အခန်း (၄၃၆)
Vol. 44 Ch. 436
အခန်း။ ၄၃၆
ကျောက်လင်းက ရုတ်တရက် စစ်တပ်၏ ကတိသစ္စာကို ပြုလိုက်သောအခါ တက်ရောက်လာကြသည့် အခြေစိုက်စခန်းအသီးသီးမှ အဆင့်မြင့်အရာရှိများ၏ မျက်နှာများမှာ ပြောင်းလဲသွားခဲ့ပြီး အစောပိုင်းက ကန့်ကွက်ခဲ့သူများမှာမူ အထူးပင် မျက်နှာပျက်သွားကြသည်။
အဝေးကြီးမှနေ၍ ကူညီရန် ရောက်ရှိလာသော ကျောက်လင်းမှာ ဇွန်ဘီဘုရင်ကို နှိမ်နင်းရန် အကြောက်အလန့်မရှိဘဲ ကတိသစ္စာပြုရဲသည့် သတ္တိရှိနေသော်လည်း ဤနေရာမှ လူများမှာမူ စိုးရိမ်စိတ်ဖြင့် တုံ့ဆိုင်းနေကြပြီး ကျောက်လင်း၏ အဆိုပြုချက်ကိုပင် ကန့်ကွက်နေခဲ့ကြသည်။
သို့သော်လည်း ဇွန်ဘီဘုရင်ကို သုတ်သင်ရမည့် တာဝန်မှာ အလွန်ပင် အန္တရာယ်ကြီးမားသည်။ ကူညီရန် သီးသန့်ရောက်ရှိလာသော ကျောက်လင်းကို ထိုကဲ့သို့ စွန့်စားရမည့် စစ်ဆင်ရေးမျိုး လုပ်ဆောင်ခိုင်းရန်မှာလည်း ယုတ္တိမရှိသကဲ့သို့ ဖြစ်နေသည်။
အခြေစိုက်စခန်းခေါင်းဆောင်သည် ကျောက်လင်းကို တားမြစ်ရန် လက်ကမ်းလိုက်ပြီး သာယာသောအပြုံးဖြင့် ပြောလိုက်သည်။
"တပ်မှူးကျောက်... မလောပါနဲ့ဦး။ ခေါင်းဖြတ်စစ်ဆင်ရေးဆိုတာ တကယ်တော့ အမြစ်ပြတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ဒီတာဝန်က အန္တရာယ် အရမ်းများလွန်းပါတယ်။ ကျွန်တော်တို့ အခြေစိုက်စခန်းအနေနဲ့ တပ်မှူးကို ဒီလိုစွန့်စားရမယ့် အလုပ်မျိုး ဘယ်လိုလုပ် ခိုင်းရက်ပါ့မလဲ"
တပ်မှူးကျောက်သည် ကျန်းကျိုးအခြေစိုက်စခန်း၏ အကျပ်အတည်းကို ရိုးသားစွာ ကူညီရန် ရောက်ရှိလာသူ ဖြစ်သည်။ အကယ်၍ ယွီဟွာ အခြေစိုက်စခန်းကသာ ကျောက်လင်းကို ဤကဲ့သို့ အန္တရာယ်တွင်းထဲသို့ လွှတ်လိုက်သည်ဟု သိသွားပါက သူတို့ အလွန်အမင်း ဒေါသထွက်ကြပေလိမ့်မည်။
သူတို့ကိုယ်တိုင် ကျန်းကျိုးအခြေစိုက်စခန်းသို့ လာရောက်၍ ရှင်းလင်းချက် မတောင်းဆိုလျှင်တောင်မှ ဧကရာဇ်မြို့တော်ထံသို့ တိုင်ကြားကြပေလိမ့်မည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက သူတို့အခြေစိုက်စခန်း၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားမည်ဖြစ်ပြီး နောင်တွင် အကျပ်အတည်းဖြစ်လာပါက မည်သည့်အခြေစိုက်စခန်းကမှ လာရောက်ကူညီရဲတော့မည် မဟုတ်ပေ။
ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် ကျောက်လင်းမှာ ဖြည်းညှင်းစွာ ပြန်လည်ထိုင်လိုက်သော်လည်း သူမ၏ စိတ်ပိုင်းဖြတ်မှုမှာမူ ယိမ်းယိုင်ခြင်းမရှိပေ။
ကျန်းကျိုးအခြေစိုက်စခန်း၏ လက်ရှိအခြေအနေနှင့် ဤဇွန်ဘီလှိုင်းလုံးကြီးကို ဖြေရှင်းရန်မှာ မည်မျှကြာမည်မှန်း မသိနိုင်သလို နောက်ဆုံးတွင် ကျရှုံးသွားပြီး အခြေစိုက်စခန်းတစ်ခုလုံး အသိမ်းခံရမည့် အခြေအနေသို့ပင် ဆိုက်ရောက်သွားနိုင်သည်။
သို့သော်လည်း ဇွန်ဘီလှိုင်းလုံးကြီး၏ အရင်းအမြစ်ဖြစ်သော ဇွန်ဘီဘုရင်ကိုသာ စောစောစီးစီး ကိုင်တွယ်နိုင်မည်ဆိုပါက မည်သို့မျှ တားဆီး၍မရနိုင်ဘူးဟု ထင်ရသော ဤဇွန်ဘီအုပ်ကြီးမှာ အလိုအလျောက်ပင် ပြိုကွဲသွားမည် ဖြစ်သည်။
ထို့အပြင် သူမ၏ ဤစစ်ဆင်ရေးမှာ ကျန်းကျိုးအခြေစိုက်စခန်း၏ အကျပ်အတည်းကို ဖြေရှင်းပေးရန်သာမက နောင်တစ်ချိန်တွင် လုချွမ်း၏ လမ်းခရီး၌ ရှိနေမည့် အနှောင့်အယှက်များကိုပါ ဖယ်ရှားပေးရန်လည်း ရည်ရွယ်ထားခြင်းပင်။
ဘယ်သူက လုချွမ်းကို ယှဉ်နိုင်မှာလဲ။
"တပ်မှူးကျောက်... ဇွန်ဘီဘုရင်ဆိုတာ ဇွန်ဘီလှိုင်းလုံးကြီးထဲမှာ ပုန်းအောင်းနေတာပါ။ သူ့ကို ရှာဖွေပြီး သတ်ဖြတ်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲပြီး အလွန်အမင်းလည်း အန္တရာယ်များပါတယ်။ တခြားအခြေစိုက်စခန်းတွေ ဒါမှမဟုတ် ဧကရာဇ်မြို့တော်ဆီက စစ်ကူတွေရောက်လာတဲ့အထိ စောင့်ပြီးမှ ဒီ ခေါင်းဖြတ်စစ်ဆင်ရေးကို လုပ်မယ်ဆိုရင် ပိုပြီးတော့ ဘေးကင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်"
အခြေစိုက်စခန်းခေါင်းဆောင်က အလေးအနက် တိုက်တွန်းပြောဆို လိုက်သည်။
"တပ်မှူးကြီး... အချိန်က ဘယ်သူ့ကိုမှ စောင့်မနေပါဘူး။ အခုရှိနေတဲ့ ဇွန်ဘီလှိုင်းလုံးကြီးကိုတောင် အခြေစိုက်စခန်းအနေနဲ့ တောင့်ခံဖို့ တော်တော်လေး ခက်ခဲနေပြီပဲ။ အချိန်ထပ်ဆွဲနေမယ်ဆိုရင် အခြေစိုက်စခန်းက ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ကျွန်မက အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ပါ။ ဒီဇွန်ဘီအုပ်ထဲမှာ အဆင့် ၅ ဆင့်ကဲဇွန်ဘီသာ မရှိဘူးဆိုရင် သူတို့ ကျွန်မကို တားဆီးနိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ကျောက်လင်းက ခေါင်းခါပြရင်း ပြတ်သားစွာ ပြန်လည်ပြောဆို လိုက်သည်။
တခြားအခြေစိုက်စခန်းတွေဆီက စစ်ကူတွေ ဟုတ်လား။ ဟက်... သူတို့ ဘယ်တော့ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဧကရာဇ်မြို့တော်ကလည်း အခုထက်ထိ ဘာတုံ့ပြန်မှုမှ မရှိသေးဘူးလေ။
"ဒါကတော့..."
ကျောက်လင်း၏ စကားကို ကြားရသောအခါ အခြေစိုက်စခန်းခေါင်းဆောင် အပါအဝင် တက်ရောက်လာသည့် အဆင့်မြင့်အရာရှိများမှာ တုံ့ဆိုင်းသွားကြသည်။ လက်ရှိ တိုက်ပွဲအခြေအနေကို သူတို့ ကောင်းကောင်းသိရှိထားကြပြီး တပ်မှူးကျောက် ပြောသည်မှာလည်း လုံးဝ ယုတ္တိမရှိသည်တော့ မဟုတ်ပေ။ အကယ်၍ အခြေစိုက်စခန်းသာ အဖောက်ခံရပါက အကျိုးဆက်မှာ မည်သို့မျှ မှန်းဆ၍ မရနိုင်လောက်အောင် ဆိုးရွားပေလိမ့်မည်။
နောက်ဆုံးတွင် ကျောက်လင်း၏ ခိုင်မာသော တောင်းဆိုမှုကြောင့် ကျန်းကျိုးအခြေစိုက်စခန်းသည် လာမည့် ခေါင်းဖြတ်စစ်ဆင်ရေးတွင် အစွမ်းကုန် ပံ့ပိုးကူညီပေးရန် သဘောတူလိုက်လေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် နေမင်းမှာ အရှေ့ဘက်မှ ထွက်ပေါ်လာကာ နူးညံ့ပျော့ပျောင်းသော နေရောင်ခြည်များ ဖြာကျနေခဲ့သည်။
ဝုန်း... ဝုန်း...
ဇွန်ဘီများနှင့် လူသားတို့အကြား စစ်ပွဲမှာ တစ်ဖန်ပြန်လည် အရှိန်မြင့်တက်လာခဲ့ပြန်ပြီ ဖြစ်သည်။ စစ်တလင်းပြင်ထက်တွင် ယမ်းငွေ့များ ဖုံးလွှမ်းနေပြီး သေနတ်သံများမှာလည်း ဟိန်းဟောက်နေဆဲပင်။
အခိုက်အတန့်တိုင်းမှာပင် လူသားတို့၏ ပစ်ခတ်မှုအောက်၌ ဇွန်ဘီများမှာ လဲပြိုနေကြရသလိုကျန်းကျိုးအခြေစိုက်စခန်း ဘက်မှလည်း အကျအဆုံးများမှာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
မြို့တံတိုင်းထက်တွင်မူ ကျောက်လင်းသည် စစ်နတ်ဘုရားမတစ်ပါးအလား မတ်တတ်ရပ်နေခဲ့သည်။ သူမ၏ ဓားအရှိန်အဝါများမှာ အဆုံးအစမရှိ ပန်းထွက်နေပြီး အောက်ဘက်သို့ ပိုင်းဖြတ်ချလိုက်တိုင်း အဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲဇွန်ဘီများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေကာ မြို့ခံစစ်၏ ဖိအားကို လျှော့ချပေးနေခဲ့သည်။
သူမ၏ ပတ်ဝန်းကျင်တွင်မူ အတူပါလာသော ဆင့်ကဲပြောင်းလဲသူအဖွဲ့သည် ကျန်းကျိုးအခြေစိုက်စခန်းမှ ပညာရှင်များကို ကူညီပေးလျက် ရန်သူ့တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားပေးခြင်းနှင့် အဆင့်နိမ့် ဆင့်ကဲဇွန်ဘီများကို သုတ်သင်ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်နေကြသည်။
ထိုစဉ် အဖွဲ့၏ နောက်ဘက်တွင် ရပ်နေသော လူရိပ်တစ်ခုမှာ မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့သို့ တိုးထွက်လာခဲ့သည်။ သူ၏ မျက်နှာထက်တွင် ဝမ်းမြောက်သော အရိပ်အယောင်များဖြင့် ပြောပြောလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော်တို့ ဇွန်ဘီဘုရင် ပုန်းနေတဲ့နေရာကို အကြမ်းဖျင်း အတည်ပြုနိုင်ပါပြီ"
ထောက်လှမ်းရေးစွမ်းရည် ရှိပုံရသော ထိုဆင့်ကဲပြောင်းလဲသူသည် ဇွန်ဘီလှိုင်းလုံးကြီးကို အပေါ်စီးမှ ရိုက်ကူးထားသည့် တက်ဘလက် တစ်လုံးကို ထုတ်ပြလိုက်သည်။ ဇွန်ဘီအုပ်ကြီး၏ အလယ်ဗဟိုရှိ နေရာတစ်ခုကို ဝိုင်းပြရင်း ကျောက်လင်းအား ကြည့်ခိုင်းလိုက်သည်။
"ကောင်းပြီ... အခုတော့ ငါ့အလှည့်ပဲ"
ဇွန်ဘီဘုရင်၏ တည်နေရာကို အတည်ပြုပြီးနောက် ကျောက်လင်းသည် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ပြတ်သားစွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် အဖွဲ့သားများကို မြို့တံတိုင်းပေါ်တွင် ဆက်လက်တပ်စွဲထားရန်နှင့် ဇွန်ဘီလှိုင်းလုံးကြီးကို ဟန့်တားထားရန် ညွှန်ကြားလိုက်သည်။
နောက်တစ်ခဏ၌ ကျောက်လင်း၏ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး အဆင့် ၅ ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ် ဖိအားများမှာ ပျံ့နှံ့သွားခဲ့သည်။ သူမ၏ လက်ထဲရှိ စစ်ဓားထံမှလည်း တောက်ပသော အပြာရောင် ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
ရှူး...
ကျောက်လင်းသည် မြို့တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အပြာရောင် လျှပ်စီးတန်းတစ်ခုအလား ဇွန်ဘီလှိုင်းလုံးကြီးအတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
နတ်ဆိုးဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ပင် အနှိုင်းမဲ့စစ်နတ်ဘုရားမ ကျောက်လင်းသည် သူမ၏ စစ်ဓားကို ဝေ့ယမ်းကာ မည်းမှောင်နေသော ဇွန်ဘီအုပ်ကြီးအကြားတွင် လမ်းကြောင်းတစ်ခုကို အချိန်တိုအတွင်း ထွင်းဖောက်လိုက်ပြီး ဇွန်ဘီလှိုင်းလုံးကြီး၏ အလယ်ဗဟိုသို့ အကွာအဝေးတစ်ဝက်ခန့် ရောက်ရှိသွားခဲ့သည်။
"သတ်စေ"
လမ်းတစ်လျှောက်ရှိ ဇွန်ဘီအားလုံးမှာ ကျောက်လင်း၏ ပြိုင်ဘက်မဟုတ်ကြဘဲ ဂျုံပင်များကို ရိတ်သိမ်းသကဲ့သို့ပင် ရှေ့သို့ တိုးဝင်သွားခဲ့သည်။
ထို့အပြင် တိုက်ပွဲအတွင်း၌ ကျောက်လင်း သတိပြုမိသည်မှာ ဇွန်ဘီလှိုင်းလုံးကြီး၏ အများစုမှာ သာမန်ဇွန်ဘီများသာ ဖြစ်ကြပြီး ဆင့်ကဲဇွန်ဘီ အများစုမှာလည်း အဆင့် ၁ နှင့် ၂ သာ ဖြစ်ကြကာ အဆင့် ၃ ရောက်သူမှာ အလွန်နည်းပါးလှသည်။
လုချွမ်းနှင့် နှိုင်းယှဉ်ပါက သူမ ရင်ဆိုင်နေရသော ဇွန်ဘီဘုရင်၏ အခြေခံအင်အားမှာ သိသိသာသာ နိမ့်ကျလွန်းလှသည်။
ချက်ချင်းပင် ကျောက်လင်းသည် လာမည့်တိုက်ပွဲအတွက် ပိုမိုယုံကြည်မှု ရှိလာခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ကျောက်လင်းသည် ဇွန်ဘီအုပ်ကြီး၏ အလယ်ဗဟိုသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့ပြီး အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်လာသော ဇွန်ဘီများမှာလည်း သူမ၏ အရှိန်ကို မတားဆီးနိုင်ခဲ့ကြချေ။
ကျောက်လင်း၏ ဓားအရှိန်အဝါ တစ်ချက် ဝေ့ယမ်းလိုက်တိုင်း ဇွန်ဘီအုပ်ကြီးမှာ ဟင်းလင်းပြင်ဖြစ်သွားရပြီး ရာနှင့်ချီသော ဇွန်ဘီများမှာ ခန္ဓာကိုယ်များ ပွင့်ထွက်ကာ အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရသည်။
"တွေ့ပြီ"
မီတာတစ်ထောင်ခန့် အကွာအဝေးတွင် အဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲဇွန်ဘီ အမြောက်အမြား စုဝေးနေသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းများတွင် ထက်ရှသော အရိပ်အယောင်များ လက်သွားခဲ့သည်။
ဤမျှများပြားလှသော အဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲဇွန်ဘီများကြားတွင် ဇွန်ဘီဘုရင်မှာ သေချာပေါက် ပုန်းအောင်းနေပေလိမ့်မည်။
ကျူးကျော်သူကို အာရုံခံမိသော ဇွန်ဘီဘုရင်မှာ သိသိသာသာပင် ထိတ်လန့်တုန်လှုပ်သွားပုံရပြီး ကျောက်လင်းအပေါ် သတ်ဖြတ်လိုသော စိတ်များ ပြည့်နှက်နေခဲ့သည်။
"ဝူး... ဝူး..."
တစ်ခဏအတွင်းမှာပင် ဇွန်ဘီဘုရင်ကို ဝန်းရံထားသော အဆင့်မြင့်ဇွန်ဘီများမှာ ဟိန်းဟောက်လိုက်ကြပြီး ကျောက်လင်းထံသို့ ပြေးဝင်လာကြသည်။
"ဟင်း... အဆင့် ၃ နဲ့ အဆင့် ၄ ဆင့်ကဲဇွန်ဘီတွေပဲ ရှိတာလား။ အဆင့် ၅ တစ်ကောင်တောင် မပါဘူးပဲ။ လုချွမ်းနဲ့ ယှဉ်ရင် မင်းက အဝေးကြီး လိုသေးတယ်"
ဇွန်ဘီအုပ်ကြီးကြားတွင် ရှိနေသော အတော်အတန် ပုကွကွ ပုံသဏ္ဌာန်ကို စိုက်ကြည့်ရင်း ကျောက်လင်း၏ အကြည့်မှာ မထီမဲ့မြင် ပြုနေခဲ့သည်။
ရုတ်တရက် ကျောက်လင်း၏ ပတ်ဝန်းကျင်တွင် အပြာရောင် ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူမ၏ လက်ထဲရှိ စစ်ဓားမှာလည်း အဆက်မပြတ် တုန်ယင်လျက် ထက်ရှလှသော ဓားအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
ဝုန်း...
ကျောက်လင်းသည် သူမ၏ ဓားကို အလျားလိုက် ဝေ့ယမ်းလိုက်ရာ လခြမ်းပုံသဏ္ဌာန် အပြာရောင် ဓားအရှိန်အဝါတစ်ခုမှာ တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသော အဆင့်မြင့် ဆင့်ကဲဇွန်ဘီများဆီသို့ ပန်းထွက်သွားလေတော့သည်။