အခန်း (၄၃၃)
Vol. 44 Ch. 433
အခန်း။ ၄၃၃
"ဘာ ဇွန်ဘီဘုရင်ဟုတ်လား။ ကျန်းကျိုးမှာ ဇွန်ဘီဘုရင်တစ်ယောက် ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။
မင်းတို့ သိထားရမှာက ဇွန်ဘီလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ဇွန်ဘီဘုရင်တစ်ယောက်တည်းကြောင့် မဟုတ်ဘူးဆိုတာပဲ။ မင်းတို့ တကယ်ပဲ သေချာစုံစမ်းစစ်ဆေးခဲ့ရဲ့လား"
"ဒါ့အပြင် အဲဒီဇွန်ဘီဘုရင်က ကျန်းပြည်နယ်ရဲ့ လီမြစ်ထဲမှာ ပိတ်မိနေခဲ့တာ မဟုတ်ဘူးလား"
အခြေစိုက်စခန်း၏ ခေါင်းဆောင်မှာ မျက်လုံးအဝိုင်းသားဖြင့် မယုံကြည်နိုင်လောက်အောင်ပင် အော်ဟစ်ပြောပြောလိုက်သည်။
အမှန်စင်စစ် လွန်ခဲ့သော နာရီဝက်ခန့်က ကျန်းကျိုး အခြေစိုက်စခန်းသည် အရေးပေါ် ထောက်လှမ်းရေးသတင်းတစ်ခုကို လက်ခံရရှိခဲ့သည်။ ၎င်းမှာ ကျန်းကျိုးမြို့မှ မိုင်
အနည်းငယ်အကွာတွင် ဇွန်ဘီလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်နေပြီး ယခုအခါ မြို့ပြဧရိယာမှ ထွက်ခွာကာ ကျန်းကျိုး အခြေစိုက်စခန်းဆီသို့ ဦးတည်ရွေ့လျားနေသည်ဟူသော သတင်းပင်။
ဤသတင်းကြောင့် အခြေစိုက်စခန်းရှိ တာဝန်ရှိသူများမှာ အထူးပင် အာရုံစိုက်လာခဲ့ကြပြီး ဤဇွန်ဘီလှိုင်းလုံးကြီး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ရှာဖွေရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ အများအပြားကို ချက်ချင်းပင် စေလွှတ်ခဲ့သည်။
ဇွန်ဘီလှိုင်းလုံးကြီး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများမှာ အမျိုးမျိုးရှိနိုင်သော်လည်း လူတိုင်းမှာ ဇွန်ဘီဘုရင်ဟူသော အချက်ကို ဗီဇအရပင် ရှောင်လွှဲကာ စဉ်းစားခဲ့ကြသည်။ အကြောင်းမှာ ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသောကြောင့်ပင်။
"တပ်မှူး... ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ဒီဇွန်ဘီလှိုင်းလုံးကြီးက တကယ်ကို ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားနေတာပါ။ ဘေးဘီကို အာရုံမရောက်ဘဲ ကျွန်တော်တို့ အခြေစိုက်စခန်းဆီကို တိုက်ရိုက် ဦးတည်လာနေပြီးတော့ စနစ်တကျ အမိန့်နာခံမှုရှိတာကိုလည်း တွေ့ရပါတယ်။ ဇွန်ဘီဘုရင်တစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကလွဲလို့ တခြားအကြောင်းပြချက်ကို ရှာမတွေ့တော့ပါဘူး"
"ဒါ့အပြင် ကျွန်တော်တို့ အကဲခတ်ရသလောက်ဆိုရင် ဒီဇွန်ဘီဘုရင်က ကျန်းပြည်နယ်က တစ်ယောက်မဟုတ်ဘဲ အသစ်ပေါ်ထွက်လာတဲ့ ဇွန်ဘီဘုရင်တစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆလို့ ရပါတယ်"
ခေါင်းဆောင်၏ မေးခွန်းထုတ်မှုကို ကြားသောအခါ အရာရှိမှာ ခက်ခဲစွာဖြင့်ပင် ပြန်ဖြေလိုက်ရသည်။
သို့သော် ထိုအရာရှိ၏ စကားများသည် တက်ရောက်လာသူ အားလုံး၏ နှလုံးသားကို အားပြင်းလှသော တူကြီးတစ်လက်ဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ အဆင့်မြင့်အရာရှိအားလုံး၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ရပြီး နဖူးပြင်ထက်တွင်လည်း ချွေးအေးများ စို့တက်လာခဲ့လေတော့သည်။
"ဒါက တကယ်ကို ဇွန်ဘီဘုရင်ပဲ"
အဆိုးရွားဆုံးအချက်မှာ ယခုပေါ်ထွက်လာသူသည် အသစ်ထွက်ပေါ်လာသည့် ဇွန်ဘီဘုရင် ဖြစ်နေခြင်းပင်။
ထိုအချိန်တွင် အစည်းအဝေးခန်းမတစ်ခုလုံးမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။ ကျန်းပြည်နယ်ရှိ ဇွန်ဘီဘုရင်၏ ဖြစ်ရပ်ကြောင့် အခြေစိုက်စခန်းကြီးများအားလုံးသည် ဇွန်ဘီဘုရင်ဆိုသည်နှင့် အလွန်အမင်း ထိတ်လန့်နေကြပြီ ဖြစ်သည်။
မည်သည့်အခြေစိုက်စခန်းမှ ကျန်းပြည်နယ်ကဲ့သို့ အဖိနှိပ်ခံရပြီး မိမိတို့ပြည်နယ်အတွင်းမှပင် ဆုတ်ခွာပေးလိုက်ရသည့် အခြေအနေမျိုးကို မလိုလားကြချေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။ အခြေစိုက်စခန်းခေါင်းဆောင်က တည်ကြည်
လေးနက်သော မျက်နှာထားဖြင့် နောက်ဆုံး၌ စကားစတင်လိုက်သည်။
"ဒီဇွန်ဘီလှိုင်းလုံးကြီးဟာ ဇွန်ဘီဘုရင်ကြောင့် ဖြစ်ပေါ်လာတာလို့ အခြေခံအားဖြင့် သတ်မှတ်
နိုင်ပြီဆိုတော့ ကျွန်တော်တို့ တုံ့ပြန်ဖို့အတွက် နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်တွေကို စဉ်းစားရပါမယ်"
"ဇွန်ဘီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဇွန်ဘီလှိုင်းလုံးကြီးဟာ ကျွန်တော်တို့ အခြေစိုက်
စခန်းဆီကို တိုက်ရိုက်ဦးတည်ပြီး လာနေတာပါ။ ဒါက သူ့နောက်ကွယ်က ဇွန်ဘီဘုရင်က ကျွန်တော်တို့ အခြေစိုက်စခန်းအပေါ် ရည်ရွယ်ချက်တစ်ခုခုရှိနေတာ ရှင်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ထိုင်ပြီး အသေခံစောင့်နေလို့တော့ လုံးဝမဖြစ်ဘူး"
ခေါင်းဆောင်၏ စကားကို ကြားရသောအခါ တက်ရောက်လာကြသည့် အဆင့်မြင့်အရာရှိများမှာ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ ခေါင်းဆောင် ပြောသည်မှာ မှန်သည်။
အဲဒီ ဇွန်ဘီဘုရင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေဦးတော့... အခုတော့ သူက အခြေစိုက်စခန်းကိုတောင် ပစ်မှတ်ထားနေပြီလေ။ တစ်ဖက်က အခြေစိုက်စခန်းကို ဖျက်ဆီးနေတာကို ဘာမှမလုပ်ဘဲ ဒီအတိုင်း ငေးကြည့်နေရမှာလား။
"တပ်မှူး ပြောတာ မှန်ပါတယ်။ ဇွန်ဘီဘုရင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီတိရစ္ဆာန်ကို ကျွန်တော်တို့ အဆုံးထိ တိုက်ထုတ်ရမယ်"
"သတိရပါဦး... ဇွန်ဘီဘုရင်ဆိုတာ အနိုင်မတိုက်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဇွန်ဘီဘုရင်တိုင်းက ကျန်းပြည်နယ်က တစ်ယောက်လို အစွမ်းထက်နေမှာ မဟုတ်ပါဘူး။ ဧကရာဇ်မြို့တော်က တစ်ယောက်ဆိုရင် မသတ်နိုင်ခင်ကတည်းက အရှင်းဖျက်ဆီးခံလိုက်ရတာပဲ မဟုတ်လား"
"မှန်တယ်... ဒီဇွန်ဘီဘုရင်က တကယ့်ကို မောက်မာလွန်းတယ်။ ကျွန်တော်တို့ အခြေစိုက်စခန်းကို ဘာမှမဟုတ်သလိုမျိုး တိုက်ရိုက် ဦးတည်လာနေတာ။ ဒီတစ်ခါတော့ ဒီကောင်ကို ပြတ်ပြတ်သားသား သင်ခန်းစာပေးရမယ်။ ကျွန်တော်တို့ ကျန်းကျိုး အခြေစိုက်စခန်းဆိုတာ ကစားစရာ မဟုတ်ကြောင်း သိစေရမယ်"
"ဇွန်ဘီလှိုင်းလုံးကြီးထဲမှာ ပါလာတဲ့ ဆင့်ကဲဇွန်ဘီ အရေအတွက်ကို ကြည့်ရင် ဒီဇွန်ဘီဘုရင်ရဲ့ အင်အားက ကျန်းပြည်နယ်က တစ်ယောက်နဲ့ ယှဉ်ရင် ဘာမှမဟုတ်လောက်ပါဘူး။ ဒါကြောင့် သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး..."
"..."
လူတိုင်းမှာ တစ်ယောက်တစ်ပေါက် ပြောဆိုလာကြပြီး ထိုဇွန်ဘီဘုရင်အပေါ် ပြင်းထန်သော ဒေါသနှင့် သတ်ဖြတ်လိုသည့် စိတ်အာရုံများဖြင့် ပြည့်နှက်နေခဲ့ကြလေတော့သည်။
လူတိုင်း စကားပြောဆိုပြီးကြသောအခါ အခြေစိုက်စခန်းခေါင်းဆောင်က ခေါင်းငြိမ့်ထောက်ခံလိုက်ပြီး ဆက်လက်၍ "ကျန်းကျိုးမှာ ဇွန်ဘီဘုရင် ပေါ်ပေါက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဧကရာဇ်မြို့တော်ဆီကို အကူအညီတောင်းခံဖို့ အစီရင်ခံစာ ပို့ပါ့မယ်"
"ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် အရင်ဆုံး ပတ်ဝန်းကျင်က မိတ်ဖက်မြို့တွေဆီကနေ အကူအညီ အရင်တောင်းရအောင်။ သူတို့က ကျွန်တော်တို့နဲ့ အနီးဆုံးမှာရှိနေတာဆိုတော့ အမြန်ဆုံး ရောက်လာနိုင်ကြလိမ့်မယ်"
"အထူးသဖြင့် ကျန်းပြည်နယ်က အခြေစိုက်စခန်းတွေက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရာမှာ ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများကြလိမ့်မယ်"
ခေါင်းဆောင်၏ ပြောကြားချက်ကို ကြားရသောအခါ တက်ရောက်လာသူ အဆင့်မြင့်အရာရှိများမှာ စိတ်သက်သာရာရသွားကြပြီး ဇွန်ဘီဘုရင်ကို ဟန့်တားနိုင်လိမ့်မည်ဟု ပိုမိုယုံကြည်မှု ရှိလာကြသည်။
အမှန်စင်စစ် ကျန်းပြည်နယ်မှ အခြေစိုက်စခန်းများသည် ကျန်းပြည်နယ်ရှိ ဇွန်ဘီဘုရင်ကြောင့် ဆုတ်ခွာပေးခဲ့ရသည်ဆိုသော်လည်း သူတို့ ရင်ဆိုင်ခဲ့ရသော ထိုမိစ္ဆာကောင်မှာ ယခု နဂါးပြည်နယ်၌ အသစ်ပေါ်ထွက်လာသော ဇွန်ဘီဘုရင်နှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အင်အားကြီးမားလွန်းလှသည်။
မကြာမီမှာပင် ကျန်းကျိုး အခြေစိုက်စခန်းထံမှ သက်ဆိုင်ရာ အကူအညီတောင်းခံစာများကို အရပ်မျက်နှာအသီးသီးရှိ အခြားအခြေစိုက်စခန်းများဆီသို့ စတင်ပေးပို့လိုက်လေတော့သည်။
ယွီဟွာ အခြေစိုက်စခန်း…
လက်ရှိတွင် နေ့မနား ညမအား ကြိုးပမ်းအားထုတ်မှုများကြောင့် အခြေစိုက်စခန်းအသစ်မှာ အပြီးသတ်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ယခင်က တောရိုင်းမြေပြင်ပေါ်၌ လွင့်စင်နေခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများအားလုံး မြို့အတွင်းသို့ ပြောင်းရွှေ့ဝင်ရောက်လာကြပြီ ဖြစ်သည်။
ဝုန်း... ဝုန်း...
မြို့တံခါးအပြင်ဘက်မှ အင်ဂျင်သံဟိန်းဟောက်မှုများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် တိုက်ပွဲဝင်ပစ္စည်းများဖြင့်ပြည့်နှက်နေသော ယာဉ်တန်းကြီးမှာ မြို့အတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာပြီး လမ်းမကြီးအတိုင်း စစ်စခန်းရှိရာသို့ ဦးတည်သွားခဲ့သည်။
ကုန်တင်ကားများပေါ်ရှိ သွေးရဲရဲသံရဲရဲ ဖြစ်နေသော သားရဲအလောင်းများကို မြင်လိုက်ရသောအခါ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ ရှေ့ဆုံးမှ ဧရာမ နွားနက်ကြီးတစ်ကောင်ကို စီးနင်းလာသော ကျောက်လင်းအား လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
"သားရဲတွေ အများကြီးပါလား ဘယ်နှကောင်တောင် သတ်ခဲ့ကြတာလဲမသိဘူး။ ကားတစ်စီး၊ နှစ်စီး... ဟော... ကားတွေအကုန်လုံးမှာ အပြည့်အသိပ်ပဲ"
"တပ်မှူးကျောက်တို့ အမဲလိုက်အဖွဲ့ ပြန်လာပြီဟေ့။ ဒီတစ်ခါလည်း သားကောင်တွေ အများကြီး ပါလာတာပဲ"
"တပ်မှူးကျောက်လို အစွမ်းထက်တဲ့သူမျိုးမှပဲ ဒီလောက်များတဲ့ သားရဲတွေကို အစုလိုက်အပြုံလိုက် အမဲလိုက်နိုင်မှာပေါ့..."
"..."
ယခုအချိန်တွင် ဤအခြေစိုက်စခန်း၌ ကျောက်လင်းကို မသိသူဟူ၍ မရှိသလောက်ပင်။ သူမသည် အခြေစိုက်စခန်း၏ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၅ ဆင့်ကဲပြောင်းလဲသူတစ်ဦးလည်း ဖြစ်သည်။
အခြေစိုက်စခန်းကို ပြန်လည်တည်ဆောက်နေစဉ်အတွင်း ကျောက်လင်းသည် ဘေးအန္တရာယ်ပေါင်းများစွာကို ဖြေရှင်းပေးခဲ့ပြီး မရေမတွက်နိုင်သော အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ခဲ့သူဖြစ်ရာ ယခုအခါ သူမမှာ တစ်မြို့လုံး၏ အားကိုးရာ အစောင့်အရှောက်နတ်ဘုရားမပမာ ဖြစ်နေတော့သည်။
စစ်စခန်းသို့ ပြန်ရောက်ရုံရှိသေးသော်လည်း ကျောက်လင်းမှာ ထိုင်ခုံ၌ပင် အပူမပေးနိုင်သေးဘဲ အရေးပေါ်အစည်းအဝေး တက်ရောက်ရန် အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။
အစည်းအဝေးခန်းမအတွင်းသို့ လျှောက်လှမ်းဝင်လာစဉ် အဆင့်မြင့်အရာရှိအားလုံးမှာ စိုးရိမ်တကြီးဖြင့် စုဝေးနေကြသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ရာ ထူးခြားနေပြီဖြစ်ကြောင်း သူမ ချက်ချင်းပင် အာရုံခံမိလိုက်သည်။
တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား။
အခြေစိုက်စခန်းခေါင်းဆောင်၏ ဘယ်ဘက်ခြမ်းရှိ ထိုင်ခုံတွင် အလျင်အမြန် ဝင်ထိုင်လိုက်ပြီးနောက် ကျောက်လင်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"တပ်မှူး... ဘာတွေဖြစ်နေတာလဲ။ ကျွန်မ အမဲလိုက်ရာက ခုလေးတင် ပြန်ရောက်တာပါ။ တစ်ခုခု အရေးကြီးတာ ဖြစ်လို့လား"
"တပ်မှူးကျောက်... ဒါကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး။ ကျန်းကျိုး အခြေစိုက်စခန်းက အကူအညီတောင်းခံစာ ပို့ထားတာပါ။ အသေးစိတ်ကို အဲဒီထဲမှာ ဖတ်ကြည့်လိုက်ပါ"
အခြေစိုက်စခန်းခေါင်းဆောင်က ခေါင်းငြိမ့်ပြရင်း ကျောက်လင်းရှေ့သို့ ဖိုင်တွဲတစ်ခုကို တွန်းပေးလိုက်သည်။
ဇွန်ဘီဘုရင်လား။
ထိုစကားလုံးကို မြင်လိုက်ရုံဖြင့် ကျောက်လင်း၏ နှလုံးသားမှာ အေးစိမ့်သွားခဲ့ပြီး ဖိုင်တွဲကို အမြန်ဆုံး ဖွင့်ဖတ်လိုက်တော့သည်။
ပေါ်ပေါက်လာသူမှာ အသစ်ထွက်ပေါ်လာသည့် ဇွန်ဘီဘုရင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရမှသာ ကျောက်လင်းသည် စိတ်သက်သာရာရသွားခဲ့သည်။
တော်သေးတယ်….လုချွမ်း မဟုတ်လို့။
"ကျွန်တော်တို့ နဂါးပြည်နယ်ကို ပြောင်းလာတာ မကြာသေးဘူး။ ဇွန်ဘီဘုရင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကိုပဲ... အခု ကျွန်တော်တို့ ဆွေးနွေးရမှာက အကူအညီပေးဖို့ လူလွှတ်သင့် မလွှတ်သင့်ဆိုတာပါပဲ"
အခြေစိုက်စခန်းခေါင်းဆောင်က သက်ပြင်းချရင်း ပြောကြားခဲ့သည်။
"ကျွန်မအမြင်အရတော့ သွားကိုသွားရပါမယ်။ အခုမှ အသစ်ပေါ်လာတဲ့ ဇွန်ဘီဘုရင်ဆိုရင် အင်အားက သိပ်မကြီးသေးတာ သေချာပါတယ်။ ဒါက သူ့ကို အမြစ်ပြတ်သုတ်သင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
ကျောက်လင်းက ခိုင်မာပြတ်သားစွာ ပြန်ဖြေလိုက်သည်။
သူမ၏ အမြင်၌မူ... လုချွမ်းကဲ့သို့သော ဇွန်ဘီဘုရင်မျိုး တစ်ယောက်တည်းရှိနေခြင်းကပင် လုံလောက်လှပြီ ဖြစ်သောကြောင့်ပင်။