← Chapters

အခန်း (၄၃၄)

Vol. 44 Ch. 434

အခန်း (၄၃၄)

Vol. 44 Ch. 434

အခန်း။ ၄၃၄

အမှန်စင်စစ် ကျောက်လင်းသည် ဇွန်ဘီမျိုးနွယ်စုကို ကိုယ်စားပြုသော လုချွမ်းနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် ယခုထက်တိုင် စဉ်းစားနေဆဲပင်။

မည်သည့်အဖွဲ့အစည်းတွင်မဆို အကြီးမားဆုံးသော တားမြစ်ချက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားခြင်းပင်။ ဇွန်ဘီဘုရင်တစ်ယောက်အနေဖြင့် တစ်မျိုးနွယ်စုလုံးကို ဦးဆောင်ရန်မှာ သဘာဝကျလှသော အထောက်အထားတစ်ရပ် ဖြစ်သည်။

အကယ်၍ နောင်တစ်ချိန်တွင် ဇွန်ဘီမျိုးနွယ်စုကို ဦးဆောင်မည့် ဇွန်ဘီဘုရင်မှာ ဧကရာဇ်

တစ်ပါး ဖြစ်လာမည်ဆိုပါက လက်ရှိ ဇွန်ဘီဘုရင်အားလုံးမှာ မင်းသားများ၏ အမွေအနှစ်ကို ဆက်ခံထားကြသူများ ဖြစ်ကြသည်။ မည်သည့်မင်းသားမဆို ထိုဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်ခွင့်ရှိသည်။

ထို့ကြောင့် ကျောက်လင်း၏ အမြင်၌မူ ယခုပေါ်ထွက်လာသော ဇွန်ဘီဘုရင်မှာ လုချွမ်းအတွက် ဇွန်ဘီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်လာရန် အဟန့်အတားတစ်ခုသာ ဖြစ်သည်။ ထိုသူ့အား အစောတလျားကပင် အမြစ်ပြတ်သုတ်သင်လိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။

ထို့အပြင် သူမ အစောပိုင်းက ပြောကြားခဲ့သည်မှာလည်း အခြေအမြစ်မရှိသည့် စကားများ မဟုတ်ပေ။ လုချွမ်းနှင့် အချိန်အတော်ကြာ ထိတွေ့ခဲ့ဖူးသဖြင့် ဇွန်ဘီဘုရင်များသည်လည်း သာမန်ဆင့်ကဲဇွန်ဘီများကဲ့သို့ပင် တဖြည်းဖြည်းနှင့်မှ သန်မာလာရသည်ကို သူမ သိရှိထားသည်။

ရန်သူသည် စတင်ပေါ်ထွက်လာချိန်တွင် အားအနည်းဆုံး အခြေအနေ၌ ရှိနေတတ်သည်။ အကယ်၍ ယခုအချိန်တွင် ပြတ်ပြတ်သားသား မဖြေရှင်းဘဲ ကြီးထွားရန် အခွင့်အလမ်းပေးလိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် လုချွမ်းကဲ့သို့ အဆင့်အတန်းမျိုးအထိ ရောက်ရှိလာနိုင်သည်။

"တပ်မှူးကျောက် ပြောတာ အတော်လေး ယုတ္တိရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ နဂါးပြည်နယ်မှာ ရှိနေကြတာဆိုတော့ အခု အကူအညီမပေးရင်လည်း တစ်နေ့မဟုတ်တစ်နေ့ ဒီဇွန်ဘီဘုရင်နဲ့ ရင်ဆိုင်ရမှာပါပဲ"

"ကျွန်တော်တို့ ကျန်းပြည်နယ်က အခြေစိုက်စခန်းတွေဟာ ဧကရာဇ်မြို့တော်ရဲ့ အစီအစဉ်နဲ့ နဂါးပြည်နယ်ကို ပြောင်းရွှေ့လာခဲ့ကြတာဆိုတော့ ကျန်းကျိုး အခြေစိုက်စခန်းလို နဂါးပြည်နယ်ရဲ့ မူလမြို့တွေကို ကျေးဇူးတင်သင့်ပါတယ်။ ကျွန်တော်တို့က နဂါးပြည်နယ်ရဲ့ အရင်းအမြစ် တော်တော်များများကိုလည်း ရယူထားကြတာဆိုတော့ ဒီအကူအညီပေးရေးလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်"

"ကျွန်တော်လည်း ချက်ချင်း အကူအညီပေးဖို့ သဘောတူပါတယ်။ ဒီဇွန်ဘီဘုရင်ရဲ့ အင်အားက သိပ်မကြီးသေးတာမို့ သတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပါပဲ..."

"..."

ထို့နောက်တွင် အကျေအလည် ဆွေးနွေးပြီးကြသောအခါ အားလုံးက ကျန်းကျိုး အခြေစိုက်စခန်းသို့ အကူအညီပေးရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ဇွန်ဘီဘုရင်မှာ ကိုင်တွယ်ရခက်ခဲသူဖြစ်သဖြင့် ဤတစ်ကြိမ်တွင် အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ ကျောက်လင်းကိုယ်တိုင် အကူအညီပေးရေးအဖွဲ့ကို ဦးဆောင်ကာ ကျန်းကျိုးသို့ သွားရောက်

မည်ဖြစ်ပြီး ထိုဇွန်ဘီဘုရင်ကို မဖြစ်မနေ သုတ်သင်ရန် ဆုံးဖြတ်လိုက်တော့သည်။

သုံးရက်တာ အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လီမြစ် အခြေစိုက်စခန်း..ဍ

ဇွန်ဘီမွေးမြူရေးစခန်း သုံးခုစလုံး၏ အခြေအနေကို လေ့လာပြီးနောက် လုချွမ်းသည် အဆင့်မြှင့်တင်ရန်အတွက် အမြုတေများကို ထပ်မံရယူရန် ဆုံးဖြတ်လိုက်သည်။

အမှတ် ၂ မွေးမြူရေးစခန်းမှာ ပြီးခဲ့သော အပတ်က အသုံးပြုထားမှုကြောင့် အင်အားအပြည့် ပြန်မရသေးသဖြင့် ယခုတစ်ကြိမ်တွင် အမှတ် ၁ နှင့် အမှတ် ၃ မွေးမြူရေးစခန်းများကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။

ယခုတစ်ကြိမ် ရရှိမည့် အရင်းအမြစ်များမှာ ဒုတိယမြောက် အဆင့် ၆ ဇွန်ဘီရုပ်သေးတစ်ကောင်ကို ဆင့်ကဲပြောင်းလဲရန်အတွက် လုံလောက်လိမ့်မည်ဟု လုချွမ်းက ခန့်မှန်းထားသည်။

စိတ်လှုပ်ရှားနေသော လုချွမ်းသည် ချက်ချင်းပင် လှုပ်ရှားမှုကို စတင်လိုက်သည်။ သူ၏ အမိန့်ပေးမှုအောက်တွင် အဆင့်မြင့် ဇွန်ဘီရုပ်သေးများသည် အဖွဲ့သုံးဖွဲ့ခွဲကာ မွေးမြူရေးစခန်း သုံးခုအတွင်းရှိ သင့်တော်သော ဆင့်ကဲဇွန်ဘီများကို ရက်စက်စွာ သုတ်သင်ရှင်းလင်းကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဇွန်ဘီမွေးမြူရေးစခန်း သုံးခုစလုံးမှ ပြင်းထန်လှသော သွေးညှီနံ့များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

အိပ်ခန်းအတွင်း၌ ကျင့်စဉ်လေ့ကျင့်နေသော ကျိရုရွှယ်သည် ထိုအနံ့ကို ရရှိသောအခါ သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်မိသည်။ ဖေဖေသည် မွေးမြူရေးစခန်းတွင် တစ်ခုခု ထပ်မံလုပ်ဆောင်နေပြန်ပြီဖြစ်ကြောင်း သူမ သိရှိလိုက်သည်။

မကြာမီမှာပင် လုချွမ်းသည် သူ၏ အမဲလိုက်ခြင်းကို အပြီးသတ်ခဲ့ပြီး အဆင့် ၅ အမြုတေများ ရရှိရန်အတွက် သူ၏ အဆင့် ၅ ဇွန်ဘီရုပ်သေးများကို ဆင့်ကဲပြောင်းလဲခြင်းလုပ်ငန်းကို စတင်ခဲ့သည်။

ဝူး... ဝူး... ဝူး...

ခဏတာအတွင်းမှာပင် ဆင့်ကဲပြောင်းလဲနေသော ဇွန်ဘီများ၏ အဆက်မပြတ် ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ ဆင့်ကဲဇွန်ဘီ အမြောက်အမြားမှာ အဆင့်တက်လှမ်းပြီးသည်နှင့် ချက်ချင်းပင် သတ်ဖြတ်ခြင်းခံရကာ လုချွမ်း၏ အဆင့် ၆ ဇွန်ဘီရုပ်သေး အောင်မြင်စေရန်အတွက် သူတို့၏ နောက်ဆုံးခွန်အားများကို အသုံးတော်ခံသွားခဲ့ကြသည်။

မကြာမီမှာပင် လုချွမ်းသည် အဆင့် ၅ အမြုတေ လေးခုကို စုဆောင်းမိသွားခဲ့သည်။

ဇွန်ဘီရုပ်သေးများ စုဝေးရောက်ရှိလာချိန်တွင် လုချွမ်းသည် ၎င်းတို့ကို တစ်လှည့်စီ ကြည့်ရှုပြီးနောက် ဒုတိယမြောက် အဆင့် ၆ ဇွန်ဘီရုပ်သေးအဖြစ် အဆင့်မြှင့်တင်မည့်သူကို ရွေးချယ်လိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လုချွမ်းသည် မီးလျှံ ၁ ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိတွင် သူ၌ မြေပြင်တိုက်ခိုက်ရေးအတွက် အလွန်အမင်း အစွမ်းထက်သော မသေနိုင်သူ ၁ ရှိနေပြီဖြစ်ရာ ဒုတိယမြောက် အဆင့် ၆ ဇွန်ဘီရုပ်သေးမှာ ကောင်းကင်ယံ၌ ပျံသန်းတိုက်ခိုက်နိုင်သူဖြစ်လျှင် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

ဇွန်ဘီရုပ်သေးများထဲတွင် ပျံသန်းနိုင်စွမ်းရှိသူများမှာ ပျံသန်းနိုင်သူ ၁ နှင့် မီးလျှံ ၁ ၊ မီးလျှံ ၂ တို့ ဖြစ်ကြသည်။

ပျံသန်းနိုင်သူ ၁ သည် ပျံသန်းမှုအရှိန်နှင့် ခံနိုင်ရည်တွင် ပိုမိုသာလွန်သော်လည်း ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ မီးလျှံ ၁ ကို မမီနိုင်ချေ။ ထို့ပြင် မီးလျှံ ၁ ၌ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လုံးဝနီးပါး ခုခံနိုင်စွမ်းရှိသော မီးဝိညာဉ်ခန္ဓာစွမ်းရည်ရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

နောက်တစ်ခဏတွင် လုချွမ်း၏ အကြည့်မှာ ရပ်တန့်သွားခဲ့ပြီး ဇွန်ဘီရုပ်သေးများထဲမှ မီးလျှံ ၁ မှာ ရှေ့သို့ တိုးထွက်လာခဲ့သည်။ ချော်ရည်ခဲများကဲ့သို့သော ၎င်း၏ခန္ဓာကိုယ်ထံမှ ပြင်းထန်လှသော မီးတောက်အလင်းနှင့် အပူရှိန်များထွက်နေခဲ့သည်။

ထို့နောက်တွင် လုချွမ်းသည် သူ၏လက်ထဲရှိ အဆင့် ၅ အမြုတေလေးခုကို မီးလျှံ ၁ ထံသို့ ပေးအပ်လိုက်သည်။

"ဝူး..."

အမြုတေများကို မျိုချလိုက်သည်နှင့် မီးလျှံ ၁ ထံမှ နားကွဲလုမတတ် ဟိန်းဟောက်သံကြီး တစ်ချက်ထွက်ပေါ်လာပြီး ၎င်း၏ ပူပြင်းလှသော ခန္ဓာကိုယ်ထံမှ စူးရှတောက်ပသည့် ကတ္တီပါနီရောင် မီးလျှံများ ပေါက်ကွဲထွက်လာခဲ့သည်။ မီးတောက်များမှာ ဟုန်ခနဲ တိုးဝှေ့ထွက်ပေါ်လာကာ တဖြဖြဖြနှင့် အဆက်မပြတ် ပေါက်ကွဲသံများ မြည်ဟီးနေပြီး မီးပွားများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့သည်။

ယခုအချိန်တွင် မီးလျှံ ၁ မှာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော မီးရှူးတိုင်ကြီးတစ်ခုအလား ထင်မှတ်ရပြီး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် အပူလှိုင်းများ၊ အလင်းတန်းများနှင့်အတူ အရပ်မျက်နှာအနှံ့သို့ လွှမ်းမိုးသွားခဲ့သည်။

အသားကိုပင် လောင်ကျွမ်းစေနိုင်လောက်သော အပူလှိုင်းများကို ခံစားလိုက်ရသဖြင့် လုချွမ်းသည် အနီးနားရှိ ဇွန်ဘီရုပ်သေးများကို နောက်သို့ အမြန်ဆုတ်ခွာရန် စေခိုင်းလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းကျိုး အခြေစိုက်စခန်း၏ ပြင်ပတွင်မူ ယမ်းငွေ့များမှာ လေထုထဲ၌ ဖုံးလွှမ်းနေပြီး လောကတစ်ခုလုံးမှာလည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။ မြို့ရှေ့ရှိ မြေပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော အလောင်းများမှာ ပြန့်ကျဲနေပြီး အသားစိုင်များနှင့် ရောနှောနေသော သွေးစက်များမှာ မြေပြင်တစ်ခုလုံးကို ငရဲခန်းတစ်ခုပမာ ဖြစ်စေခဲ့သည်။

"ဝူး... ဝူး... ဝူး..."

ဇွန်ဘီများ၏ ဟိန်းဟောက်သံမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများအလား တစ်လှိုင်းပြီးတစ်လှိုင်း တက်လိုက်ကျလိုက် ဖြစ်နေခဲ့ပြီး သိပ်သည်းလှသော ဇွန်ဘီလှိုင်းလုံးကြီးမှာ အခြေစိုက်စခန်းဆီသို့ ဆက်တိုက်ဆိုသလို တိုးဝှေ့လာနေခဲ့သည်။

"ပစ်ကြ အကုန်ပစ် သူတို့ကို မြို့နားကို အကပ်မခံနဲ့"

မြို့တံတိုင်းပေါ်တွင် စစ်သားများမှာ အစီအရီ တပ်ဖြန့်ထားကြပြီး ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ကာ အောက်ဘက်ရှိ ဇွန်ဘီလှိုင်းလုံးကြီးကို တင်းမာစွာ စောင့်ကြည့်နေကြတော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

အမိန့်ပေးသံအဆုံးတွင် လက်နက်ခလုတ်များကို ဆွဲညှစ်လိုက်ကြပြီး အချိန်အတော်ကြာ ပူပြင်းနေခဲ့သော သေနတ်ပြောင်းဝများမှ မီးလျှံများ တစ်ဖန်ပြန်လည် ပွင့်ထွက်လာခဲ့သည်။

အနီးနားရှိ စက်သေနတ်စခန်းများမှလည်း အဝတ်စုတ်ဖြဲသံကဲ့သို့ တဖြဖြဖြမြည်ဟီးလျက် မီးလျှံလျှာများကို ထွေးထုတ်နေခဲ့သည်။ ကျည်ဆန်တစ်ခုချင်းစီမှာ မိုးကာလိုက်သကဲ့သို့ ကျရောက်လာပြီး အောက်ဘက်မှ တိုးဝှေ့လာသော ဇွန်ဘီများကို ထိမှန်နေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ သာမန်ဇွန်ဘီများမှာ အစုလိုက်အပြုံလိုက် လဲပြိုသွားခဲ့ရသည်။ အချို့မှာ ဦးခေါင်းများ ပွင့်ထွက်ကာ ချက်ချင်းသေဆုံးသွားကြပြီး အချို့မှာမူ ခြေလက်များ ပြတ်တောက်ကာ မြေပြင်ပေါ်တွင် တရွတ်တိုက်တွားသွားနေကြရသည်။

ဤကဲ့သို့ သေနတ်ကျည်ဆန်များဖြင့် ပစ်ခတ်ခံနေရခြင်းကို ခံနေရသော်လည်း ဇွန်ဘီလှိုင်းလုံးကြီးအတွင်းရှိ ဆင့်ကဲဇွန်ဘီများမှာမူ တုန်လှုပ်ခြင်းမရှိကြချေ။ လျင်မြန်ဖြတ်လတ်သည့် အမျိုးအစားများသည် ဇွန်ဘီအုပ်ကြီးကြားတွင် အရှိန်အဟုန်ဖြင့် ကျွမ်းကျင်စွာ ရှောင်တိမ်းနေကြသည်။

သံချပ်ကာ အမျိုးအစားများမှာမူ ၎င်းတို့၏ သန်မာလှသော ခန္ဓာကိုယ်ကို အားကိုး၍ ကျည်ဆန်ဒဏ်ကို အံတုနေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များတွင် ကျည်ဆန်ပေါက်များ ဗလပွဖြစ်နေစေကာမူ မပြိုလဲဘဲ ဆက်လက်ရပ်တည်နေခဲ့ကြသည်။

ဤအခြေအနေမျိုးတွင် ကျန်းကျိုး အခြေစိုက်စခန်းအနေဖြင့် နောက်တန်းမှ မော်တာများနှင့် ဒုံးကျည်များကိုသာ အားကိုး၍ တိုက်ခိုက်နေရပြီး မြို့တံတိုင်းပေါ်သို့ တက်လာမည့် ဆင့်ကဲဇွန်ဘီများ၏ ထိုးစစ်ကို မနည်းဟန့်တားနေရသည်။

သို့သော် ဤသည်မှာ ခေတ္တခဏသာ ဖြစ်သည်။ ကျည်ဆန်များ ပြတ်လပ်သွားလျှင်ဖြစ်စေ သို့မဟုတ် ဇွန်ဘီဘုရင်က တိုက်ခိုက်မှုအရှိန်ကို မြှင့်တင်လိုက်လျှင်ဖြစ်စေ ကျန်းကျိုးအခြေစိုက်စခန်းအနေဖြင့် ဆင့်ကဲဇွန်ဘီများအားလုံး မြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာခြင်းကို ခုခံရန် ခဲယဉ်းသွားပေလိမ့်မည်။

ဝူး... ဝူး... ဝူး...

ထိုစဉ် အဝေးတစ်နေရာမှ ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ရဟတ်ယာဉ်အချို့သည် အဝေးမှနေ၍ မြို့တံတိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာခဲ့ကြသည်။

ရှူး... ရှူး... ရှူး

ရှေ့ဆုံးမှ ရဟတ်ယာဉ်ထံမှ စူးရှတောက်ပသော အပြာရောင် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး နောက်တစ်ခဏ၌ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် ဓားအရှိန်အဝါများမှာ ပန်းထွက်လာကာ ဇွန်ဘီလှိုင်းလုံးကြီးကို ဂျုံပင်များရိတ်သိမ်းသကဲ့သို့ ပိုင်းဖြတ်သွားခဲ့ရာ ဆင့်ကဲဇွန်ဘီ အမြောက်အမြားမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့ရသည်။

ထိုအစွမ်းထက်လှသော ဓားအရှိန်အဝါကြောင့် မြေပြင်ထက်တွင် နက်ရှိုင်းသော ကတုတ်ကျင်းကြီးများ ဖြစ်ပေါ်သွားခဲ့ပြီး ဇွန်ဘီလှိုင်းလုံးကြီး၏ ထိုးစစ်ကို ခေတ္တခဏ ရပ်တန့်သွားစေခဲ့သည်။

ကျန်းကျိုးအခြေစိုက်စခန်း၏ ဖိအားကို ယာယီအားဖြင့် လျှော့ချပေးပြီးနောက် ရဟတ်ယာဉ်အုပ်စုမှာ အခြေစိုက်စခန်း၏ လမ်းညွှန်မှုဖြင့် မြို့အတွင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ်သို့ ဦးတည်ပျံသန်းသွားခဲ့ကြသည်။

"ဟားဟား... တပ်မှူးကျောက် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ကျွန်တော် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်"

ကျန်းကျိုးအခြေစိုက်စခန်း၏ ခေါင်းဆောင်နှင့် အဆင့်မြင့်အရာရှိတစ်စုမှာ လေဆိပ်တွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြပြီး ကျောက်လင်းရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည်ကို မြငသောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆီးကြိုကာ နှုတ်ဆက်လိုက်ကြသည်။

"တပ်မှူး... ကျွန်မ ဒီကိုလာတာက တတ်နိုင်သမျှ ကူညီပေးဖို့နဲ့ ဇွန်ဘီဘုရင်ကို အစွမ်းကုန် သုတ်သင်ပေးဖို့ပါ။ ဒါပေမဲ့ ဒီတစ်ခါ ရလာမယ့် ဇွန်ဘီ အမြုတေတွေအားလုံးကိုတော့ ကျွန်မ ယူပါရစေ။ တပ်မှူး ဘယ်လိုသဘောရပါသလဲ"

လေယာဉ်ပေါ်မှ ဆင်းသက်လာရင်း ကျောက်လင်းက တည်ငြိမ်သောအပြုံးဖြင့် တိုက်ရိုက်ပင် ပြောပြောလိုက်သည်။

လုချွမ်းအနေဖြင့် ဤအမြုတေများကို အလွန်အမင်း လိုအပ်နေပုံရသဖြင့် ကျောက်လင်းသည် မကြာသေးမီကပင် အမြုတေ အမြောက်အမြားကို စုဆောင်းထားခဲ့ပြီး လုချွမ်းထံသို့ ပေးပို့ရန် အခွင့်အရေးကို ရှာဖွေနေခဲ့ခြင်းပင်။

All Chapters