ဗေဒင်မေးရာဝယ်
Vol. 9 Ch. 900
ဆိုင်ခင်းပြီးသွားသည့်နောက် ကျောက်ဖုန်းက နေရာတွင်ထိုင်လိုက်ပြီး ဗေဒင်လာမေးမည့်သူများကို စောင့်မျှော်နေလိုက်လေသည်။
ထိုအချိန်တွင် ဆန်းလျန်က…
"ဒီနေ့ ငါဟောမယ် ၊ မင်း ဘေးကပဲ ကြည့်နေပါ…"
ဆန်းလျန်စကားကြောင့် ကျောက်ဖုန်းမှာ အနည်းငယ်ထူးဆန်းသွားသော်လည်း ဆန်းလျန် စီစဉ်သည့်အတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်ပြီး ဘေးသို့ အသာဆုတ်ပေးလိုက်သည်။
ဆန်းလျန်က ဗေဒင်ဟောမည့်သူနေရာတွင် ဝင်ထိုင်လိုက်လေ၏။
သူတို့ဆိုင်ဖွင့်ထားသည့်နေရာက လူစည်ကားသည့်နေရာတစ်ခု ဖြစ်သော်လည်း ထူးဆန်းစွာပင် တစ်မနက်လုံး မည်သူမှ လာရောက်ဗေဒင်မေးမြန်းခြင်း မရှိကြပေ။
လမ်းသွားလမ်းလာများက သူတို့ကို ရှိသည်ဟုပင် မထင်ကြပေ။
ဆန်းလျန်ကတော့ ဗေဒင်မဟောရသည့်အတွက်လည်း စိတ်ပျက်ဟန်မရှိပေ။ သူက ဗေဒင်ဟောမည့်နေရာတွင် မလှုပ်မယှက် ထိုင်နေလေသည်။
ကျောက်ဖုန်းမှာ ဆန်းလျန်ကိုကြည့်ပြီး ဝတ်ကျောင်းတော်အတွင်းမှ နတ်ရုပ်တုများကို သွားပြီး သတိရလိုက်မိသည်။ ဝတ်ကျောင်းတော်အတွင်းသို့ ဝတ်ပြုကိုးကွယ်သူများ လာသည်ဖြစ်စေ ၊ မလာသည်ဖြစ်စေ နတ်ရုပ်တုများကတော့ မလှုပ်မယှက်ထိုက်နေဆဲ ဖြစ်လေသည်။
အနောက်ဘက်သို့ နေဝင်တော့မည် ဖြစ်လေသည်။
ထိုအခါမှ ထူးခြားစွာ ဗေဒင်မေးမည့်သူတစ်ယောက် ရောက်ရှိလာလေ၏။
ထိုသူ၏နဖူးထက်တွင် ဆံပင်အနည်းငယ်ကျနေပြီး မျက်နှာအသွင်အပြင်က နှာတံဖြောင့်ဖြောင့် နဖူးကျယ်ကျယ်နှင့် ဖြစ်လေသည်။ ဆံနွယ်ရှည်တို့ကတော့ ကျောထက်တွင် ဝဲကျလျှက်ရှိလေသည်။
ထိုသူက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားလေသည်။
ထိုသူက လမ်းမထက်မှ ဖြတ်သွားရင်း ဆန်းလျန်ကို အာရုံစိုက်မိသွားပြီး အချိန်ကြာမြင့်စွာ ကြည့်နေခဲ့လေသည်။
ထို့နောက် သူက ဆိုင်တံခါးဝတွင် ချိတ်ဆွဲထားသည့် အလံမှ ကဗျာလေးကို ဖတ်လိုက်လေသည်။
"အမှားကအမှန်ဖြစ်သည်ဆိုလျှင်
အမှန်ကလည်း အမှားဖြစ်နေနိုင်တာပဲ"
နောက်ဆုံးတွင်တော့ ထိုသူက စကားစပြောလာလေသည်။
"ကျုပ် ဗေဒင်တွက်ချင်တယ်…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ချင်းယွမ်မြောက်တောက်အရှင် ၊ မင်းက နတ်မျက်စိကိုပိုင်ဆိုင်ထားတဲ့သူပဲ ၊ ဗေဒင်မေးစရာ လိုလို့လား…"
ထိုအနက်ရောင်ဝတ်လူသည်ကား ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ချင်းယွမ်မြောက်တောက်အရှင်ဟုသိကြသည့် ယန်ကျန်းပင် ဖြစ်လေသည်။
သူ၏လက်ရှိအဆင့်က တိုက်တိုင်းအောင်ဘုရား စွန်းဝူခုံးထက် နိမ့်ပါးခြင်း မရှိပေ။
ချင်းယွမ်မြောင်တောက်အရှင်က…
"ထျန်းကျွင်းက ယန်ကျန်းကို မသိချင်ယောင်ဆောင်နေမယ်ထင်ခဲ့တာ ၊ မဟုတ်ခဲ့ဘူးပဲ…"
ဆန်းလျန်က…
"ကျုပ်ရှေ့မှာပေါ်လာရဲတဲ့ ချင်းယွမ်မြောင်တောက်အရှင်ရဲ့ သတ္တိကိုသာ ကျုပ်က လေးစားမိတာပါ…"
ဆန်းလျန် အလွန်အပြောကြီးသည်ဟု ထင်စရာရှိလေသည်။
သို့သော်… ဆန်းလျန် အပြောကြီးခြင်းမဟုတ်သည်ကို ယန်ကျန်းသိနေခဲ့ပါ၏။
ယန်ကျန်းက…
"လောကကြီးက ကျယ်ပြောပေမယ့် တစ်နေ့မဟုတ် တစ်နေ့တော့ ထျန်းကျွင်းနဲ့ ပြန်ဆုံရမှာပဲ မဟုတ်ဘူးလား… ၊ ရှောင်နေစရာ အကြောင်းမရှိပါဘူး…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"အပြောကတော့ကောင်းတယ် ၊ ဒါပေမဲ့ ကျုပ် ဒီနေ့တော့ မင်းကို မတိုက်ခိုက်နိုင်သေးဘူး ၊ အဲဒီတော့ ဗေဒင်မေးချင်တယ်ဆိုရင် ဘာမေးမှာလဲ ပြော…"
ယန်ကျန်းက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး …
"ကွန်ဖြူးရှပ်ဝါဒက သူတော်စင် ခုံချိုးက ထိုက်စန့်လောင်ကျွင်းကို မေးခွန်းတစ်ခုမေးခဲ့တယ် ၊ အခု ယန်ကျန်းကလည်း ထျန်းကျွင်းကို မေးခွန်းတစ်ခုမေးမယ် ၊ အခု ယန်ကျန်း ဘုရင့်နေပြည်တော်ကိုလာရတဲ့ ရည်ရွယ်ချက် အောင်မြင်မှာလား မအောင်မြင်ဘူးလား…"
ဗေဒင်ဆိုင်ခန်းရှေ့မှ ကျောက်စရစ်ခဲလေးများ ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး နောက်ဆုံးတွင် "တာအို" ဆိုသည့် စာလုံးပေါ်လာလေသည်။
ဆန်းလျန်က ထိုစာလုံးကို တစ်ချက်ကြည့်လိုက်ပြီး…
"တာအိုဆိုတာ လမ်းလည်းဖြစ်သလို မူလအစလည်းဖြစ်တယ် ၊ ပါးကွသင်္ကေတရဲ့ မူလအရင်းအမြစ်လည်း ဖြစ်တယ် ၊ မူအရင်းအမြစ်က လှည့်ပတ်လိုက်တဲ့အခါ ပါးကွသင်္ကေတက 'လေ' ဆိုတဲ့ သရုပ်ကို ဖော်လိမ့်မယ် ၊ အဲဒါဆိုရင် အောင်မြင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ဖော်ပြတာပဲ ၊ ကြည့်ရတာ ချင်းယွမ်မြောင်တောက်အရှင် ဘုရင့်နေပြည်တော်ကို လာရတဲ့ရည်ရွယ်ချက်က အောင်မြင်မယ် မထင်ဘူး…"
ယန်ကျန်းက…
"တာအိုဆိုတာ နဂါးလိုပါပဲ ၊ ခေါင်းပါတဲ့နဂါးတစ်ကောင်ပေါ့ ၊ အဲဒါ လောကမှာ ထိပ်တန်းအဆင့်အောင်မြင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ၊ ထျန်းကျွင်း ပြောသလို မဖြစ်နိုင်ပါဘူး…"
ဆန်းလျန်က…
"ကျုပ်ကတော့ အဲဒီလို မထင်ဘူး…"
ယန်ကျန်းက တဟားဟားအော်ဟစ်ရယ်မောရင်း ဆန်းလျန်ရှေ့မှ ထွက်ခွာသွားလေတော့သည်။
ကျောက်ဖုန်းက ယခုမှ အိပ်မက်မှနိုးထလာသူပမာ ယောင်ဝါးဝါးဖြင့် ဆန်းလျန်ကို မေးလိုက်သည်။
"မင်းက သူ့ကို ချင်းယွမ်မြောင်တောက်အရှင်လို့ ခေါ်တယ် ၊ သူကလည်း သူ့ကိုယ်သူ ယန်ကျန်းလို့ပြောတယ် ၊ သူက မိုးနတ်မင်းရဲ့တူ အော့လန်ရှန်လား…"
ကျောက်ဖုန်း၏ အမေးကို ဆန်းလျန်က ခေါင်းညိတ်အဖြေပေးလိုက်လေသည်။
ကျောက်ဖုန်းက…
"ဘုရားရေ… သူ့ကြည့်ရတာ မင်းကိုကြောက်နေသလိုပဲ ၊ ညီလေး… မင်းက ဘယ်လိုလူစားမျိုးလဲကွာ…"
ဆန်းလျန်က အနည်းငယ်ပြုံးလိုက်ရင်း…
"ဘာလဲ… မင်းရှေ့မှာ ငါတို့ ပြဇာတ်ကနေတယ်များထင်လို့လား…"
ကျောက်ဖုန်းက…
"ဒီလူက အော့လန်ရှန်အတုပဲဖြစ်ရမယ်…"
ဆန်းလျန်က…
"အစစ်ပါကွာ…"
ကျောက်ဖုန်းက ဆန်းလျန်နှင့် ဆက်ငြင်းရန် ဟန်ပြင်ပြီးမှ မငြင်းတော့ဘဲ ရပ်တန့်လိုက်လေသည်။
ဆန်းလျန်ပြောနေသည့်စကားများက အမှားလား အမှန်လား သူ့အနေဖြင့် မသဲကွဲသေးပေ။
သူက ဆန်းလျန်ကို လှမ်းကြည့်လိုက်လေသည်။ ဆန်းလျန်၏ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ကျောက်ဖုန်း တုန်လှုပ်သွားမိသည်။
ကျောက်ဖုန်း၏ အကြည့်က ဆန်းလျန်၏ တာအိုနှလုံးသားတွင် ထင်ဟပ်လာလေသည်။
ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါး၏ ထိုက်ဝေ့ထိုင်ခန်းမဆောင်မှ တာအိုဆရာအဘိုးအိုအကြောင်းကို ပြန်အမှတ်ရလိုက်မိသည်။
ထိုတာအိုဆရာအဘိုးအို လောကတွင် သံသရာလည်ပြီး ရှင်သန်နေဆဲလား ဆန်းလျန် စဉ်းစားလိုက်မိသည်။
အမှန်တော့ လောကတွင် ဆန်းလျန် ဖမ်းယူဆုပ်ကိုင်နိုင်ခြင်းမရှိသည့်အကြောင်းအရာများလည်း များစွာ ရှိနေသေးသည်မဟုတ်ပါလား။
***
ယန်ကျန်းသည် လမ်းမထက်တွင်လမ်းလျှောက်လာရင်း ဆန်းလျန်နှင့်တွေ့ဆုံခဲ့သည့်အကြောင်းကို စဉ်းစားနေမိလေသည်။
သူက ဆန်းလျန်နှင့်တိုက်ခိုက်ရမည်ကို ကြောက်ရွံ့ခြင်း မဖြစ်မိပေ။ သို့ရာတွင်… ဆန်းလျန်သည် ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဖြစ်သည်ကတော့ မငြင်းနိုင်ပေ။
အမှန်တော့ သူ ဘုရင့်နေပြည်တော်သို့ လာရသည့်ခရီးစဉ်က လွယ်ကူသည်တော့ မဟုတ်ပေ။ အခက်အခဲများဖြင့် ပြည့်နက်နေခဲ့လေသည်။ သူကိုယ်တိုင်ကလည်း ရင်ဆိုင်ရမည့် အခက်အခဲများစွာအတွက် ပြင်ဆင်ထားခဲ့ပါသည်။
သို့သော်… ဆန်းလျန်ကိုတွေ့လိုက်ရသည့်အခါတွင်တော့ သူရင်ဆိုင်ရမည့်အခက်အခဲများမှာ သူ၏ပြင်ဆင်ထားမှုများနှင့် မလုံလောက်တော့ကြောင်းကို သိရှိလိုက်ရသည်။
လောကတွင် ဆန်းလျန်ကို မကြောက်ရွံ့သူ မည်သူရှိမည်နည်း။ ဆန်းလျန်ထက် ခန့်မှန်းရခက်သူ မည်သူရှိမည်နည်း။
ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့က ဟွင့်ယွမ်ဝူကျီအဆင့်ကျင့်ကြံသူများဖြစ်ကြသည်တိုင် သူတို့က ဆန်းလျန်လောက် ခန့်မှန်းရမခက်ပေ။
ယခင်အချိန်ကသာဆိုလျှင် နတ်ဘုရားများ ပူးပေါင်းပြီး ဆန်းလျန်ကို ဖယ်ရှားပစ်ရန် ကြံစည်ကြမည် ဖြစ်လေသည်။
သို့သော်… ယခုမူကား အင်အားကြီး နတ်ဘုရား (၃)ပါးက ဘေးချင်းယှဉ်ရပ်နေသည့် ခေတ်ဖြစ်သည့်အတွက် အခြေအနေက ယခင်ကနှင့် များစွာ ကွာခြားသွားခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် မည်သူမှ ဆန်းလျန်ကို အရင်ဆုံး ရန်သွားစပြီး အခြေအနေများ ရှုတ်ထွေးကုန်အောင် မလုပ်ရဲကြတော့ပေ။
ယန်ကျန်းသည် သေရမည်ကိုကြောက်သည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ပြင်… သူက အခြားသောတာအိုကျင့်ကြံသူများနှင့် တူညီသူတစ်ယောက် မဟုတ်ပေ။
သူကျင့်စဉ်လမ်းကိုစပြီးလိုက်ခဲ့စဉ်ကတည်းက အခက်အခဲ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ရင်ဆိုင်ရစမြဲပင်။
အခြားသောနတ်ဘုရားများနှင့်လည်း ပြဿနာတစ်ခုမဟုတ်တစ်ခု တက်ခဲ့ရပြီး မိုးကောင်းကင်ခုံရုံးပျက်စီးသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရဖူးလေသည်။
ထိုသို့သောအခက်အခဲများစွာကို သူရင်ဆိုင်ဖြတ်သန်းရပြီးသည့်နောက် သုံးလောကတစ်ခွင်တွင် လောကပထမ စစ်နတ်ဘုရားအဖြစ် ခံယူနိုင်ခဲ့လေသည်။
သူကြုံတွေ့ခဲ့ရသည့် ခါးသက်သည့်အတွေ့အကြုံများကြောင့် သူ၏ တိုက်ရည်ခိုက်ရည်နှင့် ရင့်ကျက်မှုသည် နတ်မိစ္ဆာအဓိပတိကြီးနှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးထက်ပင် သာလွန်လေသည်။
သို့သော်… ဆန်းလျန်ကတော့ သူ့ဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရသည့် အင်အားကြီးနတ်ဘုရားများနှင့် လုံးဝမတူဘဲ တစ်မူကွဲထွက်နေသူဖြစ်လေသည်။
ထိုဆန်းလျန်ဆိုသူသည် အမှန်တရားကိုပြောင်းပြန်လှန်ပြီး အတိတ်ကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။ မယုံကြည်နိုင်လောက်သည့်တန်ခိုးစွမ်းအားများကို အသုံးပြုကာ များစွာသောနတ်ဘုရားများကိုလည်း အရူးလုပ်နိုင်ခဲ့သည်။
အမှန်တော့ မိုးကောင်းကင်ခုံရုံး (၂)ခုလုံး ပျက်စီးခဲ့ရသည့် လက်သည်တရားခံကလည်း ထိုဆန်းလျန်ဆိုသူပဲ ဖြစ်လေသည်။
မကြာသေးမီကမှ ရွှမ်တုတောက်ကျွင်းက မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်ခဲ့ပြီး အတိတ်ကိုပြန်လည်ရှုမြင်သည့်အခါ ထူးဆန်းနက်နဲလှသည့်ထိုအချက်ကို သိရှိခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ဘုရင့်နေပြည်တော်တွင် မထင်မှတ်ဘဲ ဆန်းလျန်နှင့် ဆုံခဲ့ရပြီ။ ထိုသူက တစ်လောကလုံးကို ဒုက္ခပေးမည့် နတ်ဆိုးကောင်ပင် ဖြစ်လေသည်။
ထို့ကြောင့် သူ့စိတ်ထဲတွင် အနည်းငယ်တော့ တုန်လှုပ်လျှက် ရှိလေသည်။
ထို့ပြင် ထိုနတ်ဆိုးကောင်က သူ့ခရီးစဉ်သည် အောင်မြင်ခြင်းမရှိဟု ဗေဒင်ပင်တွက်ပေးပြီး သူ့နှလုံးသားထဲတွင် အရှုံးတရားအမြစ်တွယ်အောင် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ပြုလုပ်လိုက်သေးသည်။
ထို့ကြောင့် သူက ဆန်းလျန်ကို မတွေ့ချင်ခြင်း ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်ကိုကြည့်ရသည်မှာ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေဟန် ရှိလေသည်။
ယန်ကျန်းသည် အတွေးများထဲတွင် နစ်မျောနေမိလေသည်။ သူ ဘုရင့်နေပြည်တော်သို့ ရောက်လာရသည့် ရွယ်ချက်သည်ပင် အောင်မြင်နိုင်ပါတော့မည်လား ယန်ကျန်းကိုယ်တိုင် မဝေခွဲနိုင်ဖြစ်နေရသည်။
ယနေ့ ယန်ကျန်း လူ့လောကသို့ ရောက်လာခြင်းသည် (၉)လပိုင်း (၉)ရက်နေ့တွင် မယ်တော်ဝမ်မူပြုလုပ်မည့် အပြောင်းအလဲအတွက် ဖြစ်လေသည်။
ယန်ကျန်းတို့၏ ကျောက်စိမ်းဝိညာဉ်နန်းတော်သည် ရွှမ်တုတောက်ကျွင်းနှင့် ပူးပေါင်းထားပြီ ဖြစ်သည်။ သို့သော်… ရွှမ်တုတောက်ကျွင်း၏ လက်အောက်ခံတော့ မဟုတ်ပေ။
ရွှမ်တုတောက်ကျွင်းသည် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ဖန်ကူအလံ၏ အကူအညီဖြင့် မိုးနတ်မင်းတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။ ဖန်ကူအလံကြောင့်သာ မဟုတ်ပါက မိုးနတ်မင်းဖြစ်လာရန် လွယ်ကူမည် မဟုတ်ပေ။
တာအိုဆရာယွိတင်က ရွှမ်တုတောက်ကျွင်းကို မိုးကောင်းကင်ခုံရုံးပြန်လည်တည်ထောင်နိုင်အောင် ကူညီခဲ့ပြီး ရွှမ်တုတောက်ကျွင်းကလည်း ကျောက်စိမ်းဝိညာဉ်နန်းတော်ကို မည်သူမှ အန္တရယ်မပြုနိုင်စေရန် ကာကွယ်ပေးမည်ဟု သဘောတူခဲ့လေသည်။
ဤသည်မှာ အပြန်အလှန်ကူညီခြင်းဖြစ်ပြီး အပြန်အလှန် အကျိုးရှိသည့် လုပ်ဆောင်ချက်ဖြစ်သည်။
ဆန်းလျန်က တိကျန်ဗောဓိသကျနှင့် ပူးပေါင်းပြီး တိုက်ခိုက်မှသာ မိုးကောင်းကင်ခုံရုံးကို အသာစီးရနိုင်ပေမည်။ ထိုအတိုင်းသာဆိုလျှင် ဆန်းလျန်သည် ထင်သလောက် အင်အားကြီးခြင်း မရှိသေးကြောင်း ယန်ကျန်း ခန့်မှန်းလိုက်မိသည်။
အကယ်၍ ထိုသို့ဖြစ်လာခဲ့မည်ဆိုလျှင်လည်း သူ့ကိုသတ်ဖြတ်ပစ်မည့် ယန်ကျန်း၏ လက်ရည်ကို လာစမ်းသပ်ရန် ဖိတ်ခေါ်နေသည့်အလား ဖြစ်ပေလိမ့်မည်။
***