← Chapters

အခန်း (၆၃၃-၆၃၄)

Vol. 59 Ch. 633-634

အခန်း (၆၃၃-၆၃၄)

Vol. 59 Ch. 633-634

အခန်း (၆၃၃) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်၊ ချန်လန်ပင်လယ်ပြင်ကို ပေါင်းစည်းခြင်း၊ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြင့် အတွင်းစိတ်ရှုမြင်ခြင်း(၁)။

“အင်း...”

ကျိုးစွေ့၏ အာရုံခံစားမှုအောက်တွင် ပဉ္စမအဆင့်’အရက်ကူ’၏ ခန္ဓာကိုယ်အတွင်းရှိ အရက်ကမ္ဘာထဲ၌ အရက်ပင်လယ်တစ်စင်း ချက်ချင်းပေါ်ထွက်လာပြီး ကမ္ဘာဦးအစအရောင်အဆင်းဖြင့် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးအား လုံးဝလွှမ်းခြုံဝါးမျိုသွားလေ၏။

အရက်ပင်လယ်ထဲတွင် ရှိနေသော သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်သည် မလှုပ်ရှားနိုင်တော့ဘဲ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ဟု ဆိုသော ၎င်း၏ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်ပေါ်လာကာ ဆာဖျူရစ်အက်ဆစ်ဖြင့် တိုက်စားခံရသည့်အလား တရှဲရှဲမြည်သံများ ထွက်ပေါ်လာ‌သည်။

ဝုန်း... ဝုန်း... ဝုန်း...။

ခဏတာမျှသော အချိန်အတွင်းမှာပင် ရှေးဟောင်းခေတ်ကာလမှ လူသားနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာ၏ စွမ်းအားကုန်သုံး၍ပင် သတ်ဖြတ်နိုင်ခြင်းမရှိဘဲ ချိပ်ပိတ်ရန်သာ ရွေးချယ်ခဲ့ရသည့် သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်မှာ အလျင်အမြန်ပင် အရည်ပျော်ကာ ပျက်စီးသွားချေပြီ။

၎င်း၏ ဝိညာဉ်စွမ်းအား၊ ခန္ဓာကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအား၊ နတ်ဆိုးအသွေးအသားများ အစရှိသည်တို့အားလုံးသည် ‘အရက်ကူ’၏ အလျင်အမြန် သန့်စင်ခြင်းကို ခံလိုက်ရလေ၏။

ထို့နောက် ပဉ္စမအဆင့်ဝိညာဉ်အရက် အရည်စက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အခြေခံအားဖြင့် တစ်လီတာခန့်ရှိသော ပဉ္စမအဆင့်ဝိညာဉ်အရက်အဖြစ် သန့်စင်သွားပြီး ရွှေဝါရောင်သန်းနေကာ မွှေးကြိုင်သော အရက်နံ့များ ပျံ့လွင့်နေပေ၏။

ရွှေဝါရောင်အရည်တစ်စက်စီတိုင်းတွင် ကြီးမားလှသော စွမ်းအင်များ ပါဝင်နေပြီး ပဉ္စမအဆင့်ဆေးလုံးနှင့် ညီမျှလေသည်။

ဤပဉ္စမအဆင့် ဝိညာဉ်အရက်တစ်လီတာတွင် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အများစု ပါဝင်နေသည်ဟု ဆိုနိုင်ပေသည်။

“ဂေ့…”

‘အရက်ကူ’သည် ဗိုက်ပြည့်သွား၍ လေချဉ်တက်လိုက်ပုံရပြီး ၎င်း၏ဖောင်းကားနေသော ခန္ဓာကိုယ်သည် လေထဲတွင် ဟိုဟိုဒီဒီ ကူးခတ်နေကာ အန္တရာယ်မရှိသည့် ပုံစံမှာ ဝဖြိုးနေသော ငါးတစ်ကောင်နှင့် တူနေ‌ချေသည်။

၎င်းကိုယ်ပေါ်ရှိ အရှိန်အဝါများသည်လည်း နောက်ထပ်တစ်ဆင့် မြင့်တက်လာသည်။

သိသာထင်ရှားစွာပင် နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးတစ်ကောင်ကို သန့်စင်လိုက်ခြင်းသည် ၎င်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပြီး ၎င်း၏ကြီးထွားမှုကို ပိုမိုအားပေးနိုင်၏။

ထိုမျှပင်မက၊ ၎င်းသည် ကျိုးစွေ့အား မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်နေပြီး နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးတစ်ကောင်ကို သန့်စင်ချင်နေပုံရလေ၏။

ဤမျှလောက်နှင့်ပင် လုံလောက်ခြင်းမရှိသေးပေ။

“တကယ်ကြီး သန့်စင်လိုက်တာလား...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့မှာ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။

သူသည် ဤကိစ္စကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်း ပဉ္စမအဆင့် ’အရက်ကူ’သည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအား ဤမျှလွယ်ကူစွာဖြင့် ပဉ္စမအဆင့် ဝိညာဉ်အရက်အဖြစ် သန့်စင်ပစ်လိုက်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

ကူပိုးကောင်များ၏ စွမ်းအားသည် အမှန်တကယ်ပင် အံ့မခန်းဖြစ်ပြီး စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေသည်ဟုသာ ဆိုနိုင်ပေ၏။

တစ်ကောင်စီတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားဆန်းကြယ်သော ကူပိုးကောင်များ ဖြစ်ကြပေသည်။

‘အရက်ကူ’သည်ပင် ထိုသို့ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို သန့်စင်နိုင်သော စွမ်းအားများ ပါဝင်နေလေသည်။

‘အရက်ကူ’အတွက်မူ နတ်ဆိုးများသည်လည်း ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရတစ်ခုပင်ဖြစ်ပြီး ၎င်းမှ အလွယ်တကူ သန့်စင်ကာ ဝိညာဉ်အရက်အဖြစ် ပြောင်းလဲနိုင်ပေ၏။

“ဟုတ်သားပဲ၊ ငါ့ကိုယ်ပေါ်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာဖြစ်တဲ့ အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်ထဲမှာ နတ်ဆိုးတွေ အများကြီး ရှိနေသေးတာပဲ…”

“အားလုံးကို ဖမ်းပြီး ဝိညာဉ်အရက်အဖြစ် သန့်စင်လို့ရနိုင်လောက်တယ်…”

“အင်း... ထားလိုက်ပါတော့၊ အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်ကလည်း ကြီးထွားဖို့အတွက် နတ်ဆိုးတွေရဲ့စွမ်းအားကို စုပ်ယူဖို့ လိုအပ်သေးတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် အပြင်လောကမှာ နတ်ဆိုးတွေ အများကြီး ရှိနေတာပဲ…”

“ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေ ဒါမှမဟုတ် တခြားကျင့်ကြံသူတွေကို နတ်ဆိုးအလောင်းတွေကို ဖမ်းဆီးခိုင်းလို့ ရတာပဲဟာ…”

“ပြီးရင် ဒီနတ်ဆိုးအလောင်းတွေကို စုဆောင်းပြီး ဝိညာဉ်အရက်အဖြစ် သန့်စင်လိုက်မယ်…”

“ဒါဆိုရင် ဝိညာဉ်အရက်တွေကို အဆက်မပြတ် ရရှိနိုင်ပြီပေါ့…”

“နတ်ဆိုးအလောင်းတွေရဲ့ ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ရုံတင်မကဘူး… ဝိညာဉ်အရက်အဖြစ် သန့်စင်ပြီး ကျင့်ကြံသူတွေရဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်…”

“တချက်ခုတ် နှစ်ချက်ပြတ်မကဘူး… အဆုံးမဲ့ အကျိုးအမြတ်တွေလို့ ဆိုရမယ်…”

ကျိုးစွေ့၏ စိတ်အခြေအနေမှာ အလွန်တရာ ရွှင်လန်းနေပြီး အတိုင်းမသိ ပျော်ရွှင်နေ၏။

ဤနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးဖြစ်သော သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်အား ဖြေရှင်းပြီးနောက် ရွှမ်ဟွမ်ကျွန်းပေါ်ရှိ လျှို့ဝှက်အန္တရာယ်များ လုံးဝ ပျောက်ကွယ်သွားပြီဟု ဆိုနိုင်ပေသည်။

ရွှမ်ဟွမ်ကျွန်းသည်လည်း သူ၏ကိုယ်ပိုင် ပိုင်နက်နယ်မြေအဖြစ် လုံးဝ ဖြစ်တည်သွားလေပြီ။

ဝှစ်...။

ကျိုးစွေ့သည် ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ကာ ဤတောင်ကြားမှ ချက်ချင်း ထွက်ခွာသွားပြီး ရွှမ်ဟွမ်တောင်ထွတ်ရှိ နန်းတော်အတွင်းသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားသည်။

“ယောက်ျား... ပြီးသွားပြီလား...”

ထိုအခိုက်အတန့်တွင် ယဲ့ဖေးရိုနှင့် အခြားသူများအားလုံးသည် ကျိုးစွေ့အား မျက်လုံးဝိုင်းလေးများပြူးကာ ခင်ပွန်းဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်နေကြ‌၏။

အစောပိုင်းက သူတို့၏ခင်ပွန်းဖြစ်သူ ထွက်သွားသည်မှာ အချိန်သိပ်မကြာလိုက်ဘဲ မိနစ်အနည်းငယ်ခန့်သာ ရှိသေးသည် မဟုတ်ပါလော။

ဤမျှတိုတောင်းသောအချိန်အတွင်း မည်မျှပင်စွမ်းအားနည်းသော ကျင့်ကြံသူများဖြစ်စေ ဤမျှမြန်ဆန်လိမ့်မည် မဟုတ်ချေ။

သို့သော် သူတို့သည် အစောပိုင်းက တောင်နောက်ဘက်မှ ပြင်းထန်သော တိုက်ပွဲလှိုင်းဂယက်များ ထွက်ပေါ်လာသည်ကို အမှန်တကယ် ခံစားလိုက်ရလေ၏။

ထို့ထက်မက နတ်ဆိုးထံမှ စူးရှသော အော်ဟစ်သံများကိုပင် ကြားလိုက်ရသေးသည်။

သို့ရာတွင် အချိန်များစွာ မကြာလိုက်ဘဲ ချက်ချင်းပင် ငြိမ်သက်သွားလေသည်။

“ဟုတ်တယ်… အဲ့ဒီနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး သဲမုန်တိုင်းနတ်ဆိုးကျိုင်းကောင်ကို ကိုယ်သတ်လိုက်ပြီ...”

“အခု သူ့ရဲ့အလောင်းကို ပဉ္စမအဆင့် ဝိညာဉ်အရက်တစ်အိုးအဖြစ် ကိုယ်သန့်စင်လိုက်တယ်...”

ကျိုးစွေ့သည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ကိုယ်ပေါ်မှ ပဉ္စမအဆင့် ဝိညာဉ်အရက်တစ်အိုးကို ထုတ်ယူလိုက်လေ၏။ အတွင်းရှိ ပဉ္စမအဆင့် ဝိညာဉ်အရက်ကို သူသည် ပုလင်းတစ်လုံးဖြင့် အစောကြီးကတည်းက ထည့်ထားခဲ့ပြီး ယင်းအပေါ်တွင် ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်။

“ပဉ္စမအဆင့် ဝိညာဉ်အရက်လား...”

“ယောက်ျားက နတ်ဆိုးတွေကို ဝိညာဉ်အရက်အဖြစ် သန့်စင်နိုင်တာများလား...”

ထိုစကားကို ကြားသောအခါ ချန်ဇီယွင်နှင့် အခြားသူများအားလုံးသည် ချက်ချင်းဆိုသလို အလွန်အမင်း အံ့အားသင့်သွားကြပြီး လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြလေ၏။

အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်သည် အကယ်၍ အမှန်တကယ်သာဖြစ်ပါက လူသားများအတွက် ရရှိမည့် အကျိုးကျေးဇူးများသည် လုံးဝ စိတ်ကူး၍မရနိုင်လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။

နောင်တစ်ချိန်တွင် နတ်ဆိုးများ၏ အလောင်းများသည်လည်း အသုံးဝင်လာတော့မည် ဖြစ်၏။

ကျင့်ကြံခြင်းလောက၏ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော အမှိုက်များကဲ့သို့ ဖြစ်နေတော့မည် မဟုတ်ပေ။

“ဟုတ်တယ်...”

“ဒါက ပဉ္စမအဆင့် ဝိညာဉ်အရက်ပဲ၊ စမ်းသောက်ကြည့်ကြမလား...”

“ဒါပေမဲ့ ဆေးစွမ်းက အရမ်းပြင်းတယ်… ကျင့်ကြံမှုအားနည်းတဲ့သူတွေ အများကြီး မသောက်နဲ့နော်...”

“မဟုတ်ရင် နှစ်နဲ့ချီပြီး အိပ်ပျော်သွားတာမျိုးက အရမ်းပုံမှန်ကိစ္စဖြစ်သွားလိမ့်မယ်...”

ကျိုးစွေ့သည် ထိုအရက်အိုးကို ထုတ်ယူကာ သူ၏တာအိုလက်တွဲဖော်တိုင်းကို တစ်ခွက်စီ ငှဲ့ပေးလိုက်‌၏။

သိထားရမည်မှာ ပဉ္စမအဆင့် ဝိညာဉ်အရက်တွင် ပါဝင်သောစွမ်းအင်သည် အလွန်တရာ ကြီးမားလှပြီး သာမန်ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။

အကယ်၍ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အနည်းငယ် သောက်လိုက်မိပါက သက်တမ်းကုန်ဆုံးသည်အထိ အိပ်ပျော်သွားနိုင်သည်။

“မယုံနိုင်စရာပဲ...”

ယဲ့ဖေးရိုသည် တစ်ခွက်ကို ယူလိုက်ပြီး အရက်ခွက်အတွင်းရှိ ရွှေဝါရောင်အရက်ရည်ကို ကြည့်ကာ မွှေးကြိုင်သော အရက်နံ့ကို ရှူရှိုက်လိုက်၏။ ထိုအထဲရှိ အရက်အရှိန်အဝါအနည်းငယ်ကို ရှူရှိုက်လိုက်ရုံဖြင့် သူမသည် အနည်းငယ် မူးယစ်သွားသကဲ့သို့ ခံစားလိုက်ရ‌သည်။

ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ သူမသည် တစ်ကျိုက်တည်းနှင့် သောက်ချလိုက်‌သည်။

ဝုန်း...။

ချက်ချင်းပင် ထိုပဉ္စမအဆင့် ဝိညာဉ်အရက်တစ်ကျိုက်သည် သူမ၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားပြီး လည်ချောင်းနှင့် အူလမ်းကြောင်းတို့သည် ချော်ရည်တစ်ကျိုက်ကို သောက်လိုက်ရသကဲ့သို့ ပူလောင်သော အငွေ့အသက်နှင့် အပူရှိန်ကို ခံစားလိုက်ရကာ ပူစပ်ပူလောင်ဖြင့် လောင်ကျွမ်းနေတော့သည်။

ခဏချင်းအတွင်းမှာပင် သူမ၏ တစ်ကိုယ်လုံး ပူနွေးလာသည်ကို ခံစားလိုက်ရပြီး ဆူပွက်နေသည့်အလား တစ်ကိုယ်လုံးမှ ရေခိုးရေငွေ့များ ထွက်ပေါ်လာကာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များမှတစ်ဆင့် စိမ့်ထွက်လာလေ၏။

ဤပဉ္စမအဆင့် ဝိညာဉ်အရက်တစ်ကျိုက်သည် သူမ၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ကြီးမားသော စွမ်းအင်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားတော့သည်။

သူမ၏ မူလက တိုးတက်ရန် ခက်ခဲလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်သည် ယခုအခါ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။

တစ်ကျိုက်တည်းနှင့်ပင် သူမ၏ နှစ်ပေါင်းများစွာသော ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံရမည့်အချိန်ကို သက်သာသွားစေသည်။

ထို့အပြင် မည်သည့်ဆေးအဆိပ်မျှ မရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။ ယင်းမှ ရရှိသော အကျိုးကျေးဇူးများမှာ အမှန်တကယ်ပင် များပြားလှ‌၏။

“ဒါက ပဉ္စမအဆင့် ဝိညာဉ်အရက်လား...”

“နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်က တကယ်ကို မယုံနိုင်စရာပဲ...”

“တစ်စက်လေး သောက်လိုက်ရုံနဲ့တင် တစ်ကိုယ်လုံးကို စွမ်းအင်တွေ ပြည့်လျှံပေါက်ထွက်တော့မလို ခံစားရတယ်...”

“အများကြီး သောက်လို့မဖြစ်ဘူး… မဟုတ်ရင် သေချာပေါက် အရက်မူးပြီး သေသွားလိမ့်မယ်...”

“ဒါက ငါတို့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေနဲ့ မသင့်တော်ဘူး… နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေနဲ့ပဲ သင့်တော်တယ်...”

“မဟုတ်ဘူး မဟုတ်သေးဘူး... နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေတောင် အများကြီး သောက်လို့မရဘူး… အရမ်းပြင်းလွန်းတယ်...”

ပဉ္စမအဆင့် ဝိညာဉ်အရက်အချို့ကို သောက်ပြီးနောက် ချန်ဇီယွင်၊ သခင်မမက်မွန်ပွင့်၊ လန်ယွဲ့ရှီ၊ ချူတျဲယီ၊ ရှရွှေယန် အစရှိသော တာအိုလက်တွဲဖော်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မျက်နှာလေးများ နီရဲလာကြပြီး တစ်ကိုယ်လုံး ပူနွေးနေသော အခြေအနေတွင် ရှိနေကြတော့သည်။

တစ်ချိန်တည်းမှာပင် သူတို့ကိုယ်ပေါ်ရှိ ကျင့်ကြံမှုအဆင့်သည်လည်း မျက်စိဖြင့် မြင်နိုင်လောက်အောင် တိုးတက်လာခဲ့ပြီး စိတ်ကူးထက်ပင် ကျော်လွန်နေလေ၏။

ဤသည်မှာ မည်သည့် ပဉ္စမအဆင့်ဆေးလုံးထက်မျှ မနိမ့်ကျချေ။

“ယောက်ျား...”

ထိုအချိန်တွင် ချန်ဇီယွင်နှင့် အခြားသူများအားလုံးသည် ညို့ငင်နေသော မျက်ဝန်းများဖြင့် ကျိုးစွေ့အား အလွန်ရဲတင်းစွာ ကြည့်နေကြသည်။

အရက်၏ အစွမ်းကြောင့် သူတို့ကို ပို၍ ပွင့်လင်းသွားစေလေ၏။

“မင်းတို့ကို အရက်အမူးပြေအောင် ကျင့်ကြံပေးမှ ဖြစ်တော့မယ်...”

ကျိုးစွေ့တစ်ယောက် ကူကယ်ရာမဲ့ဖြစ်သွားရပြီး ၎င်း၏တာအိုလက်တွဲဖော်များကို ချက်ချင်းခေါ်ဆောင်ကာ ရေပူစမ်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ကောင်းမကြာမီအချိန်အတွင်း ကင်ယံအထိတိုင် ပျံ့လွင့်နေသည့် တာအိုစည်းချက်သံများက အဆုံးမဲ့ထွက်ပေါ်လာပြီး သုံးရက်တိုင်တိုင် ပဲ့တင်ထပ်နေလေတော့သည်။

………

အခန်း (၆၃၄) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်၊ ချန်လန်ပင်လယ်ပြင်ကို ပေါင်းစည်းခြင်း၊ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြင့် အတွင်းစိတ်ရှုမြင်ခြင်း(၂)။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်တစ်ရာ ကုန်လွန်သွားခဲ့ချေပြီ။

ချန်လန်ပင်လယ်ပြင်တစ်ခုလုံးသည်လည်း ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့၏။

‘ရွှမ်ပေါင်မျှော်စင်’၊ 'ဆည်းဆာဂိုဏ်း'၊ 'ကောင်းကင်မိစ္ဆာဂိုဏ်း'၊ 'ကောင်းကင်ဓားဂိုဏ်း' အစရှိသော ဂိုဏ်းများအားလုံးသည် ရွှမ်ဟွမ်ဂိုဏ်းထံ အညံ့ခံကြပြီး ရွှမ်ဟွမ်ဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများ ဖြစ်လာကာ ရွှမ်ဟွမ်ဂိုဏ်း၏ အုပ်ချုပ်မှုကို ခံယူလျက် နှစ်စဉ် သက်ဆိုင်ရာ အခွန်အခများကို ပေးဆောင်ကြရလေသည်။

ရွှမ်ဟွမ်ဂိုဏ်းမှ ချန်လန်ပင်လယ်ပြင်အား ပေါင်းစည်းလိုက်ခြင်းကြောင့် လူသားမျိုးနွယ်၏ အင်အားအလုံးစုံကို စုစည်းနိုင်ခဲ့သည်။

ဤသည်က ဤပင်လယ်ပြင်ကို များစွာ ဘေးကင်းလုံခြုံသွားစေလေ၏။

ကျူးကျော်ရန် ကြိုးစားသော မိစ္ဆာသားရဲများနှင့် နတ်ဆိုးများစွာသည် ရွှမ်ဟွမ်ဂိုဏ်းတပည့်များ၏ အလျင်အမြန် သတ်ဖြတ်ခြင်းကို ခံရချေသည်။

ထိုအချက်က ဤပင်လယ်ပြင်ကို များစွာ ဘေးကင်းလုံခြုံသွားစေသည်ဟု ဆိုနိုင်ပေ၏။

ပင်လယ်ပြင်တစ်ခုလုံးသည်လည်း ရွှမ်ဟွမ်ဂိုဏ်း၏ ဦးဆောင်မှုနောက်သို့သာ လိုက်ပါလာကြတော့သည်။

…………

ချန်လန်ပင်လယ်ပြင်ရှိ တတိယအဆင့်ကျွန်းတစ်ကျွန်း…။

ဤသည်မှာ ရွှေအမြုတေအဆင့် မိသားစုဖြစ်သော ပိုင်မိသားစုမှ အုပ်ချုပ်သည့် ကျွန်းတစ်ကျွန်းဖြစ်ပေသည်။

ဝုန်း... ဝုန်း... ဝုန်း...။

ရုတ်တရက် ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားကာ ဝိညာဉ်သန္ဓေသားအဆင့် မိုးကြိုးကပ်ဘေး ကျရောက်လာခဲ့သည်။ သိသာထင်ရှားစွာပင် ဤသည်မှာ ပိုင်မိသားစု၏ဘိုးဘေး ပိုင်ဟုန်ကျစ်မှ ကပ်ဘေးဖြတ်ကျော်နေခြင်းဖြစ်လေ၏။

ပိုင်ဟုန်ကျစ်အကြောင်း ပြောရလျှင် သူသည်လည်း ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်ပေ၏။

မူလက သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း မတော်တဆ ရွှေအမြုတေအဆင့် လိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိခဲ့သည်။

ထို့အပြင် ပထမအဆင့် စိတ်ဝိညာဉ်အမြစ် ပါရမီကိုပါ ပေါင်းစပ်လိုက်သောအခါ သူ၏ ကျင့်ကြံမှုသည် အံ့မခန်း တိုးတက်လာခဲ့၏။

လွန်ခဲ့သော နှစ်တစ်ရာကျော်က သူသည် ကံအလွန်ကောင်းစွာဖြင့် ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းနိုင်သော ဝိညာဉ်ရတနာတစ်မျိုးကို ရရှိခဲ့ပြန်သည်။

ထို့ကြောင့် ပိုင်ဟုန်ကျစ်သည် တွန့်ဆုတ်မနေတော့ဘဲ သီးသန့်ကျင့်ကြံခြင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။

နှစ်တစ်ရာကျော် အချိန်ကုန်လွန်သွားခဲ့ပြီး ပိုင်မိသားစု၏ မျိုးဆက်များစွာက ဘိုးဘေးသေဆုံးသွားပြီဟု ထင်မှတ်နေချိန်တွင် ပိုင်ဟုန်ကျစ် ကပ်ဘေးဖြတ်ကျော်နေသည့် သတင်းက ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ပိုင်မိသားစု၏ မျိုးဆက်တိုင်းကို အတိုင်းမသိ ဝမ်းသာရွှင်မြူးသွားစေ၏။

ဝုန်း...။

များမကြာမီမှာပင် ပိုင်ဟုန်ကျစ်သည် နောက်ဆုံး၌ ဝိညာဉ်သန္ဓေသားအဆင့် မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ဝိညာဉ်သန္ဓေသားအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး တရားဝင်ဖြစ်လာခဲ့၏။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အသက်လေးရာကျော်အရွယ် အဘိုးအိုတစ်ဦးဖြစ်ချေသည်။

“ဟားဟား၊ အောင်မြင်ပြီ...”

“ငါ ပိုင်ဟုန်ကျစ် နောက်ဆုံးတော့လည်း ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ခဲ့ပြီ...”

“ဒီကစပြီး ငါဟာ ချန်လန်ပင်လယ်ပြင်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်လာပြီ...”

ပိုင်ဟုန်ကျစ်သည် ဝမ်းသာအားရ ရယ်မောလိုက်ပြီး သူ၏ မုတ်ဆိတ်မွေးဖြူများကို ပွတ်သပ်ကာ အတိုင်းမသိပျော်ရွှင်နေပြီး ဂုဏ်ယူဝင့်ကြွားသည့် ခံစားချက်မျိုး အပြည့်အဝ ဖြစ်ပေါ်နေတော့၏။

အဘယ်ကြောင့်ဆိုသော် ချန်လန်ပင်လယ်ဒေသအတွင်း၌ ရွှေအမြုတေကျင့်ကြံသူများသည် အလယ်အလတ်အဆင့် ကျင့်ကြံသူများအဖြစ်သာ သတ်မှတ်ခံရဆဲဖြစ်သောကြောင့်ပင်။

ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိမှသာလျှင် နယ်ပယ်တစ်ခုကို စိုးမိုးနိုင်သော အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများအဖြစ် အမှန်တကယ် သတ်မှတ်ခံရသည်။

ထို့အပြင် သက်တမ်းတစ်ထောင့်နှစ်ရာအထိ ရရှိနိုင်သည်ဖြစ်ရာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ တန်ဖိုးက မည်မျှကြီးမားကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။

“ဘိုးဘေးကို ဂုဏ်ပြုပါတယ်၊ ဘိုးဘေးကို ဂုဏ်ပြုပါတယ်...”

ပိုင်မိသားစု၏ မျိုးဆက်များစွာသည်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြပြီး လူတိုင်းက ဝမ်းသာလုံးဆို့စွာဖြင့် ဝိုင်းအုံလာကြသည်။

ယခုအချိန်မှစ၍ သူတို့သည် အမှန်တကယ် ဝိညာဉ်သန္ဓေသားအဆင့် မိသားစုကြီးတစ်ခု ဖြစ်လာခဲ့ချေပြီ။

အနည်းဆုံး နောက်ထပ်နှစ်တစ်ထောင်အတွင်း ပိုင်မိသားစုသည် နာမည်ကျော်ကြားနေမည်ဖြစ်ကာ အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

သူတို့၏ အဆင့်အတန်းမှာလည်း ရေတက်လာလျှင် လှေပါမြင့်တက်လာသကဲ့သို့ မြင့်မားလာတော့မည် မဟုတ်ပါလော။

“မဆိုးဘူး၊ မဆိုးဘူး...”

“ကျုပ် တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်အတွင်း ပိုင်မိသားစုရဲ့ တိုးတက်မှုက အတော်လေးကောင်းမွန်ပုံရတယ်...”

ပိုင်ဟုန်ကျစ်က သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးကျွမ်းဝင်နေသူများနှင့် စိမ်းသက်နေသည့် ပိုင်မိသားစု၏ မျိုးဆက်များကို ကြည့်ရှုလိုက်ရင်း ချက်ချင်းပင် လွန်စွာကျေနပ်သွားသည်။

အနည်းဆုံးအနေဖြင့် သူ၏တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် ရန်သူများ၏ ဖျက်ဆီးမှုကြောင့် ပိုင်မိသားစု ပျက်သုဉ်းသွားရသည့် မြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ရချေ။

ဤသည်မှာလည်း ကံကောင်းခြင်းတစ်ရပ်ဟု ဆိုနိုင်သည် မဟုတ်ပါလော။

“ဘိုးဘေးက ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းသွားပြီဆိုတော့ ကျွန်တော်တို့လည်း ရွှမ်ဟွမ်ဂိုဏ်းကို သတင်းပို့လိုက်လို့ရပြီ… ဒါဆိုရင် ကျွန်တော်တို့ ပိုင်မိသားစုက ဝိညာဉ်သန္ဓေသားအဆင့် မိသားစုကြီးဖြစ်လာလိမ့်မယ်...”

“ကျွန်တော်တို့ ပိုင်မိသားစုကို စတုတ္ထအဆင့်ကျွန်းဆီတောင် ရွှေ့ပြောင်းနိုင်ပြီ...”

ပိုင်မိသားစု အကြီးအကဲတစ်ယောက်က အလွန်ဝမ်းသာအားရဖြင့် အသံထွက်၍ပင် ရယ်မောလိုက်သည်။

“ရွှမ်ဟွမ်ဂိုဏ်းကို သတင်းပို့ရမယ်ဆိုတာ ဘာကိုပြောတာလဲ… မင်းစကားက ဘာသဘောလဲ...”

“ဘိုးဘေးဖြစ်တဲ့ ကျုပ်က အခုမှ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်ရုံရှိသေး… မင်းက ပိုင်မိသားစုကို ရောင်းစားချင်နေပြီလား… မင်းရဲ့ ရည်ရွယ်ချက်အတိအကျက ဘာလဲ...”

ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်၏ မျက်နှာမှာ မည်းမှောင်သွားလေ၏။

ပိုင်မိသားစုတွင် ဤမျှသိသာထင်ရှားလှသော သစ္စာဖောက်တစ်ယောက် ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထား။ ဘာမှမဟုတ်သေးသည့်တိုင် သတင်းပို့ရန်သာ တွေးနေခြင်းက လွန်စွာအဓိပ္ပာယ်မဲ့လွန်းလှသည် မဟုတ်ပါလော။

ယခု သူသည် နယ်ပယ်တစ်ခုကို စိုးမိုးနိုင်သော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်လာခဲ့ချေပြီ။

ရွှမ်ဟွမ်ဂိုဏ်းဆိုလျှင်ပင် သူ့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမည်သာ ဖြစ်၏။

“ဘိုးဘေး... ဒေါသကို ထိန်းပါ...”

“ကျွန်တော်က ပိုင်မိသားစုကို ရောင်းစားချင်တာ မဟုတ်ပါဘူး...”

“ဒါပေမဲ့ ကျွန်တော်တို့ ပိုင်မိသားစုက စတုတ္ထအဆင့် ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ရွှမ်ဟွမ်ဂိုဏ်းကို သတင်းမပို့ဘဲနဲ့ ကျွန်းပြောင်းဖို့က မဖြစ်နိုင်ဘူးလေ...”

ထိုပိုင်မိသားစု အကြီးအကဲက ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“ဟုတ်ပါတယ်၊ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတာ နှစ်တစ်ရာကျော်လောက် ရှိနေပြီဆိုတော့ ချန်လန်ပင်လယ်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သိပ်ပြီး ရှင်းရှင်းလင်းလင်း သိသေးမှာမဟုတ်ဘူး...”

“အခု ရွှမ်ဟွမ်ဂိုဏ်းက အရင်ကနဲ့မတူတော့ဘူး… နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ကြီး သုံးပါးတောင် ရှိနေပြီ...”

“ကောင်းကင်ဓားဂိုဏ်း၊ ရွှမ်ပေါင်မျှော်စင်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၊ ဆည်းဆာဂိုဏ်းစတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းတွေကလည်း ရွှမ်ဟွမ်ဂိုဏ်းကို အသီးသီး အညံ့ခံခဲ့ကြပြီ...”

“ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတွေ ဖြစ်လာကြပြီး နှစ်စဉ်နှစ်တိုင်း ရွှမ်ဟွမ်ဂိုဏ်းဆီကို အခွန်ပေးဆောင်နေရတယ်...”

“ရွှမ်ဟွမ်ဂိုဏ်းက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးမှာရှိတဲ့ ကျွန်းတွေအားလုံးကို ထိန်းချုပ်ခွင့်ရထားတာမလို့ ကျွန်းအားလုံးက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတာပါ...”

“ဝိညာဉ်သွေးကြောတွေကို သိမ်းပိုက်ချင်တဲ့ မည်သည့်မိသားစု၊ မည်သည့်ဂိုဏ်းမဆို ရွှမ်ဟွမ်ဂိုဏ်းဆီကို သတင်းပို့ဖို့ လိုအပ်ပါတယ်...”

“မဟုတ်ရင် တရားမဝင်သိမ်းပိုက်မှုအနေနဲ့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်...”

“ပြစ်ဒဏ်ပေါ့ရင် အစွန်အဖျားဒေသကို အပို့ခံရမှာဖြစ်ပြီးတော့ ပြစ်ဒဏ်ကြီးရင်တော့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရပြီး မျိုးနွယ်စုပါ ပြုတ်သွားနိုင်ပါတယ်...”

ပိုင်မိသားစု အကြီးအကဲများစွာက အလွန်တရာ အကူအညီမဲ့စွာဖြင့် ရှင်းပြလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ဤနှစ်တစ်ရာအတွင်း အပြောင်းအလဲများက အလွန်တရာ ကြီးမားလွန်းလှပြီး ယခင်ကနှင့် လုံးဝကို ကွာခြားသွားခဲ့ချေပြီ။

ယခင်ကဆိုလျှင် သူတို့သည် တတိယအဆင့်ကျွန်းများ၊ စတုတ္ထအဆင့်ကျွန်းများကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ကြ၏။

သို့သော် ယခုမူ ရွှမ်ဟွမ်ဂိုဏ်းသို့ သွားရောက်စာရင်းမသွင်းပါက သူတို့သည် တရားမဝင်အဖွဲ့အစည်းများ ဖြစ်သွားမည်ဖြစ်ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ အပြစ်ပေးခြင်းကို ခံကြရမည်သာ။

“အတော်ကို အာဏာရှင်ဆန်လွန်းတာပဲ...”

“ရွှမ်ဟွမ်ဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းဆိုပေမဲ့ ဒါကတော့ လွန်လွန်းနေပြီ...”

“ဒါက တစ်လောကလုံးမှာရှိတဲ့ ကျင့်ကြံသူတွေဆီကနေ အမြတ်ထုတ်နေတာပဲ… ဘယ်သူက သူတို့ကို အဲဒီလို လုပ်ပိုင်ခွင့်ပေးထားလို့လဲ...”

“ပုန်ကန်တဲ့သူ တစ်ယောက်မှမရှိဘူးလား...”

ပိုင်ဟုန်ကျစ်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်ယင်နေချေပြီ။

သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်လာခဲ့သော်လည်း ဂိုဏ်းအင်အားစုများ၏ အနိုင်ကျင့်ခြင်းကို ခံနေရဦးမည်ဟု ဘယ်တုန်းကမျှ တွေးမထားခဲ့မိပေ။

“ပုန်ကန်တဲ့သူတွေတော့ ရှိတာပေါ့… အခွန်မဆောင်ချင်တဲ့သူတွေလည်း ရှိတယ်...”

“ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းက ဘယ်လောက်တောင် ရက်စက်သလဲဆိုရင်...”

“သူတို့က တိုင်ကြားချက်မူဝါဒကိုပါ ထုတ်ပြန်ထားတာပဲ...”

“အဆင့်သတ်မှတ်ချက်မရှိတဲ့ မိသားစုတွေနဲ့ ဂိုဏ်းတွေက တရားမဝင် သိမ်းပိုက်ထားတာကို တစ်စုံတစ်ယောက်က တွေ့ရှိပြီး ရွှမ်ဟွမ်ဂိုဏ်းကို သတင်းပို့လိုက်မယ်ဆိုရင်...”

“ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဆုချီးမြှင့်မှုကို ချက်ချင်း ရရှိလိမ့်မယ်...”

“အဲဒီမိသားစုကို ပိုင်ဆိုင်မှုတွေသိမ်းဆည်းပြီးတဲ့အခါမှာ ရလာတဲ့ ပိုင်ဆိုင်မှုဆယ်ပုံတစ်ပုံကိုတောင် ရနိုင်သေးတယ်...”

“ဒီမူဝါဒ ထွက်လာတာနဲ့တစ်ပြိုင်နက် မိသားစုအများအပြားဟာ လေတိုးသံ ကြားတာနဲ့တင် ပြာယာခတ်နေကြရတယ်...”

“ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ သစ္စာဖောက်မရှိဘူးလို့ ဘယ်သူမှ အတတ်မပြောရဲကြဘူးလေ...”

“တိုင်ကြားမှု အောင်မြင်သွားတာနဲ့တစ်ပြိုင်နက် ရရှိမယ့် အကျိုးအမြတ်က အင်မတန်ကို ကြီးမားလွန်းနေတာကိုး...”

“တကယ်တမ်းလည်း အဲဒီလိုဖြစ်ခဲ့တယ်… လူတော်တော်များများက ဒီတရားမဝင် မိသားစုတွေ၊ တရားမဝင် ဂိုဏ်းတွေကို ချက်ချင်းပဲ သတင်းပို့ခဲ့ကြတယ်...”

“ရလဒ်အနေနဲ့ ရွှမ်ဟွမ်ဂိုဏ်းက လူတွေရောက်လာပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းသလို မျိုးနွယ်စုပါ ဖျက်ဆီးခံလိုက်ရတယ်...”

ပိုင်မိသားစု အကြီးအကဲချုပ်တစ်ယောက်က အလွန်တရာ မတတ်သာဟန်ဖြင့် ပြောလိုက်လေ၏။

သဘာဝကျစွာပင် သူတို့သည်လည်း အခွန်မဆောင်လိုကြ။ သို့သော် ရွှမ်ဟွမ်ဂိုဏ်း၏ မူဝါဒများစွာကို ရင်ဆိုင်ရချိန်တွင်မူ သူတို့၌ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိသလို မည်သို့မျှမလုပ်နိုင်ဘဲ အလိုက်သင့် ခေါင်းငုံ့ခံနေရုံသာ တတ်နိုင်တော့၏။

“ချန်လန်ပင်လယ်ဒေသက ဒီလောက်တောင် ကြီးမားတာကို ရွှမ်ဟွမ်ဂိုဏ်းက ပင်လယ်ဒေသရဲ့ နေရာတိုင်းကို လွှမ်းမိုးထားနိုင်လို့လား...”

“ရွှမ်ဟွမ်ဂိုဏ်းကို တစ်စုံတစ်ယောက်က လက်စားချေမှာ သူတို့ မစိုးရိမ်ဘူးလား...”

“ရွှမ်ဟွမ်ဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေရဲ့ ကျောထောက်နောက်ခံ ရှိနေရင်တောင်မှ...”

“သာမန်တပည့်တွေက သာမန်ကျင့်ကြံသူတွေပဲလေ… တခြားကျင့်ကြံသူတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရရင် သေဖို့ပဲ ရှိတာပေါ့...”

ပိုင်ဟုန်ကျစ်က လေးနက်သောအသံဖြင့် ပြောလိုက်လေ၏။

ရွှမ်ဟွမ်ဂိုဏ်း၏ လုပ်ရပ်များက အလွန်တရာ အာဏာရှင်ဆန်လွန်းလှပြီး တစ်လောကလုံးရှိ လူများအား ပုန်ကန်ရန် ဖိအားပေးနေသကဲ့သို့ ဖြစ်နေသည်ဟု သူ အစဉ်တစိုက် ခံစားနေရ၏။

ကျင့်ကြံသူအားလုံးထံမှ အခွန်ကောက်ခံခြင်းက တစ်လောကလုံးရှိ ကျင့်ကြံသူများကို ပုန်ကန်ရန် ဖိအားပေးနေခြင်း မဟုတ်လျှင် မည်သည်နည်း။

“ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတာ ဒီလောက်တောင် အချိန်ကြာနေပြီဆိုတော့ မသိသေးတာ ဖြစ်လိမ့်မယ်...”

“ရွှမ်ဟွမ်ဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသုံးပါး ပိုင်ဆိုင်ရုံလောက် ရိုးရှင်းမနေဘူး...”

“ရွှမ်ဟွမ်ဘိုးဘေးက သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ သားရဲထိန်းကျင့်စဉ်တစ်ရပ်ကို တတ်မြောက်ထားပြီး သားရဲတစ်သောင်းကို စေခိုင်းနိုင်တယ်လို့ ကောလာဟလတွေ ထွက်နေတယ်...”

“စတုတ္ထအဆင့် မိစ္ဆာသားရဲအများကြီးကို ရွှမ်ဟွမ်ဘိုးဘေးက ယဉ်ပါးအောင် ပြုလုပ်ခဲ့ပြီး ဂိုဏ်းရဲ့ ဝိညာဉ်သားရဲတွေ ဖြစ်လာစေခဲ့တယ်...”

“အခု ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံးမှာ စတုတ္ထအဆင့် ဝိညာဉ်သားရဲ အကောင်ငါးသောင်းလောက် ရှိနေပြီ...”

“ဒီစတုတ္ထအဆင့် ဝိညာဉ်သားရဲတွေကပဲ ချန်လန်ပင်လယ်ဒေသရဲ့ နေရာအနှံကို ဖိနှိပ်ထားခဲ့တာ...”

ပိုင်မိသားစု အကြီးအကဲတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

All Chapters