အခန်း (၆၃၉-၆၄၀)
Vol. 59 Ch. 639-640
အခန်း (၆၃၉) - အလင်းမျက်လုံးခုနစ်လုံးနှလုံးသား၊ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၊ ချိပ်ပိတ်ခြင်းစာအုပ်၊ နယ်ပယ်တံခါး ပြည့်စုံသွားခြင်း(၂)။
ဝုန်း…။
ချက်ချင်းပင် သူသည် အတွေးတစ်ချက်ဖြင့် ရှေးဟောင်းလိပ်နက်ပညာရပ်ကို လည်ပတ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ရှေးဟောင်းလိပ်နက်အခွံ သုံးလွှာပေါ်ထွက်လာကာ အတားအဆီးသုံးထပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအပေါ်တွင် မရေမတွက်နိုင်သော လိပ်ခွံအလွှာများနှင့် လိပ်ခွံပုံစံ အရေးအကြောင်းများစွာ ပေါ်လာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှေးဟောင်းလိပ်နက်အကာအကွယ် သုံးလွှာဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ပတ်ပတ်လည် နေရာလပ်မရှိ ကာကွယ်ထားနိုင်သည်။
ရန်သူများ မည်သည့်နေရာမှ တိုက်ခိုက်လာသည်ဖြစ်စေ ၎င်း၏အားနည်းချက်ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
“ကျွတ် ကျွတ်... ဒီလောက် စွမ်းအားကြီးမားတဲ့ လိပ်နက်အတားအဆီးရဲ့ ကာကွယ်မှုဆိုရင် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ဆိုရင်တောင်... မဟုတ်သေးဘူး... နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူဆိုရင်တောင်မှ ဒီလိပ်နက်အခွံကို ထိုးဖောက်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်…”
ကျိုးစွေ့တစ်ယောက် အလွန်ကျေနပ်သွားပြီး လုံခြုံမှုအပြည့်အဝရရှိသွားသလို ခံစားလိုက်ရသည်။
သူ၏အသားအရေသည် နတ်ဆင်အရေခွံဖြစ်ပြီး မူလကတည်းက အလွန်စွမ်းအားကြီးသော ကာကွယ်မှုစွမ်းရည်ရှိနေသည် ဆိုလျှင်ပင် မည်သူကမှ ရန်သူ၏တိုက်ခိုက်မှုအောက်တွင် မိမိ၏ခန္ဓာကိုယ်ကို အရူးတစ်ယောက်လို ထိပ်တိုက်ခံပေးနေမည် မဟုတ်ပေ။ အကယ်၍ ရန်သူ၏တိုက်ခိုက်မှုက မိမိ၏အရေပြားကို အမှန်တကယ် ထိုးဖောက်သွားနိုင်မည်ဆိုလျှင် အနိစ္စသဘောနှင့် ကိစ္စချောသွားနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် ရှေးဟောင်းလိပ်နက်ပညာရပ်သည် အတော်လေး အရေးပါသော ကာကွယ်ရေးကျင့်စဉ်တစ်ခု ဖြစ်နေဆဲပင်။
ဤသည်က ပထမအလွှာ ကာကွယ်မှုနှင့် ညီမျှပေ၏။ သူ၏နတ်ဆင်အရေခွံက ဒုတိယအလွှာ ကာကွယ်မှုဖြစ်လေသည်။ ရန်သူများသည် ရှေးဟောင်းလိပ်နက်အကာအကွယ်ကို မနည်းကြိုးစား၍ ထိုးဖောက်ပြီးသွားသည့်တိုင် သူ၏ခန္ဓာကိုယ်ကာကွယ်မှုက ပိုမိုကြမ်းတမ်းနေသေးကြောင်း တွေ့ရှိသွားကြပေလိမ့်မည်။
ဓားလှံလက်နက်များ မထိုးဖောက်နိုင်သကဲ့သို့ မည်သည့်ပညာရပ်ကမျှ ထိခိုက်အောင် မစွမ်းဆောင်နိုင်ဟုပင် ခေါ်ဆိုနိုင်၏။ ထိုအချိန်ရောက်လျှင် ရန်သူများအားလုံး လုံးဝ မျှော်လင့်ချက်မဲ့သွားကြရပေမည်။
နှမြောစရာကောင်းသည်မှာ သူ၏စိတ်ဝိညာဉ်အမြစ်ပါရမီသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးခြင်းပင်။
ကျိုးစွေ့သည်လည်း အနည်းငယ် နှမြောတသဖြစ်မိသည်။ သူ၏ပထမအဆင့် စိတ်ဝိညာဉ်အမြစ်သည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သဖြင့် အနှေးနှင့်အမြန် ချိုးဖောက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူသည် ဤအတားအဆီးကို အတော်လေး လျှော့တွက်မိသွားခဲ့သည်။ ဤအဆင့်သည် ဝိညာဉ်သန္ဓေသားအဆင့်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရသည့် အခက်အခဲနှင့်ပင် တူညီနေပေသည်။ ချိုးဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလှပြီး ကောင်းကင်ဘုံ အတားအဆီးတစ်ခုသဖွယ် ဖြစ်နေ၏။
အကယ်၍ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ထိုမျှလွယ်လွယ်ကူကူ ရနိုင်မည်ဆိုပါက ကမ္ဘာပေါ်တွင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ကျင့်ကြံသူများ ဤမျှ ရှားပါးနေလိမ့်မည် မဟုတ်ပေ။
သူအနေဖြင့် သူ၏စိတ်ဝိညာဉ်အမြစ် မြင့်တက်လာရန်အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းရဦးမည်ဟုသာ ဆိုရပေလိမ့်မည်။ ဤကဲ့သို့သောကိစ္စမျိုးသည် လော၍မရဘဲ “အမြန်လိုလျှင် အနှေးဖြစ်တတ်သည်” ဆိုသည့်အတိုင်း ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် သူ၏နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံမှု အလွန်နှေးကွေးနေရခြင်းမှာလည်း ပထမအဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီနှင့် များစွာ သက်ဆိုင်နေပေ၏။ အကယ်၍ သူသာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားခဲ့ပါက သူ၏ကျင့်ကြံမှု အမြန်နှုန်းသည် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေလိမ့်မည်။
“ဟင်... ‘စာအုပ်ကူ’က ဆဋ္ဌမအဆင့် အောက်ခြေအဆင့်ကို တက်သွားတာလား… ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ…”
ကျိုးစွေ့မှာ အလွန်တရာ အံ့သြသွားရလေသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ ‘စာအုပ်ကူ’သည် တိတ်တဆိတ်ဖြင့် ပဉ္စမအဆင့် အလယ်အလတ်မှသည် ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ယခုအခါ ‘စာအုပ်ကူ’၏ ကြီးထွားနှုန်းသည် ‘ချစ်ခြင်းမေတ္တာကူ’နှင့်ပင် နှိုင်းယှဉ်နိုင်လာပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်ထဲတွင် အဆင့်အမြင့်ဆုံးသော ကူပိုးကောင်နှစ်ကောင် ဖြစ်လာခဲ့ချေပြီ။
သူ သတိမထားမိခဲ့ရခြင်းမှာ သူသည် စတုတ္ထမြောက် နှလုံးသားမျက်လုံးကို ဖော်ထုတ်ရန်အတွက် အာရုံစိုက်ကာ ကာလရှည်ကြာ အပြင်းအထန် ကျင့်ကြံနေခဲ့သောကြောင့် ‘စာအုပ်ကူ’၏ အံ့သြဖွယ်ရာ တိုးတက်မှုကို သတိမမူမိခဲ့ခြင်းပင် ဖြစ်လေသည်။
ရွှစ်…။
သူ၏စိတ်အာရုံထဲရှိ ‘စာအုပ်ကူ’မှ မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို ခံစားလိုက်ရသည်။ ၎င်း၏ကိုယ်ပေါ်တွင် စာလုံးများစွာ ထွင်းထုထားသကဲ့သို့ ပေါ်ထွက်နေကာ ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော စာအုပ်များ ပျံဝဲနေသကဲ့သို့ ထင်မှတ်ရပြီး အဆုံးမဲ့သော ဉာဏ်ပညာစွမ်းအားများ ကိန်းအောင်းနေချေသည်။
ယခုအခါ ‘စာအုပ်ကူ’သည် ပုံရိပ်ယောင်စာကြည့်တိုက်တစ်ခုထက် များစွာ ပိုမိုစွမ်းအားကြီးလာခဲ့ပေပြီ။ စာအုပ်များနှင့် အသိပညာများကို သိမ်းဆည်းရုံသက်သက်မျှသာ မဟုတ်တော့ချေ။
ထိုခဏတွင် ‘စာအုပ်ကူ’ထံမှ ကြီးမားလှသော သတင်းအချက်အလက်များက ကျိုးစွေ့၏ သိစိတ်ပင်လယ်အတွင်းသို့ တမဟုတ်ချင်း စီးဝင်သွားလေသည်။
“ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’... အတွင်းပိုင်း ဟင်းလင်းပြင်က ပိုမိုကျယ်ပြန့်လာပြီး ပုံရိပ်ယောင်ကုန်းမြေတိုက်ကြီးအဖြစ် အဆင့်တက်သွားပြီပဲ…”
ကျိုးစွေ့ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်၏။ သူ၏ဝိညာဉ်သည် ‘စာအုပ်ကူ’၏ အတွင်းကမ္ဘာထဲသို့ ချက်ချင်းပင် စီးဝင်သွားသည်။
ဤအခိုက်အတန့်တွင် ‘စာအုပ်ကူ’အတွင်း၌ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သူ ခံစားလိုက်ရ၏။ မူလက စာအုပ်များဖြင့် တည်ဆောက်ထားသော တိုင်းပြည်တစ်ခုသာ ရှိခဲ့သော်လည်း ယခုမူ အဆုံးအစမဲ့သော ကုန်းမြေတိုက်ကြီးတစ်ခုအဖြစ် အဆင့်တက်သွားလေပြီ။
ထိုကျယ်ပြောလှသော ကုန်းမြေတိုက်ကြီးပေါ်တွင် ကြီးမားသော စာအုပ်တိုင်းပြည်များစွာ ဖြစ်တည်နေသည်။ အင်မော်တယ်ကျမ်းစာ တစ်ခုချင်းစီသည် ကြီးမားသော စာအုပ်တိုင်းပြည် တစ်ခုစီကဲ့သို့ပင် ဖြစ်နေတော့၏။
ထိုကုန်းမြေတိုက်ကြီးပေါ်ရှိ မြစ်ချောင်းများ၊ တောင်တန်းများ၊ ချိုင့်ဝှမ်းများနှင့် သစ်ပင်ပန်းမန် အားလုံးသည် စာအုပ်များဖြင့် စုစည်းဖြစ်တည်နေခြင်း ဖြစ်သည်။ ဤတိုက်ကြီးပေါ်ရှိ အရာခပ်သိမ်းသည် စာအုပ်တစ်အုပ်ချင်းစီမှ ဖန်တီးထားခြင်း ဖြစ်ပေသည်။
အမှန်တကယ်ပင် ဤနေရာ၌ ကျင့်ကြံခြင်းလောကရှိ လူသားမျိုးနွယ်တို့၏ အဆုံးမဲ့သော ဉာဏ်ပညာနှင့် အနှစ်သာရများ ကိန်းအောင်းနေချေသည်။
"အင်မော်တယ်ကျမ်းစာတွေ၊ အမွေအနှစ်ကျောက်စိမ်းပြားတွေနဲ့ စာအုပ်အမြောက်အမြားကို ကျွေးမွေးခဲ့တာ တကယ်ကို အလကားမဖြစ်ခဲ့ဘူးပဲ...”
ကျိုးစွေ့ အသာအယာ ပြုံးလိုက်မိ၏။
ရွှမ်ဟွမ်ဂိုဏ်းက ချန်လန်ပင်လယ်ဒေသကို ပေါင်းစည်းပြီးနောက်တွင် ရွှမ်ပေါင်မျှော်စင်၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ ကောင်းကင်မိစ္ဆာဂိုဏ်း၊ ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်းတို့မှ ကျမ်းစာအုပ်များအားလုံးကို သူ ရရှိခဲ့သည်။ ထိုစာအုပ်များစွာကို ‘စာအုပ်ကူ’အား အကုန်ကျွေးခဲ့ခြင်း ဖြစ်၏။ အဓိကအကျဆုံးမှာမူ အင်မော်တယ်ရုပ်ကြွင်းများထံမှ ရရှိလာသော အင်မော်တယ်ကျမ်းစာများပင် ဖြစ်ပေသည်။
အင်မော်တယ်ကျမ်းစာ တစ်ခုချင်းစီ၌ ပါဝင်သော အသိပညာများသည် အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်။ ၎င်းမှာ လူပြည်လောကရှိ စာအုပ်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
အကယ်၍ ဆေးဖက်ဝင်အပင်များနှင့် နှိုင်းယှဉ်ရလျှင် ၎င်းတို့သည် အင်မော်တယ်ဆေးပင်များနှင့် တူပေသည်။ စားသုံးလိုက်ပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးများကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
ထို့ကြောင့်ပင် ဤအင်မော်တယ်ကျမ်းစာများကို စားသုံးပြီးနောက် ‘စာအုပ်ကူ’သည် ထူးကဲသော အဆင့်တက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်၏။ တိုတောင်းလှသော နှစ်တစ်ရာအတွင်းမှာပင် ၎င်းသည် ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
၎င်း၏ စွမ်းအားများသည်လည်း ရပ်တန့်မသွားဘဲ ဆက်လက် မြင့်တက်နေဆဲပင်။ မှန်ပေသည်၊ ‘စာအုပ်ကူ’သည် အင်မော်တယ်ကျမ်းစာ အားလုံးကို မစားသုံးရသေးဘဲ အနည်းငယ်ကိုသာ ဝါးမြိုရသေးခြင်း ဖြစ်သည်။ ‘စာအုပ်ကူ’၏ လက်ရှိစွမ်းဆောင်ရည်အရ ထိုမျှများပြားလှသော အချက်အလက်များကို တစ်ပြိုင်နက်တည်း အစာမချေနိုင်သေးသောကြောင့် ဖြစ်သည်။
"ဒါက ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’ရဲ့ စွမ်းရည်လား...”
ကျိုးစွေ့က စိတ်အာရုံကို အသုံးပြုကာ ‘စာအုပ်ကူ’ထံမှ စွမ်းရည်သစ်များကို ထပ်မံလေ့လာလိုက်၏။
[ စွမ်းရည် (၁) : စဉ်းစားဉာဏ်အရှိန်မြှင့်ခြင်း - အသုံးပြုသူ၏ အတွေးအမြင်အရှိန်ကို အဆပေါင်း တစ်သောင်းအထိ မြှင့်တင်ပေးနိုင်ပြီး ပါရမီကိုလည်း မကောင်းဆိုးဝါးပါရမီရှင်အဆင့်အထိ မြှင့်တင်ပေးနိုင်သည်။ ]
[ စွမ်းရည် (၂) : ဆင်ခြင်သုံးသပ်ခြင်း - ကျင့်စဉ်များ၊ တန်ခိုးစွမ်းရည်များနှင့် ဆေးဖော်စပ်ခြင်း ပညာရပ်များကို အဆက်မပြတ် ဆင်ခြင်တွက်ချက်နိုင်ရုံသာမက မပြည့်စုံသော ကျင့်စဉ်များကိုလည်း ပြန်လည်ဖြည့်စွက်ကာ အားနည်းချက်များကို ရှာဖွေပေးနိုင်သည်။ ]
[ စွမ်းရည် (၃) : ပုံရိပ်ယောင်ပဋိညာဉ် - ‘စာအုပ်ကူ’၏ သီးသန့်စွမ်းအားဖြစ်သော ပုံရိပ်ယောင်ပဋိညာဉ်ကို ဖန်တီးနိုင်သည်။ မည်သူမဆို ထိုပဋိညာဉ်ကို ချုပ်ဆိုလိုက်သည်နှင့် ‘စာအုပ်ကူ’၏ အတွင်းပိုင်း ပုံရိပ်ယောင်ဟင်းလင်းပြင်နှင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။ ၎င်းအပြင် ‘စာအုပ်ကူ’သည် ပဋိညာဉ်မှတစ်ဆင့် ထိုသူများ၏ ဝိညာဉ်စွမ်းအားနှင့် မှတ်ဉာဏ်များကို ရယူနိုင်ပြီး သက်ရှိများစွာ၏ ဉာဏ်ပညာကို စုပ်ယူနိုင်မည်ဖြစ်သည်။ ]
ကျိုးစွေ့သည် ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၏ စွမ်းအားကို ချက်ချင်း သိရှိသွားသည်။ ၎င်းမှာ ယခင်ကထက် ဆယ်ဆမက ပိုမိုအားကောင်းလာခြင်း ဖြစ်၏။ အကယ်၍ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၏ စွမ်းအားကို အသုံးပြု၍ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်းကို လေ့လာမည်ဆိုလျှင် ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လာပေလိမ့်မည်။
“ပုံရိပ်ယောင်ပဋိညာဉ်လား... ဒါဆိုရင် ပုံရိပ်ယောင် ဆက်သွယ်ရေးကိရိယာတွေ ဖန်တီးလို့ရပြီပေါ့…”
ကျိုးစွေ့သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ သူသည် ဤစွမ်းရည်အသုံးပြုပုံကို ချက်ချင်းပင် စဉ်းစားမိသွားသည်။
အကယ်၍ ကျင့်ကြံသူတိုင်း ‘စာအုပ်ကူ’၏ ကမ္ဘာထဲသို့ ဝင်ရောက်နိုင်မည်ဆိုလျှင် သူတို့သည် အချက်အလက်ပြ မျက်နှာပြင်တစ်ခုစီကို ရရှိနိုင်မည် ဖြစ်သည်။ ထိုမျက်နှာပြင်သည် သတင်းအချက်အလက် ပေးပို့နိုင်ရုံသာမက ဘဏ်ကတ်ကဲ့သို့ အသုံးပြုကာ ရတနာများကို အရောင်းအဝယ် ပြုလုပ်နိုင်ပေလိမ့်မည်။
ဤသည်မှာ ကျင့်ကြံခြင်းလောကအတွက် ကြီးမားသော အသွင်ပြောင်းတော်လှန်ရေးတစ်ခု ဖြစ်လာပြီး ကမ္ဘာကြီးကို လုံးဝ ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။ ‘စာအုပ်ကူ’အတွက်လည်း အကျိုးကျေးဇူးက အလွန်သိသာလှ၏။
အကယ်၍ ကျင့်ကြံသူများစွာ ပဋိညာဉ်ချုပ်ဆိုလိုက်ပါက ထိုသူတို့၏ မှတ်ဉာဏ်နှင့် ဉာဏ်ပညာများကို ‘စာအုပ်ကူ’က စုပ်ယူနိုင်မည်ဖြစ်ကာ ၎င်းမှာ ‘စာအုပ်ကူ’အတွက် အာဟာရဖြစ်လာပေမည်။ ထိုအခါ ‘စာအုပ်ကူ’၏ ကြီးထွားနှုန်းမှာလည်း အလွန်ပင် မြန်ဆန်လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လောကရှိ စာအုပ်များမှာ အကန့်အသတ် ရှိသော်လည်း သတ္တဝါတို့၏ ဉာဏ်ပညာမှာမူ အဆုံးမဲ့သောကြောင့်ပင်။ ‘စာအုပ်ကူ’ကို လျင်မြန်စွာ အဆင့်တက်စေလိုလျှင် သတ္တဝါအားလုံး၏ စွမ်းအားကို အသုံးချရန် လိုအပ်ပေသည်။
အခန်း (၆၄၀) - အလင်းမျက်လုံးခုနစ်လုံးနှလုံးသား၊ ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’၊ ချိပ်ပိတ်ခြင်းစာအုပ်၊ နယ်ပယ်တံခါး ပြည့်စုံသွားခြင်း(၃)။
“ဆဋ္ဌမအဆင့် ‘စာအုပ်ကူ’က တန်ခိုးစွမ်းရည်တစ်ခုလည်း ဖန်တီးလိုက်တာပဲ... အဲ့ဒါက ချိပ်ပိတ်ခြင်းကျမ်းစာပဲ… ဒီစွမ်းရည်ကို သုံးလိုက်ရင် သက်ရှိတွေနဲ့ အရာဝတ္ထုအားလုံးကို စာအုပ်ထဲမှာ ချိပ်ပိတ်ထားနိုင်မယ်… တကယ်လို့ မသေမျိုးခန္ဓာကိုယ်ရှိတဲ့ ရန်သူနဲ့ တွေ့ရင်တောင် သူ့ကို ယာယီချိပ်ပိတ်ထားလို့ ရတာပေါ့…”
ကျိုးစွေ့က ဆန္ဒတစ်ချက်ပြုလိုက်သည်နှင့် ထိုအစွမ်းထက်သော တန်ခိုးစွမ်းရည်ကို ချက်ချင်း တတ်မြောက်သွားလေသည်။ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည် မရှိသော်လည်း ထူးကဲသော အထောက်အကူစွမ်းရည်များ ပါဝင်နေသည်။
ရန်သူတိုင်းကို သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။ ထိုအချိန်မျိုးတွင် ချိပ်ပိတ်ခြင်းကျမ်းစာက အလွန်ပင် အသုံးဝင်ပေလိမ့်မည်။ ၎င်းကို အသုံးပြု၍ ရန်သူကို စာအုပ်ထဲ၌ ခေတ္တမျှ ချုပ်နှောင်ထားနိုင်သည် မဟုတ်ပါလော။
…
နာရီဝက်ခန့် ကြာပြီးနောက်…။
ကျိုးစွေ့သည် ကျင့်ကြံမှုကို အနည်းငယ် ပြန်လည်ထိန်းညှိပြီးနောက် ဂူဗိမာန်ထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် သူ၏ ဇနီးမယားများသည် အခန်းထဲ၌ စုရုံးကာ စကားလက်ဆုံးကျလျက် ရှိနေကြ၏။ သူတို့သည် ပါးလွှာသော အဝတ်အစားများကို ဆင်မြန်းထားကြပြီး လှပလွန်းသော ကိုယ်လုံးကိုယ်ပေါက်များမှာ အထင်းသား ပေါ်လွင်နေချေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူတို့၏ ခန္ဓာကိုယ်အလှမှာ ပိုမိုပြည့်စုံလာခဲ့လေပြီ။
"ယောက်ျားက ဘယ်အချိန်အထိ ကျင့်ကြံဦးမှာလဲ မသိဘူးနော်… တစ်လတောင် ရှိနေပြီ...”
"မကြာခင် ထွက်လာတော့မှာပါ… ဒီတစ်ခါ ယောက်ျားက အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်းကို ကျင့်ကြံနေတာလေ… အဲ့ဒါက အင်မော်တယ်အတတ်ပညာမို့လို့ ယောက်ျားကလွဲရင် ဘယ်သူမှ မသင်ယူနိုင်ဘူး...”
"ယောက်ျားက တကယ့်ကို တော်တာပဲ… အင်မော်တယ်အတတ်ပညာကိုတောင် တတ်မြောက်နိုင်တယ်… ယောက်ျားနဲ့သာ ကလေးလေးတစ်ယောက်လောက် ရရင် သိပ်ကောင်းမှာပဲ… တို့တွေ မကြာခဏ အတူနေကြတာတောင် ဘာလို့ ကိုယ်ဝန်မရနိုင်တာလဲ မသိဘူး...”
"ဒါကလည်း မတတ်နိုင်ဘူးလေ… မောင့်ရဲ့ သွေးမျိုးဆက်က အရမ်း အစွမ်းထက်နေတော့ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းက နည်းတာပေါ့...”
"ဟုတ်တယ်… ဖြစ်နိုင်တာက ထူးခြားတဲ့ လျှို့ဝှက်အတတ်ပညာတစ်ခုခု သုံးမှ ကိုယ်ဝန်ရနိုင်မယ်ထင်တယ်...”
"ယောက်ျား ကျင့်ကြံရာက ထွက်လာရင် အဲ့ဒီလို အတတ်ပညာရှိလား မေးကြည့်ရမယ်… တို့တွေ လက်ထပ်တာ ဒီလောက်ကြာနေတာတောင် ကလေးတစ်ယောက်မှ မရှိတာက တကယ့်ကို မကောင်းဘူး...”
"ငါကတော့ ဘာမှမဖြစ်ဘူး… ကလေးမရှိလည်း တို့တွေအတူတူ အမြဲနေရတာပဲ မဟုတ်လား… နောက်ပြီး အခုက လောကသုံးခု ပေါင်းစည်းနေတဲ့အချိန်ဆိုတော့ ကိုယ်ဝန်ယူဖို့ အချိန်ကောင်း မဟုတ်သေးဘူး… အနည်းဆုံးတော့ နတ်ဆိုးမျိုးနွယ်တွေရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးမှ ဖြစ်မှာ...”
"ဟုတ်သားပဲ… တို့တွေ ကိုယ်ဝန်ရှိနေတုန်း နတ်ဆိုးတွေ လာတိုက်ရင် ဒုက္ခရောက်ကုန်မှာပေါ့...”
ချန်ဇီယွင်နှင့် အခြားသူများမှာ တတွတ်တွတ်နှင့် ပြောဆိုနေကြ၏။
"အဟမ်း...”
ထိုအချိန်တွင် ကျိုးစွေ့က အခန်းထဲသို့ ရောက်လာပြီး ချောင်းဟန့်ကာ သူထွက်လာပြီဖြစ်ကြောင်း အသိပေးလိုက်သည်။ ဤမိန်းကလေးများသည် စကားပြောကောင်းနေကြသဖြင့် သူရောက်လာသည်ကိုပင် သတိမထားမိကြချေ။
"ယောက်ျား..."
ကျိုးစွေ့၏အသံကို ကြားသည်နှင့် ချန်ဇီယွင်တို့က ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။
အားလုံးမှာ အတိုင်းမသိ ဝမ်းသာသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ကျိုးစွေ့က စတုတ္ထမြောက် နှလုံးသားဉာဏမျက်လုံးကို အောင်မြင်စွာ စုစည်းနိုင်ရန် အနည်းဆုံး တစ်လခန့် တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့်ပင်။
တစ်ရက်မတွေ့ရသည်မှာ သုံးနှစ်နှင့် ညီမျှသည်ဟူသော စကားအတိုင်းပင် သူတို့သည် ကျိုးစွေ့ကို အလွန်အမင်း လွမ်းဆွတ်နေကြလေသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် တိုးဝှေ့လာကြကာ မျက်လုံးများမှာလည်း ညို့ငင်မှုများဖြင့် ပြည့်နှက်နေပြီး ကျိုးစွေ့ကို ဝါးမြိုပစ်တော့မည့်အလား ရှိနေတော့၏။
"ကြည့်ရတာ ဒီအတောအတွင်း မင်းတို့တွေ ပျင်းမနေခဲ့ကြဘူးပဲ… ကျင့်ကြံမှုတွေ အများကြီး တိုးတက်လာတာပဲ...”
ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။ သူသည် သူ၏စိတ်အာရုံဖြင့် တစ်ချက်စစ်ဆေးလိုက်ရာ သူ၏ လက်တွဲဖော်များ၏ ကျင့်ကြံမှုအဆင့်များ သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူတို့သည်လည်း အချိန်ဖြုန်းမနေခဲ့ကြပေ။
ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ ရှန်ပိချန်၊ လင်းယာကျူ၊ ချူတျဲယီနှင့် ချွမ်းထောင်၊ ရှထောင်၊ ချိုးထောင်၊ တုန်းထောင်တို့သည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့ကြလေပြီ။
ရှရွှေယန်နှင့် သခင်မမက်မွန်ပွင့်တို့မှာမူ ဝိညာဉ်သန္ဓေသားအဆင့် နှောင်းပိုင်းအဆင့်တွင် ရှိနေပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ နီးကပ်နေပြီဖြစ်ရာ မကြာမီ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်တော့မည် ဖြစ်၏။ ချန်ဇီယွင်နှင့် ယဲ့ဖေးရိုတို့မှာမူ နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းတွင် ရှိနေဆဲ ဖြစ်သည်။
သူတို့သည် ထိုအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် အလွန်အမင်း မြန်ဆန်စွာ တိုးတက်ရန် မလွယ်ကူပေ။
သို့သော်လည်း သူတို့သည် နတ်ဘုရားအသွင်ပြောင်းအဆင့်၏ စွမ်းအားများကို ကျွမ်းကျင်စွာ အသုံးချနိုင်နေပြီ ဖြစ်ပေသည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း လွန်ခဲ့သော နှစ်တစ်ရာကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်၏။
"ဒါကတော့ သေချာတာပေါ့...”
"ကျွန်မတို့ရဲ့ ကျင့်ကြံဆင့်တိုးတက်မှုက ယောက်ျားလောက် မမြန်ပေမဲ့ တခြားသူတွေနဲ့ ယှဉ်ရင်တော့ တော်တော်လေးကို သိသာပါတယ်...”
"နောက်ထပ် နှစ်ပေါင်း ရာဂဏန်းလောက်ဆိုရင် ကျွန်မတို့လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မယ် ထင်တာပဲ...”
ကျိပင်းယွီက အသာအယာ ပြုံးလိုက်မိ၏။ သူမ၏ စိတ်ထဲတွင် များစွာ လှုပ်ရှားနေမိသည်။
ယခင် အင်မော်တယ်ရှားကျွန်းတွင် ရှိနေစဉ်က သူမသည် ကူကယ်ရာမဲ့နေသော ချီသန့်စင်ခြင်းအဆင့် တစ်ဦးမျှသာ ဖြစ်ခဲ့သည်။ အခြေတည်အဆင့်သို့ ရောက်ရန်ပင် မျှော်လင့်ချက်မရှိခဲ့သော်လည်း ယခုမူ သူမသည် ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေရုံသာမက နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုပင် မျှော်မှန်းနိုင်နေပြီ ဖြစ်သည်။ ဤအရာအားလုံးမှာ သူမ၏ ယောက်ျားဖြစ်သူ ကျိုးစွေ့ကြောင့်ပင် ဖြစ်၏။
ဝုန်း…။
ကျိုးစွေ့ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကမ္ဘာမြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပင်လယ်ရေအောက် အနက်ပိုင်းမှ ထိတ်လန့်ဖွယ်ရာ တုန်ခါမှုကြီးတစ်ခုသည် ချန်လန်ပင်လယ်ပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
အားလုံးသော ကျင့်ကြံသူများသည် ထိုထူးဆန်းသော တုန်ခါမှုကြီးနှင့်အတူ ကြီးမားသော ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခုကိုပါ ခံစားလိုက်ကြရ၏။
"ဘာဖြစ်တာလဲ...”
လန်ယွဲ့ရှီတို့မှာလည်း ထိုကဲ့သို့သော ထူးဆန်းသည့်ဖြစ်စဉ်ကြောင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။
"နယ်ပယ်တံခါးမှာ ပြဿနာတစ်ခုခု ရှိနေပြီ… အချိန်အတော်ကြာအောင် အရှိန်ယူပြီးတဲ့နောက်မှာ နယ်ပယ်တံခါးက လုံးဝ ပြည့်စုံသွားပြီ ထင်တယ်...”
“နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိတဲ့ သက်ရှိတွေ ဖြတ်သန်းလာဖို့ လုံလောက်နေပြီ...”
ကျိုးစွေ့က မျက်လုံးကို အတန်ငယ် မှေးစင်းလိုက်လေ၏။
သူသည် ‘ကံကြမ္မာကူ’နှင့် ဆက်သွယ်လိုက်ရာ ဤကိစ္စ၏အစအဆုံးကို ချက်ချင်းပင် သိရှိသွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ကိုယ်ပေါ်မှ ကပ်ဘေးအငွေ့အသက်များက ရုတ်ချည်းတိုးပွားလာပြီး ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေတော့၏။
နယ်မြေတံခါး လုံးဝပြည့်စုံသွားခြင်းသည် သူ့အတွက် ကောင်းသောလက္ခဏာ မဟုတ်သည်မှာ ထင်ရှားလှသည်။ ဤသည်မှာ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာနှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့မှ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ ကျင့်ကြံခြင်းလောကထဲသို့ ဝင်ရောက်လာနိုင်တော့မည်ကို ဆိုလိုခြင်းပင်။
လူသားမျိုးနွယ်နှင့် ရွှမ်ဟွမ်ဂိုဏ်းတို့အတွက် ကြီးမားလှသော ကပ်ဘေးဒုက္ခကြီးပင် ဖြစ်ချေသည်။ ချန်လန်ပင်လယ်ပြင်၏ တစ်ခုတည်းသော လူသားအရှင်သခင်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသည့် ဂိုဏ်းဖြစ်သည့်အလျောက် ရွှမ်ဟွမ်ဂိုဏ်းသည် ပထမဆုံးသော ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
ရန်သူများအနေနှင့် ချန်လန်ပင်လယ်ရှိ လူသားမျိုးနွယ်ကို အမြစ်ပြတ်ချေမှုန်းလိုလျှင် ပထမဆုံး ဖယ်ရှားရမည့်အရာမှာ ရွှမ်ဟွမ်ဂိုဏ်းသာ ဖြစ်ပေသည်။
“ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ… နောက်ထပ် နှစ်တစ်ရာ၊ နှစ်ရာလောက် ကျန်သေးတယ်လို့ ပြောထားတာ မဟုတ်ဘူးလား...”
ယဲ့ဖေးရိုသည်လည်း အလွန်အမင်း အံ့အားသင့်သွားရ၏။ ရွှမ်ဟွမ်ဂိုဏ်းအနေနှင့် ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာနှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့မှ ခြိမ်းခြောက်မှုများကို ပြင်ဆင်ရန် အချိန်အများကြီးရဦးမည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ရင်ဆိုင်ရမည့် ကပ်ဘေးများက သူမ ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိလာခဲ့လေသည်။
ထို့ကြောင့် သူမမှာ ချက်ချင်းပင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာတော့သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနယ်မြေနှစ်ခုလုံးမှ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်မည်မျှ ရှိသည်ကို မည်သူမျှ မသိရှိနိုင်သောကြောင့် ဖြစ်ပေသည်။
၎င်းတို့၏ စွမ်းအားက မည်မျှအထိ ကြီးမားမည်နည်း။
“မူလကတော့ နောက်ထပ် နှစ်တစ်ရာ၊ နှစ်ရာလောက် အချိန်ရသင့်တာ… ဒါပေမဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ရုတ်တရက် ပေါင်းစပ်သွားတဲ့အတွက် နယ်မြေတံခါးရဲ့ ကြီးထွားမှုကို ပိုမိုမြန်ဆန်သွားစေခဲ့တာပဲ… ဒါကြောင့်လည်း ရှေးဟောင်းသားရဲတံခါးနဲ့ ရှေးဟောင်းနတ်ဆိုးတံခါးတွေက အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်တွေကို လက်ခံနိုင်တဲ့အထိ ဖြစ်သွားတာပဲ...”
ကျိုးစွေ့က လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
“ယောက်ျား... အခြေအနေက ဒီလိုဆိုရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ… လောကသုံးပါး ပေါင်းစည်းမယ့် အစီအစဉ်ကို အခုပဲ စလိုက်ကြမလား...”
ချန်ဇီယွင်က ကျိုးစွေ့ကို ကြည့်ကာ မေးလိုက်၏။ သူမ၏ယောက်ျားဖြစ်သူမှာ ကျင့်ကြံခြင်းလောကကို ဝိညာဉ်လောကနှင့် ယှဉ်နိုင်သောလောကတစ်ခုအဖြစ် ပြောင်းလဲရန် လောကသုံးပါး ပေါင်းစည်းရေးအစီအစဉ်ကို အမြဲတစေ ကြိုးပမ်းနေသည်ကို သူမ သိရှိသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် ၎င်းတို့အနေနှင့် ဝိညာဉ်လောကသို့ တက်လှမ်းရန် မလိုတော့ပေ။
သို့သော်ငြား ဤလောကကို လူသားမျိုးနွယ်များကသာ ထိန်းချုပ်ထားနိုင်မှသာလျှင် ဖြစ်ပေမည်။ အကယ်၍ မိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့၏ လက်အောက်သို့ ရောက်ရှိသွားပါက သူတစ်ပါးအတွက် အကျိုးရှိအောင် လုပ်ပေးသကဲ့သို့ ဖြစ်သွားပြီး ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။
“မလောပါနဲ့ဦး… ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အခြေအနေကို အရင်ကြည့်ရအောင်… ဒီအခွင့်အရေးကို သုံးပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် သားရဲကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေကို သုတ်သင်ပစ်လို့ ရနိုင်တယ်… ဒါမှ လူသားမျိုးနွယ်အပေါ် ကျရောက်မယ့် ဖိအားတွေကို လျှော့ချနိုင်မှာ...”
ကျိုးစွေ့၏မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။ အမှန်အတိုင်းဆိုရလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော ကျိုးစွေ့အတွက် မိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့၏ ခြိမ်းခြောက်မှုကို ဂရုစိုက်စရာ မလိုတော့ပေ။
တစ်ဖက်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ရောက်လာလျှင်ပင် သူ့ကို မည်သို့မျှ မတတ်နိုင်သလို သူ၏ပြန်လည်တိုက်ခိုက်မှုကိုပင် ခံရပေလိမ့်မည်။ အဆင့်တူကျင့်ကြံသူများဆိုလျှင်မူ ရောက်လာသမျှ တစ်ယောက်မကျန် သေဆုံးရမည်သာ ဖြစ်သည်။
တစ်လောကလုံးရှိ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာမှလာသော နယ်မြေတံခါးအများအပြားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထိုအလင်းစက်များမှာ စုစည်းသွားပြီး အခြားသော နယ်မြေတံခါးများနှင့် ပေါင်းစပ်သွားကြလေသည်။
နောက်ဆုံးတွင် ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာမှလာသော နယ်မြေတံခါးမှာ တစ်လောကလုံးတွင် တစ်ဆယ့်ရှစ်ခုသာ ကျန်ရှိတော့ပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေတော့သည်။ ချန်လန်ပင်လယ်ပြင်တွင်မူ ရှေးဟောင်းသားရဲတံခါးသုံးခု ပေါ်ပေါက်လာခဲ့တော့သည်။