အခန်း (၆၃၅-၆၃၆)
Vol. 59 Ch. 635-636
အခန်း (၆၃၅) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်၊ ချန်လန်ပင်လယ်ပြင်ကို ပေါင်းစည်းခြင်း၊ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြင့် အတွင်းစိတ်ရှုမြင်ခြင်း(၃)။
ဤမျှများပြားသော စတုတ္ထအဆင့် ဝိညာဉ်သားရဲများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ခြင်း။
ဤသည်မှာ သဘာဝကျကျ ကျိုးစွေ့၏ ကိုယ်ပွားများစွာမှ ရရှိသောအကျိုးကျေးဇူးကြောင့်ပင် ဖြစ်ပေ၏။
ထိုကိုယ်ပွားများသည် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ပြန့်ကျဲနေပြီး အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၊ အနောက်ပိုင်းကုန်းမြေတိုက်ကြီး၊ တောင်ပိုင်းကုန်းမြေတိုက်ကြီး၊ မြောက်ပိုင်းကုန်းမြေတိုက်ကြီး စသည်တို့အနှံ့အပြားတွင် တည်ရှိနေကြ၏။
ချန်လန်ပင်လယ်ဒေသလောက်နှင့်သာ ကန့်သတ်မထား။
ထိုနေရာများတွင်လည်း စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြား ဖြန့်ကြက်တည်ရှိနေပြီး လူသားများ၏ နယ်မြေများကို ဖျက်ဆီးနေကြသည်ဟု ဆိုနိုင်လေ၏။
ကျိုးစွေ့၏ ကိုယ်ပွားများမှ ရှာဖွေတွေ့ရှိသွားပြီးနောက်တွင်မူ သဘာဝကျကျ သူတို့ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ကာ အိပ်မက်ဆိုးမျိုးစေ့များကို ပေါင်းစပ်ထည့်သွင်း၍ တစ်ကောင်ပြီးတစ်ကောင် အသွင်ပြောင်းစေခဲ့ကြသည်။
ထိုသို့ဖြင့် နှစ်တစ်ရာကြာပြီးနောက်တွင် စတုတ္ထအဆင့် မိစ္ဆာသားရဲများစွာသည် ယဉ်ပါးသွားခဲ့ကြပြီး အားလုံးက ရွှမ်ဟွမ်ဂိုဏ်း၏ တောင်စောင့်ဝိညာဉ်သားရဲများ ဖြစ်လာခဲ့ကြချေပြီ။
“ဟုတ်ပါတယ်… ဘိုးဘေးက ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းသွားတာ တကယ်ကို အစွမ်းထက်တယ်ဆိုပေမဲ့...”
“အခု ခေတ်က ပြောင်းသွားပြီလေ...”
“ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးဆိုတာ ရွှမ်ဟွမ်ဂိုဏ်းအတွက်တော့ ဘာမှမဟုတ်တော့ဘူး...”
အခြားပိုင်မိသားစု အကြီးအကဲတစ်ယောက်က အနည်းငယ် သွယ်ဝိုက်သောလေသံဖြင့် ပြောလိုက်၏။
“ဒါက...”
ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်၏ မျက်နှာမှာ စိမ်းဖန်သွားရပြန်သည်။ သူသည် ငတုံးတစ်ဦး မဟုတ်ရာ တစ်ဖက်လူ ဘာကိုဆိုလိုသည်အား နားမလည်ဘဲ မည်သို့ရှိပါမည်နည်း။
လွန်ခဲ့သော နှစ်တစ်ရာကျော်ကသာဆိုလျှင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးသည် နယ်ပယ်တစ်ခုကို အမှန်တကယ် စိုးမိုးနိုင်ပြီး မိုင်သန်းဆယ်ချီ ကျယ်ဝန်းသော ပင်လယ်ဒေသကို အုပ်ချုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ရွှမ်ဟွမ်ဂိုဏ်းက ရုတ်တရက် ပေါ်ပေါက်လာပြီး ၎င်း၏လက်အောက်တွင် စတုတ္ထအဆင့် ဝိညာဉ်သားရဲ အကောင်လေးသောင်းကျော်ရှိနေရာ သူတို့၏ အင်အားမှာ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းနေချေပြီ။
သူသည် ဝိညာဉ်သန္ဓေသားအဆင့်သို့ ယခုလေးတင်မှ တက်လှမ်းနိုင်ခဲ့သည့် လူသားကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်ပေ၏။
အကယ်၍ သူသာ ရွှမ်ဟွမ်ဂိုဏ်းကို ပြစ်မှားမိပါက နောက်တစ်နေ့တွင် သူ၏အရိုးများပင် ကြိတ်ခြေခံရပြီး ပြာကျသွားနိုင်ချေရှိသည်။
သူ၏အင်အားက ကြီးမားနေဆဲဖြစ်သော်ငြား သူ၏ အဆင့်အတန်းမှာမူ ထိုမျှလောက် အရေးမပါလှတော့။
အနည်းဆုံး ရွှမ်ဟွမ်ဂိုဏ်းက သူ့အပေါ် လွန်ကဲစွာ အလေးထားလာမည်မဟုတ်ချေ။
“ပိုပြီး ကြောက်စရာကောင်းတာက ရွှမ်ဟွမ်ဘိုးဘေးဟာ ဗေဒင်ဟောကိန်းထုတ်တဲ့ အတတ်ပညာနဲ့ လူရှာတဲ့ အတတ်ပညာကိုပါ ကျွမ်းကျင်ပိုင်နိုင်နေတာပဲ...”
“ရွှမ်ဟွမ်ဘိုးဘေးနဲ့ ရွှမ်ဟွမ်ဂိုဏ်းကို ပြစ်မှားမိတဲ့သူတွေဆိုရင် ဘယ်ကိုပဲသွားပုန်းပုန်း လွတ်မြောက်ဖို့ဆိုတာ မစဉ်းစားနဲ့တော့ပဲ...”
“အရင်ကလည်း သူတို့ရဲ့ ပုန်းကွယ်နိုင်စွမ်းက ပြိုင်ဘက်ကင်းတယ်လို့ တွေးထင်ထားတဲ့ မိစ္ဆာကျင့်ကြံသူတချို့ ရှိခဲ့တယ်… ချန်လန်ပင်လယ်ဒေသက အရမ်းကြီးမားတာမလို့ ရွှမ်ဟွမ်ဂိုဏ်းကို ပြစ်မှားမိရင်တောင်မှ အရေးမကြီးဘူး… ဒီအတိုင်းပဲ ထွက်ပြေးနိုင်တယ်လို့ သူတို့ တွေးခဲ့ကြတာပေါ့...”
“ဒါပေမဲ့ ရွှမ်ဟွမ်ဘိုးဘေးက ကိုယ်တိုင် ဗေဒင်ဟောကိန်းထုတ်ပြီး တစ်ဖက်လူရဲ့ တည်နေရာကို ချက်ချင်း ရှာဖွေနိုင်ခဲ့တဲ့အပြင် ချက်ချင်း ဖမ်းဆီးနိုင်ခဲ့တယ်...”
“အဲဒီအချိန်ကစပြီး ဘယ်သူမှ ရွှမ်ဟွမ်ဂိုဏ်းက ကျင့်ကြံသူတွေကို တိတ်တဆိတ် ချောင်းမြောင်းမတိုက်ခိုက်ရဲတော့ဘူး၊ သေချင်တဲ့သူကလွဲရင်ပေါ့...”
အခြားပိုင်မိသားစု အကြီးအကဲတစ်ယောက်ကလည်း သွယ်ဝိုက်သောစကားဖြင့် ဖျောင်းဖျလိုက်လေ၏။
ရွှမ်ဟွမ်ဂိုဏ်း၏ ကျင့်ကြံသူများကို တိတ်တဆိတ် ချောင်းမြောင်းတိုက်ခိုက်လိုသော လမ်းစဉ်မှာ အလုပ်မဖြစ်နိုင်ပေ။
တစ်ကြိမ်တိုက်ခိုက်လိုက်သည်နှင့် သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။
မည်သည့်နေရာသို့ ပုန်းရှောင်သည်ဖြစ်စေ အဆုံးသတ်မှာ သေလမ်းသာ ဖြစ်ပေလိမ့်မည်။
“အဟမ်း... အဟမ်း... ဒီလိုဆိုတော့လည်း ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်အောက်ခံ မိသားစုဖြစ်လာတာက မကောင်းတာဘာမှမရှိပါဘူးလေ...”
ပိုင်ဟုန်ကျစ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ချက်ချင်းပင် အလျှော့ပေးသွားရသည်။
ယခုလေးတင်မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည့် မာနတရားများမှာ ချက်ချင်းပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။
အခြေအနေအရ အလျှော့ပေးတတ်ခြင်း ဆိုသည်ကား ယောက်ျားကောင်းတို့၏ အင်္ဂါရပ်ပင် မဟုတ်ပါလော။
အာမခံနိုင်ပါက ပူးပေါင်းခြင်းကို ရွေးချယ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ရွှမ်ဟွမ်ဂိုဏ်းက အနည်းငယ် အာဏာရှင်ဆန်သည်ဆိုသော်ငြား လူအများကို အသက်ရှူပေါက် မပေးခြင်းမျိုး မဟုတ်ပေ။
စည်းမျဉ်းများကို လိုက်နာသရွေ့ အားလုံးက ကောင်းမွန်စွာ ရှင်သန်နိုင်ကြသေး၏။
ယခင်ကကဲ့သို့ ထင်တိုင်းကြဲ၍မရဘဲ စည်းကမ်းတကျ နေထိုင်ရမည်သာ ဖြစ်လေသည်။
“ခုနတုန်းက ကျုပ်ရဲ့သတင်းကို သတင်းပို့ရမယ်လို့ ပြောတာ အကြောင်းအရင်းအတိအကျက ဘယ်လိုလဲ...”
ပိုင်ဟုန်ကျစ်က မေးလိုက်၏။
“ဘိုးဘေး... တကယ်တော့ ကိစ္စက ဒီလိုပါ...”
“ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်အောက်ခံစနစ်က အတော်လေးကို ပြီးပြည့်စုံတယ်...”
“မိသားစုတွေ၊ ဂိုဏ်းတွေအားလုံးက စာရင်းသွင်း မှတ်ပုံတင်ဖို့ လိုအပ်တယ်...”
“အင်အားကွာခြားမှုအပေါ်မူတည်ပြီး အခြေတည်အဆင့် မိသားစု၊ ရွှေအမြုတေအဆင့် မိသားစု၊ ဝိညာဉ်သန္ဓေသားအဆင့် မိသားစု စသဖြင့် ခွဲခြားထားပြီး ဂိုဏ်းတွေလည်း အဲဒီလိုပဲ ခွဲခြားထားတယ်...”
“အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာတာနဲ့ အဲဒါက အခြေတည်အဆင့် မိသားစု၊ အခြေတည်အဆင့်ဂိုဏ်းဖြစ်လာပြီး ဒုတိယအဆင့် ဝိညာဉ်သွေးကြောတစ်ခုကို သိမ်းပိုက်နိုင်တယ်...”
“ကျွန်တော်တို့ ပိုင်မိသားစုဆိုရင် အခု ဘိုးဘေးက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူဖြစ်လာပြီဆိုတော့ သဘာဝကျကျ ဝိညာဉ်သန္ဓေသားအဆင့် မိသားစုဖြစ်လာပြီး စတုတ္ထအဆင့် ဝိညာဉ်သွေးကြောကို သိမ်းပိုက်နိုင်ပြီပေါ့...”
“သေချာတာပေါ့… အဆင့်တက်ချင်တယ်ဆိုရင် ဝိညာဉ်သန္ဓေသားအဆင့်ကျင့်ကြံသူ ရှိနေဖို့လောက်နဲ့တင် မလုံလောက်ဘဲ လုံလောက်တဲ့ ပံ့ပိုးကူညီမှုပမာဏလည်း လိုအပ်ပါသေးတယ်...”
“ဒါကြောင့် ဘိုးဘေးရဲ့ သတင်းသာ အထက်ကို တင်ပြလိုက်မယ်ဆိုရင် ကျုပ်တို့ပိုင်မိသားစုက စတုတ္ထအဆင့်ကျွန်းကို ပြောင်းရွှေ့နိုင်ပြီး စတုတ္ထအဆင့် စိတ်ဝိညာဉ်ကြောကို သိမ်းပိုက်နိုင်ပါလိမ့်မယ်… အဲဒီလိုဆိုရင် အားလုံးပဲ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်ကြမှာပါ...”
ပိုင်မိသားစု အကြီးအကဲများစွာက အလုအယက် ရှင်းပြလိုက်ကြသည်။
“ဒီလိုကိုး...”
ပိုင်ဟုန်ကျစ်သည် အကြီးအကဲများက သူ၏သတင်းကို ရွှမ်ဟွမ်ဂိုဏ်းထံ အဘယ်ကြောင့် တင်ပြချင်နေကြသည်ကို ချက်ချင်းပင် နားလည်သွားလေ၏။ အမှန်တကယ်မှာ စတုတ္ထအဆင့်ကျွန်းသို့ ပြောင်းရွှေ့ချင်နေကြခြင်းပင် ဖြစ်ရာ ဤသည်မှာလည်း မကောင်းသောအရာတော့ မဟုတ်ပေ။
ရွှမ်ဟွမ်ဂိုဏ်း၏ ချုပ်ချယ်မှုကို ခံရကာ အခွန်အခများပေးဆောင်ရမည်ဖြစ်သော်လည်း ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေအောက်တွင် လူတိုင်းက ထိုသို့ပင်ဖြစ်နေကြရာ ပိုင်မိသားစုသည်လည်း ချွင်းချက် ဖြစ်မနေနိုင်ပေ။
သူသည် ဝိညာဉ်သွေးကြောကို မလိုအပ်ဘဲ မိသားစုကိုလည်း တိုးတက်စေချင်စိတ်မရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် မဟုတ်သရွေ့ ထိုသို့ဖြစ်လာမည် မဟုတ်ချေ။
သို့မဟုတ်ပါက တည်ငြိမ်သော နေရာတစ်နေရာကို လိုအပ်နေဦးမည်သာ ဖြစ်ပေ၏။
ထို့အပြင် ရွှမ်ဟွမ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် အခြားသော မိသားစုကြီးများနှင့် ဂိုဏ်းများကလည်း ဖြစ်သလိုစစ်ပွဲများ ဆင်နွှဲရဲကြမည် မဟုတ်ပေ။
အားလုံးက တည်ငြိမ်သော အခြေအနေတစ်ရပ်ကို ထိန်းသိမ်းထားကြလေ၏။
ယခင်ကနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အမှန်တကယ်တမ်း များစွာပို၍ လုံခြုံသွားခဲ့ချေပြီ။
မှန်ပေသည်၊ သူ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် နှစ်တစ်ရာအတွင်း ပိုင်မိသားစုတွင် မည်သည့်မမျှော်လင့်ထားသော ကိစ္စမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ နေမွန်းတည့်ချိန်ကဲ့သို့ ဆက်လက်တောက်ပနေနိုင်ခဲ့ခြင်းမှာလည်း ရွှမ်ဟွမ်ဂိုဏ်း၏ စည်းမျဉ်းများကြောင့်ပင်။ သို့မဟုတ်ပါက အခြားသော ရွှေအမြုတေအဆင့် မိသားစုများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်မှာ ကြာလှပေပြီ။
“အကယ်လို့ ကျုပ်သာ ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဧည့်သည်တော်အကြီးအကဲ ဖြစ်ချင်တယ်ဆိုရင် ရနိုင်မလားတော့ မသိဘူး...”
ပိုင်ဟုန်ကျစ်၏ စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။
အကယ်၍ သူသာ ရွှမ်ဟွမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့မည်ဆိုပါက တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့ တက်လှမ်းသွားနိုင်မည် မဟုတ်ပါလော။
ထိုအချိန်သို့ရောက်လျှင် သူသည် အာဏာပိုင်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး လက်အောက်တွင် ကြီးမားလှသော လုပ်ပိုင်ခွင့်များ ရှိလာကာ ရရှိလာမည့် အကျိုးအမြတ်များကလည်း သဘာဝကျကျ ပို၍များပြားလာပေလိမ့်မည်။
“ဒီကိစ္စကတော့ ဖြစ်နိုင်ခြေနည်းပါလိမ့်မယ်...”
“ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ ရွှမ်ဟွမ်ဂိုဏ်းမှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ မရှားဘူး...”
“အရင်တုန်းကလည်း ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဧည့်သည်တော်အကြီးအကဲ ဖြစ်ချင်ကြတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ရှိခဲ့ပေမယ့် အကုန်လုံးက ငြင်းပယ်ခံခဲ့ရပါတယ်...”
“သူတို့က ပြင်ပကလာတဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေကို လက်ခံတာထက် ရွှမ်ဟွမ်ဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်တွေကိုပဲ ပိုပြီးတော့ ပျိုးထောင်ပေးချင်ကြတာပါ...”
ပိုင်မိသားစု အကြီးအကဲတစ်ဦးက မတတ်သာသည့်လေသံဖြင့် ပြောလိုက်လေ၏။
“ဒီ...”
ပိုင်ဟုန်ကျစ်မှာ ဆွံ့အသွားကာ မည်သို့ပြောရမှန်းပင် မသိတော့ချေ။
ယခင်က လမ်းမှန်ဂိုဏ်းကြီးငါးဂိုဏ်း ရှိနေသေးချိန်တုန်းကဆိုလျှင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ယောက်သည် မည်သည့်အင်အားစုသို့ သွားစေကာမူ အထူးဧည့်သည်တော်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး တစ်ဘက်က တောင်းဆိုလာမှသာ ဝင်ရောက်ရန် သဘောတူလိမ့်မည် ဖြစ်၏။
ယခုမူကား အခြေအနေက သောက်ကျိုးနည်းလှချေသည်။ ရွှမ်ဟွမ်ဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများကိုပင် အရေးမလုပ်တော့ချေ။
အရေးမလုပ်ဟု မဆိုသာသော်လည်း အလေးထားမှု အတိုင်းအတာမှာ ယခင်ကနှင့် နှိုင်းယှဉ်လျှင် အဆင့်တစ်ဆင့်ထက်မက ကွာဟသွားခဲ့ပေပြီ။
“ဒါဆိုရင် ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေကို ဘယ်လိုများ လက်ခံနေတာလဲ...”
“အကယ်လို့ ကျုပ်တို့ ပိုင်မိသားစုက မျိုးဆက်တွေသာ ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်လှမ်းနိုင်တာ မဟုတ်ဘူးလား...”
ပိုင်ဟုန်ကျစ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါကတော့...”
“ရွှမ်ဟွမ်ဂိုဏ်းက တစ်နှစ်ကိုတစ်ကြိမ် တပည့်လက်ခံတဲ့ပုံပါပဲ...”
“ပြီးတော့ ပါရမီနဲ့ ပတ်သက်ပြီးတော့လည်း အများကြီး တောင်းဆိုတာမျိုး မရှိသလို ရေစက်ကိုပဲ ကြည့်တာပါ...”
“ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေက စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူ အမြောက်အမြားကို အဲဒီကို ပို့ဆောင်ပေးလေ့ရှိကြပါတယ်...”
“အကယ်၍ အဲဒီအထဲမှာမှ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ တပည့်တွေ ပါလာခဲ့မယ်ဆိုရင် ဂိုဏ်းကြီးတွေနဲ့ မိသားစုတွေက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဆုချီးမြှင့်မှုကို ရရှိကြမှာပါ...”
“တပည့်တွေရဲ့ အဆင့်အတန်း ကွာခြားမှုအပေါ် မူတည်ပြီးတော့ အခြေတည်ဆေးလုံး၊ ရွှေရည်ကျောက်စိမ်းပြန်လည်မွေးဖွားခြင်း ဆေးလုံး ဒါမှမဟုတ် ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်း ဆေးလုံးတွေလိုမျိုး ရတနာတွေကိုတောင် ရရှိနိုင်ပါတယ်...”
ပိုင်မိသားစု အကြီးအကဲတစ်ဦးက ရှင်းပြလိုက်သည်။
အခန်း (၆၃၆) - နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်အရက်၊ ချန်လန်ပင်လယ်ပြင်ကို ပေါင်းစည်းခြင်း၊ စတုတ္ထမြောက် နှလုံးသားမျက်လုံးဖြင့် အတွင်းစိတ်ရှုမြင်ခြင်း(၄)။
“ဘာ...”
“ဒီလိုသာဆိုရင် အင်အားစုကြီးတွေ အကုန်လုံးက ထူးချွန်တဲ့တပည့်တွေကို ရွှမ်ဟွမ်ဂိုဏ်းဆီ ပို့ပေးဖို့ အသားကုန် ရုန်းကန်ကြတော့မှာ မဟုတ်ဘူးလား...”
ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်မှာ ကူကယ်ရာမဲ့ သက်ပြင်းချမိသွားသည်။
သိသာထင်ရှားသည်မှာ ဤသို့သာဖြစ်မည်ဆိုပါက ရွှမ်ဟွမ်ဂိုဏ်းသည် အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်လျှင်ပင် ချန်လန်ပင်လယ်ပြင်တစ်ခုလုံးရှိ ပါရမီရှင်တပည့်များကို လက်ခံနိုင်မည် မဟုတ်ပါလော။
ထူးချွန်ပြောင်မြောက်သော ပါရမီရှိသည့် ကျင့်ကြံသူတိုင်း ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ဝင်ရောက်လာကြမည်သာ ဖြစ်ပေ၏။
အချိန်ကြာလာသည်နှင့်အမျှ ရွှမ်ဟွမ်ဂိုဏ်းသည် တစ်လောကလုံးကို လက်ဝါးကြီးအုပ်ထားသည့် အဆင့်အတန်းအား သေချာပေါက် ရယူနိုင်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ခေတ်အဆက်ဆက်တိုင်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာနိုင်ပြီး လောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ထာဝရတည်တံ့သော ဂိုဏ်းတစ်ခု ဖြစ်လာနိုင်ပေသည်။
“အမှန်တော့ ဒီလိုလည်း ဟုတ်နေတာပါပဲ...”
“ဒါပေမဲ့ ဒါကလည်း တတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး… ရွှမ်ဟွမ်ဂိုဏ်းပေးတာတွေက အရမ်းကို များပြားလွန်းတယ်လေ...”
ပိုင်မိသားစု အကြီးအကဲက မတတ်သာသည့်လေသံဖြင့် ပြောလိုက်လေ၏။
သို့သော် အမှန်တကယ်တမ်းတွင် သူတို့ကိုယ်တိုင် စိတ်ဝိညာဉ်အမြစ် ပါရမီထူးချွန်သော တပည့်များကို ရှာတွေ့ခဲ့လျှင်ပင် သူတို့ကိုယ်တိုင် ပျိုးထောင်ပေးနိုင်လိမ့်မည်ဟု မသေချာလှ။
မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့သော ပါရမီရှင်များ လိုအပ်သည့် သယံဇာတ အရင်းအမြစ်များကလည်း များပြားနေမည်မှာ သေချာလှ၏။
အလွန်ဆုံး ပျိုးထောင်ပေးနိုင်မည်ဆိုလျှင်ပင် အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်အထိ ဆိုသည်မှာ မဆိုးလှချေ။
ပို၍မြင့်မားသော အဆင့်များသို့ တက်လှမ်းချင်သည်ဆိုပါက ရွှမ်ဟွမ်ဂိုဏ်းထဲသို့ မဝင်ရောက်ဘဲနှင့် အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင် ဖြစ်ပေ၏။
“မကြာသေးခင်က ချန်လန်ပင်လယ်ပြင်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ...”
ပိုင်ဟုန်ကျစ်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေ၏။
သူ တံခါးပိတ်ကျင့်ကြံနေချိန်တွင် ချန်လန်ပင်လယ်ပြင် နေရာအနှံ့အပြား၌ ကမ္ဘာ့တံခါးပေါက်များ ပေါ်ပေါက်လာခဲ့ပြီး မိစ္ဆာသားရဲ အမြောက်အမြား ဝင်ရောက်လာကာ မကြုံစဖူး ကစဉ့်ကလျားဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ပိုင်မိသားစု တည်ရှိနေသည့်နေရာမှာ အလွန်ခေါင်သောကြောင့် သားရဲဘေးအန္တရာယ်နှင့် မကြုံတွေ့ခဲ့ရပေ။
ထို့ကြောင့်သာ သူသည် ဤကျွန်းပေါ်တွင် တံခါးပိတ်ကျင့်ကြံရန် ရဲတင်းခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ထိုသို့ဆိုလျှင်ပင် သားရဲဘေးအန္တရာယ်မှာ ဤမျှမြန်မြန်ဆန်ဆန် ပြီးဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဤကဲ့သို့သော ကမ္ဘာပေါင်းစည်းသည့် ဖြစ်စဉ်မျိုးမှာ အနည်းဆုံး နှစ်ပေါင်းထောင်ချီကြာအောင် ဆက်လက်ဖြစ်ပေါ်နေမည်သာ။
“အရမ်းကို ကသောင်းကနင်း ဖြစ်နေတုန်းပါ...”
“ဘိုးဘေးက မသိသေးတာ ဖြစ်ပါလိမ့်မယ်...”
“ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်တုန်းက ရှေးဟောင်းနတ်ဆိုးကမ္ဘာကလည်း ဆင်းသက်လာခဲ့ပြီး ရှေးဟောင်းနတ်ဆိုးတံခါးပေါက်တွေ ပေါ်လာခဲ့ပါတယ်...”
“နတ်ဆိုးအမြောက်အမြားက ရှေးဟောင်းနတ်ဆိုးတံခါးပေါက်တွေထဲကနေ ထွက်ပေါ်လာပြီး ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းလောကကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြပါတယ်...”
“ကံကောင်းထောက်မစွာနဲ့ ရွှမ်ဟွမ်ဘိုးဘေးက အချိန်မီ ဝင်ရောက်စွက်ဖက်ပြီး ရှေးဟောင်းနတ်ဆိုးတံခါးပေါက်ရဲ့ ပတ်ပတ်လည်ကို ချိပ်ပိတ်ခဲ့လို့သာ ဒီတစ်ကြိမ် ကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ခဲ့တာပါ...”
“ဒါပေမဲ့ အဲဒီလိုဆိုရင်တောင်မှ အဲဒီနတ်ဆိုးတွေက မိစ္ဆာသားရဲကမ္ဘာရဲ့ တံခါးပေါက်တွေကနေ ထွက်ပေါ်လာကြသေးလို့ ကာကွယ်ဖို့ မလွယ်ကူလှပါဘူး...”
ပိုင်မိသားစု အကြီးအကဲက လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ဖြစ်ပျက်ခဲ့သည့် ကစဉ့်ကလျား အခြေအနေများကို ရိုးရှင်းစွာ ရှင်းပြလိုက်၏။
ယခင်ကထက် ပို၍ ရက်စက်ကြမ်းကြုတ်ကာ သေကျေပျက်စီးမှုများ များပြားလှသည်။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းသာ ရုတ်တရက် ပေါ်ထွက်မလာဘဲ ဂိုဏ်းပေါင်းများစွာကို မပေါင်းစည်းခဲ့ပါက လူမည်မျှ သေကြေဒဏ်ရာရမည်ကိုပင် မသိနိုင်တော့ချေ။
ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်းက အခွန်အခများ ကောက်ခံနေမည်ဆိုလျှင်ပင် ကျင့်ကြံသူအများအပြားမှာ ညည်းညူသံများ သိပ်မရှိကြတော့ပေ။
“ဘာ... ကမ္ဘာသုံးခု ပေါင်းစည်းသွားတယ်ပေါ့...”
“ရှေးဟောင်းနတ်ဆိုးကမ္ဘာလည်း ပေါ်လာတယ်ပေါ့...”
“ရှေးဟောင်းခေတ်က နတ်ဆိုးဘေးအန္တရာယ်တွေ ပြန်ဖြစ်လာတာလား...”
ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားကာ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားပြီး ယုံကြည်ရန်ပင် ခက်ခဲနေတော့သည်။
မိစ္ဆာသားရဲများ၏ ကျူးကျော်မှုတစ်ခုတည်းကပင် ကြီးမားလှသော ဒုက္ခတစ်ခု ဖြစ်နေခဲပြီ မဟုတ်ပါလော။
နတ်ဆိုးမျိုးနွယ်များကပါ တစ်ပူပေါ်နှစ်ပူဆင့်၍ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဤသည်မှာ လူသားမျိုးနွယ်ကို အသက်ရှင်လမ်းပေးရန် လုံးဝ မရည်ရွယ်ထားခြင်းပင်။
“ဟုတ်ပါတယ်ဗျာ… ကံကောင်းထောက်မစွာနဲ့ ဒီတစ်ကြိမ် ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အဓိက တိုက်ခိုက်မှုဦးတည်ရာက ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ ဖြစ်နေခဲ့လိုသာပေါ့...”
“ကြားရသလောက်တော့ နတ်ဆိုး အမြောက်အမြားက ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်ပြီး သားရဲမျိုးနွယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြလို့ သားရဲမျိုးနွယ်တွေ မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့ရတယ်လို့ ဆိုတယ်...”
“နှစ်တစ်ရာလောက် အကြာမှာတော့ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာဟာ စစ်မီးတွေ တောက်လောင်နေခဲ့ပြီး မျိုးနွယ်စုများစွာ ဖျက်ဆီးခံခဲ့ရတယ်တဲ့...”
“နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲအရှင်သခင်တချို့တောင် ကျဆုံးသွားခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်...”
“ဒါကြောင့် ဒီကာလအတွင်းမှာ မိစ္ဆာသားရဲအမြောက်အမြားက ထွက်ပြေးပြီး ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းလောကဆီကို ခိုလှုံဖို့ ကြိုးစားလာကြတာပါ...”
“သေချာတာပေါ့ဗျာ… ကမ္ဘာ့တံခါးပေါက်တွေက အပြည့်အဝ ဖွံ့ဖြိုးမလာသေးတဲ့အတွက် အလွန်ဆုံး ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေကိုပဲ ဝင်ရောက်ခွင့်ပြုနိုင်ပါသေးတယ်...”
“နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေကတော့ လောလောဆယ် ကူးလာလို့ မရနိုင်သေးဘူး...”
ပိုင်မိသားစု အကြီးအကဲတစ်ဦးက အခြားသူများ၏ ဒုက္ခအပေါ် ဝမ်းသာအားရဟန်ဖြင့် ပြောလိုက်လေ၏။
လူသားမျိုးနွယ်များအတွက်မူ အကောင်းဆုံးသောရလဒ်မှာ သဘာဝအတိုင်း မိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ နှစ်ဦးနှစ်ဖက် ပြင်းထန်စွာ ဆုံးရှုံးထိခိုက်သွားခြင်းပင် ဖြစ်ပေ၏။
ဤသို့ဆိုလျှင် လူသားမျိုးနွယ်များက တတိယလူအဖြစ် အကျိုးအမြတ်များကို ထိုင်ခူးဆွတ်နိုင်မည် မဟုတ်ပါလော။
“ဒါဆိုရင်တော့ ဒုက္ခပဲ...”
“ဒီလိုသာဆိုရင် နတ်ဆိုးမျိုးနွယ်တွေက မိစ္ဆာသားရဲမျိုးနွယ်တွေကို ဖျက်ဆီးပစ်ပြီးတဲ့နောက် နောက်ထပ်ပစ်မှတ်က ကျုပ်တို့ လူသားမျိုးနွယ်တွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလား...”
“ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းအရဆိုရင် ဒီနတ်ဆိုးတွေကို သုတ်သင်ဖျက်ဆီးပစ်ဖို့ဆိုတာ အရမ်းကို ခက်တယ်...”
“သူတို့ ခန္ဓာကိုယ်ထဲက နတ်ဆိုးအရှိန်အဝါတွေကတောင် တခြားသက်ရှိတွေကို တိုက်စားပြီး နတ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်နိုင်သေးတယ်...”
“အဆိုးဆုံးကတော့ နတ်ဆိုးတွေကို တကယ် သတ်ပစ်နိုင်ခဲ့ရင်တောင်မှ သူတို့ရဲ့ အလောင်းတွေကနေ ကျန်ရစ်ခဲ့တဲ့ နတ်ဆိုးအရှိန်အဝါတွေက ကမ္ဘာမြေကို တိုက်စားနိုင်သေးသလို ဝိညာဉ်သွေးကြောတွေ၊ ဝိညာဉ်လယ်မြေတွေနဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကိုလည်း ညစ်ညမ်းစေနိုင်သေးတယ်...”
“ရှေးဟောင်းခေတ် နတ်ဆိုးကျူးကျော်မှု ဖြစ်ပွားခဲ့တုန်းကဆိုရင် ဒီနတ်ဆိုးအရှိန်အဝါတွေ လုံးဝ ပျောက်ကွယ်သွားဖို့အတွက် အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ရတယ်… အဲဒီခေတ်ကာလကိုလည်း ကျင့်ကြံခြင်းလောကရဲ့ အမှောင်မိုက်ဆုံးခေတ်လို့ သတ်မှတ်ခဲ့ကြတာ...”
“သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူတွေဆိုတာလည်း မရေမတွက်နိုင်အောင်ကို များပြားလှတယ်...”
ပိုင်ဟုန်ကျစ်၏ မျက်နှာမှာ အလွန်ပင် လေးနက်သွား၏။
သူသည် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းပြီးသွားပါက လွတ်လွတ်လပ်လပ် နေထိုင်နိုင်မည်ဟု မူလက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
မိမိ သက်ရှိထင်ရှားရှိနေစဉ်အတွင်း နတ်ဆိုးမျိုးနွယ်များ၏ ကျူးကျော်မှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက တွေးထင်ထားခဲ့မည်နည်း။
တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့သည်လည်း ရှေးဟောင်းခေတ်၏ အမှောင်မိုက်ဆုံးခေတ်ကို ဖြတ်သန်းကြရပေတော့မည်။
ဤကဲ့သို့သော အမှောင်မိုက်ဆုံးခေတ်တွင် ပိုင်မိသားစုတစ်ခုလုံးပင် အသက်ရှင်ကျန်ရစ်နိုင်မည်ဟု မသေချာလှပေ။
“ဘိုးဘေး၊ ဒီအချက်အတွက်တော့ စိတ်ပူစရာ မလိုပါဘူး...”
“ခေတ်ကြီးက မတူတော့ဘူး...”
“ရွှမ်ဟွမ်ဂိုဏ်းက နတ်ဆိုးအလောင်းတွေကို သန့်စင်တဲ့နည်းလမ်းကို နားလည်သဘောပေါက်ထားပုံပဲ...”
“ဖြေရှင်းရခက်ခဲတဲ့ နတ်ဆိုးအလောင်းတွေကို ရွှမ်ဟွမ်ဂိုဏ်းဆီကို အကုန်လုံး ရောင်းချပစ်လို့ ရပါတယ်...”
“အဲဒီနောက် နတ်ဆိုးအလောင်းတွေရဲ့ စွမ်းအားကြီးမားမှုနဲ့ အရေအတွက် အနည်းအများအပေါ် မူတည်ပြီးတော့ ကျုပ်တို့က သက်ဆိုင်ရာအဆင့်ရှိတဲ့ စိတ်ဝိညာဉ်အရက်တွေကို ရရှိနိုင်တယ်...”
“ဥပမာအနေနဲ့ ပြောရရင် အကယ်၍ ကျုပ်တို့က ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးအလောင်းတွေကို ပေးအပ်နိုင်မယ်ဆိုရင် စတုတ္ထအဆင့် စိတ်ဝိညာဉ်အရက်ကို ရရှိနိုင်မှာပါ...”
“ဒီလိုဖြစ်နေတာကြောင့် ချန်လန်ပင်လယ်ပြင်မှာ နတ်ဆိုးမုဆိုးကျင့်ကြံသူ အမြောက်အမြား ပေါ်ထွက်လာကြတယ်လေ...”
“သူတို့က အဖော်ကွဲနေတဲ့ နတ်ဆိုးတွေကို သီးသန့်တောင် လိုက်လံသတ်ဖြတ်ကြတာ...”
“ပြီးရင် အဲဒီနတ်ဆိုးအလောင်းတွေကို ရွှမ်ဟွမ်ဂိုဏ်းဆီ ရောင်းချပြီးတော့ စိတ်ဝိညာဉ်အရက်ကို ရယူကြတယ်...”
ပိုင်မိသားစု အကြီးအကဲများစွာက ရှင်းပြလိုက်ကြလေ၏။
မှန်ပေသည်၊ သူတို့ကိုယ်တိုင်လည်း နတ်ဆိုးအချို့ကို သတ်ဖြတ်ကာ နတ်ဆိုးအလောင်းများကို ရရှိခဲ့ဖူးပြီး ထို့နောက်တွင် စိတ်ဝိညာဉ်အရက်များကို ရရှိခဲ့ကြဖူးသည်။
“မဖြစ်နိုင်တာ၊ စတုတ္ထအဆင့် စိတ်ဝိညာဉ်အရက်ကိုတောင် ရနိုင်တယ်ပေါ့...”
ထိုစကားကို ကြားသောအခါ ပိုင်ဟုန်ကျစ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး ယုံကြည်ရန်ပင် ခက်ခဲနေလေသည်။
စတုတ္ထအဆင့် စိတ်ဝိညာဉ်အရက်မှာ မည်မျှအထိ ဈေးကြီးကြောင်းကို သူ သေချာပေါက် သိရှိထားသည်။
မြို့တစ်မြို့နှင့် ညီမျှလောက်အောင် တန်ဖိုးကြီးသည်ဟု မဆိုရဲသော်လည်း သာမန် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများပင် နှစ်အိုးသုံးအိုးမျှ သောက်သုံးရဲမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ စတုတ္ထအဆင့် စိတ်ဝိညာဉ်အရက်ကို ချက်လုပ်ရန်ဆိုပါက စတုတ္ထအဆင့် စိတ်ဝိညာဉ်ဆေးပင်မည်မျှကို အကုန်အကျခံရန် လိုအပ်မည်ကိုပင် မသိနိုင်ပေ။
ဤကဲ့သို့သော ကုန်ကျစရိတ်မျိုးမှာ သာမန်ကျင့်ကြံသူတစ်ဦး တတ်နိုင်မည့်အရာ မဟုတ်ချေ။
အကယ်၍ စတုတ္ထအဆင့် စိတ်ဝိညာဉ်အရက်များကို အမြောက်အမြား ရရှိနိုင်မည်ဆိုပါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများစွာမှာ ရူးသွပ်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်အရက်၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်၏။
သောက်သုံးပြီးနောက် မိမိခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်ရုံသာမက တစ်ချိန်တည်းမှာပင် ဘေးထွက်ဆိုးကျိုးများလည်း သိပ်မရှိလှချေ။
ကျင့်ကြံသူများအတွက်မူ ၎င်းသည် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အကောင်းဆုံး အရင်းအမြစ်များထဲမှ တစ်ခုဟု ဆိုနိုင်ပေသည်။
ရွှမ်ဟွမ်ဂိုဏ်းသည် ဝိညာဉ်အရက်ကို အသုံးပြုကာ နတ်ဆိုးများ၏ ရုပ်အလောင်းများနှင့် လဲလှယ်ပေးရက်လောက်အောင် သဘောထားကြီးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဤသည်က အစက မည်သည့်အသုံးမှမဝင်ဘဲ ပတ်ဝန်းကျင်ကိုသာ ညစ်ညမ်းစေနိုင်သည့် နတ်ဆိုးအလောင်းများကို တစ်မုဟုတ်ချင်း လူကြိုက်များသော အဖိုးတန်ပစ္စည်းများ ဖြစ်သွားစေခဲ့၏။
ထို့ပြင် ၎င်းသည် ကျင့်ကြံသူများ၏ နတ်ဆိုးများကို အမဲလိုက်သတ်ဖြတ်လိုစိတ်ကိုလည်း အလွန်အမင်း မြှင့်တင်ပေးလိုက်ခြင်းပင်။