အခန်း (၄၃၉)
Vol. 44 Ch. 439
အခန်း။ ၄၃၉
သူမရှေ့တွင် သာမန်လူတစ်ယောက်နှင့် မခြားနားတော့သည့် လုချွမ်းကို ကြည့်ရင်း ကျောက်လင်း တစ်ယောက် အတော်ကြာအောင် ဆွံ့အမှင်တက်နေခဲ့မိသည်။
ယခင်က လုချွမ်းသည် လူသားတစ်ဦးနှင့် သဏ္ဌာန်တူသော်လည်း အနည်းဆုံးတော့ စကားမပြောနိုင်ခဲ့သဖြင့် သိသာထင်ရှားသည့် ကွဲပြားမှုတစ်ခု ရှိနေသေးသည်။ သို့သော် ယခုမူ သူမရှေ့မှ လုချွမ်းမှာ လူသားတစ်ဦးနှင့် ခွဲခြား၍မရနိုင်လောက်အောင်ပင် ဖြစ်နေရာ ဇွန်ဘီဘုရင်တစ်ကောင်သည် လူသားအဖြစ်သို့ ပြန်လည်ဆင့်ကဲပြောင်းလဲနိုင်သည်ဟုပင် သူမ ယုံကြည်မိတော့မတတ် ဖြစ်သွားရသည်။
"လန့်သွားတာလား... ဆင့်ကဲမပြောင်းလဲခင်တုန်းကတော့ ငါလည်း စကားပြန်ပြောနိုင်စွမ်း ပြန်ရလာမယ်လို့ မထင်ထားမိဘူး"
ကျောက်လင်း၏ အမူအရာကို ကြည့်ကာ လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။ သူ အဆင့် ၆ သို့ တက်လှမ်းစဉ်က စကားပြန်ပြောနိုင်ရန်ပင် ထည့်မတွက်ထားခဲ့သော်လည်း ဆင့်ကဲပြောင်းလဲမှုအပြီးတွင် ဤသို့ဖြစ်လာခြင်းမှာ ဝမ်းမြောက်ဖွယ်ရာ အံ့သဩစရာတစ်ခုပင်။
"ဟုတ်တယ် လုချွမ်း... ရှင် စကားပြောနိုင်လိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး။ လုံးဝ မိုက်သွားပြီ။ ဒါပေမဲ့ နောင်ကျရင်တော့ ဆက်သွယ်ရတာ ပိုလွယ်သွားပြီပေါ့ ရှင်လည်း ဘောပင်နဲ့ လိုက်ရေးနေစရာ မလိုတော့ဘူးလေ"
ကျောက်လင်းသည် စိတ်ကိုပြန်ထိန်းလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ သူမသည် လုချွမ်းအတွက် တကယ်ပင် ဝမ်းသာမိသည်။ အဆုံးစွန်၌ လူသားတစ်ယောက်၏ အတွေးအခေါ်နှင့် အသိစိတ်ရှိနေပါလျက် စကားမပြောနိုင်ခြင်းမှာ သူ့အတွက် အတော်လေး အသက်ရှူကျပ်စရာ ကောင်းနေမည်ပင်။
"လာလေ အပေါက်ဝမှာပဲ ရပ်မနေပါနဲ့၊ အထဲဝင်ပြီးမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
ထိုအခါမှသာ သူတို့အားလုံး အပြင်ဘက်တွင် ရပ်နေဆဲဖြစ်သည်ကို လုချွမ်း သတိပြုမိသွားပြီး ကျောက်လင်းကို အထဲသို့ အမြန်ဖိတ်ခေါ်လိုက်တော့သည်။
"ကောင်းပါပြီ"
ကျောက်လင်းကလည်း ခေါင်းညိတ်ကာ လိုက်ပါသွားသည်။
ထို့နောက် သူတို့သုံးဦးစလုံး ဗီလာအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
ခဏအကြာတွင် လုချွမ်းသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်လင်းထံသို့ အအေးပုလင်းတစ်လုံး ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲနော်"
"ဒါနဲ့... ဒီနေ့ မင်း ဒီကိုလာတာက ငါ့ကို လက်ဆောင်ပေးဖို့ သက်သက်ပဲလား"
အအေးသောက်နေသော ကျောက်လင်းကို ကြည့်ကာ လုချွမ်းက ပြုံးလျက် မေးမြန်းလိုက်
သည်။ ကျောက်လင်းအနေဖြင့် ဤအမြုတေကို လာပို့ရန်အတွက်သာ ဤမျှခရီးဝေးကို လာခဲ့လိမ့်မည်ဟု သူကတော့ လုံးဝ မယုံကြည်ပေ။
"အင်း... အဲဒီလို လာလို့မရဘူးလား။ ရှင် အမြုတေတွေ လိုအပ်နေတာကို ကျွန်မ သိလို့ ရှင့်
အတွက် သီးသန့်ကို စုဆောင်းလာပေးတာပါနော်"
သူမကို သံသယဝင်နေသော လုချွမ်းကို ကြည့်ကာ ကျောက်လင်းက မကျေမနပ် ပြန်ဖြေလိုက်သည်။
လုချွမ်းက ငါ့ကို ဘယ်လိုလူစားမျိုးလို့ ထင်နေတာလဲ။ တစ်ခုခု အကူအညီတောင်းစရာရှိမှ ပေါ်လာတတ်ပြီး ခင်မင်မှုသက်သက်နဲ့တော့ လှည့်တောင်မကြည့်တတ်တဲ့ လူစားမျိုးလို့များ ထင်နေတာလား။
"ကောင်းပါပြီလေ... ငါ့အတွက် ဒီလောက်တောင် အမြုတေတွေ အများကြီး စုပေးထားတာပဲ၊ ငါ သေချာပေါက် ကျေးဇူးတင်ပါတယ်"
"တခြားကိစ္စ မရှိဘူးဆိုရင်တော့ ငါ ဟင်းချက်တော့မယ်။ မင်း ဒီအထိ ခက်ခက်ခဲခဲ လာရတာဆိုတော့ ကောင်းကောင်းလေးစားရအောင် ငါ တစ်ခုခု လုပ်ပေးပါ့မယ်"
ထိုစကားကို ကြားသောအခါ လုချွမ်းက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး မတ်တတ်ရပ်ရန် ပြင်လိုက်သည်။
"နေဦး... နေဦး"
ဤသည်ကို မြင်သောအခါ ကျောက်လင်းက အလျင်အမြန်ပင် တားမြစ်လိုက်သည်။
လုချွမ်းက သူမကို နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် စိုက်ကြည့်နေသည်ကို သူမ သတိထားမိလိုက်သည်။ လုချွမ်းက သူမ၏ စိတ်ကို ထွင်းဖောက်မြင်နေသည်ကို သိလိုက်ရသဖြင့် ကျောက်လင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
"ဟားဟား... ဒီတစ်ခါ ကျွန်မလာတာက တကယ်တော့ ရှင့်ကို လာလည်တာရယ်။ ဒီအမြုတေတွေ လာပို့ပေးတာရယ်က အဓိကပါပဲ လုချွမ်းရဲ့"
"ဒါပေါ့... တခြား နောက်ဆက်တွဲကိစ္စလေးတွေလည်း ရှိသေးတယ်။ လုချွမ်း... ရှင့်ဆီမှာက သတင်းအချက်အလက်တွေက ပြတ်တောက်နေတာဆိုတော့ လတ်တလော ကျွန်မ ကြုံတွေ့ခဲ့ရတာတွေကို ပြောပြမယ်လေ။ ရှင်လည်း ဗဟုသုတအနေနဲ့ မှတ်ထားလို့ရတာပေါ့"
ကျောက်လင်းက သူမရှေ့မှ အရွယ်စုံ လူရိပ်နှစ်ခုကို ကြည့်ကာ သတ္တိမွေး၍ ပြောလိုက်သည်။
"ကောင်းပြီလေ... ငါတို့ဆီမှာက အပြင်သတင်းတွေ တကယ်ပဲ လိုအပ်နေတာ။ ပြောပါဦး ဒါနဲ့ လူသားအာဏာပိုင်တွေက လီမြစ်မြို့က တံတားကို တကယ်ပဲ ဖြိုချလိုက်ကြတာလား။ တကယ့်ကို ပါးနပ်တဲ့ အတွက်အချက်တွေပဲ"
လုချွမ်းက ပြုံးလျက် ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် လူသားအာဏာပိုင်များအပေါ် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေခဲ့သည်။
ထိုစကားကို ကြားသောအခါ ကျောက်လင်းက အားနာသလို ပြုံးလိုက်ပြီး လုချွမ်းကို စတင်ပြောပြတော့သည်။
"မကြာသေးခင်ကပဲ ကျန်းပြည်နယ်ရဲ့ မူလအခြေစိုက်စခန်းက အိမ်နီးချင်း နဂါးပြည်နယ်မှာ အခြေချနိုင်ခဲ့ပြီ။
ကျွန်မက အဆင့် ၅ ရှိနေတာကြောင့် ဧကရာဇ်မြို့တော်ရဲ့ ဆင့်ခေါ်မှုကို ခံခဲ့ရတယ်။ အဲဒီကို ကိုယ်တိုင်သွားပြီးတော့ ဇွန်ဘီဘုရင်ဖြစ်တဲ့ ရှင့်ကို ပစ်မှတ်ထားတဲ့ အစည်းအဝေးတစ်ခုမှာ ပါဝင်ခဲ့ရသေးတယ်။ နောက်ဆုံးတော့ ရှင့်ကို အထီးကျန်ပြီးတစ်ကိုယ်တည်းဖြစ်သွားအောင် လီမြစ်တံတားကို ဖောက်ခွဲပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ။
အဲဒီနောက် ကျန်းကျိုးမှာ ဇွန်ဘီဘုရင်အသစ်တစ်ကောင် ပေါ်လာပြန်ရော။ ဇွန်ဘီလှိုင်းလုံးကြီးရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ ကျန်းကျိုးအခြေစိုက်စခန်းက ကျွန်မတို့ အခြေစိုက်စခန်းဆီမှာ အကူအညီ တောင်းခံလာခဲ့တယ်..."
ထို့နောက်တွင် ကျောက်လင်းသည် ဤကာလအတွင်း သူမ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ အောင်မြင်မှုများနှင့် လူသားတို့ဘက်မှ သတင်းအချို့ကို လုချွမ်းအား အသေးစိတ် ပြောပြခဲ့သည်။
ဤသည်က လုချွမ်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ အထူးသဖြင့် လူသားများက သူ့အပေါ် တားမြစ်လက်နက်များအသုံးပြုရန် စီစဉ်ခဲ့သည်ကို ကြားလိုက်ရချိန်တွင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအစီအစဉ်မှာ လက်တွေ့ ဖြစ်မလာခဲ့သဖြင့် လုချွမ်း သက်ပြင်းချနိုင်ခဲ့သည်။ လူသားတို့၏ ယုတ္တိမရှိသော တားမြစ်လက်နက်များကို ရင်ဆိုင်ရန်မှာ အဆင့် ၆ ဇွန်ဘီဘုရင်ဖြစ်သည့် သူပင်လျှင် တတ်နိုင်စွမ်းမရှိပေ။ အကယ်၍ ထိုလက်နက်များသာ ကျရောက်လာပါက လီမြစ်အခြေစိုက်စခန်းတစ်ခုလုံး မြေလှန်ခံရမည်ဖြစ်ပြီး ချီချီလေးနှင့် သူသည်လည်း ဘေးကင်းရန် ခဲယဉ်းပေလိမ့်မည်။
"ဟားဟား... အခုဆိုရင် ကျန်းပြည်နယ်နဲ့ နဂါးပြည်နယ်မှာ ကျွန်မရဲ့ အဆင့်အတန်းကို ယှဉ်
နိုင်သူ မရှိသလောက်ပဲ ာဧကရာဇ်မြို့တော်မှာတောင် ကျွန်မရဲ့ နာမည်က ပျံ့နှံ့နေပြီလေ
လုချွမ်း... ကျွန်မ တကယ် ယုံကြည်တာကတော့ အခု ကျွန်မ ရရှိထားတဲ့ အောင်မြင်မှုတွေနဲ့ဆိုရင် တစ်နေ့ကျရင် ကျွန်မက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ် ဆိုတာပဲ"
ကျောက်လင်း ပြောရင်းနှင့် ပိုမိုစိတ်လှုပ်ရှားကာ ဂုဏ်ယူလာခဲ့ပြီး လုချွမ်းကို ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ကျောက်လင်း ကြွားဝါနေခြင်းမဟုတ်ပေ။ သူမတွင် ထိုကဲ့သို့သော စွမ်းဆောင်ရည် အမှန်တကယ် ရှိနေသည်။ ယခုအချိန်တွင် အဆင့် ၅ ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် လူသားမျိုးနွယ်အတွင်း သူမ၏ အဆင့်အတန်းမှာ အနှိုင်းမဲ့ပင်။ ၎င်းမှာ အာဏာပိုင်များ၏ အသိအမှတ်ပြုမှုကို ရရှိထားရုံသာမက အခြေစိုက်စခန်းကြီးများအတွင်းရှိ အသက်ရှင်ကျန်ရစ်သူတိုင်းကပင် ကျောက်လင်းဟူသော အမည်ကို ကြားဖူးနေကြပြီ ဖြစ်သည်။
"အထင်ကြီးစရာပဲ"
လုချွမ်းသည် ကျောက်လင်းကို လက်မထောင်ပြကာ ချီးကျူးလိုက်မိသည်။ သူမအပေါ် အမြင်သစ်ဖြင့် အမှန်တကယ် အထင်ကြီးသွားခြင်းပင်။
ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် ကျောက်လင်းသည် ဤမျှများပြားသော အောင်မြင်မှုများကို ရရှိခဲ့ပြီး လူသားအာဏာပိုင်များအကြား သူမ၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်မားလာခဲ့သည်။
ဘေးနားရှိ ကျိရုရွှယ်သည်လည်း ကျောက်လင်းကို အံ့ဩတကြီး ကြည့်နေမိသည်။ ကျောက်လင်း ဤမျှအထိ ခရီးပေါက်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။ ကျောက်လင်း၏ တိုးတက်မှုအရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် သူမသည် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်မလာခဲ့လျှင်တောင်မှ လူသားများအကြား အရှိန်အဝါ အကြီးမားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။
လုချွမ်းနှင့် ချီချီလေးတို့၏ တုံ့ပြန်မှုကို မြင်ရသောအခါ ကျောက်လင်းသည် အလွန်အမင်း ကျေနပ်သွားခဲ့ပြီး အောင်ပွဲခံကာ အိမ်ပြန်လာရသူကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် နောက်တစ်ခဏ၌ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကျောက်လင်း၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားခဲ့သည်။ သူမသည် ကျိရုရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။
"ချီချီလေး... သမီး အန်တီ့ကို သင်ပေးထားတဲ့ ကျင့်စဉ်ကို မှတ်မိသေးလား"
"မှတ်မိတာပေါ့ ဘာဖြစ်လို့လဲဟင်"
ကျောက်လင်း၏ တည်ကြည်နေသော မျက်နှာကို ကြည့်ကာ ကျိရုရွှယ်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။
"ချီချီလေး... အဲဒီကျင့်စဉ်တွေကို အန်တီက တခြားလူတွေကို ပြန်သင်ပေးလို့ ရမလားဟင်။ ဒါက မိသားစုမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်ဆိုတော့ အလွယ်တကူ မျှဝေလို့မရဘူးဆိုတာ အန်တီသိပါတယ်။ ဒါပေမဲ့ အန်တီက..."
ကျောက်လင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အပြစ်မကင်းသကဲ့သို့ ခံစားချက်ဖြင့် တောင်းဆို လိုက်သည်။
ချီချီလေးသည် သူမကို ချစ်ခင်လွန်း၍ ဤပညာရပ်များကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သူမ သိသည်။ သို့သော် ယခုအခါ ထိုပညာရပ်များကို အခြားသူများအား လက်ဆင့်ကမ်းရန် ခွင့်တောင်းနေခြင်းမှာ အမှန်တကယ် မသင့်တော်ပေ။
သို့သော် ဤကျင့်စဉ်များသည် ဆင့်ကဲပြောင်းလဲသူများ၏ အင်အားကို သိသိသာသာ တိုးတက်စေရုံသာမက လူသားမျိုးနွယ်၏ အခြေခံအင်အားကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အနာဂတ်အတွက် သူမသည် ချီချီလေးကို သတ္တိမွေး၍ မေးမြန်းခဲ့ခြင်းပင်။ ၎င်းမှာ သူတို့၏ ခင်မင်မှုကို အသုံးချသကဲ့သို့ ဖြစ်နေသော်လည်း ကျောက်လင်းအနေဖြင့် အခြားရွေးချယ်စရာ မရှိပေ...
"ကျင့်စဉ်တွေ ဟုတ်လား"
လုချွမ်း အနည်းငယ် အံ့ဩသွားခဲ့သည်။ ချီချီလေးက ကျောက်လင်းကို ကျင့်စဉ်တွေ သင်ပေးထားခဲ့တာလား။
ပြန်စဉ်းစားကြည့်လျှင် ကျောက်လင်း မထွက်ခွာမီက သင်ပေးထားခဲ့ခြင်း ဖြစ်နိုင်ပြီး ကျောက်လင်းနှင့် ချီချီလေး နှစ်ဦးစလုံးက သူ့ကို တမင်တကာ အသိမပေးဘဲ ထားခဲ့ကြခြင်းပင်။
ဤကိစ္စနှင့် ပတ်သက်၍ လုချွမ်း စိတ်မဆိုးမိပေ။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အမှန်တကယ်ပင် ခိုင်မာသည်ဟုသာ ခံစားလိုက်ရသည်။
သို့သော် ကျောက်လင်းက ထိုကျင့်စဉ်များကို အခြားလူသားများအား သင်ကြားပေးချင်နေသည်။ နောင်တစ်ချိန်တွင် ကြုံတွေ့ရမည့် ဂြိုဟ်သားကျူးကျော်မှုများကို ထည့်သွင်းစဉ်းစားလျှင် လူသားများ အင်အားတောင့်တင်းလာခြင်းမှာ ပို၍ကောင်းမွန်သည်မှာ အမှန်ပင်။
သို့သော်လည်း ချီချီလေးဘက်က သဘောတူမည် မတူမည်ကိုမူ သူ မသေချာပေ။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်စဉ်နှင့် တိုက်ခိုက်ရေးနည်းစနစ်များသည် ချီချီလေး၏ ပိုင်ဆိုင်မှုများသာ ဖြစ်သဖြင့် အရာအားလုံးမှာ သူမ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေသည်။
ကျောက်လင်း၏ ရုတ်တရက် တောင်းဆိုမှုကြောင့် ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
"အကယ်၍... သမီးက ငြင်းလိုက်ရင်ရော"