အခန်း (၄၄၀)
Vol. 44 Ch. 440
အခန်း။ ၄၄၀
ဗီလာအတွင်းရှိ လေထုမှာ တစ်ခဏချင်းမှာပင် လေးလံထိုင်းမှိုင်းသွားခဲ့သည်။
ကျိရုရွှယ်သည် ကျောက်လင်းကို မနှစ်မြို့သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ကျောက်လင်းထံမှ ဤကဲ့သို့သော မေးခွန်းမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ ပြင်ဆင်မထားခဲ့သလို စိတ်ထဲတွင်လည်း အနည်းငယ် ဒေါသထွက်မိသွားသည်။
ဘေးတွင် ရပ်နေသော လုချွမ်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျောက်လင်း၏ တောင်းဆိုမှုမှာ သူမကိုယ်တိုင် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေခြင်းကြောင့် လုံးဝ အခြေအမြစ်မရှိဘူးဟု ဆို၍မရသော်လည်း ပြဿနာရှိနေသည်မှာ အမှန်ပင်။
သူတို့၏ လီမြစ်အခြေစိုက်စခန်းနှင့် လူသားတို့အကြား ဆက်ဆံရေးမှာ အလွန်အမင်း ဆိုးရွားနေချိန်တွင် ကျောက်လင်း၏ တောင်းဆိုမှုမှာ ရန်သူကို အင်အားဖြည့်ပေးနေသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း တစ်ဖက်တွင်မူ ဤအစီအစဉ်သာ အောင်မြင်ခဲ့ပါက လူသားများ အင်အားတောင့်တင်းလာပြီး ဂြိုဟ်သားမျိုးနွယ်စုများကို ခုခံရာတွင် အမှန်တကယ် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
ကျိရုရွှယ်၏ မယဉ်ကျေးသော လေသံကို ကြားလိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
တကယ်ပါပဲ... မျှော်လင့်ထားတဲ့အတိုင်း ကျရှုံးသွားခဲ့ပြီပေါ့။
ဤရလဒ်ကို ကြိုတင်တွေးဆထားသော်လည်း ကျောက်လင်း စိတ်ပျက်မိသွားသည်မှာ အမှန်ပင်။ မည်သို့ပင်ဖြစ်စေ သူမသည် အခြားသူအပေါ် အတင်းအကျပ် မတောင်းဆိုလိုတော့သဖြင့် ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ချီချီလေး... ဒီကျင့်စဉ်တွေနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေက သမီး အန်တီ့ကို သင်ပေးခဲ့တာပါ။ အန်တီ့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့လို့ သမီးကို အန်တီ အရမ်းကျေးဇူးတင်ပါတယ်။
အန်တီက အခုလို ခွင့်တောင်းခဲ့ပေမဲ့ သမီးက သဘောမတူဘူးဆိုရင်တော့ အန်တီ ဒီပညာရပ်တွေကို တခြားဘယ်သူ့ကိုမှ သေချာပေါက် မျှဝေမှာမဟုတ်ပါဘူး။ အန်တီ ကတိပေးပါတယ်"
အဆုံးစွန်၌ ဤကျင့်စဉ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များမှာ ကျိရုရွှယ်၏ ပိုင်ဆိုင်မှုများသာ ဖြစ်သည်။ ကျိရုရွှယ်သည် ကျောက်လင်းတို့ ထွက်ခွာသွားပြီးနောက် အပြင်လောကတွင် သူမ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်သောကြောင့် စေတနာဖြင့် သင်ကြားပေးခဲ့ခြင်းပင်။
ယခုမူ ကျိရုရွှယ်၏ သဘောတူညီချက်မရှိဘဲ ဤကဲ့သို့ တောင်းဆိုမိခြင်းမှာပင် သူမဘက်က အလွန်အမင်း ရဲတင်းလွန်းရာ ရောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကျောက်လင်းသည် ဤပညာရပ်များကို မဆင်မခြင် ဖြန့်ဝေရန် ဝံ့ရဲတော့မည်မဟုတ်ပေ။
ထို့နောက် ကျောက်လင်းသည် လုချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤကျင့်စဉ်များမှာ လုချွမ်း၏ မိသားစုမျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာသော ပညာရပ်များဖြစ်ကြောင်း သူမ သိရှိထားသည်။
ကံဆိုးချင်တော့ လုချွမ်းသည် ဇွန်ဘီဘုရင် တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ ဤကျင့်စဉ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များကို သူက သိပ်ပြီး ဂရုမစိုက်တော့ပေ။
ကျောက်လင်း၏ အကြည့်ကို ခံစားမိလိုက်သောအခါ လုချွမ်းသည် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားမိသော်လည်း သူမကို တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။
ဤသည်ကို မြင်သောအခါ ကျောက်လင်းမှာမူ လုချွမ်းက ဤကိစ္စအပေါ် စိတ်ဝင်စားမှုမရှိဘူးဟု အထင်လွဲသွားခဲ့ပြီး ဆက်၍လည်း ဘာမှမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမကို စိုက်ကြည့်နေသော ကျိရုရွှယ်မှာမူ ကျောက်လင်း၏ သဘောထားအပေါ် အတော်လေး ကျေနပ်သွားပုံရပြီး သူမ၏ တင်းမာနေသော မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။
ကျောက်လင်း၏ ပြောစကားအရ သူမသည် လူမှားမသတ်မှတ်ခဲ့ကြောင်း သက်သေပြနေသည်။ တစ်ဖက်လူမှာ အမှန်တကယ်ပင် ယုံကြည်အားကိုးထိုက်သူ တစ်ဦး ဖြစ်နေဆဲပင်။
အကယ်၍ ကျောက်လင်းသာ သူမ သင်ကြားပေးထားသည့် ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များကို ခွင့်ပြုချက်မရှိဘဲ အခြားသူများအား သင်ကြားပေးရဲခဲ့လျှင် ၎င်းမှာ ကျောက်လင်းသည် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို ဂရုမစိုက်ဘဲ အရေးမပါသောအရာတစ်ခုအဖြစ် သဘောထားကြောင်း ပြသရာရောက်ပေလိမ့်မည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက ကျိရုရွှယ်သည် ကျောက်လင်းအပေါ် သေချာပေါက် ယဉ်ကျေးပျူငှာနေတော့မည်မဟုတ်ဘဲ သူမနှင့် ထိုက်တန်သည့် အပြစ်ကို ပေးရပေလိမ့်မည်။
ယခင်ဘဝတုန်းကဆိုလျှင် ကျိရုရွှယ်သည် ကျင့်စဉ်ကဲ့သို့သော အရေးကြီးသည့် သတင်းအချက်အလက်များကို ပေါက်ကြားစေသူများကို အပြင်းထန်ဆုံးသော နည်းလမ်းများဖြင့် အပြစ်ပေးလေ့ရှိသည်။
နောင်တစ်ချိန်တွင် အသုံးဝင်မည့် ကျောက်လင်းကဲ့သို့သော သူမျိုးပင်လျှင် ကင်းလွတ်ခွင့်ရမည် မဟုတ်ပေ။ ၎င်းမှာ ခွင့်ပြုချက်မရှိဘဲ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင်။
ကံကောင်းထောက်မစွာဖြင့် ကျောက်လင်းသည် သူမ၏ ယုံကြည်မှုကို သစ္စာမဖောက်ခဲ့ပေ။ သူမ၏ ကိုယ်ပိုင်အတွေးများထဲမှာပင် ထိုကျင့်စဉ်များကို လက်ဆင့်ကမ်းရန် စိတ်မကူးခဲ့ချေ။
ယနေ့တွင် ကျင့်စဉ်များကို ဖြန့်ဝေရန် ရုတ်တရက် ခွင့်တောင်းခဲ့ခြင်းမှာ ကျိရုရွှယ်၏ အမြင်တွင်တော့ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။ ပြောရလျှင် ၎င်းမှာ အမှတ်တိုးစေသည့် အချက်ပင်။
အနည်းဆုံးတော့ ကျောက်လင်း၏ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်မည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်သည့် ရည်မှန်းချက်မှာ လိမ်ညာနေခြင်းမဟုတ်ကြောင်း သက်သေပြနေသည်။ တစ်ဖက်လူသည် လူသားမျိုးနွယ်အပေါ် စိတ်ရင်းမှန်ဖြင့် ဂရုစိုက်ပြီး ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များမှတစ်ဆင့် လူသားတို့၏ အင်အားကို မြှင့်တင်ပေးချင်နေခြင်းပင်။
ဒီလောက်တောင် စိတ်ရင်းမှန်နဲ့ စိတ်အားထက်သန်နေတာကို ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ။ ဒါပေမဲ့လည်း... ဒီတောင်းဆိုချက်ကို ငါ သဘောတူပေးလိုက်သင့်လား။
ကျိရုရွှယ်က မျက်မှောင်ကြုတ်လိုက်မိသည်။
လူသားအစိုးရ၏ တရားဝင်အဖွဲ့အစည်းများနှင့် သူမ၏ဖခင်မှာ လက်ရှိတွင် ရန်လိုသောဆက်ဆံရေးရှိနေသည်ကို သူမ ထည့်သွင်းစဉ်းစားရပေမည်။ လူသားများက မည်သည့်အချိန်တွင် ထပ်မံတိုက်ခိုက်လာမည်ဆိုသည်မှာ မသေချာပေ။
ထို့ကြောင့် လူသားများကို အင်အားတောင့်တင်းအောင် ပြုလုပ်ပေးခြင်းက သွယ်ဝိုက်သောနည်းဖြင့် သူမ၏ဖခင်ကို အားနည်းသွားစေနိုင်သည်...
ဤအတွေးများဖြင့် ကျိရုရွှယ်သည် ကျောက်လင်း၏ တောင်းဆိုချက်ကို အသေအချာ စဉ်းစားနေတော့သည်။
ထိုအတောအတွင်း ကျောက်လင်းမှာမူ တိတ်ဆိတ်စွာ ထိုင်နေရင်း စဉ်းစားခန်းဝင်နေသော ချီချီလေးကို ကြည့်ကာ သူမ၏အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ ဤတောင်းဆိုချက်သည် ချီချီလေးကို အကျပ်ရိုက်စေမှန်း သူမ နားလည်သည်။ ထိုကျင့်စဉ်များမှာ အလွန်တန်ဖိုးရှိလှရာ မသက်ဆိုင်သူများကို လက်ဆင့်ကမ်းရန် ဆုံးဖြတ်ရသည်မှာ ခက်ခဲလှပေမည်။
ခဏအကြာတွင် ကျောက်လင်း၏ မယိမ်းမယိုင်သော အကြည့်အောက်၌ ကျိရုရွှယ်သည် ရုတ်တရက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အန်တီကျောက်လင်း... သမီး ဒါကို သဘောတူပါတယ်။ ဒါပေမဲ့ သမီးရဲ့ တောင်းဆိုချက်တစ်ခုကိုတော့ အန်တီ ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အချက်နဲ့ပေါ့"
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်လင်းမှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
"ရတာပေါ့... ရတာပေါ့... ပြောရုံသာပြောပါ။ အန်တီ လုပ်ပေးနိုင်သမျှ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
ချီချီလေးသာ သဘောတူမည်ဆိုလျှင် မြင်းတစ်ကောင်၊ နွားတစ်ကောင်လို အလုပ်အကျွေးပြုရပါစေဦးတော့ သူမ လိုလိုလားလား ရှိနေခဲ့သည်။
ယခုမှစ၍ သူမအနေဖြင့် ချီချီလေး၏ တောင်းဆိုချက်ကိုသာ ဖြည့်ဆည်းပေးနိုင်ပါက ကျင့်စဉ်များကို အခြားသူများထံ လက်ဆင့်ကမ်းနိုင်တော့မည်ပင်။
ထိုအချိန်ကျရောက်လာပါက ဤကျင့်စဉ်များကို တတ်မြောက်ထားသော ဆင့်ကဲပြောင်းလဲသူများမှာ များစွာ အင်အားတောင့်တင်းလာမည်ဖြစ်ပြီး ဇွန်ဘီများ သို့မဟုတ် ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်များကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
"အန်တီကျောက်လင်း... အန်တီအနေနဲ့ တခြားသူတွေကို ဒီကျင့်စဉ်တွေ သင်ပေးလို့ရပါတယ်။ ဒါပေမဲ့ သင်ပေးမယ့်သူတွေဟာ အန်တီ လုံးဝယုံကြည်စိတ်ချရတဲ့သူနဲ့ အန်တီ့ရဲ့ အမိန့်ကို နာခံမယ့်သူတွေပဲ ဖြစ်ရမယ်။
နားလည်လားဟင်... အန်တီ ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့သူတွေကိုတော့ ဒါတွေ လုံးဝ လက်
ဆင့်မကမ်းရဘူးနော်"
ကျိရုရွှယ်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အန်တီသာ ဒါကို ကတိပေးနိုင်မယ်ဆိုရင်... ဒီကျင့်စဉ်တွေနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကို သင်ကြားပေးဖို့ သမီး ခွင့်ပြုပါ့မယ်"
ရိုးရှင်းလှသည်ဟု ထင်ရသော ဤသတ်မှတ်ချက်ကို သူမ ထည့်သွင်းရခြင်းမှာ ခိုင်လုံသော အကြောင်းပြချက် ရှိသည်။ ကျောက်လင်း၏ စရိုက်အရ ကတိပေးပြီးပါက ပေါ့ပေါ့ဆဆ ဖြန့်ဝေမည်မဟုတ်သည်မှာ သေချာသည်။ သူမသည် ကျောက်လင်းကို ယုံကြည်သော်လည်း အခြားသူများကိုမူ မယုံကြည်ပေ။
အကယ်၍ လူသားအားလုံးက ဤကျင့်စဉ်များကို အပြည့်အဝ တတ်မြောက်သွားပြီး အင်အားတောင့်တင်းလာပါက သူမ၏ဖခင်ကို ပြန်လည်စိန်ခေါ်နိုင်သည်ဟု ယူဆကာ မကောင်းသော အကြံအစည်များ ကြံစည်လာကြလျှင် သူမနှင့် သူမ၏ဖခင်အတွက်ပါ ဒုက္ခဖြစ်လာနိုင်သည်။ ထို့ကြောင့် ကျိရုရွှယ်သည် ကျောက်လင်း၏ တောင်းဆိုချက်ကို သဘောတူခဲ့သော်လည်း လူသားတို့၏ တိုးတက်မှုနှုန်းကို သူမ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်သွားစေရန် အလိုမရှိပေ။
"ရတာပေါ့... ကျေးဇူးတင်ပါတယ် ချီချီလေးရယ်။ အန်တီ ကတိပေးပါတယ်။ အန်တီ့ရဲ့ လက်အောက်ခံ ယုံကြည်ရတဲ့သူတွေကလွဲလို့ ဘယ်သူ့ကိုမှ ဒါတွေ လုံးဝ မသင်ပေးပါဘူး"
ကျောက်လင်းသည် စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပင် ခေါင်းညိတ်ကာ ကတိပြုလိုက်သည်။ ဤကျင့်စဉ်နှင့် ကိုယ်ခံပညာများကို လူသားမျိုးနွယ်တစ်ခုလုံးထံ ပျံ့နှံ့အောင် မလုပနိုင်ခြင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ချီချီလေးဘက်က ဤမျှအထိ သဘောတူပေးခြင်းကိုပင် သူမ ကျေနပ်လှပြီဖြစ်သည်။ သူမအနေဖြင့် ယခုထက်ပို၍လည်း မမျှော်လင့်ရဲတော့ပေ။
ဤသည်ကို မြင်သောအခါ ကျိရုရွှယ်ကလည်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ကျောက်လင်း စဉ်းစားထားသည်ထက် ပို၍ အမြော်အမြင်ရှိစွာ တွေးတောထားခြင်းပင်။ ဤကျင့်စဉ်များကို သင်ကြားပေးခြင်းမှာ ပိတ်ပင်ထားခြင်းထက်စာလျှင် အကျိုးကျေးဇူးများစွာ ပိုရှိသည်။
မကြာမီတွင် ဂြိုဟ်သားများ ကျူးကျော်လာတော့မည်ဖြစ်ရာ ကမ္ဘာကြီးမှာ ဖရိုဖရဲဖြစ်ပြီး မှောင်မိုက်သော စစ်ပွဲကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းမွန်စွာ ရှင်သန်နိုင်ရန်မှာ ဂြိုဟ်သားများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ ရှောင်လွဲ၍မရပေ။ သူမနှင့် သူမ၏ဖခင် နှစ်ဦးတည်းကသာ အင်အားကြီးမားလှသော ဂြိုဟ်သားများကို ရင်ဆိုင်ရမည်ဆိုလျှင် ဖိအားမှာ အလွန်ကြီးမားလွန်းလှသည်။
အကယ်၍ လူသားများကပါ ဤဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးကြမည်ဆိုလျှင် သူမနှင့် သူမ၏ဖခင်အတွက် ဖိအားမှာ သိသိသာသာ လျော့ပါးသွားမည်ဖြစ်ပြီး အနာဂတ်တွင် အောင်မြင်နိုင်ခြေမှာလည်း ပို၍များလာပေလိမ့်မည်။ ၎င်းမှာ ကျောက်လင်း၏ တောင်းဆိုချက်ကို သဘောတူရခြင်း၏ အဓိကအကြောင်းရင်းပင်။ အကယ်၍ ကျောက်လင်းနှင့် သူမ၏နောက်လိုက်များသာ ဤကျင့်စဉ်များမှတစ်ဆင့် အလျင်အမြန် အင်အားတောင့်တင်းလာပါက ဂြိုဟ်သားများကို တိုက်ခိုက်ရာတွင် အားကိုးထိုက်သော မဟာမိတ်များ ဖြစ်လာကြပေလိမ့်မည်။
ထို့အပြင် ကျောက်လင်းသာ ပိုမိုအင်အားကြီးမားလာပြီး ခိုင်မာသော အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ပါက ၎င်းမှာ လူသားမျိုးနွယ်အတွင်း ကျိရုရွှယ်အတွက် အခိုင်အမာ ထောက်တိုင်တစ်ခု ဖြစ်လာပေလိမ့်မည်။ ဂြိုဟ်သားများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်နှင့်အမျှ ပိုမိုအစွမ်းထက်လာသော ကျောက်လင်း၏ နာမည်ဂုဏ်သတင်းမှာလည်း လူသားမျိုးနွယ်အတွင်း တဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။ အင်အားကြီးမားသော ထောက်ခံသူများစွာရှိလာပါက တစ်နေ့တွင် ကျောက်လင်းအတွက် လူသားတို့၏ အထက်ဆုံးခေါင်းဆောင်နေရာကို ရယူနိုင်မည့် အခွင့်အရေးမှာလည်း ရှိလာနိုင်သည်။