← Chapters

အခန်း (၄၂၇)

Vol. 42 Ch. 427

အခန်း (၄၂၇)

Vol. 42 Ch. 427

နောက်တစ်နေ့တွင် တူကူးရှို့သည် အမှန်တကယ်ပင် နန်းတော်တွင်းသို့ စောစီးစွာ ဝင်ရောက်လာခဲ့သည်။ သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟပြောဆိုလိုက်သောအခါ မဟာကျိုးဧကရာဇ်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။

“ယွင်ရှန်း နောက်တစ်ခါလား... မင်းသားတူကူး ယွင်ရှန်းဆိုတာ သာမန်မိန်းကလေးတစ်

ယောက်ပါပဲ။ သူမရဲ့ ရုပ်ရည်ကလည်း အသင့်အတင့်ထက် ပိုတယ်လို့ပဲ ပြောလို့ရမှာပါ...”

မဟာကျိုးဧကရာဇ်က ခက်ခက်ခဲခဲပင် စကားပြောရှာသည်။

“ကျွန်တော်မျိုး မိန်းကလေးယန်နဲ့ တစ်ကြိမ်သာ ဆုံဖူးပေမဲ့ သူမအပေါ်မှာ အလွန်တရာ နှစ်သက်သဘောကျမိသွားပါတယ်။ သူမကလွဲလို့ တခြားဘယ်သူ့ကိုမှ လက်မထပ်ဖို့လည်း ဆုံးဖြတ်ထားပြီးပါပြီ။ ဒါကြောင့် မဟာကျိုးဧကရာဇ်အနေနဲ့ ကျွန်တော်မျိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ ဧကရာဇ်မင်းမြတ်ကသာ ဒီလက်ထပ်ခွင့်ကို သဘောတူပေးမယ်ဆိုရင် ကျွန်တော်မျိုးရဲ့ တစ်သက်တာမှာ မဟာကျိုးရဲ့ နယ်မြေတွေကို ဘယ်တော့မှ ကျူးကျော်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ်”

အမှောင်အိမ်ရှေ့စံက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိသည်။ ထိုမိန်းကလေးက ခေါင်းမာသည်ဖြစ်စေ ယန်ပါးဟိုက ဟန်ဆောင်နေသည်ဖြစ်စေ ဧကရာဇ်၏ အမိန့်တော်အောက်မှာ ဘာမျှမဟုတ်ပေ။

သူသာ ယွင်ရှန်းနှင့် လက်ထပ်ခွင့်ရပါက သူမ၏ ထက်မြက်မှု၊ ထူးခြားသော ဆေးပညာကျွမ်းကျင်မှုများနှင့်အတူ သူမနောက်ကွယ်ရှိ ဆင့်ခေါ်ခြင်းဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်ကြီး၏ အားကိုးမှုတို့ကြောင့် မဟာကျိုးပြည်ထောင်ဆိုသည်မှာ အမှောင်အိမ်ရှေ့စံ၏ မျက်စိထဲတွင် ဘာမျှမဟုတ်တော့ချေ။

ထို့အပြင် ၎င်းမှာ နှုတ်ကတိမျှသာ ဖြစ်၏။ သူသည် ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်အတွင်း ကျူးကျော်မည်မဟုတ်ဟုသာ ကတိပေးခဲ့ခြင်းဖြစ်ပြီး ထိုဧကရာဇ်၏ အသက်ရှင်ခြင်း၊ သေခြင်းမှာမူ သူ၏ လက်ခုပ်ထဲက ရေသာ ဖြစ်သည်။

သို့သော်လည်း မဟာကျိုးဧကရာဇ်မှာမူ အမှောင်အိမ်ရှေ့စံ၏ လှည့်ကွက်များစွာကို ကြိုတင်မသိရှိနိုင်ခဲ့ပေ။ သူက ခပ်ဟဟ ရယ်မောလိုက်ရင်း

“မင်းသားတူကူး….နောက်ကျသွားပြီပဲ။ ငါကိုယ်တော်က မင်းရဲ့တောင်းဆိုမှုကို ငြင်းပယ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မနေ့ညကပဲ ပိုင်မင်းမင်းသားက မင်းထက်အရင်ဦးပြီး လက်ထပ်ခွင့် တောင်းခံသွားခဲ့ပြီ။ သူက ယွင်ရှန်းကိုယ်တိုင် ရေးထားတဲ့ ချစ်မေတ္တာစာလွှာကိုတောင် ယူဆောင်လာခဲ့သေးတယ်။ သူတို့နှစ်ယောက်က တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးနေကြပြီး တစ်သက်လုံး ပေါင်းဖက်ဖို့ ကတိသစ္စာ ပြုထားကြပြီးသားပါ”

ထိုစကားကို ကြားလိုက်ရသောအခါ အမှောင်အိမ်ရှေ့စံ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

မဟာကျိုးရဲ့ ပိုင်မင်းမင်းသားလား။

စောစောက ယွင်ရှန်းကို ခန်းမထဲမှ ပွေ့ချီသွားခဲ့သော ထိုလူကို သူ သတိရလိုက်မိသည်။

ရင်ဘတ်ကို အားပြင်းသော လက်သီးဖြင့် အထိုးခံလိုက်ရသကဲ့သို့ အမှောင်အိမ်ရှေ့စံ တူကူးရှို့မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ မနေ့ကအထိ ယွင်ရှန်းတွင် စေ့စပ်ထားသူ မရှိသေးကြောင်း သူ အသေအချာ သိထားခဲ့သည်။

တစ်ညတည်း…တစ်ညတည်းအတွင်းမှာတင် သူမ စေ့စပ်လိုက်ပြီတဲ့လား။

ဒီကောင်မလေးကတော့….

အပြန်အလှန် ချစ်ခင်မှုတွေ၊ ချစ်မေတ္တာစာလွှာတွေဆိုတာ အားလုံး အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာတွေပဲ ဖြစ်ရမယ်။

အမှောင်အိမ်ရှေ့စံသည် ဒေါသကြောင့် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ အကယ်၍ ယခုအချိန်တွင် ယီပိုင်မင်းနှင့်သာ ထိပ်တိုက်တွေ့ခဲ့ပါက ထိုလူကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပစ်မိမည်မှာ အသေအချာပင်။

သူ၏အမြင်တွင် ယွင်ရှန်းမှာ ပါးစပ်နားအထိ ရောက်နေပြီဖြစ်သော အသားနုလေးတစ်စနှင့် တူလှ၏။

ဒါပေမဲ့ နာရီပိုင်းလောက်အတွင်းမှာပဲ အဲဒီဆူဖြိုးနေတဲ့ ဘဲကြီးက အတောင်ပံခတ်ပြီး ပျံထွက်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။

ဤသည်မှာ သူ၏အတွက် အလွန်တရာ ကြီးမားသော အရှက်ရမှုနှင့် စော်ကားမှုပင်။

သူသည် မဟာကျိုးနန်းတော်အတွင်းမှ မည်သို့မည်ပုံ ပြန်လည်ထွက်ခွာလာခဲ့သည်ကိုပင် သတိမထားမိတော့ပေ။ နန်းတော်၏ နောက်ဘက်စင်္ကြံလမ်းကို ချိုးကွေ့လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ၏ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

“မင်းသားတူကူး...”

ထိုသူ၏ ခန့်ညားနက်ရှိုင်းသော အသံကြောင့် တူကူးရှို့မှာ မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။

သာယာသော ဆောင်းဦးနေ့ရက်တစ်ရက်၏ မဟာကျိုးနန်းတော်ရှိ ပုပ္ပားပင်ကြီးအောက်တွင် မဟာကျိုး၏ ပိုင်မင်းမင်းသား ယီပိုင်မင်းသည် အနုပညာမြောက်စွာ ထုဆစ်ထားသော ရုပ်တုတစ်ခုအလား မတ်တပ်ရပ်နေ၏။ သူသည် အမှောင်အိမ်ရှေ့စံကို စောင့်ကြိုနေပုံပင်။

ယီပိုင်မင်း..

ယခင်က တူကူးရှို့သည် ဤပုဂ္ဂိုလ်ကို သတိမထားမိခဲ့ပေ။ သူသည် အလွန်တရာ မာန်မာနကြီးသူဖြစ်ရာ သူ၏အမြင်တွင် မဟာကျိုးပြည်ထောင်ဆိုသည်မှာ ပျက်သုဉ်းတော့မည့် သိုင်းလောကနိုင်ငံငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ဤလက်ထပ်ထိမ်းမြားမှု ကိစ္စကြောင့်သာ သူသည် ယီပိုင်မင်းကို အလေးအနက် သတိပြုမိလာခြင်းပင်။

သေချာစွာ ကြည့်လိုက်မိသောအခါမှသာ သူသည် အဖိုးတန်ရတနာတစ်ပါးကို လွဲချော်ခဲ့မိကြောင်း သဘောပေါက်လိုက်တော့သည်။

မဟာကျိုး၏ ပိုင်မင်းမင်းသားမှာ အံ့ဩဖွယ်ကောင်းလှပေ၏။

ဝူကျီတိုက်ကြီး၏ ရတနာငါးပါးထဲတွင် မှော်နန်းဆောင်မှ ရှာဝမ်ရွှီနှင့် ရှန်းကျူမှ လေနတမင်းတို့မှာ အလွန်တရာ ချောမောလှပသူများအဖြစ် ကျော်ကြားကြသည်။

ရှာဝမ်ရွှီမှာ သူ၏အမည်အတိုင်းပင် နွေဦးလေပြည်ကဲ့သို့ နူးညံ့ပြီး ရောက်လေရာအရပ်တွင် နွေးထွေးမှုကို ဆောင်ကြဉ်းပေးတတ်သူ ဖြစ်သည်။ နတ်သူငယ်သွေးနှောနေသော ရှန်းကျူလေနတ်မင်းမှာမူ ယောက်ျားဆန်ခြင်းနှင့် မိန်းမဆန်ခြင်းတို့ ရောယှက်နေသည့် ထူးခြားသော အသွင်အပြင်ရှိရာ ခွဲခြားရခက်ခဲသည်။

သို့သော် ယနေ့တွင် ယီပိုင်မင်းကို မြင်တွေ့လိုက်ရသောအခါ တူကူးရှို့သည် အမျိုးသားတစ်ဦးချင်းဖြစ်လင့်ကစား သူ၏ထံမှ မျက်တောင်မခတ်တမ်း ငေးမောကြည့်နေမိလေတော့သည်။

ယီပိုင်မင်း၏ ရုပ်သွင်မှာ မဟာကျိုးပြည်ထောင်၏ အလှဘုရင်မကြီးဖြစ်ခဲ့ဖူးသော မိဖုရားခေါင်ကြီးလီနှင့် ဆင်တူသည်ဟု သတင်းကြီးလှသည်။ သူ၏ ချောမောခန့်ညားမှုမှာ တိတ်ဆိတ်ငြိမ်သက်သော ညတစ်ညကဲ့သို့ပင် မြင်တွေ့ရသူတိုင်းကို ဆွဲဆောင်ညှို့ယူနိုင်စွမ်း ရှိသည်။

အမှောင်အိမ်ရှေ့စံသည် စိတ်ထဲမှနေ၍ ခနဲ့တဲ့တဲ့ပင် ရေရွတ်လိုက်၏။

“ပိုင်မင်းမင်းသားက တော်တော်လေး လက်သွက်တာပဲ။ ဒါပေမဲ့ သိပ်ပြီးတော့ ဝမ်းသာမနေပါနဲ့ဦး... ငါ့အတွက် သတ်မှတ်ထားတဲ့ မိန်းမကို ဘယ်သူကမှ ကြားဖြတ်လုယူခွင့် မရှိစေရဘူး”

“ငါ့မိန်းမ” ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ယီပိုင်မင်း၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားရပြီး မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

“မင်းသားတူကူး ပြောနေတာက ငါ့ရဲ့ ကြင်ယာတော်လောင်းကို ဆိုလိုတာလား။ မင်းရဲ့ အပိုအလျှံ မေတ္တာတွေအတွက်တော့ ကျေးဇူးတင်ရမှာပဲ။ ဒါပေမဲ့ ယွင်ရှန်းက ငါ့မိန်းမပဲ။ မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး”

ယီပိုင်မင်းက ခပ်ပေါ့ပေါ့ပင် ပြောဆိုလိုက်သော်လည်း သူ၏ မီးခိုးရောင်မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အမှောင်အိမ်ရှေ့စံမှာ ပို၍ပင် ဒေါသထွက်သွားတော့၏။ သူသည် ရုတ်တရက် အရှိန်မြှင့်လိုက်ရာ သူ၏ ညာဘက်လက်မောင်းပေါ်တွင် အနက်ရောင် အကြေးခွံများ အစီအရီ ပေါ်ထွက်လာသည်။ ပြင်းထန်လှသော လက်သီးတစ်ချက်သည် ယီပိုင်မင်း၏ ရင်ဘတ်ဆီသို့ ဒေါသတကြီး ဦးတည်သွားတော့သည်။

ထိုလက်သီးမှာ သာမန်လက်သီးမျိုး မဟုတ်ပေ။

ထိုနေ့က စားသောက်ပွဲ၌ ပြင်းထန်လှသော လေအဟုန်နှင့်အတူ ဂူအပြင်သို့ ထွက်ပေါ်လာသည့် နဂါးတစ်ကောင်ကဲ့သို့ သို့မဟုတ် နေမင်းကို ထိုးဖောက်သွားသည့် သက်တံရှည်ကြီးတစ်ခုကဲ့သို့ အားပါလှသော လက်သီးမျိုးပင်။ ထိုလက်သီး၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ဆွဲဖြဲခံလိုက်ရသကဲ့သို့ လှိုင်းဂယက်များ တထပ်ထပ် ထွက်ပေါ်လာ၏။ ဤလက်သီးချက်ကြောင့်ပင် ယန်ပါးဟိုမှာ တိတ်တဆိတ် အရေးနိမ့်ခဲ့ရဖူးသည်။

ဗုန်းခနဲ မြည်ဟည်းသွားသော အသံကြီးမှာ မိုင်အနည်းငယ် အကွာအဝေးအထိပင် ကြားလိုက်ရသည်။ စင်္ကြံလမ်းအထက်ရှိ အမိုးအကာများမှာ အစစအရာရာ ကြေမွသွားပြီး သစ်ရွက်ခြောက်များကဲ့သို့ မြေပြင်ပေါ်သို့ လွင့်စင်ကျလာတော့သည်။

ဘေးနားရှိ အစောင့်အကြပ်များမှာလည်း သူတို့၏ ရင်ဘတ်အတွင်းသို့ ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ ယီပိုင်မင်းနှင့် တူကူးရှို့ကို ပြန်လည်

ကြည့်လိုက်သောအခါ သူတို့နှစ်ဦးမှာ ပခုံးချင်း တိုက်မိလျက်သား ရှိနေကြသည်။

အဝေးမှကြည့်လျှင် သူတို့၏ ပုံရိပ်များမှာ တစ်သားတည်း ကျနေသကဲ့သို့ ရှိပြီး မျက်နှာထက်တွင်လည်း ရေခဲပြင်ကဲ့သို့ အေးစိမ့်သော အရိပ်အယောင်များ ဖုံးလွှမ်းနေသဖြင့် မည်သူက အထိုးခံလိုက်ရပြီး မည်သူက စတင်တိုက်ခိုက်လိုက်သည်ကို ခွဲခြားရန် ခက်ခဲလှသည်။

အမှောင်အိမ်ရှေ့စံ၏ ညာဘက်လက်ဖဝါးပေါ်ရှိ အနက်ရောင် မိစ္ဆာသားရဲအကြေးခွံများမှာမူ တစ်ခုပြီးတစ်ခု ထောင်ထွက်နေလေတော့သည်။

အမှောင်အိမ်ရှေ့စံ၏ လက်သီးချက်သည် ယီပိုင်မင်း၏ ရင်ဘတ်ဆီသို့ အားအင်အပြည့်ဖြင့် တိုးဝင်သွားတော့သည်။ ထိုလက်သီးမှ တိုက်ခိုက်လိုသော စိတ်ဓာတ်အဟုန်တို့မှာ ပြင်းထန်စွာ ထွက်ပေါ်နေသော်လည်း ရှေ့သို့ ဆက်လက်တိုးဝင်နိုင်ခြင်း မရှိတော့ပေ။

အမှောင်အိမ်ရှေ့စံ၏ ညာဘက်လက်သီးကို ယီပိုင်မင်းက သူ၏ ဘယ်ဘက်လက်ဝါးဖြင့် ဆုပ်ကိုင်ကာ တားဆီးထားခြင်းပင်။ ချွန်ထက်လှသော အနက်ရောင်အကြေးခွံများမှာ ယီပိုင်မင်း၏ အရေပြားကို ထိုးဖောက်သွားသဖြင့် သွေးစက်များမှာ တစ်စက်ချင်းစီ မြေပြင်ပေါ်သို့ စီးကျလာသည်။

သူ မျှော်လင့်ထားသကဲ့သို့ အရိုးများ ကျိုးကြေသွားသည့် အသံလည်း ထွက်မလာခဲ့သလို အသားကို ထိုးဖောက်သွားသည့် အောင်နိုင်မှု အရသာကိုလည်း မခံစားရပေ။ အမှောင်အိမ်ရှေ့စံသည် မယုံကြည်နိုင်လောက်အောင်ပင် ခံစားလိုက်ရသည်မှာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို တစ်ဖက်လူက အခိုင်မာဆုံးသော ဒိုင်းလွှားတစ်ခုသဖွယ် တားဆီးလိုက်ခြင်းပင်။

မည်သူမျှ ခန့်မှန်း၍မရနိုင်သော အခြေအနေမျိုးတွင်ပင် ယန်ပါးဟိုကဲ့သို့ ပုဂ္ဂိုလ်ကြီးပင် ဤလက်သီးချက်ကြောင့် အရေးနိမ့်ခဲ့ရသော်လည်း ဝူကျီတိုက်ကြီးတွင် မည်သည့်အမည်နာမမျှ ကျော်ကြားခြင်းမရှိဘဲ နုနယ်လှသည်ဟု ထင်ရသော ဤမဟာကျိုးမင်းသားကမူ တားဆီးနိုင်ခဲ့ချေပြီ။ ထို့ပြင် သူသည် ခုခံမှုဗျူဟာအဖြစ် လက်တစ်ဖက်တည်းကိုသာ အသုံးပြုခဲ့ခြင်းပင်။ သူ၏ မိစ္ဆာသွေးရူးသွပ်ခြင်းအခြေအနေတွင်ပင် တစ်ဖက်လူကို မအောင်မြင်နိုင်ခဲ့ပေ။

အေးစိမ့်သော ခံစားချက်တစ်ခုသည် တူကူးရှို့ တစ်သက်တာလုံး ဆယ့်ခုနစ်နှစ်တိုင်တိုင် ဆုပ်ကိုင်ထားခဲ့သော မာန်မာနများကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့သည်။

“နက်မှောင်တဲ့ ချီလင်သွေးဆိုတာ အရာရာကို လုပ်နိုင်တာမဟုတ်ဘူး။ တူကူးရှို့... ဒါကို မှတ်ထားပါ။ ယွင်ရှန်းက ငါ ယီပိုင်မင်းရဲ့ မိန်းမပဲ။ နောက်တစ်ခါ မင်း သူမကို တွေ့ရင် တစ်ချက်တောင် စောင်းကြည့်ခွင့် မရှိစေရဘူး။ မဟုတ်ရင်တော့ မင်းရဲ့ ကိုယ်ထဲမှာရှိတဲ့ သွေးတစ်စက်မကျန်အောင် ငါကိုယ်တိုင် ထုတ်ပစ်မယ်”

ငရဲပြည်မှ လာသည့်အလား အေးစိမ့်လှသော အမျိုးသားတစ်ဦး၏ အသံမှာ သူ၏ နားစည်ထဲသို့ တိုးဝင်လာသည်။

ထိုအခိုက်အတန့်တွင် တူကူးရှို့သည် သေခြင်းနှင့် ရှင်ခြင်း၏ အစွန်းတစ်ဖက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ သူသာ အနည်းငယ်မျှ ပြန်လည်ခုခံရန် ကြိုးစားလိုက်ပါက တစ်ဖက်လူက သူ့ကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိမ့်မည်မှာ အသေအချာပင်။

ယီပိုင်မင်းက သူ၏လက်ကို လွှတ်လိုက်ပြီး ဘယ်ဘက်လက်ဖဝါးပေါ်မှ သွေးများကို ဘာမျှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာ သုတ်ဖယ်လိုက်ရင်း သူ့အနားမှ ဖြတ်ကျော်သွားတော့သည်။

အမှောင်အိမ်ရှေ့စံမှာမူ စင်္ကြံလမ်းတွင် အတန်ကြာအောင် ရပ်နေမိသည်။ ယခုဆုံတွေ့မှုမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ယီပိုင်မင်းက သူ့ကို သတိပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိ လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ယီပိုင်မင်း... မင်းရဲ့ နောက်ကြောင်းက တကယ်တော့ ဘယ်လိုမျိုးလဲ။

တူကူးရှို့၏ မျက်နှာမှာ ညှိုးငယ်သွားပြီး မြေပြင်ပေါ်ရှိ ပရမ်းပတာ ဖြစ်နေမှုများကို ကြည့်ကာ ယီပိုင်မင်း၏ စကားများကိုသာ စိတ်ထဲတွင် ထပ်ခါတလဲလဲ စဉ်းစားနေမိတော့သည်။

နန်းတော်၏ စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာသော ယီပိုင်မင်းသည် အအေးနန်းဆောင်အနီးသို့ ရောက်သောအခါ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ အစောင့်နှစ်ဦးမှာ ပါးနပ်စွာဖြင့် နောက်သို့ ဆုတ်ခွါသွားကြတော့သည်။

All Chapters