အခန်း (၂၉၆-၂၉၇)
Vol. 20 Ch. 296-297
အခန်း ၂၉၆ - သနားစဖွယ် ခဲခဲလေး နှင့် ထူးဆန်းသောတည်နေရာကူးပြောင်းစက်
ရွှီရှင်းသည် မဆိုင်းမတွဘဲ ဒုတိယထပ်ရှိ အဂ္ဂိရတ်ခန်းတံခါးဝသို့ အပြေးအလွှား သွားလိုက်သည်။
ထိုစဉ်မှာပင် အမျိုးသမီး သုံးဦးသည် တတိယထပ်မှ ဆင်းလာကြရာ သူနှင့် ထိပ်တိုက် တိုးလေတော့သည်။
"ဟေး... အကုန်အဆင်ပြေသွားပြီလား"
လီဝမ်ရှီးသည် ခဲခဲလေးကို ချီထားရင်း ရွှီရှင်းကို မြင်သည်နှင့် အပြေးအလွှား ရောက်လာကာ "တည်နေရာကူးပြောင်းစက် တွေ စတင်ဖန်တီးတော့မှာလား" ဟု မေးလိုက်၏။
"အီးးး"
လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် ငြိမ်နေသော ခဲခဲလေးသည် ရုတ်တရက် ရုန်းထွက်ကာ ရွှီရှင်းအနားသို့ ပြေးသွားပြီး သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။
ထို့နောက် မျက်ရည်ဝိုင်းနေသော မျက်လုံးလေးများဖြင့် သူ၏လက်မောင်းကို ဖက်တွယ်ထားရင်း "အီးးး..." ဟု တိုးတိုးလေး ညည်းတွားနေရှာသည်။
"...မင်းတို့ ခဲခဲလေးကို ဘာလုပ်လိုက်ကြတာလဲ"
ရွှီရှင်းသည် ခဲခဲလေး ဤမျှအထိ စိတ်မကောင်းဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
သူသည် ကောင်မလေး၏ ခေါင်းကို ပုတ်ပေးရင်း သူတို့ သုံးယောက်ကို နားမလည်နိုင်စွာ မော့ကြည့်လိုက်မိ၏။
"အဲဒါကတော့..."
လီဝမ်ရှီးသည် သူမအနောက်က အမျိုးသမီး နှစ်ဦးကို အားနာသလို လှည့်ကြည့်လိုက်သည်။
လုဖေးအာနှင့် လီယာကျွင်းတို့ နှစ်ဦးစလုံးမှာလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ထားကြချေပြီ။
ရွှီရှင်းမှာ ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။
ဤအမျိုးသမီး နှစ်ဦးမှာ ခဲခဲလေးကို အတင်းအကျပ် ပွတ်သပ်ချင်ကြသဖြင့် ခဲခဲလေးမှာ ရုန်းမထွက်နိုင်ဘဲ အနိုင်ကျင့်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
"သူတို့က ခဲခဲလေးကို ရုတ်တရက် ဝိုင်းအုံပြီး ကိုင်ကြတာလေ၊ ငါလည်း အချိန်မီ မတားလိုက်နိုင်ဘူး..."
လီဝမ်ရှီးက ခဲခဲလေး၏ အမွှေးလေးများကို ပွတ်သပ်ပေးရင်း "ကဲပါ ခဲခဲလေးရယ်... ငါ့အမှားပါ" ဟု ချော့မော့လိုက်ရှာသည်။
"အီးးး... အီးးး"
ထိုအမျိုးသမီး နှစ်ဦး အနားတိုးလာသည်ကို မြင်သောအခါ ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်ပြီး သူတို့ကို သွားလေးများဖြဲကာ ခြိမ်းခြောက်လေတော့သည်။
"ငါရှိနေသရွေ့တော့ သူတို့ မင်းကို လာမထိစေရပါဘူး"
ရွှီရှင်းက ခဲခဲလေး၏ ခေါင်းလုံးလုံးလေးကို ပုတ်၍ အားပေးလိုက်၏။
"အီးးး..."
ခဲခဲလေးက မျက်နှာလွှဲလိုက်ပြီး သူတို့ကို လုံးဝ ပြန်မကြည့်တော့ပေ။
"ဒါနဲ့... ရှင် တည်နေရာကူးပြောင်းစက် တွေစလုပ်တော့မှာလား"
လီဝမ်ရှီးသည် အနေခက်နေသဖြင့် အကြောင်းအရာကို အမြန် ပြောင်းလိုက်သည်။
သူမသည် ရွှီရှင်း၏ အဂ္ဂိရတ်ခန်းကို ကြည့်ချင်နေသည်မှာ ကြာပြီ မဟုတ်ပါလား။
ရွှီရှင်း ခဏမျှ စဉ်းစားကြည့်လိုက်ရာ ဘာမှ ပြဿနာမရှိဟု ခံစားရ၏။
အဂ္ဂိရတ်ခန်းအတွင်း၌ အဂ္ဂိရတ်ပေါင်းစပ်စင် နှင့် ဆိုင်းဘုတ်တစ်ခုမှလွဲ၍ ထူးထူးခြားခြား ဘာမှမရှိသလို၊ အဂ္ဂိရတ်ဖန်တီးခြင်းသည်လည်း အနုပညာဖန်တီးမှုကဲ့သို့ စိတ်အပြည့်အဝ နစ်ဝင်သွားရခြင်းမျိုး မဟုတ်ပေ။
ဒါ့အပြင် သူ့တွင်ရှိသော အဂ္ဂိရတ်စွမ်းရည် မပါဘဲနှင့် သူတို့လည်း ထိုစင်ကို အသုံးပြုနိုင်မည် မဟုတ်ပါချေ။
နောက်ပြီး ဤနေရာတွင် ရှိနေသူအားလုံးမှာ နောင်တစ်ချိန်တွင် ဤတည်နေရာကူးပြောင်းစက်များကို အသုံးပြုကြမည့်သူများသာ ဖြစ်သည်။
"လာကြလေ... ငါ အခုပဲ တည်နေရာကူးပြောင်းစက်တွေကို ဖန်တီးတော့မှာ"
ထိုစကားကို ကြားလိုက်ရသဖြင့် လုဖေးအာ၏ မျက်လုံးများ ချက်ချင်း ဝင်းခနဲ ဖြစ်သွားသည်။
သူမသည် ဒီနေ့တစ်နေကုန် သစ်ပင်အိမ်အတွင်း လှည့်ပတ်ကြည့်ချင်နေသော်လည်း မီမီ၏ တင်းကျပ်စွာ စောင့်ကြည့်မှုကြောင့် လှေကားပေါ်သို့ပင် တက်ခွင့်မရခဲ့ပေ။
ယခုမူ လီဝမ်ရှီးကြောင့် သူမပါ ကံကောင်းထောက်မစွာဖြင့် သစ်ပင်အိမ်ကို စနစ်တကျ လေ့လာခွင့် ရတော့မည် ဖြစ်သည်။
ခုနက လီဝမ်ရှီးနှင့် စကားပြောရာမှ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို သူမ သိရှိခဲ့ရပြီ ဖြစ်သည်။
ဤလီဝမ်ရှီးမှာ နောင်တစ်ချိန်တွင် သူမ၏ "သခင်မလေး" ဖြစ်လာနိုင်သဖြင့် သူမအနေဖြင့် ဖားထားရန် လိုအပ်ပေသည်။
ရွှီရှင်းကတော့ ဖျောင်းဖျ၍မရဘဲ သူမ၏ အားနည်းချက်ကိုသာ အမြဲ ခြိမ်းခြောက်နေသဖြင့် သူမသည် လီဝမ်ရှီးဘက်ကိုသာ အာရုံလှည့်ရပေတော့မည်။
အကယ်၍ သူမသည် လီဝမ်ရှီးနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားနိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် ဤကျွန်ဘဝမှ မလွတ်မြောက်နိုင်စေကာမူ "သခင်မလေး" က သူမဘက်က ရှိနေပေးမည်ဖြစ်ရာ ရွှီရှင်းအနေဖြင့် သူမကို စိတ်တိုင်းကျ ဘာမှ လုပ်ဝံ့တော့မည် မဟုတ်ပေ။
သို့သော်လည်း လီဝမ်ရှီးမှာမူ သူမအပေါ် သတိထားနေဆဲဖြစ်ပုံရသည်။
ဖြစ်နိုင်သည်မှာ အစပိုင်းက သူမ ရွှီရှင်းကို သတ်ရန် ကြိုးစားခဲ့သည့်ကိစ္စကြောင့် လီဝမ်ရှီး၏ ရင်ထဲတွင် ဆူးတစ်ချောင်းအဖြစ် ကျန်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကိစ္စမရှိချေ၊ သူမသည် လိမ္မာတဲ့ မိန်းကလေး အဖြစ် သရုပ်ဆောင်ရာတွင် အတော်ဆုံးဖြစ်သလို၊ လူတွေ၏ ယုံကြည်မှုကို ရယူရန်မှာလည်း သူမအတွက်တော့ အသေးအဖွဲပင်။
သူမသည် ဤကမ္ဘာသို့ မရောက်မချင်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်လုံးလုံး ဤကဲ့သို့ပင် ဟန်ဆောင်နေထိုင်ခဲ့သူ မဟုတ်ပါလား။
"ဟိုလေ... တည်နေရာကူးပြောင်းစက်ဆိုတာက ဘာကြီးလဲဟင်"
လုဖေးအာက လီဝမ်ရှီး၏ အင်္ကျီစကို အသာအယာ ဆွဲကာ လေသံလေးဖြင့် မေးလိုက်ရှာသည်။
"ရွှီရှင်း လုပ်ပြီးသွားရင် နင် သိမှာပါ"
လီဝမ်ရှီးက လျှို့ဝှက်စွာ ရယ်မောလိုက်၏။
ရွှီရှင်း တည်နေရာကူးပြောင်းစက်ကို ပထမဆုံး စတင်ဖန်တီးနိုင်စဉ်က စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်အားလုံး ဘယ်လောက်အထိ ရူးသွပ်သွားကြသည်ကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
လေးယောက်သား ရွှီရှင်း၏ အဂ္ဂိရတ်ခန်းအတွင်းသို့ ဝင်ရောက်လိုက်ကြရာ၊ ရိုးရှင်းလှသော အခန်းမြင်ကွင်းကြောင့် အမျိုးသမီး သုံးဦးစလုံး အနည်းငယ် စိတ်ပျက်သွားကြ၏။
ရွှီရှင်းသည် အဂ္ဂိရတ်ပေါင်းစပ်စင်သို့ လျှောက်သွားကာ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး တည်နေရာကူးပြောင်းစက်ကို ရွေးချယ်လိုက်သည်။
"ဪ... ဒီအဂ္ဂိရတ်ပေါင်းစပ်စင်က ကြည့်ရတာ ထူးဆန်းတာကလွဲရင် ကျန်တဲ့ အလုပ်ရုံစင်တွေနဲ့ သိပ်မခြားနားပါလား"
လီဝမ်ရှီးက အနည်းငယ် စိတ်ပျက်သွားမိသည်။
သူမ ထင်ထားခဲ့သည်မှာ ချီရွှယ်ဖေး၏ ဆေးခန်းကဲ့သို့ စမ်းသပ်ကိရိယာများဖြင့် ပြည့်နှက်နေမည်ဟု ဖြစ်၏။
"ငါက အစ်မရွှယ်ဖေးလိုမျိုး ဖော်မြူလာတွေကို သေသေချာချာ သုတေသန လုပ်နေရတာမှ မဟုတ်တာ"
ရွှီရှင်းက ပုခုံးတွန့်ပြလိုက်ရင်း "ဒါပေမဲ့ နောင်ကျရင်တော့ ငါလည်း ပိုပြီး အဆင့်မြင့်တဲ့ ဖော်မြူလာတွေကို သုတေသန လုပ်ရမှာပဲ။ အဲဒီအချိန်ကျရင်တော့ တကယ့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်နဲ့ တူလာမှာပါ" ဟု ဆိုလိုက်သည်။
"ဟီးဟီး... ဒါဆိုရင်တော့ ရှင် တကယ့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာမယ့်နေ့ကို ကျွန်မ စောင့်နေပါ့မယ်"
ရွှီရှင်း ကုန်ကြမ်းများကို စစ်ဆေးကြည့်လိုက်၏။
လီဝမ်ရှီး လွှဲပေးထားသော ကုန်ကြမ်းများသည် တည်နေရာကူးပြောင်းစက် နှစ်ခုစာအတွက် လုံလောက်လှသည်။
ပြင်ဆင်မှုများ ပြီးစီးသွားသောအခါ သူသည် တည်နေရာကူးပြောင်းစက်ဖန်တီးရန် ချက်ချင်းပင် နှိပ်လိုက်တော့သည်။
[တည်နေရာကူးပြောင်းစက် (အပြာရောင်အဆင့်) ကို ဖန်တီးတော့မည်၊ အောင်မြင်မှုနှုန်း ၈၈% (၅၀% + ၃၈%)၊ ဆက်လက်လုပ်ဆောင်မလား]
ရွှီရှင်း အသက်ကို ဝဝရှူလိုက်ပြီး "လုပ်မည်" ကို နှိပ်လိုက်၏။
[တည်နေရာကူးပြောင်းစက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါသည်]
အောင်မြင်သွားပြီ။
"ဘုန်း"
ကျယ်လောင်သော အသံကြီးနှင့်အတူ၊ အလုပ်ရုံစင်ထက် များစွာ လေးလံလှသည့် သတ္တုချပ်ဝိုင်းကြီးတစ်ခုသည် သစ်ပင်အိမ်ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားတော့သည်။
"အီးးး"
ခဲခဲလေးမှာ နောက်တစ်ကြိမ် လန့်သွားပြန်၏။
သူမသည် ဤကဲ့သို့ အဆက်မပြတ် လန့်နေရသည်ကို ထပ်မံသည်းမခံနိုင်တော့သဖြင့် ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ အပြင်ဘက်သို့ ပြေးထွက်သွားပြီး မီမီနှင့် ငွေရောင်ဘုရင်တို့ကို သွားရောက် တိုင်တောလေတော့သည်။
"ဒါ... ဒါက တည်နေရာကူးပြောင်းစက်လား"
ရွှီရှင်းသည် ခဲခဲလေးကို လွှတ်ထားလိုက်ပြီး မြေပြင်ပေါ်ရှိ အချင်း နှစ်မီတာနှင့် အထူ မီတာဝက်ခန့်ရှိသော လေးလံသည့် သတ္တုချပ်ဝိုင်းကြီးကို စူးစမ်းလိုသော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။
ဤတည်နေရာကူးပြောင်းစက်မှာ သူ စိတ်ကူးထားခဲ့သည်နှင့် များစွာ ကွဲပြားနေသည် မဟုတ်ပါလား။
"ဟေး ဟိုမှာကြည့်ဦး၊ အဲဒီပေါ်မှာ အပြောင်းအလဲတွေ ဖြစ်လာပြီ"
လီဝမ်ရှီးက တည်နေရာကူးပြောင်းစက်ကို လက်ညှိုးညွှန်ပြရင်း အံ့သြတကြီး အော်လိုက်သည်။
လေးလံလှသော သတ္တုချပ်ဝိုင်းကြီးပေါ်တွင် ပုံသဏ္ဌာန်နှင့် အရောင်အသွေးများ စတင်ပြောင်းလဲလာချေပြီ။
သတ္တုချပ်ဝိုင်း၏ အလယ်ဗဟိုတွင် သတ္တုမျက်နှာပြင်မှာ အပေါ်သို့ ဖောင်းတက်လာပြီး လူတိုင်းနှင့် ရင်းနှီးနေသော ပုံစံတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
"ဒါ... ဒါက ငါတို့ အခုရှိနေတဲ့ သစ်ပင်အိမ် မဟုတ်လား"
လုဖေးအာလည်း များစွာ အံ့သြသွားရသည်။
သူမသည် မနေ့ညက ဘေးက ကပ်ပါးအိမ်ပြတင်းပေါက်မှနေ၍ ဤသစ်ပင်အိမ်ကို တစိမ့်စိမ့် ကြည့်နေခဲ့ရသဖြင့် ဤပုံစံကို အလွန်ပင် ရင်းနှီးနေခြင်း ဖြစ်၏။
"ဪ... ဒါတွေက ဘေးနားက ကပ်ပါးသစ်ပင်အိမ်တွေ ဖြစ်ရမယ်နော်"
လီဝမ်ရှီးက ဘေးနားက ညောင်ပင်အသစ် နှစ်ပင်ကို လက်ညှိုးညွှန်ပြကာ အံ့သြနေပြန်သည်။
မကြာမီမှာပင် သတ္တုချပ်ဝိုင်းကြီးမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီး၊ သစ်ပင်အိမ်နှင့် ပတ်ဝန်းကျင်ရှိ ခြောက်သွေ့နေသော တောအုပ်မြင်ကွင်းကို သုံးဖက်မြင်ပုံစံဖြင့် ပြသနေတော့သည်။
၎င်းမှာ သစ်ပင်အိမ်၏ ပတ်ပတ်လည် မီတာရာဂဏန်းအတွင်းရှိ ဧရိယာကို ပြသနေသည့် သုံးဖက်မြင် မြေပုံချပ်ဝိုင်းကြီး တစ်ခုနှင့်ပင် တူလှပေသည်။
တည်နေရာကူးပြောင်းစက်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ၎င်းမှာ သုံးဖက်မြင် မြေပုံချပ်ဝိုင်းကြီး တစ်ခုပင် ဖြစ်၏။
ရွှီရှင်းသည် ထိုမြေပုံချပ်ဝိုင်းကို လက်ဖြင့် လှမ်းထိကြည့်လိုက်သည်။
[တည်နေရာကူးပြောင်းစက် (အပြာရောင်အဆင့်) (အမည်မပေးရသေး): ပြန့်ပြူးသော မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို ထားရှိနိုင်ပါသည်။ ဖန်တီးသူ၏ ခွင့်ပြုချက်ဖြင့် မည်သည့် မဟာမိတ် သို့မဟုတ် ကြားနေယူနစ်များမဆို တည်နေရာကူးပြောင်းစက်များအကြား နေရာကူးပြောင်း နိုင်ပါသည်။]
[တည်နေရာကူးပြောင်းစက် ကို အမည်ပြောင်းလဲပြီး အသက်သွင်း လိုပါသလား။ အသက်သွင်းပြီးပါက အမည်ကို ပြောင်းလဲနိုင်သော်လည်း တည်နေရာကိုမူ ပြောင်းလဲ၍ ရမည်မဟုတ်ပါ။]
အသက်မသွင်းခင် အရင်ဆုံး နာမည်ပေးရမှာလား...။
ဪ... ဟုတ်သားပဲ၊ တည်နေရာကူးပြောင်းစက် တွေက အချင်းချင်း နေရာကူးပြောင်းနိုင်တာဆိုတော့ နာမည်မရှိရင် ဘယ်နေရာကို ကူးရမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။
ရွှီရှင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် တည်နေရာကူးပြောင်းစက် ကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်၏။
"ဟင် ဘာလို့ ပြန်သိမ်းလိုက်တာလဲ"
လီဝမ်ရှီးမှာ သုံးဖက်မြင် မြေပုံကြီးကို အားရပါးရ ကြည့်နေဆဲဖြစ်ရာ တည်နေရာကူးပြောင်းစက် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ကြောင်သွားရရှာသည်။
"တည်နေရာကူးပြောင်းစက် ကို ဒီအခန်းထဲမှာပဲ ထားရမှာလား"
ရွှီရှင်းက ဘာမှမတတ်နိုင်သလို မေးလိုက်၏။
"အင်း... ဟုတ်သားပဲနော်"
လီဝမ်ရှီးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ ဘယ်မှာ ထားသင့်လဲ။ အကယ်၍ သစ်ပင်အိမ်ထဲမှာ ထားရင်... လူတိုင်း ငါ့အိမ်ထဲကို တန်းပြီး ရောက်လာမှာကို ငါ မလိုချင်ဘူး။ ဒါပေမဲ့ အပြင်မှာ ထားရင်ကော အလွယ်တကူ ဖျက်ဆီးခံရနိုင်မလား" ဟု စိုးရိမ်တကြီး ပြောလိုက်သည်။
ဒါဟာ တကယ့် ပြဿနာပင် သို့သော် အပြင်မှာပဲ ထားရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။
ဤတည်နေရာကူးပြောင်းစက် မှာ အတော်လေး ကြီးမားသဖြင့် သစ်ပင်အိမ်အတွင်း၌ ထားပါက နေရာအလွန်ယူပေလိမ့်မည်။
ထို့အပြင် ၎င်းတွင် အုပ်စုလိုက် နေရာကူးပြောင်းနိုင်စွမ်း ရှိပုံရရာ၊ လူအုပ်ကြီး တစ်ခါတည်း ရောက်လာပါက သစ်ပင်အိမ်မှာ လူအများကြီးကို လက်ခံရန် မသင့်တော်ပါချေ။
သို့သော် တည်နေရာကူးပြောင်းစက် မှာ အလွယ်တကူ ပျက်စီးနိုင်မည့်ပုံ မပေါ်ပေ။
အနည်းဆုံးတော့ သစ်ပင်အိမ်ထက် ပို၍ ခိုင်ခံ့မည့်ပုံ ရှိနေသဖြင့် ယေဘုယျအားဖြင့်တော့ ပြဿနာမရှိနိုင်ပေ။
ရွှီရှင်းမှာ ထွက်ခွာရန် အလောတကြီး မရှိသေးပေ။
သူ့တွင် ကုန်ကြမ်း နောက်ထပ် တစ်စုံ ကျန်နေသေးသဖြင့် တည်နေရာကူးပြောင်းစက် ဖန်တီးရန် နောက်တစ်ကြိမ် ထပ်မံ နှိပ်လိုက်ပြန်သည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ နောက်ထပ် တည်နေရာကူးပြောင်းစက် သူတို့ရှေ့တွင် ပေါ်လာပြန်၏။
"ဒီတစ်ခုကိုတော့ ငါ့ရဲ့ သစ်ပင်အိမ်နားမှာ ထားရမှာပေါ့"
လီဝမ်ရှီးက ထိုအရာကို လက်ဖြင့် လှမ်းထိကြည့်လိုက်သည်။
ရွှီရှင်းသည် သူ၏နာရီကို ဖွင့်ကာ အရောင်းအဝယ်ပလက်ဖောင်းသို့ ဝင်ရောက်လိုက်ပြီး တည်နေရာကူးပြောင်းစက် ကို ရွေးချယ်လိုက်၏။
သူသည် ဤတည်နေရာကူးပြောင်းစက် ကို ပလက်ဖောင်းမှတစ်ဆင့် အခြားသူများထံ တိုက်ရိုက် လွှဲပြောင်းပေးနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် ကျိချောင်းယန်သည် သစ်ပင်အိမ်သို့ ရောက်ရှိနေပြီဖြစ်ရာ အရောင်းအဝယ် လုပ်ရန် အဆင်သင့် ဖြစ်နေပေလိမ့်မည်။
ရွှီရှင်းသည် ကျိချောင်းယန်ထံသို့ အရောင်းအဝယ် ကမ်းလှမ်းချက် ပို့လိုက်၏။
စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ဖက်မှ လက်ခံလိုက်သဖြင့် မြေပြင်ပေါ်ရှိ တည်နေရာကူးပြောင်းစက် မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"အရောင်းအဝယ် လုပ်လို့ရတယ်ဟ"
ရွှီရှင်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး ကျိချောင်းယန်ထံသို့ အသံဖြင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
"မြန်မြန် စမ်းကြည့်လိုက်ဦး၊ ဒီတည်နေရာကူးပြောင်းစက် ကို မင်း ထိန်းချုပ်လို့ ရမရဆိုတာလေ၊ အကယ်၍ ရမယ်ဆိုရင်..."
"ရရင်တော့ တကယ့်ကို ကောင်းမှာပဲ"
ကျိချောင်းယန်က ရွှီရှင်း ပြောချင်သည်ကို သိနေသော်လည်း၊ တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာမူ စိတ်ပျက်စရာပင် ဖြစ်နေသည်။
"ဒါပေမဲ့ ငါ ထိန်းချုပ်လို့ မရဘူးဗျ။ ဖန်တီးသူကပဲ တည်နေရာကူးပြောင်းစက် ရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲနိုင်ပြီး အသက်သွင်းနိုင်တယ်လို့ သတိပေးချက် တက်နေတယ်"
"...ဟုတ်ပြီ"
ကြည့်ရသည်မှာ သူ အများကြီး တွေးမိသွားခြင်း ဖြစ်ပုံရပေသည်။
သူ မျှော်လင့်ထားခဲ့သည်မှာ တည်နေရာကူးပြောင်းစက် ကို အခြားသူများထံ လွှဲပေးလိုက်ပြီး တစ်ဖက်လူက တိုက်ရိုက် အသက်သွင်းလိုက်ပါက သူ ချက်ချင်း နေရာကူးပြောင်းသွားနိုင်ရန် ဖြစ်သည်။
သို့သော်လည်း အရာရာမှာ ထိုမျှအထိ မလွယ်ကူလှပေ။
တည်နေရာကူးပြောင်းစက် ကို လွှဲပေးလိုက်နိုင်သော်လည်း သူကိုယ်တိုင် ထိုနေရာတွင် မရှိပါက အသက်သွင်း၍ မရနိုင်ချေ။
ဆိုလိုသည်မှာ ၎င်းမှာ ဘာမှ အသုံးမဝင်သော သတ္တုတုံးကြီးတစ်ခုကို ဟိုဘက်ပို့လိုက်သလိုသာ ဖြစ်နေတော့သည်။
သို့သော်လည်း နောင်တွင် တည်နေရာကူးပြောင်းစက် များ အားလုံးကို တပ်ဆင်ပြီးသွားပါက၊ သူသည် ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမတည်နေရာကူးပြောင်းစက် များကို အသက်သွင်းနိုင်သူ ဖြစ်လာမည်ဖြစ်ရာ သူ ရောက်ဖူးသည့် နေရာတိုင်းဆီသို့ လူတွေကို ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။
"မင်းနဲ့ လီဝမ်ရှီးရဲ့ သစ်ပင်အိမ်တွေကို အရင်ဆုံး ချိတ်ဆက်လိုက်သင့်တယ်နော်၊ မင်း သူမကို အိမ်ပြန်ပို့ပေးရမှာ မဟုတ်လား" ဟု ကျိချောင်းယန်က ပြောလိုက်ပြီး တည်နေရာကူးပြောင်းစက် ကို ရွှီရှင်းထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သည်။
"ဟုတ်တယ်၊ အရောင်းအဝယ်နဲ့ မရမှတော့ ငါကိုယ်တိုင် သွားပို့ပေးရမှာပေါ့"
ဖုန်းချပြီးနောက် ရွှီရှင်းသည် တည်နေရာကူးပြောင်းစက် များကို သိမ်းဆည်းလိုက်ပြီး စူးစမ်းလိုစိတ် ပြင်းပြနေသော အမျိုးသမီး သုံးဦးနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
သူသည် နှလုံးသားအပင် ၏ အကာအကွယ်ပေးထားသော ဧရိယာအတွင်းမှ နေရာတစ်ခုကို ရွေးချယ်လိုက်၏။
နှလုံးသားအပင် ရှိနေသရွေ့ တည်နေရာကူးပြောင်းစက် ပျက်စီးမှာကိုလည်း အကာအကွယ်ပေးနိုင်သလို နေရာကူးပြောင်းလာမည့်သူများကိုလည်း ဘေးကင်းစေမည် မဟုတ်ပါလား။
ရွှီရှင်းသည် တည်နေရာကူးပြောင်းစက် ကို ထိုနေရာတွင် ထားရှိလိုက်ပြီး ၎င်းအား ရွှီရှင်း၏ သစ်ပင်အိမ် ဟု ယာယီ အမည်ပေးလိုက်သည်။
လောလောဆယ်တွင်တော့ ရိုးရိုးရှင်းရှင်း အမည်ပေးထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
နောက်ကျမှ အမည်ကို ပြန်ပြောင်းလို့ ရသည် မဟုတ်ပါလား။
"ဂျောက်"
သူတို့ အားလုံး စောင့်ကြည့်နေစဉ်မှာပင် ချပ်ဝိုင်းကြီး၏ အစွန်းပိုင်းမှ လက်မောင်းခန့်ရှိသော သတ္တုတိုင် ငါးတိုင်သည် အပေါ်သို့ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်မီတာခန့် အမြင့်ရောက်သောအခါ ရပ်တန့်သွားတော့သည်။
"ဒီတည်နေရာကူးပြောင်းစက် က ကြည့်ရတာ တော်တော် ကောင်း တာပဲနော်..."
လီဝမ်ရှီး မျက်လုံးများ ပြူးလျက် ထိုအပြောင်းအလဲကို ငေးကြည့်နေမိ၏။
ရွှီရှင်း သတိထားမိလိုက်သည်မှာ ချပ်ဝိုင်း၏ အောက်ခြေမှ သတ္တုချွန်များ ထွက်ပေါ်လာပြီး မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားကာ တည်နေရာကူးပြောင်းစက် တစ်ခုလုံးကို မြဲမြံစွာ ခိုင်ခန့်စေခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အပေါ်ဘက်က သတ္တုတိုင်များမှ ခရမ်းနက်ရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာချေပြီ။
"ခရမ်းနက်ရောင်ပါလား"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် ဤအရောင်ကို ဒီနေ့မှ မြင်ဖူးခြင်း ဖြစ်ပေသည်။
ဒါဟာ နေရာကူးပြောင်းနိုင်စွမ်းရှိတဲ့ ဟို ခရမ်းနက်ရောင် ဝဲဂယက်ကြီးရဲ့ အရောင်နဲ့ အလွန်ပင် ဆင်တူလှပေသည်။
သေချာပါသည်၊ တည်နေရာကူးပြောင်းစက် ရဲ့ စွမ်းအင်ဟာ ထိုခရမ်းနက်ရောင် ဝဲဂယက်ရဲ့ စွမ်းအင်နဲ့ အတူတူပင် ဖြစ်ရပေမည်။
အကုန်လုံးက တူညီတဲ့ ခရမ်းနက်ရောင် စွမ်းအင်တွေပါလား။
အခုတော့ ကျန်တဲ့ တည်နေရာကူးပြောင်းစက် တစ်ခုကို လီဝမ်ရှီးရဲ့ သစ်ပင်အိမ်ဆီ သွားပို့ပြီး၊ နေရာနှစ်ခုကို အမှန်တကယ် ချိတ်ဆက်ရမည့် အချိန်ပင် ဖြစ်ပေသည်။
အခန်း ၂၉၆ ပြီး။
အခန်း (၂၉၇) - ပထမဆုံးအကြိမ် နေရာကူးပြောင်းခြင်း
လီဝမ်ရှီးသည် ချပ်ဝိုင်းကြီး၏ အစွန်းရှိ အပေါ်သို့ ထွက်ပေါ်နေသော သတ္တုတိုင်များကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကိုင်ကြည့်လိုက်ရာ၊ ခရမ်းရောင် စွမ်းအင်များမှာ ခဏမျှ လှိုင်းထသွားသော်လည်း အခြား ဘာမှ ထူးခြားမလာခဲ့ပေ။
"ကဲ... ဒီမှာ အားလုံး အဆင်ပြေသွားပြီဆိုတော့၊ အခု မင်းရဲ့ သစ်ပင်အိမ်ကို ပြန်ပို့ပေးမယ်"
ထိုအချိန်တွင် နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ လုံးဝ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ညနေ ငါးနာရီကျော်ရုံသာ ရှိသေးသော်လည်း ပတ်ဝန်းကျင်မှာ ညအခါသို့ ကူးပြောင်းသွားခဲ့ချေပြီ။
"လုဖေးအာ... နင့်ရဲ့ အင်အားချည့်နဲ့တဲ့ ကာလက ပြီးသွားပြီ မဟုတ်လား"
ရွှီရှင်းက လုဖေးအာကို လှမ်းကြည့်လိုက်သည်။
သူမ၏ ရပ်ပုံရပ်နည်းနှင့် လမ်းလျှောက်ပုံမှာ လွန်ခဲ့သော မိနစ်အနည်းငယ်ကနှင့် မတူဘဲ လုံးဝ ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်၏။
"ဒါဆိုရင်တော့ နင့်ရဲ့ ကပ်ပါးသစ်ပင်အိမ်ကို ပြန်တော့၊ ငါတို့တွေ သွားတော့မယ်"
"ဟင် ဟုတ်ကဲ့ပါ..."
လုဖေးအာသည် လီဝမ်ရှီးရှေ့တွင် လိမ်လိမ်မာမာ နေရန် ဆုံးဖြတ်ထားသဖြင့် ခေါင်းညိတ် သဘောတူလိုက်ရှာသည်။
သို့သော် သူမ ချက်ချင်း ထွက်မသွားသေးပေ။
မြေပြင်ပေါ်ရှိ တည်နေရာကူးပြောင်းစက်ကို ကြည့်ကာ မအောင့်နိုင်ဘဲ မေးလိုက်မိ၏။
"ဟိုလေ... ကျွန်မကို ပြောပြလို့ ရမလားဟင်၊ ဒီသတ္တုချပ်ဝိုင်း မြေပုံကြီးက တကယ်တော့ ဘာအတွက် သုံးတာလဲ"
သူမသည် ထိုချပ်ဝိုင်းကြီးကို အလွန်ပင် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
"ကျွန်မလည်း သိချင်တယ်..."
လီယာကျွင်းကလည်း လေသံတိုးတိုးလေးဖြင့် ဝင်ပြောလိုက်၏။
"ဪ... နင်တို့ ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"
လီဝမ်ရှီးက သတ္တုတိုင်ကို ပုတ်ပြရင်း လက်ပိုက်လျက် ရယ်မောလိုက်သည်။
"ဒါက နေရာကူးပြောင်းတဲ့ တံခါး လေ"
"နေရာကူးပြောင်းတဲ့ တံခါး..."
လုဖေးအာနှင့် လီယာကျွင်းတို့ နှစ်ဦးစလုံး မျက်လုံးများ ပြူးသွားကြတော့သည်။
"ဟုတ်တယ်၊ ဒါက နေရာကူးပြောင်းတဲ့ တံခါးပဲ။ ရှင်ကျန်သူတွေဟာ ဒီလို စက်နှစ်ခုကြားမှာ ဘယ်ကိုမဆို နေရာကူးပြောင်းသွားလို့ ရတယ်။ အခု နောက်ထပ် စက်တစ်ခုကို ငါ့အိမ်မှာ သွားထားမှာ"
လီဝမ်ရှီးက သူတို့ကို တည်နေရာကူးပြောင်းစက်အကြောင်း ရှင်းပြလိုက်ပြီးနောက် လုဖေးအာဘက်သို့ လှည့်ကာ "ဖေးအာ... မနက်ဖြန်ကျရင် ငါတို့ဆီမှာ နင့်ရဲ့ အကူအညီ လိုလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီနေရာကူးပြောင်းစက်ကို သုံးရမှာပဲ" ဟု ဆိုလိုက်သည်။
လီဝမ်ရှီး ပြောသော အကူအညီဆိုသည်မှာ မားဟုန်ဝေနှင့် ပတ်သက်နေသည်မှာ သေချာလှသည်။
ဒါပေမဲ့... ဖေးအာ ဟုတ်လား။
ဘယ်အချိန်ကတည်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ။
အမျိုးသမီးများကြားက ဆက်ဆံရေးကို နားလည်ရသည်မှာ တကယ်ကို ခေါင်းရှုပ်စရာပင်။
"အကူအညီလား။ကျွန်မကလား"
လုဖေးအာက မယုံနိုင်သည့် မျက်နှာထားဖြင့် မိမိကိုယ်ကိုယ် ပြန်ညွှန်ပြကာ အံ့သြဝမ်းသာ ဖြစ်သွားရ၏။
"ဘယ်လို အကူအညီမျိုးလဲဟင်"
သူမသည် အမှန်တကယ် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
အကယ်၍ လီဝမ်ရှီးရှိရာသို့ သွားရမည်ဆိုပါက သူမနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရန် အခွင့်ကောင်းကြီး မဟုတ်ပါလား။
"နင်က ငါ့ကို ကူညီရမှာပါ၊ ပြန်ရောက်မှ ငါ အသေးစိတ် ရှင်းပြမယ်။ အခုတော့ နင့်အိမ်ကို အရင်ပြန်တော့၊ ငါ သူတို့ကို ပို့ရဦးမယ်"
ရွှီရှင်းက လုဖေးအာကို လက်ဝှေ့ယမ်း ပြလိုက်၏။
"ဪ... ဟုတ်ကဲ့၊ ဟုတ်ကဲ့..."
လုဖေးအာ ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်မှာ မြဲမြံစွာ တပ်ဆင်ထားသည့် သတ္တုချပ်ဝိုင်းကြီးကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ကာ၊ လီဝမ်ရှီးနှင့် လီယာကျွင်းတို့ကို နှုတ်ဆက်ပြီး သူမ၏ အိမ်သို့ ပြန်သွားတော့သည်။
"အာဖု"
ရွှီရှင်းက သစ်ပင်အိမ်အောက်မှာ တွဲလောင်းခိုနေသော အာဖုကို လှမ်းခေါ်လိုက်သည်။
အာဖုက အသံတိုးတိုးလေးပြုကာ အောက်သို့ ပျံဆင်းလာခဲ့၏။
"ဝါး လင်းနို့ကြီးပါလား"
လီဝမ်ရှီး လန့်သွားရ၏။
သစ်ပင်အောက်မှာ တွဲလောင်းခိုနေသော ဧရာမ လင်းနို့ကြီးကို သူမ သတိမထားမိခဲ့သည် မဟုတ်ပါလား။
"ရှင် လင်းနို့တစ်ကောင်တောင် မွေးထားတာလား"
လီယာကျွင်းသည်လည်း အာဖုကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိ၏။
၎င်းမှာ သူမ ပထမဆုံးအကြိမ် မြင်ဖူးသော လင်းနို့ကြီးဖြစ်ရာ လက်ဖြင့် လှမ်းထိကြည့်ချင်စိတ်ပင် ပေါက်နေတော့သည်။
"ဟုတ်တယ်၊ သူ့နာမည်က အာဖုတဲ့။ အာဖု... လုဖေးအာကို သေသေချာချာ စောင့်ကြည့်ထားဦးနော်"
ရွှီရှင်းသည် လုဖေးအာ အင်အားပြန်ပြည့်လာသဖြင့် စိတ်မချနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။
အာဖုက တစ်ချက် အော်လိုက်ပြီး တောင်ပံများကို ခတ်လျက် လုဖေးအာ၏ အိမ်ရှိရာသို့ ပျံသန်းသွားတော့သည်။
"ကဲ... နင်တို့ နှစ်ယောက်လုံးကို ပြန်ပို့ရမယ့် အချိန်ရောက်ပြီ"
"အင်း... ဟုတ်တာပေါ့၊ ကျွန်မတို့ အိမ်နှစ်ခုကို မြန်မြန် ချိတ်ဆက်လိုက်ကြရအောင်။ ရှင့်ရဲ့ အိမ်နီးနားချင်း ဖြစ်ရမှာကို ကျွန်မ မစောင့်နိုင်တော့ဘူး"
လီဝမ်ရှီးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်၏။
ရွှီရှင်းက အမျိုးသမီး နှစ်ဦးကို သစ်ပင်အိမ်အောက်သို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်တွင် ငွေရောင်ဘုရင်မှာ ထောင့်တစ်နေရာ၌ အနားယူနေချေပြီ။
အစောပိုင်းက ထူးခြားသော နယ်မြေဒဏ်ကို ခံခဲ့ရသော်လည်း ၎င်းမှာ ပင်ပန်းနွမ်းနယ်ပုံမပေါ်ဘဲ အင်အားအပြည့် ရှိနေပုံရသည်။
"ငွေရောင်ဘုရင်... သွားကြစို့၊ သူတို့ကို ပြန်ပို့ပေးရမယ်"
ငွေရောင်ဘုရင်နှင့် မီမီတို့ ဘေးတွင် ကပ်နေသော ခဲခဲလေးသည် ရွှီရှင်း အပြင်ထွက်တော့မည်ကို မြင်သည်နှင့် သူ၏ ပုခုံးပေါ်သို့ ချက်ချင်း ခုန်တက်လိုက်တော့သည်။
မီမီပင်လျှင် မတ်တတ်ရပ်လိုက်၏။
မီမီသည် တစ်နေကုန် အိမ်ထဲမှာပဲ နေခဲ့ရသဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှား လုပ်ချင်နေပုံရသည်။
"ငါ့အိမ်က တော်တော်ဝေးတယ်နော် မီမီ"
ရွှီရှင်း စကားမပြောရသေးမီမှာပင် လီဝမ်ရှီးက ရှေ့တိုးလာကာ မီမီ၏ ခေါင်းကို ပုတ်ရန် ကြိုးစားလိုက်သော်လည်း၊ မီမီက ခေါင်းကို အသာအယာ လွှဲကာ လိမ္မာပါးနပ်စွာ ရှောင်လိုက်သည်။
သို့သော်လည်း လီဝမ်ရှီးမှာ စိတ်မဆိုးဘဲ ပြုံးလျက် - "ငါရှိတဲ့နေရာက တကယ် ဝေးတာ။ နေရာကူးပြောင်းစက်နဲ့ ချိတ်ဆက်ပြီးသွားရင်တော့ နင့်ကို ငါ အဲဒီဆီ ခေါ်သွားမယ်၊ ဟုတ်ပြီလား"
အမှန်တကယ်ပင် ထိုအကွာအဝေးမှာ ငွေရောင်ဘုရင်အတွက် ဘာမှမဟုတ်သော်လည်း မီမီအတွက်မူ တောင့်ခံနိုင်မည် မဟုတ်ပေ။
မီမီသည် သူနှင့် လီဝမ်ရှီး အိမ်ကြားက အိမ်ငယ်လေးသို့ပင် မရောက်ခင်မှာတင် အမောဆို့နေခဲ့သည် မဟုတ်ပါလား။
"မြောင်..."
မီမီသည် အနည်းငယ် မကျေနပ်သော အမူအရာဖြင့် အော်လိုက်ပြီး ပြန်လှဲနေလိုက်တော့သည်။
"သူက နင့်စကားကို နားထောင်သားပဲ။နင်တို့တွေ ဒီလောက်မြန်မြန် ရင်းနှီးသွားကြတာလား"
ရွှီရှင်း အနည်းငယ် အံ့သြသွားမိသည်။
ဒီနေ့မှ စတွေ့တာကို မီမီက လီဝမ်ရှီးကို အရေးပေးနေသည် မဟုတ်ပါလား။
"ဟီးဟီး... ရှင် အနုပညာတွေ ဖန်တီးနေတုန်းမှာ ငါတို့တွေ တော်တော်လေး ရင်းနှီးသွားကြတာလေ၊ ဟုတ်တယ်မလား မီမီ"
"မြောင်..."
မီမီက မျက်နှာလွှဲလိုက်ပြီး သူမကို ပြန်မကြည့်တော့ပေ။
"ဟားဟား... သူက နင့်ကို ဂရုမစိုက်တော့ဘူး"
ရွှီရှင်း မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
"သူက နည်းနည်း မာနကြီးတာပါ၊ လာ... သွားကြစို့!"
သစ်ပင်အိမ်မှ ဆင်းလာပြီးနောက် လူသုံးယောက်နှင့် သားရဲတစ်ကောင်သည် ငွေရောင်ဘုရင်၏ ကျောပေါ်သို့ တက်လိုက်ကြပြီး လီဝမ်ရှီး၏ သစ်ပင်အိမ်ရှိရာသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
"ငါတို့ သွားပြီနော်၊ မနက်ဖြန်မှ တွေ့မယ်"
လီဝမ်ရှီးသည် ကပ်ပါးသစ်ပင်အိမ်ဘေးမှ ဖြတ်သွားစဉ် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
လုဖေးအာသည် ပြတင်းပေါက်မှ ချက်ချင်း ခေါင်းပြူထွက်လာပြီး "ဘိုင့်ဘိုင့်... မနက်ဖြန်မှ တွေ့မယ်နော်" ဟု ပြန်နှုတ်ဆက်ရှာသည်။
လီယာကျွင်းသည်လည်း "နှုတ်ဆက်ပါတယ်" ဟု လက်ယမ်းပြခဲ့၏။
"နင်နဲ့ လုဖေးအာရဲ့ ဆက်ဆံရေးက ဒီလောက်အထိ တိုးတက်သွားတာလား"
ရွှီရှင်း မမေးဘဲ မနေနိုင်တော့ပေ။
"ပြုံးနေတဲ့သူကိုတော့ ဘယ်သူမှ လက်သီးနဲ့ မထိုးဘူးလေ"
လီဝမ်ရှီးက ရွှီရှင်း၏ ခါးကို ဖက်ထားရင်း ပြောလိုက်သည်။
"သူမက တကယ့်ကို နှိမ့်ချစွာ ပြုမူနေတာပါ၊ ပြီးတော့ ရှင့်ရဲ့ စာချုပ်ကြောင့်လည်း သူမ ဘာမှ လုပ်လို့မရတော့ဘူးဆိုတော့၊ သူမအပေါ် အေးစက်စက် ဆက်ဆံနေစရာ မလိုတော့ပါဘူး"
---
အခန်း ၂၉၇ ပြီး။