အခန်း (၈၇၉-၈၈၀)
Vol. 88 Ch. 879-880
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၉ + ၈၈၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်က လေးနက်သောအမူအရာဖြင့် ရှင်းပြလေ၏။ “ငါလည်း မသိဘူး။ ငါ့ဆရာ မဟာအိပ်မက်ဆိုးက ငါ့ကို မပြောပြခဲ့ဘူး။ ဒါပေမဲ့... ငါ ပဉ္စမအထပ်ကို ရောက်တဲ့အချိန်မှာတင် ကျင့်ကြံခြင်းအဆင့်က ရပ်တန့်သွားပြီး ရှေ့ဆက်တက်လို့ မရတော့ဘူး။ ပြီးတော့ ဆရာ့ရဲ့တပည့်တွေထဲမှာ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိပဲဖြစ်ဖြစ် ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ပဲဖြစ်ဖြစ် ဘယ်သူမှ ပဉ္စမအထပ် စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး။”
ထို့နောက် သူက ဆက်ပြောသည်။ “ဒါကြောင့် မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ ဒီငရဲမျှော်စင်ရဲ့ စမ်းသပ်မှုက မင်းထင်ထားတာထက် အများကြီး ပိုခက်တယ်။ ပထမအထပ်ကတင် မိုးပေါ်တက်ရသလို ခက်ခဲလွန်းနေပြီ။ ငါ ငရဲမျှော်စင်ထဲ ဝင်ရောက်စမ်းသပ်ချိန်က ငါ့စွမ်းအားက အခု မင်းရှိနေတဲ့အဆင့်ထက် အများကြီး သာတယ်။ ဒါတောင်မှ ပထမအထပ် စမ်းသပ်မှုက ငါ့ကို မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်သွားစေခဲ့တယ်။”
တုပိုင်သည်တော့ အသာအယာပဲ ခေါင်းညိတ်လိုက်ရ၏။
ဧကရာဇ်ထိုက်ခန်က မျက်နှာသေဖြင့် ထပ်မံသတိပေးလိုက်သည်။ “ပြီးတော့ ငရဲမျှော်စင်ထဲမှာ အရမ်းထူးဆန်းတဲ့ ကိစ္စတွေလည်း ဖြစ်လာနိုင်တယ်။ အဲဒါတွေကို ဂရုမစိုက်ဘဲ စမ်းသပ်မှုကိုပဲ အာရုံစိုက်ထားပါ”
တုပိုင်က မေးလိုက်၏။ “တခြား ဘာရှိသေးလဲ...”
ထိုအချိန်မှာပင် သမီးဖြစ်သူ တုရှောင်က ဝင်မေးလာလေ၏။ “သမီးရော အဖေ့နောက်ကနေ စမ်းသပ်မှုထဲ လိုက်ဝင်လို့ရမလားဟင်”
ဧကရာဇ်ထိုက်ခန်က ခေါင်းရမ်းကာ ပြန်ဖြေလေ၏။ “တစ်ကြိမ်ကို တစ်ယောက်ပဲ ဝင်ခွင့်ရှိတယ်။ ပြီးတော့... ကြီးမားတဲ့ ကံတရားရဲ့ ဖေးမမှု မရှိရင် ၊ ကောင်းကင်ယံကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ သွေးမျိုးဆက် မပါရင် ဝင်တာနဲ့ သေရုံပဲ။ ငါက မဟာအိပ်မက်ဆိုးရဲ့ သွေးဆက်ကြောင့် နိုးထလာခဲ့တာမို့လို့သာ ငရဲမျှော်စင် စမ်းသပ်မှုထဲကို ဝင်နိုင်ခဲ့တာ...”
တုပိုင်က ခေါ်လိုက်ရာ သမီးဖြစ်သူသည် သူ၏အနားသို့ လျှောက်လာလေ၏။ “ရှောင်ရှောင်… ဒီကိုလာခဲ့”
ထို့နောက် သူက ညွှန်ကြားလိုက်သည်။ “သမီးရဲ့ စိတ်အာရုံ ခုခံမှုတွေ အားလုံးကို ဖြေလျှော့ထားလိုက်”
တုရှောင် သူမ၏ မျက်လုံးများကို မှိတ်ကာ စိတ်အာရုံ ခုခံမှု အားလုံးကို လုံးဝ ဖယ်ရှားလိုက်၏။
ဤသည်ကား အလွန်တရာ ခက်ခဲလှသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ လူတိုင်းတွင် မည်သူ့အပေါ်၌မဆို စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများ ရှိတတ်ကြစမြဲပင်။ မိဘအရင်းများပင် ဖြစ်လင့်ကစား အသိမပေးလိုသော လျှို့ဝှက်ချက်များ ရှိတတ်ကြသည် မဟုတ်ပါလော။
သို့သော်လည်း တုရှောင်မှာမူ သူမ၏ ဖခင်အပေါ် အကြွင်းမဲ့ ယုံကြည်ထားသူပီပီ မည်သည့် စိတ်ပိုင်းဆိုင်ရာ ခုခံမှုမျှ အမှန်တကယ်ပင် ရှိမနေခဲ့ချေ။
တုပိုင် စိတ်ထဲမှနေ၍ မေးလိုက်၏။ “စနစ်... မင်း ကျိုယန်ကျမ်းရင်းရဲ့ အတွင်းအား ကျင့်စဉ်ကို ကူးယူပြီးပြီလား”
စနစ်ထံမှ တုံ့ပြန်သံ ထွက်ပေါ်လာသည်။ “ဟုတ်ကဲ့ ကူးယူပြီးပါပြီ သခင်”
“ဒါဆိုရင် စိတ်စွမ်းအင် နည်းစနစ်တွေကတစ်ဆင့် ကျိုယန်ကျမ်းရင်းရဲ့ ကျင့်စဉ်အနှစ်သာရတွေကို ငါ့သမီးရဲ့ ဦးနှောက်ထဲ ထည့်သွင်းပေးလိုက်တော့။” တုပိုင် အမိန့်ပေးလိုက်သည်။
စနစ်က နာခံ၏။ “ဟုတ်ကဲ့ပါ”
ဤစိတ်စွမ်းအင် လွှဲပြောင်းမှုဖြစ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လုံးဝမလိုအပ်ဘဲ သာမန်လူတို့ ထင်မှတ်ထားသည်များနှင့် လုံးဝကို ကွဲပြားခြားနားနေ၏။ ထိုဖြစ်စဉ်မှာ လူနှစ်ဦး၏ ဦးနှောက်တွင်းရှိ ထင်းရှူးသီးပုံဂလင်းများအပေါ်တွင်သာ မူတည်လုပ်ဆောင်ခြင်း ဖြစ်သည်။
ပြောရလျှင် ဤဖြစ်စဉ်မှာ မိုဘိုင်းဖုန်းနှစ်လုံးကြား ဘလူးတုဖြင့် ဒေတာပေးပို့ခြင်းနှင့် အတော်လေးပင် ဆင်တူလှသည်။
ဘလူးတုလွှဲပြောင်းမှုတွင် ချိတ်ဆက်မှုပြုလုပ်ရန် စက်ပစ္စည်းနှစ်ခုစလုံး၏ ခွင့်ပြုချက် လိုအပ်သည်။ မိုဘိုင်းဖုန်းများအတွက်မူ လွှဲပြောင်းမှုကို ခွင့်ပြုရန် လွယ်ကူသော်ငြား လူသားနှစ်ဦးကြား လွှဲပြောင်းမှုအတွက် သဘောတူညီရန်မှာမူ အလွန်တရာ ခက်ခဲလှလေသည်။
ရင်ထဲတွင် ကြိုတင်သတိထားမှုနှင့် မယုံကြည်မှု အနည်းငယ်မျှ ရှိနေလျှင်ပင် ဤဖြစ်စဉ်က လုံးဝ အောင်မြင်မည် မဟုတ်ချေ။
အကြောင်းမှာ စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ သေရေးရှင်ရေးကို တစ်ဖက်လူ၏ လက်ထဲသို့ အကြွင်းမဲ့ ပုံအပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်ပင်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင်တော့ တုပိုင်၏ ကျိုယန်ကျမ်းရင်းလွှဲပြောင်းမှု လုပ်ငန်းစဉ်ကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ တုရှောင်သည်တော့ သူမ၏ မျက်လုံးများကို မဖွင့်သေးဘဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေလျက် ထိုင်နေဆဲ ဖြစ်၏။ အကြောင်းမှာ သူမ၏ ဦးနှောက်နှင့် အာရုံကြောများအနေဖြင့် ဤအတွင်းအားကျင့်စဉ်အသစ်အား အပြည့်အဝ ပေါင်းစပ်နားလည်နိုင်ရန် အချိန်အနည်းငယ် ယူရမည်ဖြစ်သောကြောင့်ပင်။
“ဒီကာလအတွင်းမှာ ငါတို့အားလုံး မင်းကို ငရဲမျှော်စင်အပြင်ဘက်ကနေ စောင့်နေမယ်။” ထိုက်ခန်က ရှင်းပြလာ၏။ “ဒါပေမဲ့ ငါတို့က တစ်လပဲ စောင့်မှာနော်။ အထဲက အချိန်စီးဆင်းမှုနှုန်း ကွာခြားတဲ့အတွက် စမ်းသပ်မှုက တစ်လထက် ပိုကြာလေ့မရှိဘူး။ အကယ်လို့ တစ်လကျော်သွားတဲ့အထိ မင်း ထွက်မလာသေးဘူးဆိုရင်တော့ အဲဒါက အချက်တစ်ချက်ကိုပဲ သက်သေပြနေတယ်။ အဲဒါက မင်း သေသွားပြီဆိုတာပဲ။”
ထိုက်ခန်က ဆက်လက် သတိပေးလေ၏။ “မှတ်ထား...။ စတုတ္ထအထပ်ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်တာနဲ့ မင်းက သိုင်းသူတော်စင်အဆင့်ဆီ ဖောက်ထွက်ရောက်ရှိသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း အပြင်ကို ထွက်လာလို့ရပြီ။ ဘာလို့လဲဆိုတော့ လောကကြီးမှာ ဘယ်သူမှ ပဉ္စမအထပ် စမ်းသပ်မှုကို အောင်မြင်နိုင်မှာ မဟုတ်လို့ပဲ။ ကဲ... အချိန်ကုန်နေပြီ။ မင်း ဝင်လို့ရပြီ”
တုပိုင်က အသာခေါင်းညိတ်လိုက်ပြီးနောက် တုရှောင်အား ဖွဖွလေး ဖက်လိုက်သည်။
တုပိုင်တစ်ယောက် သူ၏ သမီးဖြစ်သူကို ဧကရာဇ်ထိုက်ခန် လက်ထဲသို့ အပ်နှံထားခဲ့ရန်မှာ သေချာပေါက် စိတ်မချနိုင်ခဲ့ချေ။ သို့သော်... ဧကရာဇ်ထိုက်ခန်ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်တွင် ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်းဆိုသည်မှာလည်း လုံးဝကို ကွာခြားမှု မရှိတော့ပေ။
တုပိုင် ကျန်းရှောင်မန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမက ခေါင်းညိတ်ပြရင်း ဆုတောင်းစကားဆိုလာ၏။ “အောင်မြင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
ဧကရာဇ်ထိုက်ခန်ကလည်း ကတိပေးလိုက်သည်။ “အပြင်မှာ နေရမယ့် ဒီရက်ပိုင်းလေးအတွင်း ငါ မင်းသမီးရဲ့ သိုင်းပညာကို လမ်းညွှန်သင်ပြပေးထားပါ့မယ်”
တုပိုင် သူ၏ သမီးဖြစ်သူကို အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ငရဲမျှော်စင်၏ ဝင်ပေါက်ဆီသို့ လှည့်ကာ လျှောက်သွားလိုက်လေတော့၏။
ဤနေရာကြီးမှာ သူ၏ စိတ်ကူးမှန်းဆနိုင်စွမ်းကိုပင် ကျော်လွန်နေပြီး ယခင်က မြင်တွေ့ဖူးသမျှ နေရာများထက် ပိုမိုထူးဆန်းကာ ထိတ်လန့်ဖွယ် ကောင်းနေလေသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာကား အမှန်တကယ်ပင် အခြားကမ္ဘာတစ်ခုမှ လာသော လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်နေသောကြောင့်ပင်။
ငရဲ...။ ငရဲဘုံအစစ်ပင် ဖြစ်၏။ ဤဝင်ပေါက်ကြီးသည် အမှန်တကယ်ပင် ငရဲဘုံသို့ သွားရာ ဝင်ပေါက်တစ်ခုနှင့် တူနေသည်။ လူတစ်ထောင် ဝင်သွားလျှင်ပင် တစ်ယောက်မျှ အသက်ရှင်လျက် ထွက်လာနိုင်မည် မဟုတ်ချေ။
ဧကရာဇ်ထိုက်ခန် အပါအဝင် လောကကြီးရှိ မည်သူကမျှ ပဉ္စမအထပ် စမ်းသပ်မှုကို အောင်မြင်နိုင်စွမ်း မရှိခဲ့ကြပေ။
ပထမအထပ်ကပင် ဤမျှအထိ ခက်ခဲနေပြီ ဖြစ်လေ၏။
ဧကရာဇ်ထိုက်ခန်ပဲဖြစ်ဖြစ် ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိပဲဖြစ်ဖြစ် ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ပဲဖြစ်ဖြစ်... မဟာအိပ်မက်ဆိုး၏ တပည့်သုံးဦး ငရဲမျှော်စင်ထဲသို့ ဝင်ရောက်ခဲ့စဉ်က သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ တုပိုင်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေခဲ့ကြသည်။
တုပိုင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် ငရဲမျှော်စင်ကြီးထဲသို့ လျှောက်ဝင်သွားကာ ငရဲစမ်းသပ်မှုကြီးဆီသို့ တရားဝင် ခြေချလိုက်လေတော့၏။
**--**--**--**--**--**--**--**
အခြားကမ္ဘာမြေမှ ကြိုဆိုပါ၏။
ထိုဝင်ပေါက်ကြီးမှာ အလွန်တရာ ရှည်လျားပြီး လုံးဝ မှောင်မိုက်နေလေရာ တုပိုင်၏ စိတ်စွမ်းအင်ဖြင့်ပင် မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ခဲ့ချေ။
ထိုစဉ် ရုတ်တရက်...။ အမှောင်ထုကြီး အဆုံးသတ်သွားပြီး မြင်ကွင်းက ချက်ချင်းဆိုသလို လင်းထိန်သွားလေတော့သည်။ တုပိုင်တစ်ယောက် ငရဲမျှော်စင်၏ ပထမအထပ်ဆီသို့ ရောက်ရှိလာပြီ ဖြစ်၏။
ထိုအခါ တုပိုင်၏ မျက်စံများက ထိတ်လန့်သွားဟန်ဖြင့် ကျုံ့ဝင်သွားကာ မှင်သက်အံ့ဩသွားရလေတော့သည်။
ပထမအထပ်က ခက်ခဲမည်ဆိုသည်ကို သူ ကြိုတင်သိထားခဲ့သော်လည်း ဤမျှအထိ ခက်ခဲနေလိမ့်မည်ဟုမူ သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
သူ၏ ရှေ့မှောက်တွင် အမြင့် မီတာငါးဆယ်ခန့်ရှိသော မသေမျိုးသခင်ကြီးဟူသည့် ဧရာမ မိစ္ဆာကြီးတစ်ကောင် ရပ်တန့်နေသည်ကို သူ မြင်လိုက်ရ၏။
ထိုမိစ္ဆာကြီးက လန်ဟူနယ်မြေတွင် ကြုံတွေ့ခဲ့ရဖူးသော မသေမျိုး သောင်းမှူးအဆင့်ထက် ဆယ်ဆမျှ ပိုမိုကြီးမားသလို အစွမ်းကလည်း ဆယ်ဆမက ပိုမိုသာလွန်နေသည်။
ထိုစဉ်တုန်းကဆိုလျှင် တုပိုင်၏ လက်အောက်၌ လူတစ်ထောင်ကျော် ရှိနေခဲ့ပြီး ဂေါက်စ်ရိုင်ဖယ် အလက်ပေါင်းများစွာနှင့် သေနတ်ပေါင်း ထောင်ချီ ရှိနေခဲ့သည်။ သို့တိုင်အောင် ဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးကို ရင်ဆိုင်နိုင်စွမ်း လုံးဝ ရှိမနေခဲ့ချေ။
အကယ်၍သာ ဧကရာဇ်ထိုက်ခန်က အချိန်မီ ရောက်လာပြီး သတ်ဖြတ်မပေးခဲ့လျှင် တုပိုင်နှင့် သူ၏ လူတစ်ထောင်ကျော်မှာ ထိုမသေမျိုးခေါင်းဆောင်၏ လက်ချက်ဖြင့် သေကြေပျက်စီးသွားခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
သို့သော် ယခု သူ၏ရှေ့မှောက်ရှိ အကောင်ကြီးမှာ ထိုအကောင်ထက်ပင် အဆပေါင်းများစွာ ပိုမိုသာလွန်နေလေပြီး တုပိုင်မှာမူ အကူအညီမဲ့စွာဖြင့် တစ်ယောက်တည်းသာ ရှိနေလေ၏။
မသေမျိုးသခင်ကြီးက တုပိုင်ကို မြင်တွေ့သွားသည်နှင့် တစ်ပြိုင်နက် နားကွဲမတတ် စူးရှကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေတော့သည်။
ထိုကျယ်လောင်စူးရှလှသော ဟိန်းဟောက်သံကြီးကြောင့် တုပိုင်၏ နားထဲမှ သွေးများပင် ပန်းထွက်လာရသည်။
တုပိုင် အားကိုးစရာဟူ၍ သူ၏ စိတ်စွမ်းအင် တစ်ခုတည်းသာ ရှိလေတော့၏။
ထို့ကြောင့် သူ၏ စိတ်စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်ကာ ထိုအကောင်ကြီးကို ထိန်းချုပ်ကြည့်ရန် အသည်းအသန် ကြိုးစားလိုက်သည်။
သို့သော်ငြား မီတာငါးဆယ် အမြင့်ရှိသော မသေမျိုးသခင်ကြီးသည် သူ၏ နဖူးပေါ်ရှိ တတိယမြောက် မျက်လုံးကြီးကို ရုတ်တရက် ဖွင့်ဟလိုက်ပြီးနောက် ဒြပ်သားသဏ္ဌာန်ရှိသော အလင်းတန်းတစ်ခုသဖွယ် စိတ်စွမ်းအင်များကို အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်သည်။
တစ်ခဏချင်းမှာပင် တုပိုင်တစ်ယောက် အေးခဲသွားသကဲ့သို့ နေရာတွင်ပင် တောင့်တင်းသွားရလေတော့၏။
ထိုအကောင်ကြီး၏ စိတ်စွမ်းအင်မှာ တုပိုင်ထက် အဆပေါင်းများစွာ သာလွန်နေလေသည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် အလွန်တရာ ကြီးမားလှသော မသေမျိုးသခင်ကြီးသည် တုပိုင်အား ရုတ်တရက် ဆွဲဖမ်းလိုက်ကာ ဧရာမပါးစပ်ကြီးထဲသို့ တိုက်ရိုက် ပစ်သွင်း၍ ရက်စက်စွာ ဝါးမျိုစားသောက်လိုက်လေတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၇၉ + ၈၈၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။