← Chapters

အခန်း (၄၁၉)

Vol. 42 Ch. 419

အခန်း (၄၁၉)

Vol. 42 Ch. 419

သွေးကြွေးကို သွေးဖြင့်သာ ဆပ်ရမည်။ တူကူးရှိုသာ ဤကဲ့သို့ ဖြစ်လာမည်မှန်း ကြိုတင်သိရှိခဲ့ပါက တောက်ယဲ့တောင်တန်းပေါ်တွင် သူ့ကို မည်သည့်အခါမျှ ကယ်တင်ခဲ့မည် မဟုတ်ပေ။

ယွင်ရှန်းသည် ရင်ထဲမှ ဒေါသများကို အံကြိတ်ကာထိန်းချုပ်ရင်း အတွင်းဘက်သို့ လှမ်းဝင်ရန် ပြင်လိုက်သည်။

"ရပ်လိုက်စမ်း ဧကရာဇ်မင်းမြတ်၊ မိဖုရားကြီးနဲ့ အိမ်ရှေ့မင်းသားတို့ကို မြင်ပါလျက်နဲ့ အလေးအမြတ်မပြုဘဲ ဒီလောက်တောင် ရိုင်းစိုင်းရသလား"

ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ အတူတူဝင်လာသည်ကို မြင်လိုက်ရသဖြင့် ချန်လျန်လျန်မှာ ဒေါသတကြီးဖြင့် ကြားဖြတ်ဟန့်တားလိုက်သည်။ သူမ၏ စကားလုံးတိုင်းမှာ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။

"လူ့အသက်က ဘာထက်မဆို အရေးကြီးတယ် လမ်းဖယ်ပေးစမ်း"

ယွင်ရှန်းမှာလည်း ဒေါသအထိပ်သို့ ရောက်နေပြီဖြစ်ရာ သူမ၏ မျက်ဝန်းများမှာ စူးရှတောက်ပနေပြီး အတင်းအကျပ် တိုးဝင်ရန် ခြေလှမ်းများကို မြှင့်လိုက်သည်။

"တကယ့်ကို ရိုင်းစိုင်းတဲ့ တောသူမလေးပဲ။ သာမန်ဆေးဆရာမတစ်ယောက်က နန်းတော်ထဲမှာ ဒီလောက်တောင် အတင့်ရဲနေရသလား"

မိဖုရားကြီးချီကလည်း သူမ၏ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"သူမကို အထဲပေးဝင်လိုက်ပါ စစ်သူကြီးယန်က သူမကို တွေ့ချင်နေတာ"

မမျှော်လင့်ဘဲ ယွင်ရှန်းဘက်မှ ကြားဝင်ကူညီပေးလိုက်သူမှာ ဆရာကြီးဝမ်ပင်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အပြင်သို့ လျှောက်လှမ်းလာခဲ့သည်။ ပုံမှန်အားဖြင့် သပ်သပ်ရပ်ရပ် နေတတ်သော ဆရာကြီးဝမ်မှာ ယနေ့တွင်မူ ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားရှိပြီး သူ၏ အဝတ်အစားများပေါ်တွင်လည်း သွေးကွက်ကြီးများ စွန်းထင်းနေသည်။

သူ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ပြီးသော်လည်း မည်သို့မျှ မတတ်နိုင်တော့သည့်ဟန်ဖြင့် အားကိုးရာမဲ့နေပုံပင်။ ဆရာကြီးဝမ် ဤနေရာသို့ ရောက်ရှိနေသည်မှာ တစ်နာရီခန့် ရှိနေပြီဖြစ်သည်။ ယန်ပါးဟို ဤမျှအထိ ပြင်းထန်သော ဒဏ်ရာရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယွင်ရှန်း အထဲသို့ ဝင်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သွေးများစွန်းထင်းနေသည့် အဝတ်အစားများနှင့် သွေးရောင်လွှမ်းနေသော ရေဇလုံများစွာပင်။ သူမသည် ကုတင်အနီးသို့ အနည်းငယ် တိုးကပ်သွားသောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသော ယန်ပါးဟိုကို တွေ့လိုက်ရသည်။

ဘဝနှစ်ခုစလုံးတွင် ဆေးဆရာဝန်တစ်ဦးအဖြစ် ကျင်လည်ခဲ့သော ယွင်ရှန်းသည် ပြင်းထန်သော ဒဏ်ရာပေါင်းများစွာကို မြင်တွေ့ဖူးခဲ့သော်လည်း ယနေ့ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ယွင်ရှန်း၏ တစ်ကိုယ်လုံး အေးစက်သွားပြီး စိတ်ထဲတွင်ချီပြောခဲ့ဖူးသော စကားလုံးများက တရဟော ပြန်လည်ပေါ်ပေါက်လာတော့သည်။

"တစ်ကြိမ်တစ်ခါ မိစ္ဆာသားရဲ ရေမြွာရည်အဆိပ်က သွေးထဲကို ပျံ့နှံ့သွားပြီဆိုရင် ဒဏ်ရာတစ်ခုခု ရတာနဲ့ သွေးတွေအားလုံး ခန္ဓာကိုယ်ထဲက ကုန်စင်သွားတဲ့အထိ တားမရဆီးမရ ထွက်လာပြီး သေဆုံးရမှာပဲ"

ယခင်က မြင့်မားထည်ဝါလှသော ယန်ပါးဟို၏ ခန္ဓာကိုယ်ကြီးမှာ ယခုအခါတွင်မူ အချိန်မရွေး ကြွေလွင့်ပျက်စီးတော့မည့် စက္ကူချပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

သူ၏ ရင်ဘတ် ညာဘက်အခြမ်းတွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။

တူကူးရှို့….

ယွင်ရှန်းသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားမိရာ ကြေမွသွားတော့မည့်အလားပင်။ တူကူးရှို့သည် ယန်ပါးဟို၏ ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးဖောက်လိုက်ခြင်းပင်။ ၎င်းကို မည်သို့သော နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်ကို ယွင်ရှန်း မသိသော်လည်း ရင်ဘတ် ထိုးဖောက်ခံရပြီးနောက် ယန်ပါးဟိုမှာ အလွန်အမင်း အားနည်းသွားခဲ့ရသည်။

များပြားလှသော သွေးထွက်သံယိုမှုများကြောင့် သိုင်းသူတော်စင်အဆင့်ရှိသော သူ၏ ခန္ဓာကိုယ်ပင်လျှင် ကြာရှည်စွာ ခံနိုင်ရည်မရှိတော့ပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ စစ်မြေပြင်တွင် ကျင်လည်ခဲ့ပြီး ဒဏ်ရာဗရပွဖြင့် ကြံ့ခိုင်ခဲ့သော သူ၏ ခန္ဓာကိုယ်ကြောင့်သာ ယခုအချိန်အထိ အသက်ဆက်နိုင်ခြင်းပင်။

သူ လဲကျသွားသည့် အခိုက်အတန့်တွင် ယန်ပါးဟို၌ အတွေးတစ်ခုသာ ရှိတော့သည်။

ဒီတစ်ကြိမ်တော့ တကယ်ပဲ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပြီ။ အဲဒီမြေးမလေးကတော့ သူမရဲ့ အဖိုးကို အရင်ကထက် ပိုပြီး အထင်သေးတော့မှာပဲ

"ဟွတ်... ဟွတ်..."

ယန်ပါးဟို၏ မျက်နှာအသွင်အပြင်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရုံသာမကတော့ပေ။

သူသည် သူ၏လက်ကို မြှောက်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်သည်။ ယွင်ရှန်း၏ အသံကို ကြားလိုက်ရချိန်တွင် ဝေဝါးနေသော သူ၏ အသိစိတ်မှာ ခေတ္တမျှ ကြည်လင်လာခဲ့သည်။ ထို့ကြောင့် ဆရာကြီးဝမ်ကို အသနားခံကာ ယွင်ရှန်းကို အထဲသို့ ပေးဝင်ရန် ပြောဆိုခဲ့ခြင်းပင်။

အလှောင်ပြောင်ခံရမည်ဆိုလျှင်ပင် သူ မကွယ်လွန်မီ မြေးမလေး ယွင်ရှန်းထံမှ "အဖိုး" ဟု ခေါ်ဆိုသံကို နောက်ဆုံးအကြိမ် ကြားသွားချင်မိသည်။

ယွင်ရှန်းသည် ကုတင်ဘေးသို့ အပြန်အလွှား လျှောက်လှမ်းသွားပြီး သူမ၏ လေးရာသီ ဖန်ထည်အပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

"ဟွတ်... ဟွတ်... အပိုတွေ လုပ်မနေပါနဲ့တော့ မြေးမလေးရယ်။ အဖိုးကြီးဝမ်လည်း အပ်တွေအများကြီးနဲ့ စိုက်ပြီးပြီပဲ သွေးကတော့ တားလို့မရဘူး"

ယန်ပါးဟိုက အားမရှိသော လေသံဖြင့် ပြောလိုက်သည်။

"ဆရာကြီးဝမ်က ဆရာကြီးဝမ်ပါ သမီးက သမီးပဲ"

ခဏတာ တုန်လှုပ်ချောက်ချားသွားပြီးနောက် ယွင်ရှန်းသည် သူမ၏ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိလာခဲ့သည်။

"မိန်းကလေးငယ်... အားတင်းထားဟန် မဆောင်ပါနဲ့တော့။ မှော်နန်းတော်ရဲ့ အလင်းမှော်ပညာတောင် သူ့ကို မကယ်နိုင်ဘူး"

ဆရာကြီးဝမ်သည် အစပိုင်းတွင် ယွင်ရှန်းအပေါ် ကိုယ်ချင်းစာစိတ် အနည်းငယ် ရှိခဲ့သော်လည်း ယွင်ရှန်း၏ စကားကို ကြားသောအခါ ထိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ယန်ပါးဟိုနှင့် ပတ်သက်မှု အနည်းငယ်ရှိနေ၍သာ သူ နန်းတော်ထဲသို့ လာရောက်ခဲ့ခြင်းပင်။ ဤမျှ ကျွမ်းကျင်သော ပညာရှင်ကြီးပင် ယန်ပါးဟို၏ ဒဏ်ရာများကို မြင်တွေ့ရချိန်တွင် မည်သည့်နည်းလမ်းမျှ မရှိတော့ပေ။

သူ စစ်ဆေးကြည့်ပြီးသမျှ ယန်ပါးဟို၏ အတွင်းအင်္ဂါများမှာ အပြင်းအထန် ပျက်စီးနေပြီး သွေးများကို အပ်စိုက်၍လည်း မတားနိုင်ချေ။ အကောင်းဆုံး သွေးတိတ်ဆေးများကို သုံးစွဲသော်လည်း စီးကျနေသော သွေးများက ချက်ချင်းပင် ဆေးများကို တိုက်စားသွားခဲ့သည်။ ဆေးပညာလောကတွင် ထိပ်တန်းရောက်နေသော သူပင် ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"ကျွန်တော် ကူညီနိုင်လိမ့်မယ် ထင်တယ်"

ရှာဝမ်ရွှီသည်လည်း နန်းတော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ ဘာကြောင့် လာခဲ့မိသလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိသော်လည်း၊ ယခုအချိန်တွင် ယွင်ရှန်းသည် သူ၏အကူအညီကို လိုအပ်နေမည်ဖြစ်ကြောင်း သူ ခံစားမိနေသည်။ သူ၏ဆရာ မှာကြားထားခဲ့သော စကားများကိုပင် ရှာဝမ်ရွှီ မေ့လျော့နေခဲ့သည်။

သူ၏ ရောက်ရှိလာမှုကြောင့် ယွင်ရှန်း အလွန်အံ့အားသင့်သွားရသော်လည်း ကံကြမ္မာကို မြင်နိုင်စွမ်းရှိသော ရှာဝမ်ရွှီသည် ယန်ပါးဟို၏ သွေးစွန်းသော ဘေးဒုက္ခကို ကြိုတင်မြင်တွေ့ထားပြီးဖြစ်ရာ ယနေ့ဖြစ်ရပ်များကိုလည်း ခန့်မှန်းထားပြီးဖြစ်မည်ကို သူမ တွေးမိလိုက်သည်။

လူ့အသက်ကို ကယ်တင်ရန်မှာ အလွန်အရေးကြီးလှသဖြင့် ယွင်ရှန်းသည် ဘာမှမပြောဘဲ ရှာဝမ်ရွှီ၏လက်ကို ဆွဲကာ အထဲသို့ အမြန်ခေါ်ဆောင်သွားတော့သည်။ သူတို့နှစ်ဦး လက်ချင်းတွဲသွားသည်ကို မြင်လိုက်ရသောအခါ ယီပိုင်မင်း၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး တူကူးရှို့၏ မျက်ဝန်းများမှာလည်း အရောင်မှိန်သွားတော့သည်။

"စစ်သူကြီးရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်။ အလင်းမှော်ပညာက သွေးတိတ်အောင်နဲ့ အပြင်ဘက်ဒဏ်ရာတွေကို ကုသပေးနိုင်ပေမဲ့ သူ့ရဲ့ အတွင်းအင်္ဂါတွေက အတော်လေး ပျက်စီးနေပြီ။ ကျွန်တော်က အတွင်းရော အပြင်ပါ ဒဏ်ရာတွေကို တစ်ပြိုင်တည်း ကုသပေးဖို့ အလင်းမှော်ပညာကို မသုံးနိုင်ဘူး။ ဒါကြောင့် မှော်ပညာနဲ့ သွေးတိတ်နေအောင် လုပ်ထားတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ပျက်စီးနေတဲ့ အတွင်းအင်္ဂါတွေကို အပ်ချည်နဲ့ ပြန်ပြီး ချုပ်ပေးနိုင်မှ ဖြစ်မယ်"

ကြမ်းပြင်ပေါ်ရှိ သွေးအိုင်များကို မြင်လိုက်ရသောအခါ ရှာဝမ်ရွှီလည်း မျက်မှောင်ကြုတ်သွားပြီး ဆရာကြီးဝမ်ပင် ဘာကြောင့် လက်လျှော့ခဲ့ရသလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။

မိစ္ဆာသားရဲ ရေမြွာရည်အဆိပ်သည် အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်။ သက်စောင့စမ်းရေမရှိဘဲနှင့် ယန်ပါးဟို၏ သွေးကို သန့်စင်ရန် မဖြစ်နိုင်သကဲ့သို့ သွေးတိတ်စေရန်

အတွက်လည်း အပေါ်ယံ အလင်းမှော်ပညာကိုသာ အားကိုးရမည် ဖြစ်သည်။

သို့သော် အတွင်းအင်္ဂါများကိုမူ တိုက်ရိုက်ကုသ၍ မရနိုင်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးထွက်ခြင်းကို ခေတ္တတားဆီးထားနိုင်စေကာမူ ယန်ပါးဟိုသည် အတွင်းသွေးယိုစီးမှုကြောင့် သေဆုံးသွားနိုင်ချေ ရှိနေဆဲပင်။

ယန်ပါးဟို၏ ရင်ဘတ်လှုပ်ရှားမှုမှာ တဖြည်းဖြည်း အားနည်းလာသော်လည်း ကြံ့ခိုင်သော ယောက်ျားပီပီ သူသည် သတိလစ်မသွားဘဲ ယွင်ရှန်းနှင့် ရှာဝမ်ရွှီတို့ကို အားယူကာ စိုက်ကြည့်နေဆဲပင်။

"ရှင်က သွေးတိတ်အောင်ပဲ လုပ်ပေးပါ အတွင်းအင်္ဂါတွေကိုတော့ ကျွန်မချုပ်ပါ့မယ်"

ယွင်ရှန်းသည် သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ သူမ၏ ထိုအမူအရာလေးကြောင့် ရှာဝမ်ရွှီ ခဏတာမျှ မှင်သက်သွားပြီး မျက်နှာလွှဲလိုက်ရသည်။

"ဒါက မဖြစ်နိုင်ဘူး သူ့ရဲ့ အတွင်းအင်္ဂါတွေက နေရာအတော်များများမှာ ဒဏ်ရာရနေတာ။ ပြန်ချုပ်ဖို့ ကြိုးစားရင်တောင် အချိန်မမီတော့ဘူး။ မင်းရဲ့ အပ်ချုပ်ပညာက ငါ့ရဲ့ မှော်ပညာလောက် မမြန်နိုင်ဘူး"

ရှာဝမ်ရွှီက ခေါင်းခါလျက် ပြောလိုက်သည်။

"ကျွန်မ လုပ်နိုင်တယ်လို့ ပြောနေတယ်လေ ရှင်က သွေးတိတ်အောင်ပဲ လုပ်ပေးစမ်းပါ"

ယွင်ရှန်း၏ အသံမှာ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကုတင်ပေါ်ရှိ ယန်ပါးဟိုပင်လျှင် ယွင်ရှန်း၏ စကားသံကြောင့် တုန်လှုပ်သွားရပြီး နားထဲတွင် အူသွားတော့သည်။

နန်းဆောင်အတွင်းရှိ လူတိုင်းမှာလည်း ယွင်ရှန်း၏ စကားကြောင့် မှင်သက်သွားကြသည်။ မည်သူမျှ ရှာဝမ်ရွှီကို ဤကဲ့သို့သော လေသံမျိုးဖြင့် တစ်ခါမျှ မပြောဆိုခဲ့ဖူးပေ။ ထိုအခိုက်အတန့်တွင် ယွင်ရှန်း၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော အငွေ့အသက်များ ဝန်းရံနေပြီး သူမ၏ မျက်မှောင်များမှာလည်း မည်သူမျှ ငြင်းဆန်၍မရသော အရှိန်အဝါများကို ဆောင်ကြဉ်းနေသည်။

ရှာဝမ်ရွှီမှာ မတတ်သာဘဲ သက်ပြင်းချလိုက်ရတော့သည်။ သူသည် ယွင်ရှန်းနှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က သူမ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကူညီပေးနေပုံကို ပြန်လည်သတိရသွားသည်။ ထိုစဉ်ကလည်း သူမတွင် ဤကဲ့သို့သော မျက်နှာအမူအရာမျိုး ရှိခဲ့သည်။

ရှာဝမ်ရွှီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူ ရုတ်တရက် သတိရလိုက်သည်မှာ ထိုစဉ်ကလည်း ထိုကိုယ်ဝန်ဆောင် အမျိုးသမီးသည် သေဆုံးရမည့် ကံပါသည်ဟု သူ မြင်တွေ့ခဲ့ရခြင်းပင်။ သို့သော် အဆုံးသတ်တွင်မူ ထိုအမျိုးသမီးမှာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ကောင်းပြီလေ...

ကံကြမ္မာကို ဆန့်ကျင်၍ မရနိုင်ဟု ဆိုသော်လည်း လူသည် ကောင်းကင်ကို အောင်နိုင်သည်ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် သူသည် သူမကို နောက်ဆုံးတစ်ကြိမ် ထပ်မံကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ်သည် သူကိုယ်တိုင် စိတ်ပါလက်ပါ ကူညီခြင်းဖြစ်ပြီး နောင်တွင် သူ၏ဆရာက သိရှိ၍ အပြစ်ပေးမည်ဆိုလျှင်ပင် သူ မည်သို့မျှ ငြင်းဆန်မည်မဟုတ်ပေ။

ရှာဝမ်ရွှီသည် ဂါထာမန္တန်များကို စတင်ရွတ်ဆိုလိုက်ရာ နူးညံ့သော အလင်းမှော်ပညာမှာ ယန်ပါးဟို၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။ သို့သော် ယွင်ရှန်းမှာမူ အပ်ကို ထုတ်ယူခြင်း မရှိသေးပေ။ ဆရာကြီးဝမ် က ဘေးမှနေ၍ ယွင်ရှန်းသည် မည်သို့သော အပ်ချုပ်ပညာကို အသုံးပြုကာ မှော်ပညာနှင့်အပြိုင် သွေးတိတ်စေပြီး ဒဏ်ရာများကို ဘယ်လိုချုပ်ပေးမလဲဟု စိတ်ဝင်တစား စောင့်ကြည့်နေသည်။

ထူးခြားသည်မှာ ယွင်ရှန်း၏ လက်ထဲတွင် မည်သည့်အပ်မျှ ရှိမနေခြင်းပင်။

All Chapters