← Chapters

အခန်း (၈၇၁-၈၇၂)

Vol. 88 Ch. 871-872

အခန်း (၈၇၁-၈၇၂)

Vol. 88 Ch. 871-872

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၁ + ၈၇၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

(လက်ရှိအချိန်အထိ အားပေးလာခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျေးဇူးတင်တဲ့အနေနဲ့ စာစဥ် ၈၈ လေးကို ရာသက်ပန် အခမဲ့ချပေးလိုက်ပါတယ်ဗျ။ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေခ ^^)

တာ့နင်အင်ပါယာ၌ သခင်လေးဖန်းချန်သည် ပြိုင်ဘက်ကင်းသည့် ရုပ်ရည်မျိုး မပိုင်ဆိုင်ထားသော်ငြား သူ၏ အသွင်အပြင်မှာ လုံးဝကို ထူးကဲမြင့်မြတ်ခဲ့သည်။ သူသည် ဖုန်တစ်မှုန်မျှပင် မတင်ဘဲ အေးစက်ကာ မာနထောင်လွှားသော အသွင်ဖြင့် လျှောက်လှမ်းနေသကဲ့သို့ ထင်မှတ်ရလေ၏။

လီရှောင်ချန်က ပြောလာသည်။ "တာ့နင်အင်ပါယာကို ကူးပြောင်းသွားရတဲ့အပေါ် မင်း ဘယ်လိုခံစားရလဲဆိုတာ ငါ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရတာပဲ။ ပြီးတော့ ငါ့ခေါင်းထဲမှာ စနစ်တစ်ခုလည်း ရှိနေတော့ ငါက ဘဝရဲ့ အထွတ်အထိပ်ကို အလွယ်တကူပဲ ရောက်သွားခဲ့တယ်။"

"ပုံပန်းသွင်ပြင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို ရပြီးတာနဲ့ ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ အရည်အချင်းပြည့်ဝပြီး ထူးကဲပြီး မာနကြီးသလို အထီးကျန်ဆန်တဲ့ လူချောလေးတစ်ယောက်အဖြစ် ချက်ချင်းပဲ ပြောင်းလဲပစ်လိုက်တယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာမှာ ဖန်းချန်ကို မင်း မြင်လိုက်ရတဲ့အချိန်တုန်းက နည်းနည်းလေး ရင်းနှီးနေတယ်လို့ မခံစားရဘူးလား"

တုပိုင်မှာ မှင်သက်သွားရလေ၏။

လီရှောင်ချန်က ဆက်ပြောသည်။ "ငါက ကမ္ဘာမြေပေါ်က မင်းကို အတုခိုးထားတာလေ"

တုပိုင်မှာ အံ့သြသွားကာ ဆိုလိုက်သည်။ "ဒါကြောင့်ကိုး... အဲဒီရုပ်ကို ကြည့်ရတာ အရမ်းကို အမြင်ကတ်စရာကောင်းနေတာ"

လီရှောင်ချန်က ကြွားဝါလိုက်သည်။ "အဲဒီပုံစံက မိန်းမတွေကို တကယ် ဆွဲဆောင်နိုင်တာကွ။ မီးတောက်ဆီကို ပိုးဖလံတွေ တိုးဝင်လာသလိုပဲ မရေမတွက်နိုင်တဲ့ မိန်းမတွေက ငါ့ဆီကို ရောက်လာကြတာ"

တုပိုင် မှတ်ချက်ချလိုက်၏။ "အဲဒီခံစားချက်က တော်တော်လေး ကောင်းမှာပဲနော်"

လီရှောင်ချန်က အားရပါးရ ရယ်ကာ ပြောလေသည်။ "တိမ်ပေါ်ရောက်နေသလိုပဲ... တစ်ကိုယ်လုံး ကောင်းကင်ပေါ်မှာ လွင့်နေသလို ခံစားရတယ်။ လူတိုင်းက ငါ့ကို လေးစားအားကျကြပြီး တစ်လောကလုံးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေရတာလေ။ အဲဒီအချိန်တုန်းက ငါ့ဆီမှာ ခံစားချက် တစ်ခုပဲရှိတယ်။ စနစ်က ငါ့ရဲ့ သခင်ကြီးပဲ။ ဒါကြောင့် ငါ့ကိုယ်ငါ အမြဲတမ်း သခင်လေးလို့ ခေါ်ပြီး စနစ်ကိုတော့ သခင်ကြီးလို့ သတ်မှတ်ထားခဲ့တာ"

လီရှောင်ချန်နှင့် နှိုင်းယှဉ်လိုက်ပါက တာ့နင်အင်ပါယာရှိ တုပိုင်၏ ဘဝမှာ နှစ်အတန်ကြာ အလွန်တရာ ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရပြီး ကြီးမားလှသော တာဝန်ကြီးတစ်ခုကိုလည်း ပခုံးထမ်းတင်ထားခဲ့ရသည်။

လီရှောင်ချန်က ရင်ဖွင့်လာ၏။ "မင်းလည်း တာ့နင်အင်ပါယာကို ကူးပြောင်းလာတယ်ဆိုတာ သိရတော့ ငါ ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားလဲ သိလား။ ငါ လက်စားမချေချင်ခဲ့သလို မင်းကိုလည်း မသတ်ချင်ခဲ့ပါဘူး။ ငါက အပေါ်စီးကနေ မင်းကို ငုံ့ကြည့်ချင်ရုံ သက်သက်ပါ။"

"မင်းကို ပုရွက်ဆိတ်လေးတစ်ကောင်လိုမျိုး ကြည့်ချင်ခဲ့တာ။ မိဘမဲ့ဂေဟာကနေ တက္ကသိုလ်ရောက်တဲ့အထိ မင်းက အမြဲတမ်း လူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီး မရေမတွက်နိုင်တဲ့ မိန်းမတွေကလည်း မင်းကို တိတ်တခိုး သဘောကျခဲ့ကြတယ်။ ငါကတော့ လူပြက်တစ်ယောက်လို ၊ ကပ်ပါးကောင်တစ်ကောင်လိုမျိုး မင်းနောက်ကို လိုက်နေခဲ့ရတယ်။ ငါ မင်းကို မုန်းတယ် ၊ မနာတယ် ၊ ရွံရှာတယ်။ ဒါပေမဲ့ ငါက မင်းမပါဘဲနဲ့လည်း မနေနိုင်ပြန်ဘူး။ အဲဒီလိုမှမဟုတ်ရင် ငါ ငတ်သေသွားလိမ့်မာကိုး"

တုပိုင် စွပ်စွဲလိုက်သည်။ "ဒါကြောင့် မင်းက ငါ့ဟန်ဆောင်ပြီး ယဲ့ဟိုင်ထန်ဆီကို ရည်းစားစာ ရေးခဲ့တာပေါ့။ မင်း စာလုံးရေ သုံးသိန်းကျော်လောက်တောင် ရေးပြီး သူ့ကို ရေကန်ဆည်ရဲ့ ဂိုဒေါင်ထဲ လှည့်စားခေါ်ဆောင်သွားခဲ့တယ်။ ပြီးတော့ သူ့ကို အတင်းအဓမ္မကျင့်ခဲ့ပြီး သူ ကိုယ်ဝန်ရလာတော့လည်း သူ့ကို လည်ပင်းညှစ်သတ်ပြီး ရေကန်ထဲ ပစ်ချခဲ့တာမလား"

လီရှောင်ချန်က ဝန်ခံသည်။ "ငါ လုပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ယဲ့ဟိုင်ထန်က ကိုယ်ဝန်ရသွားတဲ့အချိန်မှာ မင်းနာမည်ကို ဖော်ကောင်လုပ်မယ့်အစား ကျောင်းထုတ်ခံရတာကိုပဲ ရွေးချယ်ခဲ့တာ။ သူ ကျောင်းထုတ်ခံရပြီးတဲ့နောက် ငါ့ရဲ့ တကယ့်အဖြစ်မှန်ကို သူ့ဆီ ဖွင့်ပြောပြီး သူနဲ့အတူတူ နေလို့ရမလားဆိုတာ ကြည့်ရမယ်လို့ ငါ တွေးမိတယ်။"

"ဒါနဲ့ မင်းနာမည်ကို သုံးပြီး သူ့ကို ရေကန်ဆည်ရဲ့ ဂိုဒေါင်ဆီ လာခဲ့ဖို့ ငါ ချိန်းလိုက်တယ်။ ငါ စိတ်မထိန်းနိုင်ဘဲ သူနဲ့ ထပ်အိပ်မိသွားပြန်တယ်။ အဲဒီမှာတင် ငါ့အကြောင်း ဖွင့်ပြောဖို့ အချိန်မရလိုက်ဘူး။ လျှပ်စီးလက်သွားတဲ့အချိန်မှာ ငါ့မျက်နှာကို သူ မြင်သွားတယ်။ သူ ငါ့ကို ဖမ်းဆွဲပြီး အရူးတစ်ယောက်လို ထုရိုက်တော့တာပဲ။ ပြီးတော့ ဆက်တိုက်ကို အန်နေတာ ၊ အရမ်းကို ရွံရှာသွားတဲ့ ပုံစံမျိုးနဲ့ပေါ့။ ပြီးတာနဲ့ ရဲကို ဖုန်းဆက်ဖို့ အပြင်ကို ပြေးထွက်ဖို့ လုပ်တော့တာ။ ဒါကြောင့် တခြား ရွေးချယ်စရာ မရှိတော့တာနဲ့ ငါ သူ့ကို လည်ပင်းညှစ်သတ်လိုက်ရတာပဲ"

တုပိုင် ကျိန်ဆဲလိုက်သည်။ "တိရစ္ဆာန်ကောင်"

လီရှောင်ချန်က ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်၏။ "မဟုတ်ဘူး... တိရစ္ဆာန်တွေတောင် ငါ့လောက်တောင် မဆိုးယုတ်ပါဘူး။ ဒါပေမဲ့ ငါ လုပ်ခဲ့ပြီးတဲ့ ကိစ္စတွေအတွက် နောင်တရစရာတော့ အချိန်မရှိတော့ပါဘူးလေ"

တုပိုင် မေးလိုက်သည်။ "အခု မင်းရဲ့ ပုံပန်းသွင်ပြင်ကို အလွယ်တကူ ပြောင်းလဲနိုင်ပြီး အရမ်းချောမောတဲ့ ရုပ်ရည်မျိုး ဖြစ်လာနိုင်နေပြီပဲ ၊ ဘာလို့ အဲဒီလို မလုပ်ရတာလဲ"

လီရှောင်ချန်က ခါးသီးစွာ ရှင်းပြသည်။ "ငါ ကြိုးစားကြည့်ပြီးပြီ။ အရမ်းနာကျင်ရတယ်။ ပြောမပြတတ်အောင် နာကျင်ရတာ။ တာ့နင်အင်ပါယာမှာတုန်းက အိပ်မက်မိစ္ဆာရဲ့ လက်ခုပ်ထဲက ရေလို ကစားခံခဲ့ရတဲ့ အဖြစ်ကို ငါ အမြဲတမ်း သွားသတိရနေမိတယ်။"

"ငါ့ကိုယ်ငါ လုံးဝကို လူပြက်တစ်ယောက်လို ခံစားရတယ်။ ဒါပေမဲ့ အရုပ်ဆိုးလွန်းတဲ့ ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကိုလည်း မပြချင်ဘူး။ ဒါကြောင့် ခန္ဓာကိုယ်အပြင်ဘက်မှာ အာဏာစက်ပြင်းပြတဲ့ သံချပ်ကာအင်္ကျီတစ်ခုကို ဖုံးအုပ်ထားလိုက်တာပဲ။ ဒီသံချပ်ကာက ဘာနဲ့တူလဲဆိုတာ မင်း မြင်လား"

တုပိုင် ပြန်ဖြေလိုက်သည်။ "World of Warcraft ထဲက စုန်းဘုရင် အာသတ်စ်ရဲ့ သံချပ်ကာနဲ့ The Witcher 3 ထဲက တောဘုရင်ရဲ့ သံချပ်ကာ ပေါင်းစပ်ထားတဲ့ပုံစံပဲ"

လီရှောင်ချန်က အတည်ပြုသည်။ "ဟုတ်တယ်။ ဒီသံချပ်ကာက အခုဆိုရင် ငါ့ရဲ့ အကာအကွယ် အခွံပဲ။ ဘယ်သူ့ရှေ့မှာမှ ငါ ဒါကို လုံးဝ ချွတ်မှာမဟုတ်ဘူး။ ငါ့မိန်းမကလွဲလို့ပေါ့ ၊ ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့ အရုပ်ဆိုးဆုံး ပုံစံကို မြင်ဖူးထားလို့ပဲ"

တုပိုင် အံံဩသွားရသည်။ လီရှောင်ချန် ဤကမ္ဘာတွင် ဇနီးတစ်ဦးကိုပင် လက်ထပ်ထားခဲ့သေးသည်လော။

သို့သော် သူ၏ ဇနီးမှာ မည်သူဖြစ်ကြောင်းကို တုပိုင် မမေးမြန်းခဲ့ချေ။ အကြောင်းမှာ သူ လုံးဝ ဂရုမစိုက်သောကြောင့်ပင်ဖြစ်၏။

တုပိုင် မေးလိုက်သည်။ "ခေတ်သစ်ကမ္ဘာမြေကို မင်း ဘယ်လို ပြန်ရောက်လာတာလဲ"

လီရှောင်ချန် ခေါင်းခါပြသည်။ "ငါလည်း မသိဘူး။ တာ့နင်အင်ပါယာရဲ့ အုပ်စိုးသူ သခင်လေးဖန်းချန် သေဆုံးသွားပြီးတဲ့နောက် ကမ္ဘာမြေပေါ်က လီရှောင်ချန်လည်း သဘာဝအတိုင်းပဲ သတိပြန်လည်လာခဲ့တာ"

တုပိုင် ထောက်ပြလိုက်သည်။ "ဒါက တော်တော်လေး ထူးဆန်းတယ်။ မင်း ကူးပြောင်းသွားပြီးတဲ့နောက် ကမ္ဘာမြေပေါ်က လီရှောင်ချန်ရဲ့ ခန္ဓာကိုယ်က သတိလစ်မေ့မြောနေတဲ့ အခြေအနေမှာ ရှိနေရမှာလေ။ မင်း သတိလစ်မေ့မြောနေတာ အနည်းဆုံး ဆယ်နှစ်လောက်ရှိနေပြီ။ မင်းကို ပြုစုစောင့်ရှောက်မယ့်သူ ရှိလို့လား"

လီရှောင်ချန် ရှင်းပြသည်။ "အစိုးရက ငါ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် ရန်ပုံငွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ငါ သတိရလာတဲ့အချိန်မှာ ဆေးရုံပေါ် ရောက်နေလို့ပဲ။ လင်းလုက ငါ့ရဲ့ အတင်းအဓမ္မပြုကျင့်တာကို ခံရပြီးနောက် လူသိရှင်ကြား ထုတ်မပြောရဲခဲ့ဘူးလေ။ ငါ သတိလစ်နေတာကို မြင်တော့ သူ ထွက်သွားဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတင် ရဲတွေ ရောက်လာတော့ သူက သူ့ဂုဏ်သိက္ခာအတွက် ငါ သူ့ကို အတင်းအကျပ် အိပ်ခဲ့တယ်ဆိုတာ မပြောရဲတော့ဘဲ ငါက သူ့ကို ကယ်တင်ရင်း ဒဏ်ရာရသွားတဲ့ သူရဲကောင်းပါလို့ပဲ လိမ်ပြောလိုက်တာ"

**--**--**--**--**--**--**--**

တုပိုင် စကားစဖြတ်လိုက်သည်။ "ကောင်းပြီ ၊ အတိတ်က ဇာတ်လမ်းတွေ ပြီးသွားပြီဆိုတော့ အခု အလုပ်ကိစ္စ ပြောရအောင်"

လီရှောင်ချန်မှာမူ စကားပြော၍ မဝသေးသော်လည်း သူ၏ ခမောက်ကို ပြန်ဆောင်းကာ သံချပ်ကာအင်္ကျီကို ပြန်လည်ဝတ်ဆင်လိုက်လေ၏။

ရုတ်တရက်ဆိုသလိုပင် သူသည် အာဏာစက်ပြင်းပြလှသော အမှောင်ဘုရင်တစ်ပါးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေတော့သည်။

သူ၏ အစွမ်းထက်လှသော အရှိန်အဝါသည် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်သို့ တစ်ဖန် လွှမ်းခြုံသွားပြန်ရာ ပျက်စီးယိုယွင်းနေသော အဆောက်အအုံများ အပါအဝင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူ၏ အရှိန်အဝါအောက်တွင် ဖိနှိပ်ခံလိုက်ရပြီး တုန်ခါသွားကြလေ၏။

ယခင်က ရှိနေခဲ့သော သိမ်ငယ်စိတ်များနှင့် သတ္တိကြောင်မှုများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူပြောသည်မှာ မှန်ပေသည်။ ဤခမ်းနားထည်ဝါလှသော သံချပ်ကာကြီးမှာ သူ၏ အကာအကွယ်ပင် ဖြစ်၏။

သူ တစ်ဖန် ပြန်လည်မတ်တတ်ရပ်လိုက်ရာ သူ၏ ငါးမီတာခန့် မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ တုပိုင်၏ အမြင်တွင် ဧရာမလူဘီလူးကြီးတစ်ကောင်နှင့် တူနေလေတော့သည်။

ထိုက်ခန်က ကမ်းလှမ်းလိုက်သည်။ "တုပိုင်... မင်းကို ငါ့ရဲ့ ထီးနန်း အရိုက်အရာ ဆက်ခံစေချင်တယ်"

လက်ရှိအချိန်၌ သူ၏ အသံမှာလည်း အလွန်အမင်း ဩဇာတိက္ကမ ကြီးမားနေပြီး သတ္တုချင်း ပွတ်တိုက်သံကဲ့သို့ နားထဲသို့ တောက်လျှောက် တိုးဝင်လာကာ ဦးနှောက်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားပြီးနောက် ပဲ့တင်ထပ်သွားစေလေသည်။

ထို့ကြောင့် သူ စကားတစ်ခွန်း ပြောပြီးဆုံးသွားတိုင်း နားထောင်နေရသူ၏ ခေါင်းထဲတွင် တအူအူမြည်ကာ ပဲ့တင်ရိုက်ခတ်သွားရလေ၏။

ထိုစကားကို ကြားပြီးနောက် တုပိုင်မှာ မထိန်းနိုင်ဘဲ တုန်လှုပ်သွားရတော့သည်။

တုပိုင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ငါ ထင်တာ မမှားဘူးဆိုရင် မင်း အရမ်းကိုအစွမ်းထက်နေပြီ။ တာ့နင်အင်ပါယာမှာတုန်းကထက်တောင် ပိုစွမ်းအားကြီးနေပြီးတော့ မင်းရဲ့ အကောင်းဆုံးအရွယ်မှာပဲ ရှိနေသေးတယ်။ အနည်းဆုံး နှစ်ရာဂဏန်းလောက် အာဏာကို ဆုပ်ကိုင်ထားနိုင်ပါသေးတယ်။ ဘာလို့ ဒီလို စိတ်ကူးမျိုး ရှိလာရတာလဲ"

ဧကရာဇ်ထိုက်ခန်က ခပ်တိုးတိုး ပြောလာသည်။ "ဟုတ်တယ် ၊ ငါက အရမ်း စွမ်းအားကြီးတယ်။ ခုနကတင် သွေးရိုင်းဖုတ်ကောင် နှစ်ထောင် ၊ သုံးထောင်လောက်ကို ငါ အလွယ်တကူ သုတ်သင်နိုင်ခဲ့တယ်။ အဲဒီ ဧရာမမိစ္ဆာခေါင်းဆောင်ဆိုရင်လည်း တစ်ကွက်တည်းနဲ့ ငါ သတ်ပစ်နိုင်တယ်။ ထိုက်ခန်အင်ပါယာက လူသန်းချီရဲ့ မျက်လုံးထဲမှာတော့ ငါက ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးပြီး လူတိုင်းရဲ့ အကာအကွယ်ပေးသူပဲ။ လေလွင့်မဟာမိတ်အဖွဲ့ပဲဖြစ်ဖြစ် ၊ ရုပ်သေးမျိုးနွယ်စုတွေပဲဖြစ်ဖြစ် ငါ့ရဲ့ ဂုဏ်သတင်းကို ကြားတာနဲ့တင် ငါ့ကို မပြစ်မှားရဲကြဘူး"

ဧကရာဇ်ထိုက်ခန်ပြောသည်မှာ အမှန်တရားပင် ဖြစ်လေ၏။ ကမ္ဘာပျက်ကပ်အပြီး ကမ္ဘာမြေသို့ တုပိုင် ရောက်ရှိလာပြီးနောက် သူနှင့် ထိတွေ့ဆက်ဆံခဲ့ရသူတိုင်းသည် ဧကရာဇ်ထိုက်ခန်အား နတ်ဘုရားတစ်ပါးကဲ့သို့ မှတ်ယူထားကြလေ၏။

ထို့အပြင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့လည်း ပြုမူခဲ့ပြီး လူတို့၏ စိတ်ကူးစိတ်သန်းများကိုပင် ကျော်လွန်လောက်အောင် စွမ်းအားကြီးမားလှပေသည်။

ဧကရာဇ်ထိုက်ခန် အက်ကွဲကွဲအသံဖြင့် ဆက်ပြောလာ၏။

"ဒါပေမဲ့ ငါ့စွမ်းအားမှာလည်း အကန့်အသတ်ရှိပြီး အတားအဆီးတစ်ခုကို ရောက်နေပြီ။ နောက်ထပ် ဆယ်နှစ် ၊ အနှစ်ငါးဆယ် ဒါမှမဟုတ် နှစ်တစ်ရာ ကြာရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်ပြီး တိုးတက်လာတော့မှာ မဟုတ်ဘူး။ မင်းကတော့ လုံးဝကို ကွာခြားတယ်။ မင်းရဲ့ စွမ်းအားက အဆုံးအစမရှိ ဟင်းလင်းပြင်ကိုတောင် ဖောက်ထွက်နိုင်ပြီး ပိတ်ဆို့နေတဲ့ အဟန့်အတားမျိုးလည်း လုံးဝမရှိသလောက်ပဲ"

တုပိုင် မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့် သူ ဤသို့ ပြောရသနည်း။

ထိုက်ခန်က ထောက်ပြသည်။ "မင်းရဲ့ ကြီးမားတဲ့ ကံကြမ္မာအထောက်အပံ့တွေကို မင်း မမြင်ဘူးလား။ လဝက်အတွင်းမှာတင် သေမင်းတမန်မြို့တော်ကို လူတစ်ထောင်အထိ တိုးချဲ့နိုင်ခဲ့သလို မြို့စားမင်းလျန်ကျင်းကိုလည်း လုံးဝ အခြေခံမရှိရာကနေ လဝက်အတွင်း စီးချင်းထိုးပွဲမှာ အနိုင်ယူနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံရမယ့်ကိစ္စတွေကို မင်း အကုန်လုပ်နိုင်ခဲ့တယ်။ ဒါက ကြီးမားလွန်းတဲ့ ကံကြမ္မာရဲ့ အထောက်အပံ့ပဲ"

တုပိုင် မေးလိုက်သည်။ "ဒီဖုတ်ကောင်လှိုင်းလုံးတွေကို မင်း မောင်းနှင်ခဲ့တာ မဟုတ်ဘူးလား"

ထိုက်ခန် ငြင်းဆိုလိုက်သည်။ "သေချာပေါက် မဟုတ်ဘူးပေါ့"

ထို့နောက် သူ မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး ညင်သာစွာ ချေမွကာ အမှုန့်ဖြစ်သွားစေ၏။ ထို့နောက် မီးတောက်တစ်ခု လောင်ကျွမ်းလာကာ ကျောက်ခဲမှုန့်များကို ပြာအဖြစ်သို့ လုံးဝ လောင်ကျွမ်းသွားစေလိုက်သည်။

ဧကရာဇ်ထိုက်ခန် မေးလိုက်သည်။ "တုပိုင်... ခုနက ဧရာမဖုတ်ကောင်ခေါင်းဆောင်ကို မင်း မြင်လိုက်တယ်မလား"

တုပိုင် ခေါင်းညိတ်၏။ "မြင်လိုက်တယ်"

ဧကရာဇ်ထိုက်ခန်က ဆက်ပြော၏။ "အဲဒါတွေက မျိုးဗီဇပြောင်းလဲသွားတဲ့ မသေမျိုးဖုတ်ကောင် မျိုးနွယ်စုတွေပဲ။ သူတို့က အစတုန်းက ကမ္ဘာမြေပေါ်က လူသားတွေပေါ့။ သွေးရိုင်းဖုတ်ကောင် တစ်သောင်းမှာ အဲဒီလို ဧရာမဖုတ်ကောင်ခေါင်းဆောင် တစ်ကောင် ရှိတယ်။ ဒါဆိုရင် တစ်တရုတ်ပြည်လုံးမှာ အဲဒီလို ဖုတ်ကောင်ခေါင်းဆောင်မျိုး ဘယ်နှစ်ကောင်လောက် ရှိမလဲဆိုတာ မင်း စဉ်းစားကြည့်စမ်း"

တုပိုင် အနည်းငယ် တွက်ဆကြည့်လိုက်ပြီးနောက် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်ကာ ကြက်သီးထသွားရလေတော့၏။

သောင်းဂဏန်းလးခန့် သို့မဟုတ် သိန်းဂဏန်းခန့်ပင် ရှိနေနိုင်လေသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၁ + ၈၇၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

World of Warcraft က Game ဗျ။ မြန်မာလိုပြန်ရင် ဖတ်မကောင်းလို့ English လိုတိုက်ရိုက်သုံးထားတယ်။ ဇာတ်လမ်းအတွက်လဲ အရေးမကြီးဘူးရယ်။ ခဏခဏပါလာရင်တော့ မြန်မာနာမည် ကောင်းကောင်းစဥ်းစားပေးမယ်ဗျ။

The Witcher 3 ဆိုတာက English ဇာတ်လမ်းတွဲဲပါ။ ဒီကားလည်း ကောင်းတယ်ဗျ။ မကြည့်ရသေးရင် ကြည့်"

All Chapters