ဘယ်သူ ထိန်းချုပ်နေတာလဲ
Vol. 10 Ch. 904
အနောက်ဆီတွင် နေကွယ်သွားပြီ ဖြစ်လေသည်။
ညကောင်းကင်တွင် ကြယ်စင်များလင်းလက်လာပြီး လေပြေအေးက တိုက်ခတ်လျှက်ရှိသည်။ ဘုရင့်နေပြည်တော်ရှိ အရှေ့မျှော်စင်မှ လဝန်းက ထိန်ထိန်သာ ထွက်ပေါ်လာသည်။
လရောင်တောက်ပနေသည့် ကောင်းကင်အောက်တွင် လူရိပ်တစ်ရိပ်ရွေ့လျားနေလေသည်။ ထိုလူရိပ်မှာ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး မျက်နှာလေးက ပန်းလေးတစ်ပွင့်အလား နူးညံ့လှလေသည်။
ထိုမိန်းကလေးသည်ကား လွိလော်ပင် ဖြစ်လေ၏။
သူမက သိမ်မွေ့သည့်လေသံဖြင့်…
"မယ်တော်…"
ဟု ရေရွတ်လိုက်လေသည်။
ထိုအခါ လွိလော်၏ဘေးတွင် ဘုရင်အဝတ်အစားကိုဝတ်ဆင်ထားသည့် ချောမောလှပသော ဘုရင်မတစ်ပါးက ထွက်ပေါ်လာလေသည်။ သူမသည်ကား ဘုရင်မကြီးတစ်ဖြစ်လဲ မယ်တော်ဝမ်မူပင်ဖြစ်လေသည်။
"တကယ်ဆို ကျောက်ရှောင်ယွီက ဒီနေ့ မသေသင့်ဘူး…"
ဘုရင်မကြီးက လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး အဝေးဆီမှ မြစ်ရေပြင်ကို ငေးကြည့်နေလေသည်။
လွိလော်က…
"ဒါပေမဲ့ သူ သေသွားပြီ မဟုတ်ဘူးလား…"
မယ်တော်ဝမ်မူ၏မျက်နှာက တည်ကြည်လေးနက်နေလေသည်။
"ဟုတ်တယ်… ၊ ငါတို့ ဆန်းလျန်ကို သွားတွေ့ကြရအောင်…"
မယ်တော်ဝမ်မူ၏စကားကြောင့် လွိလော် အနည်းငယ်ပျော်ရွှင်သွားလေသည်။
သူမ ဆန်းလျန်ကိုတွေ့ချင်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
လွိလော် ဆန်းလျန်ကို ပထမဆုံးအကြိမ်တွေ့ရစဉ်က သူမက နတ်သမီးတစ်ပါး မဟုတ်သေးပေ။
သူမကို စိုက်ပျိုးထားခဲ့သည့် မူလအိမ်ရှင်၏ ခြံဝန်းထဲတွင်ပေါက်ရောက်နေသည့် ဝိညာဉ်အလင်းရနေသော ရေငန်းသီးပင်လေးတစ်ပင်မျှသာ ဖြစ်လေသည်။
သူမ၏သခင်ကြီးက ကျီဝေးဧကရာဇ် ၊ ဓားသူတော်စင်ကျီဝေးဟု လူသိများကြသည့် ဆရာစူး ပင် ဖြစ်လေသည်။
ဆရာစူးသည်လည်း ဆန်းလျန်ကဲ့သို့ပင် တစ်ယောက်တည်း အထီးကျန်နေလေ့ရှိသူ ဖြစ်လေသည်။ သို့သော်… သူမကတော့ ဆရာစူးကိုရော ဆန်းလျန်ကိုပါ နှလုံးသားထဲမှ အလွန်ရိုသေလေးစား ချစ်ခင်လေသည်။
သူမ ဆန်းလျန်ကို ဒုတိယအကြိမ်ပြန်တွေ့သည့်အခါတွင်တော့ မိုးကောင်းကင်မိစ္ဆာနှင့် ရင်ဆိုင်ရသည့် အချိန်ဖြစ်သည်။
သူမ၏ဘဝတွင် အမှောင်ဆုံးအချိန်များကို ရင်ဆိုင်ရသည့်အချိန်တွင် ဆန်းလျန်က သူမ၏ဘဝကို ပြန်လည်တည်ဆောက်ပေးခဲ့ပြန်လေသည်။
သူမဘဝတွင် ဆန်းလျန်ကို တစ်နေ့မှ မေ့မရခဲ့ပေ။ သို့သော်… ဆန်းလျန်ကို ကျေးဇူးဆပ်ရန်လည်း သူမ အခွင့်အရေး ရရှိခဲ့ခြင်း မရှိပေ။
ဆန်းလျန်နှင့် တတိယအကြိမ် တွေ့ဆုံခွင့်ရရန် သူမ မည်မျှမျှော်လင့်ခဲ့ရပါသနည်း။ ယခုတော့ သူမ ဆန်းလျန်ကို တွေ့ရတော့မည် ဖြစ်လေသည်။
ချောမောလှပသည့် ဆန်းလျန်ကို ပထမဆုံးအကြိမ်တွေ့မြင်စဉ်ကပင် သူမ သဘောကျခဲ့ခြင်း ဖြစ်လေသည်။ နောက်ပိုင်း အချိန်တစ်လျှောက်လုံး သူမသည် ဆန်းလျန်အကြောင်းများကို ရသလောက် အမြဲတမ်း စုံစမ်းနေခဲ့လေသည်။
ဆန်းလျန် ချင်းရွှမ်နတ်တံခါးတွင် ဂိုဏ်းချုပ်ဖြစ်လာခဲ့ပြီး အသက်ငယ်ငယ်ဖြင့်ပင် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည့်သတင်းကိုလည်း သူမ ကြားသိခဲ့ရသည်။
ဆန်းလျန်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီဆန်သည့် နတ်ဘုရားတစ်ပါးလည်း ဖြစ်လေသည်။
သူမကတော့ သာမန် သစ်ပင်လေးတစ်ပင်မျှသာ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်သည် သူမကို မည်သည့်အခါမှ အထင်မသေးခဲ့ပေ။
နောက်ပိုင်း လောကတစ်ခုလုံး အပြောင်းအလဲများစွာနှင့် ရင်ဆိုင်ကြရပြီး သခင်ကြီးဖြစ်သူဆရာစူး ကျဆုံးသွားသည့်သတင်းကို သူမ ကြားလိုက်ရသည်။ ထိုအချိန်တွင် ဆန်းလျန်ကတော့ စကြာဝဠာတစ်ခုလုံးတွင် အအောင်မြင်ဆုံးနတ်ဘုရားတစ်ပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော်…မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဆန်းလျန် ရုတ်တရက်ကြီးပျောက်ကွယ်သွားခဲ့လေသည်။ ထို့ပြင် လောကတွင် ဆန်းလျန်တည်ရှိခဲ့သည်ဆိုသည့် သဲလွန်စများပါ တစ်ခုမကျန် အကုန်ပျောက်ကွယ်သွားခဲ့လေသည်။
နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ပျောက်ကွယ်နေခဲ့ပြီးမှ ဆန်းလျန် ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။
သို့ရာတွင်… အတိတ်အချိန်ကအတိုင်းပင် နတ်ဘုရားများစွာက ဆန်းလျန်ကို ချက်ချင်းပင် စိတ်ဝင်စားလာကြလေသည်။ ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်ကလည်း ယခင်အတိုင်း မြင့်မားလျှက်ရှိနေလေသည်။
သူမ… ဆန်းလျန်နှင့် သိကျွမ်းခဲ့ကြသည်မှာ ထိုသို့ပင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်၏အကြောင်းများကို စဉ်းစားရင်း သူမ ဆန်းလျန်နှင့်ပတ်သက်သည့်အတိတ်ကို ဖြတ်တောက်ပစ်ခဲ့သည်ကို သတိရလိုက်မိလေသည်။
သို့သော်… အဘယ့်ကြောင့် သူမ၏ မှတ်ဉာဏ်ထဲမှ ဆန်းလျန်သည် ပျောက်ကွယ်မသွားသေးပါသနည်း။
ယွီစွေမြစ်သည် ဘုရင့်နေပြည်တော်ကို ဖြတ်သန်းစီးဆင်းလျှက် ရှိလေသည်။
လွိလော်နှင့် ဘုရင်မကြီးက ယွီစွေမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားထက်တွင်ရှိနေပြီး တံတားအဆုံးတွင်တော့ ဆန်းလျန်တို့၏ ဗေဒင်ဟောခန်းလေး ရှိနေလေသည်။
ဆန်းလျန်က တံတားထက်တွင်ရပ်နေသည့် ဘုရင်မကြီးနှင့် လွိလော်ကို လှမ်းကြည့်လိုက်ပြီး သူ၏အကြည့်က လွိလော်ထံတွင် ရပ်တန့်သွားလေသည်။
"မင်းက အခုချိန်ထိ လွိလော်ဆိုတဲ့နာမည်ကို ဆက်သုံးနေတုန်းပဲလား…"
ဆန်းလျန်က သူမကို မှတ်မိနေလိမ့်မည်ဟု လွိလော် ထင်မထားမိပေ။
သူမက ခေါင်းညိတ်လိုက်ရင်း…
"ကျွန်မ အဲဒီနာမည်ကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး…"
သူမကို လွိလော်ဟု နာမည်ပေးခဲ့သည့်နေ့က ဆန်းလျန် ရွတ်ဆိုသည့် ကဗျာလေးကိုပင် သူမ မှတ်မိနေသေးသည်။
"အစိမ်းရောင်သစ်ပင်လေး(လွိလော်)နဲ့ ကျောက်စိမ်းသစ်ပင်တို့ ဆုံတွေ့ခဲ့ကြတယ်…
သစ်ပင်နှစ်ပင်လုံး လင်းလက်တောက်ပလို့…
နတ်ဘုရားနှစ်ပါးက သစ်ပင်နှစ်ပင်အောက်မှာထိုင်နေတယ်…
ပြီးတော့ သူတို့တွေ မိုးကောင်းကင်ထက် အတူတူပျံသန်းထွက်ခွာသွား…
သစ်ပင်လေးလည်းစိတ်လှုပ်ရှားစွာ သူတို့နဲ့အတူတူ ပျံသန်းလိုက်ချင်ရဲ့…
အစိမ်းရောင် ရှီးယွဲ့တောင်ထိပ်မှာ…
အလှစိုက်ထားတဲ့ ပန်းဥယျာဉ်လေးဟာ မိုးကောင်းကင်နဲ့ဆက်နွယ်…
အဲဒီဥယျာဉ်လေးထဲမှာ ရသေ့ကြီးတစ်ပါးရှိတယ်…
မုတ်ဆိတ်တွေရော ဆံပင်တွေရော ဖြူဖွေးလို့…
တောင်ဝှေးတစ်ချောင်းကိုင်ပြီးခရီးထွက်သွားတဲ့အခါ…
အရာရာကိုမေ့ပျောက်လိုက်ဖို့ သင်ကြားပေးသွားတယ်…"
ဒီလောက်အချိန်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ဆန်းလျန်က သူမကဲ့သို့ အညတရ ရေငန်းသီးပင်လေးကို မှတ်မိနေဆဲ ဖြစ်လေသည်။
သူမတွေးနေစဉ်မျာပင် ဆန်းလျန်က လေပြေလေးလွင့်မျောလာသည့်အလား တံတားထက်သို့ ရောက်ရှိလာလေသည်။
ဆန်းလျန်က…
"အသက်တွေလည်း ကြီးခဲ့ကြပါပြီ ၊ မင်းကို ခုလိုပြန်ဆုံရတာ တကယ်ပဲ ဝမ်းသာမိပါတယ် လွိလော်…"
ဘုရင်မကြီးက…
"မင်း… ငါ့ကိုရော မမှတ်မိတော့ဘူးလား ဆန်းလျန်… ၊ အင်းလေ … ငါကတော့ မင်းနဲ့ငါ့ကြားကအမှတ်တရတွေကို သိပ်မမှတ်မိတော့ပါဘူး…"
ဘုရင်မကြီး၏ စကားသံက ပြတ်သားပြီး လေသံက အေးစက်လျှက်ရှိသည်။
ဘုရင်မကြီးဆိုသည်က အခြားသူမဟုတ်ပေ။
တစ်ချိန်တုန်းက ကျောက်ရှောင်ယွီနှင့် ရန်ဘက်ဖြစ်ခဲ့ဖူးသည့် တာ့ကျိုးပြည်ဘုရင်မကြီးဖြစ်လေသည်။ သူမကို ဆန်းလျန်က နောက်ပိုင်း သူမကို ချင်းစွေမြစ်စောင့်နတ်သမီးအဖြစ် အပ်နှင်းပေးခဲ့လေသည်။
နောက်ပိုင်း ချင်းစွေမြစ်စောင့်နတ်သမီးဖြစ်သွားသူ ဘုရင်မကြီးက ပိုမိုကောင်းမွန်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်အတွက် လူပြန်ဝင်စားခဲ့ပြီး မယ်တော်ဝမ်မူ ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။
ကျောက်စိမ်းရေကန်ဥယျာဉ်တွင် အစဉ်အဆက် အုပ်စိုးခဲ့ကြသည့် မယ်တော်ဝမ်မူ များစွာရှိကြလေရာ ဘုရင်မကြီးကတော့ ဘယ်နှစ်ယောက်မြောက် မယ်တော်ဝမ်မူဖြစ်လေသည်လဲ မည်သူမှ မသိနိုင်ပေ။
ဘုရင်မကြီး၏လေသံကြောင့် လွိလော်ပင် တုန်လှုပ်သွားမိလေသည်။ သူမက ဘုရင်မကြီးအတွက် စိတ်ပူပြီး ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်မိလေသည်။
ဆန်းလျန်က….
"လွိလော် … မင်းက ဘာတွေစိတ်ပူနေတာလဲ ၊ ကျုပ်က လူတွေကို ကိုက်မစားတတ်ပါဘူး…"
ဆန်းလျန်၏ စကားကြားရမှ လွိလော် စိတ်သက်သာရာရသွားပြီး ပြုံးရယ်လိုက်မိလေသည်။
ဆန်းလျန်က ဘုရင်မကြီးကို ကြည့်လိုက်ပြီး…
"ဘုရင်မကြီးမှာလည်း ဘုရင်မကြီးလုပ်ရမယ့်အလုပ်တွေရှိတယ် ၊ ကျုပ်မှာလည်း ကျုပ်လုပ်ရမယ့် အလုပ်တွေရှိတယ်…"
ဘုရင်မကြီးက…
"မင်းက ဘာလုပ်ချင်တာလဲ…"
ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…
"အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး…"
ဘုရင်မကြီးက…
"ကျောက်ရှောင်ယွီ မသေသေးဘူးလား ၊ သေပြီလား…"
ဆန်းလျန်က ဘုရင်မကြီး၏ အမေးကိုမဖြေဘဲ ပြုံးနေလေသည်။
ဘုရင်မကြီးက…
"ငါ နားမလည်နိုင်ဘူး ၊ ဒီလိုအခြေအနေမျိုးမှာတောင် သူက ဘယ်လိုလုပ် မသေရတာလဲ ၊ မီလဲ့ကိုယ်တော်က မင်းလောက်မတော်ပေမယ့် ခပ်ညံ့ညံ့ ကိုယ်တော်တစ်ပါးတော့ မဟုတ်ပါဘူး ၊ ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်ကို ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာမှ မဟုတ်တာ…"
ဆန်းလျန်က …
"ကျုပ် ဒီကိစ္စကို အခု မပြောချင်သေးဘူး ၊ ဒါနဲ့ ဘုရင်မကြီး ရောက်လာတာ ကျုပ်ကို တစ်ခုခု ပြောစရာများ ရှိလို့လား…"
ဘုရင်မကြီးက….
"မင်းက ဗေဒင်ဟောခန်းဖွင့်ထားတယ်ဆိုတော့ ငါ့ကိုလည်း ဗေဒင်ဟောပေးပေါ့…"
ဆန်းလျန်က…
"ဘာမေးချင်လဲ… မေးလေ…"
ဘုရင်မကြီးက…
"လောကရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ဘယ်သူ ထိန်းချုပ်နေတာလဲ…"
ဆန်းလျန်က ပြုံးလိုက်လေသည်။
သို့သော်… သူက ဘုရင်မကြီး၏ မေးခွန်းကို တိုက်ရိုက်ဖြေကြားခဲ့ခြင်း မရှိပေ။
ဆန်းလျန်က လွိလော်ကို တစ်ချက်ကြည့်လိုက်ပြီး….
"လွိလော်… မင်းဟာ အနာဂတ်မှာ ကျီဝေးဧကရာဇ်နေရာကို ယူနိုင်တဲ့ ဒုတယိ ကျီဝေးဧကရာဇ် ဖြစ်လာနိုင်မလား…"
ဆန်းလျန်၏စကားကြောင့် လွိလော် တုန်လှုပ်သွားလေသည်။
သူမက…
"ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်နိမ့်ပါးတာ ၊ သခင်ကြီးလိုမျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ…"
ဆန်းလျန်က…
"ကျုပ်က ဖြစ်လာနိုင်တယ်လို့ပြောရင် မင်းဖြစ်လာရမှာပေါ့…"
လွိလော် စကားမပြောနိုင်ဖြစ်သွားပြီး ဘုရင်မကြီးကို လှည့်ကြည့်လိုက်လေသည်။
ဘုရင်မကြီးက…
"နားလည်ပါပြီ ၊ ငါတို့ သွားတော့မယ်…"
သူတို့ (၂)ယောက်ထွက်ခွာသွားသည်နှင့် တံတားထက်တွင် ဆန်းလျန် တစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
ဗေဒင်ဆိုင်ခန်းနံဘေးတွင်တော့ ကျောက်ဖုန်းက စကားမဆိုဘဲ စီးဆင်းနေသည့် မြစ်ရေများကို ငေးကြည့်နေလေသည်။
လွိလော်က တိတ်ဆိတ်စွာ လမ်းလျှောက်နေပြီး ဆန်းလျန်ပြောသည့် စကားအဓိပ္ပါယ်ကို စဉ်းစားနေလေသည်။ သို့သော်… သူမ ရှင်းရှင်းလင်းလင်း နားလည်ခြင်း မရှိပေ။
ဘုရင်မကြီးနှင့် လွိလော်တို့ ဘုရင့်နန်းတော်သို့ ပြန်ရောက်လာကြလေသည်။
ဘုရင်မကြီးက….
"ငါက သူ့ကို လောကရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ဘယ်သူ ထိန်းချုပ်နေတာလဲလို့ မေးတာ ၊ သူက မင်းကို ကျီဝေးဧကရာဇ်ဖြစ်စေချင်တယ်လို့ ပြောလိုက်တယ် ၊ အဲဒါက အဖြေပဲ…"
လွိလော် နောက်ဆုံးတော့ ဆန်းလျန်၏စကားကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်က လောက၏အနိမ့်အမြင့်အတက်အကျများကို ထိန်းချုပ်နိုင်သူတစ်ယောက် ဖြစ်သည်ဟု ဘုရင်မကြီးကို အဖြေပေးလိုက်ခြင်းပင် ဖြစ်လေသည်။
သို့သော်… သူမ ဆန်းလျန်ကိုတော့ နားမလည်နိုင်သေးပေ။
လွိလော်က…
"မယ်တော်… မယ်တော်ပြောတာ ဆန်းသခင်လေးက…"
သူမ စကားမဆုံးသေးခင်မှာပင် ဘုရင်မကြီးက စကားဖြတ်ပြောလိုက်သည်။
"လွိလော်… ၊ မင်း ငါ့နောက်လိုက်နေခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော်ကြာခဲ့ပါပြီ ၊ မင်းကို အတင်းအကျပ်စေခိုင်းတယ်ဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး ၊ ဒါပေမဲ့ အခုတော့ မင်းကို ငါ့ဘက်က တစ်ခုလောက် တောင်းဆိုပါရစေ…"
လွိလော်က…
"ဘာများလဲ… မယ်တော်…"
ဘုရင်မကြီးက…
"မနည်ဖန် မွန်းတည့်တာနဲ့ ဝေ့မင်းသားရဲ့အိမ်ကလူတွေအကုန်လုံးကို သတ်ပစ်လိုက် ၊ မွေးကင်းစကလေးတောင် ချန်မထားနဲ့…"
လွိလော် တုန်လှုပ်သွားပြီး…
"ဘာဖြစ်လို့လဲ…"
ဘုရင်မကြီးက…
"မင်း လုပ်မှာလား မလုပ်ဘူးလား…"
လွိလော်က…
"ဒီအစေခံက မလုပ်နိုင်ပါဘူး…"
ဘုရင်မကြီးက လွိလော်ကို စိုက်ကြည့်လိုက်ရင်း…
"မင်းလုပ်မှဖြစ်မယ် ၊ ငါတို့ မင်းမျိုးမင်းနွယ်တွေထဲမှာ ဘယ်သူ့ကိုမှ ဝင်အလာ မခံနိုင်ဘူး…"
လွိလော် ဆုံးဖြတ်ရခက်နေမိလေသည်။
သို့သော်… လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်အတွင်း မယ်တော်ဝမ်မူ သူမအပေါ် ကောင်းခဲ့သည်များကို ထောက်ထားမိသည့်အခါ သူမ ခေါင်းညိတ်လိုက်ရလေတော့သည်။
ဘုရင်မကြီးက သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ဆန်းလျန်က လောက၏အနိမ့်အမြင့်အတက်အကျများကို ထိန်းချုပ်သူတစ်ယောက် ဖြစ်သည်ဟု ဆိုခဲ့လေပြီ။
ဆန်းလျန်သာ လောကကို ထိန်းချုပ်လိုသည်ဆိုလျှင် အရင်ဘဝမှ မိတ်ဆွေဖြစ်ခဲ့သူသည် ယခုဘဝတွင်တော့ သေချာပေါက် ရန်သူတစ်ယောက် ဖြစ်လာရပေတော့မည်။
***