အပြစ်
Vol. 10 Ch. 906
ဝေ့မင်းသား၏အိမတော်အတွင်းမှ များပြားလှစွာသော အလင်းတန်းများ လင်းလက်လာလေသည်။
ထို့နောက် အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားပြီး ချက်ချင်းပင် ပြန်လည်မှောင်မိုက်သွားလေ၏။
သားတော်လေးဖွားမြင်သည့်အတွက် ပျော်ရွှင်နေသည့် ဝေ့မင်းသားမှာ ရုတ်တရက် အိမ်တံခါးချိုးဖျက်ခံလိုက်ရပြီး အိမ်တော်အတွင်းသို့ ဝင်ရောက်လာသည့် အမျိုးသမီးအရာရှိကို တွေ့မြင်ရလေသည်။
အရာရှိအမျိုးသမီးမှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လွိလော်ပင် ဖြစ်လေသည်။ လွိလော်မှာ ဘုရင်မကြီး အယုံကြည်ရဆုံး အမျိုးသမီးအရာရှိဖြစ်မှန်း ဝေ့မင်းသား ချက်ချင်းသိလိုက်သည်။
လွိလော်က နတ်သမီးအုပ်စုတစ်စုကို ဦးဆောင်လာခြင်းဖြစ်ပြီး သူမ၏မျက်နှာက တည်ကြည်လေးနက်နေလေသည်။
လွိလော်၏ဘေးမှ နတ်သမီးတစ်ပါးက…
"ဝေ့မင်းသား ပုန်ကန်ဖို့ကြိုးစားတယ် ၊ ဒါကြောင့် တစ်အိမ်သားလုံး သေဒဏ်ကျခံရမယ်…"
နတ်သမီး၏စကားကြောင့် ဝေ့မင်းသား ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်း ငြင်းဆန်ရန် ကြိုးစားလိုက်လေသည်။
သို့သော်… သူ မငြင်းဆန်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဦးခေါင်းပြတ်သွားပြီး မြေပြင်ထက် ပြုတ်ကျသွားသောကြောင့် ဖြစ်လေ၏။
လွိလော်ခေါ်ဆောင်လာသည့် နတ်သမီးများအားလုံးမှာ ကျောက်စိမ်းဝိညာဉ်ရေကန်မှ နတ်သမီးများ ဖြစ်ကြလေသည်။ သူတို့အားလုံးက မယ်တော်ဝမ်မူ၏အမိန့်ကို နာခံကြသူများ ဖြစ်ကြသည်။
သူတို့က ဝေ့မင်းသားကဲ့သို့သော သာမန်လူများအပေါ်တွင် သိပ်ပြီး ခံစားချက်ထားကြသူများ မဟုတ်ပေ။
နတ်သမီးများက အိမ်တော်တစ်ခုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်လေသည်။
နောက်ဆုံး ဟယ်စူးရင်း မွေးဖွားသန့်စင်ထားသည့် ပထမဆုံး မင်းသားငယ်လေးကိုပင် သတ်ဖြတ်ရန် ရောက်ရှိလာကြလေသည်။
လွိလော်၏ဘေးမှ နတ်သမီးက မွေးကင်းစကလေးငယ်လေးကို လေထဲသို့ ဆွဲမြှောက်ကာ ဓားဖြင့်ထိုးခုတ်ရန် ဟန်ပြင်လိုက်လေသည်။
လွိလော်က အနည်းငယ်တုံ့ဆိုင်းနေပြီး သူမဘေးမှ နတ်သမီးကို တားဆီးလိုက်လေသည်။
"ခဏနေဦး…"
နတ်သမီးက…
"ဒီကလေးက ဝေ့မင်းသားနဲ့ ကြင်ယာတော်ရဲ့ကလေးပဲ ၊ ဘာစောင့်နေစရာ လိုလို့လဲ…"
လွိလော်က မွေးကင်းစကလေးငယ်လေးကို ကြည့်လိုက်လေသည်။
ထိုကလေးငယ်က သာမန်ကလေးငယ်တစ်ယောက်နှင့်မတူပေ။ ကလေးငယ်တစ်ကိုယ်လုံးက သွေးရောင်လွှမ်းနေပြီး မျက်ခုံးများက ထက်ရှနေလေသည်။ ကြည့်လိုက်သည်နှင့် တန်ခိုးစွမ်းအားများနှင့် ပြည့်နေသည်မှာ ထင်ရှားနေလေသည်။ ကလေးငယ်၏ ဇာစ်မြစ်က ထူးခြားဟန်ရှိသည်။
ထိုကလေးငယ်လေးမှာ ဝူရှန်ကျောင်းတော်မှာ လူသားပုံစံဂျင်ဆင်းသစ်သီးနှင့်ပင် ဆင်တူလေသည်။
ထိုမွေးကင်းစကလေးငယ်လေးက ထိုမျှ စွမ်းအားပြည့်ဝနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်သည် ကျင့်ကြံသူမိန်းကလေးတစ်ယောက်၏ ကလေးဖြစ်လေသည်။ ဟယ်စူးရင်းက ကလေးငယ်ကို ကိုယ်ဝန်ဆောင်သည့်အချိန်မှာပင် လောကတစ်ခုလုံးမှ ရသမျှ ဝိညာဉ်စွမ်းအားဆေးဝါးများကို မှီဝဲထားခဲ့ဟန် ရှိလေသည်။
ထို့ကြောင့်ကလေးငယ်မှာ မွေးကင်းစလေးဖြစ်ပြီး လေထဲတွင် ဆွဲမြှောက်ခံထားရသည့်တိုင် အသက်ရှင်သန်နေနိုင်ဆဲ ဖြစ်ခြင်းဖြစ်လေသည်။
လွိလော်က ကလေးငယ်ကို အလွန်သနားနေမိလေသည်။
သူမက…
"ဒီကလေးက မွေးရာပါ တာအိုခန္ဓာရှိတယ် ၊ သတ်လိုက်ရင် နှမျောစရာပဲ…"
သို့သော်… လွိလော်၏ စကားမဆုံးမီမှာပင် နတ်သမီးက ကလေးငယ်ကို လက်ဝါးဖြင့် ရိုက်ချကာ သတ်ဖြတ်ပစ်လိုက်လေတော့သည်။
လွိလော်မှာ အသက်ပင် မရှူနိုင် ဖြစ်သွားရလေသည်။
သူမက ထိတ်လန့်တခြားဖြင့်…
"မင်း ဘယ်လိုလုပ်လိုက်တာလဲ…"
နတ်သမီးက ပြုံးလိုက်ရင်း…
"ကျွန်မတို့ ရက်စက်ရမှာပဲလေ ၊ ဒီလိုသာ မရက်စက်ဘူးဆိုရင် ဘုရင်မကြီး ဒေါသထွက်လိမ့်မယ်…"
လွိလော်က…
"မင်းရဲ့လုပ်ရပ်အတွက် နောင်တမရဖို့ပဲ ငါမျှော်လင့်ပါတယ်…"
နတ်သမီးက…
"ကျွန်မက မယ်တော်ဝမ်မူအတွက် တာဝန်ကျေတဲ့သူပဲ ဖြစ်ချင်တာပါ…"
လွိလော်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း…
"ငါတို့ ဒီနေ့လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်…"
နတ်သမီးက ခပ်တည်တည်မျက်နှာထားဖြင့်…
"တကယ်ဆို ဒီကိုလာပြီး ဝေ့မင်းသားရဲ့ အိမ်တော်တစ်ခုလုံးကို မသုတ်သင်ခင်ကတည်းက အဲဒီလိုဖြစ်လာမယ်ဆိုတာ သခင်မလွိလော် ရှင်းရှင်းလင်းလင်း သိထားသင့်တယ်…"
ထိုအချိန်မှာပင်…
နောက်ထပ်ကလေးငိုသံတစ်သံ ထွက်ပေါ်လာပြန်လေသည်။
သို့သော်… ကလေးငယ်ငိုသံက အလွန်အားနည်းနေသည့်ဟန် ရှိလေသည်။
စောစောက ဝေ့မင်းသား၏သားတော်လေးကို သတ်လိုက်သည့် နတ်သမီး၏မျက်နှာမှာ ချက်ချင်းပင် အေးစက်တင်းမာသွားလေသည်။
ကလေးငယ်ငိုသံမှာ ဝေ့မင်းသားအိမ်တော်၏ ဘေးဘက်ရှိ အဆောင်ငယ်တစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုနေရာမှာ အရှေ့နန်းဆောင်တည်ရှိရာနေရာဖြစ်လေသည်။
အဆောင်ထဲတွင်တော့ မွေးကင်းစကလေးငယ်တစ်ယောက် ကြမ်းပြင်ထက်တွင် ပြုတ်ကျနေပြီး မိခင်ဖြစ်သူကတော့ ကလေးငယ်ကို မွေးဖွားပြီး သွေးလွန်ကာသေဆုံးသွားဟန် ရှိလေသည်။
နတ်သမီးက တစ်ချက်လေးပင် မတွန့်ဆုတ်ဘဲ ထိုကလေးငယ်ကို သတ်ဖြတ်ရန် ဓားကို ဆွဲထုတ်လိုက်လေသည်။
သို့သော် … သူမကို လွိလော်က တားဆီးလိုက်ပြန်လေသည်။
လွိလော်က…
"ဒီကလေးကတော့ မင်းသားတစ်ပါး မဟုတ်နိုင်ပါဘူး…"
နတ်သမီးက…
"ဘုရင်မကြီးက တစ်အိမ်သားလုံးသတ်ပစ်ရမယ်လို့ အမိန့်ပေးခဲ့တာကို သခင်မလွိလော် မေ့နေပြီလား…"
လွိလော်က…
"ကလေးရဲ့ အမေကိုလည်း ကြည့်ပါဦး ၊ ဒီကလေး လူ့လောကထဲရောက်လာဖို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားထားရသလဲ ၊ ဒီနေ့ လူတွေသေတာ လုံလောက်ပါပြီ ၊ ငါတို့ ဒီထက်ပိုပြီး လူမဆန်တဲ့အလုပ်တွေ မလုပ်တော့ဘဲ နေကြရအောင်ပါ…"
နတ်သမီးက…
"ဒီကလေးကို သခင်မလွိလော်သတ်မှာလား ၊ ကျွန်မပဲ သတ်လိုက်ရမလား…"
လွိလော်က ကြမ်းပြင်ထက်တွင်ကျနေသည့် နီတာရဲမွေးကင်းစကလေးငယ်လေးကို ကောက်ချီလိုက်လေသည်။
"ဒီနေ့ ငါတို့လုပ်တဲ့အပြစ်တွေ အရမ်းများနေပြီ ၊ ငါ ထပ်ပြီး မလုပ်နိုင်တော့ဘူး…"
နတ်သမီးက….
"ဒါဖြင့် ကျွန်မက သခင်မလွိလော်ကို ရိုင်းပြရပါတော့မယ်…"
ထိုအခါ အခြားသောနတ်သမီးများကလည်း လွိလော်ကို ပိတ်ဆို့ဝန်းရံထားလိုက်ကြလေသည်။
လွိလော်မှာ နတ်သမီးများအလယ်တွင် ပိတ်မိနေလေတော့သည်။
ထို့နောက် နတ်သမီးများက သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြလေသည်။ ဓားများက အေးစက်သည့်အလင်းတန်းများ တောက်ပနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း ပြင်းထန်လျှက် ရှိလေသည်။
နတ်သမီးများအားလုံးမှာ မိုးကောင်းကင်နတ်ဘုရားအဆင့် နတ်သမီးများဖြစ်ကြသည့်အတွက် သူတို့အားလုံးကို လွိလော်အနေဖြင့် လွယ်လွယ်နှင့် ထိုးဖောက်ထွက်နိုင်မည် မဟုတ်ပေ။
လေထုက ထူးဆန်းစွာဖြင့် ရပ်တန့်သွားလေသည်။
လွိလော်၏ပုံစံက ခါတိုင်းအချိန်များဖြင့်မတူဘဲ တစ်ခုခု ထူးခြားနေလေသည်။
သူမ၏ဘဝတွင် ဘုရင်မကြီးကို သစ္စာဖောက်ရန် မည်သည့်အခါမှ မစဉ်းစားခဲ့ဖူးပေ။ သို့သော်… ယနေ့ သူမ၏ အပြုအမူများက ဘုရင်မကြီးကို သစ္စာဖောက်သလို ဖြစ်နေလေသည်။
ဝေ့မင်းသား၏တစ်အိမ်လုံးကို သတ်ဖြတ်ပစ်ရန်အတွက် သူမကို ဘုရင်မကြီးက အမိန့်ပေးခဲ့လေသည်။ သူမသည် အခြားသောနတ်သမီးများကဲ့သို့ပင် ဘုရင်မကြီး၏အမိန့်ကို တစ်သွေမတိမ်းနာခံလိုသူတစ်ယောက်ဖြစ်လေသည်။ ဘုရင်မကြီး၏အမိန့်ကိုနာခံရသည့်အတွက် ဝဋ်လည်မည်ဆိုလျှင်လည်း သူမ အရေးမစိုက်ပေ။
သို့သော်… လူသားမဆန်သည့်အပြုအမူမျိုးကိုတော့ သူမ ပြုလုပ်လိုခြင်း မရှိပေ။
သူမ ဆန်းလျန်နှင့် ဆရာစူးတို့အကြောင်းကို စဉ်းစားလိုက်မိလေသည်။ ဆန်းလျန်နှင့် ဆရာစူးတို့ (၂)ယောက်လုံးသည် အဆင့်မြင့်နတ်ဘုရားများ ဖြစ်ကြလေသည်။ သို့သော်… သူတို့သည် မည်သည့်အခါမှ မွေးကင်းစကလေးငယ်တစ်ယောက်ကို လူမဆန်စွာ သတ်ဖြတ်ပစ်ရန်အတွက် အမိန့်ပေးမည့်သူများ မဟုတ်ကြပေ။
***
ဘုရင်မကြီးသည် ရောင်စဉ် (၉)မျိုးတောက်ပနေသည့် ပလ္လင်ထက်တွင် မတ်တတ်ရပ်နေလေသည်။
သူမ၏ခန္ဓာကိုယ်ထက်တွင် တောင်နှင့်မြစ်ရေများကို ရေးဆွဲထားသည့် ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမသည် ကောင်းကင်ထက်မှဆင်းသက်လာလေသည်။
သူမတွင် တစ်ခါမှ မရရှိဘူးသည့် တန်ခိုးစွမ်းအားတစ်ခုကို သူမ ခံစားလိုက်ရလေသည်။ ထို့နောက် သူမ အရာအတော်များများကို နားလည်လိုက်ရလေသည်။
သူမ၏အကြည့်က ဘုရင့်နေပြည်တော်ထဲတွင်ရှိနေသည့် ဆန်းလျန်ရှိရာသို့ ရောက်ရှိသွားလေသည်။ ထို့နောက် သူမက စိတ်တစ်ချက် ညွှတ်လိုက်သည်နှင့် ဆန်းလျန်ရှိရာသို့ ချက်ချင်းရောက်ရှိသွားလေသည်။
"လွိလော်ကို တစ်ယောက်ယောက်က လှုံ့ဆော်လိုက်တယ် ၊ အဲဒါကို မင်းသိလား…"
ဆန်းလျန်ရှေ့ရှိလေထုထဲမှ ဘုရင်မကြီး၏အသံ ထွက်ပေါ်လာလေသည်။
ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားတစ်ခုက ဆန်းလျန်ကို ရိုက်ခတ်နေသည့်အတွက် ဆန်းလျန်၏ အင်္ကျီစများမှာ လေထဲတွင် လွင့်နေလေသည်။ သို့သော်… ဘုရင်မကြီးကို အကောင်အထည်ဖြင့် တွေ့မြင်ရခြင်း မရှိပေ။
ဆန်းလျန်က တစ်ယောက်တည်းရှိနေခြင်းဖြစ်ပြီး ခါတိုင်းကဲ့သို့ သူ့ဘေးနားတွင် ကျောက်ဖုန်းလည်း ရှိမနေခဲ့ပေ။
ဆန်းလျန်က…
"မနေ့ညက လွိလော်နဲ့ တွေ့ပြီးကတည်းက ကျုပ်သိပြီးပါပြီ…"
ဘုရင်မကြီးက…
"ဒီနေ့သာ ငါ အောင်မြင်မှုမရခဲ့ဘူးဆိုရင် အဲဒီလောက်အစွမ်းထက်တဲ့သူတစ်ယောက် ဒီလောကမှာ တိတ်တဆိတ်ရှိနေတာကို ငါ လုံး၀ သိမှာမဟုတ်ဘူး…"
လွိလော်သည် ဆန်းလျန်နှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို ဖြတ်တောက်ပစ်ခဲ့သည်ကို ဘုရင်မကြီး သိရှိထားလေသည်။
သို့သော်… ထိုမှတ်ဉာဏ်များက ရုတ်တရက် ပြန်ပေါ်လာပြီး ဆန်းလျန်ကို သူမ မှတ်မိနေခဲ့လေသည်။
ထိုအချက်ကို ဘုရင်မကြီးယခင်က သိရှိခြင်း မရှိပေ။ သို့သော်… ယခု သိရှိသွားသည့်အခါတွင်တော့ သူမကျောရိုးထဲစိမ့်သွားမိလေသည်။
အကောင်းအဆိုးပင်မသိဘဲ တစ်စုံတစ်ယောက်ကို အတင်းဖိအားပေးသကဲ့သို့ ဖြစ်နေလေသည်။
သူမ မြင်သမျှ ၊ ကြားသမျှ ၊ တွေးသမျှအရာအားလုံးသည် အခြားသူများ၏ ရေးစွဲထားမှုများ ဖြစ်နေလေသည်။ သို့သော်… ထိုကိစ္စနှင့်ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပေ။
ဆန်းလျန်က….
"ဘုရင်မကြီး အိပ်မက်မက်ရတဲ့ အရသာကို မှတ်မိသေးလား ၊ အိပ်မက်ထဲမှာ ဘုရင်မကြီး ဘာတွေဖြစ်ပျက်နေသလဲ ၊ ဘုရင်မကြီးနိုးလာတဲ့အခါ ဘာတွေခံစားရလဲ ၊ အင်း… တစ်နေ့တော့ ဘုရင်မကြီးလည်း သိလာမှာပါ ၊ ဘုရင်မကြီး အခုပိုင်ဆိုင်ထားရတဲ့အရာအားလုံးက အိပ်မက်လိုပဲဆိုတာကိုပေါ့ ၊ အခုအချိန်မှာတောင်မှ အစစ်အမှန်ဟုတ်ရဲ့လားဆိုတာ မသေချာလှပါဘူး…"
ဘုရင်မကြီးက…
"အမှန်ပဲ ၊ ဒါပေမဲ့ ငါကတော့ အစစ်အမှန်ဆိုတာ ငါသိပါတယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"လောလောဆယ်အချိန်မှာ ကျုပ် အဲဒီကိစ္စကို စဉ်းစားနေတာ ၊ လူတွေအိပ်မက်မက်ရင် အိပ်မက်က တကယ်ဖြစ်လာနိုင်သလား ၊ လောကတစ်ခုလုံးကို အိပ်မက်ထဲမှာ ပြောင်းလဲပစ်နိုင်မှာလား…"
ဘုရင်မကြီးက…
"အဲဒီလိုတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး…"
ဆန်းလျန်က…
"ဒါပေမဲ့ အိပ်မက်နဲ့ အစစ်အမှန်ကြားမှာ ခြားထားတဲ့စည်းက ပျက်စီးသွားရင်ရော…"
ဆန်းလျန်၏စကားကြောင့် ဘုရင်မကြီး၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။
"ဒီလိုလူမျိုးသာရှိရင် လောကမှာ သိပ်ကြောက်စရာကောင်းမှာပဲ ၊ တာအိုဆရာသခင်ကြီးတစ်ပါးမှပဲ ဖြစ်နိုင်မယ် ထင်တယ်…"
ဆန်းလျန်က…
"အဲဒီလိုတော့ မဟုတ်ပါဘူး ၊ အိပ်မက်ဆိုတာ စိတ်ကူးကနေစတင်တာပဲ ၊ စိတ်ကူးတွေပိတ်မိနေတဲ့နေရာကို အိပ်မက်လို့ခေါ်တာလေ…"
ဘုရင်မကြီးက…
"ဒါ မယုံနိုင်စရာပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အမှန်ပဲ ၊ ဒါပေမဲ့ ဒီလိုတန်ခိုးစွမ်းအားဆိုတာက ထိန်းချုပ်နည်းတစ်မျိုးပါပဲ ၊ အိပ်မက်နဲ့အစစ်အမှန်ကြားက ခြားထားတဲ့စည်းကို ဖျက်လိုက်နိုင်တယ်ဆိုပေမယ့်လည်း တာအိုဆရာသခင်ကြီးတစ်ပါးကိုတော့ မယှဉ်နိုင်သေးပါဘူး…"
ထိုစကားများကို ဆန်းလျန်က ဘုရင်မကြီးကို ပြောနေသလိုလိုနှင့် သူ့ကိုယ်သူ ပြောနေခြင်း ဖြစ်လေသည်။
သို့သော်… ဆန်းလျန်၏စကားများကို နားထောင်ပြီးသည်နှင့် ဆန်းလျန်နှင့် သူမကြားမှ အဆင့်အတန်း မည်မျှကွာခြားသည်ကို ဘုရင်မကြီး သဘောပေါက်သွားလေတော့သည်။
***