အခန်း (၉၈၈-၉၉၀)
Vol. 66 Ch. 988-990
အခန်း (၉၈၈) သရဲကြီးလား သရဲလေးလား
မနီးမဝေတွင်ရပ်နေသည့် ကိုယ်တော်တွမ်ချန်း ကွေ့အိမ်တော်အထက်တွင်ပေါ်လာသည့် မကောင်းဆိုးဝါးဝိညာဉ်နှစ်ခုကို ငေးကြောင့်၍ကြည့်နေသည်။ ထို့နောက် သူယူလာသည့်ငှက်လှောင်အိမ်ထဲမှ ကြောက်ရွံ့တုန်လှုပ်နေသည့် သရဲဝိညာဉ်ကိူကြည့်သည်။ သူ့မျက်နှာတွင် တွေးမရသည့်အရိပ်များ ထင်ဟပ်နေသည်။
သူ့မူလအစီအစဉ်က...လုယန်တို့နှစ်ယောက် မျက်လုံးသုံးခုကလေးသရဲကို သတ်ဖြတ်သည့်ကိစ္စ မြန်လွန်းနေလျင် သူယူလာသည့်သရဲကိုထုတ်လွှတ်ပြီး ဆက်သတ်ပြမည်။ ပို၍ပွဲစည်အောင်လုပ်မည်။
"ဒီဝိညာဉ်နှစ်ခုက ဘယ်ကဘယ်လို ပေါ်လာတာလဲ"
သူပြင်ဆင်လာသည့်ကိစ္စ အကောင်အထည်ဖော်စရာမလိုတော့။ ကွေ့အိမ်တော်မှ ဝိညာဉ်နှစ်ခုက သူယူလာသည့်သရဲထက် စွမ်းအားပိုကြီးသည်။
ငှက်လှောင်အိမ်ကို ကောက်ကိုင်ပြီး တည်ငြိမ်အေးချမ်းသည့် လေသံဖြင့်ပြေသည်။
"လောကအနှောင်အဖွဲ့တွေကို စွန့်လွှတ်ထားသူတစ်ယောက်အနေနဲ့ ကရုဏာတရားဟာ ငါ့ရဲ့မှီတည်ရာပဲ။ ငါမင်းကို ပြန်ခေါ်မသွားနိုင်ဘူး။ ကိုယ့်ဘာသာသတ်သေလိုက်ပါ"
သရဲဝိညာဉ်က အတင်းခေါင်းခါပြသည်။
ကိုယ်တော်တွမ်ချန်း သက်ပြင်းချသည်။
"မင်းကိုယ့်ကိုယ်ကို သတ်မသေချင်မှတော့ ငါကူညီပေးရုံပဲရှိတော့တာပေါ့"
ထိုသို့ပြောပြိးနောက် ကျမ်းစာများရွတ်၍ ဗုဒ္ဓအလင်းထုတ်လွှတ်လိုက်သည်။ ငှက်လောင်အိမ်ထဲမှသရဲ ချက်ချင်းမီးကျွမ်းပြာကျသွားသည်။
မျက်လုံးသုံးခုသရဲကိုယ်တော်က လုယန်ကို အေးစက်စက်စိုက်ကြည့်သည်။
"ခိုင်ဟွမ်မှာ နှစ်ငါးဆယ်ကျော်ပုန်းနေခဲ့ပြီးမှ ဒီနေ့မင်းငါ့ကို ရှာတွေ့လိမ့်မယ်လို့ ဘယ်ထင်ထားမှာလဲ။ မင်းတို့အားလုံး သေရမယ်။ ရွှေသန္ဓေတစ်ဝက်အဆင့်မျိုးဆက်သစ်နှစ်ယောက်ကများ ရာရာစစ ကောင်းကင်ကိုအာခံရဲတယ်ပေါ့"
အရိပ်သရဲကလည်း မုန်ကျင်းကျိုးကို စိုက်ကြည့်သည်။ နာကျည်းဒေါသစွမ်းအင်များ လွှမ်းခြုံနေသည်။
"ဒီသွေးချီစွမ်းအားကိုမြင်တော့ ငါ့ကိုသရဲဘဝရောက်အောင်လုပ်ခဲ့တဲ့ ဘုန်းကြီးအိုကိုတောင် သတိရလာတယ်။ တကယ်မုန်းစရာကောင်းတဲ့ ခံစားချက်ပဲ"
သရဲကိုယ်တာ်နှင့် အရိပ်သရဲတို့သည် နှစ်ယောက်လုံး နတ်ဝိညာဉ်ထိပ်တန်းအဆင့်များဖြစ်သည်။ တားမြစ်ကျင့်စဉ်ပညာများနှင့် မှော်လက်နက်များ၊ မှော်အဆောင်များ၊ မှော်စွမ်းအားပညာများ စွမ်းအားမြှင့်အားဖြည့်ဆေးများ ညဘက်တွင်စွမ်းအားဖြည့်သည့် ပညာရပ်များသုံးပြီး နှစ်ယောက်အတူပူးပေါင်းတိုက်ခိုက်လျှင် ဝိညာဉ်ပြောင်းအခြေခံအဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်စွမ်းရှိသည်။
ထိုအစွမ်းမျိုးမရှိလျှင် ခိုင်ဟွမ်မြို့တော်၌ ထိုမျှပေါ်ပေါ်ထင်ထင် လှုပ်ရှားရဲမည်မဟုတ်။ တွမ်ချန်းလက်ထဲမှ လွတ်အောင်ထွက်ပြေးနိုင်သည်ဟု ယုံကြည်ချက်ရှိကြ၍သာဖြစ်သည်။
လုယန် ချင်ဖုန်းဓားကို ဖြေးညှင်းစွာဆွဲထုတ်လိုက်သည်။ လရောင်က ဓားပြားမှအလင်းပြန်ပြီး နဖူးကြောရှုံ့နေသည့် သူမျက်နှာကို အရောင်ဟပ်နေသည်။
စွမ်းအားကြီးရန်သူများဖြစ်၍ လုယန် မပေါ့ဆရဲ။
"သခင်ကွေ့ကို မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ခြောက်လှန်းနေတယ်ဆိုတာ သိခဲ့ပေမယ့် စုစည်းခြင်းအဆင့်တက်ခါနီး စွမ်းအားရှင်နှစ်ယောက်ဖြစ်နေမယ်လို့ ထင်မထားမိဘူး"
မုန်ကျင်းကျိုးလည်း အရဟတ်လက်သီး သိုင်းဟန်ခင်းသည်။ အသင့်တိုက်ခိုက်နိုင်အောင် ပြင်ထားသည်။
"မျက်လုံးသုံးခုသရဲကိုယ်တော်။ မင်းက 'ပါရမီသုံးပါးကောင်းကင်မျက်လုံး'ပညာကို လေ့ကျင့်ထားတယ်ပေါ့။ ပြီးတော့ ဒီအရိပ်သရဲ၊ ပုံသဏ္ဌာန်အတည်တကျမရှိဘူး။ လောကဆန့်ကျင် နတ်စွမ်းအားပညာကို လေ့ကျင့်ထားတာလား။'ဝိညာဉ်လမ်စဉ်'ထဲလျှောက်ရင်းနဲ့ ရူးသွပ်သွားတာဖြစ်ရမယ်။ တကယ်ခက်ခဲတဲ့ပြိုင်ဘက်တွေပဲ"
သရဲကိုယ်တော်နှင့် အရိပ်သရဲ အူကြောင်ကြောင်ဖြစ်သွားသည်။
...ဘာပါရမီသုံးပါးမျက်လုံးလဲ...ဘာဝိညာဉ်လမ်းစဉ်လဲ။ ငါတို့သာ ဒီလောက်အဆင့်မြင့်တဲ့ နတ်စွမ်းအားပညာတွေတတ်နေရင် အဆင့်မတက်နိုင်ဘဲ နတ်ဝိညာဉ်အဆင့်မှာ အခုချိန်ထိ ပိတ်မိနေပါ့မလား...ပြီးတော့ ခိုင်ဟွမ်မြို့မှာ နှစ်ငါးဆယ်ကြာအောင် လေလွင့်နေပါ့မလား...
လုယန် ကျင့်စဉ်စွမ်းအားကို ဖုံးကွယ်မထားတော့။ သူ့စွမ်းအင်ရောင်က မီးတောင်တစ်ခုလို ပေါက်ကွဲထွက်လာသည်။ ဘေးပတ်လည်လေထု တွန့်လိမ်တုန်ခါပြီး တောင်တန်းများသဖွယ် လှိုင်းထလာသည်။
မုန်ကျင်းကျိုး၏ သွေးချီများက နဂါးတစ်ကောင်းအသွင်ပြောင်းသွားသည်။ သန့်စင်ယန်စွမ်းအားက နေတစ်စင်းလို ထွန်းလင်းလာသည်။
သရဲကိုယ်တော်နှင့် အရိပ်သရဲတို့ သူတို့နှစ်ယောက်ထံမှ စွမ်းအင်ရောင်ကို ခံစားမိကြသဖြင့် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထိုစွမ်းအင်ရောင်များက သူတို့အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
"ကျင့်စဉ်စွမ်းအားကို ဖုံးကွယ်ထားတယ်ပေါ့။ မင်းတို့ဘယ်သူတွေလဲ"
"နေကြပါဦး...ငါတို့ကြားမှာ နားလည်မှုလွဲသွားတာလေးတွေရှိမယ်ထင်တယ်..."
"ဒီနေ့ ငါတို့ညီအကို အသက်စွန့်ရရင်တောင် မင်းတို့ကိုရအောင်တားမယ်ကွ"
လုယန်က အသက်ကိုအလောင်းအစားပြု၍ ချင်ဖုန်းဓားကို မြှောက်လိုက်သည်။ ဓားရိပ်က ကောင်းကင်သို့ ထိုးတက်သွားသည်။ ဓားအော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ဖြူရော်နေသည့် သရဲကိုယ်တော်၏မျက်နှာ ပို၍ပင်သွေးဆုတ်ဖြူရော်သွားသည်။
..ငါတို့တကယ် စုစည်းခြင်းအဆင့်ကို မရောက်သေးပါဘူးကွာ...
"အနန္တခေတ်ကာလကို ခုတ်ဖြတ်တဲ့ဓား"
လုယန် တွေ့ကရာနာမည်တစ်ခု ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့ဆံပင်စည်းကြိုး ထောက်ခနဲပြတ်သွားသည်။ ဆံပင်များက လေထဲတွင် လူးလွန့်လှုပ်ခါနေသည်။ ဓားချက်က အချိန်မြစ်ကြောင်းကိုထိုးခွဲလိုက်သကဲ့သို့ ကျဆင်းလာသည်။ အချိန်များ ရပ်တန့်သွားသလိုရှိသည်။ ရိုးရှင်းသည့်သာမန်ဓားချက်တွင် သူ့စွမ်းအားများ အပြည့်ထည့်ထားသည်။
"ကောင်းကင်သခင်လက်သီး"
သွေးချီဖြင့်ဖန်တီးထားသည့် နဂါးရိပ်က မုန်ကျင်းကျိုးလက်သီးနှစ်ဘက်တွင် ရစ်ခွေနေသည်။ သူ့သွေးကြောများ ဖောင်းထလာသည်။ အင်္ကျီများ ဖောင်းကလားလာသည်။ သူ့အော်သံက မိုးမြေကြားတွင် ပဲ့တင်ထပ်နေသည်။ သာမန်လက်သီးတစ်ချက် ထိုးချလိုက်သည်။ လက်ကျန်အသက်စွမ်းအင်အားလုံးသုံး၍ ထိုးချလိုက်ယောင်ရှိသည်။
"ဘုန်း ဘုန်း ဘုန်း"
ချင်ဖုန်းဓားကျလာသည်။ သရဲကိုယ်တော် အလယ်တည့်တည့်မှ နှစ်ခြမ်းပြတ်သွားသည်။ ပြတ်သွားသည်ရောမှ သွေးလက်တံများစွာ ထိုးထွက်လာပြီး ခန္ဓာကိုယ်ကိုဆွဲယူ၍ ပြန်ဆက်သည်။
မုန်ကျင်းကျိုးက နတ်များတစ်စင်းလို ရှေ့သို့ပြေးထွက်သွားသည်။ လေဟာနယ်အတားအဆီးများဖြတ်ကျော်သည်။ လက်သီးတစ်ချက်ထိုးသည်။ သရဲရိပ်၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ဖြစ်လာသည်။ ပြန်ကုစား၍မရ။
တစ်ဘက်သတ်တိုက်ပွဲကို သူတို့ဆင်နွှဲကြသည်။ ဓားချီနှင့် သွေးချီများ မှော်စက်ဝန်းထဲတွင် လှုပ်ရှားနေသည်။ ကောင်းကင်တစ်ခုလုံး ဆေးရောင်စုံယှက်သန်းနေသည်။ မြိုခံများ ထွက်ကြည့်ကြသည်။ သို့သော် ဘာမှမမြင်ရ။ လေထဲတွင် တိုက်ခိုက်နေသူများကိုလည်း ဘယ်သူဘယ်ဝါ မခန့်မှန်းနိုင်ကြ။
ကွေ့ချွဲအာ ပြတင်းပေါက်ကိုဖွင့်၍ ကောင်းကင်ကို မော့ကြည့်သည်။ ရောင်စုံအလင်းများ လှုပ်ရှားနေသည်ကိုမြင်ရသည်။ တစ်ခါတစ်လေ သရဲအော်သံများကြားရသည်။
သူထိတ်လန့်တုန်လှုပ်သွားပြီး ခပ်တိုးတိုးရေရွတ်သည်။
"ဒါငါတို့အိမ်ထဲမှာပုန်းနေတဲ့ သရဲလား။ ကြောက်စရာကောင်းလိုက်တာ"
လေထဲတွင် လွင့်မျောနေသည့် သရဲကိုယ်တော်နှင့် အရိပ်သရဲတို့ လုံးဝမလှုပ်ရဲသည်ကို ဘယ်သူမှမမြင်နိုင်ကြ။ နည်းနည်းလှုပ်လိုက်သည်နှင့် တိုက်ကွက်များထိ၍ သေသွားမည်။ သူတို့တာအိုလမ်းစဉ် အဆုံးသတ်သွားမည်။
နည်းလမ်းစုံသုံးလျှင် ဝိညာဉ်ပြောင်းအခြေခံအဆင့်ကို ယှဉ်နိုင်စွမ်းရှိကြသော်လည်း ဤတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်လျှင် နတ်ဝိညာဉ်အဆင့်ဖြစ်ဖြစ် ဝိညာဉ်ပြောင်းအခြေခံအဆင့်ဖြစ်ဖြစ် ဘာမှသိပ်ကွာလှမည်မထင်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အားရအောင်အစွမ်းပြပြီးနောက် ပြိုင်တူအော်ဟစ်ကြသည်။ သူတို့နှစ်ယောက်တိုက်ကွက်များ အချင်းချင်းရင်ဆိုင်တွေ့သည်။ ကြီးမားသည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။
ပေါက်ကွဲမှုကြောင့် စူးရှသည့်အလင်းများထွက်လာသည်။ အောက်ဘက်မှကြည့်နေသူများ မျက်လုံးမဖွင့်နိုင်ကြတော့။ ထိုအချိန်ကိုအခွင့်ကောင်းယူ၍ သရဲကိုယ်တော်နှင့်အရိပ်သရဲကို အမြန်လှမ်းဆွဲပြီး ကွေ့အိမ်တော်ဘေးတွင်ရပ်နေသည့် ကိုယ်တော်တွမ်ချန်းဆီ သွားအပ်ကြသည်။
ထို့နောက် ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ ပြန်လာပြီး ဒဏ်ရာအပြင်းအထန်ရသလို ဟန်ဆောင်ကြသည်။ သွေးကိုယ်စီအန်ထုတ်သည်။ ကောင်းကင်မှ ခြံဝန်းထဲသိူ့ ခြေပစ်လက်ပစ်ကျလာသည်။
"သခင်တို့"
သခင်ကွေ့ အန္တရာယ်ကို အရေးမစိုက်တော့ဘဲ အပြေးအလွှာရောက်လာပြီး သူတို့နှစ်ယောက်ကို ဆွဲထူရန်ကြိုးစားသည်။
လုယန်က မြေပေါ်တွင်လဲလျောင်းရင်း လက်ဝှေ့ယမ်းပြသည်။ သူ့အသက်ရှူနှုန်း အားနည်းလာသည်။ ဝင်သက်သာရှိပြီး ထွက်သက်မရှိတော့။ သို့သော် ခန္ဓာကိုယ်ကိုအားတင်း၍ ချိနဲ့နဲ့လေသံဖြင့်ပြောသည်။
"ကျုပ်တို့ တာဝန်ကျေခဲ့ပါပြီ။ ဟိုသရဲနှစ်ကောင်ကို ကျုပ်တို့ညီအကိုတွေ ရှင်းလိုက်ပြီ။ စိတ်မပူပါနဲ့ သခင်ကွေ့။ ကျုပ်တို့ပင်ပန်းသွားလို့ပါ။ အနားယူလိုက်ရင်ကောင်းသွားမှာပါ"
"သခင်တို့"
သက်ကြီးပိုင်းကိုယ်တော်တစ်ယောက် ခြံဝင်းထဲတွင်ပေါ်လာပြီး ဒူးလောက်၍ လုယန်နှင့်မုန်ကျင်းကျိုးတို့ ဒဏ်ရာများကို ဂရုတစိုက်စစ်ဆေးနေသည်။
"ကိုယ်တော်တွမ်ချန်း"
သခင်ကွေ့ ဦးညွှတ်အရိုသေပေးသည်။ တိုက်ပွဲကိုအာရုံခံမိ၍ ကိုယ်တော်တွမ်ချန်းရောက်လာခြင်းဖြစ်မည်ဟု သူခန့်မှန်းသည်။
"ကိုယ်တော်တွမ်ချန်း၊ ဒီသခင်နှစ်ယောက် အန္တရာယ်ရှိနိုင်လား"
ကိုယ်တော်တွမ်ချန်းက လက်အုပ်ချီ၍ ပြန်ပြောသည်။
"ဒီဒကာတော်နှစ်ယောက်က အခြေအနေသိပ်မဆိုးပါဘူး။ ကိုယ်တော်သူတို့ကို ခေါ်သွားမယ်။ ဘုံကျောင်းကိုရောက်ရင် သူတို့ပြန်ကောင်းလာမှာပါ"
တွမ်ချန်းက လုယန်တို့ကို ခိုင်ဟွမ်ဘုံကျောင်းသို့ ပြန်သည်သွားသည်။ သရဲကိုယ်တော်နှင့် အရိပ်သရဲကိုလည်း ငှက်လောင်အိမ်ထဲထည့်၍ ဆွဲသွားသည်။
....
ကိုယ်တော်တွမ်ချန်းသည် စောင့်ထိန်းအပ်သည့် သီလသမာဓိနှင့် ပြည့်စုံသည့်ဗုဒ္ဓကိုယ်တော်ဖြစ်သည်။ ဘယ်တော့မှ လိမ်ညာမပြော။ ဘုံကျောင်းသို့ပြန်ရောက်သည်နှင့် လုယန်တို့နှစ်ယောက် ချက်ချင်းပြန်ကောင်းလသည်။
ယနေ့ညအတွက် သူတို့တာဝန် ပြီးသွားသည်။ ခိုင်ဟွမ်ဘုံကျောင်း၏ အစီအစဉ်များကို စောင့်ရုံသာရှိတော့သည်။
"အခု ကိစ္စရှင်းသွားပြီပဲ။ ဒါနဲ့စကားမစပ်...ကျုပ်မေးချင်တာရှိတယ်။ ဗုဒ္ဓနိုင်ငံက မျက်လုံးသုံးခုကလေးသရဲတွေက ဒီလောက်တောင်ကြီးတာလား"
ဖမ်းချုပ်ထားသည့် မျက်လုံးသုံးခုသရဲကိုယ်တော်ကို သူသေချာစစ်ဆေးသည်။ ရှေးဟောင်းမှတ်တမ်းထဲမှ ဖော်ပြချက်များနှင့် မကိုက်ညီ။ မှတ်တမ်းထဲတွင် မျက်လုံးသုံးခုကလေးသရဲ၏အရပ်သည် ဒူးလောက်သာမြင့်သည်ဟု ပြောထားသည်။
သို့သော် ယခုဖမ်းမိထားသည့်သရဲက သူ့ထက်ပင် ခေါင်းတစ်လုံးမြင့်နေသေးသည်။ ထိုသရဲ အသွင်ပြောင်းသွားခြင်းလော...
"မင်းဘာလို့ ကွေသခင်မိသားုကို ခြောက်လှန့်နေတာလဲ"
မုန်ကျင်းကျိုးက သရဲကိုယ်တော်ကိုမေးသည်။
နတ်ဝိညာဉ်ထိပ်တန်းအဆင့်သရဲဖြစ်၍ အကြောက်တရားကို စားသုံးစရာမလိုလောက်။ ထို့ပြင် ကွေ့မိသားစုကို နေ့တိုင်းခြောက်လှန့်နေလျှင်လည်း ထိုသရဲနှစ်ကောင် ဗိုက်ပြည့်မည်မထင်။
သရဲကိုယ်တော်က ဒေါသတကြီးပြန်ပြောသည်။
"ဘယ်သူက သခင်ကွေ့ကို ခြောက်လှန့်နေလို့လဲကွ။ ဒီည ငါတို့နှစ်ယောက်က ဆွေးနွေးတိုင်ပင်စရာရှိလို့ မြေအောက်မှာတွေ့ဖို့ချိန်းထားကြတာ။ ကွေ့မိသားစုအိမ်တော်ကို ငါတို့တစ်ခါမှတောင် မရောက်ဖူးဘူး"
လုယန်တွေးရခက်သွားသည်။
"ဒါဆို မျက်လုံးသုံးခုကလေးသရဲဆိုတာက ဘယ်ရောက်သွားတာလဲ"
***********************************
အခန်း (၉၈၉) မြန်ဆန်သည့်သတင်း
"နတ်မယ် ကလေးသရဲဘယ်ရောက်သွားလဲသိလား"
လုယန် မေးလိုက်သည်။ သရဲငယ်တစ်ကောင်နှင့် ပြဇာတ်ခင်းဖို့ သူတို့စီစဉ်ခဲ့သည်။ သို့သော်ဇာတ်လမ်းပြီးသွားချိန်တွင် နတ်ဝိညာဉ်အဆင့်သရဲနှစ်ယောက်ကို ဖမ်းမိသည်။ ကလေးသရဲကို လုံးဝမတွေ့ရ။
"နင်တို့စမတိုက်ခင်လေးမှာပဲ ကွေ့မိသားစုရဲ့ကလေးမက မီးအိမ်ကိုဖွင့်လိုက်တယ်။ ဟိုသရဲလေး မီးကျွမ်းပြာကျသွားတယ်လေ"
"ဪ"
လုယန် နားလည်လာသည်။ နေစွမ်းအင်မီးအိမ်မှ နေစွမ်းအားကြောင့် ကလေးသရဲသေသွားခြင်းဖြစ်သည်။
"နေမင်းဂိုဏ်းက သူတို့မီးအိမ်တွေမှာ ထူးခြားတဲ့စွမ်းဆောင်ရည်တစ်ချို့ရှိတယ်လို့ ပြောဖူးတယ်။ ကလးသရဲလို စွမ်းအားနိမ့်သရဲလေးက ညဘက်မှာအပြင်ထွက်ရဲတာ။ နေ့ဘက်ဆို နေရောင်ထိမှာကြောက်လို့ ဘယ်တော့မှမထွက်ဘူး။
နေစွမ်းအင်မီးအိမ်စွမ်းအားကို သူဘယ်ခံနိုင်မလဲ။ ကိုယ်တော်တွမ်ချမ်းပြောသလိုဆို ဒီဗုဒ္ဓနိုင်ငံမှာ မကောင်းဆိုးဝါးဝိညာဉ်တွ အတော်များပုံပဲ။ နေစွမ်းအင်မီးအိမ်တွေက ဒီမှာအတော်ရောင်းကောင်းမယ်ထင်တယ်"
နေမင်းဂိုဏ်းမှရမည့် သူ့ဝိညဉ်ကျောက်ခွဲတမ်း ထပ်တိုးလာတော့မည်။
"အခုငါ့မှာ ဝိညာဉ်ကျောက်တွေ ဘယ်လောက်များနေပြီလဲတောင် မသိတော့ဘူး"
ကားပျံ(ရထားပျံ)မူပိုင်ကြေးရသည်။ အသားကင်ဆိုင်အမြတ်ငွေခွဲတမ်းရသည်။ နေမင်းဂိုဏ်း၏မီးအိမ်ရောင်းချငွေ ခွဲတမ်းရသည်။ မကြာခဏဆိုသလို ဝိညာဉ်ကျောက် အစုအပြုံလိုက်ရသည်။ တစ်ခုချင်းရေတွက်ဖို့ပျင်းလွန်း၍ ခွဲတမ်းအပြည့်သာ သူလက်ခံသည်။
မည်သို့ဆိုစေ သူ့ဝိညာဉ်ကျောက်များကို ကုန်အောင်မသုံးနိုင်။
"ထားလိုက်ပါတော့လေ။ ငွေလုံလောက်နေရင် ပြီးတာပဲ"
"ဒကာတို့နှစ်ယောက် အနားယူကြပါ။ ဒီဝိညာဉ်နှစ်ခုကို စစ်ဆေးမေးမြန်းဖို့ကိစ္စ ကျုပ်ကိုယ်တိုင် လုပ်ပါ့မယ်"
သရဲနှစ်ကောင်ကိုကြည့်၍ တွမ်ချမ်း ပြုံးနေသည်။ ထိုသရဲနှစ်ကောင် ခိုင်ဟွမ်မြို့တွင် နှစ်ငါးဆယ်ကျော်ပုန်းနေခဲ့သည်ဟု ပြောသည်။ သူဘာတွေကြံစည်နေသည်ကို ဘယ်သူမှမသိနိုင်။
ခိုင်ဟွမ်မြို့တော်တိုးတက်ဖို့ သူပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်။ ယခု ထိုသရဲနှစ်ကောင်ကြောင့် ပျက်စီးမတတ်ဖြစ်ခဲ့သည်။
ကံကောင်းသွားသည်။ ဒကာတော်နှစ်ယောက်က ပြဿနာကိုရှင်းပေးသဖြင့် သူအတော်စိတ်သက်သာရာရသည်။
"ဒါဆိုလည်း ဒီကိစ္စ ကိုယ်တော့်ကိုပဲ လွှဲလိုက်တာ့မယ်"
လုယန်ကပြောသည်။ ထိုကိစ္စကို သူတို့ဝင်မစွက်တော့။
နောက်တစ်နေ့တွင် လုယန်နှင့်မုန်ကျင်းကျိုးတို့ ခိုင်ဟွမ်မြို့တော်သို့ရောက်လာပြီး ကွေ့မိသားစုမှဝိညာဉ်သရဲများ ရှင်းလင်းပေးခဲ့သည်သတင်းက လမ်းကြိုလမ်းကြားမကျန် ပျံနှံ့သွားသည်။
လက်ဖက်ရည်ဆိုင်တွင် လူတစ်ယောက်က ထူးဆန်းသည့်လေသံဖြင့် သူ့မိတ်ဆွေကို ပြောသည်။
"မနေ့ညကတိုက်ပွဲမှာ ဘာဖြစ်သွားလဲသိလား"
သူ့မိတ်ဆွေက စိတ်ဝင်စားလာဟန်ဖြင့် ချက်ချင်းမေးသည်။
"ဘာတွေဖြစ်ခဲ့လဲ။ ပြောပြပါဦး"
သူတို့စကားသံကြောင့် တစ်ခြားလူများလည်း နားစွင့်လာသည်။ လက်ဖက်ရည်ဆိုင်ထဲမှ ဆူညံနေသည့်အသံများ သိသိသာသာလျော့ပါးသွားသည်။
"ခိုင်ဟွမ်ဘုံကျောင်းမှာ ငါ့မိတ်ဆွေတစ်ယောက်ရှိတယ်။ မနေ့ညကတိုက်ပွဲမှာ ကျင့်ကြံသူနှစ်ယောက်ပါတယ်တဲ့။ ဓားမသေမျိုးလုနဲ့ ဗုဒ္ဓမုန်လို့ ပြောတယ်"
"လနန်းတော်ကိုသွားခဲ့တယ်ဆိုတဲ့ ဓားမသေမျိုးလုလား။ သူသွားပြီးနောက်ပိုင်း လနန်းတော်ကလူအတော်များများ ကိုယ်ဝန်ရလာတယ်တဲ့"
"သူကလွဲလို့ တစ်ခြားဘယ်သူရှိဦးမှာလဲ"
"ကျွတ်...အားကျလိုက်တာကွာ"
"မနေ့ညကရန်သူကလည်း စွမ်းအားကြီးတယ်တဲ့။ စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေလို့ပြောတယ်။ ကွေ့သခင်အိမ်တော်မှာ ဒီဝိညာဉ်တွေဘာလို့ခိုနေကြလဲတော့ မသိဘူး။
အစက ဓားမသေမျိုးလုတို့နှစ်ယောက်က ကွေ့သခင်အိမ်တော်မှာရှိတဲ့ သရဲဝိညာဉ်ကို နှိမ်နှင်းပြီးရင် ချက်ချင်းထွက်သွားဖို့ပဲ။ သူတို့အကြောင်း လူသိမခံချင်ဘူး။ ဒါပေမယ့် ဒီလိုအဆင့်မြင့်ရန်သူတွေနဲ့ ရင်ဆိုင်ရတယ်။
ပြီးတော့ မနေ့ညကတိုက်ပွဲမှာ သူတို့နှစ်ယောက် အသေခံတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ပြောတယ်။ ကံကောင်းလို့ တစ်ကွက်အသာနဲ့ သူတို့ကပ်ပြီးနိုင်သွားတာ"
သူ့အနားမှလူများ တအံ့တဩရေရွတ်ကြသည်။
"သူတို့က ဝိညာဉ်ပြောင်းအဆင့်နဲ့ စုစည်းခြင်းအဆင့်တွေကို တိုက်ခိုက်ခဲ့တယ်ပေါ့။ တကယ်လေးစားစရာပဲ"
သို့သော် သူပြောသည့်စကား များသွားမှန်းသိသဖြင့် ချက်ချင်းပါးစပ်ပိတ်၍ ဘာမှမပြောခဲ့သလို ဟန်ဆောင်နေသည်။
ပထမလူက ဆက်ပြောသည်။
"မနေ့ညက သူတို့နှစ်ယောက်ကို ကိုယ်တော်တွမ်ချန်းက ဘုံကျောင်းကိုပြန်ခေါ်သွားပြီး သေချာကုသပေးတယ်။ အခု သူတို့အသက်အန္တရာယ်မရှိတော့ဘူး။
ပြီးတော့သူတို့က ခိုင်ဟွမ်မြို့တော်မှာ ရက်အတော်ကြာအောင်နေဦးမှာ။ လာမယ့်ဗုဒ္ဓရေသဘင်ပွဲ တက်ကြဦးမှာတဲ့"
"ဒါဆိုသိပ်ကောင်းတာပေါ့"
သူ့အဖော်က ဝမ်းသာသွားသည်။
လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် သူတို့နှစ်ယောက် တစ်ခြားလူများနှင့် လျှို့ဝှက်တွေ့ဆုံကြသည်။
ဆံပင်တုများကို ချွတ်လိုက်သည်။ ပြောင်နေသည့်ကတုံးများပေါ်လာသည်။
ကိုယ်တော်တွမ်ချန်း ညွှန်ကြားသည့်အတိုင်း သူတို့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။ ယခု သတင်းပျံ့ဖို့သာ စောင့်ရုံရှိသည်။
"ခုနက ငါတို့လိမ်ပြောမိတာတော့ မဟုတ်ဘူးမို့လား"
"မဟုတ်ပါဘူး။ ဒီစကားတွေအားလုံး ကိုယ်တော်က ပြင်ဆင်ပေးတာပဲလေ။ တစ်ခုမှ လိမ်ညာတာမပါဘူး"
"ကိုယ်တော်က ကြိုတင်ပြင်ဆင်ပေးတာလား။ ဒီစကားလုံးတွေကို ဒကာလုစိတ်ကူးရခဲ့တာလို့ ငါကြားသလားလို့"
ဗုဒ္ဓကိုယ်တော်များတွင် စောင့်ထိန်းရသည့်စည်းမျဉ်းများ တင်းကြပ်သည်။ မုသာဝဒသည်လည်း အရေးကြီးသည့်သီလတစ်ခုဖြစ်သည်။
သို့သော် ယခု သူတို့ကို အထက်ကိုယ်တော်က ညွှန်ကြားခြင်းဖြစ်၍ ကိစ္စမရှိ။
တွမ်ချန်းမျှော်လင့်ထားသလိုပင် လုယန်နှင့်မုန်ကျင်းကျိုး မကောင်းဆိုးဝါးနှိမ်နှင်းသည့်သတင်းက ခိုင်ဟွမ်မြို့တော်ထဲတွင် ပျံ့နှံ့သွားသလို အနီးအနားမြို့တော်များသို့လည်း အချိန်တိုအတွင်း ရောက်သွားသည်။
"ဓားမသေမျိုးလုနဲ့ဗုဒ္ဓမုန်က ခိုင်ဟွမ်မြို့တော်မှာ ဗုဒ္ဓရေသဘင်ပွဲတက်ကြမယ်ပေါ့"
လုယန်နှင့်မုန်ကျင်းကျိုးကို သာမန်လူများရော ကျင့်ကြံသူများကပါ ကြိုဆိုကြသည်။ သာမန်လူများက ပုံပြင်ထဲတွင်ကြားဖူးသည့် ဒဏ္ဍာရီဇာတ်လိုက်ကျော်များကို မြင်လိုကြသည်။
ကျင့်ကြံသူများက ရေသဘင်ပွဲတက်ပြီး ထိုနှစ်ယောက်ထံမှ လမ်းညွှန်မှုခံယူချင်ကြသည်။
"နှစ်ယောက်လုံးက ဒီနေ့ခေတ်ရဲ့ ပါရမီရှင်တွေပဲ။ စုစည်းခြင်းအဆင့်တွေနဲ့တောင် ပုခုံးချင်းယှဉ်နိုင်ကြတယ်"
"ပုခုံးချင်းယှဉ်ရုံလောက်ဘယ်ကမလဲ. မနေ့ညက စုစည်းခြင်းအဆင့် သရဲကျင့်ကြံသူနှစ်ယောက်ကို သူတို့ရှင်းလိုက်တာ မင်းမကြားသေးဘူးလား"
"တကယ်အံ့ဩစရာပါလား"
သာမန်ကျင့်ကြံသူများအတွက် လုယန်တို့နှစ်ယောက်ထံမှ လမ်းညွှန်ချက်တစ်ခုနှစ်ခုရလျှင် ကံအလွန်ထူး၍သာဖြစ်သည်။
"အကိုကျိုး၊ ခိုင်ဟွမ်မြို့တော်မှာ ရေသဘင်ပွဲသွားတက်မှာလား"
"တက်မှာပေါ့။ ဒါပေမယ့် ရှားပါးအခွင့်အရေးရှိနေတော့ ခိုင်ဟွမ်ကိူသွားကြားတဲ့ ကျင့်ကြံသူအရေအအတွက် မနှစ်ကထက်ပိုများလောက်တယ်"
.....
တွမ်ချန်းက လုယန်တို့ကို လာတွေ့သည်။
"ဘာကိစ္စရှိလို့လဲကိုယ်တော်"
လုယန် မေးလိုက်သည်။ ကိုယ်တော်တွမ်ချန်းက မျက်နှာမသာမယာဖြစ်နေသည်။
"ထင်သလောက် လူသိရှင်ကြားမဖြစ်လို့လား"
"မဟုတ်ပါဘူး။ လူတွေစိတ်ဝင်စားတဲ့နှုန်းက အရမ်းအဆင်ပြေတယ်။ အခုကိစ္စက သရဲနှစ်ကောင်ရဲ့ ဝိညာဉ်မှတ်ဉာဏ်ကနေရခဲ့တဲ့ သတင်းတွေကြောင့်ပါ"
"ဘာသတင်းလဲ"
မုန်ကျင်းကျိုး မေးလိုက်သည်။ ခိုင်ဟွမ်းပြဿနာက ထိုမှတ်ဉာဏ်ရှာဖွေမှုရလာဒ်ဖြစ်လောက်သည်။
"အဲဒီ့နှစ်ယောက်က နှလုံးမဲ့ဂိုဏ်းနဲ့ အဆက်အသွယ်နည်းနည်းရှိတယ်။ ဂိုဏ်းအဖွဲ့ဝင်တော့မဟုတ်ဘူး။ နှလုံးမဲ့ဂိုဏ်းရဲ့ အသုံးချခံတွေပါ။
နှလုံးမဲ့ဂိုဏ်းက သူတို့ကို ဝိညာဉ်စုဆေးလုံးတွေပေးမယ်လို့ ကတိပေးထားတယ်။ ဒီမြို့မှာနေပြီး ဂိုဏ်းတာဝန်တွေကို သူတို့ထမ်းဆောင်ရတယ်။
ဥပမာပြောရရင် ပြီးခဲ့တဲ့နှစ်ပိုင်းအတွင် လူတွေအများကြီး မိသားစုစွန့်ခွာပြီး ဗုဒ္ဓကိုယ်တော်ဖြစ်လာတဲ့ကိစ္စပေါ့။ အဲဒါ နှလုံးမဲ့ဂိုဏ်းရဲ့လက်ချက်ပဲ။
သူတို့ဂိုဏ်းက မေ့ပျောက်ဆေးလို့ခေါ်တဲ့ ဆေးတစ်မျိုးတီထွင်ခဲ့တယ်။ ရေနဲ့ထိတာနဲ့ အရည်ပျော်သွားတယ်။ ဒီဆေးကိုသောက်ရင် စိတ်ခံစားချက်တွေ နှစ်အတော်ကြာအောင် ပျောက်ဆုံးသွားတယ်။
ခံစားချက်ကင်းမဲ့သွားတယ်။ ဒါမှမဟုတ် ဂုဏ်သိက္ခာမဲ့သွားတယ်ပေါ့။ ဆေးအာနိသင်သက်ရောက်ခံရတဲ့လူတွေက ဒါကို ဉာဏ်အလင်းပွင့်တယ်လို့ အထင်မှားကြတယ်။ ဆေးဓာတ်ပျယ်သွားတာနဲ့ ဉာဏ်အလင်းပွင်တာလည်း ပျောက်သွားတယ်။ လောကီဘဝကို ပြန်သွားချင်တဲ့ဆန္ဒတွေ ပေါ်လာတယ်။
ဒီသရဲနှစ်ကောင်ရဲ့တာဝန်က လူတွေကို လျှို့ဝှက်ပြီးဆေးခတ်ရတယ်။ ပြီးတော့ အကျိုးသက်ရောက်မှုကို စောင့်ကြည့်တယ်"
"သဘောပေါက်ပါပြီ"
တတိယဖူးမျှော်သူကိုစစ်ဆေးပေးဖို့ နတ်မယ်ကိုအကူအညီတောင်းခဲ့သည့်အဖြစ်ကို လုယန်ပြန်သတိရလာသည်။ မူမမှန်သည့်အဖြစ်မျိုး ဘာမှမရှိဟုပြောသည်။ ဆေးဓာတ်ပြယ်သွားပြီး၍ဖြစ်မည်။
"သူတို့အထက်က ညွှန်ကြားတဲ့လူကိုရောသိလား"
မုန်ကျင်းကျိုးကမေးသည်။ မနေ့ညကအဖြစ်ကို အခွင့်ကောင်းယူ၍ စုံစမ်းလျှင် ရနိုင်သည်။
တွမ်ချန်း ခေါင်းခါသည်။
"နှလုံးမဲ့ဂိုဏ်းက စုစည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်ဆိုတာပဲိတယ်။ ဒါပေမယ့် သူ့မျက်နှာကို မမြင်ဖူးကြဘူး။ သူတို့ဆီကို တိုက်ရိုက်ပဲ ဆက်သွယ်တာ။ မနေ့ညကကိစ္စဖြစ်သွားတော့ အဲဒီ့အကြီးအကဲက သူတို့ဆီထပ်ပြီးဆက်သွယ်တော့မယ်မထင်ဘူး။
ပြီးတော့ သူတို့မှတ်ဉာဏ်ကနေ သိရတာက ဗုဒ္ဓနိုင်ငံအရှေ့ပိုင်းဒေသကမြို့တော်တွေမှာ သူတို့လိုလူတွေ အများကြီးရှိသေးတယ်။ နှလုံးမဲ့ဂိုဏ်းက ဗုဒ္ဓနိုင်ငံထဲမှာ အရေးပါတဲ့ဂိုဏ်းခွဲတစ်ခု တည်ထောင်ထားတယ်လို့ ကျုပ်ယူဆတယ်"
"ဒီကိစ္စက ပေါ့လို့မဖြစ်ဘူးပဲ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ တွမ်ချန်း မျက်နှာပျက်နေသည်မှာ မဆန်းတော့။ အသေးအဖွဲကိစ္စမဟုတ်။
"ဒီကိစ္စ အနောက်တိုင်းမိုးပျံဘုံကျောင်းကို ကျုပ်သတင်းပို့လိုက်မယ်။ ဒါပေမယ့် ဒကာတို့လည်း စားတစ်ဆောင်ရေးရင်ကောင်းမယ်။ မဟာရှားကိုလည်း သတင်းပို့မှထင်တယ်။ နိုင်ငံနှစ်ခုပူးပေါင်းပြီး ဗုဒ္ဓနိုင်ငံက နှလုံးမဲ့ဂိုဏ်းခွဲကို ရှင်းလင်းလို့ရနိုင်တယ်"
လုယန် ခဏစဉ်းစားသည်။ ထို့နောက် ခေါင်းငြိမ့်လိုက်သည်။
"ရနိုင်ပါတယ်"
'အော်မီတော်ဖော်"
လုယန်လက်ခံလိုက်သဖြင့် ကိုယ်တော်တွမ်ချန်း အတော်စိတ်သက်သာရာရပြိး ဧည့်ခန်းထဲမှ ထွက်သွားသည်။
"မင်းဒီကိစ္စဘယ်လိုလုပ်မှာလဲ။ ဂိုဏ်းကို စာရေးပို့မှာလား"
မုန်ကျင်းကျိုးက မေးသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို စာပို့လျှင် လဝက်ခန့်ကြာနိုင်သည်။ လမ်းတွင် ပို့သည့်စာက အမှတ်မထင်ပျောက်ဆုံးသွားနိုင်ခြေလည်း ရှိသေးသည်။
"အဲလောက်ဒုက္ခခံစရာမလိုပါဘူး။ ငါ့နည်းလမ်းနဲ့ငါရှိပါတယ်"
"ဘာနည်းလမ်းလမ်း"
လုယန် ပြန်မဖြေတော့ဘဲ ကုတင်ပေါ်လှဲအိပ်လိုက်သည်။ မုန်ကျင်းကျိုး အူကြောင်ကြောင့်မျက်နှာဖြင့် စောင့်ကြည့်နေစဉ်မှာပင် လုယန်ခန္ဓာကိုယ် ငြိမ်သက်သွားသည်။ အသက်မဲ့သလိုဖြစ်သွားသည်။
.....
တိုင်ပုဖန် သမ်းဝေနေသည်။ ရေစွမ်းလုံးထဲတွင် သက်တောင့်သက်သာလှဲ၍ အိပ်ချင်သည့်စိတ်ကို ကျေနပ်ပီတိဖြစ်နေသည်။
ထိုစဉ် ရုတ်တရက် ကုကျန်ယဲ့ ရေးကြီးသုတ်ပြာဝင်လာသည်။
"အကိုတိုင်၊ အခြေအနေမကောင်းတော့ဘူး။ အကိုလုယန်ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပြီ"
"ဘာ"
တိုင်ပုဖန် ရေတစ်လုတ်ပါးစပ်ထဲဝင်ပြီး 'သီး'သွားသည်။ ထို့နောက် လုယန်၏မီအိမ်ကို စစ်ဆေးဖို့ ဝိညာဉ်မီးအိမ်ခန်းမသို့ အမြန်ပြေးသည်။
ခန်းမသို့ရောက်ချိန်တွင် အတန်းလိုက်ရှိနေသည့် ဝိညာဉ်မီးအိမ်များ မီးလင်းသည်။ လုယန်၏မီးအိမ်တစ်ခုသာ မီးငြိမ်းနေသည်။
ထိုစဉ် မီးအိမ်က ရုတ်တရက် ဖျတ်ခနဲ မီးပြန်တောက်လာသည်။ ပြန်ငြိမ်းသွားသည်။ ထို့နောက် မီးပြန်တောက်လာသည်။ လုပ်ဆောင်မှုမမှန်တော့သည့် နေစွမ်းအင်မီးအိမ်လို ဖြစ်နေသည်။
တိုင်ပုဖန် တဖြေးဖြေးမျက်နှာပျက်လာသည်။ ဝိညာဉ်မီးအိမ်ကို ထူးခြားသည့်ပုံမှန်စနစ်တစ်ခုဖြင့် မီးငြိမ်းလိုက်မီးတောက်လိုက်ဖြစ်အောင်လုပ်၍ စကားလုံးစနစ်တစ်ခု တည်ဆောက်ပြီး သတင်းပို့နိုင်ကြောင်း လုယန်ပြောဖူးသည်ကို ပြန်သတိရလာသည်။
စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော်လည်း လုယန်၏ဝိညာဉ်မီးအိမ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ကိုကြည့်၍ သူကြက်သီးထမိသည်။
*******************************
အခန်း (၉၉၀) မေ့ပျောက်ဆေး
တိုင်ပုဖန် စာရွက်တစ်ရွက်ထုတ်လိုက်သည်။ မှတ်ထားသည့်အချက်အလက်များနှင့် မီးအိမ်အပိတ်အဖွင့်ဖြစ်ပေါ်နေသည့်ပုံစံကို တိုက်ဆိုင်စစ်ဆေးပြီး စကားဝှက်ဖော်သည်။
လုယန်အသက်နှင့်ရင်း၍ ပို့လိုက်သည့်သတင်းကိုဖတ်ပြီးနောက် မျက်ခုံးလှုပ်သွားသည်။
မစ်ရှင်ခန်းမှတွင် သတင်းများကို နှစ်ပေါင်းများစွာ သူကြီးကြပ်ခဲ့သည်။ နှလုံးမဲ့ဂိုဏ်းနှင့်ပတ်သက်ည့် သဲလွန်စများကို စိစစ်ခဲ့သည်။ သို့သော် နှလုံးမဲ့ဂိုဏ်းတည်နေရာကို သဲလွန်စရသော်လည်း ထိုဂိုဏ်းက အမြဲတမ်းသတိထားလှုပ်ရှားသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းက သွားဖမ်းတိုင်း လက်ဗလာဖြင့်သာ ပြန်ခဲ့ရသည်။
"ရှောင်လုဗုဒ္ဓနိုင်ငံကိုသွားတာ ရက်ပိုင်းပဲရှိသေးတယ်။ နှလုံးမဲ့ဂိုဏ်းသဲလွန်စကို သူဘယ်လိုရလာတာလဲ"
ဘာကြောင့် သူသေချာစစ်ဆေးခဲ့သည့် သတင်းအချက်အလက်များက နှလုံးမဲ့ဂိုဏ်းကို ခြေရာမခံနိုင်ခဲ့သည်မသိ။
"အကို၊ စာရွက်ထဲမှာ ဘာတွေရေးနေလဲ"
ကုကျန်ယဲ့က စပ်စုသည်။
တိုင်ပုဖန်က စာရွက်ကိုခေါက်၍ ရှင်းပြသည်။
"မင်းအကိုလုယန်က ဒီလိုသတင်းပို့တဲ့နည်းလမ်းကို တီထွင်ခဲ့တာ။ မီးအိမ်အပွင့်အပိတ်ကြားက ကြာချိန်ကိုလိုက်ပြီး စကားလုံးတည်ဆောက်တာ။ 'ဖျင်နင်'(pinyin)ခေါ်တဲ့စနစ်ပေါ့။ စကားလုံးတွေကို အတူစုလိုက်ရင် ဝါကျတစ်ကြောင်းဖြစ်လာတယ်။
အခုပို့လိုက်တဲ့ နှလုံးမဲ့ဂိုဏ်းနဲ့ပတ်သက်တဲ့သတင်းက အရေးကြီးတယ်။ ဗုဒ္ဓနိုင်ငံနဲ့လည်း ပတ်သက်နေတယ်။ အမယွမ်ကို ဆုံးဖြတ်ခိုင်းရမှာပဲ"
တိုင်ပုဖန် ယွမ်ကျိထံ အကြံတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
"ညီလေးကု၊ ဝိညာဉ်မီးအိမ်ခန်းမကို ဆက်ပြီးစောင့်ကြည့်နေပါ။ ထူးခြားတာရှိရင် ငါ့ကိုအသိပေးပါ"
တိုင်ပုဖန် ကုကျန်ယဲ့ကို တာဝန်ပေးလိုက်သည်။ တစ်နေကုန် ပြဿနာရှာမနေဘဲ ခြေငြိမ်စေဖို့ ရည်ရွယ်ခြင်းလည်းဖြစ်သည်။ မဟာရှားမှ လူအတော်များများက အဆက်အသွယ်များအားကိုးပြီး ကုကျန်ယဲ့အကြောင်း စုံစမ်းနေကြသည်။ ကုကျန်ယဲ့ကို ဘယ်လိုမဟာစွမ်းအားရှင်မှန်း သိချင်နေကြသည်။
ကုကျန်ယဲ့သည် မဟာစွမ်းအားရှင်တစ်ယောက် ခန္ဓာကိုယ်အသစ်တစ်ခုကို ပူးကပ်ထားခြင်းမဟုတ်ကြောင်း တိုင်ပုဖန် အထပ်ထပ်ရှင်းပြခဲ့သည်။ ထိုသို့ရှင်းပြလိုက်မှ စုံစမ်းသည့်လူများက သူတို့ခန့်မှန်းချက်မှန်ပြီဟု ပိုယုံကြည်သွားသည်။ စေ့စပ်ကြောင်းလမ်းမှုများ လုပ်လာသည်။
....
ဗုဒ္ဓနိုင်ငံ၊ ခိုင်ဟွမ်ဘုံကျောင်း၊ ဧည့်သည်ဆောင်။
လုယန် အသက်ပြန်ဝင်လာသည်။ ခေါင်းထဲတွင် ငြီးစီစီဖြစ်နေသည်။ သေဟန်ဆောင်ပညာကို ထပ်တလဲလဲသုံးခဲ့ရသဖြင့် ဝိညာဉ်စွမ်းအား အတော်လေးကုန်သွားသည်။
"ဂိုဏ်းကို သတင်းပို့ပြီးပြီလား။ ဒါက ဘာမှော်ပညာလဲ"
မုန်ကျင်းကျိုးကမေးသည်။
လုယန်က ဝင့်ကြွားစွာပြုံး၍
"မသေမျိုးတစ်ယောက် သင်ထားတဲ့ပညာပါ။ ကျိုးကြောင်းကံကြမ္မာကို တည်ဆောက်တဲ့ သေခြင်းရှင်ခြင်းကို လွန်မြောက်တဲ့ ရှေးဟောင်းမဟာနတ်စွမ်းအားပညာပေါ့။ 'ကောင်းကင်ကိုလှည့်စားခြင်း'ပညာလို့ခေါ်တယ်"
"အဲလောက်တောင်စွမ်းအားကြီးတယ်ပေါ့"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ထိုပညာမျိုး တစ်ခါမှမကြားဖူးသော်လည်း နာမည်ကပင် စွမ်းအားကြီးကြောင်း သိသာနေသည်။
ထိုမှော်ပညာ၏ ပုံမှန်ထက်လွန်ကဲ့သည့်စွမ်းအားကြောင့် တားမြစ်ပညာအဖြစ်သတ်မှတ်ခဲ့သဖြင့် အချိန်စီးကြောင်းထဲတွင် ပျောက်ကွယ်ခဲ့ခြင်းဖြစ်မည်။
သူတို့နှစ်ယောက် ကိုယ်တော်တွမ်ချန်း၏ အိမ်တော်သို့သွားသည်။
"ကိုယ်တော်၊ ကျုပ်တို့ဂိုဏ်းကို သတင်းပို့လိုက်ပါပြီ"
"ဘယ်လို...ပို့တောင်ပို့လိုက်ပြီလား"
တွမ်ချန်း တစ်ဝက်သာရေးရသေးသည့်စာကို ပြန်ငုံ့ကြည့်သည်။
စာရေး၍ပင်မပြီးသေး။ အနောက်ပိုင်းမိုးပျံဘုံကျောင်းသို့ပို့ဖို့ ဆယ်ရက်ကျော်ကြာမည်။
"ကျုပ်တို့မှာ လျှို့ဝှက်ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်"
တွမ်ချန်း တွေးသည်။ မသေမျိုးဂိုဏ်းတပည့်များ တကယ်ပီသသည်။ သူ့လိုနုံနဲ့သည့်နောက်ခံနှင့် ယှဉ်တွေး၍ရမည်မဟုတ်။
"ဒါဆိုအခုလာတာ ဘာကိစ္စလဲ"
"ခုနက မေ့ပျောက်ဆေးအကြောင်း ကိုယ်တော်ပြောခဲ့တယ်လေ။ အရိပ်သရဲနဲ့ သရဲကိုယ်တော် လူတွေကိုဆေးခတ်ခဲ့တယ်လို့ ပြောတယ်မဟုတ်လား။ အဒီ့မေ့ပျောက်ဆေးကို ကျုပ်တို့ကြည့်ချင်လို့ပါ"
ခံစားချက်ပျောက်စေသည့် ထိုဆေးအကြောင်း စကြားကတည်းက သူတို့စိတ်ဝင်စားခဲ့သည်။
"သရဲနှစ်ယောက်ရဲ့ ခြေကုတ်စခန်းကို ကျုပ်လူတွေလွှတ်ထားတယ်။ အဲဒီမှာ မေ့ပျောက်ဆေးနည်းနည်းတော့ ကျန်ပါလိမ့်မယ်။ ဒီစာလေးရေးပြီးတဲ့အထိ စောင့်ပေးပါ။ ကျုပ်ခင်ဗျားတို့ကို လိုက်ပို့ပါ့မယ်"
"ကျေးဇူးတင်ပါတယ်ကိုယ်တော်"
"သရဲနှစ်ယောက်က အတော့်ကို သတိထားကြတဲ့သူတွေပါ။ နှလုံးမဲ့ဂိုဏ်းကပေးထားတဲ့ တာဝန်တွေအကြောင်း ရိပ်မိမှာစိုးလို့ နောက်လိုက်လုံးဝမထားဘူး။ ကိုယ်တိုင်ပဲ လှုပ်ရှားခဲ့တာ"
တွမ်ချန်းက ခြေကုတ်စခန်းသို့သွားရင်း သရဲနှစ်ကောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်ပြောပြသည်။
"ဒီနေရာပဲ"
တွမ်ချန်းက မြစ်တစ်ခုဆီခေါ်သွားသည်။ ထိုမြစ်ကို 'တူးမြောင်း'ဟု အများသိကြသည်။ ခိုင်ဟွမ်မြို့ကို ဖြတ်သန်းစီးဆင်းနေသည်။ မြို့ခံတို့အတွက် လိုအပ်သည့်ရေကိုပေးသည်။
ခိုင်ဟွမ်ဘုံကျောင်း၏ ဂရုတစိုက်ထိန်းသိမ်းမှုကြောင့် တူးမြောင်းရေက ကြည်လင်နေသည်။
ကိုယ်တော်တွမ်ချမ်း ထိုမြစ်ကိုပြောင်းရွေ့လာပြီးနောက် သိပ်မကြာမီ ပြဿနာတက်ခဲ့သည်။ မြို့ခံများက အမှိုက်သရိုက်များ မြစ်ထဲသို့စွန့်ပစ်သည်။ ရေကညစ်ညမ်းသွားသည်။ သောက်ဖို့အဆင်မပြေတော့။ ထို့ကြောင့် မြစ်ရေသန့်ရှင်းအောင်ထိန်းသိမ်းဖို့ အဖွဲ့တစ်ခုဖွဲ့၍ တာဝန်ပေးခဲ့ရသည်။
"သူတို့စခန်းက တူးမြောင်းအောက်ခြေမှာပါ"
သုံးယောက်သား မြစ်ထဲသို့ခုန်ဆင်းသည်။ အောက်ခြေသို့ ကူးခတ်သွားသည်။ မြစ်ကြမ်းပြင်တွင် တွင်းပေါက်တစ်ခုရှိနေသည်။ ခိုင်ဟွမ်ကိုယ်တော်များက ရွှံ့နွံများ နုံးများကိုရှင်း၍ အတော်နက်နက်အထိ တူးထားသည်။ အောက်ဘက်မှစခန်းကို မြင်နေရသည်။
ပါးလွှာသည့် အလင်းပေါက်ရေလွှာတစ်ခု တူးမြောင်းနှင့် စခန်းကြားတွင် ရှိနေသည်။ မြစ်ရေစိမ့်မဝင်နိုင်အောင် ကာကွယ်ထားသည်။
ရေလွှာကိုဖြတ်၍ စခန်းထဲသို့ ဝင်ကြသည်။
စခန်းထဲတွင် ခိုင်ဟွမ်ကိုယ်တော်များက သိမ်းယူထားသည့်ပစ္စည်းများကို စာရင်းပြုစုနေသည်။ ဝိညာည်ကျောက်များကို သေတ္တာတစ်ခုပြီးတစ်ခုထည့်၍ မှော်လက်စွပ်ထဲ သိမ်းဆည်းနေကြသည်။
တွမ်ချန်းက ခေါင်းဆောင်ကိုယ်တော်ကို လှမ်းခေါ်ပြီး စကားနည်းနည်းပြောသည်။ ထိုကိုယ်တော်က ဆေးပုလင်းတစ်ချို့သွားယူလာသည်။
"မေ့ပျောက်ဆေးဆိုတာ ဒါပဲ"
တွမ်ချန်း အဖြူရောင်ဆေးလုံးတစ်ချို့ လက်ဝါးထဲသို့ သွန်ချသည်။ သာမန်ဆေးလုံးပုံစံသာဖြစ်သည်။
"သရဲနှစ်ယောက်ရဲ့ မှတ်ဉာဏ်အရ ဆေးတစ်လုံးသောက်ရင် လူတစ်ယောက်ဟာ သုံးနှစ်ကနေ ငါးနှစ်အထိ ခံစားချက်တွေ ပျောက်သွားတယ်။ ဒါက သေမျိုးတွေအပေါ်သက်ရောက်တဲ့ အာနိသင်ပေါ်။ ကျင့်ကြံသူတွေကျတော့ ကျင့်စဉ်အဆင့်မြင့်လေ ခံစားချက်ပျောက်တဲ့အချိန်တိုလေပဲ"
"အံ့ဩစရာပဲ"
လုယန်ခေါင်းငြိမ့်၍ သုံးသပ်သည်။
"အရင်က နှလုံးမဲ့ဂိုဏ်းအကြီးအကဲတွေကို ကျူပ်တို့မှတ်ဉာဏ်ရှာဖွေခဲ့ဖူးတယ်။ မေ့ပျောက်ဆေးအကြောင်း ဘာမှမတွေ့ရဘူး။ ဒီမေ့ပျောက်ဆေးကို ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကမှ တီထွင်ခဲ့တာဖြစ်မယ်။ ဒါကြောင့်လည်း ဆေးအာနိသင်စမ်းသပ်ဖို့ လူဖြန့်ထားတာ"
ထိုသို့ပြောပြီးနောက် လုဘန် ဆေးတစ်လုံး ချက်ချင်းမျိုချလိုက်သည်။ လောကကြီးထဲမှအရာအားလုံး အဓိပ္ပါယ်မရှိသလို ခံစားလာရသည်။ သို့သော် သူ့စိတ်များက အရင်ထက် ပိုကြည်လင်ရှင်းလင်းလာသည်။
ခဏအကြာတွင် ဆေးအာနိသင်ပြယ်သွားသည်။ ခံစားချက်များ ပြန်ပေါ်လာပြီး ပုံမှန်ပြန်ဖြစ်သွားသည်။
"လူတွေအများကြီး ဒီဆေးသောက်မိပြီး ဘုန်းကြီးဖြစ်လာတာ မဆန်းတော့ပါဘူး။ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ"
မုန်ကျင်းကျိုးလည်း ဆေးတစ်လုံးသောက်သည်။ မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျုံ့သွားသည်။ ခန္ဓာကိုယ် တုန်ခါလာသည်။ မကြုံဖူးသည့် စိတ်အေးချမ်းကြည်လင်မှုကို ခံစားရသည်။
ခဏအကြာတွင် ဆေးဓာတ်ပြယ်သွားသည်။
"ဘာလို့ မင်းကျမှ သက်ရောက်မှုက အဲလောက်ပြင်းထန်နေတာလဲ"
မုန်ကျင်းကျိုး ပြုံးနေသည်။ မေ့ပျောက်ဆေးကို ရတနာတစ်ခုလို ကြည့်နေသည်။
"သိပ်ကောင်းတဲ့ဆေးပဲ။ နေစွမ်းအင်တိုးလာကတည်းက ငါ့တစ်ကိုယ်တော်ဝိညာည်မြစ် မငြိမ်မသက်ဖြစ်နေခဲ့တာ။ ငါ့ဝိညာဉ်စွမ်းအားတစ်ချို့ကိုခွဲထုတ်ပြီး ဆန္ဒစိတ်တွေကိုထိန်းချုပ်ထားရတယ်"
ပြောရင်းပြောရင်း သူပို၍စိတ်အားတက်ကြွလာသည်။
"ခုနက ဆေးသောက်လိုက်တော့ စိတ်ဆန္ဒတွေ ပျောက်သွားတယ်။ ဝိညာဉ်စွမ်းအားလည်း တည်ငြိမ်လာတယ်။ ခန္ဓာကိုယ်ကလည်း မယုံနိုင်လောက်အောင် အခြေအနေကောင်းလာတယ်"
မေ့ပျောက်ဆေးသောက်ပြီးနောက် သူ့တိုက်ခိုက်စွမ်းအား ထိုးတက်လာသည်ကို သူခံစားမိသည်။
လုယန်ခဏစဉ်းစားသည်။ မုန်ကျင်းကျိုးပြောသည့်အခြေအနေကို ကောင်းစွာနားလည်လာသည်။
"ပန်းသေသွားတာမျိုးလား"
မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။
"ပန်းသေမှာကမင်းကွ...အဲ..နေဦး၊ ဒါက စာအုပ်တွေထဲမှာပြောထားသလိုပေါ့။ အချစ်စိတ်နိုးကြားတဲ့ညတစ်ညကို ဖြတ်သန်းပြီးတဲ့ အခြေအနေမျိုးပါ။ မင်းဘယ်လိုပဲပြောပြောပါ။ ဒီဆေးက ကောင်းတာတော့သေချာတယ်"
မုန်ကျင်းကျိုး ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်သည်။ ဘေးထွက်ဆိုးကျိုး ဘာမှမရှိ။
"နှလုံးမဲ့ဂိုဏ်းက လူသားဆန်တဲ့ပစ္စည်းတွေလည်း တီထွင်ရကောင်းမှန်း သိသေးသားပဲ"
"ဒီမေ့ပျောက်ဆေးကတော့ တကယ်ကောင်းပါတယ်"
လုယန် ခေါင်းငြိမ့်သည်။ မုန်ကျင်းကျိုးလို ယန်ဓာတ်ပြင်းထန်သူအတွက် မဆိုထားနှင့်။ ပုံမှန်လူများအတွက်ပင် ထိုဆေးက တကယ်တန်ဖိုးရှိလှသည်။
"ဆေးတစ်လုံးက သေမျိုးတွေကို သုံးနှစ်ကနေ ငါးနှစ်အထိ ခံစားချက်ပျောက်အောင် လုပ်နိုင်တယ်ဆိုတော့ ဆေးမှုန့်နည်းနည်းလေးခြစ်ယူပြီးသောက်ရင် နာရီပိုင်းလောက်တော့ ခံစားချက်ပျောက်နေမယ့်သဘောပဲ။
ခံစားချက်ပျောက်နေတဲ့အချိန်မှာ ဝိညာဉ်စွမ်းအားက ပြည့်ဝနေတယ်။ ပုံမှန်ထက် တွေးခေါ်နိုင်စွမ်း အားကောင်းလာတယ်။ နန်းမြို့တော်စာမေးပွဲလို စာမေးပွဲတွေမှာသာ ဒါကိုသုံးရင် သင်္ချာပုစ္ဆာတွေမဖြေနိုင်လို့ စိတ်ပူပန်ရတာမျိုးတွေ ရှိတော့မှာဟုတ်ဘူး။
စွမ်းဆောင်ရည်လည်း မြင့်လာမယ်။ တွက်ချက်သုံးသပ်နိုင်စွမ်းလည်း တိုးလာမယ်ထင်တယ်။ နောက်ပြီး...အသဲကွဲတာကို ကုသတဲ့ဆေးမျိုးတွေဖော်စပ်ရင်လည်း ထိရောက်မှုရှိလောက်တယ်"
*********************************