အခန်း (၈၇၃-၈၇၄)
Vol. 88 Ch. 873-874
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၃ + ၈၇၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်က လေးနက်သော အမူအရာဖြင့် ပြောလာ၏။
"ဒီထက် ဆယ်ဆ ၊ အဆတစ်ရာ ၊ အဆတစ်ထောင်မက ပိုကြီးတဲ့ ဧရာမဖုတ်ကောင်ကြီးတွေ ရှိသေးတယ်။ သူတို့က ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ မင်း စိတ်ကူးကြည့်လို့ရလား..."
တုပိုင်က မယုံနိုင်စွာဖြင့် မေးလိုက်၏။
"ဒီနေ့ သုံးလေးထပ်တိုက်လောက်ရှိတဲ့ ဧရာမဖုတ်ကောင်ခေါင်းဆောင်ကို ငါ မြင်ခဲ့တယ်။ သူက ဖုတ်ကောင်တွေထဲမှာဆိုရင် သောင်းမှူးအဆင့်လောက် ရှိတာလား..."
ထိုက်ခန်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြ၏။
"ဟုတ်တယ်။ သိန်းမှူးတွေ ၊ သန်းမှူးတွေလည်း ရှိသေးတယ်ကွ..."
ထိုစကားကြောင့် တုပိုင်မှာ လည်ချောင်းထဲတွင် တစ်စို့သွားပြီး အသက်ရှူရပင် ခက်ခဲသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ယနေ့ သူကိုယ်တိုင် မြင်တွေ့ခဲ့ရသော သောင်းမှူးအဆင့်ရှိ ဧရာမဖုတ်ကောင်ခေါင်းဆောင်မှာပင် စိတ်ကူးနှင့်မှန်းဆ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားလွန်းလှပေသည်။ ထိုအကောင်ကြီးသည် မည်သည့်မြို့ကိုမဆို အလွယ်တကူ ဆွဲဖြဲဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ ခေတ်မီလက်နက်ဖြစ်သော ဂေါက်စ်ရိုင်ဖယ်ဖြင့် ပစ်ခတ်မှုကပင် သူ့အတွက် ခြင်ကိုက်ခံရသလို ယားယံရုံမျှသာဖြစ်ပြီး ဒုံးပျံလောင်ချာဖြင့်ပင် သတ်ဖြတ်၍ မရနိုင်လောက်အောင် ခံနိုင်ရည်အားကောင်းလှသည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အကောင်၏အထက်တွင် အဆတစ်ရာ ၊ အဆတစ်ထောင်မက ပိုမိုစွမ်းအားကြီးမားသော ဖုတ်ကောင်သခင်ကြီး တစ်ကောင်လည်း ရှိနေသေးသည်ဟူသော အသိက တုပိုင်၏ ခေါင်းထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခုလို မွှေနှောက်သွားလေ၏။
ထိုသခင်ကြီး၏ စွမ်းအားမှာ မည်မျှအထိ ကြီးမားနိုင်မည်ကို လုံးဝ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ချေ။
ဧကရာဇ်ထိုက်ခန်က သူ၏ စကားကို ဆက်ပြော၏။
"ပြီးတော့ ဒီဖုတ်ကောင်တွေက မသေမျိုးတွေရဲ့ အောက်ဆုံးအလွှာမှာပဲ ရှိသေးတာ။ ပြောရရင် သူတို့က အမြောက်စာသက်သက်ပဲ။ အဲဒီအထက်မှာ တကယ့်မိစ္ဆာစစ်စစ်ကြီးတွေ ရှိသေးတယ်..."
ထိုစကားကြောင့် တုပိုင်မှာ ပါးစပ်အဟောင်းသားဖြင့် လုံးဝ ဆွံ့အသွားရလေတော့၏။
ဧကရာဇ်ထိုက်ခန်က သက်ပြင်းတစ်ချက်ချကာ ရှင်းပြလာ၏။
"ငါတို့ မြေပြင်ပေါ်မှာရှိတဲ့ မသေမျိုးတွေ ၊ သားရဲဆန်းတွေနဲ့ မိစ္ဆာတွေအားလုံးက လူတစ်ယောက်တည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ သူက ကံကြမ္မာမိစ္ဆာသခင်ပဲ။ ဆိုလိုတာက သူဟာ ဘီလီယံချီတဲ့ မသေမျိုးစစ်တပ်ကြီးကို တစ်ယောက်တည်း အုပ်ချုပ်နေတာပေါ့..."
တုပိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"သူက... ကံကြမ္မာမိစ္ဆာနဲ့ ဘာပတ်သက်နေလို့လဲ..."
ဧကရာဇ်ထိုက်ခန်က ရှင်းလင်းပြတ်သားစွာ ဖြေလိုက်၏။
"ကံကြမ္မာစနစ်ရဲ့ စနစ်ရှင်လေ..."
တုပိုင်က ချက်ချင်းပင် ရိပ်မိသွားကာ ဆို၏။
"တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်ထဲက မင်းနဲ့ငါလိုမျိုးပေါ့..."
ဧကရာဇ်ထိုက်ခန်က အတည်ပြုလိုက်၏။
"ဟုတ်တယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာမှာတုန်းက ငါတို့အခြေအနေထက် အများကြီး ပိုပြီး စွမ်းအားကြီးတယ်..."
ထို့နောက် ဧကရာဇ်ထိုက်ခန်က သူ၏ လက်နှစ်ဖက်ကို လေထဲသို့ ဖြန့်ကားလိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံ၌ အလင်းတန်းများ ပေါ်ထွက်လာပြီး ကြီးမားသော မြေပုံပုံရိပ်တစ်ခု အသွင်ပေါ်လာလေ၏။
ထိုသည်မှာ အရှေ့အာရှတစ်ခုလုံးအား အသေးစိတ် လွှမ်းခြုံပြသထားသည့် မြေပုံကြီးပင်ဖြစ်၏။
ထိုမြေပုံပေါ်ရှိ နေရာ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ အနက်ရောင်အမှောင်ထုဖြင့် ဖုံးလွှမ်းနေပြီး ကံကြမ္မာစနစ်ရှင်ဖြစ်သော ကံကြမ္မာသခင် အုပ်စိုးသည့် မသေမျိုးတို့၏ အင်ပါယာနယ်မြေဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။
ထိုဧရာမ အမှောင်နယ်မြေကြီးထဲတွင်တော့ အခြားအရောင်များဖြင့် သေးငယ်လှသော အကွက်ငယ်လေး အနည်းငယ်မျှသာ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေလသည်။
ထိုက်ခန်က ထိုအကွက်ငယ်လေးများကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။
"အဝါရောင်က ငါတို့ ထိုက်ခန်အင်ပါယာပဲ။ လူသားတွေ အဓိကနေထိုင်ပြီး စတုရန်းကီလိုမီတာ နှစ်သိန်းခွဲလောက် ကျယ်ဝန်းတယ်။ လူဦးရေက သန်းဆယ်ဂဏန်းလောက်ရှိပြီး ကျန်းရှီး ၊ အန်ဟွေး နဲ့ ကျဲ့ကျန်း ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတချို့ကို သိမ်းပိုက်ထားနိုင်တယ်..."
"အဖြူရောင်နယ်မြေက ရုပ်သေးမျိုးနွယ်စုတွေပဲ။ နယ်မြေအကျယ်အဝန်းက စတုရန်းကီလိုမီတာ တစ်သိန်းတောင် မပြည့်ဘူး။ အဲဒီမှာ အဓိကကတော့ ဝိညာဉ်ဆရာသခင်တွေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ရုပ်သေးစစ်သည်တွေ ၊ ရုပ်သေးမိစ္ဆာတွေ စတာတွေ နေထိုင်ကြတယ်။ အမြင့်ဆုံးခေါင်းဆောင်ကို စစ်သေနာပတိလို့ ခေါ်တယ်..."
"ဒီအနီရောင်နယ်မြေကတော့ လေလွင့်မဟာမိတ်အဖွဲ့ပဲ။ သူတို့မှာ အတည်တကျနေထိုင်တဲ့ နယ်မြေဆိုတာ မရှိဘူး။ လုယက်တာနဲ့ အမဲလိုက်တာကိုပဲ မှီခိုအသက်မွေးကြတယ်။ သူတို့က နေရာအနှံ့ လျှောက်သွားနေကြပြီး အဆင့်အတန်းလည်း အတော်လေး မြင့်ကြတယ်။ အမြင့်ဆုံးခေါင်းဆောင်က စစ်သေနာပတိချုပ်ပဲ..."
"နောက်ဆုံး ရွှေရောင်နယ်မြေကတော့ အိပ်မက်ဆိုးအင်ပါယာပဲ။ အိပ်မက်ဆိုးကျွန်းပေါ်မှာရှိပြီး စတုရန်းကီလိုမီတာ ငါးထောင်လောက် ကျယ်ဝန်းတယ်။ ဒါက ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းက လုံးဝမရှိခဲ့တဲ့ ကျွန်းတစ်ကျွန်းပဲ။ အဲဒီကျွန်းပေါ်မှာ စွမ်းအားကြီးတဲ့ မျိုးဗီဇပြောင်းလဲသူတွေ အဓိက နေထိုင်ကြပြီး ခေါင်းဆောင်က အိပ်မက်ဆိုးဧကရာဇ်ပဲ..."
မြေပုံကို ကြည့်ရုံဖြင့်ပင် အခြေအနေမှာ အလွန်တရာ မျှော်လင့်ချက်မဲ့နေကြောင်း တုပိုင် ရိပ်မိလိုက်ပေ၏။
စစ်မှန်သော လူသားတို့၏ နယ်မြေမှာ စတုရန်းကီလိုမီတာ နှစ်သိန်းခွဲသာ ကျယ်ဝန်းသော ထိုက်ခန်အင်ပါယာသာလျှင်ဖြစ်ပြီး ကျန်ရှိနေသော အဖြူ ၊ အနီနှင့် ရွှေရောင်နယ်မြေများရှိ သူများမှာလည်း လူသားစစ်စစ်များ မဟုတ်ကြတော့ချေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့သည် မသေမျိုးများ မဟုတ်ကြသကဲ့သို့ မိစ္ဆာများဘက်တွင်လည်း မပါဝင်ကြချေ။
ထိုအင်အားစုလေးခုလုံး၏ နယ်မြေများကို ပေါင်းစပ်လိုက်လျှင်ပင် စတုရန်းကီလိုမီတာ လေးသိန်းထက် မပိုနိုင်ဘဲ အရှေ့အာရှတစ်ခုလုံးရှိ ကျန်ရှိနေသော နယ်မြေ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ကံကြမ္မာစနစ်၏ သခင်ဖြစ်သော ကံကြမ္မာသခင်၏ ရက်စက်သော လက်ထဲတွင် ကျရောက်နေလေ၏။
တုပိုင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"အဲဒီအင်အားစု လေးခုထဲမှာ ထိုက်ခန်အင်ပါယာက အင်အားအကြီးဆုံးပဲလား..."
ထိုက်ခန်က ခေါင်းခါပြလိုက်ပြီး ဆို၏။
"မဟုတ်ဘူး။ အိပ်မက်ဆိုးအင်ပါယာက အစွမ်းအထက်ဆုံးပဲ။ သူ့လူဦးရေက တစ်သိန်းတောင် မပြည့်ပေမဲ့ သူ့ဆီမှာ စွမ်းအားကြီးတဲ့ ဝိညာဉ်ဆရာသခင်တွေ ၊ စစ်သည်တွေ ရှိတဲ့အပြင် အခြားကမ္ဘာက စွမ်းအင်သုံး လက်နက်တွေလည်း ပိုင်ဆိုင်ထားတယ်..."
တုပိုင်က နားမလည်နိုင်စွာဖြင့် ထပ်မေးလိုက်၏။
"ဘာလို့လဲ..."
ဧကရာဇ်ထိုက်ခန်က လေးနက်စွာဖြင့် ဖြေလာ၏။
"ဘာလို့လဲဆိုတော့ မဟာအိပ်မက်ဆိုးက ကမ္ဘာမြေပေါ်က လူသားတစ်ယောက် မဟုတ်ဘူးလေ။ သူက အခြားကမ္ဘာတစ်ခုကနေ လာတာ။ ဒါတင်မကသေးဘူး ၊ ငါရယ် ၊ လေလွင့်မဟာမိတ်အဖွဲ့က စစ်သေနာပတိတွေရယ် ၊ ရုပ်သေးမျိုးနွယ်စုရဲ့ စစ်သေနာပတိတွေရယ် အားလုံးက မဟာအိပ်မက်ဆိုးရဲ့ တပည့်တွေချည်းပဲ..."
ထိုစကားကို ကြားပြီးနောက် တုပိုင်မှာ လုံးဝ အံ့အားသင့်သွားရလေတော့၏။
ကမ္ဘာပျက်ကပ်၌ ကမ္ဘာမြေ၏ အက်ကွဲကြောင်းများကို ကံကြမ္မာမိစ္ဆာသခင်က ဆွဲဖြဲပစ်လိုက်သည်လော။ မိစ္ဆာများသာမက အခြားကမ္ဘာမှ လူသားများကပါ ကမ္ဘာမြေထဲသို့ ဝင်ရောက်လာကြသည်လော။ သူ၏ ခေါင်းထဲတွင် မေးခွန်းများက ပလူပျံနေတော့၏။
တုပိုင်က မေးလိုက်၏။
"အိပ်မက်မိစ္ဆာကို မင်း မြင်ဖူးလား..."
ဧကရာဇ်ထိုက်ခန်က ခေါင်းခါပြရင်း ဆို၏။
"ငါ တစ်ခါမှ မမြင်ဖူးဘူး..."
တုပိုင်က မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်၏။
"ကံကြမ္မာစနစ်ရဲ့ စနစ်ရှင် ၊ ကံကြမ္မာမိစ္ဆာသခင်ကိုကော မင်း မြင်ဖူးလား..."
ဧကရာဇ်ထိုက်ခန်က ထပ်မံခေါင်းခါပြကာ ဖြေလေ၏။
"တစ်ခါမှ မမြင်ဖူးပါဘူးဆို..."
တုပိုင်မှာ အတော်လေး တုန်လှုပ်သွားရ၏။ ဧကရာဇ်ထိုက်ခန်ကဲ့သို့ စွမ်းအားကြီးမားသူပင်လျှင် ကံကြမ္မာစနစ်ရှင်ကို မမြင်ဖူးပေလော။ ထိုသူက ထိုမျှလောက်ပင် နက်နဲဆန်းကြယ်နေသည်လော။
တုပိုင်က သံသယဖြင့် ဆိုလာ၏။
"မသေမျိုးတွေရဲ့ စွမ်းအားက လူသားတွေထက် မရေမတွက်နိုင်အောင် ပိုပြီး စွမ်းအားကြီးနေတယ်လို့ ငါ ခံစားရတယ်။ လူသားတွေရဲ့ ကျန်ရှိနေတဲ့ အင်အားတွေကိုလည်း အလွယ်တကူ သုတ်သင်ပစ်နိုင်တယ်လေ။ ဘာလို့ သူတို့ အဲဒီလို မလုပ်တာလဲ..."
ဧကရာဇ်ထိုက်ခန်က အေးစက်စွာ ဖြေလိုက်၏။
"သုံ့ပန်းလို မွေးမြူထားလို့လေ..."
တုပိုင်က ထိတ်လန့်စွာဖြင့် မေးလိုက်၏။
"နောက်ဆုံးကျန်နေတဲ့ လူဆယ်သန်းလောက်ကို အဲဒီလို လှောင်ပိတ်မွေးမြူထားတာလား..."
ဧကရာဇ်ထိုက်ခန်က ခေါင်းညိတ်ပြကာ ဖြေ၏။
"ဟုတ်တယ်။ လူသားတွေရဲ့ အသားက အရမ်းအရသာရှိလို့လားတော့ ငါမသိဘူး။ မိစ္ဆာတွေကတော့ အထူးကို နှစ်သက်ကြတယ်..."
ထိုစကားကြောင့် တုပိုင်တစ်ယောက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ကြက်သီးထသွားရလေ၏။
ဧကရာဇ်ထိုက်ခန်က မျက်နှာထား တင်းမာစွာဖြင့် ဆက်ပြော၏။
"ဒါပေမဲ့ ဒီလူသားဆယ်သန်းက သိပ်အသက်ရှည်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မိစ္ဆာအသုတ်သစ်တွေ ပေါက်ပွားလာကြပြီမို့ သူတို့လည်း အသားစားဖို့ လိုအပ်တယ်လေ။ ဒါကြောင့်... ကံကြမ္မာမိစ္ဆာသခင်က မကြာခင် လာရိတ်သိမ်းတော့မှာပဲ။ လူသားဆယ်သန်းကျော်လောက် ရှိနေတဲ့ ထိုက်ခန်အင်ပါယာက အခုဆိုရင် အန္တရာယ်ကြုံနေရပြီ..."
တုပိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ကံကြမ္မာမိစ္ဆာသခင်က ထိုက်ခန်အင်ပါယာကို ဘယ်အချိန်မှာ လာတိုက်ခိုက်မှာလဲ..."
ဧကရာဇ်ထိုက်ခန်က ခပ်ပြတ်ပြတ် ဆို၏။
"တိုက်ခိုက်တာမဟုတ်ဘူး... ရိတ်သိမ်းပြီး ရှင်းလင်းပစ်တော့မှာ။ ဘယ်အချိန်လဲတော့ ငါမသိဘူး။ ခြောက်လကြာရင်လည်း ဖြစ်နိုင်သလို တစ်လလောက်ကြာရင်လည်း ဖြစ်နိုင်တယ်..."
ထို့နောက် ဧကရာဇ်ထိုက်ခန်က တုပိုင်အား စိုက်ကြည့်ကာ ဆက်ပြောလာ၏။
"ဒါကြောင့် အချိန်နှောင်းနေပြီလို့ ငါပြောတာပေါ့။ မင်းရဲ့ ကံကြမ္မာ အထောက်အပံ့က စွမ်းအားကြီးနေသေးလားဆိုတာကို စမ်းသပ်ဖို့ ငါ မင်းကို လဝက်လောက်ပဲ အချိန်ပေးခဲ့တာ။ ရလဒ်ကတော့ အရင်အတိုင်းပဲ..."
ထိုက်ခန်က လေးနက်စွာဖြင့် ပြော၏။
"အချိန်တွေ အရမ်းကို နောက်ကျနေပြီ။ ဒါကြောင့် ငါနဲ့အတူ ထိုက်ခန်အင်ပါယာကို အခုချက်ချင်း လိုက်ခဲ့တော့။ အတိုတောင်းဆုံး အချိန်လေးအတွင်းမှာ မင်း အရမ်းကို စွမ်းအားကြီးလာဖို့ လိုအပ်တယ်။ ပြီးတာနဲ့ ငါ့ရဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံရမယ်။ အနာဂတ်မှာ လူသားတွေရဲ့ ကံကြမ္မာကို မင်းဆီပဲ အပ်ရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကယ်တင်ရှင်ဖြစ်ရတာကို ကျင့်သားရနေပြီပဲဟာ..."
တုပိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"မင်းက ဘယ်တုန်းက လူသားတွေအပေါ် ကရုဏာသက်သွားတာလဲ။ မင်းက လူသားတွေကို တကယ် ကယ်တင်ချင်လို့လား..."
ဧကရာဇ်ထိုက်ခန်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာဖြင့် ပြောလာ၏။
"အိပ်မက်မိစ္ဆာက ငါ့ကို ကောင်းကင်ဘုံကနေ ငရဲပြည်အထိ ဆွဲချသွားခဲ့တာ။ ဒီအမုန်းတရားက သာမန်မဟုတ်ဘူး။ အဲဒီအချိန်တုန်းက ငါ့ရဲ့ အရှက်ရမှုတွေကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ရမှာ မဟုတ်ဘူး။ မင်းရဲ့ ဓားတစ်ချက်တည်းနဲ့ ငါ အသတ်ခံခဲ့ရပြီး အိပ်မက်မိစ္ဆာရဲ့ စွန့်ပစ်တာကိုလည်း ခံခဲ့ရတယ်။ သူ ပေးခဲ့တဲ့ အရှက်ရမှုတွေအတွက် ငါ သူ့ကို ပြန်ပြီး လက်စားချေချင်တယ်..."
ဧကရာဇ်ထိုက်ခန်က တုပိုင်၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ကာ သူ၏ ကျောဘက်မှ ခန့်ညားသော အနက်ရောင် အတောင်ပံတစ်စုံကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတက်သွားရင်း အော်ပြောလိုက်လေ၏။
"သွားကြမယ်... အင်ပါယာမြို့တော်ကို သွားရအောင်..."
လေဟုန်ကို ဆန်ပျံသန်းနေရင်း ဧကရာဇ်ထိုက်ခန်က ထပ်ပြောလာ၏။
"တစ်ရက်လေးတောင် အလဟဿ အချိန်ဖြုန်းလို့ မရဘူး။ မင်း ချက်ချင်းကို စွမ်းအားကြီးလာဖို့ လိုတယ်။ ပြီးတာနဲ့ အိပ်မက်ဆိုးအင်ပါယာဆီသွားပြီး သူတို့ရဲ့ မင်းသမီးနဲ့ လက်ထပ်ရမယ်..."
တုပိုင်က အလျင်အမြန် ငြင်းဆန်လိုက်၏။
"အိပ်မက်ဆိုးအင်ပါယာက အစွမ်းထက်ပြီး အိပ်မက်ဆိုးဧကရာဇ်ကလည်း အရမ်းကို စွမ်းအားကြီးတယ်ဆိုပေမဲ့... ခေတ်သစ်ကမ္ဘာမြေမှာ ငါ့ မိန်းမရှိနေပြီ။ သူတို့ရဲ့ မင်းသမီးကို ငါ မလက်ထပ်ချင်ဘူး..."
မဟာအိပ်မက်ဆိုး၏ စွမ်းအားကြီးမားမှုမှာ တုပိုင်အတွက် ယာယီအားဖြင့် စိတ်ကူးမှန်းဆ၍ပင် မရနိုင်ချေ။ အကြောင်းမှာ သူသည် ဧကရာဇ်ထိုက်ခန်၏ ဆရာဖြစ်နေခဲ့ပြီး အခြားကမ္ဘာမှ လာသူလည်း ဖြစ်နေသောကြောင့်ပင်တည်း။ ထိုသို့ဆိုလျှင် သူ၏ သမီးဖြစ်သူ အိပ်မက်ဆိုးအင်ပါယာ၏ မင်းသမီးမှာရော မည်ကဲ့သို့ ရုပ်ဆင်းသွင်ပြင်မျိုး ရှိနေမည်နည်း။
ဧကရာဇ်ထိုက်ခန်က တုပိုင်အား စူးရဲစွာ ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို ဖြည်းညင်းစွာ အံကြိတ်၍ ပြောလာ၏။
"မဟုတ်ဘူး... မင်းက သူ့ကို တကယ် လက်ထပ်ချင်နေလိမ့်မယ်။ မင်း သူ့ကို အသေအလဲကို လက်ထပ်ချင်နေလိမ့်မယ်..."
ထို့နောက် သူ အောက်သို့ ရုတ်တရက် အရှိန်ပြင်းစွာ ထိုးဆင်းသွားကာ အခြားလက်တစ်ဖက်ဖြင့် မြေပြင်ပေါ်ရှိ တုပိုင်၏ သမီးလေးနှင့် ကျန်းရှောင်မန်တို့အား လှမ်းဆွဲလိုက်ပြီး ထိုက်ခန်အင်ပါယာ၏ မြို့တော်ဆီသို့ လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်စွာ ပျံသန်းသွားလေတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၃ + ၈၇၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။