အခန်း (၄၃၅)
Vol. 44 Ch. 435
အခန်း။ ၄၃၅
"ဟဲဟဲ... ဒါကတော့ ပြဿနာမရှိပါဘူး။ တပ်မှူးကျောက်က အဖွဲ့ကိုဦးဆောင်ပြီး ဒီကိုလာကူညီပေးတာကတင် ကျွန်တော့်ရဲ့ ကျန်းကျိုးအခြေစိုက်စခန်းအတွက် အတိုင်းအထက်အလွန် အားကိုးရတာပါ။
ဒါက အမြုတေအချို့ပဲဟာ။ ကျွန်တော့်ရဲ့ အခြေစိုက်စခန်းက တပ်မှူးကျောက်အတွက် အကုန်စုပေးထားပါ့မယ်။ ဒီတိုက်ပွဲပြီးတာနဲ့ အားလုံးကို တပ်မှူးကျောက်လက်ထဲ တစ်ခါတည်း အပ်နှံပေးပါ့မယ်ဗျာ"
ကျောက်လင်း၏ တောင်းဆိုချက်မှာ မျှော်လင့်မထားသည့် အခြေအနေဖြစ်နေသော်လည်း အခြားသူများက အသက်စွန့်၍ ကူညီရန် ရောက်ရှိလာကြခြင်းဖြစ်သဖြင့် အခြေစိုက်စခန်းခေါင်းဆောင်ကလည်း တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီအမြုတေတွေထက် အခြေစိုက်စခန်းရဲ့ လုံခြုံရေးက ပိုပြီးအရေးကြီးတယ်။ တကယ်လို့ တစ်ဖက်လူကသာ ငါတို့ကြုံနေရတဲ့ အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ ဒီအမြုတေတွေဆိုတာက ဘာမှအရေးမပါတော့တဲ့ အမှိုက်တွေလိုပဲ။
“ဒါဆိုရင်တော့ တပ်မှူးကြီးကို ဒုက္ခပေးရတော့မှာပဲ”
ကျောက်လင်းက ကျေနပ်စွာ ခေါင်းငြိတ်ပြလိုက်သည်။
သူမသည် ယခုအခါ ယွီဟွာ အခြေစိုက်စခန်း၏ ဒုတိယအာဏာအရှိဆုံးသူ ဖြစ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ ခရီးနှင်လာကာ ကူညီပေးရင်းနှင့်မှ တစ်ဖက်ကနေ အပိုဝင်ငွေ ရှာဖွေခြင်းမှာ ဘာမျှအကြောင်းမဟုတ်ပေ။
“တပ်မှူးကျောက်... အားလုံးလည်း ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေကြရောပေါ့။ တည်းခိုဖို့အတွက် အားလုံးစီစဉ်ထားပြီးသားပါ။ မြန်မြန်ကြွပါဦး”
တစ်စုံတစ်ခုကို တွေးမိပုံရကာ အခြေစိုက်စခန်းခေါင်းဆောင်က ပြုံးရယ်လျက် လက်ကမ်း၍ ဖိတ်ခေါ်လိုက်သည်။
“တပ်မှူးကြီး... ကျွန်မ ခုနက ရောက်လာတုန်းက အကြမ်းဖျင်း ကြည့်ခဲ့ရသလောက်ဆိုရင် ဇွန်ဘီလှိုင်းလုံးကြီးရဲ့ အတိုင်းအတာက မသေးပါဘူး။ အခြေအနေက အတော်လေး အရေးကြီးနေတာမို့ အနားယူမနေတာ အကောင်းဆုံးပါပဲ။ ကျွန်မရဲ့ အဖွဲ့ကိုအရင်ခေါ်သွားပြီး တပ်မှူးကြီးတို့ရဲ့ ဖိအားတွေကို အရင်လျှော့ချပေးပါ့မယ်”
မျှော်လင့်မထားဘဲ ကျောက်လင်းက သဘောမတူဘဲ ခေါင်းခါပြလိုက်သည်။ သူမ၏ မျက်နှာထားမှာလည်း တည်ကြည်လေးနက်နေခဲ့သည်။ ဇွန်ဘီများ မြို့ကိုဝိုင်းထားသည့် အခြေအနေကို သူမ မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ကျန်းကျိုး အခြေစိုက်စခန်းမှာ သိသိသာသာ အားနည်းချက် ရှိနေသည်မှာ ထင်ရှားနေသည်။ အကယ်၍ သူမသာ ကြားဖြတ်မကူညီခဲ့ပါက ထို ဆင့်ကဲဇွန်ဘီအုပ်စုသည် ကျန်းကျိုးအခြေစိုက်စခန်း၏ ခံစစ်ကို ဖောက်ထွက်ပြီး ရှေ့တန်းသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် တပ်မှူးကျောက်ရယ်။ ကျွန်တော် တကယ်ကို အားနာမိပါတယ်။ ရောက်ရောက်ချင်း နားတောင်မနားရသေးဘဲ ဒုက္ခပေးရတော့မှာပဲ”
ကျောက်လင်းက သူမကိုယ်တိုင် ရှေ့တန်းထွက်ပြီး ကူညီမည်ဟု ကမ်းလှမ်းလာသည်ကို ကြားလိုက်ရသောအခါ စိုးရိမ်ပူပန်နေရသော အခြေစိုက်စခန်းခေါင်းဆောင်မှာ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး ကျောက်လင်း၏လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်မိသည်။
အမှန်စင်စစ် အခြေစိုက်စခန်းခေါင်းဆောင်သည် ကျောက်လင်းနှင့် သူမ၏အဖွဲ့ ရောက်ရှိလာသည်ကို မြင်ကတည်းက မြို့တံတိုင်းပေါ်သို့ ချက်ချင်းတက်ကာ ကူညီပေးစေချင်ခဲ့ခြင်းပင်။ သို့သော် ခရီးပန်းလာကြသည့် ပထမဆုံးသော စစ်ကူအဖွဲ့ဖြစ်နေသဖြင့် ရဟတ်ယာဉ်ပေါ်မှ ဆင်းဆင်းချင်း အလုပ်ခိုင်းရန်မှာ မသင့်တော်ဘူးဟု ယူဆနေသောကြောင့် အားနာနေခဲ့ခြင်းပင်။
ယခုမူ ကျောက်လင်းကိုယ်တိုင်က တောင်းဆိုလာသဖြင့် အခြေစိုက်စခန်းခေါင်းဆောင်မှာ အလျင်အမြန်ပင် သဘောတူလိုက်လေတော့သည်။ ဤတပ်မှူးကျောက်မှာ နာမည်ကျော်ကြားသော အဆင့် ၅ ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ရာ သူမဦးဆောင်သော အဖွဲ့သာ ပါဝင်လာပါက မြို့တံတိုင်းခံစစ်မှာ များစွာပိုမိုခိုင်မာလာမည်မှာ အသေအချာပင်။
မကြာမီမှာပင် အခြေစိုက်စခန်းမှ တာဝန်ရှိသူများနှင့် နှုတ်ဆက်စကား အနည်းငယ်ပြောကြားပြီးနောက် ကျောက်လင်းသည် သူမ၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို ဦးဆောင်၍ မြို့တံတိုင်းပေါ်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းသွားခဲ့သည်။
ဝူး... ဝူး... ဝူး...
မြို့ပြင်၌မူ ဖိအားပေးနေသော ဇွန်ဘီလှိုင်းလုံးကြီးမှာ မြို့တံတိုင်းဆီသို့ အဆက်မပြတ် တိုးဝှေ့လာနေသည်။ ကျောက်လင်း အစောပိုင်းက ဓားအရှိန်အဝါဖြင့် ပိုင်းဖြတ်ထားခဲ့သော ကွက်လပ်မှာလည်း နောက်ဘက်မှ တိုးဝှေ့လာသည့် ဇွန်ဘီများဖြင့် ပြန်လည်ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
မြို့တံတိုင်းပေါ်မှ သေနတ်သံများမှာ စိပ်စိပ်သဲသဲနှင့် မပြတ်ထွက်ပေါ်နေပြီး မိုးပေါက်များအလား ကျရောက်နေသော ကျည်ဆန်များက တက်လာသမျှ ဇွန်ဘီများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေသည်။
သို့သော်လည်း ဇွန်ဘီများမှာ ရှေ့သို့သာ တိုးထွက်လာနေကြသည်။ သာမန်ဇွန်ဘီများသာမက ၎င်းတို့ကြားတွင် ဆင့်ကဲဇွန်ဘီအမြောက်အမြားလည်း ပါဝင်နေသည်။ ထိုဆင့်ကဲဇွန်ဘီ အများအပြားမှာ သာမန်သေနတ်ကျည်ဆန်များကို ဂရုမစိုက်ကြဘဲ မြို့တံတိုင်းဆီသို့ ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာနေကြသည်။
ဤသည်ကို တုံ့ပြန်ရန်အတွက် ကျန်းကျိုးအခြေစိုက်စခန်းသည် မြို့တံတိုင်းပေါ်တွင် တပ်
ဖြန့်ထားသော ဆင့်ကဲပြောင်းလဲသူများနှင့် စနိုက်ပါရိုင်ဖယ်များကို အသုံးပြုကာ ထိုအစွမ်းထက်သည့် ဆင့်ကဲဇွန်ဘီများကို ပစ်မှတ်ထား၍ သုတ်သင်နေရသည်။
ဝူး... ဝူး...
နှစ်ဖက်စလုံးမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့နေကြသည်။ အချို့သော ဆင့်ကဲဇွန်ဘီများသည် မီးလုံးများ၊ ကျောက်ခဲအပျက်အစီးများနှင့် သံမဏိလက်သည်းများကို အဝေးမှနေ၍ ပစ်လွှတ်နိုင်ကြရာ၊ ၎င်းတို့သည် ကောင်းကင်ယံကို ဖုံးလွှမ်းလျက် မြို့တံတိုင်းဆီသို့ လွင့်ပျံလာကြသည်။ မြို့တံတိုင်းပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများမှာလည်း ထိုတိုက်ခိုက်မှုများကို လေထဲတွင်ပင် ခုခံဟန့်တားရင်း အပြန်အလှန် တိုက်ခိုက်နေကြလေတော့သည်။
ကံမကောင်းစွာဖြင့်ပင် ထိုတိုက်ခိုက်မှုများမှာ တစ်စုတစ်စည်းတည်း ကျရောက်လာလွန်းလှသဖြင့် မြို့တံတိုင်းပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများအဖို့ လုံးဝဥဿုံ ခုခံဟန့်တားရန်မှာ သူတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေခဲ့သည်။
ဝုန်း...
"အား..."
မီးလုံးတစ်လုံးသည် တံတိုင်းအထက်သို့ ကျရောက်ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသော စစ်သားအချို့မှာ လွင့်စင်သွားခဲ့ရပြီး အသားစိုင်ပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အနည်းငယ်ဝေးသော နေရာတွင်မူ စစ်သားအချို့မှာ မီးလျှံများအတွင်း ပိတ်မိသွားခဲ့ပြီး ခဏချင်းမှာပင် လူသားမီးရှူးတိုင်များအဖြစ် ပြောင်းလဲကာ တံတိုင်းပေါ်တွင် အလူးအလဲအော်ဟစ်ရင်း ရုန်းကန်နေကြရသည်။
တစ်ချိန်တည်းမှာပင် အချို့သောစစ်သားများသည် လွင့်ပျံလာသော ကျောက်ခဲများနှင့် သံမဏိလက်သည်းများ ထိမှန်ကာ ခန္ဓာကိုယ်များမှာ သွေးအိုင်ထဲတွင် ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။ သံမဏိလက်သည်း ထိမှန်သူများ၏ ခန္ဓာကိုယ်တွင် ပန်းကန်လုံးခန့်ရှိသော သွေးပေါက်ကြီးများ ချက်ချင်းပေါ်ပေါက်လာပြီး နေရာမှာတင် လဲကျကာ သေဆုံးသွားခဲ့ကြသည်။
ထိုအချိန်တွင် ကျောက်လင်းနှင့် အခြားသူများသည်လည်း အပေါ်သို့ အရှိန်အဟုန်ဖြင့် တက်လာခဲ့ကြသည်။
ရှူး... ရှူး... ရှူး...
"အားလုံးပဲ အတိုက်အခိုက်တွေကို ကြားဖြတ်ဟန့်တားကြ။ တံတိုင်းပေါ်ကို အကျမခံစေနဲ့"
အခြေအနေကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာမှာ အေးစိမ့်သွားခဲ့သည်။ သူမသည် နောက်လိုက်တပည့်များကို ဦးစွာညွှန်ကြားလိုက်ပြီးနောက် ခါးမှ သတ္တုစပ်စစ်ဓားကို ဆွဲထုတ်လိုက်ရာ ဝိညာဉ်အလင်းတန်းများ လျှပ်ခနဲလက်သွားပြီး တောက်ပထက်ရှလှသော ဓားအရှိန်အဝါပေါင်းများစွာ အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဓားအရှိန်အဝါများ၏ ဖျက်ဆီးမှုအောက်၌ ရှေ့ဆုံးမှ ဆင့်ကဲဇွန်ဘီ အများစုမှာ လွင့်စင်နေသော အသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သွေးမြူများမှာလည်း အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းသွားခဲ့သည်။ မြေပြင်ထက်တွင်လည်း နက်ရှိုင်းသော ချောက်ကမ္ဘာသဖွယ် ဓားရာကြီးပေါင်းများစွာ ထပ်မံပေါ်ပေါက်လာခဲ့သည်။
"လှုပ်ရှားကြစို့"
တစ်ချိန်တည်းမှာပင် သူမ၏ နောက်လိုက်တပည့်များကလည်း ပြင်းထန်စွာ ဟစ်အော်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ စွမ်းရည်များကို ထုတ်ဖော်ပြသကာ ကျန်းကျိုးအခြေစိုက်စခန်းမှ စစ်သားများအတွက် လွင့်ပျံလာသော တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားပေးကြတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး တိုက်ပွဲမှာ ညနေစောင်းတိုင်အောင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ထို့နောက်တွင်မှ ဇွန်ဘီလှိုင်းလုံးကြီးမှာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့သည်။
ကျောက်လင်း၏ ဦးဆောင်မှုနှင့် သူမ၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့၏ ကူညီပံ့ပိုးမှုကြောင့် ကျန်းကျိုးအခြေစိုက်စခန်းအပေါ် ကျရောက်နေသော ဖိအားများမှာ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။
သို့သော်လည်း ဇွန်ဘီလှိုင်းလုံးကြီး၏ အရေအတွက်မှာ အလွန်အမင်း များပြားလွန်းသေးသည်။ ဤတစ်ကြိမ် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သော်လည်း အခြေစိုက်စခန်းဘက်မှ စစ်သည်တစ်ရာကျော် သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပြီး ဇွန်ဘီဘုရင်ကို မဖြေရှင်းနိုင်ပါက ကျန်းကျိုးအခြေစိုက်စခန်းမှာ ပြင်းထန်သော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အဆုံးစွန်၌ မြို့ပျက်သုဉ်းသည်အထိ ဖြစ်သွားနိုင်သည်။
အတိုင်းအဆမရှိလှသော ဇွန်ဘီလှိုင်းလုံးကြီးမှာ ကျန်းကျိုးအခြေစိုက်စခန်း၏ ရှေ့မှောက်၌ သမုဒ္ဒရာကြီးတစ်ခုအလား တပ်စွဲထားဆဲပင်။ ဇွန်ဘီအုပ်ကြီး၏ အလယ်ဗဟိုတွင်မူ အဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲဇွန်ဘီ အမြောက်အမြားက အခိုင်အမာ ဝန်းရံစောင့်ကြပ်ထားကြသည်။
လူသားပုံသဏ္ဌာန်နှင့် ဆင်တူလှသော ထူးခြားသည့် ဇွန်ဘီတစ်ကောင်သည် အဆင့် ၄ သံချပ်ကာအမျိုးအစားဇွန်ဘီနှစ်ကောင်၏ ကြားမှနေ၍ မြို့တံတိုင်းဆီသို့ အကဲခတ်ကြည့်ရှုနေခဲ့သည်။ ၎င်း၏ မျက်ဝန်းများထဲတွင် အသိဉာဏ်ရှိသော အရိပ်အယောင်များ လျှပ်ခနဲ လက်သွားခဲ့သည်။
...
အခြေစိုက်စခန်း၊ အစည်းအဝေးခန်းမအတွင်း
ကျောက်လင်းသည် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေဆဲဖြစ်သည့်တိုင် မြို့တံတိုင်းပေါ်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမသည် ကျန်းကျိုးအခြေစိုက်စခန်း ခေါင်းဆောင်၏ ဘယ်ဘက်ခြမ်းတွင် ဝင်ထိုင်လိုက်ပြီးနောက် အားလုံးကို ကြည့်ကာ အကြံပြုလိုက်သည်။
"ဇွန်ဘီလှိုင်းလုံးကြီးက အင်မတန် ကြီးမားလွန်းပါတယ်။ ကျွန်မတို့ ဒီအတိုင်းဆိုရင် အင်အားကုန်ခမ်းပြီး သေဆုံးရမယ့် အန္တရာယ်ရှိတယ်။ ရန်သူကို နှိမ်နင်းဖို့ဆိုရင် ခေါင်းဆောင်ကို အရင်
ဖမ်းရမယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဇွန်ဘီဘုရင်ကို တိုက်ရိုက်သုတ်သင်မယ့် ခေါင်းဖြတ်စစ်ဆင်ရေးကို လုပ်ဆောင်ဖို့ ကျွန်မ အကြံပြုပါတယ်"
"တပ်မှူးကျောက်... ဒါက မဖြစ်နိုင်ပါဘူး။ ကျန်းပြည်နယ်က ဇွန်ဘီဘုရင်လိုပဲ ဒီကောင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတဲ့နေရာမှာ အရမ်းကျွမ်းကျင်ပါတယ်။ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ သူက သေချာပေါက် ပုန်းနေမှာပဲ။ ကျွန်မတို့ကို အခွင့်အရေးပေးမှာ မဟုတ်ဘူး"
တစ်စုံတစ်ယောက်က ကန့်ကွက်သည့်အနေဖြင့် အလျင်အမြန် ခေါင်းခါပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်လင်းမှာ စိတ်ပျက်အားလျော့ခြင်း မရှိပေ။ လုချွမ်းနှင့် ပတ်သက်သည့် အခြေအနေကို သူမက မည်သူ့ထက်မဆို ပို၍သိထားသည်။ လူသားတစ်
ယောက်လို အသိစိတ်ရှိနေခြင်းမှာ သာမန်ဇွန်ဘီဘုရင်များ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။ ထို့ပြင် လုချွမ်းကို သတ်ရန်ခက်ခဲရခြင်းမှာ ချီချီလေး၏ ကူညီမှုများကြောင့်လည်း ပါဝင်သည်။
ထို့ကြောင့် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ဆိုပါက ဤခေါင်းဖြတ်စစ်ဆင်ရေးမှာ သေချာပေါက် အောင်မြင်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။
"ဒါက ကျွန်မရဲ့ အဆိုပြုချက်ဖြစ်တဲ့အတွက် သေချာပေါက် ကျွန်မကိုယ်တိုင်ပဲ လှုပ်ရှားမှာပါ။ ကျွန်မအနေနဲ့ စစ်တပ်ရဲ့ ကတိသစ္စာကိုတောင် ပြုရဲပါတယ်။ ဒီတစ်ခါတော့ ဇွန်ဘီဘုရင်ကို သေချာပေါက် အမြစ်ပြတ် သုတ်သင်ပြပါ့မယ်"
ကျောက်လင်းသည် မတ်တတ်ရပ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ အကယ်၍ ဤအစီအစဉ် အောင်မြင်သွားပါက သူမသည် လူသားထု၏ ခေါင်းဆောင်မှုနေရာသို့ ရောက်ရှိရန် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားမည်ပင်။