အချို့သူများကတော့ မွေးလာကတည်းက အသုံးမကျကြပေ။ ဤသည်မှာ မည်သို့မှ မတတ်နိုင်သည့်အချက်ပင် ဖြစ်လေသည်။
……………
ကျောက်ဖုန်းက နတ်ဘုရားတစ်ပါးဖြစ်ချင်လှသည့်အတွက် အပြင်းအထန် ကျင့်ကြံလျှက် ရှိလေသည်။
မိုးချုပ်သည်နှင့်စတင်ကျင့်ကြံပြီး အရုဏ်တက်မှ အနားယူလေသည်။
ဆန်းလျန်က သူ့ကို ကျင့်စဉ်တစ်ခုသင်ပေးထားလေသည်။ ထိုကျင့်စဉ်က မည်မျှအစွမ်းထက်သည်ကို မသိသော်လည်း ကျောက်ဖုန်းကတော့ ကြိုးစားကျင့်ကြံလေသည်။ သူတစ်ကြိမ်ကျင့်ကြံလေ တန်ခိုးစွမ်းအားက အနည်းငယ် မြင့်တက်လာလေပဲ ဖြစ်လေ၏။
ယနေ့လည်း ကျောက်ဖုန်းက ထုံးစံအတိုင်း အရုဏ်တက်သည်အထိ ကျင့်ကြပြီးသည့်နောက် ဗေဒင်ဟောခန်းဖွင့်ရန်အတွက် ကျင့်ကြံခြင်းကို ရပ်နားလိုက်လေသည်။
သူက ဗေဒင်ဟောခန်းမဖွင့်မီ ဆန်းလျန်ကို အရင်သွားကြည့်လိုက်သည်။ ဆန်းလျန်နေသည့်အခန်းသို့ ရောက်သည့်အခါ ညီဖြစ်သူ တစ်ခုခုထူးခြားနေသည်ကို ကျောက်ဖုန်း သတိပြုလိုက်မိသည်။ ဆန်းလျန်ကိုကြည့်ရသည်မှာ အနည်းငယ် နေမကောင်းဖြစ်နေဟန် ရှိလေသည်။
အမှန်တော့ ဆန်းလျန်၏ အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး ဆန်းလျန် ဘာဖြစ်နေသည်ကို ခက်ခဲရန်မှ မည်သို့မှ မဖြစ်နိုင်သည့် ကိစ္စဖြစ်လေသည်။ ထိုက်ယီထျန်းရှန်းနတ်ဘုရားများပင်လျှင် ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။
သို့သော်… ကျောက်ဖုန်းကတော့ ဆန်းလျန် တစ်ခုခုထူးခြားနေသည်ကို ခံစားသိရှိနေလေသည်။
ကျောက်ဖုန်းက…
"မင်းကိုကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ ၊ နေမကောင်းဘူးလား…"
ဆန်းလျန်က ကျောက်ဖုန်းကို လှမ်းကြည့်လိုက်သည်။
သူက ကျောက်ဖုန်း၏ ဇာစ်မြစ်ကို အနည်းငယ်သိရှိနေပြီ ဖြစ်သည့်အတွက် ကျောက်ဖုန်းက သူ့အခြေအနေကို သိရှိနေခြင်းကို အံ့သြခြင်း မရှိတော့ပေ။
ဆန်းလျန်က…
"ငါ ဘာမှ မဖြစ်ပါဘူး ၊ မင်း ဆိုင်သွားဖွင့်တော့လေ…"
ကျောက်ဖုန်းက ဆန်းလျန်ကို သေသေချာချာ ထပ်ကြည့်လိုက်သည်။
မျက်နှာအနည်းငယ်အနီရောင်သမ်းနေသည်မှအပ မည်သည့်ထူးခြားချက်မှ မရှိသဖြင့် ဆန်းလျန် ဘာမှ မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
ကျောက်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဗေဒင်ဟောခန်းဖွင့်ရန် ပြင်ဆင်လိုက်လေသည်။
ဆန်းလျန်တို့နေထိုင်သည့်နေရာသည် ထျန်းကျယ်လမ်းတွင်တည်ရှိလေရာ ထိုလမ်းသည် ဘုရင့်နန်းတော်ရှိရာသို့ တိုက်ရိုက်ရောက်သည့် လမ်းတစ်လမ်း ဖြစ်လေ၏။
ယနေ့တွင်တော့ ဆန်းလျန်က ဗေဒင်မေးမည့်သူများကို ဆွဲဆောင်နိုင်ရန်အတွက် ဆိုင်ခန်းအဝင်တွင် စာကြောင်း (၂)ကြောင်းရေးသားထားသည့် အလံတစ်ခုကို ချိတ်ဆွဲထားလိုက်လေသည်။
ထိုအလံတွင်ရေးသားထားသည့် (၂)ကြောင်း ကဗျာမှာ…
"အမှားကအမှန်ဖြစ်သည်ဆိုလျှင်
အမှန်ကလည်း အမှားဖြစ်နေနိုင်တာပဲ"
ဟူ၍ ဖြစ်လေသည်။
***