← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇)

ဖုန်းပုကြွယ်သည် စိတ်တည်ငြိမ်စေရန် အချိန်အတော်ကြာ ကြိုးစားခဲ့ရပြီး ဖြစ်ပျက်ခဲ့သမျှကို ယုတ္တိရှိရှိ ရှင်းပြနိုင်ရန် ကြိုးပမ်းတော့သည်။ ဝူဒီဆိုသူမှာ သာမန်ဂိမ်းစီမံခန့်ခွဲသူတစ်ယောက် မဟုတ်ဘဲ သူ အရင်က တွေ့ခဲ့ဖူးသည့် ပန်ဖုန်းနှင့် ဟွာရှုံတို့ထက် အဆင့်အတန်း များစွာမြင့်မားသူဖြစ်မည်ဟု သူ ယုံကြည်လိုက်သည်။

ထိုသူသည် ကစားသမားများ၏ လော့ဂ်အင် ဧရိယာထဲတွင် ခလုတ်အတုများ စိတ်ကြိုက် ထည့်သွင်းနိုင်စွမ်း ရှိသည်ဖြစ်ရာ သူထွက်ခွာသွားချိန် မှန်နံရံထဲသို့ လျှောက်ဝင်သွားစဉ် ပြောင်းလဲသွားသော ပုံရိပ်မှာလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားခြင်း ဖြစ်နိုင်ခြေ များပေသည်။

ထိုသူ ထုတ်ဖော်ပြသခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား၊ ပြောသွားသည့် ထူးဆန်းသော စကားများ၊ မေးသွားသည့် မေးခွန်းများ စသည်တို့မှာ မည်သို့မျှ ယုတ္တိမရှိပေ။ ဤလောကတွင် သဘာဝလွန်တန်ခိုးစွမ်းအားများ အမှန်တကယ် ရှိမနေပါက ထိုသူသည် လျှို့ဝှက်ဆန်းကြယ်အောင် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ သူ မြင်ခဲ့ရခြင်းသည် အာရုံမှားခြင်းမဟုတ်ဟု ယူဆလျှင်... ကြောက်ရွံ့မှု ခံစားချက် ပေါ်ပေါက်လာခြင်းမှာ... သူ၏ ဝေဒနာ သက်သာလာပြီး ကြောက်ရွံ့မှုကို ပြန်လည်ခံစားနိုင်လာခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းက... သတင်းကောင်း ဖြစ်သင့်ပါသည်။

မည်သို့ပင်ဖြစ်စေ ယင်းသည် ဖုန်းပုကြွယ် တွေးတောရရှိနိုင်သည့် တစ်ခုတည်းသော ယုတ္တိရှိသော ရှင်းပြချက်ပင် ဖြစ်သည်။ ယုတ္တိမရှိသော ရှင်းပြချက်မှာမူ ဝူဒီပြောသွားခဲ့သည့် စကားများသာ ဖြစ်ပေတော့သည်။

ထိုသို့ 'ယုတ္တိရှိသော' နိဂုံးကို ချမှတ်ပြီးနောက်တွင် ဖုန်းပုကြွယ်သည် ထိုကိစ္စကို ဆက်မတွေးတော့ပေ။ မည်သို့ဖြစ်စေ ထိုစီနီယာဂိမ်းစီမံခန့်ခွဲသူကြီးမှာ သူ့ကို နောက်ပြောင်သွားရုံမှတစ်ပါး 'ကြောက်ရွံ့မှု ကင်းမဲ့နေခြင်း' ကြောင့် ဂိမ်းကစားရာတွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍ ဘာသတိပေးချက်မှ မပေးခဲ့ပေ။ ထို့ကြောင့် ဖုန်းပုကြွယ်သည် မိမိကိုယ်ကိုယ် ပို၍ပင် ယုံကြည်မှု ရှိလာခဲ့သည်။

သူသည် ဤဖြစ်ရပ်ကို ယာယီမေ့ပျောက်ထားရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ ဂိမ်းကစားရာတွင် စိတ်အနှောင့်အယှက် မဖြစ်မည် ဖြစ်သည်။

သူ့အကြည့်ကို ဓါတ်လှေကား တံခါးဘေးရှိ ထိန်းချုပ်မှုမျက်နှာပြင်ထံ ပြန်လည် ပို့ဆောင်လိုက်သည်။ ကျန်ရှိသော ခလုတ်လေးခုသည်င် သံသယဖြစ်ဖွယ် ဘာမှမရှိဘဲ ပုံမှန်ခလုတ်များသာ ဖြစ်သင့်ပေသည်။

'သိုလှောင်ခန်း' မှာ သူ၏ ဆုလာဘ်များနှင့် ကိရိယာများကို သိမ်းဆည်းနိုင်သည့် သတ္တုအခန်းဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ဖုန်းပုကြွယ်သည် ယခင်ဇာတ်လမ်းမှ ဆုလာဘ်ကို မယူရသေးသဖြင့် ယခုထုတ်ယူနိုင်၏။ သို့သော် ဈေးကွက်ကို ဖွင့်လှစ်ထားပြီဖြစ်ရာ ဂိမ်းဒင်္ဂါးများမှာ အသုံးဝင်လာမည်ဖြစ်သဖြင့် သူ သတိထားနေမိသည်။ ထို့ကြောင့် ဆုလာဘ်ကို ချက်ချင်းမယူသေးဘဲ အခြားနေရာများသို့ အရင်သွားကြည့်ပြီး လိုအပ်ချက်များကို သိရှိပြီးမှသာ မည်သည့်အရာကို ယူမည်ဟု ဆုံးဖြတ်ရန် စီစဉ်လိုက်သည်။

ဖုန်းပုကြွယ်သည် ပထမဆုံး 'အစည်းအဝေးခန်း' ခလုတ်ကို နှိပ်လိုက်ရာ စနစ်၏ ကြေညာချက် ပေါ်ထွက်လာလေသည်။

"သင့်အတွက် အစည်းအဝေးခန်းကို ဖန်တီးပေးပြီးပါပြီ။ ဆက်သွယ်ပြောဆိုရန်အတွက် သင့်သူငယ်ချင်းများ၊ အသင်းဖော်များနှင့် နာမည်ပျက် မသွင်းထားသော ကစားသမားများကို ဖိတ်ခေါ်နိုင်ပါသည်။ အများဆုံး လူဦးရေ ၁၀ ဦးအထိ လက်ခံနိုင်ပါသည်။"

"သင်သည် အစည်းအဝေးခန်း၊ ဈေးကွက် သို့မဟုတ် ခြောက်ခြားသေတ္တာအတွင်း ရောက်ရှိနေစဉ် ဂိမ်းမီနူးရှိ စာတိုပေးပို့စနစ်သစ်ကို အသုံးပြု၍ သင့်သူငယ်ချင်းများနှင့် ဆက်သွယ်နိုင်ပါသည်။"

သတိပေးချက် ပြီးဆုံးသွားသည့်အခါ ဓါတ်လှေကား တံခါး ပွင့်လာ၏။ တံခါးအပြင်ဘက်တွင် သိုလှောင်ခန်းထက် ပိုမိုကြီးမားသော သတ္တုခန်းကြီးတစ်ခု ရှိနေလေသည်။ ၎င်းမှာ အလွန်ကျယ်ဝန်းပြီး လင်းထိန်နေ၏။ အစည်းအဝေးခန်းအလယ်တွင် စားပွဲရှည်ကြီး တစ်လုံးရှိပြီး စားပွဲပတ်လည်တွင် ဘီးတပ်ထားသော နောက်မှီ အနက်ရောင်ရုံးသုံးကုလားထိုင် ၁၀ လုံး ရှိနေခဲ့သည်။

စားပွဲရှည်ကြီး၏ မျက်နှာပြင်သည် ငွေရောင်ဖြစ်ပြီး ပြောင်ချောနေသော်လည်း သေချာကြည့်လျှင် စားပွဲ၏ အနားသတ်အနီး၌ အရောင်အနည်းငယ် ကွဲပြားနေသော စက်ဝိုင်းပုံ မျက်နှာပြင် ၁၀ ခုကို တွေ့မြင်နိုင်သည်။

ဖုန်းပုကြွယ် အစည်းအဝေးခန်းထဲ ဝင်လိုက်သည်နှင့် နောက်ဘက်ရှိ ဓါတ်လှေကားတံခါးမှာ အလိုအလျောက် ပိတ်သွားတော့သည်။ သိုလှောင်ခန်းထဲသို့ ဝင်စဉ်က ထိုသို့ မဖြစ်ခဲ့သဖြင့် သူ အနည်းငယ် တွန့်ဆုတ်သွားမိသည်။ ပြန်လှည့်ကြည့်လိုက်သည့်အခါ အစည်းအဝေးခန်း တံခါးဘေး၌ ခလုတ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အခန်းထဲမှ ပြန်ထွက်ရန် အသုံးပြုခြင်း ဖြစ်ပုံရသည်။

"အစည်းအဝေးစားပွဲရှေ့တွင် သင့်ပစ္စည်းသိုလှောင်အိတ်နှင့် သိုလှောင်ခန်းအတွင်းရှိ ပစ္စည်းများကို ကြည့်ရှုရန် သီးခြားမီနူးတစ်ခုကို ဖွင့်နိုင်ပါသည်။ ပစ္စည်းများကို အပြင်သို့ ထုတ်ယူရန် မလိုဘဲ ၎င်းတို့၏ ဂုဏ်သတ္တိများကို စားပွဲပေါ်တွင် ပြသနိုင်ပါသည်။"

သူသည် စားပွဲအနီးသို့သွားကာ အသိပေးချက်ကို ဖတ်လိုက်သည်။ ထို့နောက် မာရီယို၏ ဂွ ကို ထုတ်ယူ၍ စမ်းသပ်ကြည့်လိုက်သည်။ ထိုပစ္စည်း၏ သုံးဖက်မြင်ပုံရိပ်သည် စားပွဲပေါ် ပေါ်လာပြီး သူ့အလိုလို ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည်။ ပစ္စည်းဖော်ပြချက်ကိုလည်း သူ့ရှေ့ရှိ အစည်းအဝေး စားပွဲမီနူးတွင် ပြသထားသည်။ အကယ်၍ စားပွဲတွင် အခြားသူများ ထိုင်နေပါက သူတို့လည်း မီနူးမှတစ်ဆင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။

"အော်... ဒါက ဒီလို အလုပ်လုပ်တာကိုး... အသင်းသားတွေ ဆက်သွယ်ဖို့၊ ပစ္စည်းတွေ ဝတ်ဆင်ဖို့နဲ့ လဲလှယ်ဖို့အပြင် ကိုယ်ပိုင်လေလံပွဲတွေ ဘာတွေ လုပ်ဖို့အတွက်လည်း အသုံးဝင်မှာပဲ"

ဖုန်းပုကြွယ် သူ့ဘာသာ ရေရွတ်လိုက်သည်။

အစည်းအဝေး စားပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူတစ်ယောက်က မိမိ၏ ပစ္စည်းများကို အခြားသူများအား ပြသနိုင်ရန် ဖြစ်သည်။ အကြောင်းမှာ ဂိမ်းအတွင်း၌ မိမိပိုင်ဆိုင်ပြီးသား ပစ္စည်းတစ်ခုကို အခြားသူများအား ကြည့်ရှုစေလိုလျှင် ၎င်းကို လက်ဆင့်ကမ်း ပေးရမည် ဖြစ်သည်။ ဂိမ်းစမ်းသပ်ကာလတွင်မူ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ ပေးရုံသာ ပေးနိုင်သော်လည်း ဂိမ်းတရားဝင်ကာလတွင်ကား ပစ္စည်းပေးသူသည် အခြေအနေပေါ် မူတည်၍ 'လက်ဆောင်ပေးခြင်း'၊ 'လဲလှယ်ခြင်း' သို့မဟုတ် 'ပြသခြင်း' စသည်တို့ကို ရွေးချယ်နိုင်သည်။မှန်ပေသည် ဤရွေးချယ်မှုသည် စိတ်ကူးလိုက်ရုံဖြင့် လုပ်ဆောင်နိုင်ပြီး ကစားသမားက စနစ်ထံသို့ အချက်ပြလိုက်ရုံဖြင့် ပြီးမြောက်သွားမည် ဖြစ်သည်။ ပစ္စည်းတစ်ခုကို လွှဲပြောင်းရန်အတွက် တစ်မိနစ်ထက် ပို၍ အချိန်ပေးရန် မလိုပေ။

ဖုန်းပုကြွယ် စားပွဲမှ ထွက်လာသည့်အခါ ပစ္စည်းပြသမှု ရပ်တန့်သွားသည်။ သူသည် ဓါတ်လှေကား တံခါးဘေးရှိ ခလုတ်ကို နှိပ်လိုက်ရာ တံခါး ပြန်ပွင့်လာ၏။ သူ လော့ဂ်အင်ဧရိယာသို့ ပြန်ရောက်သောအခါ တံခါးမှာ ပြန်ပိတ်သွားပြန်သည်။ ထို့နောက် သူသည် 'ဈေးဆိုင်' ခလုတ်ကို နှိပ်လိုက်သည်။ စနစ်၏ အသံက "သင့်အား ဆိုင်နှင့် ချိတ်ဆက်ပေးနေပါသည်၊ ခေတ္တစောင့်ဆိုင်းပါ... ဤနေရာ၏ အပိုင်းနံပါတ်မှာ ၁၇ ဖြစ်ပါသည်" ဟု ပြောလာသည်။

"ဈေးဆိုင်သည် ကျယ်ဝန်းသော အများပြည်သူသုံးနေရာတစ်ခု ဖြစ်ပါသည်။ နေရာကြပ်ညပ်မှုကို ကာကွယ်ရန် အပိုင်းလိုက် ခွဲခြားထားသည့် စနစ်ကို အသုံးပြုပါသည်။ သင်သည် လော့ဂ်အင် ဧရိယာတွင် ပုံသေအပိုင်းနံပါတ်ကို သတ်မှတ်ထားနိုင်ပါသည်။ အကယ်၍ သတ်မှတ်မထားပါက စနစ်က လူအနည်းငယ်သာရှိသော အပိုင်းတစ်ခုသို့ ချက်ချင်း ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ အပိုင်းတစ်ခုစီတွင် ကစားသမား ၅၀၀၀ အထိ ဆံ့သည်။ အကယ်၍ ထိုအပိုင်းတွင် လူပြည့်နေပါက ဝင်ရောက်ရန် တန်းစီရမည် ဖြစ်ပါသည်။"

အသိပေးချက်ကို ကြားရပြီးနောက် ဓါတ်လှေကား တံခါး ပွင့်လာလေသည်။ တံခါးအပြင်ဘက်ရှိ မြင်ကွင်းမှာ နယူးယောက်စတော့အိတ်ချိန်းကို ချဲ့ထွင်ထားသည့် ပုံစံမျိုး ဖြစ်သော်လည်း ဤနေရာက များစွာ ပိုမိုကျယ်ဝန်းလှသည်။

ဈေးဝယ်စင်တာ၏ အလယ်တွင် စက်ဝိုင်းပုံစင်မြင့် သတ္တုမျှော်စင်ကြီး တစ်ခုရှိနေပေသည်။ အရပ်မျက်နှာ အနှံ့အပြားတွင် အမြင့် ၂ မီတာမှ ၈ မီတာအထိရှိသော တိုက်ရိုက် အချက်အလက်များ ပြသနေသည့် စခရင်များ ရှိနေခဲ့သည်။ ထို 'သတင်းအချက်အလက် မျှော်စင်' ပတ်လည်တွင် လူအများဆုံး စုဝေးနေကြသည်။ ဤမြင်ကွင်းမှာ ၁၉၉၀ နှစ်များက ဟောင်ကောင် စတော့ဈေးကွက်နှင့် အတော်လေး ဆင်တူလှသည်။

ဖုန်းပုကြွယ် ဓါတ်လှေကားထဲမှ ထွက်လာပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် တံခါးက ပြန်ပိတ်သွား၏။ ထို့နောက် ချက်ချင်းဆိုသလို ပြန်ပွင့်လာပြီး အခြားကစားသမားတစ်ဦး ထွက်လာလေသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ထိုဘက်ခြမ်းတွင် ဓါတ်လှေကား တံခါးပေါင်း ၁၀၀ ခန့် တန်းစီလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ အဆက်မပြတ် ပွင့်လိုက်ပိတ်လိုက် ဖြစ်နေပြီး မိနစ်တိုင်းတွင် ကစားသမားများ ဝင်ထွက်သွားလာလျက် ရှိနေကြသည်။

ဤတံခါးများသည် နေရာလွတ်များကို ခွဲခြားထားပြီး ပြန်လည်ချိတ်ဆက်ပေးသည့် ဗဟိုချက်များသာ ဖြစ်သည်။ ၎င်းတို့ ပွင့်လိုက်ပိတ်လိုက် ဖြစ်သည့်အခါတိုင်း မတူညီသော နေရာများသို့ ဦးတည်သွားမည် ဖြစ်သည်။ ပြန်ထွက်ရန် အချိန်ကျရောက်သည့်အခါ ဖုန်းပုကြွယ်သည် မည်သည့်တံခါးထဲသို့ ဝင်သည်ဖြစ်စေ သူ၏ လော့ဂ်အင်ဧရိယာသို့သာ ပြန်ရောက်မည် ဖြစ်သည်။

မှန်ပေသည် တံခါးတစ်ခုတည်းသို့ လူနှစ်ယောက်တွဲဝင်ရောက်ရန် ကြိုးစားသူများလည်း ရှိပေသည်။ သို့သော် ၎င်းက အလုပ်မဖြစ်ပေ။ သူတို့အနက် တစ်ဦးသည် မမြင်ရသော နံရံတစ်ခုဖြင့် ပိတ်ဆို့ခြင်းကို မလွဲမသွေ ခံရမည် ဖြစ်သည်။ အစည်းအဝေးခန်းအတွက်လည်း ထိုနည်းတူပင်။ ကစားသမားတစ်ဦးသည် အခြားသူ၏ အစည်းအဝေးခန်းသို့ ဝင်ရန် ဖိတ်ကြားချက်ကို လက်ခံလိုက်ပါက သူတို့၏ လော့ဂ်အင်ဧရိယာရှိ ဓါတ်လှေကားတံခါးမှတစ်ဆင့် ဝင်ရောက်ရမည် ဖြစ်သည်။ ဝင်ပြီးနောက် တံခါး ပြန်ပိတ်သွားမည် ဖြစ်သည်။ တစ်နည်းအားဖြင့် လူ ၁၀ ဦးသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက်ရမည် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဆိုင်၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အမိုးမှာ အလွန်မြင့်မားနေသည်ကို တွေ့လိုက်ရသည်။ ၎င်း မည်မျှ မြင့်သနည်းဆိုရသော် အမိုးနှင့် မြေပြင်ကြား အကွာအဝေးကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။ အဆောက်အအုံ၏ နံရံလေးဖက်သည် အကွေးပုံစံ ဖြစ်သည်။ ခြုံငုံကြည့်လျှင် ထိုနေရာမှာ မှောက်ထားသော ပန်းကန်လုံးတစ်လုံးနှင့် တူနေပေသည်။

အလယ်ရှိ သတင်းအချက်အလက် မျှော်စင်ပတ်လည်တွင် လမ်းလေးသွယ် ရှိသည်။ ၎င်းတို့ကို ၉၀ ဒီဂရီ ထောင့်များတွင် ရှိနေသော ယပ်တောင်ပုံစံ အရာဝတ္ထုလေးခုဖြင့် ခွဲခြားထားသည်။ ထိုအရာဝတ္ထု လေးခုတွင်လည်း သတင်းအချက်အလက်များ ပြသနေသော စခရင်အမြောက်အမြား ရှိနေပေသည်။ ဤအလယ်ဗဟို ဧရိယာမှာ ဈေးဆိုင်၏ အဓိကအချက်အချာဖြစ်သော လေလံအိမ်ပင် ဖြစ်တော့သည်။

အပြင်ဘက် ဧရိယာတွင်မူ ဆိုင်ခန်းများကဲ့သို့ စီရီထားသော ဈေးဆိုင်များစွာ ရှိ၏။ ၎င်းတို့အားလုံးသည် စနစ်က တိုက်ရိုက်လုပ်ကိုင်သော ဈေးဆိုင်များ ဖြစ်သည်။ ဖောက်သည်များစွာ ရှိသော်လည်း စနစ်က ရောင်းချသော ပစ္စည်းများမှာ ပုံသေဖြစ်သည်။ အပြောင်းအလဲ ရှိခဲ့လျှင်ပင် ရာသီတစ်ခု ကုန်ဆုံးပြီးမှသာ လုပ်ဆောင်လေ့ရှိသည်။ ကစားသမားများသည် ပုံမှန်အားဖြင့် လိုအပ်သည်များကို ကြည့်ရှုဝယ်ယူပြီးနောက် ပြန်ထွက်သွားလေ့ရှိသည်။ ထို့ကြောင့် ထိုနေရာတွင် သတင်းအချက်အလက် မျှော်စင်လောက် လူမများလှပေ။

ဤဒေသတွင် ကစားသမား အတော်လေးများပြားနေပြီး ဟိုဟိုဒီဒီ သွားလာနေကြသဖြင့် အလွန်ပင် စည်ကားနေတော့သည်။ ဖုန်းပုကြွယ်သည် စနစ်ဈေးဆိုင်သို့ အရင်သွားရန် စီစဉ်နေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို လှမ်းအော်လိုက်သည်။

"ဟင်… မင်းပါလား"

အခန်း (၆၈)

"အိုး... အာတိုဘီပါလား"

ဖုန်းပုကြွယ် လှည့်ကြည့်လိုက်ရာ အာတိုဘီဆမားနှင့် နာမည်ရွေးရခက်လိုက်တာတို့ကို တွေ့လိုက်ရသည်။ သူတို့ဘေးတွင် နောက်ထပ် လူနှစ်ယောက်လည်း ရှိနေသေးသည်။

ဖုန်းပုကြွယ်သည် ထိုလူနှစ်ယောက်နှင့် တစ်ခါမျှ မဆုံဖူးသော်လည်း ဈေးအတွင်း၌ ကစားသမားအားလုံး၏ ဂိမ်းနာမည်များကို ပြသထားပေသည်။ နာမည်ပေးရတာ အရမ်းခက်တယ်နှင့် နာမည်ပေးဖို့ ဘာလို့ ဒီလောက်ခက်နေတာလဲဆိုသည့် သူတို့နာမည်များကို မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ အုပ်စုတစ်ခုတည်းကဖြစ်ကြောင်း သူ သိလိုက်သည်။

သူတို့ကဲ့သို့ ဂိမ်းနာမည်ကို ကြည့်ရုံဖြင့် အပေါင်းအဖော်များဖြစ်ကြောင်း သိသာနေသူများသည် ဂိမ်းထဲမှတစ်ဆင့် သိကျွမ်းခဲ့ကြသူများ မဟုတ်သည်မှာ ထင်ရှားသည်။ ဂိမ်းကို အတူတူ စတင်ကစားကြမှသာ ဤကဲ့သို့ ဆင်တူယိုးမှားအမည်များကို ပေးကြမည်ဖြစ်ရာ သူတို့သည် ပြင်ပလောကမှ သူငယ်ချင်းများ ဖြစ်ကြလိမ့်မည်ဟု ခန့်မှန်းရန် မခက်ခဲပေ။ ကြည့်ရသည်မှာ အာတိုဘီဆမား၏ အမည်ကသာ ထိုအုပ်စုနှင့် ကိုက်ညီမှု မရှိသကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။

"ကျစ် ... ငါတို့က အရမ်း ရင်းနှီးနေသလိုမျိုး လာမလုပ်နေနဲ့"

အာတိုဘီက ပြန်ပြောသည်။

"ပြီးခဲ့တဲ့ ဇာတ်လမ်းတုန်းက ငါတို့ မင်းလှည့်စားတာကို ခံခဲ့ရတယ်လေ ဟုတ်တယ်မလား"

"ဘယ်လိုမျိုးလဲ"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"မင်းက တုံးအသလို လာလုပ်နေတာလား၊ မင်း ငါတို့ကို သေနတ်ဆိုင်အဝင်ဝမှာ ကျွမ်းကျင်မှုလေ့ကျင့်ဖို့ ပြောခဲ့တယ်လေ၊ ဒါပေမဲ့ မကြာခင် အရမ်းသန်မာတဲ့ မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာပြီး ငါတို့ကို တစ်ချက်တည်းနဲ့ သတ်သွားတာကွ"

အာတိုဘီက ပြောသည်။

ဖုန်းပုကြွယ်က ထပ်မေးလိုက်သည်။

"ဒါဆို မင်းတို့ရဲ့ ကျွမ်းကျင်မှုက အဆင့် E ကို ရောက်သွားပြီလား"

"အင်း... ရောက်သွားပြီ"

အာတိုဘီက ပြန်ဖြေသည်။

"ဒါဆို ပြီးတာပဲလေ၊ မင်းတို့ရဲ့ အခြေခံပန်းတိုင်ကို ရောက်သွားပြီပဲ၊ မင်းတို့က ကျွမ်းကျင်မှုဘာမှမရှိတဲ့ အခြေအနေကနေ E အဆင့်ကို ရောက်သွားပြီး ပစ္စည်းတွေလည်း ရခဲ့တာပဲ၊ သေသွားလည်း ဘာမှမဖြစ်ပါဘူး၊ ငါက မင်းတို့ကို ဇာတ်လမ်းထဲကနေ အသက်ရှင်လျက် ထွက်နိုင်အောင် အာမခံချက် ပေးမယ်လို့ မပြောခဲ့ဖူးပါဘူး"

ဖုန်းပုကြွယ်က ပြန်ပက်လိုက်သည်။

"ဒါ့အပြင်... တခြားသူတွေကို ဇာတ်လမ်းထဲကနေ အောင်အောင်မြင်မြင် ထွက်နိုင်ဖို့ အာမခံပေးနိုင်တဲ့ အရည်အချင်းမျိုး ဘယ်သူ့မှာ ရှိလို့လဲ၊ ငါက လူသစ်တွေကို အဆင့်တက်အောင် ကူညီပေးတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားလည်း မဟုတ်ဘူးလေ"

"မင်း ပြောတာလည်း ဟုတ်တာပဲ..."

မင်ကျိက ဆိုသည်။

"ဘာ ဟုတ်တာလဲ"

အာတိုဘီက ပြောလိုက်သော်လည်း ပြန်လည်ချေပရန် စကားလုံး ရှာမရဖြစ်နေလေသည်။ ထိုစဉ်က သူနှင့် မင်ကျိတို့မှာ ဖုန်းပုကြွယ်၏ စကားနှင့် လုပ်ရပ်များကြောင့် လုံးဝ အံ့အားသင့်နေခဲ့ကြပြီး သူ့အမိန့်များကို နာခံရန်သာ ရွေးချယ်ခဲ့ကြခြင်းဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

"ထားလိုက်ပါတော့၊ ငါက သဘောထားကြီးတဲ့ လူတစ်ယောက်ပါ၊ ဒါ့အပြင် ဇာတ်လမ်းဆုလာဘ်ကနေလည်း အတွေ့အကြုံ (EXP) တချို့ ရခဲ့တာပဲဆိုတော့ မင်းကို အပြစ်မတင်တော့ပါဘူး"

"ဟွန့်..."

အာတိုဘီနောက်မှ သုံးယောက်မှာ တစ်ပြိုင်တည်း နှာခေါင်းရှုံ့လိုက်ကြသည်။

"မင်းတို့က ဘယ်သူ့ဘက်ကလဲ"

အာတိုဘီက စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။ ထို့ကြောင့်ပင် သူသည် စတူဒီယိုတစ်ခု၏ သူဌေးအနေဖြင့် အလွန်သနားစရာကောင်းလှသည်။ သူ့တွင် ဝန်ထမ်းစုစုပေါင်း သုံးယောက်သာရှိပြီး ၎င်းတို့အားလုံးမှာ သူငယ်ချင်းအရင်းအချာများ ဖြစ်ကြသည်။

ယောက်ျားလေးချင်း သူငယ်ချင်းဖြစ်မှုက မည်မျှအထိ နက်ရှိုင်းသနည်း။ အမှန်တကယ်တော့ အဓိကအချက်မှာ သူတို့သည် တစ်ဦးနှင့်တစ်ဦး အကျိုးအမြတ်မပါဘဲ အချင်းချင်း ဆဲဆိုနေကြသော်လည်း ရန်ငြိုးထားခြင်း လုံးဝမရှိကြပေ။ အကယ်၍ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ယဉ်ကျေးပျူငှာပြီး အကွာအဝေးတစ်ခု ထားရှိကာ စကားပြောရာတွင် ဆင်ခြင်နေကြမည်ဆိုလျှင်မူ ၎င်းကို လူကြီးလူကောင်းချင်း ခင်မင်မှုအဆင့်သာ သတ်မှတ်နိုင်မည် ဖြစ်သည်။

"အာ… မင်းတို့ လေးယောက်လုံး အင်္ကျီဆင်တူ ဝတ်ထားကြတာပဲ၊ အဲ့ဒီပေါ်မှာ တံဆိပ်လည်း ပါသေးတယ်၊ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ဖုန်းပုကြွယ်က မေးလိုက်သည်။

ထိုလူလေးယောက်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး အဝတ်အစားဆင်တူ ဝတ်ဆင်ထားသည်ကို သူ သတိပြုမိသည်။ ယခုအခါ ဈေးဆိုင်များ ဖွင့်လှစ်ထားပြီဖြစ်ရာ စနစ်က ကစားသမားများ ပိုမို လွတ်လပ်စွာနှင့် ကိုယ်ပိုင်ဟန်ဖြင့် ရွေးချယ်နိုင်ရန် အဝတ်အစား အမျိုးအစား အမြောက်အမြားကို ထုတ်ပေးထားသည်။ ဖုန်းပုကြွယ်ကဲ့သို့ ပုံသေပါလာသည့် အနက်ရောင်တီရှပ်နှင့် ဘောင်းဘီကို ဝတ်ဆင်ထားဆဲသူများမှာ ဂိမ်းတရားဝင်ကာလမှ ဇာတ်လမ်း များများစားစား မကစားရသေးသူများ သို့မဟုတ် ဂိမ်းဒင်္ဂါးအားလုံးကို သုံးစွဲထားသည့် ဂိမ်းစမ်းသပ်ကာလ ကစားသမားများသာ ဖြစ်ကြပေလိမ့်မည်။

သူ့ရှေ့မှ လူလေးယောက်မှာ အားကစားဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ သူတို့၏ အပေါ်ပိုင်း လက်ရှည်အင်္ကျီများသည် အဖြူရောင်ဖြစ်ပြီး ညာဘက်အင်္ကျီလက်မှာ အပြာရောင်ဖြစ်သည်။ ဘယ်ဘက်ပုခုံးမှ ဘယ်ဘက်အင်္ကျီလက်အထိ သုံးပုံတစ်ပုံခန့်မှာလည်း အပြာရောင်ပင်။ ဘောင်းဘီများမှာ အနက်ရောင် အားကစားဘောင်းဘီပွများ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ... သူတို့သည် ဟယိုတေးအဖွဲ့ဝင်များသာ။

သူတို့၏ ညာဘက်ပုခုံးရှေ့တွင် ထူးခြားသော တံဆိပ်တစ်ခု ရှိနေခဲ့သည်။ 'Hyotei' ဆိုသည့် စာသားကို ဒေါင်လိုက်ရေးသားထားပြီး ထိုစာသား၏ အပေါ်တွင် အပြာနုရောင် ရေခဲနှင်းဆီပုံတစ်ပုံ ရှိနေလေသည်။ ယင်းသည် ဂိမ်း၏ 'ကလပ်' စနစ်မှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ဆက်တင်အသစ် ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူက ကိုယ်ပိုင်တံဆိပ်ကို ပုံဖော်နိုင်ပြီး တင်ပြပြီးနောက်တွင် အဖွဲ့ဝင်အားလုံး၏ အဝတ်အစားပေါ်၌ ပြသမည် ဖြစ်သည်။ အဝတ်အစား စတိုင်လ်ပေါ် မူတည်၍ စနစ်က သင့်တော်သော နေရာတွင် ပြသပေးထားမည် ဖြစ်သည်။ ဟယိုတေးအဖွဲ့မှာ ဝတ်စုံဆင်တူ ဝတ်ဆင်ထားကြသဖြင့် တံဆိပ်များအားလုံး ညာဘက်ပုခုံးပေါ်တွင် ရှိနေခြင်း ဖြစ်သည်။

"ဒါက ငါတို့ရဲ့ စတူဒီယိုတံဆိပ်ပဲကွ"

အာတိုဘီဆမားက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာလေ"

"ငါ့ဘက်ကတော့ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ဒီတံဆိပ်က အဲ့လောက်ကြီး မကောင်းဘူးလို့ ငါထင်တယ်"

လောင်ချူး(နာမည်ပေးရတာ ဘာလို့ အဲ့လောက်ခက်နေတာလဲ)က ကြားဖြတ်ပြောလိုက်သည်။ သူ၏ ပုံပန်းသဏ္ဌာန်သည် အတော်လေး ချောမောသော်လည်း ဆံပင်ပုံစံမှာ အာဖရိကန်ပုံစံ (Afro) ကောက်ကောက်ကွေးကွေးဖြစ်နေလေသည်။

"ငါ ပြောသလိုပဲ၊ အာတိုဘီက ငါတို့ကို ဒီဝတ်စုံဝတ်ဖို့ အတင်းခိုင်းထားတာ"

လောင်ချူးက ဆက်ပြောသည်။ နာမည်ပေးရတာ အရမ်းခက်တယ်' (နောင်တွင် 'ကျန့်ကော' ဟု ခေါ်ဆိုမည့်သူ) ကလည်း ဤလူသည် သူ့မျက်နှာကို ပိုမိုလှပအောင် ပြုပြင်ထားသော်လည်း မမျှော်လင့်ဘဲ မိုဟီကန် (Mohican) ဆံပင်ပုံစံကို ရွေးချယ်ထားကြောင်း ပြောပြခဲ့သည်။

ထို လူထူးလူဆန်း လေးယောက်အနက် ခပ်မိုက်မိုက်ဆံပင်ပုံစံရှိသော အာတိုဘီဆမားမှလွဲ၍ ကျန်သုံးယောက်မှာ မင်ကျိ (ကတုံး)၊ လောင်ချူး (အာဖရို) နှင့် ကျန့်ကော (မိုဟော့ခ်) တို့ ဖြစ်ကြသည်။ တကယ်တမ်းတွင် နောက်ဆုံးသုံးယောက်သည် ပြင်ပလောကတွင် ပုံမှန်ဆံပင်တိုများသာ ရှိကြပြီး ဤကဲ့သို့သော ဆံပင်ပုံစံမျိုးများကို စိတ်ဝင်စားကြသူများ မဟုတ်သဖြင့် ဂိမ်းထဲတွင်မူ ၎င်းတို့ကို(ဆံပင်ပုံစံ) ကျေနပ်ကြသည်။

"တကယ်တော့... ဒီတံဆိပ်က နည်းနည်းတော့ မိန်းကလေးဆန်သလိုပဲ၊ ဒီမှာရှိတဲ့ လူတိုင်းက အတော်လေး အကူညီမဲ့နေပုံရတယ်"

ဖုန်းပုကြွယ်က ကိုယ်ချင်းစာသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"ကံကောင်းတာက မင်းတို့ထဲက တချို့မှာ ထူးဆန်းတဲ့ ဆံပင်ပုံစံတွေ ရှိနေတာပဲ..."

"ဟေး၊ ဘယ်သူက မိန်းကလေးဆန်တယ်လို့ ပြောလဲ၊ ဒါက ကြော့ရှင်းပြီး မိုက်တာကွ"

အာတိုဘီက ကြားဖြတ်ပြောသည်။

"အစ်ကိုကြီးရယ်..."

ဖုန်းပုကြွယ်က သူ့ပုခုံးကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။

"ဒါက သံပုရာကရင်မ်တွေ ထည့်ထားတဲ့ ပန်းပွင့်အိတ်ကြီးနဲ့ တူနေတာပဲ..."

အာတိုဘီက သူ့လက်ကို တွန်းဖယ်လိုက်သည်။

"မင်းဥပမာပေးတာကို ငါ နားမလည်ဘူး..."

မင်ကျိက အားမရှိသော လေသံဖြင့် ဖြည့်ပြောလိုက်သည်။

"ဟူး... မစ္စတာဖုန်း၊ သူ့ကို ကြည့်ပါဦး၊ ငါတို့ သူ့ကို နားချဖို့ ကြိုးစားခဲ့ပေမဲ့ သူက နားမထောင်ခဲ့ဘူးလေ"

လောင်ချူးကလည်း ဖြည့်ပြောသည်။

"အရမ်းကို ခေါင်းမာတာပဲ..."

ကျန့်ကောက "ငါတို့ အဖွဲ့နာမည်ကို ဟယိုတေးရဲ့ ဂျစ်ဂိုလိုအဖွဲ့လို့ ပြောင်းလိုက်ရင် ကောင်းမယ်..."

"အချိန်မဖြုန်းကြနဲ့တော့၊ ငါက ခေါင်းဆောင်ပဲ"

အာတိုဘီက ဟိန်းဟောက်လိုက်သည်။

သူ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည့်အတွက် ပုံရိပ်ယောင်အစောင့် တစ်ယောက်က သူတို့ဘေးသို့ ရုတ်တရက် ရောက်ရှိလာလေ၏။ ဤအစောင့်အမျိုးအစားသည် လူသားပုံသဏ္ဌာန်ရှိပြီး ၁.၉ မီတာ မြင့်မားသည်။ ၎င်းတွင် အရေပြားမရှိဘဲ သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းမှာ 'Terminator' ကားထဲမှ စက်ရုပ်နှင့် ဆင်တူလှသည်။ ၎င်းသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ကြီးမားသော 'ကွမ်' ဟူသည့် စာလုံးကို ရိုက်နှိပ်ထား၏။ အကယ်၍ အများပြည်သူဆိုင်ရာနေရာ၌ လူအုပ်စုလိုက် တစ်စုံတစ်ယောက်ကို ဝိုင်းထားခြင်းကဲ့သို့သော မူမမှန်သည့် အခြေအနေမျိုး ရှိခဲ့လျှင် ပုံရိပ်ယောင်အစောင့်သည် စနစ်တကျ ထိန်းသိမ်းရန်အတွက် ထိုနေရာသို့ ချက်ချင်း ရောက်ရှိလာမည် ဖြစ်သည်။

"ဒီမှာ ပြဿနာတစ်ခုခု ရှိပါသလား"

အစောင့်များ၏ အသံကို မည်သည့် ခံစားချက်မျှမပါသော စက်ရုပ်အသံအဖြစ် သတ်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ သူတို့၏ ဉာဏ်ရည်သည် အလွန်မြင့်မားသဖြင့် ပုံမှန်အားဖြင့် တိုက်ခိုက်ခြင်းမပြုဘဲ အရင်ဆုံး မေးမြန်းလေ့ရှိကြသည်။

"ဘာမှမဖြစ်ပါဘူး၊ ငါတို့ စကားပြောနေကြတာပါ"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသည့်အခါ အစောင့်သည် ထိုလူများကို တစ်ချက်ပြန်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။

"ကြည့်ရတာ ငါ လော့ဂ်အင်ခန်းမကို ပြန်သွားပြီး ဂိမ်းလမ်းညွှန်စာအုပ် အပြည့်အစုံကို ဖတ်ကြည့်ဖို့ လိုမယ်ထင်တယ်"

ဖုန်းပုကြွယ်က အစောင့်၏ ကျောပြင်ကို ကြည့်ရင်း ပြုံးလိုက်သည်။

"ကဲပါ၊ ငါ မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး၊ ဒီကောင်တွေက ငါ့ကို ထပ်ပြီး သစ္စာဖောက်နေဦးမယ်"

အာတိုဘီက ပြောလိုက်သည်။

"မကြာခင် အနာဂတ်မှာ... ဟယိုတေးနာမည်ကြီးလာတဲ့အခါ ဒီတံဆိပ်က အလိုအလျောက် သန်မာသူတွေရဲ့ သင်္ကေတ ဖြစ်လာလိမ့်မယ်၊ ဟားဟားဟား..."

သူ ခါးထောက်ကာ ရယ်မောလိုက်သည်။ သူက သူ့သူငယ်ချင်း သုံးယောက်ကို လက်ဝေ့ယမ်းပြလိုက်သည်။

"ငါ သွားတော့မယ်..."

သူ မထွက်ခွာမီ နောက်ထပ် စကားတစ်ခွန်းကိုလည်း မမေ့မလျော့ ပြောသွားသေးသည်။

"မစ္စတာဖုန်း၊ ငါတို့ ထပ်တွေ့ဦးမှာပါ၊ အနာဂတ်မှာ မင်းငါ့ဆီက လက်မှတ်တောင်းရင် ငါ စဉ်းစားပေးပါမယ်၊ ဟားဟားဟား..."

"ဟား... ဟ ဟ..."

ဖုန်းပုကြွယ် နှုတ်ခမ်းများ တွန့်သွားပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

"နောက်မှ... နောက်မှ ထပ်တွေ့ကြတာပေါ့..."

All Chapters