← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈) - ပထမဆုံးအကြိမ် နေရာကူးပြောင်းခြင်း (၂)

"ကျွန်မကတော့ သူမက တော်တော်လေး သဘောကောင်းတယ်လို့ ထင်နေတာ..."

လီယာကျွင်းသည် လုဖေးအာ အရင်က ဘာတွေလုပ်ခဲ့သလဲဆိုသည်ကို မသိဘဲ သူမ၏ ဟန်ဆောင်ကောင်းလှသော လိမ္မာသည့်မိန်းကလေး ပုံစံအောက်တွင် အယုံသွင်းခံလိုက်ရချေပြီ။

"အီးးး"

ခဲခဲလေးက အသံပြုလိုက်ပြီး ရွှီရှင်း၏ ရင်ခွင်ထဲတွင် လူးလွန့်လျက် သူမ၏ လက်သည်းလေးများဖြင့် ရွှီရှင်းကို အမူအရာပြနေတော့သည်။

ထိုမိန်းမသည် လုံးဝ မကောင်းကြောင်းနှင့် သူမအား အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းမှာ ခွင့်မလွှတ်နိုင်စရာ ဖြစ်ကြောင်း တိုင်တောနေခြင်းပင်။

ရွှီရှင်း ခေါင်းခါယမ်းလိုက်မိ၏။

လုဖေးအာ၏ အရည်အချင်းနှင့်ဆိုလျှင် သူမသာ တစ်စုံတစ်ယောက်နှင့် အဆင်ပြေအောင် နေချင်သည်ဆိုပါက ၎င်းမှာ အလွန်လွယ်ကူလှပေသည်။

ခဲခဲလေးကို အနိုင်ကျင့်သည့် ကိစ္စမှာလည်း အမျိုးသမီး နှစ်ဦးနှင့် ဆက်ဆံရေးကောင်းအောင် တမင်တကာ ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ထားလိုက်ပါတော့လေ..။

သူသည် ထိုကိစ္စများတွင် ဝင်မပါရန် ဆုံးဖြတ်လိုက်၏။

အမျိုးသမီးများကြားက ရှုပ်ထွေးလှသော ဆက်ဆံရေးများကို ဖြေရှင်းရန် သူ ပျင်းရိလှပေသည်။

လီဝမ်ရှီးသည်လည်း လူအတစ်ယောက် မဟုတ်သဖြင့် သူ ဝင်မရှုပ်ဘဲနှင့်လည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် သူတို့သည် ကီလိုမီတာ နှစ်ဆယ်ကျော် ခရီးကို ဖြတ်ကျော်ကာ လီဝမ်ရှီး၏ သစ်ပင်အိမ်အောက်သို့ ရောက်ရှိလာခဲ့ကြသည်။

"အင်း... ဒီနေရာမှာပဲ ထားလိုက်ရအောင်"

လီဝမ်ရှီးက သူမ၏ သစ်ပင်အိမ်နှင့် မီတာငါးဆယ်၊ ခြောက်ဆယ်ခန့် အကွာအဝေးရှိ နေရာတစ်ခုကို ညွှန်ပြလိုက်၏။

"ဒီမှာထားတာက ပိုပြီးတော့ သင့်တော်တယ်။ သစ်ပင်အိမ်ရဲ့ မြှားပစ်စက် အကာအကွယ် ဧရိယာထဲမှာလည်း ရှိနေတော့၊ တစ်စုံတစ်ယောက်က မကောင်းတဲ့စိတ်နဲ့ လာဖျက်ဆီးမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

"ကောင်းပြီလေ"

ရွှီရှင်းသည် ထိုနေရာတွင် တည်နေရာကူးပြောင်းစက်ကို ချက်ချင်း ချထားလိုက်ပြီး လီဝမ်ရှီး၏ သစ်ပင်အိမ် ဟု အမည်ပေးကာ အသက်သွင်းလိုက်တော့သည်။

စက်အတွင်းမှ "ဂျောက်" ခနဲ အသံထွက်ပေါ်လာပြီး အောက်ခြေမှ သတ္တုချွန်များ ထွက်ပေါ်လာကာ မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး စက်ကို မြဲမြံစေခဲ့၏။

တစ်ချိန်တည်းမှာပင် ချပ်ဝိုင်း၏ အစွန်းပိုင်းမှ သတ္တုတိုင် ငါးတိုင်မှာလည်း အပေါ်သို့ မြင့်တက်လာချေပြီ။

ထိုအခိုက်၌ ချပ်ဝိုင်းမျက်နှာပြင်ရှိ သတ္တုများမှာ တွန့်လိမ်လှုပ်ရှားလာပြီး ပတ်ဝန်းကျင် မြင်ကွင်းနှင့် မြေပုံကို တဖြည်းဖြည်း ပုံဖော်လာတော့သည်။

လီဝမ်ရှီး၏ သစ်ပင်အိမ်ဘေးရှိ တောင်ကုန်းငယ်များနှင့် မညီမညာသော မြေမျက်နှာသွင်ပြင်များကိုပါ ချပ်ဝိုင်းပေါ်တွင် အထင်အရှား မြင်တွေ့နေရ၏။

သတ္တုတိုင် ငါးတိုင်ပေါ်တွင် ခရမ်းနက်ရောင် အလင်းတန်းများ လင်းလက်လာခြင်းမှာ တည်နေရာကူးပြောင်းစက် အပြည့်အဝ အသက်ဝင်သွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။

"ပြီးပြီ ငါ စမ်းကြည့်လိုက်ဦးမယ်"

လီဝမ်ရှီးက စိတ်လှုပ်ရှားစွာဖြင့် စက်ကို လှမ်းကိုင်ကြည့်လိုက်သည်။

ရွှီရှင်း သူမကို မတားဆီးခဲ့ပေ။

သူသည် ဤစက်ကို ထိန်းချုပ်နိုင်မှန်း သေချာနေသလို၊ သူကိုယ်တိုင်မဟုတ်ဘဲ အခြားသူများ နေရာကူးပြောင်းသည့်အခါ မည်သို့ဖြစ်မည်ကိုလည်း သိချင်နေသောကြောင့် ဖြစ်၏။

"ဟင် ဒါက..."

လီဝမ်ရှီးသည် စက်ကို ကိုင်လိုက်သော်လည်း ဇဝေဇဝါ ဖြစ်သွားပုံရသည်။

"ဒါကို သုံးဖို့ ငါ့မှာ အခွင့်အာဏာ မရှိဘူးလို့ ပေါ်နေတယ်။ ယာကျွင်း... နင်လည်း စမ်းကြည့်ပါဦး"

လီယာကျွင်းသည်လည်း စက်ကို ကိုင်ကြည့်သော်လည်း ခေါင်းခါယမ်းလိုက်မိ၏။

"ကျွန်မလည်း သုံးလို့မရဘူးရှင့်၊ အခွင့်အာဏာ မရှိဘူးလို့ပဲ ပေါ်နေတယ်"

"ကြည့်ဦး ရွှီရှင်း... လာကြည့်ပေးပါဦး။ ငါ နေရာကူးပြောင်းကြည့်ချင်လို့ပါ"

လီဝမ်ရှီးက ရွှီရှင်း၏ လက်ကို ဆုပ်ကိုင်ကာ သူ့ကို မော့ကြည့်ရင်း ပူဆာနေတော့သည်။

"အင်းပါ၊ အင်းပါ"

ရွှီရှင်းသည် တည်နေရာကူးပြောင်းစက်၏ ဖော်ပြချက်ကို ပြန်လည်သတိရလိုက်မိသည်။

မဟာမိတ်များနှင့် ကြားနေယူနစ်များ သုံးနိုင်သော်လည်း ဖန်တီးသူ၏ ခွင့်ပြုချက် ရမှသာ သုံးနိုင်ခြင်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ ဖန်တီးသူဖြစ်သော သူက ခွင့်ပြုမိန့် ပေးရန် လိုအပ်သည် မဟုတ်ပါလား။

ထို့နောက် သူသည် စက်ကို လက်ဖြင့် လှမ်းထိလိုက်၏။

[ ၂၃ ကီလိုမီတာ အကွာတွင် အခြား တည်နေရာကူးပြောင်းစက် "ရွှီရှင်း၏ သစ်ပင်အိမ်" ကို စစ်ဆေးတွေ့ရှိရပါသည်။ ချိတ်ဆက်မလား]

သူက "လုပ်မည်" ကို ရွေးချယ်လိုက်သည့် ခဏမှာပင်၊ တည်နေရာကူးပြောင်းစက်မှာ တုံ့ပြန်လာပြီး သတ္တုတိုင်ငါးတိုင်အနက် မှိန်ဖျော့ဖျော့ လင်းနေသော တိုင်တစ်တိုင်မှာ ရုတ်တရက် အလင်းများ ပိုမိုတောက်ပလာကာ အခြားတိုင်များမှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

ဆက်လက်၍ ထိုတိုင်၏ ရှေ့တည့်တည့်တွင် ခရမ်းနက်ရောင် စွမ်းအင်များ စုစည်းလာပြီး ဖြည်းညှင်းစွာ စတင် လည်ပတ်လာချေပြီ။

"ဒါက..."

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိပြီး အမျိုးသမီး နှစ်ဦးကို အနောက်သို့ နှစ်လှမ်းခန့် ဆွဲခေါ်သွားလိုက်သည်။

"ဝါး တကယ့်ကို နေရာကူးပြောင်းတဲ့ တံခါးကြီး ဖြစ်ပေါ်လာသလိုပဲနော်"

လီဝမ်ရှီးသည် ဝဲဂယက်သဖွယ် လည်ပတ်နေသော ခရမ်းရောင် စွမ်းအင်များကို ကြည့်ကာ စိတ်လှုပ်ရှားလွန်းသဖြင့် ရင်တွေပင် ခုန်နေချေပြီ။

ခရမ်းနက်ရောင် စွမ်းအင်များသည် တဖြည်းဖြည်း အခြေတည်လာပြီး ရွှီရှင်းအတွက် အလွန်ရင်းနှီးနေသော ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းမှာ... ခရမ်းနက်ရောင် ဝဲဂယက်ကြီးပင်။

အချင်း နှစ်မီတာခန့်ရှိသော ခရမ်းနက်ရောင် ဝဲဂယက်ကြီးတစ်ခု။

ကြည့်ရသည်မှာ ဤတည်နေရာကူးပြောင်းစက်သည် လူများကို သယ်ဆောင်ရန်အတွက် ခရမ်းနက်ရောင် ဝဲဂယက်တစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပေလိမ့်မည်။

ဒါဆို ဝဲဂယက်ကို လူသားတွေက ဖန်တီးလို့ ရနေတာပေါ့..။

အကယ်၍ ဆားတွင်းဂူထဲက ခရမ်းနက်ရောင် ဝဲဂယက်မှာ ဘီလူးကြီး၏ အသိစိတ်က ဖန်တီးခဲ့ခြင်းဆိုလျှင် မိုးရာသီက လေဆင်နှာမောင်း ဗဟိုချက်က ဝဲဂယက်ကိုရော ဘယ်သူက ဖန်တီးခဲ့တာလဲ။

ပြီးတော့ ဤစက်က ဖန်တီးလိုက်တဲ့ ဝဲဂယက်ဟာလည်း လေဆင်နှာမောင်း ဗဟိုချက်က ဝဲဂယက်လိုမျိုး ကောင်းကင်အထိ ရောက်နိုင်တဲ့ ဧရာမ လေဝဲကြီးတွေကို ဖန်တီးနိုင်လောက်တဲ့ အထိ ပြင်းထန်တဲ့ စွမ်းအင်တွေ ရှိနေမှာလား။

ဖြစ်နိုင်ခြေတော့ နည်းလှပေသည်။

အရောင်ကို ကြည့်ခြင်းအားဖြင့် လေဆင်နှာမောင်း ဗဟိုချက်က ဝဲဂယက်မှာ အနက်ရောင်နီးပါး ရှိသော်လည်း ယခု သူ၏ စက်မှ ဖန်တီးလိုက်သော ဝဲဂယက်မှာမူ ခရမ်းရောင်ဘက်သို့ ပိုနွယ်နေသည်။

ထို့ကြောင့် ထိုလေဆင်နှာမောင်း ဗဟိုချက်က ဝဲဂယက်တွင် ပါဝင်သော စွမ်းအင်မှာ ယခုရှေ့မှ ဝဲဂယက်ထက် များစွာ ပိုမိုကြီးမားပေလိမ့်မည်။

လီဝမ်ရှီးသည် စူးစမ်းလိုစိတ်ဖြင့် လက်လှမ်းရန် ပြင်လိုက်သည်ကို မြင်သောအခါ ရွှီရှင်းက ချက်ချင်းပင် တားမြစ်လိုက်၏။

"သွားမထိနဲ့ဦး၊ ငါ ခွင့်ပြုချက် မပေးရသေးဘူး။ ဘာဖြစ်လာမလဲ မသိနိုင်ဘူး"

ရွှီရှင်းက လီဝမ်ရှီးကို အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။

"ဪ... အင်းပါ"

လီဝမ်ရှီး ခေါင်းညိတ်လိုက်ရင်း "ဒါဆို... ငါက ဘယ်လိုလုပ်ရင် ခွင့်ပြုချက် ရမှာလဲ" ဟု မေးလိုက်၏။

"ငါလည်း မသေချာသေးဘူး၊ ခဏလောက် လေ့လာကြည့်ပါရစေဦး။ နင်နဲ့ လီယာကျွင်းတို့ အရင်သွားပြီး သူမရဲ့ သစ်ပင်အိမ်ကို သွားစိုက်လိုက်ကြဦးလေ"

ရွှီရှင်းက ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်နေသော လီယာကျွင်းကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်သားပဲ၊ ယာကျွင်း... သွားကြစို့"

လီဝမ်ရှီးသည် လီယာကျွင်း၏ သစ်ပင်အိမ်ကိစ္စကို မေ့လုနီးပါး ဖြစ်သွားသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကုတ်ကာ၊ လီယာကျွင်းကို အမြန်ဆွဲ၍ သစ်ပင်အိမ် သွားစိုက်ရန် ထွက်ခွာသွားကြတော့သည်။

ရွှီရှင်းသည် ခရမ်းနက်ရောင် ဝဲဂယက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။

သူ အသက်ကို ဝဝရှူလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ လက်ကို လှမ်းလိုက်သည်။

"အီးးး"

ရွှီရှင်း၏ ပုခုံးပေါ်တွင် ရှိနေသော ခဲခဲလေးသည် ရုတ်တရက် အောက်သို့ ခုန်ဆင်းသွားပြီး၊ ငွေရောင်ဘုရင်၏ ခြေထောက်ကို ဆွဲကာ မီတာအနည်းငယ် အကွာသို့ ဆွဲခေါ်သွားတော့သည်။

"ဝူးးး"

ငွေရောင်ဘုရင်က ဇဝေဇဝါဖြင့် အော်လိုက်သော်လည်း ခဲခဲလေးနောက်သို့ လိုက်ကာ အနောက်သို့ ဆုတ်ပေးလိုက်ရှာသည်။

"...ဘာဖြစ်လို့လဲ ခဲခဲလေး။ အန္တရာယ်ရှိတယ်လို့ ခံစားရလို့လား"

ရွှီရှင်းက မီတာအနည်းငယ် အကွာတွင် ပုန်းနေသော ခဲခဲလေးကို လှည့်မေးလိုက်၏။

"အီးးး... အီးးး"

ခဲခဲလေးက သူမ၏ ခေါင်းလုံးလုံးလေးကို ညိတ်ပြရင်း ဝဲဂယက်ကြီးကို ကြောက်လန့်တကြား လှမ်းကြည့်ကာ၊ ထို့နောက်တွင်မူ လီဝမ်ရှီးတို့နောက်သို့ ပြေးလိုက်သွားတော့သည်။

ခဲခဲလေး ဤကဲ့သို့ ပြေးထွက်သွားခြင်းမှာ ကြီးမားသော အန္တရာယ်ရှိနေကြောင်း ပြသနေခြင်းပင်။

ကြည့်ရသည်မှာ သူ၏ ခွင့်ပြုချက် မရှိဘဲ တစ်စုံတစ်ယောက်က ဤဝဲဂယက်ကို သွားထိမိပါက မကောင်းသော ကိစ္စတစ်ခုခု ဖြစ်လာနိုင်ပေသည်။

ရွှီရှင်း အချိန်မဆွဲတော့ဘဲ ခရမ်းနက်ရောင် ဝဲဂယက်ကို တိုက်ရိုက် လှမ်းထိလိုက်တော့၏။

ခဏချင်းမှာပင် ပြင်းထန်လှသော ဆွဲအားတစ်ခုက သူ့ကို ရှေ့သို့ ဆွဲခေါ်သွားသဖြင့် သူ ယိုင်သွားရပြီး၊ မြင်ကွင်းတစ်ခုလုံးမှာ ခရမ်းနက်ရောင်များအဖြစ် ပြောင်းလဲသွားတော့သည်။

သူသည် ခေါင်းထဲတွင် မူးနောက်သွားပြီးနောက် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားသကဲ့သို့ အလေးချိန်မဲ့သွားသည့် ခံစားချက်ကြီးက သူ့ကို လွှမ်းမိုးသွားတော့၏။

ဤခံစားချက်မှာ အလွန်ပင် ရင်းနှီးလှပေသည်။

ထိုအလေးချိန်မဲ့သည့် ခံစားချက်မှာ နှစ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။

မြင်ကွင်းမှာ ပြန်လည် လင်းထိန်လာပြီး သူသည် မြေပြင်ပေါ်တွင် ပြန်လည် ရပ်တည်နိုင်သွားသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ပြင်းထန်သော မူးဝေမှုကို ခံစားလိုက်ရပြီး၊ ခြေထောက်များမှာ အင်အားချည့်နဲ့သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

တကယ်ပါပဲ... ဒီရင်းနှီးနေတဲ့ ခံစားချက်ကြီးက...။

ဒါဟာ ဆားတွင်းဂူထဲက ခရမ်းနက်ရောင် ဝဲဂယက်ရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရစဉ်က ခံစားချက်နဲ့ တစ်ပုံစံတည်း မဟုတ်ပါလား။

ရွှီရှင်းသည် သူ၏ မအီမသာ ဖြစ်မှုကို အနိုင်နိုင် ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ မျှော်လင့်ထားသည့်အတိုင်းပင် သူသည် သူ၏ သစ်ပင်အိမ်အနီးရှိ တည်နေရာကူးပြောင်းစက်ဘေးတွင် ပြန်လည် ရောက်ရှိနေခြင်း ဖြစ်ပေသည်။

သူ၏ နောက်ကွယ်ရှိ သတ္တုချပ်ဝိုင်း၏ အပေါ်တည့်တည့်တွင်မူ၊ ပိုမိုကြီးမားသော ခရမ်းနက်ရောင် ဝဲဂယက်ကြီးတစ်ခုသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ပျောက်ကွယ်သွားမည့် အရိပ်အယောင် လုံးဝ မရှိဘဲ တည်ငြိမ်စွာ ရှိနေလေ၏။

---

အခန်း ၂၉၈ ပြီး။

အခန်း (၂၉၉) - နေရာကူးပြောင်းလက်ပတ် နှင့် ရှုပ်ထွေးလှသော ကူးပြောင်းခြင်းလုပ်ဆောင်ချက်

ထွက်ပေါက်၏ ပုံသဏ္ဌာန်မှာ ဝင်ပေါက်ဖြစ်သော ဝဲဂယက်နှင့် များစွာ ကွဲပြားလှပေသည်။

ဝင်ပေါက်မှာ သတ္တုတိုင်ငါးတိုင်အနက် တစ်တိုင်၏ ရှေ့တည့်တည့်တွင် တံခါးတစ်ခုအလား ပေါ်ပေါက်ခဲ့ခြင်းဖြစ်သော်လည်း ထွက်ပေါက်မှာမူ တည်နေရာကူးပြောင်းစက် တစ်ခုလုံး၏ အပေါ်တည့်တည့် လေဟာနယ်ထဲတွင် ဟိုလေဆင်နှာမောင်းထဲက ခရမ်းနက်ရောင် ဝဲဂယက်ကြီးကဲ့သို့ပင် တွဲလောင်းဖြစ်ပေါ်နေခြင်း ဖြစ်၏။

ရွှီရှင်းသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ အန်ချင်စိတ်ကို အသည်းအသန် အောင့်ထားရရှာသည်။

ယခုတစ်ကြိမ် နေရာကူးပြောင်းမှုမှာ ဆားတွင်းဂူတုန်းကထက် စက္ကန့်အနည်းငယ်မျှ ပိုမိုမြန်ဆန်ခဲ့သလို၊ မူးဝေမှုမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သဖြင့် အရင်တစ်ခါကဲ့သို့ မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားခြင်းမျိုးတော့ မရှိခဲ့ပေ။

သို့သော်လည်း အမှန်တကယ်ပင် မအီမသာ ဖြစ်နေရဆဲပင်။

"တကယ်ပဲ နေရာကူးပြောင်းလာလို့ ရတာပဲ"

ရွှီရှင်း၏ အနောက်ဘက်မှ လုဖေးအာ၏ အံ့သြတကြီး အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"...နင့်ကို ငါ အိမ်ပြန်တော့လို့ ပြောမထားဘူးလား"

ရွှီရှင်းသည် သူမရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

သူ အမြန်မလှည့်ဝံ့ခြင်းမှာ ယခုလက်ရှိ အခြေအနေတွင် ခေါင်းကို ဇွတ်လှည့်လိုက်ပါက မူးဝေမှုကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။

နေရာကူးပြောင်းခြင်း၏ ထွက်ပေါက်ဘေးကင်းရေးမှာ အလွန်ပင် အရေးကြီးလှပေသည်။

သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့်ပင် နေရာကူးပြောင်းပြီးချိန်၌ ခေါင်းမူးကာ ခြေထောက်များ အင်အားချည့်နဲ့နေသဖြင့် တိုက်ခိုက်ရေးစွမ်းရည် တစ်ဝက်ကျော်ကို ဆုံးရှုံးနေရသည်မဟုတ်ပါလား၊ အခြားသူများဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။

သာမန်လူအများစုမှာ နေရာကူးပြောင်းမှုကို ကြုံတွေ့ပြီးပါက၊ သူနှင့် ကျိချောင်းယန်တို့ ဆားတွင်းဂူထဲမှာ ဖြစ်ခဲ့သကဲ့သို့ မြေပြင်ပေါ်တွင် အကြာကြီး ခွေလဲနေကြရပြီးမှသာ ပြန်လည် မတ်တတ်ရပ်နိုင်ကြပေလိမ့်မည်။

ဒါဟာ အတော်လေး စိုးရိမ်စရာ ကောင်းလှသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဤထွက်ပေါက်နားတွင် အကွက်ချ ချောင်းမြောင်း တိုက်ခိုက်မည်ဆိုပါက ဘယ်လိုမှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။

ကြည့်ရသည်မှာ ဤနေရာကူးပြောင်းခြင်း တံခါးမှာလည်း အန္တရာယ်ကင်းလှသည်တော့ မဟုတ်ပေ။

သို့သော်လည်း အကြိမ်ကြိမ် နေရာကူးပြောင်းပြီး အသားကျသွားပါက ခံစားချက်မှာ အနည်းငယ် လျော့ပါးသွားနိုင်မလားဟု သူ တွေးမိသည်။

တိုက်လေယာဉ် မောင်းနှင်သူများမှာ တွဲလောင်းခုန်ခြင်း သို့မဟုတ် ရိုလာကိုစတာ စီးခြင်းများတွင် ဘာမှမခံစားရသလိုပေါ့။

လုဖေးအာကမူ သူ၏ ခန္ဓာကိုယ် မူမမှန်ဖြစ်နေသည်ကို သတိမပြုမိဘဲ တည်နေရာကူးပြောင်းစက်ကိုသာ လှည့်ပတ်ကြည့်နေ၏။

"ကျွန်မ ပြတင်းပေါက်ကနေ အာဖုနဲ့ စကားပြောနေတုန်းမှာ အောက်က ဒီစက်ကြီးက ရုတ်တရက် ခရမ်းရောင်အလင်းတွေ လင်းလာတာလေ။ ပြီးတော့ ဧရာမ ဝဲဂယက်ကြီး တစ်ခု ပေါ်လာတာနဲ့ ကျွန်မလည်း ဘာလဲဆိုတာ သိချင်လို့ ဆင်းကြည့်တာပေါ့"

အာဖုနဲ့ စကားပြောတယ် ဟုတ်လား။

နင်တစ်ယောက်တည်း အာဖုကို လိုက်နှောင့်ယှက်နေတာ နေမှာပါ။

သို့သော်လည်း...

"နင် အစအဆုံး မြင်လိုက်တာလား။ ဘာတွေဖြစ်ခဲ့လဲ ငါ့ကို ပြန်ပြောပြဦး"

ရွှီရှင်းက သူ၏ နားထင်ကို အသာအယာ ဖိနှိပ်ရင်း မေးလိုက်သည်။

"...ရှင့်ကြည့်ရတာ သိပ်နေမကောင်းသလိုပဲနော်"

လုဖေးအာက သူ့ကိုကြည့်ကာ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း "ရှင့်မျက်နှာက အရမ်းဖြူဖျော့နေတာပဲ။ အခုချိန်ဆို ကျွန်မ ရှင့်ကို အနိုင်တိုက်လို့ ရမယ့်ပုံပဲ"

"စမ်းကြည့်ချင်ရင်တော့ ကြည့်လိုက်လေ"

ရွှီရှင်းက သူမကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကောက်ဝတ်က လက်ပတ်ကို မြှောက်ပြလိုက်၏။

"...ရှင်ကတော့ အမြဲတမ်း အဲဒီ အမှိုက်လို ပစ္စည်းနဲ့ပဲ ခြိမ်းခြောက်နေတော့တာပဲ။ တစ်နေ့ကျရင် အဲဒါကို ရိုက်ခွဲပစ်မယ်။"

လုဖေးအာက သွားကြိတ်လျက် သူ့ကို စိုက်ကြည့်နေတော့သည်။

"အချိန်မဖြုန်းဘဲ ငါ့မေးခွန်းကို မြန်မြန်ဖြေစမ်း"

"ဪ... ထွေထွေထူးထူးတော့ မရှိပါဘူး။ ဟို သံမဏိတိုင် ငါးတိုင်က ရုတ်တရက် လင်းလာပြီးတော့၊ အဲဒီက ခရမ်းနက်ရောင် စွမ်းအင်တွေက ချပ်ဝိုင်းအပေါ်မှာ စုစည်းသွားပြီး ဝဲဂယက်ကြီး ဖြစ်လာတာပဲ။ ပြီးတော့... ရှင်က အဲဒီထဲကနေ ပြုတ်ကျလာတာလေ"

လုဖေးအာ၏ ဖော်ပြချက်မှာ အတော်လေး ရှင်းလင်းလှသဖြင့် ရွှီရှင်း ထိုမြင်ကွင်းကို ပုံဖော်ကြည့်လိုက်မိသည်။

ဖြစ်နိုင်တာက...

ရုတ်တရက် တည်နေရာကူးပြောင်းစက် အပေါ်က ခရမ်းနက်ရောင် ဝဲဂယက်မှာ ပိုမိုမြန်ဆန်စွာ လည်ပတ်လာချေပြီ။

ရွှီရှင်းနှင့် လုဖေးအာတို့ စောင့်ကြည့်နေစဉ်မှာပင် ထိုဝဲဂယက်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ငါးပိုင်းကွဲကာ သံမဏိတိုင် ငါးတိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

တည်နေရာကူးပြောင်းစက်မှာလည်း သံမဏိတိုင် ငါးတိုင် ဝန်းရံထားသော သုံးဖက် မြေပုံတစ်ခုအဖြစ် ပြန်လည် ငြိမ်သက်သွားခဲ့ချေပြီ။

ကြည့်ရသည်မှာ အသုံးမပြုဘဲ အချိန်အတန်ကြာပါက ဤနေရာကူးပြောင်းခြင်း တံခါးမှာ အလိုအလျောက် ပိတ်သွားပုံရပေသည်။

တကယ့်ကို အသုံးဝင်လှသော လုပ်ဆောင်ချက်ပင်။

သို့သော်လည်း အခြားသူများအား ဤစက်အသုံးပြုခွင့်ကို ဘယ်လိုပေးရမလဲမသိပေ။

ရွှီရှင်းသည် စက်ကို နောက်တစ်ကြိမ် လှမ်းထိကြည့်လိုက်သည်။

[၂၃ ကီလိုမီတာ အကွာတွင် [လီဝမ်ရှီး၏ သစ်ပင်အိမ်] မှ အခြား တည်နေရာကူးပြောင်းစက်ကို စစ်ဆေးတွေ့ရှိရပါသည်။ ချိတ်ဆက်မလား]

စက်မှာတော့ ချိတ်ဆက်မှုအကြောင်းသာ ပေါ်နေသေးပြီး အခြားသူများကို အသုံးပြုခွင့်ပေးမည့် လုပ်ဆောင်ချက် မရှိသေးပေ။

သစ်ပင်အိမ်ကနေတစ်ဆင့် ထိန်းချုပ်ရတာမျိုးလား။

ရွှီရှင်း ချက်ချင်းပင် သူ၏ နာရီကိုဖွင့်ကာ အဂ္ဂိရတ် ကဏ္ဍထဲတွင် ရှာဖွေကြည့်လိုက်ရာ၊ မျှော်လင့်ထားသည့်အတိုင်းပင် တည်နေရာကူးပြောင်းစက် နှစ်ခုကို တပ်ဆင်ပြီးနောက်တွင် နေရာကူးပြောင်းလက်ပတ် ဆိုသည့် ပုံစံသစ်တစ်ခု ပေါ်ထွက်လာချေပြီ။

[နေရာကူးပြောင်းလက်ပတ် (အစိမ်းရောင်အဆင့်): ကိုင်ဆောင်သူသည် တည်နေရာကူးပြောင်းစက်ကို ဖန်တီးသူကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် တည်နေရာကူးပြောင်းစက်များတွင် သတ်မှတ်ထားပြီးသား ခရီးစဉ်များသို့သာ ကူးပြောင်းနိုင်မည်ဖြစ်ပြီး၊ စက်၏ ဂုဏ်သတ္တိများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ လက်ပတ်ကို ကိုင်ဆောင်သူ၏ အမည်ဖြင့် တိုက်ရိုက် ချည်နှောင်ထားမည်ဖြစ်ရာ အခြားသူများ လက်ထဲတွင် အလုပ်လုပ်မည် မဟုတ်ပါ။ လိုအပ်သော ကုန်ကြမ်း: သံတုံး (အစိမ်းရောင်အဆင့်) ၁]

အစိမ်းရောင်အဆင့် သံတုံးတစ်တုံးတည်းနဲ့ နေရာကူးပြောင်းလက်ပတ်ကို လုပ်လို့ရတာလား။

ဒီလက်ပတ်ရှိတဲ့သူဟာ တည်နေရာကူးပြောင်းစက်ကို အသုံးပြုနိုင်မှာပေါ့။

ဒါဟာ တကယ့်ကို ကောင်းမွန်လှပေသည်။

ရှင်ကျန်သူ၏ အမည်ကိုပါ ထွင်းထုရမည်ဖြစ်သဖြင့် အခြားသူများ အသုံးပြုခြင်းနှင့် ရန်သူများ၏ လက်ထဲ ရောက်ရှိသွားမည့် အန္တရာယ်ကိုပါ တားဆီးပေးနိုင်သည် မဟုတ်ပါလား။

ဤနေရာကူးပြောင်းလက်ပတ်မှာ အဂ္ဂိရတ် ကဏ္ဍထဲက ပုံစံတစ်ခုဖြစ်သဖြင့် အဂ္ဂိရတ်ပေါင်းစပ်စင် မလိုဘဲ ဖန်တီးနိုင်ပေသည်။

ရွှီရှင်းသည် ထိုနေရာမှာတင် ချက်ချင်း ဖန်တီးရန် ရွေးချယ်လိုက်၏။

[လက်ပတ်ပိုင်ရှင်၏ အမည်ကို အတည်ပြုပေးပါ]

သတိပေးချက် ထွက်ပေါ်လာသဖြင့် ရွှီရှင်းသည် လက်ပတ်ပိုင်ရှင်အဖြစ် လီဝမ်ရှီးကို ချက်ချင်း အတည်ပြုလိုက်တော့သည်။

ထို့နောက်တွင်မူ သူ၏ လက်ထဲ၌ ပေါ့ပါးလှသော သံတုံးပြားလေးတစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းပေါ်တွင် လီဝမ်ရှီး ဟူသော အမည်ကို လှပသော စာလုံးများဖြင့် ထွင်းထုထားပြီး၊ သူမနှင့် ၈၀ ရာခိုင်နှုန်းခန့် တူညီလှသော ပုံတူလေးတစ်ခုပင် ပါရှိနေသေးသည်။

ဤလက်ပတ်မှာ ကိုင်ဆောင်သူနှင့် တိုက်ရိုက် ချည်နှောင်ထားခြင်း ဖြစ်ပေသည်။

"အဲဒါ ဘာကြီးလဲ"

ရွှီရှင်း တစ်ခုခုလုပ်နေသည်ကို မြင်သောအခါ လုဖေးအာက အနားသို့ တိုး၍ ကြည့်လိုက်သည်။

ရွှီရှင်းက လက်ပတ်ကို ချက်ချင်းပင် သိမ်းဆည်းလိုက်၏။

"ဘာလို့ ကျွန်မကို မပြတာလဲ၊ ကျွန်မက ရှင့်နဲ့ စာချုပ်ချုပ်ထားတာလေ။ ကျိုးကြောင်းဆီလျော်အောင် ပြောရရင် ကျွန်မက ရှင့်ရဲ့ တစ်ဦးတည်းသော အတည်ပြုထားတဲ့ အဖော်ပဲ မဟုတ်ဘူးလား"

လုဖေးအာက မကျေမနပ်ဖြစ်သွားသော်လည်း လုယူဝံ့ခြင်းမရှိသဖြင့် ထိုနေရာမှာတင် နှုတ်ခမ်းစူကာ ညည်းတွားနေတော့သည်။

ရွှီရှင်းကတော့ နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ရုံမှလွဲ၍ ဘာမှ ပြန်မပြောခဲ့ပေ။

---

အခန်း ၂၉၉ ပြီး။

အခန်း (၃၀၀) - နေရာကူးပြောင်းလက်ပတ် နှင့် ရှုပ်ထွေးလှသော ကူးပြောင်းခြင်းလုပ်ဆောင်ချက် (၂)

သူမ ပြောသည်မှာ အမှန်ပင် ဖြစ်ပေသည်။

လီဝမ်ရှီးဖြစ်စေ၊ ကျိချောင်းယန် သို့မဟုတ် ချီရွှယ်ဖေးဖြစ်စေ၊ သူတို့အားလုံးမှာ ခဲခဲလေးကဲ့သို့ မြေပုံပေါ်တွင် အလင်းစက်ကလေးများအဖြစ် ပေါ်မလာခဲ့ကြပေ။

လုဖေးအာ တစ်ယောက်သာလျှင် ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနှင့် ကြင်ယာတော်တို့ကဲ့သို့ပင် သူမသည် မဟာမိတ်ဖြစ်ကြောင်း ပြသသည့် အစိမ်းရောင်အလင်းစက်လေးအဖြစ် ပေါ်နေခြင်း ဖြစ်သည်။

အကယ်၍ တိတိကျကျ ပြောရမည်ဆိုလျှင်တော့ သူမ ပြောသကဲ့သို့ သူမတစ်ယောက်တည်းသာလျှင် အတည်ပြုပြီးသား မဟာမိတ် ဖြစ်နေခြင်းပင်။

သို့သော်လည်း ရွှီရှင်းသည် ရန်သူနှင့် မဟာမိတ်ကို ခွဲခြားပေးသည့် မြေပုံ၏ စွမ်းရည်ကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။

အထူးသဖြင့် ရှင်ကျန်သူများနှင့် ပတ်သက်လျှင်ပေါ့။

အရင်က သူ့ကို သတ်ချင်ခဲ့တဲ့ လုဖေးအာရော၊ မကောင်းတဲ့စိတ်ထားတွေ အပြည့်ရှိနေတဲ့ မာဟုန်ယွီရောဟာ ဘာအလင်းစက်မှ ပေါ်မနေခဲ့ဘဲ ကြားနေ အနေအထားမှာပဲ ရှိနေခဲ့သည် မဟုတ်ပါလား။

ရှင်ကျန်သူများသည် ဤကမ္ဘာ၏ မူလသက်ရှိများ မဟုတ်ကြသဖြင့် သေချာပေါက် ထူးခြားနေကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ရွှီရှင်းသည် လုဖေးအာအတွက် နေရာကူးပြောင်းလက်ပတ်တစ်ခု လုပ်ပေးသင့်သည်ဟု တွေးမိသည်။

အဘယ်ကြောင့်ဆိုသော် မနက်ဖြန်တွင် မာဟုန်ဝေကို ကိုင်တွယ်ရန်အတွက် သူမ၏ အကူအညီ လိုအပ်မည်ဖြစ်ရာ၊ သူမအတွက် သီးသန့်လက်ပတ်တစ်ခုမှာ မရှိမဖြစ် လိုအပ်လှပေသည်။

သူသည် လုဖေးအာ၏ အမည်ကို ထွင်းထုထားသော လက်ပတ်တစ်ခုကို ဖန်တီးကာ သူမထံသို့ ကမ်းပေးလိုက်၏။

"ဟင် ဒါ ကျွန်မအတွက်လား"

စောစောက နှုတ်ခမ်းစူနေသော လုဖေးအာသည် ရွှီရှင်း လက်ပတ်ကမ်းပေးလိုက်သည်ကို မြင်သည်နှင့် ချက်ချင်း မျက်နှာရွှင်သွားကာ လှမ်းယူလိုက်တော့သည်။

"နေရာကူးပြောင်းလက်ပတ် ဟုတ်လား"

လုဖေးအာသည် လက်ပတ်ပေါ်က ဖော်ပြချက်ကို မြင်သည်နှင့် စိတ်လှုပ်ရှားသွားပုံရသည်။

"ကျွန်မ နာမည်တောင် ပါသေးတယ်။ ဒီလက်ပတ်ရှိရင် ကျွန်မ နေရာကူးပြောင်းစက်ကို သုံးလို့ရပြီပေါ့ ဟုတ်လား"

သူမသည် လက်ပတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရွှီရှင်းကို အလွန်ပင် စိတ်လှုပ်ရှားနေသည့် မျက်နှာပေးဖြင့် မော့ကြည့်နေတော့သည်။

ထိုပုံစံမှာ တကယ့်ကို ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦးကဲ့သို့ပင်။

ရွှီရှင်း : "..."

ဒီမိန်းမတော့ နောက်တစ်ခါ သရုပ်ဆောင်ပြန်ပြီ။

သူသည် သူ၏ ဘယ်ဘက်လက်ကို အနည်းငယ် မြှောက်ပြလိုက်ရာ၊ လုဖေးအာမှာ ချက်ချင်းပင် ကိုယ်လေးတုန်သွားပြီး ရှက်ကိုးရှက်ကန်း ရယ်မောကာ သူမ၏ ပုံမှန်လေသံသို့ ပြန်ပြောင်းလိုက်တော့သည်။

"ဒါဆို ကျွန်မ အခု တကယ်ပဲ နေရာကူးပြောင်းစက်ကို သုံးလို့ရပြီပေါ့။ အခုချက်ချင်း စမ်းကြည့်ချင်တယ်"

"ရတာပေါ့၊ စမ်းကြည့်လိုက်လေ။ လီဝမ်ရှီးဆီကို နေရာကူးပြောင်းသွားလို့ ရမရဆိုတာကိုပေါ့"

ရွှီရှင်းက ခေါင်းညိတ်ကာ သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်၏။

သူသည် လက်ပတ်၏ ဖော်ပြချက်တွင် ပါရှိသော သတင်းအချက်အလက်များကို အတည်ပြုလိုခြင်းလည်း ဖြစ်ပေသည်။

[သတ်မှတ်ထားပြီးသား ခရီးစဉ်များသို့သာ ကူးပြောင်းနိုင်မည်ဖြစ်ပြီး၊ စက်၏ ဂုဏ်သတ္တိများကို ပြောင်းလဲနိုင်စွမ်း မရှိပါ]

ဒါက ဘာကို ဆိုလိုတာလဲ။

လုဖေးအာသည် တည်နေရာကူးပြောင်းစက်ပေါ်က သံမဏိတိုင်ကို လက်ဖြင့် လှမ်းကိုင်လိုက်၏။

"ဟင် ဒါ ဘာဖြစ်တာလဲ"

သူမသည် ဇဝေဇဝါ ဖြစ်သွားပြီး နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ် ထပ်ကိုင်ကြည့်သော်လည်း ဘာမှ ထူးမလာသဖြင့် ရွှီရှင်းဘက်သို့ လှည့်ကာ "ကျွန်မ နေရာကူးပြောင်းလို့ မရဘူးရှင့်။ တည်နေရာကူးပြောင်းစက်မှာ ခရီးစဉ် သတ်မှတ်မထားလို့ ကူးပြောင်းလို့ မရဘူးလို့ပဲ ပေါ်နေတယ်" ဟု ပြောလိုက်သည်။

ဪ... ဒီလိုကိုး။

ရွှီရှင်းသည် ဤစက် အသုံးပြုပုံကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။

စောစောက သူနှင့် လီဝမ်ရှီးကြားက စက်တွေကို ချိတ်ဆက်လိုက်စဉ်က ခရမ်းရောင် စွမ်းအင်တွေ အားလုံးဟာ ဒီသံမဏိတိုင် တစ်တိုင်တည်းမှာပဲ စုစည်းသွားခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ဤတိုင်၏ နေရာကူးပြောင်းမည့် ပစ်မှတ်ကို သူ၏ သစ်ပင်အိမ်ဆီသို့ သတ်မှတ်လိုက်ခြင်းပင်။

တည်နေရာကူးပြောင်းစက်တစ်ခုတွင် သံမဏိတိုင် ငါးတိုင် ပါရှိသဖြင့်၊ စက်တစ်ခုသည် ပစ်မှတ်ငါးခုအထိ တစ်ပြိုင်နက်တည်း သတ်မှတ်ထားနိုင်မည် ဖြစ်ပေသည်။

သို့သော် ၎င်းကို ဖန်တီးသူဖြစ်သော သူကိုယ်တိုင်ကသာ သတ်မှတ်ပေးရန် လိုအပ်မည် ဖြစ်သည်။

ရွှီရှင်းသည် နောက်ထပ် သံမဏိတိုင်တစ်ခုကို လှမ်းထိလိုက်ရာ သတိပေးချက် ထွက်ပေါ်လာပြန်သည်။

[၂၃ ကီလိုမီတာ အကွာရှိ အခြား တည်နေရာကူးပြောင်းစက် "လီဝမ်ရှီး၏ သစ်ပင်အိမ်" ကို စစ်ဆေးတွေ့ရှိရပါသည်။ ချိတ်ဆက်မလား]

ရွှီရှင်းက "လုပ်မည်" ကို ရွေးချယ်လိုက်ပြီးနောက် အနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ခရမ်းရောင် စွမ်းအင်များအားလုံး ထိုသံမဏိတိုင်ဆီသို့ စုပြုံသွားတော့သည်။

ထို့နောက် ထိုတိုင်၏ ရှေ့တည့်တည့်တွင် ခရမ်းနက်ရောင် ဝဲဂယက်ကြီးတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ချေပြီ။

"ဒါက နေရာကူးပြောင်းတဲ့ တံခါးလား။ ရှင်တစ်ယောက်တည်းပဲ ဒါကို ခေါ်လို့ရတာလား"

လုဖေးအာ အံ့သြသွားသော်လည်း သိပ်တော့ ဂရုမစိုက်ပါပေ။

သူမကတော့ လျှောက်သွားနေဖို့ စိတ်ကူးမရှိသည် မဟုတ်ပါလား။

"မဟုတ်ဘူး၊ အခုဆို နင်လည်း ဒါကို ခေါ်လို့ ရသွားပြီ"

သူသည် ခရမ်းနက်ရောင် ဝဲဂယက်ကို ရှောင်ကွင်း၍ သံမဏိတိုင်ကို လှမ်းကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင်၊ တောက်ပနေသော ငွေရောင်သံမဏိတိုင်ပေါ်တွင် ခရမ်းနက်ရောင် စာသားအချို့ အလျားလိုက် ပေါ်ထွက်လာချေပြီ။

[လီဝမ်ရှီး၏ သစ်ပင်အိမ်]

ဤသံမဏိတိုင်သည် လီဝမ်ရှီး၏ သစ်ပင်အိမ်နှင့် ချိတ်ဆက်ပြီးသား ဖြစ်သွားပြီ ဖြစ်သည်။

အရင်တစ်ခါ စမ်းသပ်မှုအရဆိုလျှင် ဤချိတ်ဆက်မှုမျိုးမှာ တစ်ဖက်သတ် ချိတ်ဆက်မှု ဖြစ်ပေသည်။

ဆိုလိုသည်မှာ လီဝမ်ရှီး၏ အိမ်ဘက်မှ ဤနေရာသို့ လာနိုင်ရန် ချိတ်ဆက်ထားခြင်းဖြစ်သဖြင့် ထိုဘက်မှလာလျှင် ဤဘက်က သံမဏိတိုင်ကို အသုံးပြုရန် မလိုဘဲ ဝဲဂယက်ထွက်ပေါက်မှာ စက်တစ်ခုလုံး၏ အပေါ်တည့်တည့်တွင်သာ ပေါ်လာခြင်း ဖြစ်သည်။

သို့သော် သူ ထိုဘက်သို့ ပြန်သွားချင်ပါက၊ သူ၏ ဘက်က သံမဏိတိုင်တစ်ခုကို အသုံးပြု၍ လီဝမ်ရှီး၏ သစ်ပင်အိမ် ကို ပစ်မှတ်အဖြစ် သတ်မှတ်ကာ နေရာကူးပြောင်းရေး လမ်းကြောင်းကို ပြန်လည် တည်ဆောက်ရန် လိုအပ်ပေသည်။

ရွှီရှင်းသည် နေရာကူးပြောင်းရေး တံခါးကို ထိန်းချုပ်ထားသော သံမဏိတိုင်ကို လှမ်းထိလိုက်၏။

[နေရာကူးပြောင်းရေး တံခါးကို ပိတ်မည်လား]

ဒါကို ကိုယ်တိုင် ပိတ်လို့လည်း ရတာပဲ။

ရွှီရှင်းသည် ပိတ်ရန် ချက်ချင်း ရွေးချယ်လိုက်သည်။

ခရမ်းနက်ရောင် ဝဲဂယက်မှာ လည်ပတ်မှု အရှိန်မြင့်တက်လာပြီး လျင်မြန်စွာ ကျုံ့ဝင်သွားကာ စက္ကန့်ပိုင်းအတွင်းမှာပင် သံမဏိတိုင် ငါးတိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

"ကဲ... နင် အခု စမ်းကြည့်လို့ ရပြီ။ နေရာကူးပြောင်းရေး တံခါးကို နင်ကိုယ်တိုင် ခေါ်လို့ ရမရဆိုတာလေ"

ရွှီရှင်းက သူ၏ လုပ်ဆောင်ချက်များကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသော လုဖေးအာကို ပြောလိုက်သည်။

"ဪ... ဟုတ်ကဲ့"

လုဖေးအာ ရှေ့တိုးလာပြီး လီဝမ်ရှီး၏ သစ်ပင်အိမ် ဟု စာသားပေါ်နေသော တိုင်ကို ကြည့်လိုက်သည်။

သူမသည် ၎င်းကို မထိသေးဘဲ အခြားတိုင်တစ်ခုကို အရင်ထိကြည့်လိုက်၏။

ရလဒ်အနေဖြင့် ဘာမှ ဖြစ်မလာခဲ့ပေ။

"ဘာ သတိပေးချက် တက်လဲ"

ရွှီရှင်းက မေးလိုက်သည်။

ပစ်မှတ် သတ်မှတ်မထားသော တိုင်သည် အလုပ်လုပ်မည် မဟုတ်သည်မှာ သေချာလှသည်။

"ဟို... ခရီးစဉ် သတ်မှတ်မထားဘူးလို့ပဲ ပေါ်နေတုန်းပါပဲ"

လုဖေးအာက သူမ၏ လက်ကို ပြန်ရုပ်လိုက်ပြီး အသက်သွင်းထားပြီးသား တိုင်ကို လှမ်းထိလိုက်တော့သည်။

ဤတစ်ကြိမ်တွင်မူ စက်မှာ တုံ့ပြန်လာပြီး ထိုတိုင်ဆီသို့ ခရမ်းနက်ရောင် စွမ်းအင်များ ပြန်လည် စုစည်းလာချေပြီ။

လုဖေးအာ အနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ရာ သူမ၏ ရှေ့တွင် နှစ်မီတာအမြင့်ရှိသော ဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

"ကျွန်မ တကယ်ပဲ နေရာကူးပြောင်းရေး တံခါးကို ခေါ်လို့ ရသွားပြီ"

သူမသည် သူမ၏ လက်ထဲက နေရာကူးပြောင်းလက်ပတ်ကို တစ်ချက်ကြည့်လိုက်သည်။

ရွှီရှင်းက ပြန်တောင်းမှာကို ကြောက်နေသည့်အလား သူမ၏ အိတ်ထဲသို့ အမြန် ထည့်လိုက်တော့သည်။

ရွှီရှင်း ခေါင်းညိတ်လိုက်၏။

သူသာ ပစ်မှတ် သတ်မှတ်ပေးထားမည်ဆိုပါက၊ အစိမ်းရောင်အဆင့် လက်ပတ်ရှိသူများသည် ဤနေရာကူးပြောင်းရေး တံခါးကို အချိန်မရွေး ခေါ်ယူ အသုံးပြုနိုင်ပေလိမ့်မည်။

ဒါဆိုရင်... ဒီထက်မြင့်တဲ့ အပြာရောင်အဆင့် လက်ပတ်မျိုးကော လုပ်လို့ ရနိုင်မလား။

အကယ်၍ ရခဲ့မယ်ဆိုရင် အပြာရောင်အဆင့် လက်ပတ်ရှိတဲ့သူတွေကော သူတို့ဘာသာ ပစ်မှတ် သတ်မှတ်လို့ ရနိုင်မလား..။

သို့သော်လည်း လောလောဆယ်တွင် သူ၏ လက်ထဲ၌ အပြာရောင်အဆင့် သတ္တု မရှိသေးသဖြင့် လီဝမ်ရှီးထံမှ ရယူရန် လိုအပ်ပေသည်။

"ကဲ... နင် အိမ်ပြန်လို့ ရပြီ"

ရွှီရှင်းသည် သူ သိချင်သည့် သတင်းအချက်အလက်များကို ရရှိသွားပြီဖြစ်သဖြင့် လုဖေးအာကို သစ်ပင်အိမ်သို့ ပြန်ရန် လက်ဟန်ပြလိုက်သည်။

"ဟင်း... ခိုင်းစရာ ရှိရင် ခိုင်းပြီး၊ ပြီးရင်တော့ နှင်ထုတ်တာပဲ"

လုဖေးအာက လေသံတိုးတိုးလေးဖြင့် ညည်းတွားရင်း သစ်ပင်အိမ်ဘက်သို့ ပြန်လှည့်သွားတော့သည်။

သို့သော်လည်း မနက်ဖြန်တွင် နေရာကူးပြောင်းစက်ကို အသုံးပြုပြီး နေရာကူးပြောင်းရမည့် အရသာကို ခံစားရတော့မည်ဟု တွေးမိကာ သူမ၏ စိတ်မှာ ပြန်လည် ပျော်ရွှင်သွားခဲ့၏။

နောင်ကျရင်... သူမအနေနဲ့ လီဝမ်ရှီးဆီကို တိတ်တဆိတ် သွားပြီး ခံစားချက်တွေ ဝေမျှလို့ ရနိုင်မလား..။

ဒါဆိုရင် အချိန်အနည်းငယ်လောက် ကြိုးစားလိုက်ရင် ရွှီရှင်းကို အရောင်တစ်မျိုးမျိုးနဲ့ ဦးထုပ် ဆောင်းပေးလို့ ရလောက်မလား..။

ဟီးဟီး...

ရွှီရှင်းမှာမူ လုဖေးအာ၏ ရှုပ်ထွေးလှသော အတွေးများကို မသိရှိဘဲ နေရာကူးပြောင်းရေး တိုင်ကို လှမ်းထိလိုက်တော့သည်။

ကမ္ဘာကြီးမှာ ပတ်ချာလည် လည်သွားပြီး အလေးချိန်မဲ့သော ခံစားချက်ကြီးနှင့်အတူ သူ၏ ခြေထောက်များသည် မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ချေပြီ။

ယခုတစ်ကြိမ်တွင်မူ သူသည် ကြိုတင် ပြင်ဆင်ထားသဖြင့် မအီမသာ ဖြစ်မှုကို အနည်းငယ် ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ နေရာကူးပြောင်းမှုကို နှစ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ရသဖြင့် တွဲလောင်း နှစ်ခါ ဆက်တိုက် ခုန်လိုက်ရသကဲ့သို့ တကယ့်ကို စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

" နောက်ဆုံးတော့ ပြန်လာပြီပေါ့"

လီဝမ်ရှီးသည် စက်ဘေးမှာတင် စောင့်နေခဲ့ခြင်းဖြစ်ပြီး၊ ရွှီရှင်း ယိုင်တိုင်တိုင် ဖြစ်နေသည်ကို မြင်သည်နှင့် အမြန် ပြေးလာကာ တွဲကူပေးလိုက်သည်။

"ဘာဖြစ်တာလဲ။ ဘာလို့ လမ်းတောင် မလျှောက်နိုင်သလို ဖြစ်နေတာလဲ။ အဆင်ပြေရဲ့လားဟင်။ အပေါ်ထပ်မှာ သွားနားရအောင်လေ"

"မလိုပါဘူး"

ရွှီရှင်းက လက်ကာပြလိုက်ရင်း နေရာကူးပြောင်းလက်ပတ်ကို လီဝမ်ရှီးထံ ကမ်းပေးလိုက်သည်။

"ဒီလက်ပတ်ရှိရင် မင်းလည်း နေရာကူးပြောင်းလို့ ရပြီ"

"လက်ပတ် ဟုတ်လား။ အိုး... ကျွန်မနာမည်နဲ့ ကျွန်မပုံလေးတောင် ပါသေးတာပဲ"

လီဝမ်ရှီးက သံပြားလေးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။

သူမသည် လုဖေးအာနှင့် မတူဘဲ တကယ့်ကို စိတ်ရင်းဖြင့် ပျော်ရွှင်နေခြင်း ဖြစ်ပေသည်။

သူမ၏ အနောက်တွင် ဖြည်းညှင်းစွာ လည်ပတ်နေဆဲဖြစ်သော ဝဲဂယက်ကြီးကို လှမ်းကြည့်ရင်း ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

နောက်ဆုံးတော့...

နေရာကူးပြောင်းစက်တွေကို စတင် အသုံးပြုနိုင်ပြီပေါ့လေ။

အခန်း ၃၀၀ ပြီး။

All Chapters