အခန်း (၆၃၁-၆၃၂)
Vol. 59 Ch. 631-632
အခန်း (၆၃၁) - အရာခပ်သိမ်းကို အရည်ကျိုနိုင်သော ပဉ္စမအဆင့် 'အရက်ကူ'၊ ဆဋ္ဌမအဆင့် 'ချစ်ခြင်းမေတ္တာကူ'နှင့် ကောင်းကင်အရက်မီးဖို(၄)။
ရက်အနည်းငယ် ကြာပြီးနောက်...။
နောက်ဆုံး၌ ကျိုးစွေ့သည်လည်း ကျင့်ကြံခြင်းဂူထဲမှ ထွက်လာခဲ့လေပြီ။
ဤအချိန်အတောအတွင်း ယာယီတံခါးပိတ်ကျင့်ကြံပြီးနောက် သူ၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အစပိုင်းကျင့်ကြံခြင်းမှာလည်း တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
“ယောက်ျား...”
ချန်ဇီယွင်၊ ယဲ့ဖေးရိုနှင့် အခြားသူများက ကျိုးစွေ့ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ဝမ်းသာအားရ ဖြစ်သွားကြလေသည်။
သူမတို့သည် ကျိုးစွေ့ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားခြင်းကို အနည်းငယ် ဂုဏ်ပြုသည့်အနေဖြင့် အစားအသောက်များကို အလျင်စလို ပြင်ဆင်လိုက်ကြ၏။
“ယောက်ျား... ဒီတစ်ကြိမ် ယောက်ျား နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားတဲ့ သတင်းက ချန်လန်ပင်လယ်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီလို့ ဆိုရမယ်…”
“ရွှမ်ပေါင်မျှော်စင်၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း စတဲ့ ဂိုဏ်းတွေက ကျွန်မတို့ ရွှမ်ဟွမ်ဂိုဏ်းကို အညံ့ခံချင်နေကြပုံရတယ်…”
“ယောက်ျားက ဘယ်လိုလုပ်ဖို့ စီစဉ်ထားသလဲတော့ မသိဘူး…”
ယဲ့ဖေးရိုက ကျိုးစွေ့အား စူးစမ်းစွာဖြင့် ကြည့်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ ရွှမ်ဟွမ်ဂိုဏ်း၏ စွမ်းအားအရဆိုလျှင် ချန်လန်ပင်လယ်ပြင်အား တစ်ခုတည်းအဖြစ် ပေါင်းစည်းရန်မှာ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်တော့ချေ။
အခြေခံအားဖြင့် လက်ရှိရွှမ်ဟွမ်ဂိုဏ်းကို စိန်ခေါ်နိုင်မည့် မည်သည့်အင်အားစုမျှ ရှိလာရန် မဖြစ်နိုင်တော့ပေ။
ကျိုးစွေ့က အမိန့်တစ်ခွန်း ပေးလိုက်ရုံဖြင့် ချန်လန်ပင်လယ်ပြင်ရှိ တစ်ခုတည်းသော ဂိုဏ်းကြီးအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်၏။
“ဒီဂိုဏ်းတွေကို သိမ်းပိုက်ဖို့ မလိုအပ်ဘူး…”
“သူတို့ကို ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတွေအဖြစ် သတ်မှတ်လိုက်မယ်…”
“ပြီးတော့ နှစ်စဉ် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်စေပြီး ပင်လယ်ပြင်တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခွင့် ပေးလိုက်မယ်…”
“ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းက ပင်မဂိုဏ်းအဖြစ်နေရင် လုံလောက်ပြီ…”
ကျိုးစွေ့က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
သူက ရွှမ်ဟွမ်ဂိုဏ်းအား ကျိုးမင်းဆက်ကဲ့သို့သော ဗဟိုအင်ပါယာကြီးတစ်ခုဖြစ်လာစေရန် ဆန္ဒရှိပြီး ပတ်ပတ်လည်တွင်မူ လက်အောက်ခံ နိုင်ငံငယ်လေးများ ရှိနေစေချင်ခြင်း ဖြစ်၏။
ထိုအခါ ရွှမ်ဟွမ်ဂိုဏ်းသည် အချုပ်အခြာအာဏာပိုင် အင်ပါယာကြီးဖြစ်လာပေမည်။
“ယောက်ျား... ဘာဖြစ်လို့ ဒီဂိုဏ်းတွေကို တိုက်ရိုက် မသိမ်းပိုက်ရတာလဲ…”
ချန်ဇီယွင်မှာ အလွန်ပင် ဇဝေဇဝါဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းများကို မသိမ်းပိုက်ပါက ရွှမ်ဟွမ်ဂိုဏ်း၌ မထင်မှတ်ထားသော ကိစ္စတစ်ခုခု ဖြစ်ပေါ်လာချိန်တွင် ဤဂိုဏ်းများက ပထမဆုံး ပုန်ကန်ကြမည်ဖြစ်ပြီး အမြဲတမ်း မတည်ငြိမ်သော အရာများအဖြစ် ရှိနေမည်ဖြစ်သောကြောင့်ပင်။
“ရှင်းရှင်းလေးပါ… ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းက ဒီလောက်များတဲ့ တပည့်တွေကို လက်ခံဖို့ မဖြစ်နိုင်လို့ပဲ…”
“ပြီးတော့ ဒီလောက်များတဲ့ တပည့်တွေလည်း မလိုအပ်ဘူးလေ…”
“ပါရမီရှင်တွေ၊ ဒါမှမဟုတ် ကံတရားကြီးမားတဲ့သူတွေသာ ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းအတွက် လိုအပ်တာ…”
“ဒီဝိညာဉ်သန္ဓေသားဂိုဏ်းတွေ၊ ရွှေအမြုတေဂိုဏ်းတွေ၊ အခြေတည်အဆင့် ဂိုဏ်းတွေဆိုတာ တကယ်တော့ အရမ်းကောင်းမွန်တဲ့ အဖြည့်ခံတွေပဲ…”
“သူတို့က စိတ်ဝိညာဉ်အမြစ်ပါရမီ သာမန်သာရှိတဲ့ တပည့်တွေကို လက်ခံဖို့ ကူညီပေးနိုင်ပြီး ကိုယ်တို့ရဲ့ ဖိအားတွေကို ခွဲယူပေးနိုင်တယ်…”
ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။
ထင်ရှားစွာပင် ကျင့်ကြံခြင်းကမ္ဘာနှင့် ယခင်ဘဝ၏ အခြေအနေမှာ လုံးဝကွာခြားပြီး နည်းပညာစနစ်များမှာလည်း မတူညီချေ။
ထို့ကြောင့် စနစ်တစ်ခုကို တစ်ထပ်တည်း မှတ်ယူ၍မရဘဲ လက်တွေ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပေသည်။
ဤကမ္ဘာကြီးသည် ကျင့်ကြံသူများ၏ ကမ္ဘာဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းအားကို အခြေခံလေသည်။
အရည်အသွေးက အရေအတွက်ထက် ပို၍အရေးပါ၏။
ကျင့်ကြံသူအရေအတွက် ပိုများလာလေ ပိုကောင်းလေဟု မဆိုလိုပေ။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးသည် အဆင့်နိမ့်ကျင့်ကြံသူ သန်းပေါင်းများစွာနှင့် ညီမျှလောက်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ အဆင့်နိမ့်ကျင့်ကြံသူ သန်းတစ်ထောင်နှင့်ပင် ညီမျှနိုင်သေး၏။
ဤစကားလုံးများမှာ ရက်စက်လွန်းလှသော်လည်း နှိုင်းယှဉ်၍မရနိုင်သော လက်တွေ့အမှန်တရားပင် ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်းသည် ဝိညာဉ်သန္ဓေသားအဆင့်များနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်များကို တစ်ဦးပြီးတစ်ဦး မွေးထုတ်ပေးနိုင်သရွေ့ ဤဂိုဏ်းများကို ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။
ထို့နောက် အမြဲတမ်း အမြင့်မြတ်ဆုံးသော ပင်မဂိုဏ်းအဖြစ် တည်ရှိနေမည် ဖြစ်၏။
ပြဿနာမှာ ရွှမ်ဟွမ်ဂိုဏ်းက ဤမျှသာ ကျယ်ဝန်းပြီး အရင်းအမြစ်များကလည်း ဤမျှသာ ရှိနေခြင်းပင် ဖြစ်သည်။
သဘာဝကျစွာ လူတိုင်းကို နဂါးများကဲ့သို့ စွမ်းအားကြီးမားသော ကျင့်ကြံသူများ ဖြစ်လာစေရန်နှင့် တာအိုကို နားလည်သဘောပေါက်ကာ အင်မော်တယ်များ ဖြစ်လာစေရန်မှာ မဖြစ်နိုင်ချေ။
တစ်ချိန်တည်းမှာပင် လောက၌ စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသော ကျင့်ကြံသူများက များပြားလှရာ ၎င်းတို့ကို မကျင့်ကြံစေဘဲ သာမန်လူများအဖြစ်သာ အမြဲတမ်း နေထိုင်ခိုင်းရန်မှာလည်း မဖြစ်နိုင်ပေ။
အကယ်၍ အလွန်အကျွံ ဖိနှိပ်ထားမည်ဆိုပါက လူထုအုံကြွမှုကို ဖြစ်ပေါ်စေနိုင်ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ ကံကြမ္မာကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဤလက်အောက်ခံဂိုဏ်းများ တည်ရှိနေခြင်းက အတော်လေး အရေးပါလှ၏။
၎င်းတို့က ရွှမ်ဟွမ်ဂိုဏ်း မလိုအပ်သော တပည့်အချို့ကို လက်ခံပေးနိုင်သည်။
ဥပမာအားဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်၊ အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ပါရမီရှိသော ကျင့်ကြံသူများ ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်းက သဘောမကျသော်လည်း သာမန်ဂိုဏ်းများအတွက်မူ အလွန်ပင် သင့်လျော်လှ၏။
မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်များကလည်း ထိုမျှ မကြီးမားကြဘဲ လူတိုင်း ဝိညာဉ်သန္ဓေသားအဆင့်၊ နတ်ဘုရားအသွင်ပြောင်းအဆင့်များ ဖြစ်လာရန် မလိုအပ်ချေ။
အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်လာလျှင်ပင် အတော်လေး ကောင်းမွန်သော အောင်မြင်မှုဟု ဆိုရမည် ဖြစ်သည်။
“ပင်မဂိုဏ်းစနစ်လား…”
“တကယ်ကို မဆိုးတဲ့ စနစ်တစ်ခုပါပဲ…”
“ချန်လန်ပင်လယ်ပြင်က ဒီလောက်ကျယ်ပြောတာ၊ ကျွန်မတို့ ရွှမ်ဟွမ်ဂိုဏ်းက ကျင့်ကြံသူတွေက အရမ်းရှားပါးတော့ ပင်လယ်ပြင်ရဲ့ နေရာတိုင်းကို အုပ်ချုပ်နိုင်မှာ မဟုတ်ဘူးလေ…”
“ဒေသအများစုကတော့ အဲဒီ လက်အောက်ခံဂိုဏ်းတွေကိုပဲ အားကိုးရမှာပေါ့…”
“ကျွန်မတို့က သတ်မှတ်ထားတဲ့ အခွန်ပမာဏကို ကောက်ခံလိုက်ရုံနဲ့ လုံလောက်ပြီ… ပြဿနာတွေကို သူတို့ဘာသာ ဖြေရှင်းပါစေပေါ့…”
သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားသည်။
မည်သို့ပင်ဖြစ်စေ အတိတ်တုန်းက ဝူကျိမဟာမိတ်အဖွဲ့သည်လည်း အလားတူစနစ်မျိုးကို အသုံးပြုခဲ့သဖြင့် ဤမျှများပြားသော ကျင့်ကြံသူမိသားစုများနှင့် ရွှေအမြုတေဂိုဏ်းများကို စုစည်းနိုင်ခဲ့ခြင်း မဟုတ်ပါလော။
ဤသည်က ဝူကျိမဟာမိတ်အဖွဲ့အား လျင်မြန်စွာ တိုးတက်ကြီးထွားလာစေခဲ့ပြီး ချန်လန်ပင်လယ်ပြင်၏ လမ်းမှန်အင်အားစုကြီးငါးခုထဲမှ တစ်ခုဖြစ်လာစေခဲ့၏။
“မှန်တယ်… ဒါက ပင်မဂိုဏ်းစနစ်ရဲ့ အားသာချက်ပဲ…”
“ငွေကို ကိုယ်တို့က ကောက်မယ်… ဒါပေမဲ့ ပြဿနာတွေကိုတော့ သူတို့ဘာသာ ဖြေရှင်းရလိမ့်မယ်…”
“အကယ်လို့ အဲဒီလက်အောက်ခံဂိုဏ်းတွေက မကောင်းမှုမှန်သမျှ အကုန်လုပ်ပြီး ပြည်သူတွေကို ဖိနှိပ်လာမယ်ဆိုရင် ကိုယ်တို့က လူကောင်းဝင်လုပ်ပြီး ဒီပြဿနာကို ဖြေရှင်းပေးလိုက်လို့ ရတယ်…”
“ဒီလိုလုပ်တာက ပြည်သူတွေရဲ့ ကိုယ်တို့အပေါ် ယုံကြည်မှုကိုတောင် တိုးလာစေနိုင်သေးတယ်… ဘယ်လိုပဲဖြစ်ဖြစ် အမှားလုပ်တာက လက်အောက်ခံဂိုဏ်းတွေပဲလေ… ပင်မဂိုဏ်းကတော့ မှားစရာအကြောင်း မရှိဘူး…”
“ဒါတင်မကသေးဘူး… ကိုယ်တို့က ဒီစနစ်ကို တရားဝင်ဖြစ်အောင်တောင် လုပ်ပေးနိုင်သေးတယ်…”
“အကယ်လို့ တစ်ယောက်ယောက်က ဂိုဏ်းတည်ထောင်ချင်တယ်ဆိုရင် ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းဆီမှာ လာရောက်စာရင်းသွင်းလို့ ရတယ်…”
“စွမ်းအားလုံလောက်မှုရှိနေသရွေ့ ဒုတိယအဆင့် ကျွန်းတစ်ကျွန်း ဒါမှမဟုတ် တတိယအဆင့် ကျွန်းတစ်ကျွန်းကို ဂိုဏ်းရဲ့အခြေစိုက်စခန်းအဖြစ် ရယူနိုင်ခွင့် ရှိတယ်…”
“ပြီးတော့မှ ဒီဂိုဏ်းငယ်လေးတွေ၊ မိသားစုငယ်လေးတွေကို ရွှမ်ဟွမ်ဂိုဏ်းရဲ့ စီမံအုပ်ချုပ်မှုအောက် အကုန်ထည့်သွင်းလိုက်မယ်…”
“အင်အားစုတိုင်းက ကိုယ်တို့ဆီကို အခွန်ပေးဆောင်ဖို့ လိုအပ်တယ်…”
“ဒီလိုဆိုရင် ကိုယ်တို့ အပြင်မထွက်ရင်တောင်မှ ပင်လယ်ပြင်နေရာအနှံ့က ကြွယ်ဝချမ်းသာမှုတွေကို ရရှိနိုင်ပြီ…”
“ဒါပေါ့… ဒီအခြေတည်အဆင့် ဂိုဏ်းတွေ၊ ရွှေအမြုတေဂိုဏ်းတွေက အဆင့်တက်ချင်တယ်၊ ပိုကောင်းတဲ့ကျွန်းတွေကို ရချင်တယ်ဆိုရင်လည်း လျှောက်ထားဖို့ လိုအပ်ပြီး စိစစ်မှုများစွာကို ဖြတ်ကျော်ရလိမ့်မယ်…”
“ဒါတင်မကသေးဘူး… ဒီဂိုဏ်းတွေက ကိုယ်တို့ဆီကို ပါရမီရှင်တပည့် အမြောက်အမြား ပို့ဆောင်ပေးနိုင်သေးတယ်… အကယ်လို့ ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့် အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ကိုယ်တို့ ရွှမ်ဟွမ်ဂိုဏ်းဆီက ရတနာဆုလာဘ် အမြောက်အမြားကို ရရှိစေရမယ်…”
“ဥပမာပြောရရင် စတုတ္ထအဆင့် ရတနာဆေးလုံးတွေ၊ အခြေတည်ဆေးလုံးတွေ၊ ရွှေရည်ကျောက်စိမ်းဆေးလုံး စတာတွေပေါ့…”
“ဒါက သူတို့ဆီက ပါရမီရှင်တပည့်တွေကို ကိုယ်တို့ဆီ ပို့ဆောင်ချင်လာအောင် လှုံ့ဆော်ပေးနိုင်လိမ့်မယ်…”
ကျိုးစွေ့က ခပ်ဖွဖွပြုံးလိုက်သည်။
သူသည် သူ၏ ဂိုဏ်းတည်ဆောက်ရေး အယူအဆကို ရိုးရှင်းစွာ ရှင်းပြလိုက်၏။
ရွှမ်ဟွမ်ဂိုဏ်းက ယခင်ဘဝရှိ ကျိုးမင်းဆက်အင်ပါယာကြီးနှင့် အတူတူပင် ဖြစ်သည်။
ကောင်းကင်ဘုံသားတော်တစ်ပါးကဲ့သို့ ကမ္ဘာလောကကြီးတစ်ခုလုံးကို အမိန့်ပေးနိုင်ပေမည်။
ဤစနစ်၏ အားနည်းချက်မှာ နယ်စားမြို့စားများ ပုန်ကန်ခြင်း၊ အင်ပါယာအင်အားဆုတ်ယုတ်ခြင်း၊ လက်အောက်ငယ်သားများက သန်မာပြီး အရှင်သခင်က အားနည်းလာခြင်းတို့ကို ကြောက်ရွံ့ရခြင်းဖြစ်ကာ ၎င်းက စနစ်တစ်ခုလုံးကို ပြိုကွဲသွားစေနိုင်သည်။
ပြဿနာမှာ ဤသည်ကား သာမန်လူများ၏ ကမ္ဘာမဟုတ်ဘဲ ကျင့်ကြံသူများ၏ ကမ္ဘာဖြစ်နေခြင်းပင်။
ဝိညာဉ်သန္ဓေသားအဆင့်က နှစ်တစ်ထောင် အသက်ရှင်နိုင်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်က နှစ်သုံးထောင် အသက်ရှင်နိုင်ပေသည်။
ဤမျှရှည်လျားသော သက်တမ်းမှာ သာမန်လူများ မှန်းဆနိုင်သည့်အရာ လုံးဝမဟုတ်ချေ။
ထို့အပြင် ကျင့်ကြံသူများသည် အရင်းအမြစ်များအပေါ် မှီခိုရမှု အလွန်ပင် ကြီးမားလှသည်။ လုံလောက်သော အရင်းအမြစ်များသာ မရှိပါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူဖြစ်လျှင်ပင် ဝိညာဉ်သန္ဓေသားအဆင့်၊ သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် အလွန်ခက်ခဲပေလိမ့်မည်။
ပါရမီအပေါ် မှီခိုအားထားရမှုမှာလည်း အံ့မခန်းပင် ဖြစ်သည်။
ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်းက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများနှင့် ကံကြမ္မာကောင်းသူများကို လက်ဝါးကြီးအုပ်ထားနိုင်သရွေ့ မျိုးဆက်တိုင်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာရန် သေချာစေနိုင်ပြီး ပင်မဂိုဏ်း၏ အစွမ်းထက်သော ခွန်အားကို အာမခံနိုင်မည် ဖြစ်သည်။
ဤသို့ဆိုလျှင် ဤပင်မဂိုဏ်းစနစ်မှာ ပြဿနာပေါ်လာမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဤသည်က ရွှမ်ဟွမ်ဂိုဏ်းကို နှစ်သောင်းချီတည်တံ့သော ဂိုဏ်းတစ်ခုအဖြစ်သာမက၊ အင်မော်တယ်ဂိုဏ်းတစ်ခုအဖြစ်ပင် ဖြစ်လာစေနိုင်ပေသည်။
အခန်း (၆၃၂) - အရာခပ်သိမ်းကို အရည်ကျိုနိုင်သော ပဉ္စမအဆင့် 'အရက်ကူ'၊ ဆဋ္ဌမအဆင့် 'ချစ်ခြင်းမေတ္တာကူ'နှင့် ကောင်းကင်အရက်မီးဖို(၅)။
“ယောက်ျားက တကယ် တော်တာပဲ...”
“ပင်မဂိုဏ်းစနစ်က ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သလို ပြဿနာအားလုံးကိုလည်း မဖြေရှင်းနိုင်ဘူးဆိုပေမယ့်...”
“လက်ရှိ အခြေအနေနဲ့ဆိုရင်တော့ တကယ်ကို အသင့်တော်ဆုံး စနစ်တစ်ခုပါပဲ...”
ယဲ့ဖေးရိုသည် ကျိုးစွေ့ကို အလွန်လေးစားစွာဖြင့် ကြည့်လိုက်၏။
သူမသည် ယခင်က ဂိုဏ်းချုပ်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဂိုဏ်းတစ်ခုကို စီမံအုပ်ချုပ်ရန် မည်မျှခက်ခဲသည်ကို သဘာဝကျကျ သိရှိပေသည်။
သေချာပေါက် ခွန်အားနှင့် စွမ်းအင်အများအပြားကို သုံးစွဲရမည် ဖြစ်၏။
သို့သော် သူမ၏ ယောက်ျားကမူ ဤပြဿနာကို ဤမျှ လွယ်ကူစွာပင် ဖြေရှင်းနိုင်ခဲ့သည်။
သူမ၏ ယောက်ျားသည် အလွန်တရာ ပါရမီထူးချွန်လွန်းသည်ဟုသာ ဆိုရပေမည်။
“ကဲ... ဒီကိစ္စတွေကို မင်းတို့ဆီပဲ လွှဲထားလိုက်တော့မယ်...”
ကျိုးစွေ့က လက်ယမ်းပြလိုက်၏။
သူသည် စားသောက်ပြီးနောက် ထွက်ခွာချင်နေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူလုပ်ရမည့် အလွန်အရေးကြီးသော ကိစ္စတစ်ခု ရှိနေသေးရာ ဆက်လက်၍ အချိန်မဆွဲချင်တော့ပေ။
“ယောက်ျား... ဘာသွားလုပ်ဖို့ စီစဉ်ထားလို့လဲ...”
ရှရွှေယန်နှင့် အခြားသူများက ကျိုးစွေ့အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။
သူတို့သည် ဤယောက်ျား၏ စရိုက်ကို အလွန် ကောင်းစွာသိရှိကြပြီး စားသောက်ပြီးသည်နှင့် ၎င်းတို့အား အနိုင်ကျင့်တော့မည်မှာ သေချာပေသည်။
သို့သော် ယခုမူ ထိုကဲ့သို့သော ကိစ္စမျိုးကို စွန့်လွှတ်လိုက်ခြင်းမှာ အမှန်တကယ်ပင် စဉ်းစားရခက်ဖွယ် ဖြစ်နေ၏။
“ရွှမ်ဟွမ်ကျွန်းပေါ်က နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သွားရှင်းလင်းရမယ်...”
ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ထိုစကားထွက်ပေါ်လာသည်နှင့် ချန်ဇီယွင်နှင့် အခြားသူများမှာ ချက်ချင်း အံ့အားသင့်သွားကြ၏။ ရွှမ်ဟွမ်ကျွန်းပေါ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ကို ချိပ်ပိတ်ထားပြီး ထိုနေရာမှာ ရွှမ်ဟွမ်တောင်ထွတ်အနီးရှိ တောင်ကြားတစ်ခုတွင် ဖြစ်ကြောင်းကို သူတို့ သဘာဝကျကျ သိရှိထားကြသည်။
ပြဿနာမှာ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာနတ်ဆိုးသည် နှိုင်းယှဉ်၍မရအောင် အစွမ်းထက်နေခြင်းပင်။
ယခင်က ကုယုံဂိုဏ်းသည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို ရင်ဆိုင်ရန်အတွက် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရ၏။
သို့တိုင်အောင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။
အများဆုံးအနေဖြင့် ၎င်းကို ယာယီသာ ချိပ်ပိတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ၎င်းတို့၏ ယောက်ျားက ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်ဖြတ်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
အကယ်၍ အောင်မြင်ခဲ့ပါက သဘာဝကျကျ ကောင်းမွန်သော ကိစ္စဖြစ်ပြီး ကြီးမားလှသော ရန်သူကြီးတစ်ဦးကို ရှင်းလင်းလိုက်သည်နှင့် တူညီပေမည်။
သို့သော် ကျရှုံးသွားခဲ့ပါက ကြီးမားသော ဘေးအန္တရာယ်ကြီး ဖြစ်လာမည်ဖြစ်ပြီး အသေအပျောက်များသော ကပ်ဘေးကြီးနှင့် တွေ့ကြုံရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
အကြွင်းမဲ့ ယုံကြည်မှု မရှိပါက ပေါ့ပေါ့ဆဆ မလှုပ်ရှားခြင်းက ပိုကောင်းမည်ဟု သူတို့ ခံစားမိကြလေသည်။
“ယောက်ျား... သေချာလို့လား...”
ယဲ့ဖေးရိုက မနေနိုင်ဘဲ မေးလိုက်၏။
“ကလေးကစားစရာလေးပါကွာ...”
ကျိုးစွေ့က လက်ယမ်းပြလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ လှုပ်ရှားသွားကာ ထိုတောင်ကြားထဲသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
တောင်ကြား၏ ပတ်ပတ်လည်တွင် ပဉ္စမအဆင့် တားမြစ်အစီအရင်များကို သိပ်သည်းစွာ ခင်းကျင်းထားသည်ကို မြင်တွေ့ရပြီး ၎င်းမှာ အရပ်ရှစ်မျက်နှာ မိစ္ဆာချိပ်ပိတ်အစီအရင်ပင် ဖြစ်ချေသည်။
ဤပဉ္စမအဆင့် ချိပ်ပိတ်အစီအရင်ကြောင့်ပင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို နှစ်ပေါင်းသောင်းချီကြာအောင် ချိပ်ပိတ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
“သေးနုပ်တဲ့ လူသားကောင်စုတ်လေး...”
“ဉာဏ်ကောင်းမယ်ဆိုရင် ဒီအရှင်မြတ်ကို အခုချက်ချင်း လွှတ်ပေးလိုက်စမ်း...”
“မဟုတ်ရင် ငါ ဒီချိပ်ပိတ်မှုတွေထဲကနေ ရုန်းထွက်နိုင်တဲ့အခါ ဒီကလူသားတွေအားလုံး သေရလိမ့်မယ်...”
တောင်ကြားအတွင်းရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးသည် ကျိုးစွေ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ချက်ချင်း အာရုံခံမိသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် တောင်ကြား၏ အနက်ပိုင်းနေရာမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ထွက်ပေါ်လာပြီး ပကတိ နတ်ဆိုးနယ်မြေတစ်ခုအဖြစ် ဖန်တီးလိုက်၏။
သာမန်ကျင့်ကြံသူများသာ မတော်တဆ ဤနတ်ဆိုးချီ အနည်းငယ်မျှနှင့် ထိတွေ့မိပါက နတ်ဆိုးအဖြစ်သို့ ကူးပြောင်းသွားနိုင်ချေရှိသည်။
ဤနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် နတ်ဆိုးမျိုးနွယ်စုများကြားတွင် နာမည်ကျော်ကြားလှသော သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင် ဖြစ်သောကြောင့်ပင်။
၎င်းသည် အဆုံးမဲ့သော သေမင်းတမန် သဲမုန်တိုင်းများကို ဖန်တီးနိုင်ပြီး ရောက်လေရာနေရာတိုင်းရှိ ရေဓာတ်နှင့် သက်စောင့်စွမ်းအင်အားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည်။
၎င်းပေါ်လာသော နေရာတိုင်းတွင် မြေကြီးများ ခြောက်သွေ့သွားမည်ဖြစ်ပြီး မြစ်ရေများ ခန်းခြောက်သွားကာ သက်ဝင်လှုပ်ရှားနေသော မြေယာတစ်ခုလုံးသည် သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ သက်စောင့်စွမ်းအင်များသည်လည်း ဝါးမျိုခံရပြီး ခြောက်သွေ့နေသော အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
ပို၍အရေးကြီးသည်မှာ ၎င်း၌ မသေမျိုးခန္ဓာကိုယ် ရှိနေခြင်းပင် ဖြစ်လေသည်။
ခေါင်းဖြတ်ခံရလျှင် သို့မဟုတ် နှလုံးဖောက်ထွင်းခံရလျှင်ပင် ၎င်းသည် သေဆုံးမည် မဟုတ်ပေ။
ထို့ကြောင့် ရှေးဟောင်းခေတ်ကာလက ကုယုံဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်အများအပြားသည် အရပ်ရှစ်မျက်နှာ မိစ္ဆာချိပ်ပိတ်အစီအရင်ကို အသုံးပြုကာ ၎င်းအား တောင်ကြားအတွင်း၌ ချုပ်နှောင်ထားရန်သာ တတ်နိုင်ခဲ့ကြသည်။
အချိန်၏စွမ်းအားကို အသုံးပြု၍ ဤနတ်ဆိုး၏ စွမ်းအားကို တိုက်စားပစ်ရန် မျှော်လင့်ခဲ့ကြခြင်းဖြစ်၏။
တကယ်ကို ထိရောက်မှုရှိသည်ဟု ဆိုရပေမည်။
ဤနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး မည်မျှပင် အစွမ်းထက်နေစေကာမူ အချိန်၏စွမ်းအားကို ရင်ဆိုင်ရသောအခါ အချည်းနှီးသာ ဖြစ်သွားရသည်။
၎င်းခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများမှာ အမှန်တကယ်ပင် လျင်မြန်စွာ ဆုတ်ယုတ်နေခဲ့၏။
နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်မှနေ၍ နှောင်းပိုင်းအဆင့်၊ အလယ်အလတ်အဆင့်နှင့် ယခုလက်ရှိ အစောပိုင်းအဆင့်အထိ တဖြည်းဖြည်း ကျဆင်းလာခဲ့ခြင်း ဖြစ်၏။
အကယ်၍ အချိန်အနည်းငယ် ထပ်မံကြာမြင့်သွားပြီး ပြင်ပမှ စွမ်းအင်ဖြည့်တင်းမှု မရှိပါက ၎င်း၏စွမ်းအားများသည် ဝိညာဉ်သန္ဓေသားအဆင့်အထိ ကျဆင်းသွားဖွယ်ရှိသည်။
၎င်းမှာ မဖြစ်နိုင်သောကိစ္စ မဟုတ်ပေ။
“စိတ်ချ... အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး...”
“ဘာလို့လဲဆိုတော့ မင်း မကြာခင် သေရတော့မှာမို့လို့ပဲ...”
ကျိုးစွေ့က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“မကြာခင် သေရမယ်… မောက်မာလှတဲ့ လူသားခွေးကောင်လေး...”
“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...”
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက လူသားတွေရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်တွေ အများကြီး ပူးပေါင်းခဲ့ကြတာတောင်မှ ဒီအရှင်မြတ်ကို မသတ်နိုင်ခဲ့ကြဘူး...”
“နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အခုမှ တက်လှမ်းထားတဲ့ မင်းလို အကောင်ပေါက်လေးက ဒီအရှင်မြတ်ကို သတ်ချင်နေတာလား… ငါ့ကို ရယ်သေအောင် လာလုပ်နေတာလား...”
သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်က မောက်မာဝင့်ကြွားစွာဖြင့် ဟားတိုက်ရယ်မောလိုက်သည်။
သူ့ရှေ့ရှိ လူသားကောင်လေး၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်နေပြီဖြစ်ကြောင်းကို သဘာဝကျကျ အာရုံခံမိလိုက်သည်။
သို့တိုင် ၎င်းသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
၎င်း၏ မသေမျိုးခန္ဓာကိုယ်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးစွမ်းအားများဖြင့်ဆိုလျှင် သာမန်လူသားတို့၏ နတ်ဘုရားအသွင်ပြောင်းအဆင့်ဆိုသည်မှာ ဘာမျှမဟုတ်သောကြောင့် ဖြစ်၏။
ရွှစ်…။
သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင် စကားပြော၍ မဆုံးသေးမီမှာပင် ကျိုးစွေ့သည် ခြေလှမ်းကျယ်တစ်လှမ်း လှမ်းကာ တောင်ကြားအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပြီး သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်၏ ရှေ့သို့ ရောက်ရှိသွားကာ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို ထိုအတိုင်းသာ ကြည့်နေလိုက်သည်။
“ဘာ… လူသားကောင်လေး...”
“မင်းက ငါ့အနားကို တကယ် ကပ်ရဲတယ်ပေါ့...”
“လာအသေခံတာလား...”
သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်မှာ အံ့အားသင့်သွားပြီး အခြေအနေမကောင်းသည်ကို ပင်ကိုအသိစိတ်ဖြင့် အာရုံခံမိလိုက်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည်လည်း ငတုံးတစ်ယောက်မဟုတ်ရာ ရှေ့ရှိလူသားသည် ယုံကြည်မှုအပြည့်မရှိဘဲ ဤကဲ့သို့ လုပ်ဆောင်ရဲမည်မဟုတ်ကြောင်းကို နားလည်ပေသည်။
ပြဿနာမှာ ယခုအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ၎င်းအနေဖြင့် အားနည်းချက်ကို ပြသရန် မဖြစ်နိုင်တော့ချေ။
သို့မဟုတ်ပါက ဤသေးနုပ်သော လူသားကျင့်ကြံသူ၏ အထင်သေးခြင်းကို အမှန်တကယ် ခံရပေတော့မည်။
“သေလိုက်တော့...”
ကျိုးစွေ့သည် ဤသဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်အား မည်သည့်စကားမှ ပြောဆိုရန် စိတ်ကူးမရှိဘဲ 'မိုးကြိုးကပ်ဘေးကူ'ကို ချက်ချင်း ဆင့်ခေါ်လိုက်၏။
နတ်ဘုရားမိုးကြိုး…။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်မဲ့ မိုးကြိုးကပ်ဘေးများက ပစ်ခွင်းလာပြီး သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ရက်ရက်စက်စက် ကျရောက်သွားသည်။
ဤသည်မှာ ကောင်းကင်ပြစ်ဒဏ် မိုးကြိုးများပင် ဖြစ်လေသည်။
နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် နတ်ဆိုးပင်လျှင် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
“အား... အား... အား...”
ချက်ချင်းပင် သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်ထံမှ သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးစွမ်းအားများ ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးအရှိန်အဝါများသည်လည်း ဆီးနှင်းများ အရည်ပျော်သွားသကဲ့သို့ လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်သွားချေပြီ။
ဤအခိုက်အတန့်တွင် ၎င်းသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော နာကျင်မှုကို ခံစားလိုက်ရပြီး ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးနှင့် ကြုံတွေ့နေရသကဲ့သို့ ဖြစ်နေ၏။
နတ်ဘုရားမိုးကြိုး၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ၎င်း၏ဝိညာဉ်ပင်လျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ပူးပေါင်းခဲ့လျှင်ပင် ဖန်တီးနိုင်မည်မဟုတ်သော ဒဏ်ရာမျိုး ဖြစ်သည်။
ထိုမျှမက ယခုအချိန်တွင် ၎င်း၏ မသေမျိုးခန္ဓာကိုယ်မှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိတော့သည်ကိုပင် ၎င်း သိရှိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤကပ်ဘေးမိုးကြိုးစွမ်းအားများက ၎င်း၏ ဒဏ်ရာများ ပြန်ကျက်မသွားစေရန် တားဆီးနေသောကြောင့်ပင်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရပြီး ဤတစ်ကြိမ်တွင်မူ အသက်ရှင်ရန် အခွင့်အရေးနည်းပါးနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ရှေ့ရှိလူသားသည် ၎င်းအား သတ်ဖြတ်နိုင်မည့် စွမ်းအားနှင့် နည်းလမ်းများကို အမှန်တကယ် ပိုင်ဆိုင်ထားချေသည်။
ဘန်း… ဘန်း… ဘန်း…။
မူလက သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်သည် တစ်စုံတစ်ရာကို ပြောချင်နေသေးသော်လည်း ကျိုးစွေ့က ၎င်းအား ထိုကဲ့သို့သော အခွင့်အရေးမျိုး လုံးဝ မပေးခဲ့ပေ။ နတ်ဘုရားမိုးကြိုး ဆယ်ဂဏန်းမှ ရာဂဏန်းအထိသည် သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုစွမ်းအားကို ဖြစ်ပေါ်စေခဲ့၏။
ချက်ချင်းပင် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အပေါက်များဖြစ်သွားပြီး အပိုင်းပိုင်းအစစ ပြတ်တောက်သွားတော့သည်။
၎င်း၏ခန္ဓာကိုယ်မှာ ချိပ်ပိတ်ထားသော သံကြိုးများဖြင့် ချည်နှောင်ခံထားရသောကြောင့် မည်သည့်တန်ပြန်လုပ်ဆောင်မှုမျိုးကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။
၎င်းသည် ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည်ကိုသာ မျက်စိအပြူးသားဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။
၎င်းမှာ ဓားချက်ပေါင်း ထောင်သောင်းချီ၍ အခုတ်ခံနေရသကဲ့သို့ ဖြစ်နေ၏။
“မဆိုးဘူး… အဲဒါကို ဝါးမျိုလိုက်စမ်း...”
ကျိုးစွေ့ အလွန်ကျေနပ်သွားလေသည်။ ယခုအချိန်တွင် သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်မှာ အသက်ငင်နေပြီဖြစ်ပြီး သက်စောင့်အငွေ့အသက်များမှာ လေတိုက်ခံရသော ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေချေပြီ။
“မလုပ်နဲ့... မလုပ်နဲ့... ရပ်လိုက်စမ်း...”
သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်သွားသော အမူအရာများ ပေါ်လာပြီး သေရေးရှင်ရေး အန္တရာယ်ကြီးကို ခံစားလိုက်ရသည်။
ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော လူသားသည် ၎င်းအား သတ်ဖြတ်ရန် နည်းလမ်းကို အမှန်တကယ် ပိုင်ဆိုင်ထားပေ၏။
ထိုအချိန်တွင် ပဉ္စမအဆင့် 'အရက်ကူ'က ချက်ချင်း လှုပ်ရှားလိုက်သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရက်နယ်မြေကို ထုတ်လွှတ်လိုက်ပြီး တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။
အဆုံးမဲ့သော အရက်အငွေ့အသက်များသည် တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မူးယစ်စေသော အငွေ့အသက်များဖြင့် ပြည့်နှက်သွား၏။
နောက်တစ်စက္ကန့်တွင် ပဉ္စမအဆင့် 'အရက်ကူ'သည် ပါးစပ်ကြီးကို ဟလိုက်ရာ ကြီးမားလှသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး ဤသဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်ကို ၎င်း၏ဝမ်းဗိုက်ထဲသို့ ချက်ချင်း ဝါးမျိုလိုက်တော့သည်။
အထွတ်အထိပ်ထူးကဲစွမ်းရည် - ကောင်းကင်အရက်မီးဖို။
ဤအခိုက်အတန့်တွင် 'အရက်ကူ'၏ ဝမ်းဗိုက်သည် ကြောက်မက်ဖွယ်ကောင်းသော မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်စရာကောင်းသော သန့်စင်ခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။