အခန်း (၂၉၂-၂၉၃)
Vol. 20 Ch. 292-293
အပိုင်း (၂၉၂) - လီဝမ်ရှီးကို သစ်ပင်အိမ်သို့ ခေါ်ဆောင်ခြင်း
"ဟုတ်ပါတယ် မမရွှယ်ဖေးရယ်၊ သူတို့က တမင်လုပ်တာ မဟုတ်ပါဘူး။ စိတ်မဆိုးပါနဲ့နော်"
လီဝမ်ရှီးက ချီရွှယ်ဖေး၏ လက်မောင်းကို ဖက်တွယ်ကာ တခစ်ခစ်ရယ်ရင်း ချော့မော့နေရှာသည်။
ရွှီရှင်း နောက်ဆုံးတွင် ဘေးကင်းစွာ ထွက်လာနိုင်သည်ကို မြင်ရသဖြင့် သူမ၏ စိတ်အခြေအနေမှာ များစွာ ကြည်လင်နေချေပြီ။
"နင်ကတော့လေ..."
ချီရွှယ်ဖေးက ဘာမှမတတ်နိုင်သလို ခေါင်းခါယမ်းလိုက်မိ၏။
သူမသည် အမှန်တကယ် စိတ်ဆိုးနေခြင်းမဟုတ်ဘဲ စနောက်ပြောဆိုနေခြင်းသာ ဖြစ်သည်။
သူမသည် ရေစိုနေသည်မှလွဲ၍ ဒဏ်ရာအနာတရ မရှိကြသော ထိုလူနှစ်ယောက်ကို ကြည့်ကာ "ဒါနဲ့ အထဲမှာ ဘာတွေနဲ့ ကြုံခဲ့ကြလဲ။ ငါတို့ကို ပြောပြလို့ ရမလား" ဟု မေးလိုက်သည်။
"အရင်ဆုံး မြင်းပေါ်တက်ကြရအောင် သွားကြစို့။ အခု မှောင်တော့မယ်လေ။ လမ်းမှာတင် ငါ အကုန်ပြောပြပါ့မယ်"
ကျိချောင်းယန်က မလှမ်းမကမ်းတွင် ဝပ်နေသော မြင်းဖြူကြီးကို လှမ်းကြည့်လိုက်ရာ ၎င်းက ချက်ချင်းပင် ထရပ်ပြီး လျှောက်လာခဲ့သည်။
ဒီနေ့ကတော့ ဆက်လက်စူးစမ်းဖို့အတွက် တကယ်ကို မသင့်တော်တော့ပေ။
ရွှီရှင်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ ညနေ လေးနာရီဝန်းကျင်သာ ရှိသေးသော်လည်း နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ တစ်ဝက်ခန့် နစ်မြုပ်နေချေပြီ။
မကြာမီမှာပင် လုံးဝ မှောင်အတိကျသွားတော့မည် ဖြစ်သည်။
ဤကမ္ဘာ၏ ဆောင်းရာသီမှာ နေ့တာတိုပြီး ညတာ ရှည်လျားလှပေသည်။
နေ့ဘက်မှာပင် ၆ ဒီဂရီ၊ ၇ ဒီဂရီခန့်သာ ရှိသဖြင့် ညဘက်တွင်မူ ပို၍ပင် အေးစိမ့်လာမည်မှာ သေချာလှရာ အပြင်ထွက် စူးစမ်းရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် မမျှော်လင့်ထားသော အခြေအနေများစွာ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။
ဒီနေ့မှာတော့ သူတို့ တကယ်ကို အလောတကြီး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ရွှီရှင်းသည် လီဝမ်ရှီးကို ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ဆွဲတင်လိုက်၏။
"အရင်ဆုံး လီယာကျွင်းရှိတဲ့နေရာကို သွားပြီး သူမကို ခေါ်ကြရအောင်။ ပြီးမှ ရှင့်ရဲ့ သစ်ပင်အိမ်ကို တိုက်ရိုက်သွားကြမယ်။ တည်နေရာကူးပြောင်းစက် တွေ လုပ်ပြီးမှပဲ ကျွန်မ ပြန်တော့မယ်"
လီဝမ်ရှီးက ရွှီရှင်း၏ ရင်ဘတ်ကို မှီလျက် မော့ကြည့်ကာ ပြောလိုက်သည်။
"အေးပါ... ငါလည်း အဲဒီအတိုင်းပဲ စဉ်းစားထားတာ"
ရွှီရှင်း ခေါင်းညိတ်လိုက်၏။
"ဒါဆို အဆင်ပြေသွားတာပေါ့။ ငါ အရင်ဆုံး ချီရွှယ်ဖေးကို အိမ်ပြန်ပို့လိုက်မယ်။ ပြီးမှ မင်းရဲ့ အဂ္ဂိရတ် အောင်မြင်မှုနှုန်း မြှင့်တင်ပေးနိုင်မယ့် ငါ့ဆီက အလှဆင်ပစ္စည်းအချို့ကို သယ်ပြီး မင်းအိမ်ကို လာခဲ့မယ်" ဟု ကျိချောင်းယန်က ရွှီရှင်းကို ပြောလိုက်သည်။
ထို့နောက် ဝံပုလွေနှင့် မြင်းသည် သူတို့ လာခဲ့သည့် လမ်းအတိုင်း တဟုန်ထိုး ပြေးထွက်သွားကြတော့သည်။
သူတို့နှစ်ဦးစလုံးသည် ဘီလူးကြီး၏ လက်မောင်းပုံစံ တောင်ကုန်းအကြောင်းကို ဆွေးနွေးရန် မပြောကြတော့ပေ။
ထိုလက်မောင်းမှာ ဘီလူးကြီး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း ယခုလောလောဆယ်တွင်တော့ ထိုဘက်သို့ သွားကြမည်မဟုတ်ပေ။
ပထမအချက်မှာ မှောင်တော့မည်ဖြစ်သဖြင့် စူးစမ်းရန် မသင့်တော်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ နောက်ထပ် အစီအစဉ်များ မချမှတ်မီ ရွှီရှင်းအနေဖြင့် စွမ်းအင်အမြုတေ၏ လုပ်ဆောင်ချက်များကို ဦးစွာ လေ့လာရန် လိုအပ်သောကြောင့် ဖြစ်ပေသည်။
ဦးခေါင်းခွံရှိရာနေရာမှာတော့ ဘီလူးကြီး၏ အသိစိတ် ကျန်ရှိနေသဖြင့် အမြုတေကို သူ့ဘာသာ စုစည်းပေးနိုင်ခဲ့သလို သူတို့ကိုလည်း များစွာ အကူအညီပေးနိုင်ခဲ့သည်။
သို့သော် လက်မောင်းမှာမူ အသိစိတ် မရှိသဖြင့် သူတို့ကို ကူညီနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုဘက်တွင် မည်သို့သော အန္တရာယ်မျိုးမဆို ရှိနေနိုင်သဖြင့် အပြည့်အဝ ပြင်ဆင်ပြီးမှသာ သွားရန် လိုအပ်ပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ရွှီရှင်းက သူ၏ အတွေ့အကြုံများကို လီဝမ်ရှီးအား ပြန်လည်ပြောပြခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ကမ္ဘာဦးလျှို့ဝှက်ချက်တစ်ခု ဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သောအသံမှာ ထပ်မံ ထွက်ပေါ်မလာခဲ့ပေ။
ယခု ပြန်စဉ်းစားကြည့်လျှင် ထိုလျှို့ဝှက်ဆန်းကြယ်သောအသံမှာ ပြင်ပကျူးကျော်သူများဖြစ်သည့် "သွေးရောင်မျိုးနွယ်စု" သာ ဖြစ်ပေလိမ့်မည်။
ယခု လျှို့ဝှက်ချက်မှာမူ ဘီလူးကြီးက ပြောပြခဲ့ခြင်းဖြစ်ပြီး သွေးရောင်မျိုးနွယ်စုနှင့် မသက်ဆိုင်သဖြင့် အခြားရှင်ကျန်သူများကို ဝေမျှခြင်းအပေါ် မည်သည့် ပိတ်ပင်တားဆီးမှုမှ ရှိမနေပေ။
"တကယ်ပဲ ဘီလူးကြီးရဲ့ ဦးခေါင်းဖြစ်နေတာလား"
သူတို့၏ အတွေ့အကြုံကို ကြားရသောအခါ လီဝမ်ရှီးမှာ မှင်သက်သွားရှာသည်။
"ကမ္ဘာမြေကို စောင့်ရှောက်သူ။ ကမ္ဘာပျက်ကပ်ကြီး။ ၁၂ ပိုင်း ကွဲသွားတယ်။ ဒီဘီလူးကြီးက တကယ် သနားဖို့ကောင်းတာပဲ... ဒီကမ္ဘာမှာ တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ မသိတော့ဘူး..."
ရွှီရှင်းသည် ဤအတွေ့အကြုံများကို ပြောပြသော်လည်း မြေအောက်က မွန်းစတားကြီးများအကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်က ဖြစ်ရပ်များအကြောင်းကိုမူ လျှို့ဝှက်ဆန်းကြယ်သောအသံ၏ တားမြစ်ချက်ကြောင့် မပြောဝံ့ပေ။
ထို့ကြောင့် လီဝမ်ရှီးမှာ အခြေအနေအရပ်ရပ်ကို တစ်ဝက်တစ်ပျက်သာ နားလည်နိုင်တော့သည်။
"အနည်းဆုံးတော့ ဘီလူးကြီးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အကုန်ပြန်မတွေ့ခင်အထိ သူ့ရဲ့ စွမ်းအားတွေကို ငါတို့ အသုံးချလို့ ရတာပေါ့"
ရွှီရှင်းသည် ကျောပိုးအိတ်ထဲသို့ ထည့်ထားသော အမြုတေကို ပြန်လည် ဆွဲထုတ်လိုက်၏။
အဖြူရောင်အလင်းတန်းနှင့်အတူ ပတ်ဝန်းကျင် အပူချိန် ပြောင်းလဲသွားမှုမှာ သုံးယောက်စလုံး၏ အာရုံကို ဖမ်းစားလိုက်ရာ အားလုံးက အမြုတေဆီသို့ စုပြုံကြည့်လိုက်ကြသည်။
"ဟင် ပတ်ဝန်းကျင်က အပူချိန်က... တက်လာသလိုပဲနော်"
လီဝမ်ရှီးက အံ့သြတကြီး ပြောလိုက်သည်။
သူမသည် ဆားတွင်းဂူထဲတွင် အပူချိန်ပြောင်းလဲမှုကို ခံစားခဲ့ရသော်လည်း နံရံအက်ကွဲမှုကြောင့်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ဤအမြုတေကြောင့် ဖြစ်နေသည်မဟုတ်ပါလား။
သုံးယောက်စလုံးမှာ အပြာရောင်အဆင့်နှင့် ထိုထက်မြင့်သော ချပ်ဝတ်များကို ဝတ်ထားကြသဖြင့် အအေးဒဏ်ကို သိပ်မခံစားရသော်လည်း ပတ်ဝန်းကျင် အပူချိန် မြင့်တက်လာသည်ကိုမူ အထင်အရှား သိရှိနိုင်ပေသည်။
ဤအပူချိန်ပြောင်းလဲမှုကို ရွှီရှင်းနှင့် ကျိချောင်းယန်တို့ လိုဏ်ဂူထဲမှာတင် သတိပြုမိခဲ့ကြပြီးသား ဖြစ်၏။
"ဒီဟာမှာ တခြား ဘာလုပ်ဆောင်ချက်တွေ ရှိသေးလဲတော့ မသိဘူး၊ ဒါပေမဲ့ ဒါရှိနေရင်တော့ ဆောင်းရာသီမှာ အပြင်ထွက်တဲ့အခါ အအေးဒဏ်ကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
ရွှီရှင်း၏ မျက်နှာမှာ ဖြူဖွေးသောအလင်းအောက်တွင် တောက်ပနေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဆောင်းရာသီ ရောက်လာလျှင် သူ၏ မြွေကြေးခွံချပ်ဝတ်မှာ အလုပ်မဖြစ်တော့ဘဲ သစ်ပင်အိမ်ထဲမှာတင် ကွေးနေရမှာကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဤအမြုတေ ရှိနေပြီဖြစ်ရာ ဘာမှ ပူစရာ မလိုတော့ပေ။
ဒါဆိုလျှင် သူတို့၏ အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ပြီ မဟုတ်ပါလား။
"ဒါက တကယ်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်ပဲ။ တကယ်လို့ မင်း အပြင်ထွက် စူးစမ်းမယ်ဆိုရင် ငါတို့ အတူတူ သွားကြတာပေါ့"
ကျိချောင်းယန်က ရွှီရှင်းကို ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီည တည်နေရာကူးပြောင်းစက်တွေ အဆင်သင့်ဖြစ်သွားရင် ပိုပြီးတော့တောင် အဆင်ပြေသွားမှာပါ"
"ဒါနဲ့..."
လီဝမ်ရှီးက ရုတ်တရက် သတိရကာ ပြောလိုက်သည်။
"အဲဒီကျောက်နံရံနောက်က ရှင်တို့ ပြောနေတာတွေကို ကျွန်မတို့တွေ အထင်အရှား ကြားနေရတာလေ။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ အော်အော် ရှင်တို့ကတော့ မကြားကြဘူး၊ ဟုတ်တယ်မလား မမရွှယ်ဖေး"
"အင်း ဟုတ်တယ်၊ ငါတို့ အကုန်ကြားနေရတာ"
ချီရွှယ်ဖေးက မြင်းစီးရသည်ကို အပြည့်အဝ အသားကျသွားပြီဖြစ်ရာ ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဒါပေမဲ့ ငါတို့ ဘယ်လိုပဲ အော်အော် နင်တို့ဘက်က ကြားပုံမရဘူး"
"ဟင်"
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။
ဟို သံမဏိအခန်းကြောင့်များလား။
အပြင်ကလူက အတွင်းကအသံကို ကြားနိုင်ပြီး အတွင်းကလူကတော့ အပြင်ကအသံကို မကြားနိုင်တာလား။
ထိုသံမဏိအခန်းမှာ တဖြည်းဖြည်းနှင့် အကျဉ်းထောင်တစ်ခုနှင့် ပိုပိုတူလာချေပြီ။
မဟုတ်လျှင် ဘာကြောင့် တစ်ဖက်တည်း အသံလုံနေရသနည်း။
အခန်း ၂၉၂ ပြီး။
အပိုင်း (၂၉၃) - လီဝမ်ရှီးကို သစ်ပင်အိမ်သို့ ခေါ်ဆောင်ခြင်း (၂)
အိမ်အတွင်း၌ရှိနေစဉ် ပြင်ပမှအသံများကို လုံးဝမကြားရခြင်းမှာ အကျဉ်းထောင် သို့မဟုတ် အထူးဓာတ်ခွဲခန်းတစ်ခုမှလွဲ၍ အခြားဖြစ်နိုင်ခြေကို ရွှီရှင်း စဉ်းစား၍မရပေ။
ရွှီရှင်းသည် ထိုသံမဏိခန်းအတွင်း၌ သေဆုံးနေခဲ့သော အရိုးစုကြီးကို ပြန်လည်သတိရလိုက်မိသည်။
ဤသံမဏိခန်းမှာ ဘီလူးကြီး ထင်မှတ်ထားသကဲ့သို့ သူ့ကို ဖိနှိပ်ချုပ်ချယ်ရန်နှင့် စောင့်ကြည့်ရန်အတွက်သာ မဟုတ်ဘဲ အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေနိုင်ပေသည်။
သို့သော် ၎င်းမှာ အမှန်တကယ် ဘာလဲဆိုသည်ကိုမူ ယခုအချိန်တွင် သူတို့ မဖော်ထုတ်နိုင်သေးပေ။
တောင်ကုန်းအရင်းအမြစ်ဇုန်ရှိ ထိုသံမဏိခန်းက ပြဿနာတစ်စုံတစ်ရာ ထပ်မံမဖန်တီးပါစေနှင့်ဟုသာ သူ ဆုတောင်းနေမိတော့သည်။
မကြာမီမှာပင် သူတို့သည် လီယာကျွင်း၏ သစ်ပင်အိမ်အနီးသို့ ရောက်ရှိလာခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ငွေရောင်ဘုရင်၏ ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများမှာ တစ်ဖန်ပြန်လည် လင်းလက်လာခဲ့ပြန်၏။
သို့သော်လည်း သူတို့သည် အံ့သြခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိကြတော့ပေ။
၎င်းမှာ ဘာဘေးထွက်ဆိုးကျိုးမှ မရှိမှန်း သိထားကြသဖြင့် ဒီအတိုင်းသာ လွှတ်ထားလိုက်ကြတော့သည်။
"အစ်မရွှယ်ဖေးကို အိမ်ပြန်ပို့လိုက်ပါဦး"
ရွှီရှင်းက ကျိချောင်းယန်ကို ပြောလိုက်ပြီးနောက် ချီရွှယ်ဖေးဘက်သို့ လှည့်ကာ "အစ်မကို အလကားသက်သက် လမ်းလျှောက်ခိုင်းမိသလို ဖြစ်သွားလို့ အားနာပါတယ်ဗျာ။ စိတ်မပူပါနဲ့၊ ဒီည တည်နေရာကူးပြောင်းစက်တွေ အဆင်သင့်ဖြစ်သွားရင် နောက်ဆို အခုလို ပင်ပင်ပန်းပန်း သွားလာနေစရာ မလိုတော့ပါဘူး" ဟု ဆိုလိုက်၏။
"ဪ... ကိစ္စမရှိပါဘူး"
"ငါ့ရဲ့ အဓိက ဆေးဖက်ဝင်အပင်တွေကလည်း မရင့်မှည့်သေးတော့ သစ်ပင်အိမ်ထဲမှာပဲ နေနေရင်လည်း လုပ်စရာ သိပ်မရှိပါဘူး။ အခုလို အပြင်ထွက် လမ်းလျှောက်ရတာလည်း ကောင်းပါတယ်၊ စိတ်အပန်းပြေတာပေါ့။ အဓိကကတော့ နင်တို့တွေ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်တာကိုပဲ ငါ ဝမ်းသာနေတာပါ"
ချီရွှယ်ဖေးက အသာအယာ ပြုံးပြလိုက်၏။
"အာ ရှင်တို့ ပြန်လာကြပြီပဲ"
လီယာကျွင်းသည် ပတ်ဝန်းကျင်ရှိ ထူးခြားမှုများကို သတိကြီးစွာ စောင့်ကြည့်နေခဲ့ပုံရပြီး သူတို့ကို မြင်သည်နှင့် သစ်ပင်အိမ်ပြတင်းပေါက်မှနေ၍ လက်ဝှေ့ယမ်း နှုတ်ဆက်တော့သည်။
ကျိချောင်းယန်က ရွှီရှင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ချီရွှယ်ဖေးနှင့်အတူ မြောက်ဘက်အရပ်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
"တာ့တာ့ မမရွှယ်ဖေး"
လီဝမ်ရှီးက သူတို့၏ ကျောပြင်ကို လှမ်း၍ လက်ပြလိုက်ရာ ချီရွှယ်ဖေးသည်လည်း အနောက်သို့ လှည့်၍ လက်ပြန်ယမ်းပြခဲ့သည်။
သူတို့နှစ်ဦးသည် လီယာကျွင်း၏ သစ်ပင်အိမ်အောက်တွင် ရပ်လိုက်ကြ၏။
လီဝမ်ရှီးက အနည်းငယ် စိတ်လှုပ်ရှားနေသော လီယာကျွင်းကို မော့ကြည့်ကာ "ကျွန်မတို့ အစ်မကို လာခေါ်တာ" ဟု လှမ်းအော်ပြောလိုက်သည်။
လီယာကျွင်းသည် သစ်ပင်အိမ်အတွင်းရှိ ပစ္စည်းများကို အကုန်သိမ်းဆည်းပြီးသား ဖြစ်သဖြင့် ထွက်ခွာရန် အဆင်သင့် ဖြစ်နေချေပြီ။
သူမက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ရင်း "ဟုတ်ကဲ့ ကျွန်မ အခုချက်ချင်း ဆင်းလာခဲ့မယ်" ဟု ပြန်ထူးလိုက်၏။
"ခဏလေး... ကျွန်တော်တို့ကို အရင် ဆွဲတင်ပေးပါဦး"
ရွှီရှင်းက ငွေရောင်ဘုရင်ပေါ်မှ ဆင်းလိုက်သည်။
"ဟုတ်ကဲ့ပါ"
မနက်ပိုင်းနှင့် နှိုင်းယှဉ်လျှင် လီယာကျွင်း၏ သစ်ပင်အိမ်မှာ ဟာလာဟင်းလင်း ဖြစ်နေချေပြီ။
ရွှေ့ပြောင်း၍မရသော အစိမ်းရောင်အဆင့် ပရိဘောဂကြီးများမှလွဲ၍ ကျန်ရှိသမျှကို ကျောပိုးအိတ်များအတွင်း စနစ်တကျ ထည့်သွင်းထားပြီးသား ဖြစ်သည်။
ရွှီရှင်းသည် လီယာကျွင်း၏ ရှေ့မှောက်၌ပင် သူ၏ သံပုဆိန်ကို ထုတ်ယူလိုက်၏။
"ဒါက... ဘာလုပ်မလို့လဲဟင်"
လီယာကျွင်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ကြောက်ရွံ့ခြင်းတော့ မရှိပေ။
ရှေ့ကလူမှာ မကောင်းသော ရည်ရွယ်ချက် မရှိမှန်း သူမ သိနေသည်မဟုတ်ပါလား။
"သစ်ပင်အိမ်ရဲ့ အမြုတေ ကို ထုတ်ယူရမှာမို့လို့ပါ၊ အစ်မ နောက်ကို နည်းနည်း ဆုတ်နေလိုက်နော်။ သစ်သားစတွေ လွင့်စင်လာရင် ထိခိုက်မှာ စိုးလို့ပါ"
လီဝမ်ရှီးက လီယာကျွင်းကို အနောက်သို့ အနည်းငယ် ဆွဲခေါ်သွားလိုက်သည်။
ရွှီရှင်းက ကြမ်းပြင်ကို ခုတ်ဖွင့်လိုက်သည်နှင့် ခဲခဲလေးသည် အထဲသို့ ကျွမ်းကျင်စွာ တိုးဝင်သွားပြီး ခဏအကြာတွင် အမြုတေကို ပါးစပ်ဖြင့် ကိုက်လျက် ရွှီရှင်း၏ ရင်ခွင်ထဲသို့ ပြန်လည် တွားတက်လာခဲ့၏။
"ဒါ... ဒါက..."
လီယာကျွင်းမှာ အံ့သြမှင်သက်နေတော့သည်။
"အီး"
ခဲခဲလေးက အမြုတေကို ရွှီရှင်းထံ ကမ်းပေးလိုက်ပြီးနောက် လီယာကျွင်း၏ အံ့သြနေသော မျက်နှာကို ကြည့်ကာ သူမ၏ ခေါင်းလုံးလုံးလေးကို ဂုဏ်ယူစွာဖြင့် တစ်ချက် ယမ်းပြလိုက်သေးသည်။
"ကဲ... သွားကြစို့၊ မြန်မြန်ဆင်းမှ ဖြစ်မယ်၊ သစ်ပင်အိမ်က ပြိုကျတော့မှာမို့လို့"
"ပြို... ပြိုကျတော့မယ် ဟုတ်လား။ ဪ... ဟုတ်ကဲ့၊ ဟုတ်ကဲ့"
သူတို့ သုံးယောက်စလုံး သစ်ပင်အိမ်အောက်သို့ ရောက်ရှိသွားချိန်တွင် သူမ အချိန်အတော်ကြာ နေထိုင်ခဲ့သော နှစ်ထပ်သစ်ပင်အိမ်လေးမှာ မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ဖုန်တထောင်းထောင်း ထသွားသည်ကို လီယာကျွင်းမှာ ခံစားချက်မျိုးစုံဖြင့် ငေးကြည့်နေမိသည်။
အေးစိမ့်သော လေအေးတစ်ချက် ဖြတ်တိုက်သွားသဖြင့် သူမ အနည်းငယ် တုန်ယင်သွားရ၏။
ရွှီရှင်းသည် ဘီလူးဦးခေါင်းခွံမှ ရရှိခဲ့သော စွမ်းအင်အမြုတေကို ချက်ချင်းပင် ဆွဲထုတ်လိုက်သည်။
အဖြူရောင်အလင်းတန်းက ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသဖြင့် လီယာကျွင်း၏ မျက်နှာလေးမှာလည်း ပြန်လည် ကြည်လင်လာခဲ့၏။
သူမသည် ရွှီရှင်း၏ လက်ထဲက အမြုတေကို တစ်ချက်ကြည့်လိုက်သည်။
သူမ အံ့သြသွားသော်လည်း ဘာမှ ထပ်မမေးတော့ပေ။
စူးစမ်းရှာဖွေသူများတွင် ရတနာမျိုးစုံ ရှိနေမှန်း သူမ သိထားသဖြင့် သူတို့နှင့်အတူ ရှင်သန်ရန် ရွေးချယ်ခဲ့ခြင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်းသာ သူမ တွေးနေမိတော့သည်။
"ကဲ... အစ်မရဲ့ သစ်ပင်အိမ်မျိုးစေ့ကို အခု တူးလို့ရပါပြီ"
ရွှီရှင်းက သတိပေးလိုက်၏။
"ဟုတ်ကဲ့"
လီယာကျွင်းသည် ဂေါ်ပြားကို ထုတ်ယူကာ သူမ၏ သစ်ပင်အိမ်အောက်ခြေကို စတင်တူးတော့သည်။
"ညီမလည်း ကူမယ်လေ"
လီဝမ်ရှီးက ဝင်ကူရန် ပြင်လိုက်သော်လည်း ရွှီရှင်းက တားမြစ်လိုက်၏။
သစ်ပင်အိမ်ပိုင်ရှင်ကိုယ်တိုင် တူးလျှင် ပိုမြန်နိုင်မလားဆိုသည်ကို သူ စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။
ရွှီရှင်းက သူတို့ကို အကြောင်းရင်း ရှင်းပြလိုက်၏။
"ဪ... အဲဒီလိုကိုး၊ ဒါဆိုလည်း ကောင်းပါပြီ"
လီဝမ်ရှီးက ထုတ်ပြီးသား ဂေါ်ပြားကို ပြန်ကိုင်ကာ ဘေးမှ ရပ်ကြည့်နေလိုက်သည်။
လီယာကျွင်းကလည်း နားလည်သလို ခေါင်းညိတ်ပြပြီး ဆက်လက်တူးနေခဲ့၏။
သို့သော်လည်း သူမ၏ တူးဖော်မှုအရှိန်မှာ ထူးခြားစွာ မြန်ဆန်ခြင်း မရှိပေ။
တစ်မိနစ်ကျော် ကြာသည့်တိုင်အောင် သစ်ပင်အိမ်မှာ လှုပ်ရှားမှု မရှိသေးပေ။
ကြည့်ရသည်မှာ အိမ်ရှင်ကိုယ်တိုင်တူးခြင်းက ထိရောက်မှု မရှိလှပေ။
အနည်းဆုံးတော့ သူတို့၏ သံမဏိဂေါ်ပြား၏ အရှိန်ကို မမီနိုင်သည်မှာ သေချာလှသည်။
"ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"
ရွှီရှင်းသည် လီဝမ်ရှီး၏ သံမဏိဂေါ်ပြားကို ယူလိုက်၏။
တစ်မိနစ်မပြည့်မီမှာပင် သစ်ပင်အိမ်မှာ လဲကျသွားပြီး သူသည် မျိုးစေ့ကို ထုတ်ယူကာ လီယာကျွင်းထံသို့ ကမ်းပေးလိုက်တော့သည်။
လီယာကျွင်းသည် မျိုးစေ့ကို ရရှိလိုက်မှသာ သက်ပြင်းချနိုင်တော့သည်။
လွန်ခဲ့သော ခဏကပင် လျှို့ဝှက်ဆန်းကြယ်သောအသံက သူမအား ၂၄ နာရီအတွင်း သစ်ပင်အိမ်သစ်တစ်ခု မရရှိပါက သေဆုံးရလိမ့်မည်ဟု သတိပေးခဲ့သဖြင့် သူမ တကယ်ကို ထိတ်လန့်နေခဲ့ခြင်း ဖြစ်ပေသည်။
"သွားကြစို့"
လီဝမ်ရှီးက ငွေရောင်ဘုရင်၏ ကျောကို ပုတ်လိုက်ရင်း "ကျွန်မတို့ ငွေရောင်ဘုရင်ကို စီးပြီး ပြန်ကြမယ်။ အရင်ဆုံး ရွှီရှင်းရဲ့ သစ်ပင်အိမ်ကို သွားကြည့်ကြရအောင်။ လေးထပ်ရှိတဲ့ ဧရာမသစ်ပင်အိမ်ကြီးကို အစ်မ တစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး" ဟု ကြွားလုံးထုတ်လိုက်၏။
"...လေးထပ်တောင်လား"
လီယာကျွင်း မျက်လုံးများ ပြူးသွားရသည်။
"ဒါဆိုရင်တော့ တကယ်ကို ကြီးမှာပဲနော်"
"ဟီးဟီး... ကျွန်မလည်း တစ်ခါမှ မမြင်ဖူးသေးဘူး။ ရွှီရှင်း... တက်တော့လေ"
ရွှီရှင်းက သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။
သူမ ဘာတွေ တွေးနေသလဲဆိုတာ ရိပ်မိသွားသဖြင့် သူ အော်ဟစ်ကာ ရယ်မောလိုက်မိတော့သည်။
"ဘာတွေ ရယ်နေတာလဲ၊ မြန်မြန်တက်စမ်းပါ"
လီဝမ်ရှီး၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားပြီး သူ့ကို လက်သီးလေးနှင့် အသာအယာ ထုလိုက်ရှာသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှီရှင်း ဝံပုလွေပေါ် တက်လိုက်သည်နှင့် လီဝမ်ရှီးမှာ ရှေ့တွင် မထိုင်တော့ဘဲ သူ့နောက်တွင် ဝင်ထိုင်လိုက်ကာ၊ လီယာကျွင်းကိုပါ သူမ၏ နောက်တွင် ထိုင်ခိုင်းလိုက်တော့သည်။
အစောပိုင်းက ချီရွှယ်ဖေးနှင့် လိုက်လာခဲ့သည့် ပုံစံအတိုင်းပင်။
"မြဲမြဲကိုင်ထားကြနော်၊ ငွေရောင်ဘုရင်ရဲ့ အရှိန်က အရမ်းမြန်တယ်"
ရွှီရှင်းက လီယာကျွင်းကို သတိပေးလိုက်၏။
သူမက ခေါင်းညိတ်ပြပြီး လီဝမ်ရှီး၏ ခါးကို ဖက်လိုက်သည်ကို မြင်သောအခါ သူက ချက်ချင်းပင် "ငွေရောင်ဘုရင်... သစ်ပင်အိမ်ကို ပြန်မယ်" ဟု အမိန့်ပေးလိုက်တော့သည်။
"အာဝူးးးး"
ငွေရောင်ဘုရင်သည် ရှည်လျားစွာ အူလိုက်ပြီးနောက် သူ၏ သစ်ပင်အိမ်ရှိရာအရပ်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့၏။
အခန်း ၂၉၃ ပြီး။