ရှောင်ယွီနှင့် မီလဲ့ကိုယ်တော်၏တိုက်ပွဲ
Vol. 10 Ch. 901
ဘုရင့်နေပြည်တော်အပြင်ဘက်… ၊
ရွှမ်ဝူရေကန်…။
ရွှမ်ဝူရေကန်၏ ကြည်လင်သည့်ရေပြင်ထဲတွင် ငါးများ ကူးခတ်နေကြလေသည်။ ငါးများပွက်နေကြသည့်အတွက် ကန်ရေပြင်သည် လှိုင်းပျော့လေးများဖြင့် လှုပ်ခတ်လျှက် ရှိလေသည်။
ရုတ်တရက်…
ရေကန်အောက်ခြေမှ ကြာပန်း (၂)ပွင့် ပွင့်လန်းလာလေသည်။ ကြာရွက်ဖားဖားနှင့် ကြာပွင့်လေးများက မြင့်မြတ်သည့်အသွင်ကို ဆောင်လေသည်။
ကြာပန်းများက ငါးများကို ဆွဲဆောင်နေသည့်အလား ငါးများသည် ကြာပန်းများ ပတ်ပတ်လည်တွင် ဝန်းရံ ကူးခတ်နေကြလေတော့သည်။ ထို့ကြောင့် ကြာပန်းများမှာလည်း လေထဲတွင် ယိမ်းထိုးလျှက် ရှိလေ၏။
ထိုအချိန်မှာပင်… ကြာပန်း (၂)ပွင့်သည် ကြယ်စင်များအလား အလင်းရောင်သဲ့သဲ့ တောက်ပလာလေသည်။
အလင်းမှုံလေးများ စုစည်းသွားပြီး ကြာပန်း (၂)ပွင့်အလယ်တွင် လူ (၂)ယောက် ထွက်ပေါ်လာလေသည်။
ဘုန်းတော်ကြီးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်လေသည်။
ဘုန်းတော်ကြီးမှာ ၀၀ဖိုင့်ဖိုင့်နှင့်ဖြစ်ပြီး အနောက်ဘက်ကောင်းကင်ဘုံမှာ မီလဲ့ကိုယ်တော် ဖြစ်လေသည်။ သူ၏မျက်နှာက အစဉ်အမြဲပြုံးရွှင်လျှက် ရှိလေ၏။
မိန်းကလေးကတော့ ထူးခြားသူတစ်ယောက်ဖြစ်လေသည်။ သူမက တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ ဒူးထက်တွင် သွေးနီရောင်ဓားရှည်တစ်လက်ကို တင်ထားလေသည်။ သူမက အခြားသူမဟုတ်။ ကျောက်ရှောင်ယွီ ဖြစ်လေ၏။
ကျောက်ရှောင်ယွီက လှပစွာ တစ်ချက်ပြုံးလိုက်ရင်း…
"မီလဲ့ကိုယ်တော်ကို ဂါရဝပြုပါတယ်…"
သူမ၏ ကြည်လင်သည့်မျက်ဝန်းများက ကြယ်စင်များထက်ပင် တောက်ပလျှက် ရှိလေသည်။
သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးပြီး ပြုံးနေသည်မှာ ခမ်းနားသည့်အလှတရားတစ်ခုကို ဖော်ကျူးလေသည်။ သူမ၏ ဟန်ပန်က အေးဆေးပြီး ပေါ့ပါးလျှက်ရှိသည်။
မီလဲ့ကိုယ်တော်သည်ပင် သူမကို လေးစားသည့်အကြည့်ဖြင့် ကြည့်လိုက်မိလေသည်။
မီလဲ့ကိုယ်တော်က…
"နတ်သမီးက ကျုပ်ကို ဒီနေရာမှာ ဘာလို့ တားဆီးရတာလဲ…"
ကျောက်ရှောင်ယွီက သိမ်မွေ့သည့်လေသံဖြင့်…
"ကျွန်မ မီလဲ့ကိုုယ်တော်ကို မရိုမသေမလုပ်ရဲပါဘူး ၊ ဒါပေမဲ့ မေးစရာလေးတစ်ခု ရှိလို့ပါ…"
မီလဲ့ကိုယ်တော်က ပြုံးလိုက်ပြီး…
"ဘာများမေးချင်တာလဲ…"
"ကျွန်မ ဘဝတစ်လျှောက်လုံးကျင့်ကြံခဲ့ပေမယ့် မီလဲ့ကိုယ်တော်နဲ့ယှဉ်ရင်ဘာမှ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ကျွန်မ နှစ်ပေါင်းများစွာကျင့်ကြံပြီးတဲ့နောက် အောင်မြင်မှုတွေလည်း ရသင့်သလောက် ရခဲ့သလို သံသယဝင်စရာကိစ္စတွေလည်း အများကြီးတွေ့ခဲ့ရပါတယ် ၊ ကိုယ်တော်က ဒီလောကမှာ ထိပ်တန်းအဆင့်တန်ခိုးရှင်တစ်ပါးဆိုတော့ ကျွန်မနားမလည်တာတွေကို ရှင်းပြပေးနိုင်မလားလို့ပါ…"
သူမက ပေါ့ပါးသည့်လေသံဖြင့် ပြောနေခြင်းဖြစ်ပြီး သူမ၏ မျက်လုံးများကတော့ မီလဲ့ကိုယ်တော်ကို စိုက်ကြည့်နေလေသည်။
မီလဲ့ကိုယ်တော်က…
"ဗုဒ္ဓဘာသာဆိုတာ 'ငါ' ဆိုတဲ့ အတ္တကိုပယ်သတ်ဖို့ အဓိကထားတဲ့ ဘာသာတရားပါ ၊ နတ်သမီးသိချင်တာတွေကို ပြောပြရမယ်ဆိုရင် ဆုံးနိုင်မှာမဟုတ်ဘူး ၊ အခု ကျုပ်မှာ အရေးကြီးကိစ္စရှိသေးတယ် ၊ အရေးကြီးကိစ္စပြီးမှ ဒီကနတ်သမီး သိချင်တာတွေကို ပြောပြပေးပါ့မယ် ၊ အခုတော့ နတ်သမီး ကျုပ်ကိုထိန်းချုပ်ထားတာကို ဖြေလျှော့ပေးပါဦး…"
အမှန်တော့ ရွှမ်ဝူရေကန်တစ်ခုလုံးကို ကျောက်ရှောင်ယွီက ထိန်းချုပ်ပြီး သီးသန့်ဓမ္မနယ်မြေတစ်ခုအဖြစ် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။
ထို့ကြောင့်… အနောက်ဘက်ကောင်းကင်ဘုံမှ ထွက်ခွာလာသည့် မီလဲ့ကိုယ်တော်မှာ အငိုက်မိပြီး ကျောက်ရှောင်ယွီ၏ ထိန်းချုပ်ခြင်းကို အမှတ်မထင် ခံလိုက်ရခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီက အလွန်ထူးခြားသည့် တန်ခိုးစွမ်းအားဖြင့် ဓမ္မနယ်မြေကိုဖန်ဆင်းထားခြင်းမရှိသည့်တိုင် စစ်မှန်သည့် တန်ခိုးစွမ်းအားကို အသုံးပြုထားသည့်အတွက် မီလဲ့ကိုယ်တော်မှာ ချက်ချင်း ရုန်းမထွက်နိုင်ဖြစ်နေရလေသည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ကျွန်မရဲ့ တန်ခိုးစွမ်းအားက ဘာရှိမှာလဲ ၊ သူသေကိုယ်သေ တိုက်ပွဲတစ်ပွဲတိုက်ရတာလောက် မပြင်းထန်ပါဘူး…"
မီလဲ့ကိုယ်တော်က ပြုံးလိုက်ရင်း…
"သူသေကိုယ်သေတိုက်မယ်ဆိုရင် နတ်သမီး ဘဝတစ်ခုလုံး ခက်ခက်ခဲခဲ ကျင့်ကြံခဲ့သမျှ အကုန်အလကားဖြစ်သွားမှာ မစိုးရိမ်ဘူးလား…"
ကျောက်ရှောင်ယွီက သွေးနီရောင်ဓားရှည်ကို ဆုပ်ကိုင်လိုက်လေသည်။
သူမ၏ မျက်ဝန်းများက တည်ငြိမ်နေပြီး မီလဲ့ကိုယ်တော်ကို အေးဆေးစွာပင် စိုက်ကြည့်နေလေသည်။
"ကျွန်မက အဲဒါကို လုံးဝမစဉ်းစားဘူး…"
ကျောက်ရှောင်ယွီ၏ စကားကြောင့် မီလဲ့ကိုယ်တော် အနည်းငယ် တုန်လှုပ်သွားပြီး သူ၏မျက်နှာထက်မှ အပြုံးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ကျောက်ရှောင်ယွီက ဓားကို ကိုင်ကာ မတ်တတ်ထရပ်လိုက်လေသည်။ ဓားရှည်မှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်နေပြီး နေရောင်ခြည်ကဲ့သို့ပင် တောက်ပလျှက် ရှိလေသည်။
ထိုဓားမှာ ငရဲလမ်းဓားဖြစ်လေ၏။
အရာအားလုံးကို ပိုင်းဖြတ်တိုက်ခိုက်ပစ်တော့မည့်အလား မရဏအငွေ့အသက်များ ထွက်ပေါ်လျှက်ရှိလေသည်။
မီလဲ့ကိုယ်တော် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ကျောက်ရှောင်ယွီသည် ဆန်းလျန်လောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိသည့်တိုင် ချင်းယွမ်မြောင်တောက်အရှင်ထက်တော့ နိမ့်ပါးခြင်း မရှိပေ။
ကျောက်ရှောင်ယွီက ငရဲလမ်းဓား၏အစွမ်းကိုသာ ပြသလိုက်ခြင်းဖြစ်ပြီး တကယ်တမ်း တိုက်ခိုက်ခြင်း မပြုသေးပေ။
သို့သော်… မရဏစွမ်းအားများက နေရာတိုင်းတွင်ပျံ့နှံ့နေပြီး အကန့်အသတ်မရှိသည်ကို မီလဲ့ကိုယ်တော် သဘောပေါက်လိုက်လေသည်။
မီလဲ့ကိုယ်တော်က ကြာပန်းထက်တွင် ငြိမ်သက်စွာပ ထိုင်နေဆဲ ဖြစ်လေသည်။ သို့သော်… သူ၏ လက်ဖဝါးထက်တွင် အနတ္တစည်းတံဆိပ်ကို ဖန်ဆင်းလိုက်လေသည်။
နေရာတိုင်းတွင် အနတ္တတန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးတွင် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
ကောင်းကင်ထက်တွင် တိမ်တိုက်များ ငြိမ်သက်သွားပြီး လေပြေအေးက တိုက်ခတ်လာလေသည်။ ထို့နောက် မိုးများ သဲကြီးမဲကြီး ရွာသွန်းလာပြီး မိုးကြိုးများလည်း စတင်ပစ်ခတ်လေတော့သည်။
ကျောက်ရှောင်ယွီ၏ ဓားဝိညာဉ်သည် အနတ္တတန်ခိုးစွမ်းအားများကြားတွင် ချက်ချင်းပင် မှေးမှိန်သွားရသည်။
ကျောက်ရှောင်ယွီ ထိတ်လန့်သွားခြင်း မရှိပေ။ သို့သော်… မီလဲ့ကိုယ်တော်၏တန်ခိုးစွမ်းအားများက သူမထက် များစွာသာလွန်ကြောင်း ကောင်းကောင်းနားလည်လိုက်သည်။
သူမက နှုတ်ခမ်းလေးများကို အသာတွန့်ကွေးပြီး ပြုံးလိုက်သည်။
ကိုယ့်ထက်သာတဲ့ရန်သူနဲ့ တိုက်ခိုက်ရတော့လည်း တိုက်ပွဲက ပျင်းစရာ မကောင်းတော့ဘူးပေါ့ဟု သူမ တွေးလိုက်မိသည်။
ကျောက်ရှောင်ယွီ၏ ငရဲလမ်းဓားကို မီလဲ့ကိုယ်တော်၏ အနတ္တစည်းတံဆိပ်က ဖိနှိပ်ထားလိုက်ပြီးသည့်နောက် သူက ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားကို ပြသလိုက်လေသည်။
ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားသည် ရှေးခေတ်အချိန်ကာလများကတည်းက ရှိခဲ့သည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများက အသုံးများကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ဝူရေကန်တစ်ခုလုံး အဖြူရောင်ကြာပန်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
ကြာပန်းတစ်ပွင့်စီတိုင်းတွင် မီလဲ့ကိုယ်တော်ထိုင်နေလေ၏။
မီလဲ့ကိုယ်တော်၏ ကိုယ်ခွဲများမှ မှိန်ပျပျအလင်းရောင်များထွက်ပေါ်နေပြီး သူတို့အားလုံး၏ အသက်ရှူသံသည်ပင် မူလမူရင်းကိုယ်တော်နှင့် ကွဲပြားမှုမရှိ တူညီနေလေသည်။
မီလဲ့ကိုယ်တော်၏ ကိုယ်ခွဲများက ကျောက်ရှောင်ယွီကို ဘက်ပေါင်းစုံမှ ဝန်းရံထားလိုက်ပြီး ကြီးမားသည့် ဖိအားများနှင့် ဖိနှိပ်ထားလိုက်လေသည်။
ကျောက်ရှောင်ယွီက တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။
သူမလက်ထဲမှ ငရဲလမ်းဓားက မရဏစွမ်းအားများနှင့်ပြည့်နေပြီး အရာအားလုံးကို ခုတ်ပိုင်းချတော့မည့်အလား ထင်မှတ်ရသည်။
ငရဲလမ်းဓားတွင် တာအိုတန်ခိုးစွမ်းအားများကိုလည်း တွေ့မြင်နိုင်သလို ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားများကိုလည်း တွေ့မြင်နိုင်သည်။
"ချုပ်ငြိမ်းခြင်းကိုသိရင် သမာဓိက နောက်ကလိုက်လာတယ် ၊ သမာဓိရရင် တည်ငြိမ်မှုကိုရတယ် ၊ တည်ငြိမ်မှုကိုရရင် ငြိမ်းချမ်းခြင်းကိုရတယ်၊ ငြိမ်းချမ်းခြင်းကိုရရင် ဆုံးဖြတ်ချက်ခိုင်မာမှုကိုရတယ် ၊ ကျွန်မ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့အခါ ကျွန်မရဲ့ တာအိုနှလုံးသားဟာ ငြိမ်းချမ်းခြင်းအဆင့်ကို ကျော်လွန်ခဲ့ပါပြီ ၊ ကျေးဇူးပြုပြီး မီလဲ့ကိုယ်တော်က ကျွန်မကို ဝေဖန်ပေးပါဦး…"
ကျောက်ရှောင်ယွီက ထိုစကားကို ပါးစပ်မှ ထုတ်ဖော်ပြောဆိုလိုက်ခြင်း မဟုတ်ပေ။ ဓားဝိညာဉ်မှတစ်ဆင့် ပြောလိုက်ခြင်း ဖြစ်လေသည်။
ယခုလိုအခြေအနေမျိုးတွင် ပါးစပ်မှ စကားပြောနေလျှင် တိုက်ခိုက်ရန် နောက်ကျသွားပေမည်။ပြောချင်သည့်စကားကို ဓားနှင့်ပြောသည်ကသာ အကောင်းဆုံးဖြစ်လေ၏။
မီလဲ့ကိုယ်တော်၏ ကိုယ်ခွဲများက မရေမတွက်နိုင်အောင် များပြားလှပြီး ကျောက်ရှောင်ယွီ၏ ဓားကတော့ တစ်လက်တည်း ဖြစ်သည်။
ငရဲလမ်းဓား၏ သွေးနီရောင်အလင်းတန်းက စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်သွားပြီး ရွှမ်ဝူရေကန်ထဲတွင် စက်ဝိုင်းပုံသဏ္ဍန်လှိုင်းလုံးများ ဖြစ်ပေါ်လာလေသည်။
ရေလှိုင်းများထဲတွင် မြင့်မားသည့်တန်ခိုးစွမ်းအားများ ပါဝင်နေပြီး ဓားချက်တစ်ချက်တည်းဖြင့် မီလဲ့ကိုယ်တော်၏ ထောင်ပေါင်းများစွာသော ကိုယ်ခွဲများကို သုတ်သင်ပစ်လိုက်လေတော့သည်။
ကျောက်ရှောင်ယွီ၏ ငရဲလမ်းဓားကို မီလဲ့ကိုယ်တော် သေသေချာချာ နားလည်လိုက်သည်။
တာအိုက တစ်ခုကို မွေးဖွားသည် ၊ တစ်ခုက နှစ်ခု ၊ နှစ်ခုက သုံးခု စသည်ဖြင့် အရာအားလုံးမွေးဖွားလာသည်ဆိုသည့် သဘောတရားကို အခြေခံထားသည့်ဓားသိုင်းပညာဖြစ်လေသည်။
ထိုသဘောတရားကိုနားလည်သည့် နတ်ဘုရားများသည် ထိန်းချုပ်နိုင်စွမ်းမြင့်မားပြီး အခြားသူများထက် သာလွန်ကြလေသည်။
ကျောက်ရှောင်ယွီ၏ ဓားဝိညာဉ်က တာအိုအနှစ်သာရများဖြင့် ပြည့်နေလေသည်။
အသင်္ချေသောအရာများသည် တစ်ခုမှ စတင်သည်ဆိုသည့် သဘောတရားကို ကျောက်ရှောင်ယွီက နားလည်ထားသူ ဖြစ်လေသည်။
ထို့ကြောင့် မီလဲ့ကိုယ်တော်၏ ပုံရိပ်ယောင်ကိုယ်ခွဲများအားလုံးကို သုတ်သင်ပစ်လိုက်နိုင်ခြင်း ဖြစ်လေသည်။
သို့သော်… ဤမျှလောက်ဖြင့် ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်ကို အနိုင်ယူလိုက်နိုင်သည်ဟ မဆိုနိုင်သေးပေ။
ယခု… ရွှမ်ဝူရေကန်ထက်မှ မီလဲ့ကိုယ်တော်၏ ကိုယ်ခွဲများ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ မီလဲ့ကိုယ်တော်အစစ်အမှန်တစ်ပါးတည်းသာ ရေကန်ထက်တွင် ကျန်ရစ်နေတော့သည်။
မီလဲ့ကိုယ်တော်က တစ်ချက်ပင် လှုပ်ရှားခြင်း မရှိပေ။ သို့သော်… ရွှမ်ဝူရေကန်တစ်ခုလုံး သူ၏တန်ခိုးစွမ်းအားများဖြင့် လွှမ်းခြုံထားလေသည်။
အစပိုင်းတွင် မီလဲ့ကိုယ်တော်က ကျောက်ရှောင်ယွီ ဖန်ဆင်းထားသည့် ဓမ္မနယ်မြေထဲတွင် ပိတ်မိနေခဲ့လေသည်။ ယခုတော့ သူမဖန်ဆင်းခဲ့သည့် ဓမ္မနယ်မြေသည် မီလဲ့ကိုယ်တော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဘီလုံငှက်ငယ်၏အသိုက်ကို ချိုးငှက်က သိမ်းယူလိုက်သည့်အခါ ဘီလုံးငှက်ငယ် မည်သို့မှ မတတ်နိုင်တော့သည့် အခြေအနေမျိုးပင် ဖြစ်လေသည်။
ယခုတော့ ဓမ္မနယ်မြေတစ်ခုလုံး မီလဲ့ကိုယ်တော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည့်အတွက် ကျောက်ရှောင်ယွီ ရှုံးနိမ့်သွားသည်မှာ အငြင်းပွားစရာ မရှိတော့ပေ။
ကျောက်ရှောင်ယွီသည် ကြောက်မက်ဖွယ်ရာ ကောင်းသူတစ်ယောက်ဖြစ်လေသည်။
ခေတ်အဆက်ဆက်တွင် သူမကဲ့သို့ အောင်မြင်မှုရရှိသည့် နတ်ဘုရားဆို၍ ခပ်ရှားရှားပင် ဖြစ်သည်။ သို့သော်… မီလဲ့ကိုယ်တော်ကတော့ သူမထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားသည်မျာ မငြင်းနိုင်တော့ပေ။
ထို့ပြင် မီလဲ့ကိုယ်တော်သည် အနောက်ဘက်ကောင်းကင်ဘုံကို အုပ်ချုပ်ရသည့် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လေရာ ရင့်ကျက်မှုအပိုင်းတွင်လည်း ကျောက်ရှောင်ယွီထက် သာလွန်လေသည်။
ဆန်းလျန်သည် ဗေဒင်ဟောခန်းထဲတွင် ထိုင်နေလေသည်။ သူက ကျောက်ရှောင်ယွီ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို သိသည့်တိုင် မည်သည့်နည်းနှင့်မှ ကူညီနိုင်ခြင်း မရှိပေ။
အသူရာချောက်ရှိ ဝိညာဉ်မြစ်ကမ်းနံဘေးတွင်တော့ တိကျန်ဗောဓိသကျ ရပ်နေလေသည်။ မမြင်ရသည့်တန်ခိုးစွမ်းအားတစ်ခုက သူ့ကိုဝန်းရံထားလေသည်။
တိကျန်ဗောဓိသကျက တစ်ချက်ပြုံးလိုက်လေ၏။
အမှန်တော့ ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် ဆန်းလျန်သည်လည်း အသူရာချောက်မှ တိကျန်ဗောဓိသကျနှင့် တိတ်တဆိတ် တန်ခိုးစွမ်းအား ယှဉ်ပြိုင်နေခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် သူ့အနေဖြင့် ကျောက်ရှောင်ယွီကို မကူညီနိုင်ခြင်း ဖြစ်လေသည်။
***