← Chapters

အခန်း (၄၂၈)

Vol. 42 Ch. 428

အခန်း (၄၂၈)

Vol. 42 Ch. 428

ယနေ့သည် မိဖုရားခေါင်ကြီးလီ ကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ဖြစ်၏။ နှစ်စဉ် ဤရက်သို့ ရောက်တိုင်း ပိုင်မင်းမင်းသားသည် မိဖုရားခေါင်ကြီးအား ဂါရဝပြုရန် ရောက်ရှိလာစမြဲပင်။

အစောင့်အကြပ်များ ထွက်ခွာသွားပြီးနောက် ယီပိုင်မင်းသည် မျက်မှောင်ကြုတ်လျက် ကျောက်တိုင်တစ်ခုကို မှီကာ သူ၏ ဘယ်ဘက်လက်မောင်းပေါ်မှ အဝတ်အစားများကို ဖြေချလိုက်သည်။ ဝတ်ရုံအောက်တွင် ပေါ်ထွက်လာသည်မှာ ယီပိုင်မင်း၏ သာမန်လက်မောင်း မဟုတ်ဘဲ အကြေးခွံများ ဖုံးလွှမ်းနေသော လက်မောင်းတစ်ခု ဖြစ်နေ၏။

ဘယ်ဘက်လက်မောင်းသာမက သူ၏ ပခုံးတစ်ခုလုံးမှာလည်း အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး တူကူးရှို့၏ အကြေးခွံများနှင့် ဆင်တူလှသည်။ သို့သော် ကွဲပြားသည်မှာ ယီပိုင်မင်း၏ အကြေးခွံများမှာ ရွှေရောင်တောက်ပနေခြင်းပင်။

ယီပိုင်မင်းသည် စိတ်ကိုစုစည်းကာ တိတ်တဆိတ် အသက်ရှူသွင်းလိုက်ရာ သူ၏ ကျောပြင်ပေါ်မှ အကြေးခွံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူ၏ အရေပြားမှာ မည်သည့်အရာမျှ မဖြစ်ခဲ့ဖူးသည့်အလား ပြန်လည်ချောမွေ့သွားခဲ့သည်။

“ဒီနောက်ပိုင်း သွေးဆူတဲ့အကြိမ်ရေက ပိုပြီးတော့ မတည်မငြိမ် ဖြစ်လာသလိုပဲ”

ယီပိုင်မင်းက အဝတ်အစားများကို ပြန်လည်ပြင်ဆင်ဝတ်ဆင်ရင်း ရေရွတ်လိုက်သည်။ သူ၏ ဤလျှို့ဝှက်ချက်ကို မယ်တော်မိဖုရားကြီးမှလွဲ၍ မည်သူမျှ မသိရှိကြပေ။

ညဉ့်အမှောင်က ပို၍နက်ရှိုင်းလာခဲ့ကာ ယီပိုင်မင်းသည် သူ၏ ရင်ဘတ်အတွင်းမှ မဟာကျိုးဧကရာဇ်၏ တံဆိပ်တော်ခတ်နှိပ်ထားသော လက်ထပ်စာချုပ်ကို ထုတ်ယူလိုက်သည်။ ခြောက်ကပ်ငြိမ်သက်နေသော အအေးနန်းဆောင်အတွင်း၌ ယီပိုင်မင်းသည် မိဖုရားခေါင်ကြီး လီ ယခင်က နေထိုင်ခဲ့ဖူးသော အခန်းဆောင်ဆီသို့ မျှော်ကြည့်လိုက်ရင်း “မယ်တော်... သားတော် ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့ခဲ့ပါပြီ။ သားတော် သူမကို ကတိပေးခဲ့တယ်... တစ်သက်လုံး သူမနဲ့အတူ သစ္စာရှိတဲ့ ဇနီးမောင်နှံအဖြစ် ပေါင်းဖက်သွားပါ့မယ်လို့။ မယ်တော်... သားတော့်ကို ကောင်းချီးပေးပါဦး...”

ထိုခြောက်ကပ်လှသော အအေးနန်းဆောင်အတွင်း၌ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး ဖြူဖွေးသော ကန့်လန့်ကာများမှာ လေထဲတွင် လွင့်ပျံသွားရာ ညဉ့်အမှောင်အတွင်း၌ ပို၍ပင် ထူးခြားဆန်းပြားသော အငွေ့အသက်များကို ဖြစ်ပေါ်စေတော့သည်။

“ဟတ်ချိုး...”

ယွင်ရှန်း နှာချေလိုက်မိသည်။

“ယန်လေး... မင်း ဒီရက်ပိုင်း ပိန်သွားသလိုပဲ။ ဒါက ဦးလေးရဲ့ ကိုယ်ပိုင်ကိစ္စပါ။ မင်း အဲ့ဒီလောက်အထိ စိတ်ပူမနေပါနဲ့”

ယန်ချန်းလန်က သူ၏ တူမဖြစ်သူကို စိုးရိမ်တကြီး ကြည့်ရင်း ပြောလိုက်သည်။ လတ်တလောတွင် ယွင်ရှန်း၏ မျက်နှာလေးမှာ လက်ဝါးတစ်ဝါးစာမျှသာ ရှိတော့သည့်အလား အရင်ကထက် ပို၍ သေးငယ်သွားပုံရ၏။

“ဒုတိယဦးလေး... ရွှမ်ဝူကျီက ကျွန်မတို့ကို အကြိမ်ကြိမ် အလစ်အငိုက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာနော်။ သူက အရမ်းကောက်ကျစ်တာ။ ဦးလေးတစ်ယောက်တည်းနဲ့ သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

အိမ်ရှေ့စံသည် လက်ထပ်ခွင့် ငြင်းပယ်ခံရပြီးနောက် ယွီကျင်းမြို့တော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ယွင်ရှန်းက လူလွှတ်၍ စုံစမ်းခိုင်းရာတွင် ရွှမ်ဝူကျီသည် အိမ်ရှေ့စံနှင့်အတူ ပါမသွားကြောင်း သိလိုက်ရသည်။

သွေးစွန်းနေသောလက်အဖွဲ့ကြီး တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီးနောက် ရွှမ်ဝူကျီတွင် အကာအကွယ်မဲ့သွားပြီ ဖြစ်သလို အမှောင်အိမ်ရှေ့စံနှင့်အတူ ထွက်မသွားခြင်းက သူ့ကို သတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးပင်။

ယန်ချန်းလန်သည် ရွှမ်ဝူကျီကို သတ်ဖြတ်ရန် စိတ်ကူးရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခင်က ဟုန်မြို့တော်နှင့် အလှမ်းဝေးနေခဲ့ခြင်းကြောင့်သာ။ ယခုအခါ သူသည် အင်အားများ ပြန်လည်ရရှိနေပြီဖြစ်သလို ရွှမ်ဝူကျီက ယန်စံအိမ်တော်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သော အာဃာတအသစ်၊ အဟောင်းများကြောင့် ရွှမ်ဝူကျီကို အပြတ်ရှင်းရန် ယန်ချန်းလန် သစ္စာဆိုထားတော့သည်။

သို့သော် ရွှမ်ဝူကျီသည်လည်း အလွန်ပင် ကောက်ကျစ်သူဖြစ်၏။ မဟာကျိုးနယ်မြေအတွင်း သူ့ကိုယ်သူ အန္တရာယ်ရှိနေသည်ကို သိရှိသဖြင့် ယွီကျင်းမြို့တော်မှ ထွက်ခွာသည်နှင့် တစ်ပြိုင်နက် ခြေရာဖျောက်သွားခဲ့ရာ ယန်ချန်းလန်ပင်လျှင် သူ၏ သဲလွန်စကို ရှာမတွေ့နိုင်ဘဲ ရှိနေတော့သည်။

“ဒုတိယဦးလေး... ရွှမ်ဝူကျီက အမှောင်ထဲမှာရှိနေပြီး ဦးလေးကတော့ အလင်းထဲမှာ ရောက်နေတာ။ တကယ်လို့ သူကသာ သူ့ကိုလာကြိုမယ့် ဟုန်ဧကရာဇ်မြို့တော်က လူတွေနဲ့ အဆက်အသွယ် ရသွားခဲ့ရင် ဦးလေးအတွက် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်”

ယန်ချန်းလန်သည် သိုင်းပညာတွင် ကျွမ်းကျင်ပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူဖြစ်သော်လည်း အချို့သော အကွက်အမြင်များတွင်မူ ယွင်ရှန်းကို အမှန်တကယ်ပင် မမီပေ။

ယွင်ရှန်းကို တားဆီး၍မရသည့်အဆုံး ယန်ချန်းလန်သည်လည်း သူမနှင့်အတူ ရွှမ်ဝူကျီကို လိုက်လံရှာဖွေရန် သဘောတူလိုက်ရတော့သည်။

မဟာကျိုးပြည်ထောင်၏ တောင်ဘက်ပိုင်းရှိ နန်ယမြို့ငယ်လေးတွင် ဖြစ်၏။

ရုပ်ရည်သာမန်မျှသာရှိသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တည်းခိုခန်းတစ်ခုအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့သည်။ သူသည် ဖျားနာနေပုံရပြီး မြင်းမျက်နှာကဲ့သို့ ရှည်မျောမျောမျက်နှာထားမှာလည်း ထူးခြားမှုမရှိဘဲ ပျာယျာခတ်နေသော အမူအရာလည်း ရှိနေ၏။

“စားပွဲထိုး... ငါ အခန်းတစ်ခန်း ငှားချင်တယ်။ ပြီးတော့ စားစရာအချို့လည်း ပြင်ဆင်ပေးပါဦး”

ထိုအမျိုးသားသည် တည်းခိုခန်းအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။ ဤနေရာမှာ သေးငယ်ပြီး သာမန်ကာလျှံကာ တည်ဆောက်ထားသည့် နေရာမျိုးဖြစ်သဖြင့် ပုံမှန်ဆိုလျှင် သူကဲ့သို့လူမျိုး တည်းခိုမည့်နေရာ မဟုတ်သော်လည်း ယခုအခါတွင်မူ သူ့၌ ရွေးချယ်စရာ မရှိတော့ပေ။

“အရှင်... ခဏလောက် စောင့်ပေးပါဦးခင်ဗျာ”

စားပွဲထိုးလေးက အခန်းငှားရန်အတွက် အလောတကြီး မလုပ်ဆောင်သေးဘဲ ပုံတူပန်းချီကားတစ်ချပ်ကို ထုတ်ယူကာ ထိုအမျိုးသား၏ မျက်နှာနှင့် တိုက်ဆိုင်စစ်ဆေးကြည့်လိုက်သည်။

ထိုအမျိုးသားမှာ မသိမသာပင် ထိုပုံကို လှမ်းကြည့်လိုက်ရာ ပုံထဲရှိ လူရိပ်ကို မြင်တွေ့လိုက်ရသည်နှင့် သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွား၏။

သူသည် ဘာမျှမဖြစ်သည့်အလား ဟန်ဆောင်ရင်း မေးလိုက်သည်။

“စားပွဲထိုး... ဒါက ဝရမ်းစာလား။ ဒီထဲကလူက ဘယ်လိုကြီးလေးတဲ့ ပြစ်မှုမျိုး ကျူးလွန်ထားလို့လဲ”

“ဧည့်သည်တော်... ဒါက မုဆိုးအမိန့်တော်ပါ။ မုဆိုးအမိန့်တော်ဆိုတာ ဝရမ်းစာနဲ့ ဆင်တူပေမဲ့ မုဆိုးစစ်သည်တော်အဖွဲ့ချုပ်က ထုတ်ပြန်တာ ဖြစ်ပြီး ဝရမ်းစာကတော့ အစိုးရက ထုတ်ပြန်တာပါ။ သူတို့ရဲ့ အာနိသင်ကတော့ အတူတူပါပဲ”

စားပွဲထိုးက ခဏမျှ နှိုင်းယှဉ်ပြပြီးနောက် ထိုပုံကို ဂရုမစိုက်ဟန်ဖြင့် ဘေးသို့ ဖယ်ထားလိုက်သည်။

မုဆိုးအမိန့်တော်ဟုတ်လား။

ထိုစကားကို ကြားလိုက်ရသည်နှင့် ဖျားနာနေပုံရသော အမျိုးသားမှာ ပြဿနာတက်တော့မည်ကို သိလိုက်ရသည်။ စားပွဲထိုးက သူ့အတွက် အခန်းစီစဉ်ပေးသော်လည်း သူသည် စားချင်စိတ် မရှိတော့ဘဲ အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားတော့သည်။

တည်းခိုခန်းအတွင်းမှ ဖြတ်လျှောက်သွားစဉ် အရက်မူးနေသော လူအချို့၏ ပြောစကားကို သူ ကြားလိုက်ရပြန်သည်။

“တောက်... မင်းတို့ မြင်လိုက်လား။ ယွီကျင်းမုဆိုးစစ်သည်တော်အဖွဲ့ချုပ်က မုဆိုးအမိန့်တော် ထုတ်ပြန်လိုက်ပြီကွ။ သွေးစွန်းနေသောလက်က ထွက်ပြေးလာတဲ့ ရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်ရင် ရွှေဒင်္ဂါး တစ်သိန်း ဆုလာဘ်ပေးမယ်လို့ လူကြီးတစ်ယောက်က ကမ်းလှမ်းထားတယ်တဲ့”

သွေးစွန်းနေသောလက်ဆိုသည်မှာ တိုက်ကြီးတစ်ခုလုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသောအဖွဲ့ဖြစ်ပြီး မုဆိုးစစ်သည်တော်အဖွဲ့ချုပ်နှင့်လည်း ကာလရှည်ကြာ ရန်ငြိုးရှိခဲ့ကြသူများ ဖြစ်သည်။

ထိုမုဆိုးအမိန့်တော်တွင် သွေးစွန်းနေသောလက်မှ ရွှမ်ဝူကျီအမည်ရှိ ထွက်ပြေးတိမ်းရှောင်နေသူမှာ လူပေါင်းတစ်ရာကျော်၏ အသက်ကို သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်ကြောင်း ဖော်ပြထားတော့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မုဆိုးစစ်သည်တော်များ ရှိသည့် မည်သည့်နေရာတွင်မဆို ထိုကဲ့သို့သော မုဆိုးအမိန့်တော်များကို ထုတ်ပြန်ထားသည်။ အဆိုပါ အမိန့်တော်တွင် ဤလူ၏ တည်နေရာကို သိရှိသူ မည်သူမဆို ဒေသခံ မုဆိုးစစ်သည်တော်အဖွဲ့ချုပ်ထံသို့ ချက်ချင်း အကြောင်းကြားရန် ဖော်ပြထား၏။

သဲလွန်စပေးရုံမျှဖြင့်ပင် ဤတာဝန်ကို ပေးအပ်ထားသော လူကြီးမင်းက ဆုလာဘ်အဖြစ် ရွှေဒင်္ဂါး တစ်သိန်းတိတိ ချီးမြှင့်မည် ဖြစ်သည်။ ကိုယ်တိုင် ဖမ်းဆီးရန်ပင် မလိုဘဲ သတင်းပေးရုံမျှဖြင့် ငွေရရှိနိုင်မည့် အခွင့်အရေးမျိုးပင်။ ဤကဲ့သို့ တစ်ခါဖူးမျှ မရှိဖူးသေးသော အခွင့်အရေးကြောင့် တည်းခိုခန်းအတွင်းရှိ စားပွဲထိုးမှအစ ဧည့်သည်များအဆုံး အားလုံးမှာ မျက်လုံးအပြူးသားဖြင့် ရွှမ်ဝူကျီအမည်ရှိ ထွက်ပြေးတိမ်းရှောင်နေသူကို လိုက်လံရှာဖွေနေကြတော့သည်။

ဖျားနာနေပုံရသော ထိုအမျိုးသားသည် အခန်းထဲသို့ ပြန်ရောက်သောအခါ အလွန်တရာ ရိုးရှင်းလှသော ခုတင်တစ်လုံး၊ သစ်သားလက်ဖက်ရည်ဝိုင်းလေးတစ်ခုနှင့် မှိုနံ့နံနေသော စောင်တစ်

ထည်တို့ကိုသာ တွေ့ရှိရတော့သည်။ သူသည် ထိုင်ရမလို ထရမလိုဖြင့် စိတ်မသက်မသာ ဖြစ်နေပြီးနောက် သူ၏ မျက်နှာပေါ်မှ လူသားအရေပြားမျက်နှာဖုံးကို ခွာချလိုက်ရာ သူ၏ ရုပ်သွင်အစစ်အမှန် ပေါ်ထွက်လာခဲ့သည်။

နေရောင်ခြည်နှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အောက်သို့ စိုက်ကျနေသော တြိဂံပုံမျက်ဝန်းများမှာလည်း အာဃာတတရားများဖြင့် ပြည့နှက်နေ၏။ ဤသူကား အခြားသူမဟုတ်ဘဲ မဟာကျိုးနယ်မြေအတွင်း ခြေရာဖျောက်နေခဲ့သည်မှာ ကြာပြီဖြစ်သော ရွှမ်ဝူကျီပင်။

ရွှမ်ဝူကျီသည် စိတ်ပျက်အားလျော့စွာဖြင့် လက်ထဲမှ မျက်နှာဖုံးကို ပစ်ချလိုက်ပြီး စားပွဲကို အားပြင်းစွာ ထုရိုက်လိုက်ရာ လက်ဖက်ရည်အိုးနှင့် ခွက်များမှာ တုန်ခါသွားတော့သည်။ အမှောင်အိမ်ရှေ့စံနှင့် လမ်းခွဲပြီးနောက်တွင် ရွှမ်ဝူကျီ၏ ဘဝမှာ လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ နိမ့်ကျသွားခဲ့ရသည်။

ယန်ပါးဟို မသေဆုံးဘဲ ယန်ချန်းရွှယ်သာ ယန်စံအိမ်တော်မှ နှင်ထုတ်ခံလိုက်ရချိန်တွင် အခြေအနေများမှာ ဆိုးရွားသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့ပြင် မဟာကျိုးနယ်မြေသည် ယန်စံအိမ်တော်၏ နယ်မြေဖြစ်နေသည်။ မဟာကျိုးမှ အမြန်ဆုံး ထွက်ခွာနိုင်ခြင်းသည်သာ သူ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။

သူသည် အရှေ့တစ်ကွက်၊ အနောက်တစ်ကွက်ဖြင့် တိမ်းရှောင်ရင်း လမ်းတစ်လျှောက်တွင်လည်း ငွေပေး၍ လာခဲ့ရာ နောက်ဆုံး၌ မဟာကျိုး၏ တောင်ဘက်နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

“ယန်ချန်းလန်... မင်း ဒီလိုလှည့်ကွက်တွေနဲ့ ငါ့ကို ဖမ်းလို့ရမယ်လို့ မထင်နဲ့ ဟွန်း... ငါသာ မဟာကျိုးကနေ ထွက်ပြီး ထန်ယွမ်နယ်မြေထဲ ရောက်သွားရင် မင်း ဘယ်လိုလှည့်ကွက်တွေ သုံးသုံး ငါ့ကို ထိနိုင်မှာ မဟုတ်တော့ဘူး။ ငါသာ ဒီဟုန်မြို့တော်ကို ပြန်ရောက်တာနဲ့ မင်းတို့ ယန်စံအိမ်တော်က လူတွေအကုန်လုံးကို ငါ့ခမည်းတော်က ချေမှုန်းခိုင်းစေရမယ်”

ရွှမ်ဝူကျီသည် ဒေါသကြောင့် တုန်ရီနေမိသည်။ သူ၏ တစ်သက်တာတွင် ဤကဲ့သို့သော ဘဝမျိုးဖြင့် မနေထိုင်ခဲ့ဖူးပေ။ လမ်းခွဲတစ်လျှောက်တွင်လည်း အချိန်ပြည့် စိုးရိမ်ထိတ်လန့်နေရသဖြင့် အိပ်မပျော်နိုင်ခဲ့ဘဲ ယန်စံအိမ်တော်၏ သတင်းပေးများနှင့် တိုးမည်ကို ကြောက်ရွံ့ကာ အစုတ်အပြတ်ဆုံး တည်းခိုခန်းများတွင်သာ တည်းခိုခဲ့ရသည်။ နောက်ဆုံးတွင် နယ်စပ်သို့ ရောက်ရှိလာခဲ့သော်လည်း ယန်ချန်းလန်က မုဆိုးအမိန့်တော်ကို အသုံးပြုလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

သူ၏ တည်နေရာကို မသိမသာ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ရွှမ်ဝူကျီမှာ အခန်းထဲတွင်သာ အောင်းနေရတော့သည်။ သူ အခန်းထဲသို့ ဝင်လာစဉ်ကတည်းက အမိုးတန်းပေါ်တွင် နားနေသော လင်းနို့တစ်ကောင်က တိတ်ဆိတ်စွာ ပျံသန်းထွက်ခွာသွားသည်ကိုမူ သူ သတိမထားမိလိုက်ချေ။

All Chapters