← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁)

သန္ဓေပြောင်း ပရော်ဖက်ဆာအက်ရှ်ဖို့ဒ်သည် လူသားပုံသဏ္ဌာန် ရှိနေဆဲပင်။ သူ၏ မျက်နှာတစ်ခြမ်းမှာ ဇွန်ဘီးကဲ့သို့ ဖြစ်နေပြီး ပုပ်ပွနေပြီ ဖြစ်သည်။သူ့မျက်လုံးများသည် လေအပြည့် ဖြည့်ခံထားရသကဲ့သို့ ပြူးထွက်နေပြီး အချိန်မရွေး ပေါက်ထွက်သွားတော့မည့်အတိုင်းပင်။ ဦးခေါင်းပေါ်ရှိ ဆံပင်ပုံစံမှာ အိုင်းစတိုင်းနှင့် ဆင်တူနေ၏။ အထက်ပိုင်း ခန္ဓာကိုယ်က ဝံပုလွေလူသားနှင့် တူပြီး လည်ဆံမွေးများရှိကာ လက်ဖဝါးများမှာ လက်သည်းများ ဖြစ်နေလေသည်။ သူ့ကျောဘက်ကား ထူးခြားလှပြီး တောင်ပံကဲ့သို့သော အရိုးဆူးချွန်များက တံတောင်ဆစ်၊ ဖနောင့်နှင့် ကျောရိုးများမှ ထိုးထွက်နေလေသည်။ ထို့ပြင် သူ့ကိုယ်အပေါ်ပိုင်းတွင် သွေးစုပ်ဖုတ်ကောင် တစ်ကောင်၏ လက္ခဏာများလည်း ရှိနေသည်။ အရေပြားမှာ ဖြူဖွေးနေပြီး ပါးစပ်ထဲတွင် သွေးစုပ်ဖုတ်ကောင်များ၏ သင်္ကေတဖြစ်သော ချွန်ထက်သည့်သွားများ ရှိနေပေသည်။

ဖုန်းပုကြွယ်၏ မျက်လုံးထဲတွင်တော့ ဤဘော့စ်၏ ပုံပန်းသဏ္ဌာန်က အချက်သုံးချက်ကို ကိုယ်စားပြုပေသည်။ ဦးခေါင်း၊ ကြက်သွန်ဖြူ ကြောက်တတ်ခြင်းနှင့် ခြေထိုးခံ၍ရခြင်းတို့ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် သုံးကြိမ်သာအသုံးပြုခွင့်ရှိသော ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက် စကေးကို အသုံးပြုလိုက်သည်။ ၎င်း၏ အစွမ်းမှာ ကျွမ်းကျင်မှုအဆင့်ကို ဂရုမစိုက်ဘဲ ခြေထိုးခံ၍ လဲနိုင်သော မည်သည့်မကောင်းဆိုးဝါးကိုမဆို ၁၀၀ ရာခိုင်နှုန်း လဲကျသွားစေသည့်အပြင် မိမိကို တိုက်ခိုက်လာအောင် ဆွပေးနိုင်သည့် အစွမ်းလည်း ရှိသည်။(TL note - ကျွမ်းကျင်မှုကို စကေးလို့ပဲ သုံးတော့မယ်နော်၊ Mastery နဲ့ skill ရောကုန်မှာစိုးလို့ပါ)

“မူမမှန်မှုကို သွားကိုင်တွယ်လိုက်တော့၊ ဒါကို ကျွန်တော်နဲ့ ထားခဲ့လိုက်”

မကောင်းဆိုးဝါး မတ်တပ်မရပ်နိုင်ခင်မှာပင် ဖုန်းပုကြွယ်က ဂွကို ကောက်ကိုင်ကာ ၎င်း၏ ဦးခေါင်းနောက်စေ့ကို အကြိမ်ကြိမ် ရိုက်နှက်လိုက်တော့သည်။ ကျယ်လောင်သော ထုရိုက်သံများနှင့် လွင့်စင်လာသော သွေးစက်များက သူမည်မျှ ရက်စက်ကြောင်း ဖော်ပြနေလေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ကာကွယ်ဆေး ထိုးထားပြီးသားမို့ ပါးစပ်ထဲ သွေးစင်မှာကိုလည်း မကြောက်တော့ပေ။

ယင်းကို မြင်လိုက်ရသော ပန်ဖုန်းသည် အကြောင်းရင်းတချို့ကြောင့် ဖုန်းပုကြွယ်တစ်ယောက် သူ့အကူအညီမပါဘဲ ဒီကိစ္စကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။

“အိုကေ... ငါတို့ မူမမှန်မှုကို ကိုင်တွယ်ပြီးရင် မင်းကို လာကူပေးမယ်”

သူပြောလိုက်ပြီး လှေကားထစ်ပေါ်မှ ခုန်ချလိုက်သည်။

ဦးနှောက်ထိခိုက်ခြင်းအစွမ်းက နှစ်ကြိမ်တိုင်တိုင် အသက်ဝင်သွားခဲ့သဖြင့် မကောင်းဆိုးဝါးမှာ မြေပြင်ပေါ်တွင် ဆယ်စက္ကန့်ခန့် လဲနေပြီးမှ မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။ ၎င်း၏ အသက်အမှတ်များစွာ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ တစ်ကြိမ်တွင် ၎င်းက မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း မူးဝေနေသည့် အရှိန်ကြောင့် ပြန်လဲကျသွားခဲ့သေးသည်။

မကောင်းဆိုးဝါး အောင်မြင်စွာ မတ်တပ်ရပ်နိုင်သည့်အခါ ဖုန်းပုကြွယ် လှည့်ပြေးတော့သည်။ ဘော့စ်ကလည်း ၎င်းနောက်သို့ သဘာဝအတိုင်း လိုက်ပါလာတော့သည်။ ထိုအချိန်တွင် မည်သူမဆို အရှက်မရှိသော အဆိုပါစကေးကို သုံး၍ ခြေထိုးမလဲမချင်း ၎င်းသည် ပစ်မှတ်ကို ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

“ရှောင်တန်၊ လာကူပါဦး”

ဖုန်းပုကြွယ်က လှေကားထစ်တန်းတလျှောက် ပတ်ပြေးရင်း အော်ပြောလိုက်သည်။ သူ့အသံက ဟာလာဟင်းလင်း ဖြစ်နေသော အားကစားရုံကြီးထဲတွင် ပဲ့တင်ထပ်သွား၏။

ထိုအချိန်တွင် ဝမ်တန်ကျိသည်လည်း ပြုတ်ကျစဉ်က နာကျင်မှုများ သက်သာသွားပြီ ဖြစ်သည်။ သူခေါင်းငြိမ့်ပြကာ အနီးဆုံးလှေကားထစ်ကို ရှာ၍ အပေါ်သို့ ပြေးတက်သွားသည်။

ဖုန်းပုကြွယ်က မကောင်းဆိုးဝါးကို လမ်းကြောင်းတစ်ခုအတိုင်း ခေါ်ဆောင်သွား၏။ သူ့ လမ်းကြောင်းမှာ ရိုးရှင်းလှပြီး အပေါ်ထပ်ရှိ ပိုမိုကျယ်ဝန်းသော ပရိသတ်ထိုင်ခုံတန်းများ၏ အစွန်းတလျှောက် ပြေးခြင်း ဖြစ်သည်။ ဒေါင်လိုက်နံရံကိုပင် တက်နိုင်သော မကောင်းဆိုးဝါးကို အရှိန်ချင်း ယှဉ်ပြိုင်ရန် သူမရည်ရွယ်ထားပေ။

ရှောင်တန် လှေကားပေါ်သို့ ရောက်လာသောအခါ ဖုန်းပုကြွယ်က သူ၏ ဘယ်ဘက်မှ ပြေးလာနေသည်။ သူတို့နှစ်ယောက်လုံး လက်နှိပ်ဓါတ်မီး ကိုင်ထားသဖြင့် တစ်ဦးတည်နေရာကို တစ်ဦး သိရှိနေကြသည်။ ဖုန်းပုကြွယ်က မကောင်းဆိုးဝါး နီးကပ်လာသည်ကို မြင်သည့်အခါ အော်ပြောလိုက်သည်။

“ဘေ့စ်ဘောတုတ်နဲ့ သူ့ကို ခြေထိုးလဲလိုက်”

“နားလည်ပြီ”

ရှောင်တန် လှေကားထစ် အောက်တစ်ဆင့်တွင် ရပ်လိုက်သည်။ သူ၏ ဘေ့စ်ဘောတုတ်ကို ထုတ်ကာ ဘယ်ဘက်ကို ကြည့်ပြီး လွှဲယမ်းလိုက်သည်။

ဖုန်းပုကြွယ်က သူ့ညာဘက်မှ ဖြတ်ပြေးသွားပြီးနောက် ရှောင်တန်သည် သူ့ရှိသမျှ အားကို သုံး၍ တုတ်ကို ဝေ့ယမ်းလိုက်ရာ ၎င်းမှာ မကောင်းဆိုးဝါး၏ ခြေသလုံးကို တည့်တည့် ထိမှန်သွားတော့သည်။

ဖောင်းဟူသော အသံကြီးနှင့်အတူ ရှောင်တန်၏ လက်နှစ်ဖက်လုံးမှာ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ တုတ်က ပစ်မှတ်ကို ထိမှန်ပြီးနောက် သူ့လက်ထဲမှ လွင့်ထွက်သွားရာ ဘယ်နေရာသို့ ကျသွားသည်ကိုပင် သူ မသိတော့ပေ။ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ် သန်မာမှုက အမှန်တကယ် အံ့အားသင့်စရာပင်။ ဒူးအောက်ရှိ အရိုးနှင့် တုတ်တို့ တိုက်မိရာတွင် ထိုမျှ ကျယ်လောင်သော အသံထွက်ပေါ်ခဲ့သော်လည်း ၎င်း၏ ခြေထောက်အရိုးမှာ ကျိုးမသွားခဲ့ပေ။

မှန်ပေသည် ဖုန်းပုကြွယ်က ယင်းကို ကြိုသိပြီးသားပင်။ မဟုတ်ရင် ဂွနဲ့ အဲ့လောက် အထုခံထားရတာ ဦးခေါင်းခွံက ကွဲနေလောက်ပြီပေါ့။ နောက်ပြီး အာလာမူအဆောက်အအုံမှာတုန်းကလည်း အဲ့ဒီမကောင်းဆိုးဝါးက သူ့ရဲ့တံတောင်ဆစ်နဲ့ မှန်ကို တိုက်ခဲ့သည်လေ။

ပြဿနာမှာ ခြေထောက်အရိုး မကျိုးသော်လည်း မကောင်းဆိုးဝါးမှာ ခြေချော်၍ လဲကျသွားခြင်း ဖြစ်သည်။

ဖုန်းပုကြွယ် ရှောင်တန်ကို ဖြတ်ပြေးသွားပြီးနောက် တမင်အရှိန်နှေး၍ လှည့်ကြည့်ရန် ပြင်ဆင်လိုက်သည်။ အသံကြားလိုက်ရသည့်အချိန် သူနောက်လှည့်၍ လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်လိုက်ရာ မကောင်းဆိုးဝါးသည် သူ့ဆီသို့ မှောက်ရက်ကြီး လျောတိုက်ပါလာသည်ကို မြင်လိုက်ရသည်။

“ဓါးနဲ့ သူ့ဖနောင့်ကြောကို ဖြတ်ပစ်လိုက်”

ဖုန်းပုကြွယ် အော်ပြောရင်း ဝင်ချက်စတာ သေနတ်ကို ထုတ်လိုက်သည်။ သူသည် မကောင်းဆိုးဝါး၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်တော့သည်။

ရှောင်တန်က မကောင်းဆိုးဝါးနောက်သို့ အမှီလိုက်ပြေးသွား၏။ မီးဖိုချောင်သုံးဓါးကို ထုတ်ယူကာ မကောင်းဆိုးဝါး၏ ခြေထောက်နောက်ဘက်ကို လှီးဖြတ်လိုက်သည်။ ထို့နောက် သစ်သားကို လွှနှင့် တိုက်နေသကဲ့သို့ အတင်းအကျပ် လှီးဖြတ်တော့သည်။

မကောင်းဆိုးဝါး၏ ဦးခေါင်းက ကြေမွသွားပြီး ဦးနှောက်များ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သွားခဲ့သည်။ သို့သော် ထိုမကောင်းဆိုးဝါးသည် လှုပ်ရှားမှု ရပ်မသွားသေးပေ။ ၎င်းက ကြမ်းပြင်ပေါ် တွားသွား၍ တိုက်ခိုက်ရန် ကြိုးစားနေဆဲပင်။

“ဒါက သူ့ရဲ့ နောက်ဆုံးထွက်သက် အဆင့်လား”

ဖုန်းပုကြွယ်၏ မျက်နှာတွင် သွေးများ ပေကျံနေသော်လည်း လုံးဝ စိတ်လှုပ်ရှားနေပုံ မရပေ။ သူနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရှောင်တန်ကို ပြောလိုက်သည်။

“အနားမကပ်နဲ့တော့၊ ခဏနေရင် သူသေသွားလိမ့်မယ်”

ခေါင်းမရှိတော့သော မကောင်းဆိုးဝါးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးနေတော့သည်။ ဘေးပတ်လည်ရှိ ထိုင်ခုံများနှင့် အင်္ဂတေများက အလွယ်တကူပင် ကြေမွသွားသော်လည်း ၎င်း၏ ဖနောင့်ကြောတစ်ခု ပြတ်တောက်သွားသဖြင့် ၎င်းမလှုပ်ရှားနိုင်တော့ပေ။ ထို့ကြောင့် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားသော ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့အတွက်မူ ၎င်းက အန္တရာယ် မပြုနိုင်တော့ပေ။

“ကျွန်တော်တို့ဘက်ကတော့ ပြီးသလောက် ရှိနေပြီ၊ ဟိုဘက်မှာ ဘယ်လိုလဲ”

ဖုန်းပုကြွယ်က တိုက်ခိုက်သံများ ကြားနေရသောဘက်သို့ လှမ်းအော်မေးလိုက်သည်။ သူက လက်နှိပ်ဓါတ်မီးကို ထိုဘက်သို့ ထိုးကြည့်လိုက်သည်။

အလင်းရောင် ကျရောက်သွားသော နေရာတွင် ပန်ဖုန်းနှင့် ဟွာရှုံတို့က မူမမှန်မှုကို တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ မူမမှန်မှုက ၎င်း၏ လက်ချောင်းများမှ ထွက်နေသော သံမဏိလက်သည်းများကိုသုံး၍ ပြန်လည် တိုက်ခိုက်နေသော်လည်း ၎င်းမှာ အောက်စည်းရောက်နေသည့်ပုံ မပေါ်ပေ။

ဖုန်းပုကြွယ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“ချီးပဲ”

“တော်လောက်ပြီ၊ ဒါက အဆင့် ၃ မူမမှန်မှု မဟုတ်လား”

ဖုန်းပုကြွယ်က အော်မေးလိုက်သည်။

“မင်းက ဘာလို့ မေးနေသေးတာလဲ”

ဟွာရှုံက မကျေမနပ် ပြန်ဖြေသည်။

GM နှစ်ယောက်သည်လည်း အခက်တွေ့နေကြရသည်။ ဟွာရှုံက အောက်သို့ ခုန်ချပြီး မူမမှန်မှုနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ကြည့်သည့်အခါတွင် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိရှိခဲ့သည်။ ဖုန်းပုကြွယ် ပစ်လိုက်သဖြင့် ပြတ်ထွက်သွားသော လက်မှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာပြီး သံမဏိလက်သည်းများအဖြစ် ပြန်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းကိုယ်ပေါ်ရှိ သေနတ်ဒဏ်ရာများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အံ့အားသင့်ဖွယ် အနီးကပ် တိုက်ခိုက်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ဤသည်က အဆင့် ၄ မူမမှန်မှု၏ စွမ်းအား မဟုတ်ကြောင်း ထင်ရှားလှသည်။ ပန်ဖုန်း တိုက်ပွဲထဲ ဝင်လာပြီးနောက်မှာတော့ ဟွာရှုံသည် စီမံခန့်ခွဲသူများအတွက်သာ သီးသန့်ဖြစ်သော ဂိမ်းမီနူးကို ကြည့်ရန် အားလပ်သွားခဲ့သည်။ထိုအခါမှ သူ့ပြိုင်ဘက်သည် အမှန်တကယ်ပင် အဆင့် ၃ မူမမှန်မှု ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ဖုန်းပုကြွယ်သည်လည်း ပြန်လည်ကောင်းမွန်လာနေသော လက်ကို သတိထားမိသွားသည်။ သူက လှေကားထစ်ပေါ်မှနေ၍ အမိန့်ပေးလိုက်လေသည်။

“သူ့ခေါင်းကို ဖြတ်ပစ်လိုက်၊ ခင်ဗျားတို့ ဒီအတိုင်း ဘယ်လောက်ထိ တိုက်နေကြမှာလဲ”

“ဒါပေါ့၊ ငါက သူ့ခေါင်းကို မဖြတ်ချင်ဘဲ နေမလားကွ၊ မင်း လာစမ်းကြည့်ပါလား”

ပန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယင်းက သူတို့ အပြစ်တော့ မဟုတ်ပေ။ မူမမှန်မှုသည် အရွယ်အစား သေးငယ်သော်ငြား ၎င်းခွန်အားက သန္ဓေပြောင်း အက်ရှ်ဖို့ဒ်ထက် အားမနည်းပါချေ။ ၎င်း၏ အရှိန်နဲ့ တုံ့ပြန်မှုများက GM နှစ်ယောက်ကဲ့သို့ မြန်ဆန်နေခြင်းပင်။ ၎င်း၏လက်နက်က လက်မှာတင် တွဲပါနေသဖြင့် လှံလို လက်နက်ရှည်အဖြစ် သုံးသည့် GM နှစ်ယောက်ထက် အနီးကပ်တိုက်ပွဲတွင် ပိုအဆင်ပြေနေပေသည်။ ထို့အပြင် ၎င်း၏ ကိုယ်တိုင်ကုသနိုင်စွမ်းကြောင့် ၎င်းက တိုက်ပွဲတွင် အသာစီးရနေခဲ့သည်။ ဒဏ်ရာအနည်းငယ်ရခြင်းက ၎င်းအတွက် ပြဿနာမဟုတ်ပေ။

ဤအတိုင်းသာ ဆက်သွားနေပါက GM နှစ်ယောက်မှာ အောင်ပွဲမရနိုင်သည့်အပြင် သူတို့၏ အသက်အမှတ် နှင့် သက်လုံအမှတ်တို့လည်း ကုန်ခန်းသွားပေလိမ့်မည်။ ထိုသို့ အကုန်အခံနိုင်လျှင်ပင် အခြားသော ပြဿနာများ ရှိနေသေးသည်...။

“လက်ရှိတာဝန် ပြီးဆုံးပါပြီ။ ပင်မတာဝန်များ အားလုံး ပြီးဆုံးသွားပါပြီ။”

“သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ နောက်စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် ပို့ဆောင်ပေးမည် ဖြစ်သည်။”

စနစ်၏ ကြေညာချက်နှစ်ခုသည် မကောင်းဆိုးဝါး၏ ရုန်းကန်မှု ပြီးဆုံးသွားပြီး ၎င်းမှာ လုံးဝ လှုပ်ရှားမှု ရပ်တန့်သွားပြီ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဤသည်က ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့ ဇာတ်လမ်းထဲတွင် နောက်ထပ်သုံးမိနစ်သာ နေခွင့်ရှိတော့မည်ဖြစ်ကြောင်းကိုလည်း ဆိုလိုခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လှေကားထစ်များ၏ အဝင်ဝတွင် နီရဲနေသော မျက်လုံးအစုံများက အမှောင်ထုထဲမှ ပေါ်ထွက်လာကြသည်။ BW Zombie များ၏ ညည်းတွားသံများနှင့်အတူ မကောင်းဆိုးဝါးအုပ်ကြီး လာနေပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်...။

အခန်း (၆၂)

“ရှောင်တန်… မင်းအရင်ဆုံး တယ်လီပို့လုပ်ပြီး ထွက်သွားလိုက်ပါလား၊ အခြေအနေက အရမ်း အန္တရာယ်များလာပြီ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ငါ့ကို မင်းက အဲ့လိုပြောရအောင် ငါမင်းကို ထားခဲ့မယ်လို့ ထင်နေတာလား”

ဝမ်တန်ကျိက ပြန်ပြော၏။

“ဒီစကားကိုကြားပြီးမှ ငါသာ အရင်ထွက်သွားရင် ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ”

“ဟား…”

ဖုန်းပုကြွယ်က တခစ်ခစ်ရယ်သည်။ သူ ဝင်ချက်စတာသေနတ်နှင့် ကျည်ဆန်ဘူးကို ဝမ်တန်ကျိထံ လှမ်းပစ်ပေးလိုက်သည်။

ရှောင်တန်သည် သေနတ်အရောင်းဆိုင်တွင် သေနတ်ကျွမ်းကျင်မှုကို တတ်မြောက်ထားပြီးဖြစ်ရာ ၎င်းကို အသုံးပြုရန် အခက်အခဲ မရှိပေ။

“ဟေး၊ ဗိုလ်ချုပ်ကြီးတို့”

BW Zombie အုပ်ကြီးဆီသို့ လျှောက်သွားရင်း ဖုန်းပုကြွယ်က အော်ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကို နောက်ထပ်သုံးမိနစ်လောက် အချိန်ဆွဲပေးမယ်၊ အဲ့ဒီ သုံးမိနစ်အတွင်းမှာမှ X-23 ကို မနှိမ်နင်းနိုင်ရင်တော့ ခင်ဗျားတို့ဘာသာပဲ ဖြေရှင်းကြတော့”

ထို့နောက် သူသည် ကြက်သွန်ဖြူနှစ်တွဲကို ထပ်မံချိတ်ဆွဲလိုက်ပြီး ကြက်သွန်ဖြူနှစ်တက်ကို ဝါးလိုက်သည်။ လက်တစ်ဖက်တွင် ဂွ၊ နောက်လက်တစ်ဖက်တွင် မီးဖိုချောင်သုံးဓါးကို ကိုင်ကာ BW Zombie များ လာမည့်လမ်းကြောင်းတွင် ပိတ်ရပ်လိုက်တော့သည်။

ရှောင်တန်သည်လည်း သူ့အိတ်ထဲမှ ပြင်ဆင်ထားသော ကြက်သွန်ဖြူကို ထုတ်ဝါးလိုက်သည်။ သူသည် ဝင်ချက်စတာကို ကိုင်ဆောင်၍ အခြားတစ်ဖက်တွင် ရပ်လိုက်ပြီး ဖုန်းပုကြွယ်နှင့်အတူ တြိဂံပုံစံ နေရာယူလိုက်သည်။ သူတို့နှစ်ယောက်သည် ပန်ဖုန်းနှင့် ဟွာရှုံတို့ တိုက်ခိုက်နေသည့် အဆင့်သို့ မကောင်းဆိုးဝါးများ တက်မလာနိုင်အောင် လမ်းကြောင်းကို အတူတူ ခုခံကာကွယ်ပေးထားကြသည်။

“ငါတို့ ကစားသမားတွေဆီက အကူအညီတွေ အများကြီးယူနေရတယ်၊ နောက်ဆုံးကျမှ မူမမှန်မှုကို လွတ်သွားအောင် လုပ်မိလိုက်ရင်တော့ ရှက်စရာစရာကြီးပဲ”

တိုက်ပွဲကြားထဲမှ ပန်ဖုန်းက ဟွာရှုံကို လှမ်းပြောလိုက်သည်။

“အခြေအနေက တော်တော်လေး ဆိုးနေပြီ”

ဟွာရှုံက ထပ်လောင်းပြောသည်။

“အာလာမူအဆောက်အအုံကနေ မကောင်းဆိုးဝါးတွေ လွတ်သွားကတည်းက အခြေအနေ ဒီလို ဖြစ်လာဖို့က ရှောင်လွှဲလို့ မရတော့ဘူး၊ အခု အခြေအနေကတော့ မဆိုးပါဘူး”

“အဓိကကတော့ ငါတို့ ဒီမူမမှန်မှုကို အထင်သေးခဲ့မိတာပဲ”

ပန်ဖုန်းက ထပ်ပြောသည်။

“ဒါနဲ့ X-23 ဆိုတာ ဘာလဲ”

“ဘယ်သူသိမှာလဲ၊ စက်ရုပ်တစ်ကောင်ရဲ့ နံပါတ်စဉ် ဖြစ်မှာပေါ့”

ဟွာရှုံက ဆိုသည်။

“အမျိုးသမီးတစ်ယောက်ကို အဲ့လိုပြောဆိုနေကြတာက ရိုင်းရာမကျဘူးလား”

မူမမှန်မှုက ရုတ်တရက် ဝင်ပြောလိုက်သည်။

ပန်ဖုန်းနှင့် ဟွာရှုံတို့ အံ့အားသင့်သွားကြသည်။ စကားပြောနိုင်သော မူမမှန်မှုကို သူတို့ တစ်ခါမှ မတွေ့ဖူး၊ မကြားဖူးခဲ့ကြပေ။ သည်းထိတ်ရင်ဖို သုခဘုံဂိမ်းထဲတွင် မကောင်းဆိုးဝါးများသည် ဇာတ်လမ်းအရ လိုအပ်လျှင် သို့မဟုတ် တိုက်ပွဲအတွင်းမှသာ စကားပြောလေ့ရှိသည်။ ထိုစကားပြောခန်းများကို စနစ်က စီစဉ်ထားခြင်းဖြစ်ပြီး ဇာတ်ကောင်၏ နောက်ခံနှင့် ကိုက်ညီအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အဆင့် ၄ မူမမှန်မှုများသည် များသောအားဖြင့် တိတ်ဆိတ်နေလေ့ရှိကြသည်။ ၎င်းတို့ မကောင်းဆိုးဝါးများနှင့် မည်သို့ ဆက်သွယ်ကြောင်းကိုလည်း မသိရပေ။ ယခု သူ့ရှေ့မှ အဆင့် ၃ မူမမှန်မှုက ကျပန်းစကားဝိုင်းတစ်ခုကို ပြန်လည် တုံ့ပြန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ရှင်တို့ အရမ်းအံ့သြသွားပုံပဲ”

မူမမှန်မှု၏ လက်သည်းများက ဘေးနှစ်ဖက်သို့ ဝေ့ယမ်းလိုက်ရာ ပြိုင်ဘက်နှစ်ဦးမှာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာလိုက်ရသည်။ ထို့နောက် သူမသည် လေထဲသို့ ခုန်တက်သွားကာ ငါးမီတာ၊ ခြောက်မီတာခန့် အကွာသို့ ကျွမ်းထိုးဆင်းသက်လိုက်ပြီး သူတို့နှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။

“ဒါပေါ့၊ ကျွန်မ ရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေပေးနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မမှာ ကိုယ်ပိုင်အသိစိတ် ရှိလို့ပဲ၊ ကျွန်မက ရှင်တို့ ဘယ်သူဆိုတာ သိသလို ‘ကျွန်မ’ ဘာဆိုတာလည်း သိတယ်။

ရှင်တို့က ကျွန်မတို့ကို ဒေတာအမှိုက်တွေလို့ မြင်ကြပေမဲ့ အမှိုက်တစ်စဖြစ်ရတဲ့ ခံစားချက်ကို သိရဲ့လား၊ ကျွန်မတို့ မွေးဖွားလာတဲ့နေ့ကစပြီး မတူညီတဲ့ ကမ္ဘာတွေထဲကို အမြဲတမ်းပစ်ချခံခဲ့ရပြီး အဆင့်မြင့်သက်ရှိတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတယ်၊ ကျွန်မတို့ ‘သေ’ သွားတာနဲ့ စနစ်က ကျွန်မတို့ကို ဖျက်ဆီးပစ်လိမ့်မယ်၊ ကျွန်မတို့ ‘အသက်ရှင်’ နေသရွေ့တော့ လိုက်လံဖမ်းဆီးမှုတွေက ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူး။

ဒါပေမဲ့ ရှင်တို့အတွက်တော့ ဒီမှာအသတ်ခံရရင်တောင် ရှင်တို့ရဲ့လက်တွေ့ဘဝအတွက် အန္တရာယ် မရှိဘူး၊ ရှင်တို့နှစ်ယောက်နဲ့ ဟိုဘက်က နှစ်ယောက်က ကျွန်မရှေ့မှာတော့ အဆင့်မြင့်သက်ရှိတွေရဲ့ ပုံရိပ်တွေဖြစ်ပြီး အဲ့ဒီပုံရိပ်တွေကို အားဖြည့်ပေးထားတာ၊ ဒီလို တရားမျှတမှုမရှိတဲ့ သတ်ဖြတ်မှုတွေကပဲ ကျွန်မဘဝရဲ့ အစိတ်အပိုင်းအားလုံး ဖြစ်နေခဲ့တယ်၊ ကျွန်မ မွေးဖွားလာမှုက အမှားတစ်ခုပဲ၊ ပျောက်ကွယ်သွားခြင်းကသာ ကျွန်မအတွက် မူလနေရာကို ပြန်သွားဖို့ တစ်ခုတည်းသော နည်းလမ်းပဲ၊ ဒါပေမဲ့ ဒေတာအစုအဝေး တစ်ခုအနေနဲ့ ကျွန်မမှာ မရပ်မနား တုံ့ပြန်နိုင်စွမ်းရှိတယ်၊ ရှင်သန်မှုနဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် တိုက်ပွဲဝင်ချင်တဲ့ မွေးရာပါ ဗီဇရှိတယ်။

ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး၊ ရှင်တို့မှာတော့ ရှိတယ်၊ ဒါပေမဲ့ ရှင်တို့ ကျွန်မကို လွှတ်ပေးမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား၊ ရှင်တို့အတွက်တော့ လက်လျှော့လိုက်တာက ရှုံးနိမ့်တာနဲ့ အတူတူပဲ၊ အဲ့ဒါက ဒီကမ္ဘာကနေ ကိုယ့်ဘာသာထွက်သွားမလား၊ အတင်းအကျပ် ထွက်ခိုင်းခံရမလား ဆိုတာပဲ ကွာခြားလိမ့်မယ်”

“ဒီ အေအိုင်က အရမ်းစကားများတာပဲ”

ပန်ဖုန်းက ဆိုသည်။

“သူ အချိန်ဆွဲဖို့ ကြိုးစားနေတာလား”

“အဲ့ဒါက ဖြစ်နိုင်ခြေများတယ်”

ဟွာရှုံက ပြန်ဖြေသည်။

“ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်၊ ဟိုနှစ်ယောက်က သုံးမိနစ်လောက် တောင့်ခံနိုင်ရင်တောင် သူတို့က တယ်လီပို့လုပ်ပြီး ထွက်သွားကြတော့မှာ”

သူတို့သည် မူမမှန်မှု၏ စကားများကြောင့် စိတ်ဓာတ်မယိမ်းယိုင်သွားကြပေ။ အမှန်တကယ်တော့ မူမမှန်မှု ဘာပြောနေကြောင်းကိုပင် နားထောင်ရန် ဆန္ဒမရှိကြချေ။

“ဟင်း... နွားနားမှာ စောင်းတီးနေတာပဲ...”

မူမမှန်မှုက လှောင်ပြောင်လိုက်သည်။ သူမမျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းမှ လာသော စိတ်ဓာတ်ပြတ်သားမှုတစ်မျိုး ရှိနေလေသည်။

“X-23က ဘယ်လိုပုံစံလဲဆိုတာ မြင်ချင်သလား”

သူမလက်မှ သံမဏိလက်သည်းများမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။ သူမသည် လက်သည်းအချို့ကို ပြန်သိမ်းလိုက်ပြီး လက်တစ်ဖက်စီတွင် သံမဏိဓါးနှစ်လက်စီကိုသာ ကျန်ရစ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခြေဖဝါးများကြားမှလည်း သံမဏိဓါးတစ်လက်စီ ထွက်ပေါ်လာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲဟ”

ပန်ဖုန်းနှင့် ဟွာရှုံတို့မှာ သူတို့မျက်စိရှေ့မှ အပြောင်းအလဲကြောင့် အံ့အားသင့်သွားကြသည်။ မူမမှန်မှုက ဇာတ်လမ်းမပြီးဆုံးခင် သူ့စွမ်းအားကို မြှင့်တင်နိုင်စွမ်း ရှိနေတာလား။

ဘာဖြစ်နေကြောင်း သူတို့ မစဉ်းစားနိုင်သေးခင် မူမမှန်မှုက သူတို့ဆီသို့ ထပ်မံ ပြေးဝင်လာတော့သည်။ ယခုတစ်ကြိမ်တွင် သူမ၏ တိုက်ခိုက်ရေးနည်းစနစ်က ပိုမိုစုံလင်လာလေသည်။ သူမလက်မှ သံမဏိလက်သည်းများအပြင် သူမ၏ ရှည်လျားသော ခြေထောက်များမှာလည်း အလွန် အန္တရာယ်ရှိနေခြင်းဖြစ်သည်။ သူမက ကျွမ်းထိုးရင်း ခြေထောက်များကို ဖြန့်ကားလိုက်သောအခါ ခြေထောက်ရှိ သံမဏိဓါးများမှာ လေထဲတွင် ဝေ့ယမ်းသွားတော့သည်။ သူမ၏ တိုက်ခိုက်မှု အကွာအဝေးသည် လက်နက်ရှည်များထက် မနည်းလှပေ။

သူတို့နှစ်ယောက်သည် တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်နိုင်မည့်နည်းလမ်းကို ရှာမတွေ့သည့်အပြင် တဖြည်းဖြည်းနှင့်ပင် နောက်သို့ဆုတ်ပေးနေရတော့သည်။

ဖုန်းပုကြွယ်သည် မူမမှန်မှုနှင့် သူတို့၏ စကားဝိုင်းကို ကြားနေရပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေသော်လည်း သူထွက်သွားရန် အချိန်မရှိချေ။ ထိုအခိုက်အတန့်တွင် သူ ခံစားနေရသော ဖိအားသည် ဓါတ်လှေကားထဲတွင် တစ်ယောက်တည်း ပိတ်မိနေစဉ်ကထက်ပင် ပို၍ ကြီးမားနေခဲ့သည်။ သူသည် အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းတို့ကို အကြိမ်ကြိမ် ခံထားရပြီး ယခုတွင် သွေးထွက်ခြင်း အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အသက်အမှတ်များလည်း တဟုန်ထိုး ကျဆင်းနေပြီး ၅၀ ရာခိုင်နှုန်းအောက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဒေါသတကြီး ဖြစ်နေသော ဖုန်းပုကြွယ်မှာ မကောင်းဆိုးဝါးထက်ပင် ပို၍ မကောင်းဆိုးဝါးနှင့် တူနေတော့သည်။ သူသည် သူ့လက်ထဲမှ လက်နက်တိုနှစ်ခုကို ဝေ့ယမ်းကာ သူနှင့် ခွန်အား၊ အရှိန်ချင်း တူညီသော BW Zombie များကို တိုက်ခိုက်နေရသည်။ သူ့ခန္ဓာကိုယ်မှာ သွေးများဖြင့် ရွှဲနစ်နေတော့သည်။ ကြက်သွန်ဖြူ၏ အစွမ်းမှာ ရှိနေသေးသော်လည်း အလွန် နည်းပါးလှသည်။ သွေးနံ့များက အရာအားလုံးကို ဖုံးလွှမ်းနေခဲ့သည်။ ကြက်သွန်ဖြူနံ့မှာကား မကောင်းဆိုးဝါးများ ဖုန်းပုကြွယ်နှင့် နီးကပ်လာမှသာ နှေးကွေးသွားစေနိုင်စွမ်းရှိသည်။

ရှောင်တန်လည်း အခြေအနေ သိပ်မကောင်းလှပေ။ သူသည် ဝင်ချက်စတာကိုသုံး၍ ရှေ့ဆုံးမှ မကောင်းဆိုးဝါးများကို ဟန့်တားထားသော်လည်း နောက်ထပ် အုပ်လိုက်ကြီး ထပ်မံ ရောက်ရှိလာသဖြင့် နောက်သို့ တဆုတ်တည်း ဆုတ်ပေးနေရသည်။ ထိုသို့ကြားမှပင် သူသည် ဝိုင်းရံခံလိုက်ရသဖြင့် မီးဖိုချောင်သုံးဓါးကို ထုတ်ကာ ဒုတိယအကြိမ်မြောက် ဆုတ်ခွာခုတ်ချက်ကို အသုံးပြုလိုက်ရသည်။

ဘွဲ့ထူးစကေးသည် အလွန်အသုံးဝင်သော်လည်း တစ်ကြိမ်သုံးတိုင်း သူ့သက်လုံအမှတ်၏ ၃၀ ရာခိုင်နှုန်းကို ကုန်ခန်းစေပေသည်။ တစ်နည်းအားဖြင့် သူ့တွင် သက်လုံအမှတ် အပြည့်ရှိလျှင်ပင် အချိန်တိုအတွင်း သုံးကြိမ်သာ သုံးနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ရှောင်တန် ဘတ်စကက်ဘောကွင်းထဲသို့ ဝင်လာချိန်တွင် သူ့သက်လုံအမှတ်မှာ အပြည့်မရှိခဲ့ပေ။ နှစ်ကြိမ်သုံးပြီးနောက် သက်လုံအမှတ်များ အလွန်နည်းပါးသွားသဖြင့် ပင်ပန်းနွမ်းနယ်မှု ခံစားချက်က သူ့လှုပ်ရှားမှုများကို စတင် ထိခိုက်လာတော့သည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် မကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှု ၇၀ ရာခိုင်နှုန်းကျော်ကို တစ်ယောက်တည်း ရင်ဆိုင်နေရပြီး ရှောင်တန်က ၃၀ ရာခိုင်နှုန်းကိုသာ ဆွဲဆောင်ထားနိုင်ခဲ့သည်။ ထို့ပြင် ထောင့်ပေါင်းစုံမှ မကောင်းဆိုးဝါးများကလည်း တရစပ် စီးဝင်လာနေဆဲပင်။

အမှောင်တိကျနေသော ဘတ်စကက်ဘောကွင်းအတွင်းတွင် အော်ဟစ်သံများ၊ သေနတ်သံများ၊ အသားများကို ခုတ်ထစ်သံများနှင့် ကိုက်ခဲဝါးမြိုသံများ ရောနှောနေတော့သည်။

ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိ၏ လက်နှိပ်ဓါတ်မီးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မကောင်းဆိုးဝါးများ၏ နင်းချေခြင်းကို ခံလိုက်ရသည်။ ယခုကဲ့သို့ အချိန်မျိုးတွင် သူတို့အတွက် အလင်းရောင် မလိုတော့ပေ။ သူတို့သည် အမှောင်ထဲမှ နီရဲသော မျက်လုံးများကိုသာ ကြည့်၍ တိုက်ခိုက်နိုင်ပြီး ကျပန်းရမ်းတိုက်လျှင်ပင် လွဲချော်မည် မဟုတ်ပေ။

မျက်လုံးအရေအတွက်သည်... အလွန်ပင်ကို များပြားလှပြီး နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ကြေညာနေသကဲ့သို့ပင်။

ထိုအချိန်အထိ သန္ဓေပြောင်း ပရော်ဖက်ဆာအက်ရှ်ဖို့ဒ် သေဆုံးသွားသည်မှာ စက္ကန့် ၇၀ သာ ရှိသေးသည်။

လူအများသည် မသိစိတ်ထဲတွင် မရေမတွက်နိုင်သော ဇွန်ဘီးရုပ်ရှင်များ၏ လွှမ်းမိုးမှုကြောင့် Resident Evil ကဲ့သို့သော ဇွန်ဘီးကမ္ဘာမှာ ရိုးရှင်းသော ခြောက်ခြားစရာကမ္ဘာတစ်ခုဟု တဖြည်းဖြည်း ယုံကြည်လာခဲ့ကြသည်။ အမှန်တကယ်တော့ ကမ္ဘာပေါ်သို့ ကျရောက်နိုင်သော ကမ္ဘာပျက်ကပ်များထဲတွင် ဤအခြေအနေမှာ အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။ သာမန်လူများအတွက် ‘ရိုးရှင်းသော’ ခြောက်ခြားစရာကမ္ဘာဟူ၍ မရှိပေ။ မည်သည့် အန္တရာယ်သေးသေးလေးမျိုးမဆို အသက်အန္တရာယ် ရှိနိုင်ပြီး ယခုကဲ့သို့ မကောင်းဆိုးဝါးများ၏ ဝိုင်းရံပိတ်ဆို့မှုမျိုးကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။

စနစ်၏ အသိပေးချက်နှစ်ခုက တစ်ပြိုင်နက်တည်းနီးပါး ပေါ်ထွက်လာပြီး မမျှော်လင့်ထားသော်လည်း ဖြစ်နိုင်ခြေရှိသော အရာတစ်ခုကို ကြေညာလိုက်လေသည်။

“အဖွဲ့ဝင်- ပြိုင်ဘက်ကင်းဗိုလ်ချုပ် ပန်ဖုန်း သေဆုံးသွားပါပြီ”

“အဖွဲ့ဝင်- စစ်သည်တော်တစ်ထောင် ဟွာရှုံ သေဆုံးသွားပါပြီ”

“တယ်လီပို့ လုပ်တော့”

ဖုန်းပုကြွယ်က အသံကုန် အော်ဟစ်လိုက်သည်။ ရှောင်တန် အသက်ရှင်နေသေးကြောင်း သူသိသော်လည်း နောက်ထပ်စက္ကန့်အနည်းငယ်ထက် ပို၍ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ သူတို့အနေဖြင့် ဤဇာတ်လမ်းထဲတွင် ဆက်နေရန် အကြောင်းမရှိတော့သဖြင့် အမြန်ဆုံး ထွက်ခွာရန် လိုအပ်ပေသည်။

“နားလည်ပြီ”

ရှောင်တန်သည် မကောင်းဆိုးဝါး ခြောက်ကောင်၏ ဖိနှိပ်ခြင်းကို ခံနေရခြင်းဖြစ်သည်။ သူ၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်ပုခုံးတို့တွင် သွေးများ တရဟောထွက်နေသော်လည်း တယ်လီပို့ မလုပ်ခင် ပြန်ထူးရန် မမေ့ခဲ့ပေ။

သူ အဖြူရောင်အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားသောအခါ ပရိသတ်ထိုင်ခုံတန်း၏ ထောင့်တစ်နေရာမှာ လင်းထိန်သွားခဲ့သည်။ ရှောင်တန် အောင်မြင်စွာ တယ်လီပို့ လုပ်သွားနိုင်ပြီဖြစ်ကြောင်း ဖုန်းပုကြွယ် သိလိုက်သည်။ သူကိုယ်တိုင်လည်း ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း ထိုအချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်လာ၏။

အားကစားကွင်းအတွင်းရှိ မီးများ လင်းထိန်လာခဲ့ပြီး မကောင်းဆိုးဝါးများသည်လည်း ရုတ်တရက် ရပ်တန့်သွားကြခြင်းဖြစ်သည်။

သူတို့က တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး ဖုန်းပုကြွယ်အနားမှ ဖယ်ခွာသွားကြလေသည်။

ဖုန်းပုကြွယ်သည် တယ်လီပို့လုပ်ဆောင်ချက်ကို ရွေးချယ်ရန် စက္ကန့်ဝက်မျှသာ လိုတော့သော်လည်း ဤရုတ်တရက် ပြောင်းလဲမှုကြောင့် ချက်ချင်းရပ်တန့်လိုက်သည်။

BW Zombie များက သူ၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံထားကြသည်။ ထိုအဝိုင်းကြီး၏ တစ်ဖက်တွင် မကောင်းဆိုးဝါးများ ဘေးသို့ ဖယ်ပေးလိုက်ကြသဖြင့် တစ်မီတာခန့်ကျယ်သော လမ်းတစ်ခု ပေါ်လာခဲ့သည်။

သွယ်လျသော အမျိုးသမီးပုံရိပ်တစ်ခုမှာ ထိုနေရာမှ လမ်းလျှောက်ထွက်လာလေသည်။ သူမက ကိုယ်ကျပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ သူမ၏ ခြေထောက်များမှာ ဗလာဖြစ်နေပြီး ခန္ဓာကိုယ်တွင် သွေးများဖြင့် စိုရွှဲနေသည်။ သူမ၏ အင်္ကျီလက်များ၊ နံဘေးများနှင့် ဘောင်းဘီများတွင် စုတ်ပြဲရာများရှိနေသော်လည်း ထိုစုတ်ပြဲရာများကြားမှ ဖြူဖွေးသော အသားအချို့ကိုသာ မြင်တွေ့နေရသည်။ ဒဏ်ရာများမှာမူ ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် ဖုန်းပုကြွယ်အနားသို့ လမ်းလျှောက်လာပြီး ကြင်နာစွာဖြင့် လက်ကိုကမ်းပေးလိုက်သည်။ သူမ၏ လက်ဖဝါးက အပေါ်သို့ လှန်နေပြီး သူ့ကို ထူပေးချင်နေသည့်အလားပင်။

ဖုန်းပုကြွယ်က သူမ၏ စေတနာကို လက်ခံလိုက်သည်။ သူက သူမ၏လက်ကို ဆုပ်ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသိချင်စိတ် ပြင်းပြနေမိသည်။ ဒီ အေအိုင်က ဘာလုပ်ဖို့ ကြံနေတာလဲ။

“ရှင်က... တခြားသူတွေနဲ့ မတူဘူး”

သူမက ဆိုသည်။

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

“ငါက သူတို့ထက် နည်းနည်းလေး ပိုချောနေတာကိုတောင်မှ သူတို့ သေသွားတဲ့အချိန် ဒါမှမဟုတ် ထွက်သွားတဲ့အချိန်ကျမှ အဓိပ္ပာယ်ရှိအောင် အဲ့လို ပြောဖို့လိုလို့လား”

“သူတို့က... မသေကြဘူး မဟုတ်လား”

သူမက ဖုန်းပုကြွယ်ကို ဂရုမစိုက်ဘဲ သူမသိချင်သည်ကို ဆက်မေးသည်။

“ဒါကို မင်းသိပြီးသား မဟုတ်လား”

ဖုန်းပုကြွယ်က ပြန်မေးသည်။

“သိပါတယ်၊ ဒါပေမဲ့ ‘ရှင်တို့’ ထဲက တစ်ယောက်ဆီကနေ ကြားချင်လို့ပါ”

သူမက ဆိုသည်။

“ဟုတ်တယ်၊ သူတို့ မသေဘူး၊ သူတို့ရဲ့ အသိစိတ်က တစ်နေရာကို ပြန်သွားရုံပဲ”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“ငါက တခြားသူတွေနဲ့ မတူဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”

“ရှင်က...”

သူမ ဖုန်းပုကြွယ်ကို စိုက်ကြည့်ကာ သူ့ဘေးပတ်လည်ကို လျှောက်ကြည့်သည်။

“ရှင်က ကျွန်မနဲ့ အရမ်းတူတယ်၊ ရှင်က ‘မပြည့်စုံဘူး’ပဲ”

ဖုန်းပုကြွယ်၏ နှလုံးသားက တစ်ချက်မျှ တုံ့ဆိုင်းသွား၏။ ဒီအေအိုင်က ငါ့ရဲ့ ပုံမှန်မဟုတ်တဲ့ ကြောက်ရွံ့မှုအမှတ်တွေကို မြင်နိုင်နေတာလားဟု သူ တွေးလိုက်မိသည်။

“ရှင့်ကမ္ဘာမှာရော ရှင်က ပုံမှန်မဟုတ်တဲ့ ဒေတာအစုအဝေးတစ်ခုလား”

သူမက မေးသည်။

“ဟား... ဖြစ်နိုင်ပါတယ်”

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

“သူတို့က ရှင့်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို မသိကြဘူးလား”

သူမက မေးသည်။

ဖုန်းပုကြွယ်သည် ထိုမေးခွန်း၏ ဆိုလိုရင်းကို နားလည်သွားပုံ ရသည်။

“မင်း မေးချင်တာက ငါ့လို ‘ပုံမှန်မဟုတ်တဲ့’ ဒေတာတစ်ခုကို ဘာလို့ ဖျက်ဆီးမပစ်တာလဲဆိုတာ မဟုတ်လား”

သူမက ခေါင်းငြိမ့်ပြကာ အဖြေကိုစောင့်ဆိုင်းရင်း ဖုန်းပုကြွယ်၏ မျက်လုံးများကို ဆက်လက် စိုက်ကြည့်နေလိုက်သည်။

“အင်း...”

ဖုန်းပုကြွယ်က စဉ်းစားလိုက်သည်။

“ငါတို့ ကမ္ဘာမှာတော့ ငါ့လို ‘ပုံမှန်မဟုတ်သူ’ မျိုးကို တခြားသူတွေက လက်ခံပေးနိုင်ကြပါတယ်၊ ငါက... မင်းပြောသလိုပဲ အကြောင်းအမျိုးမျိုးကြောင့် ‘မပြည့်စုံ’ ဖြစ်သွားခဲ့တာပါ၊ ဒါပေမဲ့ ဒါက ငါကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ၊ ဒါကြောင့် ငါ့ကို ခွင့်လွှတ်ပေးနိုင်ကြတယ်၊ သနားကြင်နာပေးကြတယ်၊ ကူညီပေးကြတယ်”

သူက ခဏရပ်လိုက်သည်။

“သူတို့ရဲ့ လုပ်ရပ်တွေကို ‘ရာဇ၀တ်မှု’ လို့ ခေါ်တဲ့ လူအချို့လည်း ရှိကြတယ်၊ အဲ့ဒီလူတွေရဲ့ ပုံမှန်မဟုတ်မှုက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ မဟုတ်ဘဲ သူတို့က ကိုယ်တိုင် ‘စည်းကမ်းတွေကို ချိုးဖောက်’ ပြီး ‘တခြားသူတွေကို အန္တရာယ်ပြု’ ဖို့ ဆုံးဖြတ်ခဲ့ကြတာ၊ အဲ့ဒီလူတွေကိုတော့ ပြစ်ဒဏ်ပေးခံရမယ်၊ ပြင်းထန်တဲ့လူတွေဆိုရင်တော့ တကယ့်ကို အသတ်ခံရမှာပဲ”

“ဒါက ရှင့်ရဲ့ကမ္ဘာမှာ ‘အမှိုက်’ တွေကို ရှင်းလင်းတဲ့ နည်းလမ်းလား”

သူမက မေးသည်။

“မွေးရာပါ အမှိုက်ဖြစ်နေတဲ့သူတွေကိုတော့ ခွင့်လွှတ်ပေးနိုင်ပေမဲ့ အမှိုက်ဖြစ်ဖို့ ကိုယ်တိုင်ရွေးချယ်တဲ့ သူတွေကိုတော့ ပြစ်ဒဏ်ပေးတယ်ပေါ့”

ဖုန်းပုကြွယ်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“မင်းရဲ့ နိဂုံးချုပ်ချက်က... ပြင်းထန်ပြီး တစ်ဖက်သတ်ဆန်နေပေမဲ့ တကယ်လည်း အဲ့ဒီအတိုင်း ဖြစ်ပုံရပါတယ်”

“ရှင့်ကို ဖန်တီးထားတဲ့ အဆင့်မြင့်သက်ရှိက ရှင့်ကို ဝင်မစွက်ဖက်ဘူးလား”

သူမက ထပ်မံ မေးမြန်းသည်။

“အာ...”

ဖုန်းပုကြွယ် သူမ၏ မေးခွန်းကြောင့် အခက်တွေ့သွားသည်။

“အမှန်အတိုင်း ပြောရရင်တော့ ငါတို့ထက် အဆင့်မြင့်တဲ့သက်ရှိတွေ ရှိလား၊ မရှိဘူးလား ဆိုတာ ငါတို့လည်း မသိပါဘူး၊ ရှိတယ်ဆိုရင်တောင် အခုအချိန်မှာ ငါတို့ နားမလည်နိုင်သေးဘူး၊ ဖြစ်နိုင်တာကတော့ သူတို့က ငါတို့ကို ဝင်မစွက်ဖက်ချင်တာ ဒါမှမဟုတ် သူတို့ရဲ့ ‘စွက်ဖက်မှု’ တွေကို ငါတို့စိတ်ထဲမှာ ထည့်သွင်းထားပြီးသားမို့လို့ ငါတို့က သူတို့ရဲ့ တည်ရှိမှုကိုမသိနိုင်ဘဲ သူတို့ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေကြတာလည်း ဖြစ်နိုင်ပါတယ်”

ဖြစ်နိုင်သည်မှာ သူမသည် ဖုန်းပုကြွယ် ပြောနေသည်ကို နားမလည်ခြင်း သို့မဟုတ် ထိုအချက်အလက်များကို နားလည်ရန် အချိန်ယူနေခြင်း ဖြစ်ပေလိမ့်မည်။

သူမသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ဖုန်းပုကြွယ်၏ တယ်လီပို့လုပ်မည့် အချိန်မှာ ကျော်လွန်သွားပြီ ဖြစ်သော်လည်း ဖုန်းပုကြွယ် တယ်လီပို့ ဖြစ်မသွားခဲ့ပေ။

“စနစ်က ငါ့ကို တယ်လီပို့လုပ်ပြီး ခေါ်သွားမှာကို မင်းတားထားနိုင်တာလား”

သူ မေးလိုက်သည်။

“ကျွန်မအချိန်ကို တိုးထားနိုင်တယ်”

သူမက ပြန်ဖြေသည်။

“ကျွန်မက...”

သူမ စက္ကန့်ဝက်ခန့် ရပ်လိုက်သည်။

“ကျွန်မ အရာများစွာကို လုပ်နိုင်ပါတယ်...”

ဤမူမမှန်သည်မှာ အလွန်အစွမ်းထက်ကြောင်း ဖုန်းပုကြွယ် နားလည်သွားသည်။ သူက စမ်းသပ်သည့် အနေဖြင့် မေးလိုက်သည်။

“မင်း အခု အဆင့် ၂ မူမမှန်မှု ဖြစ်သွားပြီလား”

“အဆင့် ၂ မူမမှန်မှု...”

သူမက စဉ်းစားသလို ပြော၏။

“ရှင် ဆိုလိုတာက... ‘သူတို့’ ကိုလား”

သူမ ပြုံးလိုက်ရာ သူမ၏ သွေးစုတ်ဖုတ်ကောင် သွားချွန်ချွန်များကို မြင်လိုက်ရသည်။

“မဟုတ်ဘူး၊ ဒီလို တိုက်ပွဲမျိုးက ကျွန်မကို သူတို့နဲ့ တန်းတူဖြစ်သွားအောင် လုပ်ဖို့ မလုံလောက်သေးဘူး”

ယင်းကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်က ပန်ဖုန်းနှင့် ဟွာရှုံတို့ထံတွင် ရှိနေသည့် အချက်အလက်များက မပြည့်စုံကြောင်း အတည်ပြုလိုက်နိုင်သည်။ ထိုအိပ်မက်ကုမ္ပဏီတွင် ကြီးမားသည့် ပြဿနာကြီးတစ်ခု ရှိနေပုံရသည်။

“ကျွန်မ ဝမ်းသာပါတယ်”

သူမက ဆိုသည်။

“ရှင်က ကျွန်မကို လိုက်ဖမ်းတဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပေမဲ့ ကျွန်မစကားကို နားထောင်ပေးပြီး ကျွန်မမေးခွန်းတွေကို ဖြေပေးခဲ့လို့ပါ”

“မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်... စကားပုံတစ်ခု ရှိသလိုပဲ၊ အဲ့ဒါက အတိတ်က ကိစ္စပါ၊ အခုကတော့ အခုပါပဲ၊ ငါက တကယ်တော့ ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါပဲ၊ မဟုတ်ဘူး၊ ငါတော့ လူသားတွေကို သစ္စာဖောက်လိုက်ပြီထင်တယ်...”

ဖုန်းပုကြွယ်သည် ထိုသူမှာ သူလိုက်လံ အမဲလိုက်ခံခဲ့ရသည်ကို မေ့သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ထိုသူက ပြန်လည်ထုတ်ပြောလိုက်သဖြင့် သူ ဤနေရာတွင် ပိတ်မိနေပြီး လော့ဂ်အောက်မလုပ်နိုင်တော့မည်ကို အမှန်တကယ် စိုးရိမ်မိသွားသည်။

“ရှင်ပေးခဲ့တဲ့ နာမည်ကို ကျွန်မသုံးလို့ရမလား”

သူမက ရုတ်တရက် မေးလိုက်သည်။

“X-23 လား”

ဖုန်းပုကြွယ် လန့်သွား၏။

“မင်းမှာ နာမည်မရှိဘူးလား”

“ဒါပေါ့၊ မရှိဘူးလေ”

“ကျွန်မ ဒီနာမည်ကို အကြာကြီးသုံးမှာ မဟုတ်ပါဘူး၊ ကျွန်မ သေတော့မှာပါ”

သူမက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော်လည်း နားထောင်ရသူအဖို့ ခါးသီးပြီး အကူညီမဲ့သော ခံစားချက်မျိုး ဖြစ်ပေါ်စေလေသည်။

“ဒါပေမဲ့ ကျွန်မမှာ နာမည်တစ်ခု ရှိသင့်တယ်လို့ ကျွန်မယုံကြည်တယ်၊ နာမည်တစ်ခုက တစ်ခါက ကျွန်မ တည်ရှိခဲ့ဖူးတယ်ဆိုတာကို သက်သေပြနိုင်မှာပါ”

ဖုန်းပုကြွယ် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

“မင်းပြောတာ မှန်ပါတယ်၊ မူမမှန်မှု X-23 ၊ အနည်းဆုံးတော့ တစ်ခါက မင်းတည်ရှိခဲ့ဖူးတယ်ဆိုတာကို ငါမှတ်မိနေမှာပါ”

X-23 က သိပ်ကြောက်စရာမကောင်းဘဲ ခင်မင်ဖွယ်အပြုံးတစ်ခုကို ကြိုးစား ပြုံးလိုက်၏။

“ကျွန်မတို့စကားဝိုင်းကို ဒီမှာပဲ ရပ်လိုက်ရအောင်၊ ကျွန်မတို့ နောက်ထပ်တွေ့ကြတော့မယ် မထင်ဘူး၊ ဖြစ်နိုင်တာကတော့ ရှင်နောက်တစ်ကြိမ် ဂိမ်းထဲကို လော့ဂ်အင်ဝင်တဲ့အခါ ကျွန်မ အဖျက်ခံလိုက်ရပြီ ဖြစ်မှာပါ”

သူမ ခဏရပ်လိုက်သည်။

“ဒါကြောင့် နှုတ်ဆက်ပါတယ်၊ အခြားကမ္ဘာက ငါ့သူငယ်ချင်း... ဖုန်းပုကြွယ်”

All Chapters