အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း ၇၉ - ကိလင်သားရဲပေါက်နှင့် နှစ်တစ်ရာ မီးဝိညာဉ်သီး။
ချော်ရည်မီးတောင်ကြီး၏ ကိုယ်ထည်ပေါ်တွင် ဆယ်မီတာခန့်ရှည်ပြီး အလယ်တွင် သုံးမီတာကျော် ကျယ်သော အက်ကြောင်းကြီးတစ်ခု ရှိနေသည်။ ဤသည်မှာ အဝင်ဝပင် ဖြစ်သည်။
“ဘုရားရေ... တောင်ကြီးကတောင် မခံနိုင်ဘဲ ပွင့်ထွက်သွားတာလား။”
ဤမီးတောင်၏ ခံနိုင်ရည်က ဒီလောက်တောင် အားနည်းတာလားဟု လုပေါင် တွေးမိသည်။
အောက်ခြေမှ ချော်ရည်အနည်းငယ် စီးဆင်းနေသည်ကို ကြည့်ရင်း လုပေါင်သည် ကျောက်နံရံတစ်ခုပေါ်တွင် ဂရုတစိုက် ရပ်လိုက်သည်။ကျောက်နံရံ၏ အပူရှိန်မှာ လက်နှင့်ထိရုံဖြင့်ပင် ပူပြင်းလှသည်။သူသည် မိမိအဝတ်အစားများကို ပြန်ကိုင်ကြည့်မိပြီး အထဲဝင်သွားလျှင် အဝတ်အစားများ လောင်ကျွမ်းပြီး ကိုယ်လုံးတီး ဖြစ်သွားမလားဟု စိုးရိမ်မိသည်။
“ဒါက မြေခွဲသံချပ်ကောင်ဆိုတဲ့ကောင် ဆွဲဖြဲထားတာ။ ကြာလှပြီ အဲဒီကောင် အသက်ရှင်သေးရဲ့လားမသိဘူး။”
ဖြူကြီးသည် တိုက်ရိုက်မဝင်သေးဘဲ အဝတွင်ရပ်ကာ အထဲမှ အသံများကို အာရုံစိုက် နားထောင်နေသည်။ ဤသည်မှာ သူ၏ စွမ်းရည်တစ်ခုပင် ဖြစ်သည်။
“မြေခွဲသံချပ်ကောင်လား။သူက တောင်ကြီးကို ဆွဲဖြဲလိုက်တာလား။”
လုပေါင်သည်တောင်ကြီးကို ကြည့်ရင်း ကြက်သီးထသွားသည်။ထို့နောက် အသွင်ပြောင်းကျားဘက်သို့ လှည့်ကာ
“ရတနာလေး... မင်းကော အဲဒီလို လုပ်နိုင်လား”
“ဝု...”
အသွင်ပြောင်းကျားကညည်းသံလေးပြုရင်း မျက်လုံးအဝိုင်းသားဖြင့် လုပေါင်ကို ကြည့်လိုင်သည်။သူပြောသည်ကို နားလည်သွားပုံရပြီး မျက်လုံးများ ကစားကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေတော့သည်။
ခဏမျှ နားထောင်ပြီးနောက် ဖြူကြီးက တိုးတိုးလေး ပြောသည်။
“အဲဒီကောင် ပြန်အိပ်ပျော်သွားပြီ ထင်တယ်။ အခု ဝင်လို့ရပြီ ဒါပေမဲ့ အပင်ပေါ်ကဟာတွေကို မခူးနဲ့ဦး။မြေပေါ်မှာ ကြွေကျနေတာတွေကိုပဲ ကောက်တာ အကောင်းဆုံးပဲ။အဲဒီကောင် နိုးလာရင် နောက်ကျရင် နှစ်တစ်ထောင် မီးဝိညာဦသီးကို ရဖို့ အခွင့်အရေး မရှိတော့ဘူး။”
သူသည် သူ၏နောက်မှ ယုန်ပျံ နှင့် အတောင်ပံပါ ကင်းခြေများတို့ကို ရန်လိုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အကယ်၍ အတွင်းမှ သတ္တဝါ နိုးလာပါက ဖြူကြီးပင်လျှင် ထွက်ပြေးရမည် ဖြစ်သည်။
ယုန်ပျံနှင့် ကင်းခြေများတို့ကလည်း ချက်ချင်းပင် အသံပြုကာ ပြန်လည် တုံ့ပြန်ကြသည်။
“အိုကေ... ဖြူကြီး”
“မင်းကဘာလို့ အပူဒဏ် မခံရတာလဲ။”
လုပေါင်သည်အသွင်ပြောင်းကျား၏ ခန္ဓာကိုယ်ကို စမ်းကြည့်ရာ အမွှေးအမျှင်များမှာ အေးမြနေသည်ကို သိလိုက်ရသည်။အသွင်ပြောင်းကျားက သူ့ကို ခေါင်းဖြင့်တိုက်ကာ အထဲသို့ အမြန်ဝင်ရန် အချက်ပြသည်။
ဖြူကြီး အရင်ဝင်သွားပြီးနောက် စစ်သူကြီး လေးကောင် ကပ်လိုက်သွားသည်။ ယုန်ပျံကမူ ဂရုတစိုက်ဖြင့် ချက်ချင်း မဝင်သေးဘဲ ကင်းခြေများကြီးကတော့ အထဲသို့ မြန်မြန်ဆန်ဆန် တိုးဝင်သွားတော့သည်။
“သူတို့ ဘာလို့ အရင်က အထဲကို တစ်ယောက်တည်း မဝင်ရဲကြတာလဲ။”
လုပေါင်ကဖြူကြီးကို တိုးတိုးလေး မေးလိုက်သည်။
“ငါ အထဲဝင်လို့ အထဲကကောင် နိုးလာရင် သူက ငါ့ကို တိုက်ခိုက်လိမ့်မယ် အဲဒီအချိန်မှာ သူတို့က အခွင့်ကောင်းယူပြီး ထွက်ပြေးနိုင်တယ်။အကယ်၍ သူတို့ချည်းပဲ ဝင်သွားလို့ အမိခံရရင်တော့ သူတို့ လွတ်မှာ မဟုတ်ဘူး။မီးဝိညာဥ်သီး မှည့်ခါနီးတိုင်း ယုန်ပျံက ငါ့ကို လာသတိပေးလေ့ရှိတယ်။”
ဖြူကြီးသည် အလွန်ဂရုစိုက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်နေကာ နားရွက်များမှာလည်း အမြဲ လှုပ်ရှားနေသည်။အထဲမှ သတ္တဝါ တကယ် အိပ်ပျော်နေခြင်း ရှိ မရှိကို သူ အတည်ပြုနေခြင်း ဖြစ်သည်။
လုပေါင်မှာ ဘာပြောရမှန်း မသိတော့ပေ။ ဖြူကြီးက သူတို့အတွက် အကာအကွယ် ဒိုင်းကြီး ဖြစ်နေသည်ကိုး။
အပူချိန်မှာ ပို၍ မြင့်တက်လာသည်။လုပေါင်သည် ရံဖန်ရံခါ သူ၏ အဝတ်အစားများကို စစ်ဆေးနေရသည်။အကယ်၍ မီးလောင်သွားပါက Live ဘယ်လို လွှင့်ရမည်နည်း။
ရုတ်တရက် လုပေါင်၏ မျက်လုံးများ တောက်ပသွားပြီး ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားသည်။
“ဘုရားရေ တကယ့်ကို လှပတဲ့ မြင်ကွင်းပဲ။”
ချော်ရည်များမှာ ကွန်ရက်တစ်ခုအလား စီးဆင်းနေပြီး ကျောက်နံရံများပေါ်တွင် မီတာဝက်ခန့် မြင့်သော မီးနီရောင် အပင်လေးများ အမြစ်တွယ်နေကြသည်။ထိုအပင်များတွင် စပျစ်သီးအရွယ်ခန့်ရှိသော မီးနီရောင် အသီးလေးများ သီးနေသည်။ရရှိလာသော သင်းပျံ့သော ရနံ့ကို တစ်ချက်ရှူလိုက်ရုံဖြင့် အလွန်နေလို့ကောင်းသွားသည်။
ကျောက်တုံးများပေါ်တွင် ကြွေကျနေသော အသီးများပင်ရှိနေသည်။ ဤအရာများမှာ နှစ်တစ်ရာ မီးဝိညာဉ်သီးပင်များ ဖြစ်ပြီး အပင်ပေါင်း ၃၀ ကျော် ရှိနေသည်။
ချော်ရည်များ အလယ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင်မူ သုံးမီတာမြင့်သော မီးဝိညာဉ်သီးပင်ကြီး တစ်ပင် ရှိနေသည်။၎င်းမှာ မြွေဟောက်ကြီးတစ်ကောင် ခွေနေသကဲ့သို့ ရှိပြီး တစ်ပင်လုံး အနက်ရောင်နှင့် အနီရောင် ဖြစ်နေကာ ကလေးလက်သီးခန့်ရှိသော အသီး ခြောက်လုံး သီးနေသည်။
ကျောက်နံရံများမှာ ပတ္တမြားအရိုင်းတုံးများ စီထားသကဲ့သို့ တဖိတ်ဖိတ် တောက်ပနေပြီး လုပေါင်ကို ခဏမျှ ငေးမိသွားစေသည်။ .
‘ဘုရားရေ.. ပတ္တမြားတွေ ဘယ်လောက်တောင် များလိုက်သလဲ။ဒါတွေကို ရောင်းရင် ပိုက်ဆံ ဘယ်လောက်ရမလဲ။’
အသွင်ပြောင်းကျားက စိတ်မရှည်စွာဖြင့် ပြေးသွားချင်သော်လည်း ဖြူကြီးက တားလိုက်ပြီး
“မြေပေါ်ကဟာတွေကိုပဲ စား အပင်တွေကို ဘယ်တော့မှ မဖျက်ဆီးနဲ့ မဟုတ်ရင် မင်း ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။”
တိုးတိုးလေးပြောသည်။ လုပေါင်လည်း အသွင်ပြောင်းကျားကို အမြန်ချော့လိုက်ရသည်။ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ပတ္တမြားများနှင့် မီးဝိညာဉ်သီးများသာ ပြည့်နှက်နေတော့သည်။
‘ငါ ချမ်းသာပြီ။’
Live ကြည့်နေသူများမှာလည်း ထပ်မံ ရူးသွပ်သွားကြပြန်သည်။
“ဒါကဘယ်လို ထူးဆန်းတဲ့ Streamer မျိုးလဲ။ငါတို့ရဲ့ ကမ္ဘာကြီးကတော့ ပျက်စီးသွားပြီ။အခုတော့ ရွှေတွေက တန်ဖိုးမရှိတော့ဘူးလား မျောက်အရက်ကော ကျောက်မျက်တွေကော။”
“ဘုရားရေ...”
“ဒါတွေက ပတ္တမြားတွေလား ဘယ်လောက်တောင် များလိုက်သလဲ ဒါက အပေါ်ယံတင် ရှိသေးတာ။”
“ငါတော့ ဘာပြောရမှန်း မသိတော့ဘူး။”
“ဘာမှ မပြောနဲ့တော့ ငါလည်း ရတနာ သွားရှာတော့မယ် ငါလည်း ချမ်းသာချင်တယ်။”
“ငါ့လက်ထဲက မှာထားတဲ့ ထမင်းဘူးကို ကြည့်ပြီး စိတ်ပျက်မိတယ် လူအချင်းချင်း ဘာလို့ ဒီလောက် ကွာခြားရတာလဲ။”
အားလုံး ရူးသွပ်ကုန်ကြလေပြီ။
အသွင်ပြောင်းကျားသည် အောက်သို့ ခုန်ဆင်းကာ မြေပေါ်မှ အနက်ရောင်သန်းသော အနီရောင် နှစ်တစ်ရာ မီးဝိညာဉ်သီး တစ်လုံးကို ဝါးမြိုလိုက်သည်။ ယဤကြွေကျနေသော အသီးများမှာ ပုပ်သိုးခြင်း အလျဉ်းမရှိသေးပေ။ အသီးအချို့ကို စားပြီးနောက် အသွင်ပြောင်းကျားမှာ ဆက်မစားနိုင်တော့ပေ။
“မင်း အရင်ထွက်သွားတော့ ငါ ဒါတွေကို သိမ်းလိုက်မယ်။”
အသွင်ပြောင်းကျားမှာမူးနေသလို ဖြစ်နေသည်ကို မြင်သောအခါ လုပေါင်က သူ့ကို ပုတ်ကာ အပြင်လွှတ်လိုက်တော့သည်။
ဖြူကြီးမှာ ချော်ရည်များထဲသို့ မလှုပ်မယှက် စိုက်ကြည့်နေပြီး စစ်သူကြီး လေးကောင်ကမူ သူတို့၏ အိုးများကို ထုတ်ကာ ဖြူကြီးအနားရှိ အသီးများကို ဂရုတစိုက် ကောက်နေကြသည်။ကင်းခြေများကြီးကလည်း တစ်လုံးကို အမြန်လုစားပြီးနောက် သူ၏ ခြေလက်များဖြင့် အသီး ဆယ်လုံးကျော်ကို သီတံသဖွယ် သီလိုက်သည်။
“မင်းက အချိုသီးတွေ သီနေတာလား။မြန်မြန်ထွက်သွားတော့ မင်းရဲ့ လောဘက မင်းကို သေအောင် လုပ်လိမ့်မယ်။”
လုပေါင်ကမျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။ သူ အပြင်ရောက်ရင် ထိုကောင်ဆီက ပြန်လုမည်။
‘ဟိုကျား အသုံးမကျတဲ့ကောင်ကတော့ ဘာလို့ အသီးတွေ ကောက်ပြီး သယ်ဖို့ မစဉ်းစားတာလဲ။နေဦး အပြင်ရောက်မှ သူ့ကို သင်ခန်းစာ ပေးရမယ်။’
ယုန်ပျံကို ကြည့်ပြန်တော့လည်း ထိုကောင်မှာ အသီးလေးလုံးကို ကိုင် တစ်လုံးကို ချနှင့် အလွန်မြန်မြန် ဝါးစားနေပြီး ချော်ရည်များကို အမြဲ စောင့်ကြည့်နေကာ ထွက်ပြေးရန် အသင့်ပြင်ထားသည်။
လုပေါင်သည် သူ၏ ကျောပိုးအိတ်ကို အမြန်ဖြည့်တော့သည်။အိတ်ပြည့်သွားသောအခါ ဖြူကြီး၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ခါးပတ်အကြီးကြီးတစ်ခုကို ထုတ်လိုက်ပြန်သည်။ဤနေရာတွင် နှစ်တစ်ရာ မီးဝိညာဉ်သီးတွေက အရမ်းများလွန်းနေသည်။
“ငါ့ဟာ ငါ့ဟာ အားလုံးက ငါ့ဟာတွေပဲ။”
လုပေါင်သည် ကျောက်နံရံမှ ပတ္တမြားများကို ခွာယူရန်လည်း မမေ့ပေ။နှစ်တစ်ရာ မီးဝိညာဉ်သီးများမှာ ကျင့်စဉ်သမားများနှင့် ကိုယ်ခံပညာရှင်များအတွက် အလွန်ရှားပါးသော ရတနာများ ဖြစ်သော်လည်း ဤနေရာတွင်မူ နေရာအနှံ့ ရှိနေသည်။
ကင်းခြများကြီးထွက်ပြေးသွားပြီ ယုန်ပျံလည်း လစ်သွားပြီ စစ်သူကြီး လေးကောင်လည်း သူတို့အိုးတွေ ပြည့်သွားပြီ ဖြစ်သော်လည်း သူတို့ထဲမှ မည်သူမျှ အပင်ပေါ်က အသီးကို မထိကြပေ။
“ဟင်...”
ပတ္တမြားတစ်တုံးကို ခွာနေသော လုပေါင်သည် တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ခွေးပေါက်လေး အရွယ်ခန့်ရှိသော သတ္တဝါလေး တစ်ကောင် ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးနီရောင် အကြေးခွံများ ရှိပြီး ခေါင်းမှာ ခြင်္သေ့ပေါက်လေးနှင့် တူကာ ဦးခေါင်းတွင် ဦးချိုလေးများ ရှိနေသည်။
“အို... ချစ်စရာလေးပဲ။”
လုပေါင်သည် ထိုသတ္တဝါလေးကို အံ့သြစွာ ကြည့်လိုက်သည်။
ထိုသတ္တဝါလေးကလည်း သူ့ကို သိချင်စိတ်ဖြင့် ပြန်ကြည့်နေပြီး သူ၏ ခြေထောက်အောက်ရှိ မြစိန်သီးတစ်လုံးကို ငုံ့ကြည့်ကာ စားလို့ရမလား စဉ်းစားနေပုံရသည်။
“ဒါ ငါ့ဟာ ပြန်ပေး။”
လုပေါင်က နောက်ပြောင်ချင်စိတ်ဖြင့် ထိုအသီးကို ဆွဲယူကာ သူ၏ အိတ်ထဲ ထည့်လိုက်သည်။
သတ္တဝါလေးမှာ မှင်သက်သွားပြီး ပျောက်ကွယ်သွားသော မီးဝိညာဥ်သီးကို ကြည့်ကာထို့နောက် လုပေါင်ကို မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း မော့ကြည့်လိုက်သည်။
“သွားဆော့တော့ ငါ ဒီမှာ အလုပ်ရှုပ်နေတယ်...”
လုပေါင်သည် ပတ္တမြားများကို ဆက်ခွာရန် ပြန်လှည့်လိုက်သော်လည်း တစ်ခုခု မှားနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
‘ဒီအကောင်လေးကအထဲကို ဘယ်လို ရောက်လာတာလဲ ပြီးတော့... ဒါက ရုပ်ရှင်တွေထဲက ကိလင်နဲ့ နည်းနည်း တူမနေဘူးလား။’
သူ့နောက်ဘက်မှ ပူပြင်းလှသော အပူရှိန်တစ်ခု တက်လာသည်။ လုပေါင် ခက်ခဲစွာ လှည့်ကြည့်လိုက်ရာ ထိုသတ္တဝါလေးမှာ သွားများကို ပေါ်အောင် ဖြီးထားပြီး သူ၏ ခန္ဓာကိုယ်မှ ရွှေနီရောင် မီးတောက်များ ထွက်ပေါ်လာနေသည်။
အပူချိန်မှာ အလွန်မြန်ဆန်စွာ မြင့်တက်လာသည်။
လုပေါင်က ဖြူကြီးကို လှမ်းကြည့်လိုက်ရာ ဖြူကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ မျက်နှာမှာ တွန့်ချိုးနေပြီး စစ်သူကြီး လေးကောင်မှာလည်း သံတုတ်များကို ကိုင်ကာ လုပေါင်ရှိရာဘက်ကို စိုက်ကြည့်နေကြသည်။
‘သွားပြီ။”
‘ဒီကောင်လေးက ဖြူကြီးပြောတဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးလား။’
‘ငါလုယူလိုက်တဲ့ မီးဝိညာဉ်သီးကို အခု ပြန်ပေးရင်ရော အချိန်မီသေးလား။’
အခန်း ၈၀ - တဖိတ်ဖိတ်တောက်နေတဲ့ ပတ္တမြားတွေက မျက်စိအတွက် မကောင်းဘူး။
သတ္တဝါလေး၏ ပါးစပ်ထဲတွင် ရွှေနီရောင် မီးတောက်များ စတင်စုစည်းလာပြီး လုပေါင်၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှ မီးခိုးများ ထွက်လာသည်။
ချီစွမ်းအင် အကာအကွယ်
လုပေါင်သည် သတိပြန်ဝင်လာပြီး ချက်ချင်းပင် မိမိကိုယ်ကို ချီစွမ်းအင်ဖြင့် ပတ်လိုက်သည်။သူ ရှောင်တိမ်းချင်သော်လည်း တစ်စုံတစ်ခုသော အရှိန်အဝါ က သူ့ကို လော့ခ်ချထားသည်ကို တွေ့လိုက်ရသည်။
အကယ်၍ ဤသတ္တဝါလေး၏ ပါးစပ်မှ အပူရှိန်များ ပေါက်ကွဲထွက်လာပါက သူ အဆုံးသတ်သွားနိုင်သည်ကို လုပေါင် သိလိုက်သည်။
‘ငါ့ရဲ့ ရွှေရောင်စွမ်းရည်က ဘာလို့ အသုံးမကျ ဖြစ်နေရတာလဲ။ဒီကောင်နဲ့ကျမှ ဘာလို့ အလုပ်မလုပ်တာလဲ။’
လုပေါင် မသိသည်မှာ သူ၏ ရွှေရောင်စွမ်းရည်သာ မရှိပါက ဤသတ္တဝါလေးသည် သူ့ကို ဧရာမ မီးလုံးကြီးဖြင့် အစောကတည်းက အဝေးတစ်နေရာသို့ ပို့လွှတ်ပြီးသား ဖြစ်နေလိမ့်မည်။သူ ဘာလုပ်နေသလဲဆိုသည်ကို သိချင်စိတ်ဖြင့် အနားသို့ လာကြည့်နေလိမ့်မည် မဟုတ်ပေ။
၎င်းမှာ အနည်းငယ် ဝေခွဲမရဖြစ်နေပုံရသည်။
လုပေါင်သည် မိမိကိုယ်ကို ကာကွယ်ရန် မြွေဟောက်နက်ကို ထုတ်လွှတ်တော့မည့် ဆဲဆဲတွင် သတ္တဝါလေး၏ ရွှေရောင်မျက်လုံးကြီးများထဲ၌ တွန့်ဆုတ်နေမှုကို သတိပြုမိလိုက်သည်။
‘အခွင့်အရေးပဲ။’
“တောင်စောင့်နတ် ပုံရိပ်ယောင် ကျင့်စဉ်။”
“ဝုန်းးး”
တောင်စောင့်နတ် ပုံရိပ်ယောင်နှင့် လုပေါင်၏ ဝိညာဉ်မှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ပါးစပ်မှ ရွှေနီရောင် မီးတောက်များ ထွက်နေသော သတ္တဝါလေးမှာ ရပ်တန့်သွားပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ သူ၏ အရှိန်အဝါများမှာ သိသိသာသာ တည်ငြိမ်သွားတော့သည်။
‘အပြင်ကို မှုတ်မထုတ်လိုက်နဲ့ဦး ထုတ်လိုက်ရင် ငါတော့သွားပြီ။’
လုပေါင်ထိတ်လန့်နေမိသည်။
“ဒါက ဘာကြီးလဲ။”
ဖြူကြီးမှာ အံ့အားသင့်သွားသည်။တောင်စောင့်နတ် ပုံရိပ်ယောင်ကို မြင်လိုက်ရသည့်အခါ ၎င်းအတွင်းရှိ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို သူ အာရုံခံမိသည်။လုပေါင်၏ ဝိညာဉ်ပေါ်တွင် ဤအရာ ဘာကြောင့် ရှိနေသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။
“ဘုန်းးးး”
အနှောင့်အယှက် ဖြစ်သွားသကဲ့သို့ သတ္တဝါလေးသည် ဖြူကြီးရှိရာဘက်သို့ မီးတောက်အနည်းငယ် မှုတ်ထုတ်လိုက်သည်။အလွန်နည်းသော မီးတောက်လေး ဖြစ်သော်လည်း ပါးစပ်မှ ထွက်သွားသည်နှင့် ချက်ချင်းပင် ကျယ်ပြန့်လာပြီး ဖြူကြီးနှင့် စစ်သူကြီး လေးကောင်ကို ဝါးမြိုတော့မည့်အလား ဖြစ်သွားသည်။
“သွားကြစို့။”
ဖြူကြီးက အမိန့်ပေးလိုက်ပြီး လုပေါင်ကို တစ်ချက်ကြည့်ကာ ချော်ရည်ဂူထဲမှ အမြန်ထွက်ပြေးသွားကြသည်။ထိုမီးတောက်များမှာ သက်ရှိများကဲ့သို့ ရွေ့လျားနေပြီး ဟိန်းဟောက်သံနှင့်အတူ ဧရာမ မီးသားရဲကြီးအဖြစ် ပြောင်းလဲကာ တောင်အပြင်ဘက်သို့ ပြေးထွက်သွားသည်။
‘မီးတောက်တွေက လိုက်တောင် လိုက်နိုင်တာလား...’
လုပေါင်မျက်နှာ ပျက်သွားသည်။
‘မြွေဟောက်နက်ကဒီကောင်လေးကို နိုင်ပါ့မလား ငါ...အောက်ခြေမရှိသောတွင်းထဲမှာ သွားပုန်းလိုက်ရမလား။’
သူ၏ အရှိန်အဝါမှာ ချိတ်ပိတ်ခံထားရသဖြင့် သူ လှုပ်ရှားလိုက်သည်နှင့် အတိုက်ခိုက်ခံရမည်ဟု လုပေါင် ခံစားနေရသည်။
သတ္တဝါလေးသည် လုပေါင်ကို ကြည့်လိုက် တောင်စောင့်နတ်ပုံရိပ်ယောင်ကို မော့ကြည့်လိုက် လုပ်နေသည်။ ခဏမျှ စဉ်းစားပြီးနောက် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ချော်ရည်များထဲသို့ ဖြည်းဖြည်းချင်း ပြန်ငုပ်လျှိုးသွားကာ ခေါင်းတစ်ဝက်သာ ဖော်ထားတော့သည်။သူ၏ လှပသော ရွှေရောင်မျက်လုံးကြီးများက တောင်စောင့်နတ်ပုံရိပ်ယောင်ကို စိုက်ကြည့်နေသည်။
‘မင်းက သိပ်ချစ်စရာကောင်းတာပဲ ငါ့ရတနာလေး... ဒါပေမဲ့ ငါ့ကို ချိတ်ပိတ်ထားတာတော့ မဖြုတ်သေးဘူးပဲ...’
Live ကြည့်နေသော ပရိသတ်များမှာလည်း ထိတ်လန့်နေကြသည်။
“ဒီလိုအရာမျိုးတကယ်ပဲ ကမ္ဘာပေါ်မှာ ရှိတာလား။ဒါ ဒဏ္ဍာရီလာ သတ္တဝါ မဟုတ်ဘူးလား။”
“ဒါ ကိလင် လား။”
“ဒဏ္ဍာရီထဲက ကိလင်နဲ့တော့ သိပ်မတူဘူး၊ သူက ပိုလှတယ်။ ချော်ရည်တွေက သူ့အတွက် ရေချိုးနေသလိုပဲ...”
“ချော်ရည်ထဲမှာ အသက်ရှင်နိုင်တဲ့ သတ္တဝါဆိုလို့ ပိုးမွှားတွေပဲ ရှိတာ။ ဒီကောင်ကတော့ ရေချိုးသလို စိမ်နေတာပဲ။ ချစ်စရာလေးမို့ ငါ့နှလုံးသားတောင် အရည်ပျော်တော့မယ်။”
“ဘုရားရေ ဒါက နိုင်ငံတော် ကာကွယ်ထားတဲ့ သတ္တဝါ မဟုတ်ဘူးလား ရတနာနတ်ဘုရား... သူ့ကို ဖမ်းပြီး မွေးလိုက်ပါ ပြီးရင် ငါတို့အတွက် နေ့တိုင်း Live လွှင့်ပေး။”
“သူစိမ်းပစ္စည်းကို လုယူတဲ့အတွက် ထိုက်တန်တာပေါ့ ကဲ... သူ့ကို တစ်ချက်လောက် မှုတ်ထုတ်လိုက်စမ်း။”
“ကိလင်တော့ မဟုတ်လောက်ဘူး ကိလင်ထက်ပိုကြည့်ကောင်းတယ်။”
“ကိလင်ဆိုတာ ဒဏ္ဍာရီပဲလေ။ ဒီချစ်စရာလေးက ကိလင်အစစ် ဖြစ်နိုင်သလိုမကြီးသေးတာလည်း ဖြစ်နိုင်တယ်။ သံချပ်ကာဝတ်ထားတဲ့ ခြင်္သေ့ပေါက်လေးနဲ့ တူတယ်...”
တစ်ဖက်က ကြည့်နေပြီး တစ်ဖက်က မလှုပ်မယှက် ရပ်နေရင်း အချိန်များ ကုန်လွန်သွားသည်။
အသွင်ပြောင်းကျားမှာ ခေါင်းလေးပြူကြည့်လိုက် ပြန်သွင်းလိုက် လုပ်နေသည်။ဖြူကြီးကမူ အပြင်မှနေ၍ စောင့်ကြည့်နေပြီး အကယ်၍ ထိုသတ္တဝါလေးက လုပေါင်ကို တိုက်ခိုက်သည်နှင့် သူ၏ သံတုတ်ကို လှံတစ်စင်းအလား ပစ်လွှတ်ရန် အသင့်ပြင်ထားသည်။
ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်... နာရီဝက်ခန့်အကြာတွင် သတ္တဝါလေး ချိတ်ပိတ်ထားသော အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ သူသည် ချော်ရည်ထဲတွင် ခဏမျှ ကူးခတ်ပြီးနောက် လုပေါင်ကို လာကြည့်ကာ အပြင်သို့ ပြန်တက်လာသည်။
သတ္တဝါလေးက မီးဝိညာဉ်သီးတစ်လုံးကို ဝါးမြိုလိုက်သည်ကို မြင်သောအခါ လုပေါင်သည် တောင်စောင့်နတ်ပုံရိပ်ယောင်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။
“အူးဝူးးး”
သတ္တဝါလေးသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ယိမ်းယိုင်ယိမ်းယိုင် လမ်းလျှောက်လာသည်။ဖြူကြီးတို့ကိုပင် ထွက်ပြေးအောင် လုပ်နိုင်ခဲ့သော မီးတောက်များကို ဤသတ္တဝါလေးက မှုတ်ထုတ်ခဲ့သည်ဟု မည်သူ ထင်ပါမည်နည်း။
စနစ်ကို စစ်ဆေးကြည့်ရာ လက်မှတ်ထိုးဝင်ရန်မှာ စပင်မစရသေးပေ။ဤသည်မှာ နှစ်တစ်ထောင် မီးဝိညာဥ်သီးကို ခူးရမည့် မစ်ရှင်ဖြစ်သောကြောင့် စောစီးစွာ လက်မှတ်ထိုးလုပ်၍ မရပုံရသည်။ လုပေါင်မှာ မလှုပ်ရဲဘဲ ရပ်နေရသည်။
သတ္တဝါလေးမှာ ခဏမျှ ရပ်နေပြီး သူ့ကို စိုက်ကြည့်သည်။ နောက်ဆုံးတွင် သမ်းဝေလိုက်ပြီး ဖြည်းဖြည်းချင်း ဆင်းလာကာ သူ၏ အမြီးတိုလေးဖြင့် ကျောက်လွှာများကို ရိုက်ခတ်နေရင်း လုပေါင်ကို ကြည့်နေသည်။
ရန်လိုမှု မရှိတော့ပေ။
လုပေါင် ဝမ်းသာသွားပြီး အနည်းငယ် လှုပ်ရှားကြည့်သည်။အမှန်ပင် သတ္တဝါလေးက သူ့ကို ကြည့်နေသော်လည်း ဘာမှမလုပ်ပေ။သူ၏ အဝတ်အစားများမှာ လောင်ကျွမ်းနေပြီ ဖြစ်သဖြင့် အပြင်ဘက်အလွှာကို ဆွဲခွာလိုက်ရာ မြေပေါ်မကျခင်မှာပင် အပိုင်းပိုင်းပြတ်ကာ မီးလောင်သွားတော့သည်။
သူ ခြေလှမ်းနှစ်လှမ်း ထပ်လှမ်းကြည့်ရာ သတ္တဝါလေးမှာ ငြိမ်နေဆဲဖြစ်ပြီး သူ၏ မျက်လုံးကြီးများဖြင့်သာ လိုက်ကြည့်နေသည်။
မီးတောင်အက်ကြောင်း အပြင်ဘက်တွင် အသွင်ပြောင်းကျားက ဖြူကြီးကို ကြည့်လိုက်သည်။
“စောင့်ဦး”
ဖြူကြီးကတိုတိုလေး ပြန်ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန်အံ့အားသင့်နေမိသည်။သူ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသော်လည်း ဤသတ္တဝါမှာ အမြဲတမ်း အလွန်ကြမ်းတမ်းတတ်သည်။ ပေါင်ရှင်းကျီပင်လျှင် ဤနေရာတွင် မီးလောင်ပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။
‘ဘာတွေ ဖြစ်နေတာလဲ။’
သူတို့၏ ‘ငွေရောင်သံချပ်ကာမှာလည်း ပေါင်ရှင်းကျီက ဤသတ္တဝါကို တိုက်ခိုက်ပြီး မီးဝိညာဥ်သီး ခူးယူနိုင်ရန်အတွက် အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။
နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားသောအခါ လုပေါင်မှာ ပို၍ သတ္တိရှိလာသည်။ သူသည် မီးဝိညာဉ်သီးတစ်လုံးကို ကောက်ယူကာ ပတ္တမြားတစ်တုံးကို ခွာလိုက်ပြီး သတ္တဝါလေးကို အနီးကပ်ကြည့်ရန် သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။ ယဤသတ္တဝါလေးက သူ့ကို အဖော်တစ်ယောက်အဖြစ် သတ်မှတ်နေသလားဟု သူ ထူးဆန်းစွာ ခံစားနေရသည်။
အပြင်ဘက်မှ ဖြူကြီးတို့မှာ အံ့သြလွန်း၍ မျက်လုံးများ ပြူးထွက်နေကြသည်။တစ်နာရီအကြာတွင် လုပေါင်မှာ သတ္တဝါလေးကို ပွတ်သပ်နေပြီ ဖြစ်သည်။ဖြူကြီးတို့မှာ အပြင်တွင် မှင်တက်ကာ ကြောင်ကြည့်နေကြသည်။
“အူးဝူး...”
သတ္တဝါလေးသည် သက်သောင့်သက်သာဖြင့် လိမ့်နေသည်။လုပေါင်က သူ၏ ဗိုက်ကို နှိပ်ပေးသောအခါ လူသားတစ်ယောက် ပြုံးသကဲ့သို့ အမူအရာမျိုး သူ၏ မျက်နှာတွင် ပေါ်လာသည်။လုပေါင်က သူ၏ ခေါင်းပေါ်မှ ဦးချိုလေးကို ဆွဲညှစ်သည့် အခါမှသာ သူ ရှောင်တိမ်းသည်။
“ရော့...အသီး စားဦး။”
သတ္တဝါလေးက တစ်ချက် နမ်းကြည့်ပြီးနောက် ခေါင်းလွှဲသွားသည်။သူ မကြိုက်သည်မှာ ထင်ရှားသည်။
“ဂွပ်”
လုပေါင်သည်အသီးကို သူ၏ ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားလိုက်သည်။၎င်းမှာ ကြွပ်ဆတ်ပြီး ပူနေကာ ပြင်းရှသော ချီစွမ်းအင်များ သူ၏ စိတ်ဝိညာဥ်ထဲသို့ စီးဝင်သွားသည်။ နှစ်တစ်ရာ မီးဝိညာ်သီး၏ ကျင့်စဉ်တိုးတက်စေသော ဆေးဖက်ဝင်မှုမှာအာနိသင်မှာ အံ့မခန်းလှသည်။
‘တကယ့်ကို ရတနာပဲ။’
“မင်းက ကိလင်လား။ မီးကိလင် လား။”
“ဒီမြေပေါ်မှာ ကြွေကျနေတဲ့ အသီးတွေကို မင်း မလိုချင်တော့ဘူးလား။မလိုချင်ရင် ငါ့ကို ပေးလို့ ရမလား။”
“အပေါ်က တောက်တောက်ပြောင်ပြောင် အရာတွေက အရမ်းမျက်စိကျိန်းတာပဲ။ အဲဒါတွေကို မင်းအတွက် ငါ ခွာပေးမယ်နော်၊ ဟုတ်ပြီလား။တဖိတ်ဖိတ်တောက်နေတာက မျက်စိအတွက် မကောင်းဘူး မင်းအတွက် ငါ အကုန် ခွာပေးလိုက်မယ်။”
“ဒီမှာ မင်းတစ်ကောင်တည်းလားတခြား အဖော်တွေ မရှိဘူးလား။”
“ချော်ရည်တွေအောက်မှာ ရတနာတွေ ရှိလား။”
“နှစ်တစ်ထောင် မီးဝိညာဉ်သီး မှည့်တဲ့အခါကျရင် ငါ့ကို နည်းနည်းလောက် ပေးနိုင်မလား။”
လုပေါင်သည် ပွတ်သပ်လိုက် ဖက်လိုက်ဖြင့် အဆက်မပြတ် စကားပြောနေတော့သည်။ သတ္တဝါလေးမှာ အထီးကျန်နေသည်မှာ ကြာပြီဖြစ်၍ ဖြစ်နိုင်သည် သူ့ကိုစိတ်မတိုဘဲ အလေးအနက် နားထောင်နေသည်။
အပြင်ဘက်မှ ဖြူကြီးသည် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေသည်။စစ်သူကြီး လေးကောင်မှာလည်း သူတို့၏ ခေါင်းများကို ကုတ်လိုက် ပါးကို ကုတ်လိုက်နှင့် သူတို့၏ အမွှေးများကိုပင် ဆွဲနုတ်ကြည့်ကာ နာကျင်မှု ရှိ၊ မရှိ စစ်ဆေးနေကြသည်။ ဤသည်မှာ အိပ်မက်တစ်ခု ဖြစ်နေရမည်။
လုပေါင်သည် သတ္တဝါလေးကို ဖက်ထားရင်း မြစိန်သီးများကို ကောက်ကာ ပတ္တမြားများကို ခွာနေသည်။ကျောက်ခွာသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ သတ္တဝါလေးသည် ခွာထားသော ပတ္တမြားအရိုင်းတုံးများကို ကြည့်ကာ လုပေါင်ကို နားမလည်သလို ကြည့်နေသည်။ ရုတ်တရက် သူသည် ရုန်းထွက်လိုက်ပြီး အောက်သို့ ခုန်ဆင်းကာ ချော်ရည်ထဲသို့ ငုပ်သွားသည်။
“သူ ဘာလို့ ဆင်းသွားတာလဲ။”
လုပေါင်နောက်လှည့်ကြည့်လိုက်သည်။
“ထားလိုက်ပါတော့ဆက်ခွာဦးမယ်။”
သူ နှစ်ချက်ခန့်သာ ခွာပြီးချိန်မှာပင် ကျောဘက်မှ ပြင်းထန်သော အပူရှိန်ကြီး တစ်ခု တက်လာသည်။သူ အမြန်လှည့်ကြည့်လိုက်ရာ ချော်ရည်စီးကြောင်း တစ်ခုမှာ ကျောက်နံရံပေါ်သို့ ပန်းထွက်လာပြီး ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
လုပေါင် အသေအချာ မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ချော်ရည်များကြားရှိ မြေပြင်အနှံ့တွင် ပတ္တမြားများမှာ အကြီးအသေး အစုံအလင်ဖြင့် တဖိတ်ဖိတ် တောက်ပစွာ ပြန့်ကျဲနေသည်။
“ငါ ချမ်းသာပြီ။”