← Chapters

အခန်း (၂၈၈-၂၈၉)

Vol. 20 Ch. 288-289

အခန်း (၂၈၈-၂၈၉)

Vol. 20 Ch. 288-289

အပိုင်း (၂၈၈) - ရေတံခွန်နောက်ကွယ်မှ ရင်းနှီးနေသော မြင်ကွင်း (၂)

အင်း... နံရံတွေ အက်ကွဲလာတာနဲ့အမျှ ဆားတွင်းဝင်ပေါက်က ပိတ်သွားမှာဆိုတော့ ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူးပဲ။

ရွှီရှင်းသည် မည်သည့်အမှတ်အသားမျှမရှိဘဲ ပြောင်ချောနေသည့် သံမဏိနံရံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိချောင်းယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒီမှာ အကြာကြီးနေဖို့ မကောင်းဘူးထင်တယ်၊ မဟုတ်ရင် အရင်တစ်ခါလိုမျိုး အထဲမှာ ထပ်ပြီး ပိတ်မိနေဦးမယ်။ ငါတို့ အပြင်ကို မြန်မြန်ထွက်ပြီး အရင်းအမြစ်တွေကို အရင်သွားသိမ်းကြရအောင်"

"ကောင်းပြီလေ"

လူသားနှစ်ဦးနှင့် သားရဲနှစ်ကောင်သည် ပွင့်နေသော တံခါးပေါက်မှတစ်ဆင့် ကန်ထဲသို့ ပြန်လည်ခုန်ဆင်းလိုက်ကြပြီး ကန်ဘေးရှိ မြက်ခင်းပြင်ဆီသို့ ပြန်လည်ကူးခတ်လာခဲ့ကြသည်။

"ဒီပစ္စည်းတွေ အကုန်လုံးကို ငါတို့ သယ်သွားကြမှာလား"

ရွှီရှင်းက ပတ်ဝန်းကျင်ရှိ ပန်းများနှင့် သစ်ပင်များကို ဝေ့ကြည့်ရင်း မေးလိုက်၏။

"ယူသွားသင့်တာပေါ့"

ကျိချောင်းယန်က အနည်းငယ် ပြုံးလျက် ပြန်ဖြေသည်။

"ဒီနေရာက တကယ့်ကို ရတနာသိုက်ပဲဟ"

ပထမဆုံးအနေဖြင့် သူတို့သည် ညောင်ပင်ကို စတင်ကိုင်တွယ်ကြသည်။

ညောင်ပင်ကြီးမှာ အလွန်ကြီးမားပြီး လေးလံလှသဖြင့် ကျောပိုးအိတ်၏ အလေးချိန်လျှော့ချနိုင်စွမ်းရှိလင့်ကစား သူတို့ သယ်ဆောင်နိုင်မည့် အနေအထားမဟုတ်ပေ။

ထို့ကြောင့် ၎င်းကို ခုတ်လှဲရန်သာ ဆုံးဖြတ်လိုက်ကြ၏။

၎င်းကို မခုတ်လှဲမီ ဤညောင်ပင်နှစ်ပင်တွင် ထူးခြားမှု ရှိ၊ မရှိ သူတို့ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးကြသည်။

ရွှီရှင်းက ခဲခဲလေးကိုပင် သစ်ပင်ပေါ်သို့ တက်ခိုင်းကာ အပင်အုပ်အတွင်းပိုင်းကို စစ်ဆေးခိုင်းလိုက်သေး၏။

"အီးးး"

စက္ကန့်အနည်းငယ်အကြာတွင် ခဲခဲလေးသည် သစ်ပင်ပေါ်မှ ရွှီရှင်း၏ ရင်ခွင်ထဲသို့ ပြန်လည်ခုန်ဆင်းလာခဲ့သည်။

ကြည့်ရသည်မှာ ဤညောင်ပင်၏ ထူးခြားသော အစွမ်းသတ္တိများ ပေါ်ထွက်လာစေရန်အတွက် သစ်ပင်အိမ်ဘေးတွင် ပြန်လည်စိုက်ပျိုးရန် လိုအပ်ပုံရပေသည်။

"ဝုန်းးး"

ဧရာမ ညောင်ပင်ကြီးသည် ခုတ်လှဲခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ အသံအကျယ်ကြီးဖြင့် လဲကျသွားပြီး ရွှီရှင်း၏ ကျောပိုးအိတ်ထဲတွင် အပြာရောင်အဆင့် သစ်သားကုန်ကြမ်းများအဖြစ် ရောက်ရှိသွား၏။

ထူးခြားသော သစ်သားမျိုးတော့ ထွက်မလာခဲ့ပေ။

၎င်းမှာ သစ်ပင်အိမ်နှင့် သဘာဝချင်း တူညီလှသည်။

အရင်က ရွှီရှင်း ခုတ်လှဲခဲ့ဖူးသော သစ်ပင်အိမ် ပင်စည်များမှာလည်း သာမန် သစ်သားကုန်ကြမ်းများသာ ထွက်ရှိခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ညောင်ပင်သည် ထင်းရှူးပင်ထက် များစွာကြီးမားသဖြင့် ထင်းရှူးပင်က သစ်သား ၄ တုံး၊ ၅ တုံးခန့်သာ ထွက်ရှိသော်လည်း ညောင်ပင်မှမူ အပြာရောင်အဆင့် သစ်သား ၁၀ တုံးခန့်အထိ ထွက်ရှိရာ နှစ်ဆနီးပါး ပိုများလှပေသည်။

ရွှီရှင်းသည် ပေါက်ပြားကို ထုတ်ယူကာ ညောင်ပင်မျိုးစေ့များကို တူးဖော်လိုက်၏။

[ညောင်ပင်မျိုးစေ့: မြေဆီလွှာကောင်းမွန်သော (အပြာရောင်အဆင့်) သို့မဟုတ် ထိုထက်မြင့်သော မြေတွင် စိုက်ပျိုးပါ။ ဤအပင်တွင် ဆန်းကြယ်သော စွမ်းအားများ ကိန်းအောင်းနေသဖြင့် သစ်ပင်အိမ်၏ မီတာတစ်ရာ ပတ်လည်အတွင်း၌သာ စိုက်ပျိုးရန် မမေ့ပါနှင့်]

ညောင်ပင်ကို အပြာရောင်အဆင့် မြေဆီလွှာမှာပဲ စိုက်လို့ရတာလား...။

ဒါက သစ်ပင်အိမ်မျိုးစေ့တွေနဲ့တော့ ကွာခြားလှသည်။

သစ်ပင်အိမ်မျိုးစေ့များကို မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးနိုင်သော်လည်း ပေါက်လာမည့် အပင်အမျိုးအစားကသာ ကွာခြားသွားခြင်း ဖြစ်သည်။

၎င်းအပြင် သစ်ပင်အိမ်မျိုးစေ့များသည် မြေဆီလွှာ၏ အစွမ်းထက်ဆုံး အာနိသင်ကို အသုံးပြုနိုင်ကြသည်။

အဖြူရောင်အဆင့်မြေတွင် အစိမ်းရောင် သစ်ပင်အိမ်အဖြစ် ၁၀၀ ရာခိုင်နှုန်း ပေါက်ရောက်နိုင်သလို၊ အစိမ်းရောင်မြေတွင် အပြာရောင်အဆင့်နှင့် အပြာရောင်မြေတွင်မူ ခရမ်းရောင်အဆင့် သုံးထပ်ပါ သစ်ပင်အိမ်ကြီးများအဖြစ် ပေါက်ရောက်နိုင်ကြသည်။

သို့သော် ဤညောင်ပင်မျိုးစေ့မှာမူ သာမန်မျိုးစေ့တစ်ခုကဲ့သို့ပင် ဖြစ်ပုံ၏။

အပြာရောင်မြေတွင် စိုက်မှသာ အပြာရောင်အဆင့် ညောင်ပင်အဖြစ် ပေါက်ရောက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဤနေရာရှိ ညောင်ပင်နှစ်ပင်မှာလည်း အပြာရောင်မြေပေါ်တွင် ပေါက်နေကြသဖြင့် အပြာရောင်အဆင့် ညောင်ပင်များ ဖြစ်နေကြခြင်း ဖြစ်သည်။

မျိုးစေ့များကို သိမ်းဆည်းပြီးနောက် ရွှီရှင်းသည် ကန်အောက်ခြေသို့ တစ်ခေါက်ပြန်ငုပ်ကာ အပြာရောင်နှင့် အစိမ်းရောင် ပုံဆောင်ခဲ အားလုံးကို ဆယ်ယူရန် ဆုံးဖြတ်လိုက်သည်။

"မင်း သွားလိုက်လေ၊ ငါ ဒီပန်းတွေကို သိမ်းထားလိုက်မယ်"

ကျိချောင်းယန်က ရွှီရှင်းကို ခေါင်းညိတ်ပြသည်။

"ကောင်းပြီ"

ရွှီရှင်းသည် ကန်ဘေးသို့သွားကာ ရေအောက်တွင် အသက်ရှူနိုင်စေသည့် ပင်လယ်ရေမှော်တစ်ခုကို စားသုံးလိုက်ပြီးနောက် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားခဲ့သည်။

သူသည် ကန်အောက်ခြေသို့ တဖြည်းဖြည်းချင်း ဆင်းသွားခဲ့၏။

ကျန်ရှိနေသော ပုံဆောင်ခဲများကို သိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ မျက်လုံးထောင့်မှနေ၍ သွေးအရောင် အကွက်ကြီးတစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

သွေးရောင်လား..။

သူ၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားပြီး ထိုအရောင်ရှိရာဘက်သို့ အမြန်လှည့်ကြည့်လိုက်မိသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်သွားရပြီး ရေအောက်မှာပင် အသက်ရှူမှားလုနီးပါး ဖြစ်သွားကာ အပေါ်သို့ ချက်ချင်း ပြန်တက်ရန် ပြင်လိုက်တော့သည်။

မှောင်ရိပ်သန်းနေသော မြစ်ဝင်ပေါက် အောက်ခြေတစ်ဝိုက်တွင် စောစောက သူတို့ ကြုံတွေ့ခဲ့ရသော ဧရာမ အသားစားငါး အုပ်စုကြီးမှာ လှည့်ပတ်ကူးခတ်နေကြခြင်း ဖြစ်ပေသည်။

အချို့ငါးများသည် ရွှီရှင်းကို သတိထားမိသွားကြပြီး သွေးရောင်မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေကြ၏။

သူတို့၏ ပါးစပ်များကို ဟထားသဖြင့် မညီမညာ စီတန်းနေသော ထက်မြက်လှသည့် သွားတန်းကြီးများကို အထင်အသား မြင်နေရသည်။

ဒါဟာ သူတစ်ယောက်တည်း ကိုင်တွယ်နိုင်မည့် အနေအထား မဟုတ်ပေ။

တစ်ကောင်ချင်းစီဆိုလျှင်တော့ ဖြစ်နိုင်သော်လည်း၊ အခု မြင်နေရသည်မှာ အကောင် ၄၀၊ ၅၀ ခန့်ရှိသော အသားစားငါးအုပ်ကြီး ဖြစ်သည်။

ဤမျှကြီးမားသော ငါးအုပ်စုနှင့် ရေအောက်တွင် ရင်ဆိုင်ရခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူပင်။

သို့သော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်၏။

ရေပေါ်သို့ အရမ်းမြန်မြန် တက်လိုက်ပါက သူ၏ ကိုယ်ခန္ဓာကို ထိခိုက်နိုင်သဖြင့် သူ ခေတ္တမျှ တွေဝေသွားခဲ့သည်။

ထိုသို့ တွေဝေနေစဉ်မှာပင် တစ်မီတာခန့် ရှည်လျားသော သွေးရောင် အသားစားငါးကြီးများသည် ဤကန်အတွင်းသို့ ဝင်ရောက်ရန် ဝန်လေးနေကြသည်ကို သူ သတိပြုမိလိုက်သည်။

ကန်အတွင်း၌ အရောင်စုံ ငါးကလေးများစွာမှာ အေးဆေးစွာ ကူးခတ်နေကြပြီး အချို့မှာ အတော်လေးပင် ကြီးမားနေကြသော်လည်း၊ အသားစားငါးများမှာမူ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ ဖြူဖွေးသောအလင်းတန်းဖျော့ဖျော့ရှိသည့် နေရာအစပ်တွင်သာ ရပ်တန့်နေကြပြီး ဤဘက်သို့ စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

ဒီငါးတွေက အဖြူရောင်အလင်းတန်းကို ကြောက်နေကြတာလား။

ရွှီရှင်းသည် အပေါ်သို့ ချက်ချင်း ပြန်မတက်တော့ဘဲ၊ အသားစားငါးများ၏ အပြုအမူကို အကဲခတ်ရင်း ကန်အောက်ခြေက ပုံဆောင်ခဲများကို ဆက်လက်ကောက်ယူနေလိုက်သည်။

ကန်အောက်ခြေတွင် ပုံဆောင်ခဲများသာမက ကျောက်တုံးများလည်း ရှိနေပြီး အပြာရောင်အဆင့် ကျောက်တုံးများမှာလည်း အလွန်ပေါများလှသည်။

လီဝမ်ရှီးတွင် ထိုကျောက်တုံးများစွာ ရှိနေသော်လည်း "ဘာမှ အလဟဿ အဖြစ်မခံ" ဆိုသည့် သူ၏ မူဝါဒအတိုင်း အစိမ်းရောင်၊ အပြာရောင် ပုံဆောင်ခဲများနှင့် အပြာရောင် ကျောက်တုံးအားလုံးကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်တော့သည်။

စောစောက သူကောက်ထားသည်များနှင့် ပေါင်းလိုက်လျှင် ကန်အောက်ခြေမှ ခရမ်းရောင်အဆင့် ပုံဆောင်ခဲ ၁ လုံး၊ အပြာရောင်အဆင့် ပုံဆောင်ခဲ ၂၄ လုံးနှင့် အပြာရောင် ကျောက်တုံး အမြောက်အမြား ရရှိခဲ့၏။

အစိမ်းရောင်အဆင့် ပုံဆောင်ခဲများမှာမူ အနည်းဆုံး တစ်ရာခန့် ရှိနေပြီး ရွှီရှင်းက ၎င်းတို့ကိုလည်း အကုန်သယ်သွားခဲ့၏။

သူကိုယ်တိုင်အတွက် အခုလောလောဆယ် မလိုအပ်သော်လည်း စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များနှင့် နယ်မြေ ၁၈၈ ရှိ အခြားသူများအတွက်တော့ ဒါတွေဟာ အရမ်းအသုံးဝင်သည် မဟုတ်ပါလား။

ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ဘယ်လောက်ရှိရှိ မလုံလောက်နိုင်ပေ။

အရင်းအမြစ်အားလုံးကို သူ သိမ်းဆည်းပြီးချိန်အထိ အသားစားငါးများမှာ သူ့ကိုသာ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။

ငါးအားလုံးမှာ သူတို့၏ ထက်မြက်လှသော သွားများကို ပြသလျက် ပါးစပ်များကို အနည်းငယ် ဟထားကြပြီး၊ သွေးရောင်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြခြင်းမှာ တကယ်ကို ကျောချမ်းစရာ ကောင်းလှပေသည်။

သို့သော်လည်း သူတို့သည် အနားသို့ တိုးမလာကြသေးပေ။

ထိုစဉ် အသားစားငါးတစ်ကောင်သည် ရှေ့သို့ မီတာအနည်းငယ်မျှ အလျင်အမြန် ကူးလာပြီးနောက် ဘာကို ကြောက်သွားသည်မသိဘဲ အသည်းအသန် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ကြည့်ရသည်မှာ တစ်ခုခုကြောင့် ဒဏ်ရာရသွားသလား သို့မဟုတ် အလွန်အမင်း ကြောက်လန့်သွားသလား မသိရပေ၊ ၎င်း ဆုတ်ခွာသွားသည့် အရှိန်မှာ ရှေ့သို့ တိုးလာသည့် အရှိန်ထက် အဆပေါင်းများစွာ ပိုမြန်နေ၏။

အသားစားငါးအုပ်စု၏ သဘာဝမှာ တစ်ကောင်က စတင်လုပ်ဆောင်လိုက်လျှင် ကျန်သည့်ငါးများကလည်း လိုက်ပါလုပ်ဆောင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီရှင်းသည် အလွန်ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့၏။

ငါးအားလုံးမှာ ပထမတစ်ကောင်နောက်သို့ လိုက်၍ ရှေ့သို့ မီတာအနည်းငယ် တိုးလာကြပြီးနောက်၊ တစ်ခုခုကို ပြိုင်တူ သတိပြုမိသွားကြကာ အနောက်သို့ အလုအယက် ပြန်ဆုတ်သွားကြခြင်းပင်။

သို့သော် ငါးအုပ်စုမှာ အရေအတွက် များပြားလှသလို တစ်ကောင်ချင်းစီ၏ အရွယ်အစားမှာလည်း ကြီးမားလှသဖြင့်၊ အနောက်သို့ ဆုတ်သည့်ငါးများနှင့် ရှေ့သို့ တက်လာသည့်ငါးများမှာ တစ်ကောင်နှင့်တစ်ကောင် တိုက်မိကြပြီး မှောင်ရိပ်ရှိရာဘက်သို့ အချိန်မီ ပြန်မရောက်နိုင်ဘဲ ဖြစ်နေကြရသည်။

ရုတ်တရက် အသားစားငါးများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ရေအောက်က နုန်းမြေများ ထလာသဖြင့် ရေနက်ပိုင်းတစ်ခုလုံးမှာ နောက်ကျိသွားကာ ဘာမှမမြင်ရတော့ပေ။

ရွှီရှင်းကတော့ အပေါ်ကို အလောတကြီး မတက်သေးဘဲ ဒီပြဇာတ်ကြီးရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေလိုက်သည်။

ခဏအကြာတွင် ရေအောက်မှာ ပြန်လည်ငြိမ်သက်သွားပြီး နောက်နေသော ရေများမှာလည်း တဖြည်းဖြည်း ကြည်လင်လာခဲ့၏။

မူလက အသားစားငါးအုပ်စုမှာ ဤနေရာသို့ မချဉ်းကပ်ဝံ့တော့ဘဲ အဝေးတစ်နေရာသို့ ကူးခတ်သွားကြပြီ ဖြစ်သော်လည်း၊ ရွှီရှင်းကိုတော့ လှမ်း၍ စိုက်ကြည့်နေကြဆဲပင်။

အဖြူရောင်အလင်းတန်းများ ဖြာကျနေသော ကန်အောက်ခြေတွင်မူ အသားစားငါး ၈ ကောင်မှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေကြသည်။

ကြည့်ရသည်မှာ သေသွားကြပုံရ၏။

တကယ်လားဟ။

ဒီဖြူဖွေးတဲ့ အလင်းတန်းနဲ့ ထိတွေ့မိရုံနဲ့တင် သူတို့ သေသွားကြတာလား။

ဒီကျိုးပဲ့နေတဲ့ ရတနာပုလဲ အပိုင်းအစက တကယ်တော့ ဘာကြီးများလဲ...။

အခန်း ၂၈၈ ပြီး။

အပိုင်း (၂၈၉) - သူတို့ရဲ့ အသံတွေကို ကြားနေရပြီ

ဆားတွင်းဂူအတွင်း၌...

"မမရွှယ်ဖေး၊ ခုနက မမကြားလိုက်တဲ့ ငွေရောင်ဘုရင်ရဲ့ အော်သံက ဂူထဲကနေ လာတာ သေချာရဲ့လား။"

လီဝမ်ရှီးသည် ဂူအတွင်းကို တစ်ပတ်ပတ်ပြီးပြီ ဖြစ်သည်။

ချီရွှယ်ဖေးက တားမြစ်နေသော်လည်း သူမသည် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ ပျောက်ကွယ်မသွားမီက နောက်ဆုံးထိတွေ့ခဲ့သော နံရံကို လိုက်လံစမ်းသပ်နေ၏။

သို့သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။

ချီရွှယ်ဖေးက ထိုအသံကို ပြန်လည်စဉ်းစားကြည့်ရင်း - "အခုမှ ပြောတော့လည်း... မဟုတ်ဘူး၊ အဲဒါ ဂူထဲကနေ လာတာ သေချာတယ်။ အသံက သဲ့သဲ့လေးနဲ့ ဖမ်းရခက်နေပေမဲ့ ဂူအတွင်းပိုင်းကနေ ထွက်လာတာပါ" ဟု ဆိုသည်။

"ဒါပေမဲ့..."

လီဝမ်ရှီးသည် သူမရှေ့က ကျောက်နံရံကို စိုက်ကြည့်နေမိ၏။

သူမစိတ်ထဲတွင် ရွှီရှင်းတို့သည် ဤနံရံ၏ အခြားတစ်ဖက်မှာတင် ရှိနေသည်ဟု ခံစားနေရသဖြင့် ပေါက်ကွဲမြှားဖြင့် ဤနံရံကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် ပစ်ခွဲပစ်ချင်သည့် စိတ်ဆန္ဒများ ပြင်းပြနေချေပြီ။

အကယ်၍ သူမ တစ်ယောက်တည်းသာဆိုလျှင် တကယ်ပဲ လုပ်မိပေလိမ့်မည်။

သို့သော် ချီရွှယ်ဖေး ပါနေသလို ဤသို့လုပ်ခြင်းက ရွှီရှင်းတို့ကို ထိခိုက်မလားဆိုသည်ကို မသေချာသဖြင့် သူမ တွေဝေနေမိခြင်း ဖြစ်ပေ၏။

ထိုခဏ၌ ကျောက်နံရံ၏ တစ်ဖက်မှနေ၍ ဝေဝါးလှသော အသံအချို့ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟင်"

လီဝမ်ရှီး မျက်လုံးများ ပြူးသွားရ၏။

"မမရွှယ်ဖေး... တစ်ခုခု ကြားလိုက်လား"

"အဲဒါ... အသံတွေလား။ လူသံတွေလား"

ချီရွှယ်ဖေးသည်လည်း အမြန်ရှေ့တိုးလာပြီး သေသေချာချာ နားစွင့်လိုက်သည်။

အသံများမှာ အတော်လေး ဝေဝါးနေသော်လည်း လီဝမ်ရှီးမှာ ဂရုမစိုက်နိုင်တော့ဘဲ နံရံကို နားနှင့်ကပ်၍ အသည်းအသန် နားထောင်တော့သည်။

"...ဒါ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ရဲ့ အသံတွေပဲ သေချာတယ်"

လီဝမ်ရှီးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

"ညီမ သိသားပဲ၊ သူတို့တွေ ဒီနံရံရဲ့ အနောက်မှာ ရှိနေတာ"

ချီရွှယ်ဖေးက လီဝမ်ရှီးကို နံရံနှင့်ဝေးရာသို့ အသာအယာ ဆွဲထုတ်လိုက်ရင်း - "နင်ကတော့လေ... နံရံကို နားနဲ့ကပ်ရဲသေးတယ်ပေါ့။ နင်ပါ ပျောက်သွားချင်လို့လား" ဟု ငေါ့တော့တော့ ပြောလိုက်ရှာသည်။

"ဟီးဟီး... ပျော်သွားလို့ပါ မမရွှယ်ဖေးရဲ့"

သူတို့၏ အသံကို ကြားလိုက်ရသဖြင့် သူတို့ လောလောဆယ် ဘေးကင်းနေမှန်း သိသွားရာ လီဝမ်ရှီးမှာ စိတ်အေးသွားပြီး လေသံမှာလည်း များစွာ ပေါ့ပါးသွားခဲ့ချေပြီ။

ကျောက်နံရံ၏ တစ်ဖက်မှ အသံများသည် တဖြည်းဖြည်း ကြည်လင်လာ၏။

နံရံကို နားနှင့် ကပ်မထားလျှင်ပင် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့မှာ အထင်အရှား ကြားနေရပြီ ဖြစ်သည်။

"မင်း ဘယ်လိုထင်လဲ... ငါတို့ ဒီနံရံကို ဖောက်ကြည့်မယ်ဆိုရင် မူလနေရာကို ပြန်ရောက်သွားနိုင်မလား"

ရွှီရှင်း၏ အသံမှာ အခြားတစ်ဖက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

"ရွှီရှင်းပဲ"

လီဝမ်ရှီးက နံရံကို လှမ်းအော်လိုက်သည်။

"ရွှီရှင်း ငါတို့အသံ ကြားရလား။ ငါတို့ ဒီနံရံရဲ့ အနောက်မှာ ရှိနေတယ်"

သို့သော်လည်း အခြားတစ်ဖက်မှ ထိုနှစ်ယောက်မှာ သူမ၏ အော်သံကို ကြားပုံမရပေ။

"ဖြစ်နိုင်တာပဲ၊ ဒီနားမှာ တခြား အပြင်ထွက်ပေါက်လည်း မရှိတော့တာဆိုတော့ စမ်းကြည့်ရတာ တန်ပါတယ်..."

ဒါကတော့ ကျိချောင်းယန်၏ အသံပင် ဖြစ်သည်။

"သူတို့ တကယ်ပဲ အတူတူ ရှိနေကြတာပဲ"

ချီရွှယ်ဖေးသည်လည်း သူတို့အသံကို ကြားရမှ သက်ပြင်းချနိုင်တော့သည်။

သူမသည်လည်း နံရံဘက်သို့ လှမ်းအော်လိုက်၏။

"ရွှီရှင်း ကျိချောင်းယန် ငါတို့အသံ ကြားရလား"

ရလဒ်မှာမူ အတူတူပင်၊ အခြားတစ်ဖက်မှ လူနှစ်ဦးမှာ ဘာတုံ့ပြန်မှုမှ မရှိဘဲ သူတို့၏ စကားဝိုင်းကိုသာ ဆက်လက် ပြောဆိုနေကြသည်။

နံရံတစ်ဖက်မှ သာမန်စကားပြောသံကို သူတို့က အထင်အရှား ကြားနေရသော်လည်း၊ သူတို့ဘက်မှ အားကုန်ဟစ်အော်သံများကိုမူ ဟိုဘက်က ကြားပုံမရချေ။

"ဒါ ဘာဖြစ်တာလဲ"

လီဝမ်ရှီးမှာ စိတ်ပူလာပြီး ကျောက်နံရံကို လက်ဝါးဖြင့် ရိုက်ကာ - "ဟေး ဟိုဘက်က လူတွေ... ငါတို့အသံ မကြားရဘူးလား။ ဒီနံရံက အသံလုံနေတာလား" ဟု အော်ဟစ်နေမိသည်။

လီဝမ်ရှီးက နံရံကို အကြိမ်ကြိမ် ရိုက်ပုတ်အော်ဟစ်နေသော်လည်း ဘာမှ ထူးမလာခဲ့ပေ။

"...အရင်ဆုံး အပြင်က အရင်းအမြစ်တွေကို အရင် သွားသိမ်းကြတာပေါ့"

ဒါက ရွှီရှင်း၏ အသံပင်။

"ကောင်းပြီလေ" ကျိချောင်းယန်က ပြန်ထူးလိုက်၏။

သူတို့၏ စကားဝိုင်း ဆုံးသွားပြီးနောက် ဝေးကွာသွားသော ခြေသံများကို ကြားလိုက်ရပြီး၊ ခဏအကြာတွင် ဘာအသံမှ မကြားရတော့ဘဲ ပြန်လည် တိတ်ဆိတ်သွားတော့သည်။

"ဟာ သူတို့ ထွက်သွားကြပြီ။ စိတ်တိုလိုက်တာ၊ ဘာလို့ ငါတို့အသံကို မကြားကြတာလဲ"

လီဝမ်ရှီးမှာ စိတ်ပျက်လက်ပျက်ဖြင့် နံရံကို လက်သီးနှင့် ထိုးလိုက်မိသည်။

စောစောက အသည်းအသန် အော်ဟစ်ခဲ့ရသဖြင့် သူမ၏ ပါးပြင်လေးများမှာပင် နီမြန်းနေချေပြီ။

"ဘာလို့ ငါတို့ဘက်ကပဲ ကြားနေရတာလဲ"

"အင်း... သူတို့ ခုနက ခဏနေရင် ပြန်လာမယ်လို့ ပြောသွားတာပဲ၊ ဒါကြောင့် ခဏလောက် ထပ်စောင့်ကြည့်ရအောင်"

ချီရွှယ်ဖေးက တွေးတွေးဆဆဖြင့် အကြံပြုလိုက်၏။

"နောက်တစ်ခါ ပြန်လာလို့မှ အဆင်မပြေရင်တော့ ငါတို့ ဒီနံရံကို ဗုံးခွဲပြီး ဖောက်ကြည့်ရတော့မှာပဲ"

"အင်း ညီမလည်း အဲဒီလိုပဲ စဉ်းစားနေတာ"

လီဝမ်ရှီးက ခေါင်းညိတ်ပြရင်း "သူတို့ ပြန်လာမယ်လို့သာ မပြောရင် ညီမ အခုပဲ ဒီနံရံကို ပစ်ခွဲလိုက်မိမှာ။ မမရွှယ်ဖေး၊ အထဲမှာ အန္တရာယ် ရှိနိုင်တယ်၊ မမက ဂူပေါက်ဝမှာပဲ စောင့်နေနော်၊ ဒီနေရာကိုတော့ ညီမကိုပဲ လွှဲထားလိုက်" ဟု ဆိုသည်။

"ကောင်းပြီလေ၊ ဂူဝမှာ ငါ စောင့်နေပါ့မယ်။ နင်လည်း မလိုအပ်တဲ့ ကိစ္စတွေ လျှောက်မလုပ်နဲ့ဦးနော်၊ ဟုတ်ပြီလား"

ချီရွှယ်ဖေးသည် လီဝမ်ရှီးပါ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမတစ်ယောက်တည်း ကျန်ခဲ့မှာကို တကယ် စိုးရိမ်နေမိခြင်း ဖြစ်၏။

မကြာခင် မှောင်တော့မည် ဖြစ်ရာ ဤနေရာတွင် တစ်ယောက်တည်း နေရသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။

"စိတ်မပူပါနဲ့ မမရွှယ်ဖေးရဲ့၊ သူတို့ ပြန်မလာမချင်းတော့ ညီမ ဘာမှ မလုပ်ပါဘူး"

လီဝမ်ရှီးက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ရှာသည်။

ချီရွှယ်ဖေးသည် ဂူပေါက်ဝသို့ လျှောက်လာခဲ့၏။

အပြင်တွင် မြက်ခြောက်အချို့ကို ဝါးရင်း အေးဆေးစွာ လှဲနေသော မြင်းဖြူကြီးကို မြင်လိုက်ရသောအခါ သူမ သက်ပြင်းချလိုက်မိသည်။

ဒီလူတွေကတော့... အလုပ်တွေ တကယ် လုပ်နိုင်ကြတာပဲ။

လူချင်း ပထမဆုံး စတွေ့တဲ့နေ့မှာတင် သူတို့ကို ဒီအထိ ခေါ်လာပြီးမှ ပျောက်ကွယ်သွားကြတယ်၊ သူတို့ နှစ်ယောက်ကိုတော့ ဒီမှာ ထိုင်စောင့်ခိုင်းထားပြီးတော့လေ တကယ်ပဲ...။

ဒါပေမဲ့လည်း...

အဲ့တာကြောင့်မို့လို့ သူတို့နှစ်ယောက်က နယ်မြေအားလုံးမှာ နံပါတ်တစ်နဲ့ နှစ် ဖြစ်နေကြတာ ဖြစ်ပေလိမ့်မည်။

...

အခြားတစ်ဖက်တွင်မူ...

ရွှီရှင်းသည် သတိကြီးစွာဖြင့် ရှေ့သို့ ကူးခတ်လာခဲ့၏။

ခပ်လှမ်းလှမ်းသို့ ရောက်နေသော အသားစားငါးအုပ်စုမှာ နောက်တစ်ကြိမ် ဂနာမငြိမ် ဖြစ်လာကြသော်လည်း ရွှီရှင်းထံသို့ တိုက်ရိုက် ပြေးဝင်တိုက်ခိုက်ဝံ့သူ တစ်ကောင်မှ မရှိပေ။

ကန်အောက်ခြေတွင် လှုပ်ရှားမှုမရှိ လဲလျောင်းနေသော ပီရန်ညာငါး ရှစ်ကောင်မှာ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရွှီရှင်းသည် ၎င်းတို့ကို သူ၏ ကျောပိုးအိတ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ထိုနေရာမှ ထွက်ခွာခဲ့သည်။

အပေါ်သို့ ကူးတက်လာစဉ်အတွင်း ရွှီရှင်းသည် သူ့ဘေးတွင် ပတ်ချာလည် ကူးခတ်နေသော ငါးကြင်းနီတစ်ကောင်ကို အမှတ်မထင် ဖမ်းယူလိုက်သော်လည်း မည်သည့် သတိပေးချက်မှ တက်မလာခဲ့ပေ။

သူသည် ထိုငါးကို ရေပေါ်သို့ ယူလာပြီး အသားလှီးဓားဖြင့် သတ်လိုက်သည်။

[အထူးငါးကြင်းနီ (အစိမ်းရောင်အဆင့်): အမည်မသိ အင်အားစုတစ်ခု၏ ခဏတာ လွှမ်းမိုးခြင်းကို ခံထားရသော ငါးကြင်းနီဖြစ်သည်။ လက်ရှိတွင် သာမန်ငါးကြင်းတစ်ကောင်နှင့် ဘာမှ မခြားနားပါ။]

ဤအမည်မသိ အင်အားစုဆိုသည်မှာ ဖြူဖွေးသော အလင်းတန်းကို ဆိုလိုခြင်း ဖြစ်ရပေမည်။

ဒါပေမဲ့... ဘာလို့ ခဏတာ လွှမ်းမိုးခံရတာလဲ။

ဒီနေရာတစ်ခုလုံးက ဖြူဖွေးတဲ့ အလင်းတန်းရဲ့ သက်ရောက်မှုကို အမြဲတမ်း ခံနေရတာ မဟုတ်ဘူးလား။

ရွှီရှင်းသည် ထိုငါးကြင်းကို ခွဲစိတ်ကြည့်သော်လည်း တန်ဖိုးရှိသည့်အရာ ဘာမှ မရရှိသဖြင့် ခေါင်းခါယမ်းရင်း ကန်ထဲသို့သာ ပြန်လည် ပစ်ချလိုက်တော့သည်။

သူ၏ ကျောပိုးအိတ်ထဲတွင် သာမန်ငါးကုန်ကြမ်းများကို သိမ်းဆည်းရန် နေရာလွတ် မရှိတော့ပေ။

ထိုအချိန်တွင် ကျိချောင်းယန်သည်လည်း ရောင်စုံပန်းကလေးများကို စုဆောင်းတူးဖော်ခြင်း လုပ်ငန်းကို အပြီးသတ်လိုက်ချေပြီ။

လှပလှသော ပန်းခင်းကြီးမှာ ယခုအခါ မြေလှန်ထားသော မြေကွက်လပ်ကြီးတစ်ခု ဖြစ်သွားခဲ့ရပြီး အစောပိုင်းက ညောင်ပင်ကြီး နှစ်ပင်ကိုလည်း ခုတ်လှဲပစ်ခဲ့ကြသဖြင့် နတ်ဘုံနတ်နန်းနှင့် တူလှသော ဤနေရာလေးမှာ မြက်ခင်းစိမ်း အနည်းငယ်သာ ကျန်ရစ်တော့ကာ အနည်းငယ် ခြောက်ကပ်သွားချေပြီ။

"ရေအောက်က အသားစားငါးတွေ ထပ်ရောက်လာပြန်ပြီ မဟုတ်လား"

ရွှီရှင်း စကားမပြောရသေးမီမှာပင် ကျိချောင်းယန်က လှမ်းမေးလိုက်၏။

"ဟုတ်တယ်၊ ဒါပေမဲ့ ဒီငါးအုပ်စုက ဖြူဖွေးတဲ့ အလင်းတန်း လင်းနေတဲ့ နေရာထဲကိုတော့ မဝင်ရဲကြဘူး"

ရွှီရှင်းက ကျောက်ဆောင်အက်ကြောင်းကြားက ရတနာပုလဲ အပိုင်းအစကို စူးစိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"...ဪ ဒါဆိုရင် ဒီရတနာပုလဲက ဗီဇပြောင်းသတ္တဝါတွေကို ခြောက်လှန့်နိုင်တဲ့ အစွမ်း ရှိပုံရတယ်"

ကျိချောင်းယန်က ရတနာပုလဲ အပိုင်းအစကို လှမ်းကြည့်လိုက်ရင်း "ဖြစ်နိုင်တာက ဒီရတနာပုလဲဟာ ငါတို့ အပြင်ထွက်ဖို့အတွက် အဓိက သော့ချက် ဖြစ်နေလိမ့်မယ်" ဟု ဆိုသည်။

ရွှီရှင်းသည် ရေတံခွန်၏ အပေါ်ဘက်က ရတနာပုလဲကို ကြည့်ရင်း အတွေးနက်သွားမိ၏။

ရတနာပုလဲ အပိုင်းအစမှာ ကန်ရေပြင် အထက် အနည်းဆုံး ခြောက်မီတာ၊ ခုနစ်မီတာခန့် အမြင့်တွင် ရှိနေသည်။

ကျောက်နံရံမှာ မညီမညာ ဖြစ်နေသော်လည်း ရေတံခွန်ဘေးက နေရာမှာမူ အလွန် ချောကျိနေသဖြင့် ကုတ်တက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဒီရတနာပုလဲကို ဘယ်လို ယူကြမလဲ။

အာဖုသာ ဒီမှာရှိရင်တော့ အပေါ်ကို ပျံတက်ပြီး အသာလေး ယူလာနိုင်မှာပေါ့...။

"အီး"

ခဲခဲလေးက ရွှီရှင်း၏ ခြေထောက်နားမှာ ရပ်လျက် သူ့ခြေထောက်ကို အသာအယာ တို့လိုက်သည်။

"ဟင် ဘာဖြစ်လို့လဲ ခဲခဲလေး"

"အီး အီး အီး အီး"

ခဲခဲလေးက သူမ၏ လက်သည်းလေးဖြင့် ရတနာပုလဲရှိရာဘက်သို့ လက်ညှိုးထိုးပြကာ အကြိမ်အနည်းငယ် အော်လိုက်ရှာသည်။

"ဟင်"

ရွှီရှင်းက ခဲခဲလေး၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

"မင်းက အပေါ်ကို တက်နိုင်တယ်လို့ ပြောတာလား"

"အီး"

ခဲခဲလေးက ထပ်မံ အော်ဟစ်လိုက်ပြီး ငွေရောင်ဘုရင်၏ ဦးခေါင်းပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်၏။

ငွေရောင်ဘုရင်သည်လည်း ခဲခဲလေး၏ ရည်ရွယ်ချက်ကို သိနေပုံရသည်။

၎င်းသည် တစ်ချက် ဟိန်းလိုက်ပြီး ကန်ထဲသို့ ခုန်ဆင်းကာ ရေတံခွန်ရှိရာသို့ ကူးခတ်သွားတော့သည်။

သားရဲနှစ်ကောင်သည် ရေတံခွန်၏ အောက်ခြေသို့ လျင်မြန်စွာ ရောက်ရှိသွားကြ၏။

"မင်းရဲ့ ငွေရောင်ဘုရင်က ဒီဖြူဖွေးတဲ့ အလင်းတန်းကို မကြောက်ဘူးလား"

ကျိချောင်းယန်က ရုတ်တရက် ထူးခြားချက်တစ်ခုကို သတိပြုမိသွားသည်။

ငွေရောင်ဘုရင်သည် ဖြူဖွေးသော အလင်းတန်း၏ အတောက်ပဆုံးသော နေရာသို့ ရောက်နေသော်လည်း ရေအောက်က အသားစားငါးများကဲ့သို့ ဘာတုံ့ပြန်မှုမှ မပြဘဲ အေးဆေးစွာ ရှိနေသည် မဟုတ်ပါလား။

"...ကြည့်ရတာတော့ အဲဒီအတိုင်းပဲထင်တယ်"

ရွှီရှင်းလည်း ဇဝေဇဝါ ဖြစ်သွားရသည်။

"ဖြစ်နိုင်တာက ဒီဖြူဖွေးတဲ့ အလင်းတန်းဟာ ဗီဇပြောင်းသားရဲတိုင်းကို ပစ်မှတ်ထားတာ မဟုတ်လို့များလား"

ခဲခဲလေးသည် ငွေရောင်ဘုရင်၏ ဦးခေါင်းပေါ်မှနေ၍ နံရံပေါ်သို့ ခုန်တက်ကာ ခြေသည်းဖြင့် မြဲမြံစွာ ကုပ်လိုက်သည်။

ခဲခဲလေးကို ကြည့်ရသည်မှာ ချစ်စရာကောင်းပြီး အန္တရာယ်မရှိသလို ထင်ရသော်လည်း၊ သူမ၏ လက်သည်းများမှာ အမှန်တကယ်တွင် အလွန်ထက်မြက်လှသဖြင့် ကျောက်နံရံကို မြဲမြံစွာ တွယ်ကပ်နိုင်ခြင်း ဖြစ်ပေသည်။

သူမ၏ သေးငယ်သော ကိုယ်လုံးလေးသည် ကြမ်းတမ်းလှသော ကျောက်နံရံအတိုင်း တွားတက်သွားရာ၊ ရံဖန်ရံခါတွင် ထွက်ပေါ်နေသော ကျောက်စွန်းလေးများကို ခြေနင်းအဖြစ် အသုံးပြုလျက် အားစိုက်စရာမလိုဘဲ တက်သွားနိုင်ခဲ့၏။

စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ လက်သည်းလေးများသည် ရတနာပုလဲ အပိုင်းအစ ရှိနေသည့် အက်ကြောင်းဝသို့ ရောက်ရှိသွားချေပြီ။

အက်ကြောင်းမှာ သိပ်မကြီးလှသော်လည်း ခဲခဲလေး၏ သေးငယ်သော ကိုယ်လုံးအတွက်မူ အထဲသို့ တိုးဝင်ရန် လုံလောက်လှသည်။

သူမသည် ရတနာပုလဲ၏ ရှေ့တည့်တည့်သို့ ရောက်အောင် တက်သွားခဲ့၏။

စူးစမ်းလိုစိတ်ဖြင့် ခဲခဲလေးသည် ရတနာပုလဲ အပိုင်းအစကို သူမ၏ လက်သည်းလေးဖြင့် အသာအယာ တို့ကြည့်ပြီးနောက် နှစ်ချက်မျှ ထပ်မံ ပုတ်ကြည့်လိုက်သည်။

သူမ၏ လက်သည်းလေးက ဖြူဖွေးသောအလင်းတန်းကို ကွယ်လိုက်မိသဖြင့်၊ မြေအောက်ဟင်းလင်းပြင် တစ်ခုလုံးမှာ မီးသီးတစ်လုံး ပျက်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားရပြီး ကန်ထဲက ငါးများမှာလည်း ထိတ်လန့်တကြား ကစဉ့်ကလျား ကူးခတ်ကုန်ကြတော့သည်။

ရတနာပုလဲ အပိုင်းအစမှာ အက်ကြောင်းအတွင်း၌ မြဲမြံစွာ ကပ်နေပုံရသည်။

ထိုလင်းလက်နေသော အပိုင်းအစမှာ သူမ၏ လက်ကို အပူမပေးနိုင်မှန်း သေချာသွားသောအခါမှ ခဲခဲလေးသည် သူမ၏ လက်သည်းလေးများနှင့် ပါးစပ်ကို အသုံးပြုကာ ရတနာပုလဲ အပိုင်းအစကို အားဖြင့် ဆွဲထုတ်လိုက်တော့သည်။

"အီး"

၎င်း ကျွတ်ထွက်လာသည့် ခဏ၌ ခဲခဲလေးမှာ အနောက်သို့ လန်ကျမလို ဖြစ်သွားသော်လည်း ခြေလက်လေးဖက်လုံးဖြင့် နံရံကို အသည်းအသန် ပြန်လည် ကုတ်တွယ်နိုင်ခဲ့၏။

"တော်တယ် ခဲခဲလေး"

ရွှီရှင်းသည် ခဲခဲလေး ရတနာပုလဲကို ရသွားသည်ကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်မိ၏။

"အီး"

ခဲခဲလေးက ပြန်ထူးလိုက်ပြီး ရတနာပုလဲကို ပါးစပ်ဖြင့် ကိုက်ကာ အောက်က ရေတံခွန်ကို ရှောင်လျက် ကျောက်နံရံအတိုင်း အောက်သို့ အမြန် ပြန်ဆင်းလာပြီး ငွေရောင်ဘုရင်၏ ဦးခေါင်းပေါ်သို့ ပြန်လည် ခုန်တက်လိုက်တော့သည်။

ဟင်းလင်းပြင်တစ်ခုလုံး သိသိသာသာ မှောင်ကျသွားခဲ့ချေပြီ။

ခဲခဲလေး ငွေရောင်ဘုရင်ပေါ် ရောက်သည်နှင့် ကန်ထဲက ငါးများမှာ ထိတ်လန့်ခြင်း မရှိတော့ဘဲ ငွေရောင်ဘုရင်၏ ပတ်ပတ်လည်တွင် စုပေါင်း၍ ဝိုင်းပတ်ကူးခတ်နေကြတော့သည်။

မကြာမီ ငွေရောင်ဘုရင်သည် ကမ်းစပ်သို့ ပြန်ကူးလာခဲ့၏။

ခဲခဲလေးသည် အောက်သို့ ခုန်ဆင်းကာ ရွှီရှင်း၏ ခြေထောက်အတိုင်း တက်လာပြီး၊ အကြိမ်အနည်းငယ်မျှ ခုန်လွှားလိုက်ရုံဖြင့် သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိလာတော့သည်။

ရွှီရှင်းက ခဲခဲလေးကို ချီမလိုက်ပြီး သူမ၏ ပါးစပ်ထဲမှ ဖြူဖွေးသောအလင်းတန်းများ ထွက်ပေါ်နေဆဲဖြစ်သည့် ရတနာပုလဲ အပိုင်းအစကို ယူလိုက်၏။

ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်လည် လင်းထိန်သွားပြီး ကန်ထဲက ငါးများမှာလည်း အေးဆေးငြိမ်သက်သွားကြပြန်သည်။

ဤရတနာပုလဲ အပိုင်းအစမှ ထွက်ပေါ်နေသော အလင်းမှာ ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်စေနိုင်သော်လည်း၊ ရွှီရှင်း ကိုယ်တိုင် လက်ဖြင့် ကိုင်ထားသည့်တိုင်အောင် မျက်စိကျိန်းစပ်ခြင်းမျိုး လုံးဝ မရှိပေ။

သို့သော်လည်း ရွှီရှင်းကို ဇဝေဇဝါ ဖြစ်စေသည်မှာ ဤရတနာပုလဲကို ကိုင်ထားသော်လည်း မည်သည့် သတိပေးချက် မှ တက်မလာခြင်းပင် ဖြစ်၏။

"ဘာလို့ ဘာအချက်အလက်မှ မတက်လာရတာလဲ"

ရွှီရှင်း အနည်းငယ် ထူးဆန်းသွားမိသည်။

ဤရတနာပုလဲ အပိုင်းအစသည် သစ်ပင်အိမ် အမြုတေကဲ့သို့ပင် မည်သည့် အဆင့်အရောင်မှ ပြသခြင်း မရှိပေ။

၎င်းကို ကိုင်လိုက်ရုံနှင့် ၎င်း၏ အနှစ်သာရကို သိနိုင်မည်ဟု ရွှီရှင်း ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ အဆင့်အရောင်ရော အချက်အလက်ပါ ဘာမှ ပေါ်မလာခဲ့ပေ။

ဒါဟာ သူ ပထမဆုံးအကြိမ် ကြုံဖူးသည့် အခြေအနေပင်။

"မင်း စမ်းကြည့်မလား"

ရွှီရှင်းက ကျိချောင်းယန်ထံ ကမ်းပေးလိုက်သည်။

ကျိချောင်းယန်က ရတနာပုလဲ အပိုင်းအစကို လှမ်းယူလိုက်၏။

"ဘယ်လိုလဲ... သတင်းအချက်အလက် တစ်ခုခု တက်လာလား"

"မင်းရဲ့ စွမ်းရည်နဲ့တောင် ဘာမှ မမြင်ရဘူးဆိုမှတော့ ငါလည်း ဘာမှ သိနိုင်မှာ မဟုတ်ပါဘူး"

ကျိချောင်းယန်က သေသေချာချာ စစ်ဆေးကြည့်သော်လည်း ဘာမှ မထူးခြားသဖြင့် ရွှီရှင်းထံ ပြန်ပေးလိုက်သည်။

"မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လေး ရှာတွေ့ခဲ့တာဆိုတော့ မင်းပဲ သိမ်းထားလိုက်ပါ"

ရွှီရှင်းက ပြန်ယူလိုက်၏။

၎င်းနှင့် ပတ်သက်သော ဖော်ပြချက် မရှိသော်လည်း၊ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အာနိသင်ကို အနည်းနှင့်အများတော့ ခန့်မှန်းနိုင်ပေသည်။

"တကယ်ပဲ မယူဘူးလား"

ရွှီရှင်းက ရတနာပုလဲ အပိုင်းအစကို လက်ချောင်းနှစ်ချောင်းဖြင့် ကိုင်ကာ အပေါ်သို့ မြှောက်ပြလိုက်ရာ၊ ဖြူဖွေးသောအလင်းတန်းအောက်တွင် ပတ်ဝန်းကျင်မှာ ပို၍ပင် လင်းထိန်သွားတော့သည်။

"အဲဒီလို ထပ်လုပ်နေရင်တော့ ငါ စိတ်ပြောင်းသွားနိုင်တယ်နော်"

ကျိချောင်းယန်က ပြုံးလျက် နောက်ပြောင်လိုက်၏။

"နောက်ကျမှ အဲဒါရဲ့ အသုံးဝင်ပုံကို သိလာတဲ့အခါကျရင်တော့ ငါ့ကိုပါ အကျိုးအမြတ် ခွဲပေးဖို့ မမေ့နဲ့ဦး။ ဒါနဲ့... ခုနက ငါးတွေက ဒီအဖြူရောင်အလင်းကို ကြောက်တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ အဲဒါကို ငါတို့ အသုံးချလို့ ရနိုင်မယ် ထင်တယ်"

"ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ"

ရွှီရှင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထိုအသားစားငါး များတွင် အပြာရောင်အဆင့် အကြေးခွံများ ပါရှိသည်မဟုတ်ပါလား။

စားကျက်ထဲကို ရောက်နေမှတော့ ထိုငါးများကို ဒီအတိုင်း လွှတ်ပေးလိုက်ရန်မှာ နှမြောစရာကောင်းလှပေ၏။

အခန်း ၂၈၉ ပြီး။

All Chapters