← Chapters

မင်းကငါမှမဟုတ်တာ

Vol. 10 Ch. 902

မင်းကငါမှမဟုတ်တာ

Vol. 10 Ch. 902

ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

သူမက ကျောက်ရှောင်ယွီကို ဖန်သားကောင်းကင်ဘုံတွင် သူ့ကိုစောင့်နေရန် မှာခဲ့သော်လည်း သူမက စကားနားမထောင်ခဲ့ပေ။

သူမနေရာတွင် ကူးဝေေ၀သာဆိုလျှင် ဆန်းလျန်ပြောသမျှစကားတိုင်းကို တသွေမတိမ်းနားထောင်မည် ဖြစ်လေသည်။

ဤသည်မှာ သူတို့ (၂)ယောက်၏ ခြားနားချက်ပင် ဖြစ်သည်။

သို့သော်… ကူးဝေေ၀က ကျောက်ရှောင်ယွီလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိလေရာ သူတို့ (၂)ယောက်က အားသာချက် ၊ အားနည်းချက် မတူညီကြပေ။

ဆန်းလျန်က ကျောက်ဖုန်းကို ပြောလိုက်သည်။

"ငါ့မှာဓားတစ်လက်ရှိတယ် ၊ မင်းအဲဒီဓားကိုယူပြီး ဘုရင့်နေပြည်တော်အပြင်ဘက်က ရွှမ်ဝူရေကန်ကို ယူသွားပေးပါ…"

ဆန်းလျန်၏ လက်ထဲတွင် ဓားရှည်တစ်လက် ရှိနေလေသည်။ ဓားရှည်က (၃)ပေခန့် ရှည်လျားပြီး ဓားသွားက ထက်ရှလွန်းသည်။

ထိုဓားမှာ ယွမ်တုဓားပင် ဖြစ်လေ၏။

ကျောက်ဖုန်းက…

"ကောင်းပြီ…"

ကျောက်ဖုန်း ဆန်းလျန်ကို မေးစရာမေးခွန်းများစွာရှိသည့်တိုင် မမေးတော့ဘဲ ဓားရှည်ကို လှမ်းယူလိုက်လေသည်။

ယွမ်တုမရဏဓားက အလွန်လေးလံမည်ဟု ကျောက်ဖုန်းထင်ထားမိသော်လည်း တကယ်တမ်းဓားကိုယူလိုက်သည့်အခါတွင်တော့ ပေါ့ပါးလွန်းလှလေသည်။ လက်ထဲတွင် အခိုးအငွေ့များကို ကိုင်ထားရသည့်အလားပင် ထင်မှတ်ရသည်။

ယွမ်တုမရဏဓားကိုကိုင်ကာ ကျောက်ဖုန်းဘုရင့်နေပြည်တော်အပြင်ဘက်သို့ ထွက်ခွာလာခဲ့လေသည်။

ထိုအချိန်…. သူ့နားထဲတွင် ဆန်းလျန်၏ အသံကို ကြားလိုက်ရလေသည်။

"မင်းကို တစ်ယောက်ယောက်ကတားမယ်ဆိုရင် အဲဒီဓားနဲ့သာ ခုတ်ပစ်လိုက်…"

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဆန်းလျန်ကတော့ ဗေဒင်ဟောခန်းထဲတွင် မလှုပ်မယှက် ရုပ်တုတစ်ခုအလား ရှိနေဆဲ ဖြစ်သည်။

ဆန်းလျန်က ရှိသမျှ တန်ခိုးစွမ်းအားအားလုံးကို အသုံးပြုကာ အသူရာချောက် (၉)ထပ်လုံးကို ဖိနှိပ်ပြီး တိကျန်ဗောဓိသကျနှင့် တိတ်တဆိတ် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

ဆန်းလျန်ရင်ဆိုင်နေရသည့်တိုက်ပွဲက အလွန်အန္တရယ်များလွန်းလှသည်။ သို့သော်… ဆန်းလျန်က အေးအေးဆေးဆေး ထိုင်နေသည့်အတွက် ဆန်းလျန်မှာ အန္တရယ်ရှိသည့်တိုက်ပွဲတစ်ခုနှင့်ရင်ဆိုင်နေရသည်ဟု မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

"တန်ခိုးစွမ်းအားကိုကြည့်လိုက်မယ်ဆိုရင် တိကျန်ဗောဓိသကျက ရွှမ်တုတောက်ကျွင်းထက်သာတယ် ၊ ဒါတောင် ဆန်းလျန်က တိကျန်ဗောဓိသကျကို ထိန်းချုပ်ထားနိုုင်တယ်…"

ထိုစကားကို ပြောလိုက်သူမှာ ကွမ်ယင်မယ်တော် ဖြစ်လေသည်။

သူမ၏ဘေးတွင် ရပ်နေသူကတော့ ကျန့်ယွမ်ကျီနတ်မင်းကြီး ဖြစ်လေ၏။

သူတို့ (၂)ယောက်က ဘုရင့်နေပြည်တော် ကောင်းကင်ထက်ရှိ တိမ်တိုက်များကြားတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ သူတို့က ဖြစ်ပျက်သမျှ အခြေအနေများအားလုံးကို လေ့လာနေကြခြင်း ဖြစ်လေ၏။

ကွမ်ယင်မယ်တော်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း….

"အခုအချိန်မှာ ဆန်းလျန်က ကျောင်ရှောင်ယွီနဲ့ မီလဲ့ကိုယ်တော်ရဲ့ တိုက်ပွဲကို ဘယ်နည်းနဲ့မှ ဝင်ပါနိုင်မှာ မဟုတ်တော့ဘူး…"

ကျန့်ယွမ်ကျီနတ်မင်းကြီးက…

"မီလဲ့ကိုယ်တော်နဲ့ ကျောက်ရှောင်ယွီရဲ့ တိုက်ပွဲက ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့…"

ကွမ်ယင်မယ်တော်က ဘုရင့်နေပြည်တော်ထဲမှ ဓားတစ်လက်ဖြင့် ပြေးလွှားထွက်ခွာလာသော ကျောက်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ….

"ယွမ်တုမရဏဓားကို ရွှမ်ဝူရေကန်ကိုပို့ဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး…"

ပြောပြီးသည်နှင့် သူမက ကျောက်ဖုန်းကိုတားဆီးရန်အတွက် လက်ထဲတွင်ကိုင်ထားသည့် ကြွေပန်းအိုးထဲမှ မိုးမခခက်တစ်ခက်ကို ထုတ်ယူလိုက်လေသည်။

သို့သော်… ကျန့်ယွမ်ကျီနတ်မင်းကြီးက  သူမကို တားဆီးထားလိုက်သည်။

ကွမ်ယင်မယ်တော်က…

"ဒါက ဘာအဓိပ္ပါယ်လည်း နတ်မင်းကြီး…."

ကျန့်ယွမ်ကျီနတ်မင်းကြီးကသိမ်မွေ့သည့်လေသံဖြင့်…

"မယ်တော် သေသေချာချာ ကြည့်လိုက်ပါဦး…"

ကွမ်ယင်မယ်တော်က မြို့ထဲသို့ နောက်တစ်ကြိမ်ထပ်ကြည့်လိုက်လေသည်။

ထိုအခါ… သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် သဲလွန်စတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ဘုရင့်နေပြည်တော်အလယ်တွင် အလွန်မှ ထူးဆန်းသည့် လှည့်စားမှုတစ်ခု ဖြစ်ပေါ်နေလေသ်ည။ ထိုလှည့်စားမှုတန်ခိုးစွမ်းအားများက အလွန်နက်နဲပြီး ကွမ်ယင်မယ်တော်သည်ပင် သတိမထားခဲ့မိပေ။

ထိုလှည့်စားခြင်းကို ပြုလုပ်နေသူသည်ကား မာရ်နတ်ပင်ဖြစ်လေ၏။

ကွမ်ယင်မယ်တော်က…

"ချင်းယွမ်မြောင်တောက်အရှင်လည်း လောလောဆယ် မြို့ထဲမှာ ရှိနေတာပဲ ၊ သူ အချိန်မီလှုပ်ရှားမလားပဲ ကြည့်ရမယ်…"

ကျန့်ယွမ်ကျီနတ်မင်းကြီးက ခေါင်းခါယမ်းလိုက်ပြီး…

"ယန်ကျန်း စိတ်တွေရှုတ်နေတယ်ထင်တယ် ၊ သူ လှုပ်ရှားမယ် မထင်ဘူး… ၊ သူ မိုးကောင်းကင်တံခါးရှိတဲ့နေရာကို သွားမယ်ထင်တယ်…."

ကွမ်ယင်မယ်တော်၏မျက်လုံးထဲတွင် ထူးဆန်းသည့်အရိပ်တစ်ခု ဖြတ်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"မိုးကောင်းကင်တံခါး ပေါ်လာရင်တော့ အခြေအနေတွေက ပိုပြီး ရှုတ်ထွေးကုန်တော့မှာပဲ…"

ကျန့်ယွမ်ကျီနတ်မင်းကြီးက…

"ဒါပေမဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်တာပဲ…"

ကွမ်ယင်မယ်တော်က မည်သည့်စကားမှ ပြန်မပြောတော့ပေ။

ကျန့်ယွမ်ကျီနတ်မင်းကြီးက မိုးကောင်းကင်တံခါးကို စိတ်ဝင်စားနေဟန်ရှိလေသည်။ လောကတွင် မိုးကောင်းကင်တံခါးကို စိတ်မဝင်စားသူ လောကတွင် မည်သူရှိပါမည်နည်း။

ကွမ်ယင်မယ်တော်က ဆန်းလျန်ထိုင်နေသည့် ဗေဒင်ဟောခန်းရှိရာသို့ တစ်ချက်ကြည့်လိုက်လေသည်။

ထိုအခါ တစ်ချက်မှ မလှုပ်ရှားဘဲထိုင်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။ သို့သော်… ဆန်းလျန်ကို ထိုသို့ မလှုပ်မယှက်တွေ့မြင်လိုက်ရသည်ကပင် သူမကိုပိုပြီး ခြောက်ခြားတုန်လှုပ်စေလေ၏။

***

ကျောက်ဖုန်းသည် ယွမ်တုဓားကိုကိုင်ပြီး မြို့တော်အတွင်းမှ အလျှင်အမြန်ထွက်ခွာလာလေသည်။

လူများရှုတ်ထွေးနေသည့်လမ်းများကို ဖြတ်ကျော်လာပြီး မြို့ပြင်သို့ ရောက်လုနီးပါး ဖြစ်လာလေသည်။

ထိုအချိန်မှာပင်…

ရုတ်တရက်…  သူ့ရှေ့တွင် လူငယ်လေးတစ်ယောက်ပေါ်လာပြီး….

"အဖေ… ကျွန်တော် အဖေ့ကို ရှာနေတာ ကြာပြီ…"

ထိုလူငယ်၏ ပုံစံက ကျောက်ဖုန်းနှင့်အလွန်ဆင်တူလေသည်။ ကျောက်ဖုန်း၏စိတ်မှာ လှည့်စားခံလိုက်ရပြီး ထိုလူငယ်လေးကို မြင်မြင်ချင်း သူ၏သားဖြစ်သူဟု ထင်မှတ်သွားလေတာ့သည်။

လူငယ်လေးက ကျောက်ဖုန်းရှိရာသို့ ပြေးလာပြီး ကျောက်ဖုန်းကို ပြေးဖက်လိုက်သည်။

ရုတ်တရက်…

ကျောက်ဖုန်း၏ ခေါင်းများ မူးဝေသွားပြီး ဓားကိုဝှေ့ယမ်းကာ လူငယ်လေး၏ ရင်ဝတည့်တည့်သို့ ထိုးစိုက်ချလိုက်လေတော့သည်။

"အဖေ… ဘာလို့ဒီလိုလုပ်ရတာလဲ…"

လူငယ်လေးက မယုံကြည်နိုင်သည့် မျက်နှာဖြင့် ကျောက်ဖုန်းကိုငေးကြည့်ရင်း မေးလိုက်လေသည်။

ကျောက်ဖုန်းက…

"မင်းက ငါ့သားမဟုတ်ဘူး ၊ ပြီးတော့ ငါက အရင်လို အဘိုးကြီးကျောက်ဖုန်းမှ မဟုတ်တော့တာ ၊ လူငယ်တစ်ယောက် ခန္ဓာကိုယ်ထဲဝင်နေတာ ၊ မင်းက ဘယ်လိုလုပ် ငါ့ကို မှတ်မိနေရတာလဲ…"

လူငယ်၏ မျက်ဝန်းများထဲမှ အလင်းရောင်မှိန်သွားလေသည်။

"အဖေ ဘာတွေပြောနေတာလဲ ၊ ဘာလို့ အဖေက လူငယ်တစ်ယောက်ခန္ဓာကိုယ်ထဲ ဝင်နေရမှာလဲ…"

ကျောက်ဖုန်းက လူငယ်လေး၏ ခန္ဓာကိုယ်ထဲစိုက်ဝင်နေသည့် ဓားကို ပြန်ဆွဲထုတ်လိုက်လေသည်။

ဓားတွင်ပေါ်နေသည့် သူ့ပုံရိပ်ကို ပြန်မြင်လိုက်ရသည့်အခါတွင်တော့ ကျောက်ဖုန်း အံ့သြထိတ်လန့် သွားရလေသည်။ သူ၏ပုံရိပ်မှာ ယခင်ဘဝက အဘိုးအိုကျောက်ဖုန်း၏ ပုံစံဖြစ်နေလေသည်။

ကျောက်ဖုန်း တုန်လှုပ်သွားရလေသည်။ သူ… တကယ်ပဲ သားဖြစ်သူကို သတ်လိုက်မိပြီလား။

ကျောက်ဖုန်း ယူကျုံးမရဖြစ်သွားပြီး ဓားဖြင့်ထိုးမိသည့်လူငယ်လေးကို ပွေ့ဖက်ထားလိုက်မိသည်။  သို့သော်… လူငယ်လေးမှာ အသက်သေဆုံးနေပြီဖြစ်ပြီး ရင်ဝတွင် စီးကျနေသည့်သွေးများက ကျောက်ဖုန်း၏အင်္ကျီစများကိုပင် စွန်းထင်းကုန်လေသည်။

ကျောက်ဖုန်း ယူကျုံးမရဝမ်းနည်းသွားမိပြီး ဒေါသလည်း ထွက်လာမိသည်။

ကျောက်ဖုန်း သားဖြစ်သူကို ပွေ့ချီလိုက်ပြီး ဗေဒင်ဟောခန်းရှိရာသို့ ပြန်လာခဲ့သည်။ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်သွားသည်ကို သူ ဆန်းလျန်ကို မေးမြန်းရပေလိမ့်မည်။

ဗေဒင်ဟောခန်းသို့ ပြန်ရောက်လာသည့်အခါ နေရာတွင်ပင် မလှုပ်မယှက်ထိုင်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။

ကျောက်ဖုန်းက…

"ဆန်းလျန်… ၊ ငါ့သားသေပြီ…"

ဆန်းလျန်က မျက်လုံးများကို အသာဖွင့်ကြည့်လိုက်ရင်း…

"မင်း ဘာလို့ပြန်လာတာလဲ…"

ကျောက်ဖုန်းက ဒေါသတကြီးဖြင့်…

"ငါ မင်းစကားကိုနားထောင်ခဲ့တယ် ၊ ခုတော့ ငါ့သားသေရပြီ…"

ဆန်းလျန်က …

"မင်းရဲ့သား အခု ဘယ်မှာလဲ…"

ကျောက်ဖုန်းက ….

"ဒီမှာ ငါချီထား…"

သို့သော်… စကားဆုံးအောင် မပြောနိုင်မီမှာပင် ကျောက်ဖုန်း အံ့သြထိတ်လန့်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် သူ့ရင်ခွင်ထဲတွင် ပွေ့ချီလာသူမှာ သူ့သားမဟုတ်ဘဲ ပုပ်ဆွေးနေသည့် သစ်သားတုံးကြီးတစ်တုံး ဖြစ်နေသောကြောင့်ပင်။ သစ်သားတုံးကြီးမှာ ရေညှိများပင် တက်နေသေးသည်။

တောက်ပနေသည့် ယွမ်တုဓားမျက်နှာပြင်တွင် ကျောက်ဖုန်းက သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည့်အခါ စောစောကကဲ့သို့ အဘိုးကြီးပုံစံဖြစ်မနေဘဲ ပေါက်စီရောင်းသည့် လူငယ်လေး ပြန်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကျောက်ဖုန်းက ထိတ်လန့်တခြားဖြင့်…

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"

ဆန်းလျန်က …

"အမှန်က အမှားဖြစ်သွားရင် အတုက အစစ်ဖြစ်သွားတာပေါ့"

ဆန်းလျန်က ကျောက်ဖုန်းကို ပြောနေရင်းမှ ဗေဒင်ဟောခန်းအပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက်…

"ဝင်လာခဲ့ပါ…"

ဟု ပြောလိုက်လေသည်။

ဆန်းလျန်စကားကြောင့် ကျောက်ဖုန်း အူကြောင်ကြောင်ဖြင့် နားမလည်နိုင်ဖြစ်သွားစဉ်မှာပင် ဗေဒင်ဟောခန်းအတွင်းသို့ ဝင်လာသည့် နူးညံ့သည့် ခြေသံတစ်သံကို ကြားလိုက်ရလေသည်။

ဆည်းဆာရောင်ခြည်အောက်တွင် လူတစ်ယောက် ဗေဒင်ဟောခန်းအတွင်းသို့ ဝင်ရောက်လာသည့် လူတစ်ယောက်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ ထိုသူက စာပေသမားတစ်ယောက်ပုံစံဝတ်ဆင်ထားပြီး သူ၏အသက်မည်မျှရှိမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။

ထိုစာပေသမားက ဆန်းလျန်ရှေ့တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး…

"ဗေဒင်ဟောတဲ့သူက မှားယွင်းတွက်ချက်မိတာဆိုတော့ အတော်လေးကို စိတ်မသက်မသာ ဖြစ်မှာပဲနော်…"

ဆန်းလျန်က မျက်ခုံးများကို အသာပင့်လိုက်ရင်း…

"မင်းအခု တော်တော် ပျော်နေတာလား…"

စာပေသမားက တစ်ချက်ပြုံးလိုက်ရင်း…

"သောက်ရမ်းကိုပျော်နေတာ…"

ဆန်းလျန်က….

"ကျုပ်လှုပ်ရှားလို့ရသွားတဲ့အချိန်ကျ မင်းပျော်နိုင်ဦးမလား ကြည့်သေးတာပေါ့…"

စာပေသမားက…

"ကျုပ်က ကြောက်နေမယ်များ ထင်လို့လား…"

ဆန်းလျန်က ပြုံးလိုက်ရင်း….

"မင်းက ဘာမှမရှိဘဲ အသက်ရှင်နေတဲ့ကောင်ပဲ ၊ မင်းရဲ့ ပရနိမ္မိတဝဿ၀တီဘုံက ပျက်စီးသွားပြီမလား…"

စာပေသမားမှာ အခြားသူမဟုတ်။

မာရ်နတ်ဖြစ်လေသည်။ ကျောက်ဖုန်းကို ထင်ယောင်ထင်မှန်းဖြစ်စေရန် လှည့်စားခဲ့သူမှာလည်း မာရ်နတ်ပင် ဖြစ်လေ၏။

စာပေသမားက ခပ်ဖြည်းဖြည်းလေသံဖြင့်…

"ပရနမ္မိတဝဿ၀တီဘုံမရှိတော့လည်း ဘာမှ မဖြစ်ပါဘူး ၊ ကျုပ်က အရင်အတိုင်းပါပဲ…"

ဆန်းလျန်က…

"ဒါနဲ့ စကားမစပ် ၊ မင်းက ဘာလို့ ကျုပ်လောက်မတော်လဲဆိုတာ သိလား…"

စာပေသမားက ဆန်းလျန်အမေးကို မဖြေဘဲ အတန်ကြာငြိမ်သက်နေပြီးမှ…

"ဘာလို့လဲဆိုတော့ ကျုပ်က သံယောဇဉ်မရှိတဲ့သူတစ်ယောက် ဖြစ်နေလို့များလား…"

ဆန်းလျန်က ခေါင်းခါယမ်းလိုက်ရင်း….

"ကျုပ်တို့က စိတ်နေစိတ်ထား အတော်လေးတူကြပါတယ် ၊ ဒါကြောင့်လည်း ကျုပ် မင်းအပေါ်မှာ တခြားသူတွေနဲ့ မတူတဲ့ အမြင်နဲ့ မြင်ခဲ့တာပေါ့ ၊ ဒါပေမဲ့ မင်းကျုပ်လိုမတော်တာကတော့ အချက်တစ်ချက်ပဲ ရှိတယ်…"

စာပေသမားက…

"အဲဒီ မတူညီတဲ့ သောက်အချက်က ဘာအချက်လဲဆိုတာသာ ပြောစမ်းပါ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါက ဘာလဲဆိုတော့ မင်းက ကျုပ်မှမဟုတ်တာ… ၊ ဘယ်လိုလုပ် ကျုပ်လောက်တော်နိုင်မလဲ…"

ဆန်းလျန်၏ စကားက အဓိပ္ပါယ်မရှိသလိုဖြစ်နေသော်လည်း စာပေသမားက သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"အမှန်ပဲ…"

ဆန်းလျန် ဆိုလိုသည့်အဓိပ္ပါယ်ကို မာရ်နတ် ကောင်းကောင်းနားလည်လေသည်။

မာရ်နတ်က မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ ဆန်းလျန်ကတော့ အမြဲတမ်း ဇာတ်လိုက်ဖြစ်နေခဲ့သည်။

ဆန်းလျန် အဓိကအားကိုးရသူမှာ ကျောက်ရှောင်ယွီ ဖြစ်သည့်အတွက် ယနေ့ ကျောက်ရှောင်ယွီကို မာရ်နတ်က ရှုံးနိမ့်စေချင်ခဲ့သည်။ သို့သော်… ကျောက်ရှောင်ယွီ ယနေ့ ရှုံးနိမ့်သွားလျှင်တောင်မှ ဆန်းလျန်က ဟွင့်ယွမ်ဝူကျီအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါးပင် ဖြစ်ခါနီးနေပြီဖြစ်ပြီး အချိန်နှင့်ကံတရားကိုပင် လိုသလို လှည့်ပြောင်းနိုင်တော့မည့် အနေအထား ဖြစ်လေသည်။

မာရ်နတ် အသက်အသေခံပြီး ကြိုးစားသည့်တိုင် ဆန်းလျန်၏အောင်မြင်မှုများကို တားဆီးနိုင်မည် မဟုတ်ပေ။

ဆန်းလျန်တွင် ပြောစရာစကားမရှိတော့ပေ။

ဆန်းလျန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာလေသည်။ တိကျန်ဗောဓိသကျနှင့် တိုက်ခိုက်နေသည့်အတွက် အသူရာချောက်မှ ဆန်းလျန်ကို ထိန်းချုပ်ထားသည့် တန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။

***

ကျောက်ရှောင်ယွီသည် ခန့်မှန်းရခက်သည့် တန်ခိုးစွမ်းအားမြင့်မားလှသော နတ်သမီးတစ်ပါး ဖြစ်လေသည်။

သို့သော်… ယခုတော့ သူမ အခြေအနေ မဟန်တော့ပေ။ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မီလဲ့ကိုယ်တော်၏ နတ်ဘုရားခန္ဓာကြီး ထွက်ပေါ်လာပြီး မိုးနှင့်မြေမှ ဓမ္မအားလုံးကို နှုတ်ပယ်ပစ်တော့မည့်အလား ထင်မှတ်ရလေသည်။

မီလဲ့ကိုယ်တော်က လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်လေသည်။ သူအသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ ဗုဒ္ဓဘာသာတွင် နာမည်ကျော်ကြားလှသည့် ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားပင် ဖြစ်သည်။

လေထုတစ်ခုလုံး တစ်စစီပိုင်းပြတ်သွားပြီး လက်ဖဝါးထက်မှ တန်ခိုးစွမ်းအားများက ကျောက်ရှောင်ယွီကို ဖိနှိပ်ထားလိုက်လေတော့သည်။

***

All Chapters