အခန်း (၉၇၆-၉၇၈)
Vol. 66 Ch. 976-978
အခန်း (၉၇၆) ဘာကြောင့်မှောင်
လုယန် သူ့လှိုဏ်ဂူအမှောင်ထုထဲတွင် သက်ပြင်းချသည်။ မျက်လုံးဖွင့်လိက်သည်။ တောက်ပသည့် မျက်လုံးသူငယ်အိမ်များက အမှောင်ထုထဲတွင် ထင်ရှားနေသည်။
"နေပါဦး၊ ဘလို့အဲလောက်မှောင်နေတာလဲ"
"မီးမရှိရင် ပတ်ဝန်းကျင်အနေအထားက ပိုပြီးလိုက်လျောညီထွေရှိမယ်ထင်လို့ ငါနတ်မယ် မီးအိမ်ကိုငြှိမ်းပေးထားတာလေ"
ယခု နေစွမ်းအင်မီးအိမ်များ တွင်ကျယ်စွာ အသုံးပြုနေကြသည်။ ဖယောင်းတိုင်သုံးသူ မရှိသလောက်ရှားသွားသည်။ လုယန်၏လှိုဏ်ဂူက ရေသူမမီးအိမ်ထွန်းညှီထားခြင်းဖြစ်သည်။ ထို့ကြောင့် အစားထိုးစရာမလိုသေးဟု သူယူဆထားသည်။
လုယန် ခေါင်းခါ၍ အရှုံးပေးလိုက်ရသည်။ သူ့လက်ရှိကျင့်စဉ်စွမ်းအားအရ မီးထွန်းသည်ဖြစ်စေ မထွန်းသည်ဖြစ်စေကိစ္စမရှိ။ သူမြင်နိုင်စွမ်းရှိသည်။
သူကြောတစ်ချက်ဆန့်လိုက်သည်။ သုံးနာရီကျင့်ကြံပြီးမှ ဝိညာဉ်ပြောင်းအဆင့်သို့ တက်နိုင်ခဲ့သည်။ ယခု တံခါးပိတ်ကျင့်ကြံမှု ပြီးဆုံးသွားသဖြင့် သူစိတ်အေးလက်အေးဖြစ်သွားသည်။
သူပြန်ထိုင်သည်။
"ငါ့ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင်လုပ်ရဦးမယ်"
သူ့အခြေခံက ခိုင်မာသည်။ နည်းနည်းသာ အားစိုက်ဖို့လိုသည်။
ကျင့်စဉ်အဆင့်တည်ငြိမ်သွားပြီးနောက် လှိုဏ်ဂူတံခါးကိုဖွင့်လိုက်သည်။ သူ့ကိုကျောပေးထားပြီး ကျားခုံကိုမျက်နှာမူနေသည် ယွမ်မုန်မုန်ကိုမြင်ရသည်။ အတော်ကြာအောင် ငြိမ်နေပြီးနောက် အနက်ရောင်ကျားစေ့တစ်စေ့ ကောက်ယူ၍ ကျားခုံပေါ် ဒေါက်ခနဲချလိုက်သည်။ ပွဲပြီးသွားသည့်သဘောဖြစ်သည်။
"ငါးခုတစ်တန်းတည်းဖြစ်ပြီ။ ငါနိုင်ပြီ"
ယွမ်မုန်မုန် ပျော်နေသည်။
"ညီမမုန်မုန်၊ အမသုံး။ တစ်ခြားနေရာမှာ ကစားလို့မရဘူးလား"
လုယန် စိတ်ပျက်လက်ပျက်ပြောသည်။
"ကျုပ်တံခါးရှေ့မှာပိတ်ပြီး မကစားပါနဲ့။ ကျုပ်စကျင့်ကြံတဲ့အချိန်က အမတို့ဒီမှာမရှိပါဘူး။ ဘယ်အချိန် ရောက်လာကြတာလဲ"
ကန်ထန်က ပြုံး၍ရှင်းပြသည်။
"ဒီနေရာက ဖုန်းရွှေကောင်းတယ်လို့ မုန်မုန်က ပြောလို့ပါ။ မင်းလှိုဏ်ဂူနဲ့ နီးနီးနေရင် မင်းရဲ့ကံကောင်းမှုတွေကိုကူးလာပြီး အနိုင်ရနိုင်တယ်လို့ သူကတွေးတယ်လေ"
"ကျုပ်ကံကဘာတွေများကောင်းလို့လဲ"
လုယန် စဉ်းစားသည်။ နတ်မယ်နှင့် အတူပူးတွဲနေရခြင်းကို ရည်ညွှန်းသလားမသိ။
"ရှောင်ကျိကပြောတယ်။ မသေမျိုးတစ်ဝက်နဲ့ မသေမျိုးတွေဟာ အပြင်လောကမှာ သိပ်မရှိဘူးတဲ့။ နင်က သူတို့နဲ့မကြာခဏတွေ့တယ်ဆိုတော့ ကံကောင်းလို့ပဲပေါ့။
အခုကြည့်လေ။ နင့်ကံက ကောင်းပါတယ်လို့ ပြောသားပဲ။ နင့်လှိုဏ်ဂူနားမှာနေတော့ ငါ့ဆီကိုကံကောင်းခြင်းတွေကူးလာပြီး ပထမပွဲမှာ နိုင်သွားပြီ"
ယွမ်မုန်မုန်က အောင်နိုင်သူလေသံဖြင့် ပြောသည်။
ကျားခုံဘေးတွင် သံလွင်ပန်းအဆာသွပ်လမုန့် အပြည့်ဖြည့်ထားသည့် ပန်းကန်တစ်ခုရှိသည်။ တစ်ပွဲနိုင်လျှင် တစ်ခုစားခွင့်ရမည်။
ယွမ်မုန်မုန်၏ ကျားစွမ်းရည်ကို သိထားသဖြင့် အမသုံးက တမင်အနိုင်ပေးနေခြင်းလားဟု လုယန်သံသယဝင်မိသည်။
အဆင့်တက်ပြီးစဖြစ်၍ သူစိတ်ကြည်နေသည်။ တောင်အောက်သို့ဆင်း၍ လောင်မုန်ကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ခြားလူများက ကျင့်စဉ်ဝင်နေသဖြင့် အားလပ်ကြမည်မဟုတ်။
ယွမ်မုန်မုန်က လမုန့်ကိုဝါးနေရင်း သူ့နောက်မှလှမ်းအော်သည်။
"ဪ ဒါနဲ့၊ အမယွမ်ကပြောတယ်။ သူ့မိတ်ဆွေတွေဆီ သွားလည်မှာမို့လို့ ဒီနေ့ပြန်မလာဘူးတဲ့။ ဒုခေါင်းဆောင်က အဆင့်တက်ပြီးစဆိုတော့ ငါတို့သုံးယောက် ဒီညရနံ့တရာဆိုင်မှာ သွားပြီးဂုဏ်ပြုစားသောက်ပွဲ လုပ်ကြမလား"
"ရတယ်လေ"
လုယန် ပြုံး၍ပြောလိုက်သည်။ ဝိညာဉ်ပြောင်းအလတ်တန်းဆင့်သို့ တက်သည့်ကိစ္စသည် တကယ်အောင်ပွဲခံသင့်သည်။
လုယန်ထွက်သွားပြီးနောက် မိန်းကလေးနှစ်ယောက် ဒုတိယကျားပွဲကို စကြသည်။
"ဒါနဲ့မုန်မုန်၊ မောင်လေးလုယန်ကို ဘာလို့ဒုခေါင်းဆောင်လို့ ခေါ်နေတာလဲ"
ကန်ထန် နားမလည်သဖြင့် မေးသည်။ ထိုနှစ်ယောက် သွေးသောက်မောင်နှမဖွဲ့ထားကြသလားမသိ။
ယွမ်မုန်မုန်က မပွင့်တပွင့်ပြုံး၍
"အဲဒါက လျှို့ဝှက်ချက်ပါ"
....
လုယန် မုန်ကျင်းကျိုးနေသည့်လှိုဏ်ဂူသို့သွားသည်။ သို့သော် မုန်ကျင်းကျိုးက တံခါးပိတ်ကျင့်စဉ်ဝင်နေသည်။
အရိုးရိုင်းကလည်း ဖိတ်ခေါ်ချက်အရ တစ်ခြားပြည်နယ်မှ နတ်ဝိညာဉ်အဆင့်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် သွားလုပ်ပေးနေရသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်ဖြစ်၍ အပြင်လောကတွင် သူ့အဆင့်အတန်းက အတော်မြင့်မားသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တန်းတူနီးပါးရှိသည်။
"ညီလေးလီ၊ မင်းဘာတွေအလုပ်ရှုပ်...ဪ အမစုလည်း ရောက်နေတာကိုး"
စုယီရန်လည်း ရောက်နေမည်ဟု မထင်ခဲ့မိ။
"အင်း..ဟော်ရန်က ဝိညာဉ်ပြောင်းအလတ်တန်းဆင့် တက်တော့မယ်ထင်လို့ လာပြီးကာကွယ်ပေးတာပါ"
စုယီရန်က လီဟောရန်အတွက် ပန်းသီးတစ်လုံးအခွံနွှာပေးနေရင်း ပြုံး၍ပြောသည်။ ထို့နောက် ပန်းသီးကို လွယ်လွယ်စားနိုင်အောင် အစိတ်အခြမ်းများ ခွဲပေးသည်။
"ဝိညာဉ်ပြောင်းအလတ်တန်းဆင့်တက်တာ ကာကွယ်မယ့်သူ မလိုပါဘူး"
လီဟော်ရန် သူ့ဘာသာတီးတိုးရေရွတ်သည်။ အဆင့်တက်သည့်ကိစ္စက အရေးကြီးသည်တော့မှန်သည်။ နေ့တစ်ပိုင်းနီးပါးကြာနိုင်သည်။ သို့သော် စုယီရန်က သူ့ဆီသီးသန့်လာတွေ့ခြင်းဖြစ်၍ သူနည်းနည်းရှက်နေသည်။ အထူးသဖြင့် သူငယ်ချင်းတစ်ယောက်ရှေ့တွင် ထုတ်ပြောလိုက်သဖြင့် ပိုဆိုးသည်။
ဘက်ပေါင်းစုံမှပြင်ဆင်ပြီး အဆင့်တက်ကြရသည့် ပုံမှန်ကျင့်ကြံသူများလိုမဟုတ်။ အဆင့်တက်ခါနီးမှာပင် မှော်ရတနာတစ်ခုသန့်စင်ဖို့ သူဒီဇိုင်းဆွဲနေသည်။ သူဘာမှပြင်ဆင်နေစရမလို။
အရေးကြီးဆုံးအပိုင်းအတွက် သူ့စိတ်ကို ပြင်ဆင်ထားပြီး၍လည်း ဖြစ်ကောင်းဖြစ်မည်။
လီဟော်ရန်၏ ပစ္စည်းသွန်း ဒီဇီုင်းပုံစံများ လှိုဏ်ဂူတစ်ခုလုံး အပြည့်ရှိသည်။ အောက်ကြမ်းပြင်တွင်လည်းရှိသည်။ ဦးခေါင်းအထက်တွင်လည်းရှိသည်။ သူသန့်စင်မည့် မှော်ရတနာ၏ အစိတ်အပိုင်းဒီဇိုင်းများဖြစ်သည်။
လုယန် ပစ္စည်းသွန်းပညာအကြောင်း သိပ်နားမလည်။ လီဟော်ရန်၏ဒီဇိုင်းများကို အတော်ကြာအောင် ကြည့်နေသော်လည်း ဘယ်လိုပစ္စည်းမျိုး လီဟော်ရန်သန့်စင့်ဖို့ ရည်ရွယ်ထားသည်ကို မခန့်မှန်းနိုင်။ ဒီဇိုင်းပုံကြမ်းပေါ်တွင် ဓားစက်ဝန်းတစ်ခုပါကြောင်းသာ သိသည်။
"မင်းဘယ်လိုရတနာမျိုး ဒီဇိုင်းထွင်ထားတာလဲ"
"အလိုအလျောက်မွှေကြော်အိုးပါ။ ဒါက ရေလုံးမှော်စက်ဝန်း၊ ဒါက ဓားမှော်စက်ဝန်း။ ဒါက အမြစ်မဲ့မီးတောက်မှော်စက်ဝန်း။ ဟင်းချက်ပစ္စည်းတွေစုံတာနဲ့ ဒီရတနာက အလိုလိုဆေးကြောမယ်။ ခုတ်စဉ်းမယ်။ ချက်ပြုတ်ပေးလိမ့်မယ်။ အရသာကလည်း အခြေခံအဆင့် ဝိညာဉ်စားဖိုမှူးရဲ့လက်ရာနဲ့ တန်းတူလောက်ရှိမှာပါ"
"တကယ်ကောင်းတဲ့ပစ္စည်းပဲ"
လုယန် အတော်သေဘာကျသွားသည်။ ထိုမှော်ရတနာမျိုး တီထွင်နိုင်လျှင်၊ မျိုးဆက်တစ်ခုပြီးတစ်ခု အဆင့်မြှင့်သွားလျှင် နတ်မယ်အတွက် လမ်းကြောင်းပိတ်သွားလိမ့်မည်။
"ငါ့ဟင်းချက်လက်ရာကို ဘယ်မှော်ရတနာနဲ့မှ အစားထိုးလို့မရနိုင်ပါဘူး"
နတ်မယ်က လီဟော်ရန်တီထွင့်မည့် မွှေကြောအိုးကို အထင်မကြီး။
"ဟုတ်လား။ အကိုလုယန်လည်း ဒီရတနာကို ကောင်းတယ်လို့မြင်လား"
လုယန်၏ အကဲဖြတ်ချက်ကို သူယုံကြည်သည်။
လီဟော်ရန်အဆင့်တက်မည့်ကိစ္စက အရေးကြီးသဖြင့် လုယန် သူ့ကျင့်စဉ်အဆင့်တက်သည့်ကိစ္စ ကြွားလုံးမထုတ်တော့။ လီဟော်ရန်အဆင့်တက်ချိန်တွင် စိတ်မတည်မငြိမ်ဖြစ်မည်ကို သူစိုးရိမ်သည်။
"မင်းအဆင့်တက်ပြီးရင် အပြင်မှာတစ်နပ်လိုက်ကျွေးမယ်"
လုယန် လီဟော်ရန်နှင့်စုယီရန်ကို နှုတ်ဆက်ခဲ့သည်။
ထောင်ယော်ယဲ့ဆီသွားသည့်လမ်းတွင် နောက်ဆုံးအသုတ်ဝင်လာသည့် ဂျူနီယာဂိုဏ်းတူတပည့်များနှင့်တွေ့သည်။ အားလုံးကသူ့ကို "ဂိုဏ်းတူအကို"ဟု ရိုရိုသေသေခေါ်ကြသည်။
ထိုလူသစ်များသည် အကိုတိုင်ကြီးကြပ်သည့် ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲတွင် ဝင်ပြိုင်ခဲ့သူများဖြစ်သည်။ အလွန်တရာချောမွေ့ခဲ့သည်။ ဘာပြဿနာမှ မဖြစ်ခဲ့။
"စိတ်မကောင်းစရာပဲ။ သူတို့ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲ ဝင်တဲ့အချိန်မှာ လောင်မုန်နဲ့ငါက နတ်ဆိုးနယ်မြေကိုရောက်နေတယ်။ အကိုတိုင်ကို မကူညီနိုင်ခဲ့ဘူး"
"ညီမထောင်၊ အထဲမှာရှိနေလား"
ထောင်ယော်ယဲ့၏ လှိုဏ်ဂူတံခါးမှ မှော်စက်ဝန်းဆီ လုယန်လှမ်းအော်သည်။ ထိုမှော်စက်ဝန်းက သူ့ပိုင်ရှင်ကို သတင်းပို့လိမ့်မည်။
ထောင်ယော်ယဲ့ တံခါးမှ ခေါင်းပြုထွက်လာသည်။ လုယန်တစ်ယောက်တည်းလာသည်ကို မြင်ရသဖြင့် သူပြုံးလိုက်သည်။ လှိုဏ်ဂူထဲသို့ လုယန်ကို ဆွဲခေါ်သည်။
"ဝင်ခဲ့ပါ အကိုလု"
လှိုဏ်ဂူထဲတွင် တောင်ကုန်းငယ်တစ်ခုနှင့်တူသည် ဝိညာဉ်ကျောက်တစ်ပုံတွေ့ရသည်။ အဆင့်နိမ့်ကျောက်များမပါ။ အလတ်တန်းဆင့်၊ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်များသာပါသည်။
"ဒါတွေအားလုံး မင်းဟာလား"
"ဒီသုံးလအတွင်း အိပ်မက်ရေပွက်ရောင်းလို့ရတဲ့ ဝင်ငွေပါ။ ခုနကမှ လာပို့တာ။ ဝိညာဉ်ကျောက်ဘယ်လောက်ရှိလဲ ကျွန်မရေနေတာ"
လုယန် စုပ်တစ်ချက်သပ်လိုက်သည်။ ညီမထောင်ပိုင်ဆိုင်သည့် ဝိညာဉ်ကျောက်များသည် ကူးဖြတ်ခြင်းရောက်သည်ထိပင် သုံး၍ကုန်နိုင်မည်မထင်။
"သူဌေးမလေး၊ တစ်နေ့နေ့ အကိုငွေပြတ်ခဲ့ရင် ညီမထောင် ကူညီပေးဖို့လိုမယ်နော်"
"ဘာတွေပြောနေတာလဲ အကိုလုရယ်။ အကိုဝိညာဉ်ကျောက်လိုရင် ဒါတွေအားလုံးပေးလိုက်ရလည်း ကျွန်မမနှမျောပါဘူး"
"အဲလိုတော့ မလုပ်ပါနဲ့"
လုယန် ချက်ချင်းလက်ခါပြလိုက်သည်။ သူတမင်စနောက်လိုက်ခြင်းသာဖြစ်သည်။
ထောင်ယော်ယဲ့နှင့် ခဏစကားပြောပြီးနောက် ကောင်းကင်က မှောင်မည်းလာသည်။ ချိန်းဆိုထားသည့် ဈေးလမ်းမှရနံ့တရာစားသောက်ဆိုင်သို့ သူထွက်လာခဲ့သည်။ ယွမ်မုန်မုန်နှင့်ကန်ထန်က သီးသန့်ခန်းတစ်ခုတွင် စောင့်နေသည်။
"ကဲ...ဒုခေါင်းဆောင် အဆင့်တက်တာအောင်မြင်တဲ့အတွက် ဂုဏ်ပြုလိုက်ရအောင်"
ယွမ်မုန်မုန်က မက်မွန်ရည်ခွက်ကို မြှောက်သည်။
ကန်ထန်၏ခွက်တွင် ကြည်လင်သည့်စမ်းရေပါသည်။
လုယန်၏ခွက်တွင် သံလွင်ပန်းလက်ဖက်ရည် ဖြည့်ထားသည်။
အမှန်တော့ လုယန်ကိုဂုဏ်ပြုမည်ဟု ပြောခဲ့သည်မှာ ယွမ်မုန်မုန် ဆင်ခြေတစ်ခုရှာခြင်းသာဖြစ်သည်။ သူသည် အစားကောင်းအသောက်ကောင်း ကြိုက်သည်။
တစ်ယောက်တည်းစားလျှင် ပျော်စရာမကောင်း။ ရနံ့တစ်ရာဆိုင်တွင် စားသောက်ရသည်က လူများလေ ပျော်စရာကောင်းလေဖြစ်သည်။
သုံးယောက်သား အတူစားသောက်ပြီုးနောက် ဧည့်ခံကျွေးမွေးသည့် ယွမ်မုန်မုန်ကိုနှုတ်ဆက်၍ လုယန် သူ့လှိုဏ်ဂူသို့ ပြန်သည်။ တင်ပျဉ်ခွေထိုင်ပြီး စကျင့်ကြံသည်။ တစ်ညတာကုန်လွန်သွားသည်။
"အခု ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ကို ရောက်လာပြီပဲ"
မှောင်မည်းနေသည့် လှိုဏ်ဂူထဲတွင် သူသက်ပြင်းချလိုက်သည်။ သုံးနာရီကျင့်စဉ်ဝင်ပြီးမှ ဝိညာဉ်ပြောင်းအလတ်တန်းဆင့်သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။
"...နေပါဦး၊ ဘာလို့ဒီလောင်မှောင်...အဲ...ဒီစကားကို ငါပြောဖူးပြီးသားမဟုတ်လား"
********************************
အခန်း (၉၇၇) အချိန်နောက်ပြန်စက်ကွင်း
လုယန် နဖူးကြောရှုံ့နေသည်။ မနေ့က အဖြစ်အပျက်များကို ပြန်စဉ်းစားသည်။ ကျင့်စဉ်အဆင့်တက်သည်။ အခြေခံတည်ငြိမ်အောင်လုပ်သည်။ ယွမ်မုန်မုန်၊ ကန်ထန်တို့နှင့်တွေ့သည်....
"ဘာဖြစ်သွားတာလဲ။ ဘာလို့ အခုမှအဆင့်တက်ပြီးစ ကျင့်စဉ်အခြေခံမတည်ငြိမ်သေးသလို ဖြစ်နေတာလဲ"
သူ့အမှတ်မမှားကြောင်း သေချာသိသည်။ သို့သော် လူတစ်ယောက်၏ ကျင့်စဉ်အဆင့်သည် လိမ်ညာ၍မရ။
"နတ်မယ်၊ ထပါဦး"
လုယန် သိစိတ်နယ်မြေသို့ဝင်၍ နတ်မယ်ကို လှုပ်နှိုးသည်။ ထိုအဖြစ်သည်လည်း သူမှတ်ဉာဏ်ထဲတွင် မပါ။
သူ့မှတ်ဉာဏ်အရ ဝိညာည်ပြောင်းအဆင့်သို့တက်ပြီးချိန်တွင် နတ်မယ်နိုးနေခဲ့သင့်သည်။
"ဝါး...ဘာလို့ငါ့ကို ဒီလောက်အစောကြီးနှိုးတာလဲ။ ငါအိပ်ရေးမဝသေးဘူး။ အိပ်ရေးမဝရင် ရှောင်ယွမ်ကို ငါဘယ်လိုအနိုင်ယူနိုင်မှာလဲ..."
နတ်မယ် အိပ်ချင်မူးတူးဖြင့် ဗလုံးဗထွေးရေရွတ်ရင်း အိပ်ယာပေါ်ထထိုင်သည်။ ထို့နောက် ပြန်အိပ်သွားသည်။
"နတ်မယ်၊ နိမိတ်မကောင်းတာတစ်ခု ဖြစ်နေပြီ။ မနေ့ကဖြစ်ခဲ့တာတွေ ဒီနေ့ထပ်ပြီးဖြစ်လာတယ်"
လုယန် နတ်မယ်ကို နောက်တစ်ကြိမ်ထပ်နှိုးရန် ကြိုးစားသည်။
"နိမိတ်မကောင်းဘူးဆိုတာ ဘာကိုပြောတာလဲ။ နင်လည်း အိပ်မက်မက်နေတုန်းပဲထင်တယ်။ ငါနဲ့အတူလာအိပ်ပါ"
နတ်ယ်က လုယန်ကိုလှမ်းဆွဲ၍ ခေါင်းဦးအဖြစ်သုံးပြီး ဆက်အိပ်သည်။
နတ်မယ်၏ကျင့်စဉ်အဆင့်ကြောင့် လုယန်ရုန်းထွက်နိုင်စရာအကြောင်းမရှိ။ လောလောဆယ် နတ်မယ်ကိုအားကိုး၍ မရနိုင်သဖြင့် အပြင်ထွက်ပြီး ပြဿနာကို ကိုယ့်ဘာသာအဖြေရှာဖို့ ဆုံးဖြတ်လိုက်သည်။
လှိုဏ်ဂူတံခါးကိုဖွင့်လိုက်သည်။ သူ့မှတ်မိသည်နှင့်မတူ။ ယွမ်မုန်မုန်နှင့်ကန်ထန်တို့ မရှိ။
"ဘာတွေဖြစ်နေတာလဲ။..ဪ ဟုတ်သားပဲ။ မနေ့က အဆင့်တက်ပြီးတော့ ကျင့်စဉ်တည်ငြိမ်အောင်လုပ်တာ တစ်နာရီကြာတယ်။ ပြီးမှ သူတို့ကျားကစားနေတာကို တွေ့ခဲ့တာ။
သူတို့ကစားနေတာက ပထမဆုံးပွဲဆိုတော့ အခု သူတို့မရောက်ကြသေးတဲ့သဘောပေါ့"
သူ့ကျင့်စဉ်အခြေခံကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်မပေးနိုင်သေး။ သိစိတ်အာရုံကို ဖြန့်လိုက်သည်။ ယွမ်မုန်မုန်က မေပယ်တောတန်းတွင် ဒန်းစီးနေသည်ကို မြင်ရသည်။ သူချက်ချင်း ပျံသန်းသွားသည်။
လုယန်ကိုမြင်လိုက်ရသဖြင့် ယွမ်မုန်မုန် အတော်အံ့အားသင့်သွားသည်။ စီးနေသည့်ဒန်းက အမြင့်ဆုံးရောက်နေသည့်အချိန်တွင် ခုန်ဆင်းလာသည်။
"ဒုခေါင်းဆောာင်၊ ကျင့်စဉ်ဝင်တာ ဒီလောက်မြန်မြန်ပြီးသွားတယ်ပေါ့"
"ညီမမုန်မုန်၊ မင်းနဲ့အမသုံး ငါ့လှိုဏ်ဂူရှေ့မှာ ကျားကစားကြဖို့ စီစဉ်ထားလား။ မင်းက ငါ့ကံကြမ္မာကိုသုံးပြီး ကစားပွဲကို အနိုင်ယူချင်တာလား"
"အဲ၊ နင်ဘယ်လိုသိတာလဲ။ အကြားအမြင်ရနေတာလား"
"ဘာရယ်မဟုတ်ပါဘူး။ ခန့်မှန်းကြည့်တာပါ"
လုယန် ယွမ်မုန်မုန်ကိုနှုတ်ဆက်၍ လှည့်ထွက်ခဲ့သည်။
ယွမ်မုန်မုန်က သူ့ကိုအော်ပြောသည်။
"ဟေ့၊ ဒုခေါင်းဆောင်၊ နင်အဆင့်တက်သွားပြီဆိုတော့ ဒီည ရနံ့တစ်ရာစားသောက်ဆိုင်ကိုသွားပြီး ဂုဏ်ပြုပွဲလုပ်ကြမလား"
"နေပါစေတော့၊ ငါဒီည လုပ်စရာရှိသေးတယ်။ ပြန်မလာဖြစ်လောက်ဘူး"
အလျင်စလို ထွက်ပြေးသွားသည့်လုန်ကိုကြည့်၍ ယွမ်မုန်မုန် စဉ်းစားမရဖြစ်နေသည်။
"ထူးဆန်းတယ်၊ အကိုလုက ဘာတွေဒီလောက်စိတ်လောနေတာလဲ။ ကျင့်စဉ်အဆင့်တည်ငြိမ်အောင် လုပ်ဖို့တောင် အချိန်မရတဲ့ပုံမျိုးပဲ"
လောင်မုန်နင့် အရိုးရိုင်းဆီသွားသည့်ကိစ္စများကို လုယန်ကျော်လိုက်သည်။ လီဟော်ရန်ဆီ တန်းသွားသည်။
"ညီလေးလီ၊ တံခါးဖွင့်ပါဦး။ ငါမင်းနဲ့ပြောစရာရှိလို့"
ခမ်းနားသည့်လှိုဏ်ဂူတံခါး ပွင့်သွားသည်။ လုယန် လှမ်းဝင်လိုက်သည်။ လီဟော်ရန်ကို မတွေ့သေးမီ စုယီရန်ကို နှုတ်ဆက်သည်။
"မင်္ဂလာပါ အမယီရန်"
စုယီရန် အံ့အားသင့်သွားသည်။ သူ့ကိုမြင်သော်လည်း လုယန်က အံ့ဩပုံမပေါ်။ ဝိညာအာရုံမှတစ်ဆင့် သူရောက်နေသည်ကို ကြိုတင်သိထား၍လားမသိ။
ထိုသို့လည်း မဖြစ်နိုင်။ ဝိညာဉ်အာရုံဖြင့် တစ်ယောက်ယောက်စောင့်ကြည့်ခဲ့သည်ဆိုလျှင် သူအာရုံမခံမိစရာအကြောင်းမရှိ။
"အကိုလု၊ ဘာလို့ ဒီလောက်အလောတကြီးရောက်လာတာလဲ"
လုယန် အတော်ဂဏာမငြိမ်ဖြစ်နေသည်ကို လီဟော်ရန်ရိပ်မိသည်။
လုယန်က သူ့ပုခုံးကိုကိုင်၍ မျက်လုံးကို စိုက်ကြည့်ပြီးမေးသည်။
"မင်းရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ ပေါ်လာပြီလား"
လီဟော်ရန် အူကြောင်ကြောင်ဖြစ်သွားသည်။
"အရင်းကတည်းက ကျုပ်ရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ ရထားတာပဲမဟုတ်လား"
"ဘယ်ဘဝရဲ့မှတ်ဉာဏ်ထိ ရထားပြီလဲ"
"လေခုမြောက်ဘဝထိပါ"
"ပထမသုံးဘဝမှတ်ဉာဏ်တွေ မရသေးဘူးလား"
"မရသေးဘူး။ အဲဒီ့သုံးဘဝအကြောင်း ဘာမှမမှတ်မိဘူး"
လုယန် မျက်မှောင်ကျုံ့သွားသည်။ အမှန်ဆို ထိုသို့မဖြစ်သင့်။ အချိန်ပြောင်းပြန်စက်ကွင်းမဟုတ်လောက်။ ပြဿနာ၏ရင်းမြစ်သည် လီဟော်ရန်မဟုတ်နိုင်။
ရုတ်တရက် သူ့ခေါင်းထဲ ကိစ္စတစ်ခု ပြန်သတိရလာသည်။
"မင်းသိပ်မကြာခင် အဆင့်တက်ဖို့ စီစဉ်ထားလား"
"တစ်လအတွင်း ကျင့်စဉ်ဝင်ဖို့ စီစဉ်ထားပါတယ်"
လီဟော်ရန် အမှန်အတိုင်းဖြေသည်။ ဖုံးကွယ်ထားစရာလည်း အကြောင်းမရှိ။
လုယန်အကြည့်က နည်းနည်းထူးဆန်းနေသလို သူခံစားရသည်။ ကျင့်စဉ်အဆင့်တက်သွားသည့်ကိစ္စ နောက်တစ်ကြိမ် ကြွားလုံးထုတ်ဖို့ ရောက်လာခြင်းလားမသိ။
"ဒီပုံကြမ်းဒီဇိုင်းတွေက အလျိုအလျောက်မွှေကြော်အိုးတစ်လုံး လုပ်ဖို့လား"
"အကိုခန့်မှန်းနိုင်တယ်ပေါ့"
လီဟော်ရန် အကြီးအကျယ်အံ့အားသင့်သွားသည်။ လုယန်အပေါ် အမြင်ပြောင်းသွားသည်။ ပစ္စည်းသွန်းပညာရှင်သူ့ဆရာသာ ခွဲခြားသိနိုင်မည့် ပုံကြမ်းဒီဇိုင်းကို အကိုလုက တစ်ချက်ကြည့်ရုံဖြင့် ဘယ်လိုထိုးဖောက်မြင်နိုင်သည်မသိ။
"ထူးဆန်းတယ်။ ငါ့မှတ်ဉာဏ်ကတော့ မမှားတာသေချာတယ်..."
လုယန် သူ့ဘာသာတီးတိုးရေရွတ်သည်။
သူနားမလည်တော့။ နတ်မယ်ကို ထပ်နှိုးရန် ဆုံးဖြတ်လိုက်သည်။ သူပြေးလွှားနေသည့်အချိန်က အတော်ကြာခဲ့သည်။ ယခုချိန်ဆို နတ်မယ် အိပ်ရေးဝလောက်သည်။
"နတ်မယ်၊ ထပါဦး။ ကျုပ်တို့ အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတယ်ထင်တယ်"
"အချိန်စက်ဝန်း..ဟုတ်လား"
ထာဝရနတ်မယ် သမ်းတစ်ချက်ဝေသည်။ ထို့နောက် လုယန်ကိုဖက်ထားမှန်း သူ့ကိုယ်သူသတိထားမိသည်။ အံ့ဩထိတ်လန့်သွားပြီး လုယန်ကို ကုတင်ပေါ်မှ ချက်ချင်းကန်ချသည်။
"နင်ဘယ်လိုလုပ်ပြီး ငါ့အိပ်ယာပေါ်ရောက်နေတာလဲ"
"...ခင်ဗျားပဲ ကျုပ်ကိုဆွဲဖက်ခဲ့တာလေ"
လုယန် စိတ်တိုသွားသည်။ နတ်မယ်ကန်ချက်က ညင်သာသည်မဟုတ်။
"ဒါတွေ ထားလိုက်ပါတော့။ ထူးဆန်းတာတစ်ခု ကျုပ်ကြုံနေရတယ်"
မနေ့ကနှင့်ယနေ့အဖြစ်အပျက်များကို လုယန်အသေးစိတ်ပြောလိုက်သည်။
နောက်ဆုံးတွင် တုံ့ဆိုင်းဆိုင်းလေသံဖြင့် သူထပ်ဖြည့်ပြောသည်။
"အနာဂတ်မြင်နတ်စွမ်းအားပညာကို ကျုပ်လေ့ကျင့်ခဲ့မိတာတော့ မဟုတ်လောက်ဘူးမို့လား"
နတ်မယ် လုယန်ကို မျက်လုံးစွေ၍ကြည့်သည်။
"နင်အတော်စိတ်ကူးယဉ်တတ်တာပဲ။ မနေ့ကဖြစ်ခဲ့တာတွေကို ငါလည်းမှတ်မိပါတယ်။ ကြည်ရတာတာ့ အချိန်စက်ဝန်းနဲ့ တော့တူတယ်။ အချိန်တစ်ရက် နောက်ပြန်ဆုတ်သွားတာ။ ဒါမျိုးကို အချိန်အရိယဖလပဲ လုပ်နိုင်တာ။ အရိယဖလသန္ဓေတောင် ဒီလိုစွမ်းအားမျိုးမရှိဘူး။
နင့်ကို ငါကာကွယ်ထားလို့ နင့်မှတ်ဉာဏ်မထိခိုက်တာ။ ဒါပေမယ့် တ-ခေါင်းဆောင်နဲ့ စတုတ္ထခေါင်းဆောင်တို့ရဲ့ ကျင့်စဉ်စွမ်းအားက သိပ်အားမကောင်းသေးဘူး။ အချိန်စက်ဝန်းထဲမှာ သူတို့ပိတ်မိနေတယ်"
"အချိန်မသေမျိုး အသက်ပြန်ဝင်လာတာများဖြစ်မလား...။ နတ်မယ်၊ ညီလေးလီကြောင့်ဖြစ်တာလားဆိုတာ စစ်ဆေးပေးပါဦး"
"စစ်ဆေးကြည့်မယ်လေ"
နတ်မယ် မသေမျိုးအာရုံဖြန့်၍ လီဟော်ရန်ကို သေချာစစ်ဆေးကြည့်သည်။ လက်စွပ်နက်နှင့်ဆင်တူသည် မှော်ပစ္စည်းများကို စစ်ဆေးသည်။ လီဟော်ရန်နှင့် စုယီရန်က လုံးဝသတိမထားမိ။
"ထူးဆန်းတယ်။ အချိန်မသေမျိုး နိုးထလာတာဆိုရင် ငါ့မသေမျိုးအာရုံကို တုံ့ပြန်မှုတစ်ခုခုရှိရမှာ...။ ဒီည ဒီကောင်လေးနဲ့ အနီးကပ်နေလိုက်ပါ။ ငါသူ့ကို သေချာစောင့်ကြည့်ဦးမယ်"
"ကောင်းပါပြီ"
အပြင်ဘက်တွင် လုယန်က စိတ်အားထက်သန်စွာပြောနေသည်။
"ညီလေးလီ ငါတို့ညီအကိုတွေ အတွေးအမြင်မဆွေးနွေးဖြစ်တာ အတော်ကြာပြီ။ ဒီည ငါတို့ကျင့်စဉ်အတွေ့အကြုံတွေ ဆွေးနွေးကြမလား။ အမစုလည်း ဒီမှာရှိနေတယ်ဆိုတော့လေ"
လီဟော်ရန် တုံ့ဆိုင်းဆိုင်းဟန်ဖြင့် ခေါင်းငြိမ့်သည်။ ယနေ့ လုယန်အတော်ထူးဆန်းနေသည်ဟု ခံစားရသည်။
သူတို့သုံးယောက် လီဟော်ရန်၏လှိုဏ်ဂူထဲတွင် ကျင့်စဉ်အတွေ့အကြုံများ စတင်ဆွေးနွေးကြသည်။ ညာဉ့်နက်ပိုင်းအထိ စကားပြောနေကြသည်။ အားလုံးစိတ်အားတက်ကြွနေသည်။ အကျိုးကျေးဇူးများစွာရကြသည်။
ထိုစဉ် ရုတ်တရက် လုယန်မြင်ကွင်းများ အမှောင်ကျသွားသည်။ ထို့နောက် သူ့လှိုဏ်ဂူထဲသို့ ပြန်ရောက်နေသည်ကို သိလိုက်ရသည်။ ဝိညာဉ်ပြောင်းအလတ်တန်းဆင့်သို့ တက်ပြီးစအချိန်ဖြစ်သည်။ ကျင့်စဉ်တည်ငြိမ်အောင် မလုပ်ရသေး။
"နတ်မယ်၊ တစ်ခုခုသတိထားမိလား"
လုယန် သိစိတ်အာရုံသို့လှမ်းမေးသည်။ တစ်ဘက်တွင် မသေမျိုးနတ်မယ်အသွင် ပေါ်လာသည်။
နတ်မယ်က လက်ပိုက်၍ ခေါင်းကိုတစ်ဘက်သို့စောင်းပြီး မျက်မှောင်ကျုံ့နေသည်။ တွေးရခက်နေဟန်ရှိသည်။
"အချိန်က နောက်ကိုပြန်ရောက်သွားတာ အမှန်ပဲ။ ငါတို့ဂိုဏ်းထဲတင်မဟုတ်ဘူး။ တစ်လောကလုံးအဲလိုဖြစ်သွားတာ။ ဒါပေမယ့် ဟိုလီမျိုးရိုးကောင်လေးကြောင့်တော့ မဟုတ်လောက်ဘူး။
သူက အချိန်မသေမျိုး လူပြန်ဝင်စားရုံလောက်ပဲဖြစ်မယ်။ အရိယဖလက သူနှင့်အတူပါမလာဘူး။ အချိန်အရိယဖလက ဘယ်ကိုရောက်သွားလဲမသိဘူး"
**********************************
အခန်း (၉၇၈) ဂုဏ်ယူပါတယ်
"အချိန်အရိယဖလက ညီလေးလီကိုယ်ပေါ်မှာ မရှိဘူးပေါ့"
ထိုကိစ္စက နားလည်ဖို့ခက်ခဲလွန်းသည်။ လူဝင်စားသည့်အဖြစ်မျိုး အရင်ကမရှိခဲ့။ ဘယ်သူမှ မကြုံဖူးကြ။ ဘယ်သူမှလည်း ထိုအကြောင်း ရှင်းမပြနိုင်ကြ။ အချိန်မသေမျိုး လီဟော်ရန်အဖြစ် လူပြန်ဝင်စားသည်မှာ ဖြစ်နိုင်ခြေရှိသည်။ သို့သော် အချိန်အရိယဖလ ပျောက်နေသည်။
"ဒါဆိုအခု အချိန်အရိယဖလကို သုံးနေတာက ဘယ်သူလဲ။ အရိယဖလတစ်ခုကို တစ်ခြာလူတစ်ယောက်က ရသွားရင်တောင် လွယ်လွယ်နဲ့သုံးလို့မရနိုင်ဘူးလို့ အမယွမ်ကပြောတယ်။ ကိုယ်အသုံးပြုမယ့် အရိယဖလအကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်ဖို့လိုတယ်တဲ့"
လုယန်စိတ်ထဲ မသက်မသာဖြစ်လာသည်။ တစ်ယောက်ယောက်က အချိန်အရိယဖလကို ရထားသည်။ ထိုလူသည် ရန်သူလားမိတ်ဆွေလား မကွဲပြားသေး။ ထို့ပြင် ဘာကြောင့် ယနေ့အချိန်ကို ထပ်ကာထပ်ကာ နောက်ပြန်ရစ်နေသည်မသိ။
ကောင်းကင်အင်ပါယာက အချိန်အရိယဖလကို ရထားခြင်းလားမသိ...
"ဒါတော့ ငါမသိဘူး"
"အသုံးပြုနေတဲ့လူကို ရှာဖို့ရော နည်းလမ်းရှိလား"
"မဖြစ်နိုင်ဘူး။ ဒီလောကထဲက လူတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တစ်ခုချင်းစီကို စောင့်ကြည့်ရမှာ။ နောက်ထပ် အချိန်စက်ဝန်းတစ်ပတ်ပြန်လည်တဲ့အခါ အရင်အချိန်စက်ဝန်းနဲ့ လုပ်ဆောင်ပုံခြင်းကွဲပြားနေတဲ့လူဟာ အရိယဖလသုံးနေတဲ့လူပဲပေါ့"
လုယန် သက်ပြင်းချသည်။ ထိုနည်းလမ်းသည် တကယ်ဖြစ်နိုင်ခြေမရှိ။
စကားနည်းနည်းထပ်ပြောကြပြီးနောက် ဘာနည်းလမ်းမှမရှိကြောင်း သေချာသွားသည်။ စိတ်ပြေလက်ပျောက် အပြင်ထွက်ဖို့ လုယန် ဆုံးဖြတ်သည်။
မည်သို့ပင်ဆိုစေ ယနေ့သည်လည်း သူဝိညာဉ်ပြောင်းအလတ်တန်းဆင့်သို့ တက်သည့်နေဖြစ်သည်။ အောင်ပွဲခံသင့်သည့်နေ့ဖြစ်သည်။
လုယန် လှိုဏ်ဂူတံခါးကို တွန်းဖွင့်သည်။ ယွမ်မုန်မုန်နှင့် ကန်ထန်တို့က တံခါးဝတွင် ကျားခုံတစ်ခုနှင့် လမုန့်ပန်းကန်ကို နေရာချနေသည်။ ထို့ကြောင့် သူလှမ်းနှုတ်ဆက်လိုက်သည်။
"ညီမမုန်မုန်၊ အမသုံး။ မင်္ဂလာနံနက်ခင်းပါ။ ကျုပ်-"
သူ့မြင်ကွင်း အမှောင်ကျသွားသည်။ အဆင့်တက်ပြီးစအချိန်သို့ ပြန်ရောက်လာသည်။
လုယန် အသက်ကိုဝအောင်ရှူ၍ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။
"တစ်နာရီတောင်မပြည့်သေးဘူး။ အချိန်ကဘာလို့ တစ်ပတ်ပြန်လည်သွားတာလဲ"
တစ်ရက်လျှင် တစ်ခါသာ အချိန်နောက်ပြန်လည်မည်ဟု သူထင်ခဲ့သည်။
"အရိယဖလသုံးနေတဲ့လူက ပြဿနာတစ်ခုခုကြုံလို့ ဒီအချိန်မှတ်ကို ပြန်သွားဖို့လိုနေတာများလား..."
သူတွေးလိုက်သည်။
မျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။ အဆင့်တက်သည့်ကိစ္စကို အောင်ပွဲခံလိုသည့်စိတ်မျိုး လုံးဝမရှိတော့။
"ဒါပေမယ့် ပုံသေတွက်လို့မရဘူး။ အရိယဖလသုံးတဲ့လူက ဒီလိုလုပ်ရတာကို သဘောကျလို့ အချိန်ကို အထပ်ထပ်နောက်ပြန်ရစ်နေတာလည်း ဖြစ်နိုင်တယ်။
အချိန်မသေမျိုး အချိန်အရိယဖလကို စပြီးရတဲ့အချိန်က အရမ်းဝမ်းသာနေလို့ အချိန်ကိုခဏခဏနောက်ပြန်ရစ်ခဲ့တယ်လို့ ကြားဖူးတယ်။ ပြီးတော့ အနာဂတ်ကို ခန့်မှန်းနိုင်သလိုလို ဟန်ဆောင်ခဲ့တယ်တဲ့"
"ကြားဖူးတယ်ဆိုတာက.."
"ဟုတ်တယ်၊ အဲဒီတုန်က ငါမသေမျိုးမဖြစ်သေးဘူးလေ။ အချိန်ကိုနောက်ပြန်ရစ်တဲ့အချိန်မှာ ငါဘာမှမသိဘူး။ နောက်ပိုင်း ကိုးဆမသေမျိုးပြောတဲ့ ဇာတ်လမ်းတွေကိုကြားမှ ဒိအကြောင်းတွေသိရတာ"
"ဒါဆို အချိန်နောက်ပြန်စက်ဝန်းအာနိသင်က မသေမျိုးတွေပေါ် မသက်ရောက်နိုင်ဘူးပေါ့"
"လုံးဝမသက်ရောက်ဘူးလို့လည်း မဟုတ်ဘူး။ ခန္ဓာကိုယ်ကတော့ မူလအချိန်မှတ်ကို ပြန်ရောက်သွားမှာပဲ။ မှတ်ဉာဏ်တွေပျောက်မသွားအောင်ဘဲ ထိန်းထားနိုင်တာ"
လုယန် မျက်မှောင်ကျုံ့သွားသည်။
"ဒါဆိုအခု အချိန်အရိယဖလပေါ်လာပြီဆိုတာကို မသေမျိုးတွေအားလုံး သိနေမယ့်သဘောလား။ သူတို့လည်း အရိယဖလသုံးနေတဲ့လူကို ရှာကြမှာလား"
နတ်မယ်ပုခုံးတွန့်ပြသည်။
"ရှာတော့လည်းရှာကြပေါ့။ သူတို့ကရော တွေ့အောင်ရှာနိုင်မှာလား"
တစ်ခုခုမူမမှန်သလို လုယန်ခံစားရသည်။ အရိယဖလသုံးသည့်လူသည် နည်းနည်းရဲတင်းလွန်းသည်။ အရံအစီအစဉ် တစ်ခုခုရှိနေသလားမသိ။
......
"အချိန်အရိယဖလပေါ်လာပြီလား"
တော်ဝင်ပလ္လင်ပေါ်မှ သက်လတ်ပိုင်းလူတစ်ယောက် မျက်လုံးပွင့်လာသည်။ တောက်ပသည့်အလင်းရောင်နှင့် အံ့ဩရိပ်တို့ မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။
မသေမျိုးဖြစ်ခဲ့သည့် နှစ်သုံးသိန်းအတွင်း အချိန်အရိယဖလ၏ သဲလွန်စကို ပထမဆုံးအကြိမ် သူမြင်ရခြင်းဖြစ်သည်။
"မင်းတို့အားလုံး ငါ့အတွက် အချိန်အရိယဖလကို မြန်မြန်သွားရှာပေးကြ"
သ့စကားသံက ဩဇာရိပ်ပါသည်။ အဓိပဓိမသေမျိုးဘုရင်တစ်ယောက်နှင့်တူသည်။ သူ့တော်ဝင်အမိန့်ကို လွန်ဆန်၍မရနိုင်သလိုရှိသည်။
ပုလ္လင်ဘေးနှစ်ဘက်မှ အရိပ်သဏ္ဌာန်များ လှုပ်ရှားလာသည်။ တစ်ယောက်က ရှေ့ထွက်လာပြီးမေးသည်။
"အချိန်အရိယဖလကို ကျုပ်တို့ဘယ်လိုရှာရမလဲဆိုတာ လမ်းညွှန်ပေးပါ"
ကောင်းကင်အင်ပါယာ စဉ်းစားသည်။ သူအရူးလိုပျော်မိသွားကြောင်း နားလည်လာသည်။ မှန်သည်။ အချိန်အရိယဖလ ပေါ်လာသည်။ သို့သော် တည်နေရာအတိအကျကို ဘယ်သူမှမသိနိုင်။
"...မသေမျိုးခြေရာခံတံဆိပ်ကိုယူပြီး အပြင်မှာ ပုံမှန်ထွက်ရှာကြပါ"
"ဟုတ်ကဲ့ပါ အရှင်"
....
လှိုဏ်ဂူထဲတွင် လုယန်နှင့်နတ်မယ်တို့ အဆက်မပြတ် သမ်းဝေနေကြသည်။ အဆင့်တက်ခဲ့သည့် အပျော်စိတ်လည်း အချိန်နောက်ပြန်လှည့်စက်ဝန်းကြောင့် လုံးဝပျောက်ကွယ်သွားသည်။
"နတ်မယ်၊ အချိန်နောက်ပြန်ရစ်တာ ဘယ်နှကြိမ်ရှိသွားပြီလဲ"
"ဒီတစ်ခါနဲ့ဆိုရင် ခုနစ်ကြိမ်ထင်တယ်"
ဤခုနစ်ကြိမ်အတွင်း ကောင်းကင်ဂိတ်တောင်ထိပ်ကို တစ်ပတ်နီးပါးပတ်၍ လုပ်စရာမှန်သမျှ အားလုံးလုပ်ခဲ့သည်။
ဥပမာ...ထောင်ယော်ယဲ့ကို သုံးလအတွင်းရသည့် ဝိညာဉ်ကျောက်ပမာဏကိုမေးသည်။
ထို့နောက် နောက်ထပ်အချိန်တစ်ပတ်လည်ချိန်တွင် သူ့ဆီတန်းသွားပြိး သူရထားသည့်ဝိညာဉ်ကျောက်အရေအတွက်ကို တန်းပြောသည်။
...ပထမအချိန်စက်ဝန်းတွင် ပိုင်ယဲ့က သစ်ကြားသီးမုန်များကြိုက်ကြောင်း သူသိသည်။ အချိန်နောက်တစ်ပတ် ပြန်လှည့်ချိန်တွင် သစ်ကြားသီးမုန့်တစ်အိတ်ယူ၍ သူသွားလည်သည်။
"ဒီလူဘယ်အချိန်ကျမှ ရပ်မှာလဲ။ အခုထိမပြီးသေးဘူးလား။...အဲ..နေဦး၊ အခုဘယ်အချိန်ရှိပြီလဲ"
"မနက်ငါးနာရီနဲ့ ခုနစ်နာရီကြားလောက်ဖြစ်မှာပေါ့"
လုယန် ချက်ချင်းထရပ်သည်။ အချိန်နောက်ပြန်ရစ်ခြင်းသည် မနက်သုံးနာရီနှင့် ငါးနာရီကြားတွင်သာ ဖြစ်ခဲ့သည်။ ယခု ငါးနာရီကျော်သွားသည်။ ကောင်းကင်က ကြည်လင်လာသည်။ အချိန်စက်ဝန်းက ပေါ်မလာသေး။
"အခု ပုံမှန်ဖြစ်သွားပြီလား"
လုယန် လှိုဏ်းဂူတံခါးကိုဖွင့်လိူက်သည်။ ရှုပ်ပွနေသည့်ကြားခုံတစ်ခု တံခါးရှေ့တွင် ရှိနေသည်။ ယွမ်မုန်မုန်နှင့် အမသုံးတို့ တစ်နေကုန်ကျားကစားပြိး နောက်ရက်မှ ဆက်ကစားရန် ဆုံးဖြတ်ခဲ့ကြဟန်ရှိသည်။ ကျားခုံကို သိမ်းမသွားသေး။
နောက်ထပ်အချိန်စက်ဝန်းထဲသို့ ရောက်လာခြင်းမဟုတ်ကြောင်း သေချာသွားသည်။
ပြီးခဲ့သည့် အချိန်စက်ဝန်းတစ်ခုတွင် အဆင့်တက်ပြီး တစ်နာရီအကြာ၌ အချိန်စက်ဝန်းလည်ခဲ့သည်။ ထို့ကြောင့် အချိန်စက်ဝန်းသည် ပုံသေမရှိကြောင်း ထင်ရှားနေသည်။ သူမပျော်နိုင်သေး။
နေ့တစ်ပိုင်းကုန်လွန်သွားသည်။ အချိန်စက်ဝန်းက ပေါ်မလာသေး။ ယွမ်ကျိလည်း တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်လာသည်။
"ပြန်လာပြီလားအမယွမ်"
"ပြန်လာပြီ။ အချိန်နောက်ပြန်လည်တဲ့ကိစ္စက သိပ်အရေးမကြီးသေးပါဘူး။ ခဏနေရင် ဒီရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ကိစ္စတွေအကြောင်း ငါပြောပြမယ်။ လောလောဆယ် မင်းကျင့်စဉ်အဆင့်ကို အရင်တည်ငြိမ်အောင်လုပ်လိုက်ဦး"
လုယန် ကျင့်စဉ်အခြေခံ မတည်ငြိမ်သေးမှန်း ယွမ်ကျိသတိထားမိသည်။
"ကောင်းပါပြီ"
ယွမ်ကျိကို မြင်ရသဖြင့် လုယန် အတော်စိတ်သက်သာရာရသွားသည်။ အချိန်စက်ဝန်းကိစ္စကို အရေးမစိုက်တော့။ စိတ်အေးလက်အေး သူ့ကျင့်စဉ်အဆင့်တည်ငြိမ်အောင်ကြိုးစားသည်။
လုယန် မျက်လုံးပြန်ပွင့်လာသည်။ ယွမ်ကျိက လှိုဏ်ဂူတံခါးရှေ့တွင် လက်ဖက်ရည်စားပွဲနှင့် ကုလားထိုင်များ ပြင်ဆင်ထားပြီးဖြစ်သည်။ ယွမ်မုန်မုန်၏ကျားခုံလည်း မရှိတော့။
"လက်ဖက်ရည်သောက်လိုက်ဦး"
လုယန်ကိုဝင်ထိုင်ရန် ယွမ်ကျိ မျက်ရိပ်ပြသည်။
လုယန် လက်ဖက်ရည်တစ်ငုံ့သောက်သည်။ တကယ်ကောင်းသည့် ဉာဏ်အလင်းလက်ဖက်ရည်ဖြစ်သည်။
"တကယ်တော့ ငါ့အမှားလည်းပါပါတယ်။ အချိန်စက်ဝန်းစဖြစ်တော့ မုန်ကျွင်းဇီနဲ့ငါ ကိစ္စတစ်ခု ဆွေးနွေးနေတာ။ အချိန်နောက်ပြန်လည်သွားတာကို ဘယ်သူမှသတိမထားမိလိုက်ဘူး။ အတိတ်ကိုပြန်ရောက်လာတာလည်း မသိလိုက်ဘူး။
ကျန်းပင်ကန်း ငါတို့ကိုလာတွေ့မှ ဒီပြဿနာကို သတိထားမိတာ။ အဲဒီတုန်းက မောင်လေးလီဘက်မှာ ပြဿနာပေါ်နေတာဖြစ်မယ်လို့တွေးပြီး ပြန်လာဖို့စဉ်းစားသေးတယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာ နတ်မယ်က ရုပ်သေးကနေတစ်ဆင့် သတင်းပို့တယ်။ မောင်လေးလီကြောင့်မဟုတ်ဘူးတဲ့။
ဒါကြောင့် ပြန်မလာတော့ဘဲ အရိယဖလသုံးနေတဲ့လူကို လိုက်ရှာနေခဲ့တား"
"ရုပ်သေး..."
ထိုရုပ်သေးဘယ်ကရောက်လာသည်မသိ။ လုယန် စဉ်းစားနေသည်။
...နေဦး...အဲဒီရုပ်သေးဆိုတာ ငါစကျင့်ကြံကတည်းက အနိုင်ကျင့်ခဲ့တဲ့ ရုပ်သေးပဲလား...
ထိုရုပ်သေးမှတစ်ဆင့် အမယွမ်ဆီ ဆက်သွယ်နိုင်သလားမသိ။
"အရိယဖလသုံးတဲ့လူက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေလို့ ဒီစွမ်းအားကို မဖြစ်မနေသုံးရတာလို့ ငါတို့သုံးယောက် ယူဆတယ်။ လူခွဲပြီး ရှာကြတယ်။
ဒါပေမယ့် မသေမျိုးတိုက်ပွဲသဲလွန်စ လုံးဝမတွေ့ခဲ့ရဘူး။ အခု ဒီလူက အရိယဖလသုံးတာရပ်သွားတော့ သဲလွန်စလည်း ပျောက်သွားပြီ။ ဒါကြောင့် ငါပြန်လာတာ"
"ဪ...အဲလိုလား"
လုယန် စိတ်သက်သာရာရသွားသည်။ ဖြေရှင်းစရာ ကိစ္စတစ်ချို့ကြုံခဲ့၍သာ အမယွမ်ပြန်မလာနိုင်ခဲ့ခြင်းဖြစ်သည်။
ဘာပြဿနာမှမဖြစ်လျှင် အဆင်ပြေသည်။
"ရှောင်လု"
"ဟုတ်ကဲ့"
လုယန်မော့ကြည့်သည်။ ယွမ်ကျိက လက်ဖက်ရည်ခွက်ကို မြှောက်၍
"ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ကို တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
********************************