အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃)
X-23 ဖုန်းပုကြွယ်ကို နှုတ်ဆက်ပြီးချိန်တွင် သူတယ်လီပို့ဖြင့် ထွက်ခွာလာခဲ့သည်။ သို့သော် ဖုန်းပုကြွယ်စိတ်ထဲတွင်တော့ မေးခွန်းတစ်ခုက အမြစ်တွယ် ကျန်ရစ်ခဲ့ပေသည်။ ကိုယ်ပိုင်အသိစိတ်နှင့် အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိစွာ မွေးဖွားလာသည့် ဒေတာအစုအဝေးတစ်ခုအနေဖြင့် မူမမှန်မှုများကို 'အဆင့်မြင့်သက်ရှိပုံစံ' တစ်မျိုးအဖြစ် သတ်မှတ်ပြီး လေးစားမှုပေးသင့်သလား။ သို့မဟုတ် အနည်းဆုံးတော့... သူတို့၏ 'တည်ရှိမှု' ကြောင့်တင် အမဲလိုက်မခံရသင့်ဘူးမလား။ ထိုမေးခွန်းကို သူမတွေးဘဲ မနေနိုင်ခဲ့ပေ။
ဤမေးခွန်း၏ အဖြေကို ဆင်ခြင်တုံတရားဖြင့် ဖြေရှင်း၍ မရနိုင်ချေ။ လောကရှိ အရာအားလုံးကို အမှားအမှန်၊ သင့်တော်၏ မသင့်တော်၏ ဆိုသည်နှင့် ခွဲခြားမရနိုင်ချေ။ ထို့ကြောင့် အချို့သောအရာများတွင် အဖြေမရှိဘဲ ရလဒ်သာ ရှိတတ်ကြသည်။ ဖုန်းပုကြွယ်မှာ သာမန်လူတစ်ဦးသာ ဖြစ်သည်။ ယခုကဲ့သို့ ကိစ္စရပ်မျိုးကို ကိုင်တွယ်ရန် သူ့တွင် စွမ်းအား သို့မဟုတ် အာဏာမရှိချေ။ သူ လုပ်နိုင်သည်မှာ တွေးတောရန်သာ ဖြစ်သည်။
"သင်သည် အဆင့် ၁၃ သို့ ရောက်ရှိသွားပါပြီ။ သက်လုံအမှတ် တိုးလာပါသည်။ လက်ရှိ သက်လုံအမှတ် - ၁၃၀၀/၁၃၀၀"
စနစ်၏ အသိပေးချက်က သူ့ကို အတွေးများထဲမှ ပြန်လည် ဆွဲထုတ်လိုက်သည်။
“အစ်ကိုကြွယ်... အဆင်ပြေရဲ့လား၊ ဘာလို့ ဇာတ်လမ်းထဲက ထွက်တာ ဒီလောက်တောင် ကြာနေရတာလဲ”
ဝမ်တန်ကျိ၏ အသံက ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာ၏။
“စိတ်မပူပါနဲ့၊ ငါ မသေပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါ အဆင့် ၁၃ ရောက်နေပြီ မဟုတ်လား”
ဝမ်တန်ကျိက ပြောသည်။
“အာ... ငါတော့ အဆင့် ၁၂ နဲ့ EXP ၂၀၀၀ လောက်ပဲ ရှိသေးတာ၊ ငါက မင်းထက် ဇာတ်လမ်းတစ်ပုဒ်တောင် ပိုကစားထားတာကို၊ ဒါက စကေးအမှတ် ကွာခြားချက်ပေါ့လေ”
“တကယ်တော့ စကေးအမှတ်ကွာခြားချက်က အဲ့လောက် မကြီးပါဘူးကွာ၊ အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ်ကနေ စကေးအမှတ် ၃၀၀ ဒါမှမဟုတ် ၄၀၀ လောက် ရခဲ့ရင်တောင် အဲ့ဒါက EXP ၃၀၀၀ ကနေ ၄၀၀၀ လောက်ပဲ ကွာတာလေ၊ အဓိကအကြောင်းရင်းက ငါ့ရဲ့ နောက်ဆုံးဇာတ်လမ်းက လျှို့ဝှက်တာဝန်ရဲ့ ဆုလာဘ်က EXP ဖြစ်နေလို့ပဲ၊ အဲ့ဒါအပြင် ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက် တစ်ခုကနေလည်း ငါ့ရဲ့ လက်ရှိ EXP ရဲ့ ၄၀ ရာခိုင်နှုန်းကို ရခဲ့သေးတယ်”
ဖုန်းပုကြွယ်က ရှင်းပြသည်။
“ဟေး... အစ်ကိုကြွယ်၊ မင်းသာ တစ်ကိုယ်တော် ရှင်သန်ခြင်းမုဒ်ကိုပဲ ဆက်တိုက်ကစားပြီး အဲ့ဒီ ၄၀ ရာခိုင်နှုန်း EXP ကိုပဲ ဆက်ရနေမယ်ဆိုရင် မင်းအဆင့်တက်တာ အရမ်းမြန်သွားမှာပေါ့၊ မင်းက ဒီဆာဗာမှာ အဆင့်အမြင့်ဆုံးကို အရင်ရောက်တဲ့သူတောင် ဖြစ်သွားနိုင်တယ်”
“အဲ့ဒါကို ငါ စဉ်းစားဖူးပါတယ်၊ ငါသာ တကယ်စိတ်နှစ်ပြီး လုပ်မယ်ဆိုရင် အောင်မြင်နိုင်မှာပါ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါက ဒီဂိမ်းကစားတဲ့နေရာမှာ ‘လိမ်နည်း’ တစ်မျိုးကို သုံးနေသလို ဖြစ်နေတာလေ၊ အဆင့်အမြင့်ဆုံးကို အရင်ဆုံးရောက်တဲ့သူ ဖြစ်သွားရင် လူတိုင်းရဲ့ ငြိုငြင်တာခံရမယ့် ပစ်မှတ် ဖြစ်သွားလိမ့်မယ်၊ နောက်ပြီး အဆင့်အမြင့်ဆုံးကို အရင်ဆုံးရောက်လို့လည်း ထူးထူးခြားခြား ဆုလာဘ် မရှိပါဘူး၊ နာမည်ကြီးဖို့ စိတ်မဝင်စားတဲ့ ငါ့လို ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ကစားသမားအတွက်တော့ အဲ့ဒါက ပြဿနာတွေပဲ အများကြီး သယ်လာပေးလိမ့်မယ်”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
ဝမ်တန်ကျိက ပြောသည်။
“ဂိမ်းစမ်းသပ်ကာလရဲ့ အမြင့်ဆုံးအဆင့်က အဆင့် ၂၀ ပဲ ဆိုတော့ ဒါက တိုက်ဆိုင်မှု ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တရားဝင်ကာလကျရင် အဆင့် ၅၀ အထိ ရှိလာလိမ့်မယ်၊ အကောင့်တွေကိုလည်း လူတိုင်း မှတ်ပုံတင်ခွင့် ရတော့မှာ၊ အဆင့်အမြင့်ဆုံးကို အရင်ဆုံးရောက်တဲ့သူက ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်မျိုးတောင် ရရင်ရနိုင်တာပဲ မဟုတ်လား”
ဖုန်းပုကြွယ်က ပြုံးလျက် ပြောလိုက်သည်။
“ထူးထူးခြားခြား ကွာခြားသွားမှာ မဟုတ်ပါဘူးကွာ၊ တရားဝင်ကာလကျရင်လည်း ဒီပုံစံက ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ဂိမ်းကုမ္ပဏီက ကောင်းကောင်းသိပါတယ်၊ အဆင့်တွေ အများကြီး ရှေ့ရောက်နေတဲ့ ကစားသမားတွေဆိုတာ စတူဒီယိုအဖွဲ့တွေရဲ့ လည်ပတ်မှုရလဒ်တွေဆိုတာလေ၊ သာမန်ကစားသမားတွေက ဒီပြိုင်ပွဲမှာ ဘယ်လိုမှ ပါဝင်နိုင်မှာ မဟုတ်ဘူး၊ ရနိုင်တဲ့ အရင်းအမြစ်တွေက ကွဲပြားတာကိုး၊ ဂိမ်းကစားချိန်သက်သက်နဲ့တင် အပျော်တမ်း ကစားသမားတွေက ပရော်ဖက်ရှင်နယ် ကစားသမားတွေကို မယှဉ်နိုင်ဘူး၊ ဒါကြောင့်လည်း စမ်းသပ်ကာလမှာ အကြောက်တရားကင်းမဲ့သော ချန်ပီယံက အဆင့် ၂၀ ကို အရင်ဆုံး ရောက်ခဲ့တာပေါ့၊ ဖိုရမ်မှာ ကြေညာတာကလွဲရင် သူလည်း တရားဝင်ဆုလာဘ် ဘာတစ်ခုမှ မရခဲ့ပါဘူး”
နောက်ပိုင်းတွင် ဖုန်းပုကြွယ်၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း လက်တွေ့ သက်သေပြခဲ့သည်။ အိပ်မက်ကုမ္ပဏီသည် အဆင့်အမြင့်ဆုံးသို့ အရင်ဆုံးရောက်ရှိသူကို ထူးခြားသော ဆုလာဘ်များ မပေးခဲ့ပေ။ ထိုကစားသမားနှင့် သူ၏ စတူဒီယိုသည် သူတို့လိုချင်သည့် အာရုံစိုက်မှုကိုသာ ရရှိခဲ့သည်။
အမှန်တကယ်တွင် ယနေ့ခေတ် အွန်လိုင်းဂိမ်းများ၌ နည်းပညာပိုင်းနှင့် ကစားလို့ကောင်းသော ဂိမ်းဖြစ်ပါက အမြင့်ဆုံးအဆင့် နေရာများကို စတူဒီယိုများကသာ သိမ်းပိုက်ထားလေ့ ရှိသည်။ ဂိမ်းလည်ပတ်မှု နှစ်အနည်းငယ်ကြာပြီးနောက် ဂိမ်းအရှိန်ကျဆင်းလာမှသာ စတူဒီယိုများက ဆုတ်ခွာသွားတတ်ကြသည်။ ထိုအခါမှသာ တစ်ဦးချင်းကစားသမား သို့မဟုတ် အပျော်တမ်း ကစားသမားများ ပေါ်ထွက်လာနိုင်သည်။မှန်ပေသည် ထိုအချိန်တွင်တော့ ဂိမ်းကို ကစားသည့် ကစားသမားများ သိပ်မရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထို့နောက်တွင်တော့ မှတ်ပုံတင်ခြင်းကို ပိတ်ခြင်း၊ ဆာဗာများကို ပေါင်းစည်းခြင်းနှင့် နောက်ဆုံးတွင် ဆာဗာများကို ပိတ်ပစ်ခြင်းတို့ ဖြစ်လာပေလိမ့်မည်။
ဉာဏ်ရည်သုံးရန် မလိုသော အချို့ဂိမ်းများတွင်တော့ ပုံစံက ပိုမိုရှင်းလင်းသည်။ မည်သူက ပိုက်ဆံ ပိုသုံးနိုင်သနည်း ဆိုသည့် ပြိုင်ပွဲသာ ဖြစ်သည်။ အဝတ်အစား နည်းပါးသော အမျိုးသမီး ဇာတ်ကောင်များကိုသုံး၍ ရောင်းစားခြင်းနှင့် ရိုင်းစိုင်းသော ကြော်ငြာများမှလွဲ၍ မှတ်သားစရာမှာ ဂိမ်း၏ ရုပ်ထွက်သာ ရှိသည်။ ကစားမှုပိုင်းတော့ ပြောပလောက်စရာ မရှိချေ။ ထိုသို့သော ဂိမ်းများတွင် စတူဒီယိုမှာ အောက်ခြေအဆင့်သာ ရှိသည်။ သူတို့သည် ချမ်းသာသူများအတွက် အလုပ်လုပ်ပေးရသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး ဉာဏ်ရည်မပါဘဲ ထပ်တလဲလဲ လုပ်ရသည့် စက်ရုံအလုပ်ရုံကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်ပေးရသည်။ ၎င်းမှာ လူသားများကို 'လိမ်နည်း' အဖြစ် အသုံးပြုနေသကဲ့သို့ပင်။
ထိုကဲ့သို့သော ဂိမ်းများ၏ သက်တမ်းသည် များသောအားဖြင့် တိုတောင်းတတ်ကြသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ပိုက်ဆံမသုံးသော ကစားသမားများသည် အစောပိုင်းနှင့် အလယ်အလတ် အဆင့်များတွင် ဆက်လက်ကစားရန် မဖြစ်နိုင်တော့ပေ။ လူအနည်းငယ်ကသာ နောက်ဆုံးအဆင့်များအထိ ကြိုးစားကစားကြပြီး အရှုံးပေးသွားတတ်ကြသည်။ ဂိမ်းကိုယ်တိုင်က အကြောင်းအရာ မစုံလင်သဖြင့် ပိုက်ဆံသုံးသော ကစားသမားများသည်လည်း တဖြည်းဖြည်း ငြီးငွေ့လာကာ ပျင်းရိလာပေလိမ့်မည်။ နောက်ဆုံးတွင် သူတို့လည်း ထွက်ခွာသွားရန် ရွေးချယ်ကြပေလိမ့်မည်။
၂၀၅၅ ခုနှစ်တွင် ဤကဲ့သို့သော အွန်လိုင်းဂိမ်းများက အဆုံးမရှိ ပေါ်ထွက်နေခြင်းဖြစ်သည်။ ၎င်းတို့မှာ တစ်ခါသုံးပစ္စည်းများနှင့် တူလှသည်။ ပထမတန်းစား ကြော်ငြာများ၊ တတိယတန်းစား ဂိမ်းများနှင့် သာမန်လည်ပတ်သူများသာ ရှိကြသည်။ သို့သော်လည်း ထိုကဲ့သို့သော ထုတ်ကုန်များကို ဈေးကွက်က နောက်ဆုံးတွင် အသိအမှတ် ပြုလာကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါသုံးပစ္စည်းများတွင် အမှားအယွင်း မရှိသောကြောင့် ဖြစ်သည်။ လူတို့သည် ထိုကဲ့သို့သော ပစ္စည်းများကို လိုအပ်ကြသည်။ ပိုက်ဆံမသုံးချင်သော ကစားသမားများသည် အသစ်အဆန်းတစ်ခုခုကို လိုချင်ကြပြီး ပိုက်ဆံသုံးသော ကစားသမားများသည်လည်း ဂိမ်းကို ပိုမိုပျော်ရွှင်စွာ ကစားနိုင်ကြသည်။ လည်ပတ်သူများကလည်း အမြတ်ရလျှင် ထွက်သွားရန်သာ ကြံရွယ်ကြပြီး ရေရှည်အမြတ်ရရန် အစီအစဉ် မရှိကြချေ။ စတူဒီယိုရှိ အလုပ်သမားများနှင့် လူသစ်ကစားသမားများသည်လည်း အဆင့်တင်ပေးခြင်းနှင့် ပစ္စည်းရှာပေးခြင်း လုပ်ငန်းများအပေါ် အမှီပြု၍ အသက်မွေးနိုင်ကြသည်။ လူတိုင်း မိမိတို့ လိုအပ်ချက်ကို ရရှိကြသည်။ အများဆုံး ခြောက်လခန့်ကြာပြီးနောက်တွင် တစ်ခါသုံးပစ္စည်းအသစ်များ ထပ်မံ ရောက်ရှိလာမည် ဖြစ်သည်။
“ဒါလည်း ကောင်းပါတယ်၊ မင်း အဆင့်တက်တာ အရမ်းမြန်သွားရင် ငါ့ကို အဆင့်တက်အောင် ကူပေးမယ့်သူရှိမှာ မဟုတ်တော့ဘူး”
ရှောင်တန်က ပြန်ပြောသည်။
“ဒါနဲ့ အစ်ကိုကြွယ်၊ ဝင်ချက်စတာသေနတ်က ငါ့ဆီမှာ ကျန်ခဲ့တယ်နော်၊ နောက်ဇာတ်လမ်းပြီးရင် မင်းကို ပြန်ပေးမယ်”
အမှန်တကယ်တော့ ရှောင်တန်သည် သေနတ်ဆိုင်မှ ပစ္စတိုနှစ်လက်ကို ကောက်ယူ၍ သူ့အိတ်ထဲတွင် သိမ်းထားခဲ့သေးသည်။ သို့သော်လည်း ဘတ်စကက်ဘောကွင်းတွင်မူ ဝင်ချက်စတာမှာ ပိုသင့်တော်ကြောင်း ထင်ရှားလှသည်။
“မင်းဆီမှာပဲ ထားလိုက်ပါ၊ ငါပစ္စည်းတွေ သိမ်းပြီးရင် လော့ဂ်အောက်လုပ်တော့မယ်”
“ဟင် အခုမှ ၂ နာရီခွဲပဲ ရှိသေးတာကို”
သူဆိုလိုသည်မှာ အချိန်စောသေးသည်ဟု ဖြစ်သည်။ သူ နံနက် ၄ နာရီတွင် လော့ဂ်အောက် လုပ်လျှင်ပင် လက်တွေ့ဘဝတွင် အချိန်တစ်နာရီခွဲ ကျန်သေး၏။ ထိုအချိန်မှာ ဂိမ်းထဲတွင် ၁၅ နာရီနှင့် ညီမျှသဖြင့် စောစောက ဇာတ်လမ်းကဲ့သို့ နောက်ထပ်တစ်ခု ကစားရန် လုံလောက်ပေသည်။
“မင်း အဆင့် ၁၂ ရောက်နေပြီး EXP ၂၀၀၀ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား”
ဖုန်းပုကြွယ်က ဆိုသည်။
“တစ်နည်းအားဖြင့် အဆင့် ၁၃ ရောက်ဖို့ EXP ၁၀၀၀၀ တောင် မလိုတော့ဘူး၊ ခဏနေရင် နောက်ထပ် ဇာတ်လမ်းနှစ်ခုလောက် ထပ်ကစားလိုက်ဦး၊ ဖြစ်နိုင်ရင် ဘွဲ့ထူးအသစ်တို့ ဘာတို့ ရအောင် ကြိုးစားကြည့်ပေါ့”
သူ ခဏရပ်လိုက်ပြီးမှ ဆက်ပြော၏။
“ကောင်းပြီ... ငါတော့ စိတ်အေးအေးထားပြီး တချို့ကိစ္စတွေကို စဉ်းစားဖို့ လိုတယ်...”
ဤအကြောင်းပြချက်မှာ သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။
သို့သော် ရှောင်တန်က ယင်းကို လက်ခံလိုက်သည်။ သူသည် ဖုန်းပုကြွယ်၏ စရိုက်ကို ကောင်းစွာ သိသူဖြစ်သည်။ သူပြောချင်သည့် စကားကို ဘာမှမချန်ဘဲ ပြောတတ်သလို မပြောချင်သည့် စကားကိုလည်း မြိုသိပ်ထားတတ်သူ ဖြစ်သဖြင့် အတင်းအကျပ် မေးနေရန် မလိုအပ်ချေ။
“အိုကေ၊ ဒါဆို ငါအဖွဲ့ထဲက ထွက်လိုက်တော့မယ်”
“ကောင်းပြီ၊ တာ့တာ”
ဖုန်းပုကြွယ်က သူ့ကို နှုတ်ဆက်လိုက်သည်။
ရှောင်တန် ခေါင်းငြိမ့်ပြကာ အဖွဲ့ထဲမှ ထွက်သွား၏။
ဖုန်းပုကြွယ် သူငယ်ချင်းစာရင်းကို ဖွင့်ကြည့်လိုက်သည့်အခါ အမည်လေးခုအနက် သုံးခုမှာ လော့ဂ်အောက် ဖြစ်နေလေသည်။ သူတို့မှာ လုံအောင်းမင်၊ ရီရူလီနှင့် ရီရူယွီတို့ ဖြစ်ကြသည်။ ဝမ်တန်ကျိ၏ အမည်မှာလည်း ‘အားနေသည်’ မှ ‘ဂိမ်းတွင်းရှိနေသည်’ သို့ ချက်ချင်း ပြောင်းလဲသွား၏။
သူသည် ‘မကြာသေးမီက အတူတူကစားခဲ့သော ကစားသမားများ’ စာရင်းကို စစ်ဆေးကြည့်လိုက်သည်။ သူငယ်ချင်းကောင်း အနည်းငယ်မှလွဲ၍ မရှုံးနိမ့်သော ချန်ပီယံ၊ အာတိုဘီဆမားနှင့် နာမည်ရွေးတာ ခက်လိုက်တာတို့ ရှိနေခဲ့သည်။ ပြိုင်ဘက်ကင်းဗိုလ်ချုပ် ပန်ဖုန်းနှင့် စစ်သည်တော်တစ်ထောင် ဟွာရှုံတို့လည်း စာရင်းတွင် ပါဝင်နေသော်ငြား အော့ဖ်လိုင်းဖြစ်နေကြသည်။ ဖုန်းပုကြွယ်သည် ဤသည်မှာ ‘ကိုယ်ပျောက်’ နည်းလမ်းတစ်ခု ဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း ၎င်းကို အတည်ပြုရန် အီးမေးလ် မပို့ခဲ့ပေ။ ပို့လျှင်ပင် ပြန်စာရမည် မဟုတ်သလို သူငယ်ချင်းအဖြစ် လက်ခံရန်မှာလည်း မဖြစ်နိုင်မှန်း သူသိသည်။
ဖုန်းပုကြွယ်သည် X-23 နှင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကြောင့် စိတ်မသက်မသာဖြစ်နေရပြီး ဂိမ်းကစားရန် စိတ်ဆန္ဒ ယာယီကုန်ခန်းနေခဲ့သည်။ သူသည် ဆုလာဘ်များကို တောင်းဆိုရန် မလောသလို ပြင်ဆင်မှုတစ်စုံတစ်ရာလည်း မပြုလုပ်ပေ။ ယင်းအစား သူသည် ဂိမ်းမီနူးကို ဖွင့်ကာ လော့ဂ်အောက်လုပ်ရန် ရွေးချယ်လိုက်တော့သည်။
အိပ်စက်ခြင်းမုဒ်ဖြင့် လော့ဂ်အောက်လုပ်ပြီးနောက် အိပ်မပျော်လိုသော ကစားသမားများအတွက် စနစ်၏ နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာလေသည်။
“သင့်ကို နှိုးစေလိုပါသလား”
အခန်း (၆၄)
ဖုန်းပုကြွယ် မျက်လုံးပွင့်လာချိန်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ ဂိမ်းသေတ္တာအတွင်းရှိ အတွင်းရှိ နူးညံ့သော မှိန်ဖျော့ဖျော့အလင်းရောင် ဖြစ်သည်။ လွန်ခဲ့သည့် တစ်ရက်ခွဲခန့်က ညလုံးပေါက် ဆက်တိုက်ကစားခြင်း၊ စောစောအိပ်ခြင်း၊ ပြန်နိုးခြင်းနှင့် ထပ်အိပ်ခြင်းတို့ကို ပြုလုပ်ခဲ့မိသဖြင့် သူ အပင်ပန်းခံ တည်ဆောက်ထားသော နံနက် ၄ နာရီမှ မွန်းတည့်ချိန်အထိ အိပ်သည့် ဇီဝနာရီမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
နံနက် ၂ နာရီခွဲတွင် သူသည် အာရုံကြောဆက်သွယ်မှုကို ဖြတ်တောက်ကာ ဂိမ်းသေတ္တာထဲမှ ထွက်လာခဲ့သည်။ ရုတ်တရက် သူ တစ်ခုခု ရေးချင်စိတ် ပေါ်လာလေသည်။
သူသည် အဖုံးကိုဖွင့်၍ အပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် စေးကပ်ကပ် အရာတစ်ခုကို နင်းမိသွားတော့သည်...။
ထိုအချိန်တွင် အခန်းထဲ၌ မှောင်မည်းနေပြီး သူက ဖိနပ်မပါဘဲ ခြေအိတ်နှင့်သာ ရှိနေခြင်း ဖြစ်သည်။ ထိုစက္ကန့်ပိုင်းအတွင်းတွင် သူသည် မှန်ကန်သောကောက်ချက်ကို ချလိုက်နိုင်သည်။
“ဒါက ကြောင်ချေး မဟုတ်ဘူးဆိုရင်...”
သူ ခေါင်းငုံ့ကြည့်လိုက်သည်။
“တခြား ဘာဖြစ်နိုင်ဦးမှာလဲ”
မိနစ်နှစ်ဆယ် ကြာပြီးနောက် သူသည် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်၊ ခြေအိတ်ကို လျှော်ဖွပ်ကာ ကွန်ပျူတာထိုင်ခုံတွင် ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ဘာမှမဖြစ်သလို မှီနေသော အာသပ်စ်ကို သူ စိုက်ကြည့်နေမိသည်။
ယနေ့ခေတ်တွင် လူတို့သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားကြသဖြင့် အဆောက်အအုံမှာ အသံလုံစနစ် ကောင်းမွန်လှသည်။ မဟုတ်ပါက ဖုန်းပုကြွယ်တစ်ယောက် ညကြီးမင်းကြီး ဆူညံပွက်လောရိုက်ကာ အဝတ်လျှော်စက်ဖွင့်၊ ကြမ်းတိုက်နေခြင်းတို့ကြောင့် အိမ်နီးချင်းများ တံခါးလာခေါက်နေကြလောက်ပြီ ဖြစ်သည်။
အာသပ်စ်၏ မျက်လုံးများသည် အမှောင်ထဲတွင် အစိမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေ၏။ အချိန်အတော်ကြာ စိုက်ကြည့်နေပါက တော်တော်လေး ထိတ်လန့်စရာ ကောင်းလှသည်။ ဖုန်းပုကြွယ်သည် ၎င်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။
“မင်းကို မနက်ဖြန်မှ ဖြေရှင်းတော့မယ်”
သူသည် ကြောင်ကို စားပွဲပေါ်မှ တွန်းချလိုက်ပြီး စာရေးရန် ကွန်ပျူတာ ဖွင့်လိုက်သည်။ ယခုလအတွက် ဒုတိယတန်းစား စုံထောက်နှင့်ကြောင် ဝတ္ထု၏ မူကြမ်းက ဘယ်နားရောက်နေမှန်းပင် သူမသိတော့ချေ။ ယခု စိတ်ကူးရနေခိုက်တွင် အချိန်ကို အကျိုးရှိရှိ အသုံးချကာ ပိုမိုရေးထားရပေလိမ့်မည်။
ဖုန်းပုကြွယ်သည် မူမမှန်မှုများနှင့် ပတ်သက်သော ကိစ္စရပ်အပေါ် စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။
“တကယ်လို့ သက်ရှိပုံစံတစ်ခုရဲ့ တည်ရှိမှုက အမှားတစ်ခု ဖြစ်နေမယ်ဆိုရင် ဒီကမ္ဘာထဲကို သူ ရောက်ရှိလာခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ”
ဤမေးခွန်းက သူ့နှလုံးသားထဲတွင် တစ်ဆို့နေခဲ့သည်။
သူအဖြေကို ရှာမတွေ့သည့်အချိန်တွင် ထိုမေးခွန်းကို သူ့လက်ရာထဲတွင် ထည့်သွင်းလေ့ရှိသည်။ ယင်းက စာဖတ်သူများကို အဖြေပေးစေချင်၍ မဟုတ်ပေ။ အချို့အရာများတွင် အဖြေမရှိမှန်း သူ သိပေသည်။ လူအများ ပိုမိုတွေးတောမိစေရန်သာ သူလိုလားခြင်း ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖုန်းပုကြွယ်၏ လုပ်ရပ်ကား... မိမိကိုယ်တိုင် ကြုံတွေ့နေရသော အကြပ်အတည်းကို မဖြေရှင်းနိုင်သည့်အခါ တစ်ဦးတည်းသော အကြပ်အတည်းကို လူအုပ်စုလိုက်၏ အကြပ်အတည်းအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် လူတိုင်း အကြပ်ရိုက်သွားကြတော့သည်။ ဤသည်မှာ ‘မိမိအတွက် အကျိုးမရှိဘဲ သူတစ်ပါးကို ဒုက္ခပေးခြင်း’ ၏ အဆင့်မြင့်ပုံစံတစ်ခုပင်။
မှန်ပေသည် ဖုန်းပုကြွယ်က သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် ဂိမ်း၏အကြောင်းအရာများကို တိုက်ရိုက် ရေးချမည်တော့ မဟုတ်ပေ။ သူသည် မူမမှန်မှုအကြောင်းကို ပုံစံတစ်မျိုးဖြင့် တင်ဆက်ရန် ဇာတ်ကွက်အသစ်တစ်ခု ဖန်တီးရမည်ဖြစ်သည်။ ထို့နောက် ယင်းကို ဒုတိယတန်းစား စုံထောက်နဲ့ ကြောင် ဝတ္ထုထဲက ဇာတ်လမ်းတစ်ပုဒ် ဖြစ်အောင် ပြောင်းလဲပစ်ရမည်ဖြစ်သည်။
သူတစ်ခုခုကို အာရုံစိုက်နေသည့်အခါ အချိန်မှာ အမြဲတမ်းလျင်မြန်စွာ ကုန်ဆုံးသွားလေ့ရှိသည်။ သူ ဇာတ်လမ်းထဲမှ ပြန်ထွက်လာသောအခါ နေထွက်နေပြီဖြစ်ကာ ယခုလအတွက် မူကြမ်းမှာလည်း အခြေကျသွားပြီ ဖြစ်သည်။ ထိုငါးနာရီ၊ ခြောက်နာရီအတွင်း ဖုန်းပုကြွယ်အနေဖြင့် မူကြမ်းတစ်ခုလုံးကို အပြီးမသတ်နိုင်သည်က သဘာဝပင်။ သူသည် အခြေခံမူဘောင်ကိုသာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဦးနှောက်အသုံးအရဆုံး အဆင့်လည်း ဖြစ်သည်။ ဤအဆင့်ပြီးသွားပါက ကျန်အဆင့်များ များစွာ ပိုမိုလွယ်ကူသွားပြီ ဖြစ်သည်။ ထိုမူဘောင်ထဲတွင် အချက်အလက်များ ဖြည့်စွက်လိုက်ပါက မူကြမ်းတစ်ခု ဖြစ်လာပေမည်။ ထို့နောက် ၎င်းကို ပြန်လည် တည်းဖြတ်မည်။ အားလုံးအဆင်ပြေပါက မူကြမ်း ပြီးဆုံးသွားမည် ဖြစ်သည်။ စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်းကိုတော့ အယ်ဒီတာထံ လွှဲထားနိုင်ပါသည်။ သို့သော် ဖုန်းပုကြွယ်၏ မူကြမ်းများသည် များသောအားဖြင့် စာစစ်ရန် မလိုတတ်ချေ။ သူသည် အရည်အသွေးနှင့် အသေးစိတ် အချက်အလက်များကို ပို၍ အာရုံစိုက်သူ ဖြစ်သောကြောင့်ပင်။
ဤနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ရာသီဥတုက မဆိုးလှချေ။ ဖုန်းပုကြွယ်၏ သိထားချက်အရ ဝမ်တန်ကျိသည် တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်းတစ်ဦးအဖြစ် ကူညီရန် မူကြိုကျောင်းသို့ သွားလေ့ရှိသည်။ ဖုန်းပုကြွယ်၏ ကိုယ်ပိုင်စကားနှင့် ပြောရလျှင် သူသည် ‘သူနှင့် သက်တူရွယ်တူများနှင့် ဆော့ကစားရင်း’ တစ်နေ့တာ၏ ထက်ဝက်ကို ကုန်ဆုံးစေခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်၏ အများပြည်သူအကျိုးပြု လုပ်ငန်းများအပေါ် ထားရှိသော သဘောထားမှာ အတော်လေးကွဲပြားလှသည်။ ရှောင်တန်ကဲ့သို့သော ငယ်ရွယ်သော လူကောင်းတစ်ဦးနှင့် နှိုင်းယှဉ်လျှင် သူသာ ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ပါက... အကောင်းဘက်ကပြောရလျှင်တော့ ‘နေရာမှားရောက်နေသလို’ ဖြစ်နေပါလိမ့်မည်။ အရှိအတိုင်း ပြောရလျှင်တော့ ကလေးများကို ကြောက်လန့်တကြား ငိုယိုအောင် (သို့မဟုတ် လမ်းမှားရောက်အောင်) လုပ်မိပါလိမ့်မည်။
ဖုန်းပုကြွယ်အကြောင်း ဆိုရလျှင် ဒေသခံရဲစခန်းမှ ရဲသားအားလုံးက သူ့ကို သိကြသည်။ အစ်ကိုကြွယ်သည် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်...။ ဆေးရုံ ရေခဲတိုက်မှ အလောင်း ပျောက်ဆုံးခြင်း၊ ဘယ်သူ့ခွေးက ကြောင်မွေးခြင်း၊ ဘယ်သူ့ကလေးက စိတ်စွမ်းအားသုံးပြီး မီးသီးများကို ပေါက်ကွဲစေခြင်း၊ လယ်ကွင်းထဲမှ ထူးဆန်းသောအဝိုင်းများ၊ ဥက္ကာခဲ အပိုင်းအစများ စသည်ဖြင့်... အကယ်၍ တစ်စုံတစ်ဦးက ထိုကဲ့သို့သော အခြေအနေမျိုးကို အတည်အပေါက် လာရောက်တိုင်ကြားပါက ဖုန်းပုကြွယ်ကိုသွားရှာခြင်းသည် မှားမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုကိစ္စမှာ သူလုပ်ထားခြင်း ဖြစ်နိုင်သလို သူနှင့်လည်း ပတ်သက်နေတတ်သည်။ အကယ်၍ သူနှင့် မပတ်သက်လျှင်ပင် သူ့ကို အကြံပေးအဖြစ် မေးမြန်းခြင်းမှာ အဆင်ပြေလှသည်။
ဖုန်းပုကြွယ် ကိုယ်တိုင်လည်း ဤအရာကို ဆိုးဝါးသောကိစ္စဟု မထင်ပေ။ သူ့ကဲ့သို့ အကူအညီ တောင်းရခြင်းကို မနှစ်သက်သော လူများသည် များသောအားဖြင့် သူတစ်ပါးကို ကူညီရန် အလွန် လိုလားတတ်ကြသည်။ သူတစ်ပါးကို ကူညီချင်သည် ဆိုသည်ထက် မိမိကိုယ်ကို ‘လိုအပ်နေသည်’ ဟု ခံစားရခြင်းကို သူနှစ်သက်ခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတစ်ပါးက သူ့ထံ အကူအညီ လာတောင်းခြင်းကို သူနှစ်သက်ခြင်းဖြစ်သည်။ သူ၏ ထိုစိတ်ဓာတ်မှာ လူမှုရေးတာဝန်သိစိတ်နှင့် မသက်ဆိုင်ဘဲ စိတ်ဝင်စားမှုအပေါ်တွင်သာ အခြေခံခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤတနင်္ဂနွေနေ့သည် ဖုန်းပုကြွယ်အတွက် ဇိမ်ကျကျရှိနေမည့် နောက်ထပ် နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောညက သူသည် နှစ်နာရီခွဲသာ အိပ်ခဲ့ရပြီး ၎င်းမှာလည်း ဂိမ်းထဲတွင် ဖြစ်သဖြင့် ‘အိပ်မက်’ တစ်ခုနှင့်သာ တူနေ၏။ ထို့နောက် သူနိုးလာကာ မိုးလင်းသည့်အထိ စာရေးခဲ့သဖြင့် တော်တော်လေး ပင်ပန်းနေခဲ့သည်။ သူသမ်းဝေလိုက်ရင်း ကုတင်ပေါ်သို့ ပြန်တက်ကာ သစ်တုံးကြီးတစ်တုံးကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သူ နိုးလာသောအခါ နာရီကို ကြည့်လိုက်သည်။ မွန်းတည့် ၁၂ နာရီတိတိ ရှိနေပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ ဖုန်းပုကြွယ် သတိရှိနေပြီ ဖြစ်သည်။ အာသပ်စ် ‘မြှုပ်မိုင်း’ အသစ်များ ထောင်ထားသလားသိရန် ကုတင်ကို အရင်ဆုံး ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဘာမှ ရှိမနေချေ။ သို့သော် ဧည့်ခန်းထဲ ရောက်သည့်အခါတွင်တော့ အပုံလိုက်ကြီး တစ်ခုကို မြင်လိုက်ရတော့သည်...။
ကြောင်မွေးဖူးသော အတွေ့အကြုံရှိသူ တစ်ဦးအနေဖြင့် သူ့တွင် နည်းလမ်း ရှိသည်။ ပထမဆုံး အာသပ်စ်ကို ၎င်း၏ ‘လက်ချက်’ ဘေးသို့ ဆွဲခေါ်သွားပြီး ကြောင်မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲညှစ်ကာ ပွတ်သပ်အပြစ်ပေးလိုက်သည်။ ထို့နောက် အဆိုပါအပုံကို တစ်ရှူးဖြင့် ကောက်ယူ၍ သဲဘူးထဲသို့ ထည့်လိုက်သည်။ ဆက်လက်၍ အာသပ်စ်ကို သဲဘူးနားသို့ ခေါ်သွားကာ နေရာမှတ်မိစေရန် ၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
ဖုန်းပုကြွယ် ငယ်စဉ်က ထိုနည်းလမ်းကို သုံး၍ အိမ်မွေးတိရစ္ဆာန်များကို အိမ်သာသုံးတတ်အောင် သင်ပေးဖို့ ကြိုးစားခဲ့ဖူးသော်လည်း ကျရှုံးခဲ့ပေသည်။ တကယ်တမ်းတွင် အိမ်သာကို ကြောင်များအတွက် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်ချေ။ သူတို့ သတိမထားမိပါက ချော်ကျသွားနိုင်ပြီး အဲ့ဒီနောက်ပိုင်း ဘာဖြစ်လာမည်ကိုတော့ မစဉ်းစားဝံ့ပါချေ...။
သန့်ရှင်းရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားသောအခါ သူသည် သူ့အတွက် ခေါက်ဆွဲပြုတ်ရန် ထွက်လာခဲ့သည်။ မနေ့က နံနက်စာဝယ်ပြီးနောက်ပိုင်း သူ့တွင် အကြွေစေ့တစ်စေ့ပင် မကျန်တော့ပေ။ ဖုန်းပုကြွယ်သည် ယခုအခါ တကယ့်ကို တစ်ပြားမှမရှိ ဖြစ်နေပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက ဆရာပေါင်နှင့် ရှောင်တန်တို့ထံမှ နှစ်နပ် အလကားစားခဲ့ရသဖြင့် ဗိုက်ထဲတွင် အစာရှိနေသေးသည်။ နောက်ထပ် ကိုးရက်တိုင်တိုင် စာမူကြေးရမည့် လလယ်ပိုင်းအထိ ကုန်းဆင်းရမည့် အခွင့်အရေးမရှိပါက သူသည် ကြိုတင်တွက်ချက်ထားသော စရိတ်အတိုင်း ခေါက်ဆွဲအလွတ်များကိုသာ နေ့တိုင်းစားရတော့မည် ဖြစ်သည်။
“မြောင်...”
အာသပ်စ်က ခေါက်ဆွဲပြုတ်နေသော ဖုန်းပုကြွယ်ကို ကြည့်လိုက်သည်။ ဟူးမန်းက ကောင်းနိုးရာရာ တစ်ခုခုချက်နေသည်ဟု ထင်မှတ်ကာ ဝေစုတချို့ ရလိုပုံရသည်။
ဖုန်းပုကြွယ်က ခေါင်းငုံ့၍ ၎င်းကို ကြည့်လိုက်သည်။
“မင်းရဲ့ ကြောင်စာက ဒါထက် ပိုအရသာရှိပါတယ်ကွာ”
အာသပ်စ် နားလည်သွားပုံ ရသည်။ ၎င်း လှည့်ထွက်သွားကာ မီးဖိုချောင်ထဲမှ ထွက်သွားတော့သည်။ ထို့နောက် ဆိုဖာပေါ်တွင် လှဲချကာ မှိန်းနေတော့သည်။
၁၀ မိနစ်ကြာပြီးနောက် ဖုန်းပုကြွယ်သည် သူကိုယ်တိုင် ချက်ထားသော ယန်ချွန်းခေါက်ဆွဲကို ကိုင်ကာ ကွန်ပျူတာရှေ့သို့ ရောက်လာလေသည်။ သူသည် မော်နီတာကိုဖွင့်ကာ သည်းထိတ်ရင်ဖို သုခဘုံ ဂိမ်းဖိုရမ်ထဲသို့ ဝင်လိုက်သည်။ ဘယ်အချိန်က စတင်ခဲ့သည်မသိသော်လည်း သူသည် အစာစားနေစဉ် တစ်ခုခုကိုကြည့်ခြင်း သို့မဟုတ် သူတစ်ပါးနှင့် စကားပြောခြင်း စသည့်အလေ့အထ ရှိခဲ့သည်။ မဟုတ်ပါက ဘဝကို အလဟဿ ဖြုန်းတီးနေသလို ခံစားရသောကြောင့် ဖြစ်သည်။
သူသည် ခေါက်ဆွဲဖတ်ကို ပါးစပ်ထဲ စုပ်ယူလိုက်စဉ် သူ့မျက်လုံးများက စခရင်ဆီသို့ ရောက်ရှိသွား၏။ ဖိုရမ်ထိပ်ဆုံးရှိ စာကြောင်းကြောင့် သူသည် ခေါက်ဆွဲများကို ပြန်ထွေးထုတ်မတတ် ဖြစ်သွားရသည်။
“အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသူ အရေအတွက်မှာ ဂိမ်းစမ်းသပ်ကာလ ကစားသမားများ၏ ဆယ်ရာခိုင်နှုန်းကျော်သွားပြီ ဖြစ်သောကြောင့် ဆာဗာကို ပိတ်လိုက်ပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နောက်ထပ် ၄၈ နာရီအတွင်း အဆင့်မြှင့်တင်မှုများကို အပြီးသတ်ကာ တရားဝင်ဂိမ်းကို ထုတ်လွှင့်ပေးတော့မည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။”