← Chapters

အရှုံးတရားတွင်မည်သို့မှမတတ်နိုင်

Vol. 10 Ch. 903

အရှုံးတရားတွင်မည်သို့မှမတတ်နိုင်

Vol. 10 Ch. 903

ဒေါင်းစိမ်းမင်းကြီးခုံရွှမ်း၏ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။

သို့သော်… မီလဲ့ကိုယ်တော်၏ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားက ခုံရွှမ်းထက်ပင် သာလွန်လေသည်။ ကြောက်မက်ဖွယ်ရာ မည်မျှကောင်းသည်ကို ပြောစရာပင် မလိုတော့ပေ။

ထို့ပြင် မီလဲ့ကိုယ်တော်က ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သေသေချာချာ နားလည်ထားသူတစ်ယောက်ဖြစ်လေရာ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားက အခြားသူများထက်ပိုပြီး အစွမ်းထက်သည်မှာ အံ့သြစရာတော့ မရှိပေ။

ယခုတစ်ကြိမ်တွင်တော့ မည်သည့်နည်းနှင့်မှ ခုခံနိုင်စွမ်း မရှိတော့သည်ကို ကျောက်ရှောင်ယွီ နားလည်လိုက်သည်။

မီလဲ့ကိုယ်တော်၏ လက်ဖဝါးထက်မှ ရွှေရောင်အလင်းတန်းများက တစ်လက်မပြီး တစ်လက်မ ကျောက်ရှောင်ယွီကို ဖိနှိပ်လာလေတော့သည်။ ကျောက်ရှောင်ယွီ ဖိအားကို မတွန်းလှန်နိုင်ဘဲ ရေကန်အောက်ခြေအထိ နစ်မြုပ်သွားရလေသည်။

ထိုအချိန်မှာပင်…

ရေကန်တစ်ခုလုံး သွေးနီရောင်လွှမ်းသွားလေသည်။

ထိုသို့ ရေကန်တစ်ခုလုံး သွေးနီရောင်လွှမ်းသွားခြင်းမှာ ငရဲလမ်းဓား၏ တန်ခိုးစွမ်းအားကြောင့် ဖြစ်လေသည်။ ငရဲလမ်းဓားသည် သူ၏သခင်ဖြစ်သူ ကျောက်ရှောင်ယွီနှင့်အတူ နောက်ဆုံးအချိန်ထိ ရုန်းကန်တိုက်ခိုက်နေဆဲ ဖြစ်လေသည်။

မီလဲ့ကိုယ်တော်၏ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားက ရေကန်တစ်ပြင်လုံးကို ဖိနှိပ်ထားလေသည်။ ရေများက တုန်ယင်နေသည့်တိုင် လှိုင်းတစ်စက်မှမထဘဲ ငြိမ်သက်နေလေသည်။

နောက်ဆုံးတော့ မီလဲ့ကိုယ်တော်သည် သူ၏ မြင့်မားသည့် တန်ခိုးစွမ်းအားကို ပြသခဲ့ပြီ ဖြစ်လေသည်။

ကျောက်ရှောင်ယွီဆိုသည်က မွေးကတည်းကပင် သူသေကိုယ်သေတိုက်ပွဲများစွာကို ဆင်နွှဲခဲ့သူ ဖြစ်လေသည်။ သူမ အနေဖြင့် မည်သည့်နည်းနှင့်မှ အနိုင်မရနိုင်သည့် အခြေအနေများကိုလည်း ကြုံတွေ့ခဲ့ရဖူးလေသည်။

သို့သော်… ယနေ့လိုအဖြစ်မျိုး သူမ၏ဘဝတွင် တစ်ခါမှ ကြုံတွေ့ခဲ့ရဖူးခြင်းမရှိပေ။ သူမ ယနေ့ မသေချင်သေးပေ။ သူမ ဘဝကို ဆက်လက်ရှင်သန်သွားချင်သေးသည်။

အဘယ်ကြောင့်ဆိုသော်… သူမနှလုံးသားထဲတွင် မစွန့်လွှတ်နိုင်သည့် အရာတစ်ခု ရှိနေသောကြောင့် ဖြစ်လေသည်။

စစ်မှန်သော တာအိုကျင့်ကြံသူတစ်ယောက်အတွက် သေခြင်းတရားဆိုသည်က ခက်ခဲခြင်းလည်းမရှိသလို လက်မခံနိုင်စရာလည်း မရှိသည့်အရာတစ်ခု ဖြစ်လေသည်။

ကိုယ့်ကိုယ်ကိုယ်သတ်သေကြသူများသည် လူမိုက်များဖြစ်ကြလေသည်။

သို့သော်… သေခြင်းတရားကို မကြောက်ကြသူများကတော့ သူရဲကောင်းများ ဖြစ်ကြလေ၏။

မီလဲ့ကိုယ်တော်က သူရဲကောင်းစိတ်ဓာတ်ရှိသူတစ်ယောက်ဖြစ်သလို ကျောက်ရှောင်ယွီသည်လည်း သူရဲကောင်းစိတ်ဓာတ်ရှိသူတစ်ယောက် ဖြစ်လေသည်။

သို့သော်… လောလောဆယ်အချိန်တွင်တော့ ကျောက်ရှောင်ယွီ မသေချင်သေးပေ။

မသေချင်ရသည်မှာ ဘဝကို တွယ်တာလွန်းသောကြောင့် မဟုတ်ရပါချေ။ သို့သော်… သူမသည် ရှင်သန်ရခြင်း၏အလှတရားကို သိမြင်ထားသူတစ်ယောက်ဖြစ်ရကား အဘယ်မှာ လွယ်လွယ်ကူကူနှင့် လောကမှ ထွက်ခွာလိုပါမည်နည်း။

ငရဲလမ်းဓားမှာ မူလမရဏဓားတစ်လက် ဖြစ်လေသည်။

ငရဲလမ်းဓားမှ မရဏစွမ်းအားများနှင့် ကျောက်ရှောင်ယွီ၏နှလုံးသားထဲမှ ရှင်သန်လိုစိတ်တို့ ပေါင်းစပ်သွားသည့်အခါ ငရဲလမ်းဓားမှ ထူးဆန်းစွာပင် ရှင်သန်ခြင်းတန်ခိုးစွမ်းအားများ ထွက်ပေါ်လာခဲ့လေသည်။

သေခြင်းတရား၏အခြားဘက်တွင် အသစ်သောဘဝတစ်ခု မွေးဖွားလာသကဲ့သို့ပင် ဖြစ်လေသည်။

အေးစက်သည့်ဆောင်းရာသီကို ဖြတ်သန်းပြီးသည့်နောက် နွေဦးကာလတွင် သစ်စေ့လေးက အညှောင့်လေးထွက်လာသည့်အလား ဖြစ်လေသည်။

ထိုသို့သော ရှင်သန်ခြင်းစွမ်းအားသည် တားဆီးမရနိုင်သည့် ရှင်သန်ခြင်း စွမ်းအားပင် ဖြစ်လေသည်။

ထို့နောက်… ရေပြင်ထက်မှ သွေးနီရောင်များ တဖြည်းဖြည်းလွင့်စင်ပျောက်ကွယ်သွားပြီး ကန်ရေပြင်သည် စိမ်းပြာရောင် တောက်ပက ပကတိကြည်လင်လျှက်ရှိလေသည်။

ရေကန်ထက်တွင် ကြာပန်းတစ်ဖွင့် ပွင့်လန်းလာလေသည်။

ကြာပန်းပွင့်လန်းလာသည်နှင့် မီလဲ့ကိုယ်တော်၏ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားများ တဖြည်းဖြည်း ပြိုကွဲပျောက်ကွယ်သွားတော့သည်။

ပွင့်လန်းလာသည့်ကြာပန်းပွင့်ထက်တွင် ကျောက်ရှောင်ယွီ ရှိနေလေသည်။ ကျောက်ရှောင်ယွီ၏ပုံစံမှာ အဖြူရောင်နဂါးတစ်ကောင်အလားဖြစ်ပြီး ဝိညာဉ်အလား လေထဲတွင် လွင့်ပျံနေလေသည်။ သူမ၏ပုံစံက ခန့်မှန်းရ ခက်လွန်းလှလေ၏။

သူမ၏လက်ထဲတွင် ငရဲလမ်းဓားကိုဆွဲကိုင်ထားပြီး ငရဲလမ်းဓားက သွေးနီရောင် တောက်ပနေလေသည်။

မီလဲ့ကိုယ်တော်က ချက်ချင်းပင် သူ၏ တန်ခိုးစွမ်းအား (၁၀)ခုကို ပေါင်းစည်းလိုက်သည်။

"ကျုပ်က တာအိုတရားနဲ့တိုက်ခိုက်တယ် ၊ ကျုပ် တိုက်ခိုက်တဲ့ တအိုတရားရဲ့ အားနည်းချက်ကို ရှာပြီး မင်းက အသုံးချလိုက်နိုင်တယ် ၊ ထူးဆန်းပါပေတယ် ဒကာမလေး ၊ ဒီနေ့ ကျုပ်ဘုန်းကြီး တကယ့်ကို ပညာရမိပါတယ်…"

ကျောက်ရှောင်ယွီက သေခြင်းနှင့်ရှင်ခြင်းကို ပြောင်းပြန်လှန်လိုက်ပြီ ဖြစ်လေသည်။ ဤသည်မှာ ထိုက်စန့်လောင်ကျွင်း သင်ပြပေးခဲ့သည့် စကားအတိုင်းပင် ဖြစ်သည်။

ထိုက်ချိတာအိုကျမ်းတွင် ယင်ထဲမှယန် ၊ ယန်ထဲမှ ယင် ဟု ဖော်ပြထားလေသည်။ သေခြင်းနှင့်ရှင်ခြင်းသည်လည်း ယင်နှင့်ယန်ကဲ့သို့ပင် ဖြစ်သည်။

ကျင့်ကြံသူအများစုက ဤနိယာမကို နားလည်သည့်တိုင် တကယ်တမ်း လက်တွေ့အသုံးချနိုင်သူမှာတော့ အလွန်ရှားပါးလေသည်။

ကျောက်ရှောင်ယွီကတော့ သဘောတရားကိုနားလည်ယုံသာမက အနှစ်သာရကိုပါ ထိမိစွာ ဆုပ်ကိုင်နိုင်ခဲ့ပြီး လက်တွေ့အသုံးချနိုင်ခဲ့လေသည်။ သူမထံတွင်ရှိနေသည့် ထိုက်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို အငွေ့ပျံစေပြီးမှ သူမ၏ ဝိညာဉ်ကို ပြန်လည်ပုံသွင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်… သူမက မီလဲ့ကိုယ်တော်၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများကိုပါ နားလည်သွားခဲ့လေသည်။ ထို့ကြောင့် သူမက တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မီလဲ့ကိုယ်တော်၏ မြင့်မားလှသည့် တန်ခိုးစွမ်းအားများကို ရင်ဆိုင်ရသည့်တိုင် ကျောက်ရှောင်ယွီက စိတ်ဓာတ်ကျသွားခြင်း မရှိခဲ့ပေ။ သူမ၏ ဆုံးဖြတ်ချက်များပင် ပိုမိုခိုင်လာခဲ့ရလေသည်။

သူမတွင် ပြောစရာ စကားမရှိတော့ပေ။

ငရဲလမ်းဓားကိုဆွဲကိုင်ထားသည့် ကျောက်ရှောင်ယွီ၏ ပုံစံမှာ ခူယားကောင်လေးဘဝမှ လိပ်ပြာလေးအဖြစ် ဘဝအသစ်သို့ ကူးပြောင်းသွားသည့် နတ်သမီးလေးတစ်ပါးအလား ဖြစ်လေသည်။

မရဏဓားဝိညာဉ်က သေခြင်းရှင်ခြင်းကို ရှင်းလင်းစွာ ပြသနေလေသည်။

မီလဲ့ကိုယ်တော်ထံမှ ထောင်ပေါင်းများစွာသော မှော်ဝင်လက်နက်များ ထွက်ပေါ်လာလေသည်။

မှော်ဝင်လက်နက်များနှင့်အတူ လျှို့ဝှက်ခြင်း ၊ နက်ရှိုင်းခြင်း ၊ သဘာဝလွန်စွမ်းအားများနှင့် ပြည့်နေသည့် တန်ခိုးစွမ်းအားများ ပေါင်းစပ်ကာ ငရဲလမ်းဓားကို တိုက်ခိုက်လိုက်လေသည်။

ကျောက်ရှောင်ယွီ၏ ချောမောလှပလွန်းသည့် မျက်နှာလေးက မှော်ဆန်စွာ လင်းလက်တောက်ပလျှက်ရှိသည်။

မီလဲ့ကိုယ်တော်၏ မှော်ဝင်လက်နက်များနှင့် ကျောက်ရှောင်ယွီ၏ ငရဲလမ်းဓား ရိုက်ခတ်မိသည့်အခါ ရွှမ်ဝူရေကန်တစ်ခုလုံး ပျက်စီးသွားစေနိုင်သည့် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။

ထို့နောက်တွင်တော့…

အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

မီလဲ့ကိုယ်တော်သည် ကောင်းကင်ထက်ရှိ ကြာပလ္လင်တစ်ခုပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလေသည်။ သူက ဝိညာဉ်တစ်ခုအလား လင်းလက်နေသည့် ကျောက်ရှောင်ယွီ၏ မျက်နှာကို စိုက်ကြည့်နေလေသည်။

မီလဲ့ကိုယ်တော် စိုက်ကြည့်နေဆဲမှာပင် ကျောက်ရှောင်ယွီသည် ငရဲလမ်းဓားကို ကိုင်ထားရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့်အလား မှေးမှိန်သွားလေသည်။

"အော်မီတော်ဖူ…"

မီလဲ့ကိုယ်တော်က လက်အုပ်ချီလိုက်ပြီး ရွတ်ဆိုလိုက်သည်။

ပျောက်ကွယ်လုနီပါးဖြစ်နေသည့် ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်ကို ကြည့်နေရင်း ရုတ်တရက် ပြုံးလိုက်လေသည်။ သူမ၏ အပြုံးတွင် မာန်မာနများနှင့် ပြည့်လျှက်ရှိလေ၏။

ထို့နောက် ကြီးမားလွန်းသည့် မီလဲ့ကိုယ်တော်၏နတ်ဘုရားခန္ဓာကြီး ပြိုကျပျက်စီးသွားလေတော့သည်။

ကျောက်ရှောင်ယွီက သူမ၏လက်ထဲမှ ငရဲလမ်းဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရင်း…

"နောက်ဆုံးတော့ သူ့ရဲ့ နတ်ဘုရားခန္ဓာကြီး ပျက်စီးသွားပြီ…"

ပြောပြီးသည်နှင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ကျောက်ရှောင်ယွီသည် ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ ကောင်းကင်ထက်သို့ လှမ်းတက်သွားလေသည်။

နောက်ဆုံး သူမ ဖန်သားကောင်းကင်ဘုံရှိရာသို့ ရောက်ရှိသွားပြီး ဖန်သားကောင်းကင်ဘုံရှေ့တွင် သူမ တိတ်ဆိတ်စွာ မတ်တတ်ရပ်ရပ်နေခဲ့လေသည်။

***

ချင်းဆွေထျန်းကောင်းကင်ဘုံ…

လီချင်းဆွေနှင့် ကူးဝေေ၀က မီလဲ့ကိုုယ်တော်နှင့် ကျောက်ရှောင်ယွီ၏ တိုက်ပွဲကို ကြည့်ရှုနေခဲ့လေသည်။

ယခုတော့ ဖန်သားကောင်းကင်ဘုံရှေ့တွင် ရပ်တန့်နေသည့် ကျောက်ရှောင်ယွီကို မြင်ကွင်းထဲတွင် တွေ့မြင်နေရလေသည်။ ကူးဝေေ၀က ကျောက်ရှောင်ယွီကို ငေးကြည့်နေလေသည်။

အတန်ကြာမှ သူမက အကြည့်လွှဲလိုက်ပြီး…

"ဆရာချင်းဆွေ ၊ သူ အသက်ရှင်နေတုန်းပဲလား…"

လီချင်းဆွေက…

"မပြောတတ်ဘူး ၊ တကယ်ဆိုရင် သူက သေရတော့မှာ…"

ကူးဝေေ၀က မျှော်လင့်ချက်ပြည့်နေသည့် မျက်ဝန်းများဖြင့် လီချင်းဆွေကိုကြည့်လိုက်ရင်း…

"သူ မသေပါစေနဲ့လို့ ကျွန်မဆုတောင်းပါတယ်…"

လီချင်းဆွေက တည်ကြည်သည့် မျက်နှာထားဖြင့်…

"မင်းက တကယ်ပဲ ကျောက်ရှောင်ယွီကို အသက်ရှင်စေချင်တာလား…"

ကူးဝေေ၀က…

"ကျွန်မ သူ့ကို သဘောမကျပါဘူး ၊ ဒါပေမဲ့ သူသေသွားရင် ဆန်းလျန် တစ်သက်လုံး ဝမ်းနည်းနေလိမ့်မယ်…"

***

ဆန်းလျန်ကိုထိန်းချုပ်ထားသည့် အသူရာချောက် (၉)ထပ်မှ တန်ခိုးစွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

တိကျန်ဗောဓိသကျနှင့် ဆန်းလျန်၏ အသံတိတ်ပညာပြိုင်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

နေရောင်ခြည်နောက်ဆုံးအလင်းတန်းက အနောက်ဆီသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ညကောင်းကင်က မှောင်ရီပျိုးစပြုလာပြီ ဖြစ်သည်။

စာပေသမားဟန်ဆောင်ထားသည့် မာရ်နတ်က…

"မင်း အခု ကျောက်ရှောင်ယွီအတွက် စိတ်မကောင်းဖြစ်နေတာလား"

ဆန်းလျန်က မျက်လုံးများကို အသာဖွင့်လိုက်ပြီး…

"မင်းက အဖြေကို တကယ်သိချင်တာလား…"

မာရ်နတ်က…

"ကျုပ်က ကိစ္စတစ်ခုရဲ့ အဖြေကိုပဲသိချင်တာပါ ၊ အဲဒါကတော့ မင်းဆိုတဲ့ဆန်းလျန်က အကြင်နာတရား ရှိသလား ၊ မရှိဘူးလား ဆိုတာပဲ…"

ဆန်းလျန်က…

"အဲဒါ အရေးကြီးသလား…"

မာရ်နတ်က…

"မင်း ကျောက်ရှောင်ယွီဆီကို ယွမ်တုဓားပို့ပေးချင်တာကို ကျုပ်က တားဆီးလိုက်တဲ့အတွက် မင်း ကျုပ်ကို မကျေနပ်ဘူးမလား…"

မာရ်နတ်က ပြုံးနေလေသည်။

ဆန်းလျန် သူ့ကို လက်စားချေမည်ဆိုလျှင်လည်း သူက ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

လောကတွင် မည်သူမှ သူ့ကို နားလည်နိုင်မည် မဟုတ်ပေ။ သို့သော်… ဆန်းလျန်ကတော့ သူ့ကို နားလည်နိုင်ပေမလိမ့်မည်။

လက်ရှိအချိန်တွင် မာရ်နတ်သည် သေရမည်ကိုလည်းမကြောက် ၊ ရှင်ရမည်ကိုလည်း မကြောက်ပေ။ သူက မေးခွန်း၏ အဖြေကိုသာ သိချင်နေမိလေသည်။

သက်ရှိရယ်ဟုဖြစ်လာလျှင် တစ်နေ့တွင် သေရမည်ပဲဖြစ်လေသည်။ ထို့ကြောင့် လူတစ်ယောက်အနေဖြင့် သေခြင်းတရားကိုလည်း ကြောက်ရွံ့ရန် မလိုအပ်သလို အသက်ရှင်သန်ခြင်းကိုလည်း လွယ်လွယ်နှင့် စွန့်လွှတ်ရန် မလိုအပ်ပေ။

သို့သော်… မာရ်နတ်ကတော့ ချွင်းချက်ဖြစ်လေသည်။ သူ့အတွက်တော့ ဘဝဆိုသည်က ကစားပွဲတစ်ခုဖြစ်လေ၏။

သံသရာကိုကျော်လွန်နိုင်ရန်က သူ၏ ရည်မှန်းချက်ဖြစ်သည်မှာ မှန်ပါသည်။ သို့ပေမဲ့… သူ၏ အလုံးစုံသော ရည်မှန်းချက်တော့ မဟုတ်ခဲ့ပေ။

မာရ်နတ်ဆိုသည်က… လောကကြီးတစ်ခုလုံး ပျက်စီးသွားသည့်တိုင် မျက်မှောင်တစ်ချက်မျှသာ ကြုံ့လိုက်မည့်သူမျိုး ဖြစ်သလို လောကကြီးအေးချမ်းနေသည့်အချိန်တွင်လည်း အကြောင်းမရှိဘဲလည်း ပြဿနာရှာချင်လျှင် ရှာမည် ဖြစ်လေသည်။

လုပ်ရပ်များက ကျိုးကြောင်းမညီညွတ်သလို ၊ ယုတ္တိလည်းမကျဘူးဆိုလျှင် ထိုသူကို မာရ်နတ်ဟူ၍သာ မှတ်ပါလေတော့။

သူသည် ရူးသွပ်နေသူတစ်ယောက်ဖြစ်လေသည်။ သို့သော်… ထိုရူးသွပ်မှုကပင် သူ၏ ချင့်ချိန်နိုင်စွမ်း ဖြစ်နေပြန်လေသည်။

သူက လူသားအားလုံး၏ စိတ်ကိုသိနိုင်သော်လည်း ဆန်းလျန်၏ စိတ်ကို သိရှိနိုင်ခြင်း မရှိပေ။ ဤသည်မှာသူ၏ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်သည် ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိုးဖောက်ကြည့်နိုုင်စွမ်း မရှိသည့် သာဓကပင်ဖြစ်သည်။

လောကတစ်ခုလုံးရှိ လူသားများအားလုံး ၊ ကျင့်ကြံသူများအားလုံးတွင် စိတ်၏အမှောင်ဘက်ခြမ်းဆိုသည်မှာ ရှိကြစမြဲပင် ဖြစ်သည်။ ထိုအမှောင်ဘက်ခြမ်းမှာ မိစ္ဆာစိတ်လွှမ်းမိုးရာ အခြမ်းဖြစ်လေ၏။ ထိုအမှောင်ဘက်ခြမ်းသည် မာရ်နတ်စိုးပိုင်ရာ နေရာဖြစ်လေ၏။

တိကျန်ဗောဓိသကျနှင့် ရွှမ်တုတောက်ကျွင်းသည်ပင်လျှင် ထိုအမှောင်ဘက်ခြမ်းနှင့် ကင်းလွတ်အောင် မရှောင်နိုင်ကြပေ။ သို့သော် ဆန်းလျန်ကတော့ "သတိ" ဖြင့် ရှောင်တိမ်းထားနိုင်ခဲ့လေသည်။

ထို့ကြောင့်… မာရ်နတ်ကို နှိမ်နင်းနိုင်မည့် တစ်ယောက်တည်းသောသူကို ပြပါဆိုလျှင် ဆန်းလျန်တစ်ယောက်သာ ရှိလေသည်။

ပရနမ္မိတဝဿ၀တီတွင် နောက်ထပ် မရေမတွက်နိုင်သည့် မာရ်နတ်များ ပေါ်ထွက်လာဦးမည်ဖြစ်လေသည်။ သို့သော်… ယခု ဆန်းလျန်ရှေ့တွင်ထိုင်နေသည့် ယန်ရွှီးဆိုသည့် မာရ်နတ်ကတော့ မည်သည့်အခါမှ ပြန်လည်မွေးဖွားလာနိုင်တော့မည် မဟုတ်ပေ။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မကျေနပ်ဘူး…"

ဆန်းလျန်က ကျောက်ဖုန်းလက်ထဲမှ ယွမ်တုဓားကို လှမ်းယူလိုက်ပြီး သူ့ရှေ့မှ မာရ်နတ်ကို ဓားဖြင့် ထိုးစိုက်ချလိုက်လေသည်။

မာရ်နတ်ပျောက်ကွယ်သွားသည်နှင့် ….

စကြာဝဠာအနန္တတစ်ခွင် မရေမတွက်နိုင်အောင်များပြားလွန်းသည့် သက်ရှိသတ္တဝါများအားလုံး တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားများ ရုတ်တရက် လင်းလက်သွားသလို ခံစားလိုက်ကြရလေသည်။

ဆန်းလျန်က ယွမ်တုဓားကို ဖြည်းဖြည်းချင်း ပြန်ဆွဲယူလိုက်သည်။

သူ့ရှေ့တွင် မာရ်နတ်ရှိမနေတော့ပေ။ မည်သည့်အရာမှလည်း ရှိမနေတော့ပေ။

ဆန်းလျန်က သူ့ရှေ့မှ ဗလာကျင်းနေသည့်နေရာကို ငေးစိုက်ကြည့်ရင်း…

"နေ့တိုင်း သတ္တဝါတွေ မွေးနေ သေနေကြတာပဲ ၊ ဘာမှ ထူးပြီးခံစားနေစရာ မလိုပါဘူး ၊ ဒါကြောင့် မင်းမေးတဲ့ မေးခွန်းရဲ့အဖြေကို ကျုပ်မဖြေနိုင်ဘူး…."

***

All Chapters