← Chapters

အခန်း (၈၇၅-၈၇၆)

Vol. 88 Ch. 875-876

အခန်း (၈၇၅-၈၇၆)

Vol. 88 Ch. 875-876

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၅ + ၈၇၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

“ဒီနေ့ကစပြီးတော့ မင်းတို့တွေက ထိုက်ခန်အင်ပါယာ ၊ အလယ်ပိုင်းပြည်နယ် ၊ ပင်းရှီးမြို့နဲ့ လန်ဟူနယ်မြေရဲ့ နိုင်ငံသားတွေ ဖြစ်သွားကြပြီ။ ပြီးတော့ လျန်ကျင်းမြို့စားရဲ့ အုပ်ချုပ်မှုအောက်မှာ နေရမယ်…”

ဧကရာဇ်ထိုက်ခန် သူ၏ ဧရာမအတောင်ပံကြီးများကို ကျယ်ဝန်းစွာ ဖြန့်ကျက်ကာ ကောင်းကင်ထက်၌ ခန့်ညားစွာ ဝဲပျံနေရင်း အောက်ဘက်ရှိ လေလွင့်မဟာမိတ်အဖွဲ့မှ ဗိုလ်မှူးကြီးအား အထက်စီးမှနေ၍ မိန့်ဆိုလိုက်လေ၏။

ကျန်းရှောင်မန်၏ လက်အောက်ရှိ လေလွင့်အဖွဲ့သား ဒါဇင်ကျော်ကမူ ထိုအမိန့်အား အပြည့်အဝ သဘောတူလိုလားကြသည်။ အကြောင်းမှာ သူတို့သည် သွေးစွန်းလှသော နေ့ရက်များကို အလွန်အမင်း ငြီးငွေ့လာကြပြီဖြစ်ရာ လေလွင့်မဟာမိတ်အဖွဲ့မှ ထွက်ခွာရန်အတွက် သူမ၏နောက်သို့ တစ်သွေးတစ်သံတည်း လိုက်ပါလာခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော်ငြားလည်း ဗိုလ်မှူးကြီးတစ်ပိုင်းအဆင့်ရှိ ခေါင်းဆောင်က ဦးဆောင်သော လေလွင့်စစ်သည်များကမူ သဘောတူလိုဟန် အရိပ်အယောင်မျှ မပြကြချေ။ သူတို့သည် နေ့စဉ်နှင့်အမျှ တိုက်ခိုက်လုယက်ရသော သွေးသံရဲရဲ စွန့်စားခန်းများကိုသာ ပို၍ မက်မောနှစ်သက်ကြလေ၏။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်လှသော ဧကရာဇ်ထိုက်ခန် ကိုယ်တိုင် အမိန့်ချမှတ်လိုက်ပြီဖြစ်ရာ မည်သူကမျှ ဖီဆန်ဝံ့ခြင်း မရှိတော့ချေ။ မလိုက်နာပါက ခံရမည့် အကျိုးဆက်အား သူတို့ မခံရဲကြချေ။

ထို့အပြင် ဧကရာဇ်၏ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသော အရှိန်အဝါက သူတို့၏ စိတ်ဝိညာဉ်များကို တိုက်ရိုက် ဖိနှိပ်ထားလေရာ စိတ်နှလုံး၏ အောက်ခြေနက်ရှိုင်းသော နေရာ၌ပင် ဆန့်ကျင်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားရလေတော့သည်။

ချက်ချင်းဆိုသလိုပင် လူတစ်ထောင်ကျော်မှာ မြေပြင်ပေါ်တွင် တညီတညာတည်း ဒူးထောက်ချလိုက်ကြပြီး ရိုသေစွာ ဦးညွှတ်ကာ ဟစ်ကြွေးလိုက်ကြတော့၏။

“အမိန့်တော်အတိုင်းပါ…”

ယခုအချိန်မှစ၍ ဤလူတစ်ထောင်ကျော်သည် လေလွင့်မဟာမိတ်အဖွဲ့နှင့် မသက်ဆိုင်တော့ချေ။ လေလွင့်မဟာမိတ်အဖွဲ့၏ ဗိုလ်ချုပ်ကိုယ်တိုင် ဤကိစ္စကို သိသွားခဲ့လျှင်တောင်မှ တစ်ခွန်းမျှ ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ပေ။

အကြောင်းမှာ ဧကရာဇ်ထိုက်ခန်၏ အဆင့်သည် လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်ထက်ပင် အဆင့်တစ်ဝက်ခန့် ပိုမိုမြင့်မားနေသောကြောင့်ပင် ဖြစ်လေ၏။

--------------

ဧကရာဇ်ထိုက်ခန်သည် ကီလိုမီတာပေါင်းများစွာ မြင့်မားလှသော ကောင်းကင်ယံထက်၌ ပျံသန်းနေလေ၏။ အောက်ဘက် မြေပြင်ဆီတွင်တော့ တိမ်တိုက်များက ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် မြေပြင်မှနေ၍ မော့ကြည့်မည်ဆိုပါက လုံးဝနီးပါး မြင်တွေ့နိုင်မည် မဟုတ်ချေ။

တုပိုင်မှာမူ အလွန်တရာ အံ့အားသင့်သွားရလေတော့၏။ အခြားကမ္ဘာမှ စွမ်းအင်များ အမြောက်အမြား ဝင်ရောက်လာပြီးနောက်တွင် သိုင်းလောကသည် ဤမျှလောက်အထိ ကြီးမားသော တိုးတက်မှုကို ရရှိသွားနိုင်မည်လော။ ယခုအခါတွင် လူသားတို့သည် ကောင်းကင်ထက်၌ပင် လွတ်လပ်စွာ ပျံသန်းနိုင်နေကြပြီလော။

တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်နယ်မြေတွင် နင်တောက်ရွှမ်နှင့် အခြားသူများ မည်မျှပင် စွမ်းအားကြီးမားလှစေကာမူ ကောင်းကင်ယံကို ခွင်း၍ ပျံသန်းနိုင်စွမ်း လုံးဝ ရှိမခဲ့ချေ။

ဧကရာဇ်ထိုက်ခန်က ဆိုလာ၏။ “လေထဲပျံသန်းနိုင်တာက ဒီကမ္ဘာမှာတော့ အကြီးမြတ်ဆုံး စွမ်းအားရှင်တွေရဲ့ သင်္ကေတပဲ…”

“ဒါပေမဲ့ ဒါကလည်း အိပ်မက်ဆိုးက ယူဆောင်လာပေးခဲ့တာပါပဲ…”

ဤသည်က အခြားကမ္ဘာ၏ ကျူးကျော်မှုကြောင့် ထပ်မံ ဖြစ်ပေါ်လာရခြင်းလော။

သို့သော် ယခုအချိန်တွင် တုပိုင် ပို၍ စိတ်ဝင်စားနေသည်ကား အိပ်မက်ဆိုးအင်ပါယာ၏ မင်းသမီးအကြောင်းပင် ဖြစ်လေ၏။ အကြောင်းမှာ ဧကရာဇ်ထိုက်ခန်က သူ ထိုမင်းသမီးကို မဖြစ်မနေ လက်ထပ်ချင်လိမ့်မည်ဟု ပြောခဲ့သောကြောင့်ပင်။

ထိုမင်းသမီးက… သူမ ဖြစ်နေမည်လော။

ထိုက်ခန်က လေးနက်စွာဖြင့် အတည်ပြုလိုက်၏။ “ဟုတ်တယ်…”

“သူက ရန်ယဲ့ရှောင်… မင်းရဲ့ စေ့စပ်ထားတဲ့သူ ၊ ပြီးတော့ မင်းကို ရူးရူးမူးမူး ချစ်တဲ့သူလေ…”

ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ သွေးများ ပွက်ပွက်ဆူလာကာ တစ်ကိုယ်လုံး မီးတောက်များဖြင့် ပူလောင်သွားသကဲ့သို့ ခံစားလိုက်ရလေတော့၏။ နောက်ဆုံးတွင်တော့ သူ၏ စေ့စပ်ထားသူနှင့် ပတ်သက်သည့် သတင်းအစအနကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

တုရှောင်မှာမူ ပို၍ပင် စိတ်လှုပ်ရှားသွားရကာ အလောတကြီး မေးလိုက်သည်။ “ဒါ သမီးရဲ့ မေမေလား… သမီးရဲ့ မေမေလား…”

ဧကရာဇ်ထိုက်ခန်က ဖြည်းညင်းစွာ ဖြေလိုက်၏။ “ဟုတ်တယ်… သမီးရဲ့ မေမေပါ…”

တုရှောင်မှာ လေထဲသို့ ပျံတက်သွားတော့မတတ် အလွန်အမင်း ဝမ်းသာသွားရ၏။ စင်စစ် သူမမှာ ယခုအချိန်၌ လေထဲတွင် ပျံသန်းနေဆဲပင် ဖြစ်သည်။

သူမ ဖခင်ဖြစ်သူကို လွမ်းဆွတ်သကဲ့သို့ မိခင်ဖြစ်သူကိုလည်း အလွန်တရာ လွမ်းဆွတ်တမ်းတနေခဲ့ခြင်း ဖြစ်၏။ သူမ၏ အိပ်မက်များထဲတွင် မိခင်ဖြစ်သူအား အကြိမ်မည်မျှပင် မက်ခဲ့ရသည်ကို ရေတွက်၍ပင် မရနိုင်တော့ချေ။

အသက်ငါးနှစ်အရွယ်ကတည်းက မိခင်ဖြစ်သူကို မတွေ့ခဲ့ရသော်ငြားလည်း သူမတွင် မိသားစုသုံးယောက် အတူရိုက်ထားသော ဓာတ်ပုံတစ်ပုံ ရှိနေခဲ့သည်။ ထို့အပြင် အိပ်မက်ထဲတွင်လည်း မိခင်ဖြစ်သူနှင့် အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ရဖူးလေ၏။

ယခု နောက်ဆုံးတွင်တော့ သူမ၏ မိခင်ကို အမှန်တကယ် တွေ့ရတော့မည်လော။ သူမတို့ မိသားစု ပြန်လည်ဆုံစည်းရတော့မည်လော။

--------------

အနောက်ဘက်ဆီသို့ တစ်နာရီခန့်အကြာ ပျံသန်းပြီးနောက်တွင်တော့ ဧကရာဇ်ထိုက်ခန်သည် ထူထပ်သော တိမ်လွှာများကို ဖြတ်သန်းကာ အောက်ဘက်သို့ စတင်ဆင်းသက်လာလေတော့၏။

ရုတ်တရက်ဆိုသလိုပင် ဧရာမမြို့တော်ကြီးတစ်ခုက တုပိုင်၏ မြင်ကွင်းထဲသို့ အထင်းသား ဝင်ရောက်လာလေ၏။ တုပိုင်၏ ခန့်မှန်းချက်သာ မမှားယွင်းခဲ့လျှင် ဤနေရာသည် မူလ ကျန်းရှီးနယ်မြေ၏ မြို့တော်ဖြစ်သော ချန်တူးမြို့ ဖြစ်ပေလိမ့်မည်။

ယခုတော့ ထိုနေရာက ထိုက်ခန်အင်ပါယာ၏ ခမ်းနားလှသော မြို့တော်ကြီး ဖြစ်လာပြီဖြစ်၏။

သို့သော်ငြားလည်း ဤမြို့တော်ကြီးမှာ အရင်ပုံစံဟု လုံးဝ မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ကန်ကျန်းမြစ်၏ အနောက်ဘက်ခြမ်းရှိ မြို့၏အစိတ်အပိုင်းများကို လုံးဝ စွန့်ပစ်ထားခဲ့ပြီး အရှေ့ဘက် မြို့တွင်းနယ်မြေကိုမူ မီတာ ခြောက်သောင်းခန့် အရှည်ရှိသော ဧရာမ မြို့ရိုးကြီးဖြင့် ထီးထီးမားမား ဝန်းရံထားလျက်ရှိနေသည်။

ထို့အပြင် ဤမြို့ရိုးကြီးမှာ တုပိုင် တစ်သက်တာ မြင်ဖူးသမျှသော မြို့ရိုးများအားလုံးထက် ပို၍ ကြီးမားခမ်းနားလွန်းလှသည်။ အမြင့်မှာ မီတာငါးဆယ်ကျော်ရှိပြီး အထူမှာ ဆယ့်ငါးမီတာကျော်ပင် ရှိနေ၏။

တာ့နင်အင်ပါယာ၏ မြို့တော်ဖြစ်စေ ၊ အရှေ့ဘက် ပြည်ထောင်စု၏ တော်ဝင်မြို့တော်ဖြစ်စေ ၊ ထိုမြို့များ၏ မြို့ရိုးများမှာ ယခု သူ၏ မျက်စိရှေ့မှောက်ရှိ မြို့ရိုးကြီးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ယှဉ်၍ပင် မရနိုင်လောက်အောင် သေးသိမ်ငယ်မွှားနေတော့သည်။ ဤသည်မှာ ရိုးရှင်းစွာပြောရလျှင် ဗိသုကာပညာ၏ အံ့ဖွယ်တစ်ပါးပင် ဖြစ်ပေတော့၏။

လီတစ်ရာကျော် ရှည်လျားသော ဤမြို့ရိုးကြီးမှာ ထိုက်ခန်အင်ပါယာတစ်ခုလုံးကို ခိုင်မာစွာ ဖက်တွယ်ထားသည့် ဧရာမနဂါးကြီးတစ်ကောင်နှင့်ပင် အလားသဏ္ဌာန်တူလှ၏။ ထို့အပြင် ဤမြို့ရိုးကြီးသည် သံကူကွန်ကရစ်များဖြင့်သာ အပြည့်အဝ တည်ဆောက်ထားခြင်း မဟုတ်ချေ။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အလင်းတန်းများ ယှက်သန်းနေသည့် ထူးဆန်းသော ကျောက်တုံးများဖြင့်ပါ အခိုင်အမာ ဖုံးအုပ်ထားလျက်ရှိနေသည်။

ဧကရာဇ်ထိုက်ခန်က ရှင်းပြလေ၏။ “ဒါက အခြားကမ္ဘာကလာတဲ့ မှော်ကျောက်နက်တွေပဲ…”

“ဒီကျောက်တုံးမျိုးက အရမ်းကို မာကျောခိုင်ခံ့တယ်။ အမြောက်ဆံ အများစုကို ခံနိုင်ရည်ရှိသလို ဖုတ်ကောင်ခေါင်းဆောင် အများစုရဲ့ တိုက်ခိုက်မှုတွေကိုလည်း ခုခံနိုင်တယ်လေ…”

ဖုတ်ကောင်ခေါင်းဆောင် အများစုကို ခုခံနိုင်သည်ဆိုခြင်းမှာ တားဆီး၍မရနိုင်သော အချို့အရာများကား ရှိနေသေးသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ တုပိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ထိုက်ခန်အင်ပါယာ မြို့တော်မှာ လူဘယ်လောက်ရှိလဲ…”

ဧကရာဇ်ထိုက်ခန်က ပြန်ဖြေသည်။ “တစ်သန်းနဲ့ နှစ်သိန်းရှိတယ်…”

တုပိုင်မှာ အံ့ဩသွားကာ ထပ်မံမေးလိုက်၏။ “အဲ့ဒီလောက် အများကြီးလား…”

ဧကရာဇ်ထိုက်ခန်က လေးနက်စွာဖြင့် ပြောလာ၏။ “ဒါက လူသားတွေရဲ့ နောက်ဆုံးခံတပ်ပဲ။ လူသားတွေရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ငါ အားလုံးကို မထိန်းချုပ်နိုင်လို့သာပေါ့… မဟုတ်ရင် အားလုံးကို ဒီထဲ သွင်းထားလိုက်ချင်တယ်…”

ဤမျှ ကြီးမားလှသော မြို့ရိုးကြီးကို တည်ဆောက်ရန်အတွက် ထိုက်ခန်အင်ပါယာတစ်ခုလုံး လူအင်အားနှင့် အချိန် မည်မျှအထိ အသုံးပြုခဲ့ရမည်ကို တုပိုင် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်တော့ချေ။ ဤမြို့ရိုးကြီးကို မတည်ဆောက်မီက ဤအထဲတွင် နေထိုင်ကြသော လူများအတွက် လုံခြုံမှုဟူသည် လုံးဝ ရှိခဲ့မည် မဟုတ်ချေ။

ထို့အပြင် ထိုက်ခန်အင်ပါယာတွင် အကောင်းဆုံး အရည်အချင်းရှိသူများသာလျှင် မြို့တော်ထဲတွင် နေထိုင်ခွင့်ရကြပြီး မရေမတွက်နိုင်သော စွမ်းအားရှင်များနှင့် ဤခမ်းနားလှသော မြို့ရိုးကြီး၏ လုံခြုံသော အကာအကွယ်ကို ရရှိကြခြင်း ဖြစ်၏။

ဤမြို့တော်ရှိ လူဦးရေ တစ်သန်း နှစ်သိန်းထဲတွင် သိုင်းပညာရှင် သောင်းဂဏန်းကျော် ၊ စစ်တပ်အင်အား လေးသိန်း ၊ စွမ်းအင်ဆိုင်ရာ သုတေသီ သိန်းဂဏန်းကျော် ၊ လက်မှုပညာရှင် သိန်းဂဏန်းကျော်နှင့် လယ်သမား သိန်းဂဏန်းကျော်တို့ ပါဝင်လေသည်။ ထို့အပြင် ဤမြို့တော်၏ စားနပ်ရိက္ခာ ထောက်ပံ့မှု အများစုမှာ လက်အောက်ခံ နယ်မြေများအပေါ်တွင် အပြည့်အဝ မှီခိုနေရလေ၏။

ထိုက်ခန်အင်ပါယာ တစ်ခုလုံးသည် စတုရန်းကီလိုမီတာ နှစ်သိန်းခွဲခန့် ကျယ်ဝန်းပြီး အဓိက ပြည်နယ်ငါးခု ၊ မြို့ပေါင်း နှစ်ရာကျော်နှင့် အခြေချနေထိုင်ရာ ဒေသပေါင်း သောင်းဂဏန်းကျော်အထိ ခွဲခြားထားသည်။ မြို့တိုင်း ၊ နေရာတိုင်းတွင် မြင့်မားသော မြို့ရိုးများအသီးသီး ရှိကြပြီး လူတိုင်းသည် မြို့ရိုးများအတွင်း၌သာ နေထိုင်ကြရ၏။ ဤအခြေချ နေထိုင်ကြသော မျိုးနွယ်စု သောင်းဂဏန်းကျော်က မြို့တော်ကြီးအတွင်းရှိ လူတစ်သန်းကျော်နှင့် စစ်တပ်အင်အား သိန်းဂဏန်းကျော်ကို အဓိက ထောက်ပံ့ပေးနေကြခြင်း ဖြစ်လေသည်။

မြို့ရိုး၏ အပြင်ဘက်ကမ္ဘာမှာမူ လေလွင့်မဟာမိတ်အဖွဲ့များ ၊ ဖုတ်ကောင်များ ၊ သားရဲဆန်းများ ၊ မိစ္ဆာများနှင့် နတ်ဆိုးများသာ ကြီးစိုးရာ သွေးစွန်းသော နယ်မြေဖြစ်လေ၏။

မြို့တော်၏ အလယ်ဗဟိုတွင်တော့ တုပိုင် ဧကရာဇ်နန်းတော်ကြီးကို မြင်လိုက်ရပြီး လုံးဝကို အံ့အားသင့်သွားရလေတော့သည်။

မြို့တော်တစ်ခုလုံးရှိ အခြားအဆောက်အအုံများမှာ ချန်တူးမြို့၏ မူလ အထပ်မြင့် အဆောက်အအုံများသာ ဖြစ်ကြပြီး ဧကရာဇ်နန်းတော်ကြီး တစ်ခုတည်းကိုသာ ဧရာမ အနက်ရောင်ခံတပ်ကြီးတစ်ခုသဖွယ် အသစ်ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်ကာ အလွန်တရာ ကြီးမားခမ်းနားလွန်းလှပလျက်ရှိနေ၏။

World of Warcraft ဂိမ်းထဲမှ စုန်းဘုရင်အာသတ်စ်၏ ရေခဲသရဖူခံတပ်နှင့် ဆင်တူနေသောကြောင့် တုပိုင်အတွက် ထိုအဆောက်အအုံကြီးက အတော်လေး ရင်းနှီးကျွမ်းဝင်နေသလို ခံစားရသည်။

ဧကရာဇ်နန်းတော်ကြီး တစ်ခုလုံးမှာ ဧရိယာ မိုခုနစ်ထောင်ကျော်အထိ ကျယ်ဝန်းပြီး တားမြစ်နန်းတော်၏ အတိုင်းအတာထက်ပင် များစွာ ကျော်လွန်နေသေး၏။ ထို့အပြင် နန်းတော်တစ်ခုလုံးသည် တစ်ဆက်တည်း တည်ဆောက်ထားခြင်းဖြစ်ပြီး စိမ်းလန်းသော သစ်ပင်ပန်းမန်များ လုံးဝမရှိဘဲ အလွန်တရာ ခမ်းနားထည်ဝါမှုများဖြင့်သာ ပြည့်နှက်နေလျက်ရှိသည်။

တည်ဆောက်ပုံမှာ ရိုးရှင်းလှသော်ငြားလည်း ဖိနှိပ်လွှမ်းမိုးနိုင်စွမ်း အပိုင်းတွင်မူ အရှေ့ဘက် ပြည်ထောင်စုရှိ ဖန်းချန်၏ နန်းတော်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေသေး၏။ မြို့တော်၏ မြို့ရိုးမှာ အမြင့် မီတာငါးဆယ်သာ ရှိသော်လည်း ဧကရာဇ်နန်းတော်၏ မြို့ရိုးများမှာမူ အမြင့် မီတာရှစ်ဆယ်ကျော်နှင့် အထူ ဆယ့်ရှစ်မီတာကျော်ပင် ရှိနေသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၅ + ၈၇၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters