အခန်း (၆၃၂-၆၃၄)
Vol. 43 Ch. 632-634
အခန်း ၆၃၂ - မြွေအရိုးစု
ပျက်စီးခြင်းမျိုးနွယ်၏ ကိုယ်စားလှယ်နှင့် သွေးလမင်း တို့အကြား၊ တစ်ဖက်တွင် ပျက်စီးခြင်းမျိုးနွယ်၏ ဘုရင်မအသစ် ရှိနေပြီး အခြားတစ်ဖက်တွင်မူ လျှို့ဝှက်ဆန်းပြားသော ပြန်လည်ဝင်စားသူတစ်ဦး ရှိနေသည်။ ဤအမျိုးသမီးနှစ်ဦး ဝိညာဉ်သင်္ချိုင်း အတွင်း ဆုံတွေ့ကြရာတွင် စကားများများ ပြောနေရန် အကြောင်းမရှိပေ၊ တိုက်ခိုက်ရန်သာ ရှိတော့သည်။
"ဆက်ခံသူ... ကျွန်တော့်ကို စမ်းကြည့်ခွင့်ပြုပါ"
ထိုအချိန်တွင် ကျန်းရှောင်ယု၏ ဘေးတွင် ရပ်နေသော ချန်ဖေး က ခွင့်တောင်းလိုက်သည်။
ပျက်စီးခြင်းမျိုးနွယ်ဝင်များသည် ပြန်လည်ဝင်စားသူများ၏ စွမ်းအားကို အကြမ်းဖျင်းပင် အသိဉာဏ် မရှိကြပေ။ သွေးလမင်းတွင် ကောင်းကင်လမ်းစဉ် ပြန်လည်ဝင်စားခြင်း မဟာပညာရပ် ရှိပြီး ၎င်းကို ကျင့်ကြံသူများသည် အကြိမ်ကြိမ် ပြန်လည်ဝင်စားနိုင်သည်ဟုသာ သိထားကြသည်။ မည်သူက ပြန်လည်ဝင်စားသူဖြစ်သည်ကိုမူ သူတို့ မသိကြပါ။
သွေးလမင်း၏ ပြန်လည်ဝင်စားသူတိုင်းသည် သူတို့၏ ဖြစ်တည်မှုကို လျှို့ဝှက်ထားလေ့ရှိသည်။ နှစ်ပေါင်း သန်းနှင့်ချီသော ကာလအတွင်း သွေးလမင်းသည် အားအင်စုဆောင်းနေချိန်တွင် ပြန်လည်ဝင်စားသူ တစ်ဦး သို့မဟုတ် နှစ်ဦးသာ လောကထဲ ခြေဆန့်လေ့ရှိပြီး တစ်ခါတစ်ရံတွင် တစ်ဦးမျှပင် မရှိတတ်ပေ။
ဤပြန်လည်ဝင်စားသူများသည် အသစ်တစ်ဖန် မွေးဖွားလာချိန်တွင် အလွန်အားနည်းကြသည်။ သူတို့သည် အစမှ ပြန်လည်ကျင့်ကြံရပြီး သူတို့၏ ငယ်ဘဝတွင် ခရမ်းသွေးနယ်ပါယ်အဆင့် ရှိသော လူကြီးတစ်ဦးကပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ထိုအချိန်တွင် သေဆုံးသွားပါက အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။
ထို့ကြောင့် သွေးလမင်း ငြိမ်သက်နေသည့် ကာလများတွင် ပြန်လည်ဝင်စားသူတိုင်းသည် အသွားအလာ ဆင်ခြင်ကြသည်။ အချို့မှာ အစွမ်းထက်သော အဆင့်သို့ ရောက်သည့်တိုင်အောင်ပင် သူတို့ကိုယ်သူတို့ လျှို့ဝှက်ထားကြပြီး ထျန်းယွမ်ကမ္ဘာ၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
ပျက်စီးခြင်းမျိုးနွယ်အနေဖြင့် မည်သူက ပြန်လည်ဝင်စားသူဖြစ်သည်ကို သိရန် နည်းလမ်းမရှိသကဲ့သို့ ၎င်းတို့၏ စစ်မှန်သော ခွန်အားမှာလည်း အလွန်လျှို့ဝှက်ဆန်းပြားသည်။ ပြန်လည်ဝင်စားသူ အချင်းချင်းပင်လျှင် တစ်ဦး၏ ဝှက်ဖဲနှင့် အကန့်အသတ်ကို တစ်ဦးက မသိကြပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းရှောင်ယုက ရှဲ့ကျိ နှင့် တိုက်ခိုက်ခြင်းမှာ သေချာပေါက် အန္တရာယ်များလှသည်။
ချန်ဖေး အရင်တိုက်ခိုက်ခြင်းဖြင့် ရှဲ့ကျိ၏ ခွန်အားကို ကျန်းရှောင်ယုအတွက် စူးစမ်းပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်မြေခွေး အဖွဲ့ဝင်များကို ကြီးမားသော တိုက်ပွဲဝင်အစီရင်တစ်ခု ပြင်ဆင်ထားရန် အသံလှိုင်းဖြင့် သတိပေးလိုက်သည်။
ကောင်းကင်မြေခွေး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန်သာ ဖြစ်သော်လည်း အစီရင်ဖြင့် ပေါင်းစပ်လိုက်ပါက သူတို့၏ စွမ်းအားမှာ ထူးခြားလာမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် ချန်ဖေးသည် စုန်းမ ရှဲ့ကျိကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ချင်နေသည်။
သို့သော် ကျန်းရှောင်ယုက ခေါင်းခါပြလိုက်ပြီး အသံလှိုင်းဖြင့် ပြန်ပြောလိုက်သည်။
"ချန်ဖေး... နောက်ဆုတ်နေလိုက်။ ဒီနေရာမှာ ပေါ်လာရဲတယ်ဆိုရင် သူမမှာ အားကိုးစရာတစ်ခုခု သေချာပေါက် ရှိလိမ့်မယ်။ မင်းတို့အားလုံး ဝိုင်းတိုက်ရုံနဲ့ သူမကို လွယ်လွယ်နဲ့ သတ်လို့ရပါ့မလား လောလောဆယ် ဘာမှမလုပ်နဲ့ဦး၊ ပတ်ဝန်းကျင်ကိုပဲ သတိထားကြည့်နေကြ။ ငါ့ခံစားချက်အရ... ရှဲ့ကျိရဲ့ အနားမှာ တစ်ယောက်ယောက် ရှိနေသေးတယ်..."
"ငါလည်း ရှဲ့ကျိကို တကယ် နှိမ်နင်းနိုင်ဖို့ မမျှော်လင့်ထားပါဘူး။ ပြန်လည်ဝင်စားသူတွေဟာ သူတို့ရဲ့ လူငယ်ဘဝမှာ ဘယ်လောက်အထိ ခွန်အားရှိလဲဆိုတာပဲ ငါ သိချင်တာပါ"
ကျန်းရှောင်ယုသည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။ ၎င်းမှာ လွန်ခဲ့သော ဆယ်နှစ်က တိမ်ရိုင်းမြေ မှ မိန်းကလေးငယ်လေးနှင့် လုံးဝ ခြားနားနေပြီ ဖြစ်သည်။
ရှဲ့ကျိသည် ကျန်းရှောင်ယု၏ အသံလှိုင်းပေးပို့မှုကို မကြားရသော်လည်း ချန်ဖေးကို ဘာပြောလိုက်သည်ကို ခန့်မှန်းမိပုံရသည်။
သူမက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံးစကို ဖယ်ရှားလိုက်သည်။ မျက်နှာဖုံးအောက်တွင် အလွန်ညှို့ဓာတ်ပြင်းပြီး ချစ်စဖွယ်ကောင်းသော မျက်နှာတစ်ခု ပေါ်လာသည်။
သူမ၏ နှုတ်ခမ်းထောင့်ရှိ မှဲ့လေးတစ်လုံးက သူမကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။
"ဒီခေတ်ရဲ့ တောရိုင်းဘုရင်မရဲ့ ခွန်အားကို ငါ စမ်းသပ်ကြည့်ရတာပေါ့" ရှဲ့ကျိက အသာအယာ ရယ်မောလိုက်သည်။
ထိုခဏ၌ပင် သူမ၏အောက်ရှိ ဧရာမမြွေအရိုးစုကြီးမှာ တုန်ခါလာသည်။ မြေအောက်တွင် နှစ်ပေါင်း သောင်းနှင့်ချီ၍ မြှုပ်နှံထားသော မြွေအရိုးစုကြီးမှာ မြေပြင်ပေါ်သို့ ရုန်းထွက်လာခဲ့သည်။
"ဖုန်း ဖုန်း"
မြွေအရိုးစု၏ အခေါင်းပေါက်ဖြစ်နေသော မျက်လုံးတွင်းများထဲတွင် စိမ်းဖန့်ဖန့် မီးလျှံနှစ်ခုသည် မျက်လုံးသူငယ်အိမ်များကဲ့သို့ ရုတ်တရက် တောက်လောင်လာသည်။ ပျက်စီးခြင်းမျိုးနွယ် ပါရမီရှင်များသည် ၎င်းကို မြင်သောအခါ အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားကြသည်။
ဝိညာဉ်သင်္ချိုင်းတွင် အကြောက်ရဆုံးအရာမှာ မိစ္ဆာယင်အရှိန်အဝါ နှင့် နှစ်ပေါင်း သောင်းချီ အိပ်မောကျနေသော ဖုတ်ကောင်ဘုရင်များ ဖြစ်သည်။
ယခုအခါ ရှဲ့ကျိသည် ဝိညာဉ်သင်္ချိုင်းအတွင်းရှိ ဖုတ်ကောင်အရိုးစုတစ်ခုကို ထိန်းချုပ်နေပြီဖြစ်သည်။
"ဖြောင်း....ဖောင်း.."
ကျန်းရှောင်ယုက သူမ၏ ကြာပွတ်ကို ဝှေ့ယမ်းကာ ထိုးနှက်လိုက်သည်။ သူမ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ ကြာပွတ်ပေါ်တွင် အလင်းတန်းများ စုစည်းလာပြီး အပြာရောင် ဖီးနစ်ငှက် တစ်ကောင်အသွင် ဖြစ်ပေါ်လာသည်။ ထိုဖီးနစ်သည် တောင်ပံများကို ဖြန့်ကာ မြွေအရိုးစုဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ဧရာမမြွေကြီးက ဟိန်းဟောက်လိုက်ပြီး ပြင်းထန်သော အစိမ်းရောင် မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ အပြာရောင်ဖီးနစ်သည် မီးလျှံများအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ၎င်း၏ တောင်ပံများက ဓားသွားများကဲ့သို့ မီးလျှံများကို ဖြတ်တောက်ပစ်လိုက်သည်။
"အို"
ရှဲ့ကျိ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။ သူမ၏ လက်ချောင်းဆယ်ချောင်းကို ခါယမ်းလိုက်ရာ အရိုးဆူးချွန် တစ်ဒါဇင်ခန့် ရှေ့သို့ ပြေးထွက်သွားသည်။
ထိုအရိုးဆူးများသည် အေးစက်သော အလင်းတန်းများနှင့်အတူ လေထုကို ခွင်းကာ ဖီးနစ်၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်ကြသည်။
ဖီးနစ်သည် တောင်ပံများကို ခါယမ်းကာ အရိုးဆူးများကို ခါချပစ်လိုက်ပြီး ရှဲ့ကျိထံသို့ ဆက်လက် တိုက်ခိုက်သည်။ သို့သော် ရှဲ့ကျိမှာ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိပေ။
သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ "ပေါက်ကွဲစမ်း" ဟု အမိန့်ပေးလိုက်သည်။
မြေပြင်ပေါ်သို့ လွင့်စင်သွားသော အရိုးဆူးများသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အစိမ်းရောင် မီးခိုးငွေ့များကို ဖြစ်ပေါ်စေသည်။ ဖီးနစ်ငှက်သည် ထိုမီးခိုးများကြားတွင် ပိတ်မိသွားပြီး လျင်မြန်စွာ တိုက်စားခံလိုက်ရသည်။
ကျန်းရှောင်ယု၏ မျက်ဝန်းများ အနည်းငယ် မှေးစပြုလာပြီး သူမ၏ ကြာပွတ်ကို ဝှေ့ယမ်းကာ သူမ၏ ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် ရှဲ့ကျိ၏ မျက်လုံးများက ပြန်လည် တည်ကြည်သွားပြီး ဧရာမမြွေကြီးကို ညွှန်ပြကာ "သွားစမ်း" ဟု အော်လိုက်သည်။
ဝုန်း....
ဧရာမမြွေကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလာပြီး ကျန်းရှောင်ယုကို ပတ်ပတ်လည် ဝိုင်းပတ်လိုက်သည်။ ရှဲ့ကျိက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ဖီးနစ်ငှက် ဒဏ်ရာရသွားချိန်တွင် ကျန်းရှောင်ယု အာရုံလွင့်နေခိုက်ကို အခွင့်ကောင်းယူရန် သူမ ရည်ရွယ်ခြင်း ဖြစ်သည်။ မြွေကြီးဖြင့် ကျန်းရှောင်ယုကို ရစ်ပတ်ကာ အသက်ရှူကျပ် သေဆုံးစေရန် သူမ ပြင်ဆင်လိုက်သည်။
ထိုလှပသော ပုံရိပ်လေးမှာ အသားစိုင်တုံး ဖြစ်သွားပြီးနောက်တွင် ပျက်စီးခြင်းမျိုးနွယ်ဝင်များက သူမကို နတ်သမီးတစ်ပါးကဲ့သို့ ကြည့်နေကြဦးမလားဆိုသည်ကို သူမ သိချင်နေသည်။
၎င်းကို မြင်သောအခါ ချန်ဖေးနှင့် အခြားအဖွဲ့ဝင်များ စိုးရိမ်သွားကြသည်။
"ဆက်ခံသူ... သတိထားပါ"
ကျန်းရှောင်ယု၏ နူးညံ့သော ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် ဧရာမမြွေအရိုးစုနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လွန်းနေသည်။
မြွေကြီး၏ လှုပ်ရှားမှုကြောင့် တောင်တန်းများပင် တုန်ခါသွားပြီး ကျောက်ခဲများ တဆက်တည်း ပြိုကျလာသည်။
အချို့မှာ လက်သီးဆုပ်ခန့် ရှိပြီး အချို့မှာ ကြိတ်ဆုံကျောက်ခဲကြီးများခန့် ကြီးမားသည်။
ထိုကျောက်ခဲများတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများ ပါဝင်နေသည်။
ပျက်စီးခြင်းမျိုးနွယ်ဝင်များသည် ထိုကျောက်ခဲများကို ရှောင်တိမ်းနေရသော်လည်း၊ အနီရောင်ဝတ်စုံနှင့် ကျန်းရှောင်ယုမှာမူ မြွေကြီး၏ ရစ်ပတ်ထားသော ခန္ဓာကိုယ်အလယ်၊ ကောင်းကင်ယံတွင် ငြိမ်သက်စွာ ပျံသန်းနေသည်။
ရုတ်တရက် သူမသည် သူမ၏ လက်များကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရာ သူမ၏ ဝတ်စုံလက်အင်္ကျီရှည်ကြီးများမှာ လေထဲတွင် လွင့်ပျံသွားသည်။ သူမသည် လေနှင့်အတူ လွင့်ပါသွားတော့မည့်အတိုင်းပင်။
သူမ၏ နှုတ်ခမ်းဖျားမှ ရှေးဟောင်းကာလမှ လာသကဲ့သို့ ထူးဆန်းဆန်းပြားသော ဂါထာသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်ပတ်လည်၌ အပြာရောင် စွမ်းအင်များ စီးဆင်းလာသည်။
"အပိုတွေ လုပ်မနေနဲ့ သွား သူမကို သတ်စမ်း" ရှဲ့ကျိက မြွေကြီးကို ပိုမိုပြင်းထန်စွာ ထိန်းချုပ်လိုက်သည်။
ကျန်းရှောင်ယုတွင် မည်သို့သော နည်းလမ်းရှိရှိ၊ မြွေကြီး၏ ဖိအားအောက်တွင် သူမ သေချာပေါက် ဒဏ်ရာရလိမ့်မည်ဟု ရှဲ့ကျိ တွေးထားသည်။
သို့သော် ထိုခဏ၌ပင် အပြာရောင် စွမ်းအင်များသည် မြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ကျန်းရှောင်ယုနှင့် မြွေကြီးကို ဆက်သွယ်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
မျက်လုံးနေရာတွင် ရှိသော စိမ်းဖန့်ဖန့် မီးလျှံများမှာ ရုတ်တရက် တုန်ခါသွားသည်။ ပြင်းထန်သော အရှိန်ဖြင့် လာနေသော မြွေကြီးသည် ထိုအပြာရောင် စွမ်းအင်ကြောင့် ဂနာမငြိမ် ဖြစ်သွားပြီးနောက် ၎င်း၏ အရှိန်မှာ တဖြည်းဖြည်း လျော့နည်းသွားကာ ရပ်တန့်သွားတော့သည်။
ရှဲ့ကျိ မှင်တက်သွားသည်။ ဘာတွေ ဖြစ်ကုန်တာလဲ သူမသည် မြွေကြီးကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားသော်လည်း မရတော့ပေ။ မြွေကြီး၏ ဦးခေါင်းမှာ ရုန်းကန်နေသကဲ့သို့ တဆတ်ဆတ် တုန်ခါနေသည်။
ကျန်းရှောင်ယုသည် မြွေကြီး၏ ရှေ့သို့ ပျံသန်းသွားသည်။
ဧရာမ မြွေခေါင်းကြီး၏ ရှေ့တွင် သူမမှာ အလွန် သေးငယ်ပြီး အားနည်းပုံရသော်လည်း၊ သူမ၏ အရှိန်အဝါမှာမူ မြွေကြီး၏ ဘိုးဘေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။
၎င်းက မြွေကြီးကို ခေါင်းပင် မဖော်ရဲအောင် လုပ်လိုက်သကဲ့သို့ပင်။
"ဘာလဲ ဒါက..."
ရှဲ့ကျိ၏ နာမည်တွင် "ရှဲ့" (မြွေ) ဟူသော စကားလုံး ပါဝင်ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။
သူမတွင် မြွေများကို ထိန်းချုပ်နိုင်သော စွမ်းအား ရှိသည်။ သူမ၏ ကျင့်ကြံမှုအရ ရှဲ့ကျိသည် အရိုးစုများထဲသို့ သူမ၏ စွမ်းအင်ကို ထည့်သွင်းခြင်းဖြင့် ၎င်းတို့ကို ထိန်းချုပ်နိုင်သည်။
သို့သော် ယနေ့တွင် ထိုစွမ်းအားမှာ အလုပ်မလုပ်တော့ပေ။
"ထူးဆန်းနေလား"
ကျန်းရှောင်ယုသည် လက်ကို ဆန့်ထုတ်ကာ မြွေကြီး၏ ဦးခေါင်းကို ထိလိုက်ရင်း ရှဲ့ကျိကို ပြုံးပြလိုက်သည်။
"ငါတို့ မျိုးနွယ်စုရဲ့ တောရိုင်းသားရဲတွေနဲ့ ဆက်သွယ်မှုဟာ ဝိညာဉ်ကတစ်ဆင့် ဖြစ်တာ။ ဒီမြွေက သေသွားပြီဆိုပေမဲ့ ဝိညာဉ်သင်္ချိုင်းထဲမှာ မြှုပ်နှံထားတာမို့လို့ သူ့ရဲ့ ဝိညာဉ်ဟာ သေဆုံးပြီးနောက်မှာ လုံးဝ ပျောက်ကွယ်မသွားသေးဘူး။ နှစ်တွေ အများကြီး ကြာသွားလို့ ဝိညာဉ်က အားနည်းနေပြီဆိုပေမဲ့ အဲဒါက ငါ့အတွက်တော့ လုံလောက်ပါတယ်"
ကျန်းရှောင်ယု ပြောပြီးသည်နှင့် မြွေခေါင်းပေါ်သို့ တက်နင်းလိုက်သည်။ မြွေကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်း တုန်ခါသွားပြီး မျက်လုံးများမှ စိမ်းဖန့်ဖန့် မီးလျှံများမှာ အားနည်းစွာ တောက်လောင်လာသည်။
၎င်းသည် မခုခံတော့ဘဲ ကျန်းရှောင်ယုကို အပေါ်သို့ မြှောက်တင်ပေးလိုက်သည်။ ထို့နောက် မြွေကြီးသည် ရှဲ့ကျိကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
၎င်းကို မြင်သောအခါ ရှဲ့ကျိ၏ ရင်ထဲ အေးစက်သွားသည်။ ဤမြွေအရိုးစုမှာ သူမ ကျပန်းရွေးထားခြင်း မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း သန်းချီက သူမ၏ ယခင်ဘဝတစ်ခုတွင် ဝိညာဉ်သင်္ချိုင်းသို့ လာရောက်စဉ်က ဤမြွေအရိုးစုကို ရွေးချယ်ပြီး အထူးပြုပြင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့တွင် ကျန်းရှောင်ယုက ၎င်းကို အလွယ်တကူ လုယူသွားနိုင်ခဲ့သည်။
ရှဲ့ကျိသာမက ပျက်စီးခြင်းမျိုးနွယ်ဝင်များပင်လျှင် မျက်လုံးအပြူးသားဖြင့် မှင်တက်နေကြသည်။ သူတို့အားလုံးမှာ သူတို့ရှေ့တွင် မြင်တွေ့နေရသည့်အရာကို မယုံနိုင်ကြပေ။ ပျက်စီးခြင်းမျိုးနွယ်သည် ဝိညာဉ်နှင့် ဆက်သွယ်ကာ သားရဲများကို ထိန်းချုပ်နိုင်သည်မှာ မှန်သော်လည်း... ကျန်ရှိနေသော ဝိညာဉ်အစအနလေးဖြင့် နှစ်ပေါင်းများစွာ သေဆုံးနေသည့် သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်ခြင်းမှာ သူတို့ သိထားသမျှကို ကျော်လွန်နေသည်။
ကျန်းရှောင်ယု၏ ထိန်းချုပ်မှုစွမ်းအားမှာ ကောင်းကင်ကို ဖီဆန်နေသကဲ့သို့ပင်။
ကျန်းရှောင်ယု မြွေကြီးစီးကာ နီးကပ်လာသည်ကို မြင်သောအခါ ရှဲ့ကျိ အနည်းငယ် တုန်လှုပ်သွားသည်။ သူမ၏ မျက်လုံးများက အလိုလိုပင် လေဟာနယ်၏ ထောင့်တစ်နေရာသို့ လှမ်းကြည့်မိလိုက်သည်။ ထိုမသိမသာ အကြည့်ကို ကျန်းရှောင်ယုက သတိပြုမိလိုက်သည်။
အမှန်ပင်... ဤနေရာတွင် နောက်ထပ် လူတစ်ယောက် ပုန်းကွယ်နေသေးသည်။
ကျန်းရှောင်ယုသည် တစ်စုံတစ်ယောက်က သူမကို တိတ်တဆိတ် စောင့်ကြည့်နေသည်ဟု ခံစားနေရသည်။
"စိတ်ဝင်စားစရာပဲ... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ ငါကတော့ သူမဟာ ရှေးဟောင်း သွေးမျိုးဆက်ကို နှိုးထနိုင်တဲ့ ပျက်စီးခြင်းမျိုးနွယ် ပါရမီရှင်တစ်ယောက်ပဲလို့ ထင်ထားတာ၊ ဒါပေမဲ့ အဲဒါတင် မကဘူးပဲ..."
"ဒီလို သွေးမျိုးဆက်မျိုးက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ..."
အမှောင်ထုထဲမှ အသံတစ်ခုက သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ အရှိန်အဝါကို အမှောင်ထုထဲတွင် လုံးဝ ဖုံးကွယ်ထားသဖြင့် ကျန်းရှောင်ယုအနေဖြင့် ထိုသူ၏ တည်နေရာအတိအကျကို ရှာဖွေရန် ခဲယဉ်းနေသည်။
အခန်း ၆၃၃ - ခါးသီးသော ထိပ်တိုက်တွေ့ဆုံမှု
ကျန်းရှောင်ယုတွင် ဤမျှအစွမ်းထက်သော စွမ်းရည်ရှိလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြသော်လည်း ကောင်းကင်မြေခွေးအဖွဲ့ဝင်များသည် ကျန်းရှောင်ယုက ရှဲ့ကျိကို အပြည့်အဝ နှိမ်နင်းထားနိုင်သည်ကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
၎င်းမှာ သူတို့၏ တောရိုင်းဘုရင်မနှင့် သွေးလမင်း တို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းကို မျက်မြင်တွေ့ရခြင်းဖြစ်ပြီး ရလဒ်မှာလည်း သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်နေသည်။ ထို့ကြောင့် ကျန်းရှောင်ယုအပေါ် သစ္စာစောင့်သိမှုနှင့် ကြည်ညိုလေးစားမှုများ ပို၍ တိုးပွားလာခဲ့သည်။
ကောင်းကင်မြေခွေး အဖွဲ့ဝင်များ၏ တုံ့ပြန်မှုကို မြင်သောအခါ ရှဲ့ကျိသည် ကျန်းရှောင်ယု သူမအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာစဉ် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမသည် ပန်းပွင့်လေးများ လွင့်ပျံသွားသကဲ့သို့ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ရယ်မောနေခြင်း ဖြစ်သည်။ သို့သော် ရယ်မောနေစဉ်အတွင်း သူမ၏ မျက်ဝန်းတစ်စုံကမူ ကျန်းရှောင်ယုကို ကောက်ကျစ်စွာ စိုက်ကြည့်နေဆဲပင်။
"နင် ဘာကို ရယ်နေတာလဲ၊ စုန်းမ..."
ချန်ဖေးသည် သူမ၏ ရယ်သံကို ကြားရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်လာသည်။ သူသည် တိုက်ပွဲဝင်အစီရင်ကို ချက်ချင်းအသက်သွင်းပြီး ဤစုန်းမကို လျှပ်စီးအရှိန်ဖြင့် အပြတ်ရှင်းပစ်ရန် စဉ်းစားနေမိသည်။
ထိုအချိန်တွင် ကျန်းရှောင်ယုသည် ရှဲ့ကျိ ရပ်နေသော ဘေးဘက်၊ သူမ ယခင်က လှမ်းကြည့်ခဲ့သော နေရာသို့ ရုတ်တရက် ကြည့်လိုက်ပြီး "ဒီမှာ ရှိနေမှတော့ ဘာလို့ ပုန်းနေဦးမှာလဲ ထွက်လာခဲ့စမ်း နင် အနှေးနဲ့အမြန် ထွက်လာရမှာပဲလေ" ဟု ဆိုလိုက်သည်။
ကျန်းရှောင်ယု၏ အသံမှာ ယုံကြည်မှုအပြည့် ရှိနေသည်။ သူမသည် ရှဲ့ကျိကို အနိုင်ယူနိုင်သည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် အမှောင်ထဲတွင် ပုန်းနေသူမှာလည်း ငြိမ်နေလိမ့်မည် မဟုတ်ကြောင်း သိထားသည်။
ကျန်းရှောင်ယု၏ စကားကို ကြားသောအခါ ရှဲ့ကျိ အံ့အားသင့်သွားသည်။ ကျန်းရှောင်ယုက ဤမျှ စောစောစီးစီး ရှာတွေ့သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လေဟာနယ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
"တကယ်ကို စိတ်ဓာတ်ပြင်းထန်တာပဲ... ဒါပေမဲ့ မင်းမှာ ဒီလို မောက်မာပိုင်ခွင့်ရှိပါတယ်။ မင်းရဲ့ ဒီခွန်အားက မင်းရဲ့ သွေးမျိုးဆက်ပေါ်မှာပဲ လုံးလုံး မူတည်နေတာကိုး။ ဒီလိုသွေးမျိုးဆက်မျိုးက တကယ်ကို ဒုတိယတစ်ယောက် မရှိနိုင်ဘူး။ တကယ့်ကို ဆွဲဆောင်မှု ရှိတာပဲ"
ထိုသူ ပြောနေစဉ်မှာပင် လေဟာနယ်မှာ တုန်ခါသွားပြီး ဟင်းလင်းပြင် တံခါးတစ်ခု အလိုလို ပွင့်လာသည်။ ထိုအထဲမှ အနက်ရောင်ဝတ်စုံနှင့် အမျိုးသား နှစ်ဦး ထွက်လာခဲ့သည်။
တစ်ဦးမှာ ပိန်လှီပြီး ရုပ်ရည်မှာ မကောင်းပေ။ သူ၏ မျက်လုံးများမှာ အတွင်းသို့ ချိုင့်ဝင်နေပြီး ကောက်ကျစ်သော အရှိန်အဝါ ရှိသဖြင့် မြင်ရသူကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
အခြားတစ်ဦးမှာမူ ပထမလူ၏ နောက်တွင် ရပ်နေသည်။ သူသည် အရပ်အမောင်း သန်မာထွားကြိုင်းပြီး တည်ငြိမ်သော အရှိန်အဝါ ရှိသည်။ သူသည် လေဟာနယ်တွင် ရပ်နေသော်လည်း လူတိုင်းက သူ့ကို ရှိနေသည်ဟုပင် မခံစားရပေ။
ကျန်းရှောင်ယုသည် သူမ၏ အာရုံခံစားမှုဖြင့် ထိုသူကို ထိုးဖောက်ကြည့်နိုင်သော်လည်း သူ၏ တည်ရှိမှုကိုမူ ရှာမတွေ့နိုင်ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။ ဆိုလိုသည်မှာ ကျန်းရှောင်ယုသာ မျက်လုံးမှိတ်ထားပါက သူမရှေ့တွင် ဤလူ ရှိနေသည်ကို သိနိုင်မည် မဟုတ်ပေ။
၎င်းက ကျန်းရှောင်ယုကို ရင်တုန်သွားစေသည်။ သူမ အစောကတည်းက ခံစားမိနေသည်မှာ ထိုပိန်လှီသော လူသာ ဖြစ်သည်။ သန်မာထွားကြိုင်းသော လူကိုမူ သူမ အစကတည်းက လုံးဝ အာရုံမရခဲ့ပေ...
ထိုအချိန်တွင် ပိန်လှီပြီး ကောက်ကျစ်ပုံရသော အမျိုးသားက ရှဲ့ကျိကို ကြည့်ကာ ထူးထူးဆန်းဆန်း ပြောလိုက်သည်။ "ရှဲ့ကျိ... မင်းပဲ တောရိုင်းဘုရင်မလေးကို ခေါင်းဖြတ်ချင်လို့ဆိုပြီး ဒီတာဝန်ကို အတင်းတောင်းခဲ့တာ မဟုတ်လား။
မင်း တစ်ယောက်တည်း လုပ်နိုင်မယ်လို့ ငါ ထင်ထားတာ၊ ဘာလို့ ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားရတာလဲ"
ထိုသူက ရှဲ့ကျိကို လှောင်ပြောင် သရော်လိုက်သည်။ ရှဲ့ကျိကမူ နှာခေါင်းရှုံ့လိုက်ရင်း "နင်ကကော အစကတည်းက ထောင့်တစ်နေရာမှာ ပုန်းနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလား နင်က ငါ့ထက် အများကြီး ပိုတော်တယ်လို့ ထင်နေတာလား" ဟု မခံမရပ်နိုင် ပြန်ပြောလိုက်သည်။
"ဟီးဟီး... ငါတို့ ပြန်လည်ဝင်စားတဲ့ အကြိမ်ပေါင်း တော်တော်များများ ဆုံမတွေ့ဖြစ်ကြတော့ ငါ ချုန်းချီ ရဲ့ အစွမ်းကို နင် တကယ် မသိတော့ဘူး ထင်တယ်" ဟု ထိုပိန်လှီသော အမျိုးသားက ယုံကြည်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
ကျန်းရှောင်ယုသည် သူတို့နှစ်ဦးကို အမှုမထားဘဲ တစ်ခွန်းမှ မဟဘဲ ငြိမ်နေသည့် သန်မာသော အမျိုးသားကိုသာ စိုက်ကြည့်နေသည်။ ထိုသူမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ထိုသူသည်လည်း ကျန်းရှောင်ယုကို အေးစက်စွာ ကြည့်နေရင်း ပြုံးလိုက်သည်။ "တော်ကြတော့။ ပြဿနာတွေ ပိုမရှုပ်ခင် ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်တာ အကောင်းဆုံးပဲ။ ဝိညာဉ်သင်္ချိုင်းထဲကို တခြားလူတွေလည်း ဝင်လာပြီလို့ ငါ ခံစားနေရတယ်"
ထိုသူမှာ သခင်လေးလေးပါး၏ ခေါင်းဆောင် သခင်လေး ကျူးလုံ ပင် ဖြစ်သည်။ သူ၏ စကားမှာ အမိန့်တစ်ခုကဲ့သို့ပင်။
"အို တခြားလူတွေ ရှိသေးတာလား"
ရှဲ့ကျိနှင့် ချုန်းချီတို့ အနည်းငယ် လန့်သွားကြသည်။ ဝိညာဉ်သင်္ချိုင်းတွင် အချက်ပေးအစီရင်များ ရှိသဖြင့် တစ်စုံတစ်ဦး ဝင်လာပါက သူတို့ ချက်ချင်း သိရမည် ဖြစ်သည်။
သူတို့ မသိသည်မှာ ယီယွင် သည် ထိုအချက်ပေးအစီရင်များ၏ တည်နေရာကို နှံ့နှံ့စပ်စပ် သိထားခြင်း ဖြစ်သည်။ သူသည် လင်ရှင်းထုံကို ထိုအစီရင်များအား မည်သို့ရှောင်ရမည်ကို အစောကတည်းက ပြောပြထားခဲ့သည်။ ထို့ကြောင့် သူတို့ လင်ရှင်းထုံကို မရှာတွေ့နိုင်ခြင်း ဖြစ်သည်။
"ဒါက ငါ့ရဲ့ စိတ်အာရုံပဲ။ ဒါပေမဲ့... ငါ့ရဲ့ အာရုံက မှားခဲပါတယ်" ကျူးလုံက ကျန်းရှောင်ယုကို ကြည့်ကာ ပြောလိုက်သည်။ "မင်းနဲ့ ဆုံရတာ ငါ့အတွက် အခွင့်အရေးပဲ။ မင်းရဲ့ သွေးမျိုးဆက်ကို ငါ လိုချင်တယ်"
ကျူးလုံ၏ စကားမှာ အေးဆေးတည်ငြိမ်လွန်းလှသည်။ သူ ပိုင်ဆိုင်ထားပြီးသား အရာတစ်ခုကို ပြောနေသကဲ့သို့ပင်။
ပျက်စီးခြင်းမျိုးနွယ် ပါရမီရှင်များကမူ ထိုစကားကို ကြားသောအခါ အမျက်ထွက်သွားကြသည်။ ဤလူက ဘာမို့လို့ ဒီလောက်အထိ မောက်မောက်မာမာ ပြောနေရသနည်း။
ပျက်စီးခြင်းမျိုးနွယ်ဝင်များအတွက် ကျန်းရှောင်ယုမှာ သူတို့၏ နှလုံးသားထဲမှ နတ်ဘုရားမ၊ စော်ကားမော်ကား မပြုအပ်သော မြင့်မြတ်သည့် ဖြစ်တည်မှု ဖြစ်သည်။ သို့သော် သေဘေးကို မကြောက်သော ဤလူက တောရိုင်းဘုရင်မ၏ သွေးမျိုးဆက်ကို လိုချင်သည်ဟု ဆိုနေသည်။
တောရိုင်းဘုရင်မ၏ သွေးမျိုးဆက်ကို ရယူရန်မှာ နည်းလမ်းအနည်းငယ်သာ ရှိသည်။ သူမကို ဝါးမျိုခြင်း၊ သွေးအဆီအနှစ်ကို အစားထိုးခြင်း သို့မဟုတ် သူမ၏ သွေးကို ဆေးလုံးအဖြစ် ဖော်စပ်ခြင်းတို့ ဖြစ်သည်။
သွေးလမင်းနှင့် လူသားမျိုးနွယ်တို့သည် များသောအားဖြင့် နောက်ဆုံးနည်းလမ်းဖြစ်သည့် သွေးကို ဆေးလုံးအဖြစ် ဖော်စပ်ခြင်းကိုသာ အသုံးပြုလေ့ရှိကြသည်။
သူတို့၏ ဘုရင်မကို ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုမည်ကို သူတို့ မည်သို့ သည်းခံနိုင်မည်နည်း။
"ညီအစ်ကိုတို့... အစီရင်ကို ခင်းကျင်းကြစမ်း"
ချန်ဖေး၏ အသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ကောင်းကင်မြေခွေး အဖွဲ့ဝင်များ အားလုံး ချက်ချင်း စုရုံးလိုက်ကြသည်။ တစ်ဦးချင်းစီမှာ အားနည်းသော်လည်း အစီရင်ဖြင့် ပေါင်းစပ်လိုက်လျှင် သူတို့၏ ခွန်အားမှာ လုံးဝ ခြားနားသွားမည် ဖြစ်သည်။
ကျူးလုံ မည်မျှပင် အစွမ်းထက်ပါစေ သူက တစ်ယောက်တည်းသာ ရှိသည်။ ကျန်ရှိသော ချုန်းချီနှင့် ရှဲ့ကျိကိုမူ ကျန်းရှောင်ယုက ထိန်းထားနိုင်မည် ဖြစ်သည်။
ချန်ဖေးသည် သူတို့ ကောင်းကင်မြေခွေး အဖွဲ့ဝင် ခြောက်ဆယ်ကျော် အစီရင်ဖြင့် တိုက်ခိုက်လျှင် တစ်ယောက်တည်းသော ကျူးလုံကို မနိုင်ဘဲ မနေဟု ယုံကြည်ထားသည်။ သူတို့သည် အစီရင်အလံများကို ချက်ချင်း ထုတ်ယူကာ နေရာယူလိုက်ကြသည်။
သူတို့ ခင်းကျင်းသည့် တာယန်အစီရင် မှာ အလံပေါင်း ၄၉ ခု လိုအပ်သည်။ ၎င်းမှာ အမြဲတမ်း ပြောင်းလဲနေသဖြင့် ရန်သူအနေဖြင့် ထိုးဖောက်ရန် ခဲယဉ်းလှသည်။ ချန်ဖေးသည် ဤအစီရင်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
ထို့ပြင် အစီရင်တွင် ပါဝင်သူ ၄၉ ဦးအပြင် တစ်စုံတစ်ယောက် ထိခိုက်သွားပါက အစားထိုးရန်အတွက် အရန်လူ ၁၅ ဦးလည်း ပါဝင်သဖြင့် စုစုပေါင်း ၆၄ ဦး ရှိသည်။
သို့သော် တာယန်အစီရင်ကို ခင်းကျင်းနေစဉ်အတွင်း ကျူးလုံမှာမူ လက်ကို နောက်ပစ်ကာ လေထဲတွင် ငြိမ်သက်စွာ ရပ်နေဆဲပင်။ သူသည် ထိုအစီရင်ကို အမှုမထားသကဲ့သို့ အေးဆေးစွာ ကြည့်နေသည်။
၎င်းက ချန်ဖေးကို စိတ်ပူသွားစေသည်။ ဤကျူးလုံက ဘာကြောင့် ဒီလောက်အထိ ယုံကြည်မှု ရှိနေရသနည်း။ သို့သော် သူတို့ လူပေါင်း ၆၀ ကျော်ကို ကျူးလုံတစ်ယောက်တည်းက ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု သူ ဆက်လက် ယုံကြည်နေသည်။
"သတ်ကြစမ်း"
ချန်ဖေးက အစီရင်အလံကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ချိန်မှာပင် လေဟာနယ်အတွင်း၌ နောက်ထပ် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျူးလုံ၏ နောက်ကွယ်တွင် ပေ ၁၀၀ ခန့် ကျယ်ဝန်းသော အာကာသ တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ထိုတံခါးအတွင်းမှ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော လူငယ်တစ်စု စိတ်လှုပ်ရှားစွာဖြင့် ထွက်လာကြသည်။ သို့သော် သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး မှင်တက်သွားကြသည်။
ထိုမျှလောက် များပြားသော လူအုပ်ကြီးကို သူတို့ မျှော်လင့်မထားခဲ့ကြပေ။
"ကောင်းကင်လမ်းစဉ်သမဂ္ဂ"
ချန်ဖေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတော့သည်။
အခန်း ၆၃၄ - တာယန်အစီရင်
"ဒါ ဘယ်နေရာလဲ ဒီလူတွေက ဘယ်သူတွေလဲ..."
ရုတ်တရက် ရောက်ရှိလာသော ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။ ဤနေရာတွင် ရန်ဘက်စခန်း နှစ်ခု ထိပ်တိုက်တွေ့နေသည်ကို သူတို့ သတိပြုမိလိုက်သည်။
သူတို့သည် သခင်လေး ကျူးလုံ၊ ရှဲ့ကျိနှင့် အဖွဲ့သားများကို မြင်ဖူးထားသဖြင့် ၎င်းတို့မှာ ကောင်းကင်လမ်းစဉ်သမဂ္ဂ၏ ခေါင်းဆောင်များဖြစ်ကြောင်း သိကြသည်။ သခင်လေး ကျူးလုံ၏ တစ်ဖက်တွင်မူ ရိုင်းစိုင်းကြမ်းတမ်းသော အငွေ့အသက်များ ပေးစွမ်းနေသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူစုရှိနေသည်။
ဧရာမ အဖြူရောင် မြွေအရိုးစုကြီးပေါ်တွင်မူ အနီရောင်ဝတ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦး ရှိနေပြီး သူမက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
အများစုမှာ ထိုအမျိုးသမီးကို ချက်ချင်းပင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
သခင်လေး ဖုန်းမင်၏ အသံက ဟိန်းထွက်လာသည်။ "ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်အားလုံး နားထောင်ကြ ပျက်စီးခြင်းမျိုးနွယ်ရဲ့ ဘုရင်မ၊ စုန်းမ ကျန်းရှောင်ယု ဒီမှာ ရှိနေတယ်။
သူမကို သတ်နိုင်တဲ့သူကို အသက်ရှည်ဆေးလုံး ၁၀ လုံး၊ အဆင့်မြင့် ရတနာ ၁၀,၀၀၀ နဲ့အတူ ကောင်းကင်သွေးမဟာမိတ်တမန်တော် ဘွဲ့အပြင် ကောင်းကင်လမ်းစဉ် ပြန်လည်ဝင်စားခြင်း မဟာပညာရပ် အပြည့်အစုံကို ဆုလာဘ်အဖြစ် ပေးအပ်မယ်"
ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များသည် ထိုစကားများကို ချက်ချင်းပင် အစာမကြေနိုင်ဘဲ သူတို့၏ ခေါင်းထဲတွင် အသံများ ပဲ့တင်ထပ်နေသလိုသာ ခံစားရတော့သည်။ အသက်ရှည်ဆေးလုံး၊ အဆင့်မြင့်ရတနာများ၊ မဟာပညာရပ် ဤဆုလာဘ်များက သူတို့၏ အာရုံကြောများကို လှုံ့ဆော်ပေးလိုက်သည်။
"ကျန်းရှောင်ယု" ဆိုသည့် အမည်က အဖွဲ့ဝင်များ၏ စိတ်ထဲတွင် လင်းလက်သွားသည်။
'ဒါ... ပျက်စီးခြင်းမျိုးနွယ်ရဲ့ စုန်းမပဲ'
သူတို့သည် ဝရမ်းစာထဲမှ အကြောင်းအရာများကို ပြန်လည်အမှတ်ရသွားကြပြီး ကျန်းရှောင်ယု၏ ပုံတူပန်းချီကိုလည်း မြင်ဖူးထားကြသည်။
"အားလုံးပဲ... ငါတို့ သတင်းရထားတာက ပျက်စီးခြင်းမျိုးနွယ်ရဲ့ ပါရမီရှင်တွေ ဒီလျှို့ဝှက်နယ်မြေထဲ ဝင်လာမယ်ဆိုတာပဲ။ ဒီစမ်းသပ်ပွဲရဲ့ အရေးကြီးဆုံးအပိုင်းက ပျက်စီးခြင်းမျိုးနွယ်တွေကို နှိမ်နင်းပြီး ကျန်းရှောင်ယုကို သတ်ဖို့ပဲ။ ဒါဟာ မင်းတို့အတွက် နာမည်ကျော်ကြားဖို့ အခွင့်အရေးပဲ"
သခင်လေး ဖုန်းမင်၏ အသံမှာ တည်ငြိမ်နေသော်လည်း လူသားပါရမီရှင်များကို မျှော်လင့်ချက်များဖြင့် ဆွဲဆောင်နေသည်။ ကျန်းရှောင်ယုကို သတ်နိုင်ပါက ရရှိမည့် ဆုလာဘ်များမှာ အလွန်ပင် မက်မောစရာ ကောင်းလှသည်။
ပျက်စီးခြင်းမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည် နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြသည်။
တောရိုင်းဘုရင်မှာ လူသားတို့၏ ခါးသီးသော ရန်သူဖြစ်သည်။ အကယ်၍ သူတို့သည် အနာဂတ် တောရိုင်းဘုရင်မကို သတ်နိုင်ပါက ထျန်းယွမ်ကမ္ဘာတွင် သေချာပေါက် နာမည်ကျော်ကြားသွားမည် ဖြစ်သည်။ ထိုအရာကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
"ဟီးဟီး ကျန်းရှောင်ယုရဲ့ အလောင်းကိုတော့ မဖျက်ဆီးပစ်နဲ့ဦး။ မင်းတို့ ကံကောင်းရင် သူမရဲ့ အလောင်းကို ဆေးဖော်စပ်ပြီးတဲ့နောက် ဝေစုရနိုင်သေးတယ်။ အဲဒါက တကယ့် ပစ္စည်းကောင်းပဲ" ဟု သခင်လေး ချုန်းချီက ကောက်ကျစ်စွာ ရယ်မောရင်း ဝင်ပြောလိုက်သည်။
ကျန်းရှောင်ယုကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် လောဘရိပ်များ ပြည့်နှက်နေသည်။ ဒီလောက် လှတဲ့သူကို ဒီလိုလုပ်ရမှာ နှမြောစရာပဲ"
လူသားများ၏ အမြင်တွင် အနှိုင်းမဲ့အလှပိုင်ရှင် ကျန်းရှောင်ယုမှာ ရမ္မက်၊ ကျော်ကြားမှုနှင့် ခွန်အားတို့၏ ပြယုဂ်တစ်ခုသာ ဖြစ်သည်။
၎င်းကို မြင်သောအခါ ချန်ဖေးနှင့် အခြား ကောင်းကင်မြေခွေး အဖွဲ့ဝင်များ၏ မျက်လုံးများ အေးစက်သွားသည်။ သူတို့၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး ရှေ့မှ လူအားလုံးကို အပြတ်ရှင်းပစ်ချင်နေကြသည်။
လူသားများ၏ အမြင်တွင် ပျက်စီးခြင်းမျိုးနွယ်ဝင်များသည် သားရဲများနှင့် မခြားပေ။ သူတို့သည် ပျက်စီးခြင်းမျိုးနွယ်ကို တန်းတူအဆင့်အတန်း မထားသကဲ့သို့ အသိဉာဏ်ရှိသော သက်ရှိများဟုပင် မသတ်မှတ်ကြပေ။
အမှန်တကယ်တွင် ပျက်စီးခြင်းမျိုးနွယ်၏ အမြင်တွင်လည်း လူသားများသည် ခါးသီးသော ရန်သူများပင် ဖြစ်သည်။ "ငါတို့" နှင့် "သူတို့" အကြား ကွဲပြားမှုမှာ မည်သို့မျှ စေ့စပ်၍ မရနိုင်ပေ။
ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းရှောင်ယု အသာအယာ သက်ပြင်းချလိုက်သည်။ သူမသည် ဤနေရာတွင် ရှိနေသူများထဲ၌ မျိုးနွယ်စု နှစ်ခုစလုံးကြားတွင် နေထိုင်ခဲ့ဖူးသူ တစ်ဦးတည်းသောသူ ဖြစ်သည်။ သို့သော် သူမသည် မျိုးနွယ်စု နှစ်ခုကြားရှိ ရန်ငြိုးများကို ပြောင်းလဲရန် အစွမ်းမရှိပေ။
ဤကမ္ဘာတွင် အသိဉာဏ်ရှိသော သက်ရှိများသည် အမြဲတမ်း လောဘကြီးပြီး ရက်စက်ကြသည်။ လူသားတို့၏ သဘာဝမှာ အခြေခံအားဖြင့် ဆိုးယုတ်သည်ဟုပင် ဆိုနိုင်သည်။ အချို့မှာ ကိုယ့်မျိုးနွယ်စုဝင် အချင်းချင်းကိုပင် သတ်ဖြတ်လိုကြပြီး ထိုမှ ရရှိသော ပျော်ရွှင်မှုနှင့်အတူ သူတစ်ပါး စည်းစိမ်ကို လုယူကြသည်။
အကျင့်စာရိတ္တဆိုင်ရာ တားမြစ်ချက်များနှင့် ဥပဒေများကြောင့်သာ လူအများစုမှာ သူတို့၏ စိတ်ထဲရှိ ဆိုးယုတ်မှုများကို ဖိနှိပ်ထားကြခြင်း ဖြစ်သည်။
သို့သော် အခြားသော မျိုးနွယ်စုနှင့် ထိပ်တိုက်တွေ့ချိန်တွင်မူ ထိုဖိနှိပ်မှုများမှာ အလိုလို ကွယ်ပျောက်သွားတော့သည်။ မျိုးနွယ်စု မတူသဖြင့် သူတို့၏ စိတ်ထဲရှိ ဆိုးယုတ်မှုများကို စိတ်ကြိုက် ထုတ်ဖော်နိုင်ကြသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို ရက်စက်သည်ဟု မယူဆကြဘဲ ဂုဏ်ယူစရာဟုပင် မှတ်ယူကြသည်။
ကျန်းရှောင်ယုသည် ဤအချက်ကို တွေးမိရင်း စိတ်ပျက်မိသည်။ လူသားပါရမီရှင်များကို သွေးလမင်း၏ ကောက်ကျစ်သော အစီအစဉ်များအကြောင်း ပြောပြနေခြင်းမှာလည်း အဓိပ္ပာယ်မရှိကြောင်း သူမ သိထားသည်။
"လာချင်ရင်လည်း လာခဲ့ကြစမ်း"
ကျန်းရှောင်ယုသည် မျက်နှာသေဖြင့် ပြောလိုက်သည်။ သူမ၏ အနှိုင်းမဲ့အလှမှာ သန့်စင်သော နတ်သမီးတစ်ပါးကဲ့သို့ပင်။
"သူမကို သတ်ကြ ပြီးရင် လူသားမျိုးနွယ်ရဲ့ သစ္စာဖောက် ယီယွင်ကိုလည်း သတ်ရမယ် မောင်နှမ နှစ်ယောက်ကို ငရဲမှာ ပြန်ဆုံခိုင်းရမယ်"
"ယုတ်မာတဲ့ ပျက်စီးခြင်းမျိုးနွယ်တွေကို ညှာတာနေဖို့ မလိုဘူး။ တရားမျှတမှုတွေ၊ ကိုယ်ကျင့်တရားတွေ ပြောမနေနဲ့တော့"
ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များသည် စတင် တိုက်ခိုက်ကြတော့သည်။ အရောင်အသွေးစုံလင်သော ဓားအလင်းတန်းများ ကောင်းကင်ယံတွင် ဖုံးလွှမ်းသွားပြီး ကျန်းရှောင်ယုထံသို့ ဦးတည်သွားကြသည်။
ကျန်းရှောင်ယုသည် မျက်တောင်ပင် မခတ်ပေ။ သူမ၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ ထိုအချိန်တွင် အသင့်စောင့်နေသော ချန်ဖေးက အစီရင်အလံကို မြှောက်လိုက်သည်။
ပျက်စီးခြင်းမျိုးနွယ်ဝင်များမှာ စွမ်းအင်များကို စုစည်းထားပြီး ဖြစ်သဖြင့် တာယန်အစီရင်ကို အသက်သွင်းလိုက်ကြသည်။
ဝုန်း......
ပျက်စီးခြင်းမျိုးနွယ်ဝင်များ၏ ပုံရိပ်မှာ ကွယ်ပျောက်သွားပြီး ကျန်းရှောင်ယု၏ နောက်ကွယ်တွင် ကြီးမားလှသော ကောင်းကင်မြေခွေးပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုမြေခွေးမှာ တောင်ငယ်တစ်လုံးခန့် ကြီးမားပြီး ၎င်း၏ မျက်လုံးများမှာ ဒေါသရိပ်များဖြင့် စူးရှနေသည်။
၎င်းမှာ တာယန်အစီရင်ဖြင့် ဖန်တီးထားသော မြေခွေးပုံရိပ် ဖြစ်သည်။ ချန်ဖေးသည် အစီရင်၏ ဗဟိုတွင် ရှိနေသော်လည်း သူ၏ တည်နေရာမှာ အမြဲ ပြောင်းလဲနေသည်။ ပျက်စီးခြင်းမျိုးနွယ်ဝင် ထက်ဝက်ကျော် အသက်ရှင်နေသရွေ့ ဤမြေခွေးမှာ ဖျက်ဆီး၍ မရနိုင်ပေ။
လူသားတို့၏ ဓားအလင်းတန်းများကို ရင်ဆိုင်ရင်း မြေခွေးကြီးက ဟိန်းဟောက်လိုက်ကာ ၎င်း၏ ချွန်ထက်သော လက်သည်းများဖြင့် တိုက်ခိုက်လိုက်သည်။
"သတိထား"
ကောင်းကင်သွေးမဟာမိတ် ပါရမီရှင်တစ်ဦးက အော်ဟစ်လိုက်သည်။ ထိုတိုက်ခိုက်မှုအတွင်းရှိ ကြီးမားသော စွမ်းအားကို သူတို့ ခံစားမိလိုက်သည်။ မြေခွေး၏ လက်သည်းအောက်တွင် ပိတ်မိနေသူများသည် ချက်ချင်း နောက်ဆုတ်ကြသော်လည်း အချိန်မမီတော့ပေ။
တာယန်အစီရင်မှာ ပျက်စီးခြင်းမျိုးနွယ်ဝင် လူငယ်များ အသုံးပြုနိုင်သော အစွမ်းအထက်ဆုံး အစီရင် ဖြစ်သည်။ ထို့ပြင် လူသားများမှာ အလောတကြီး တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း ပျက်စီးခြင်းမျိုးနွယ်ဝင်များမှာမူ အသင့်ပြင်ထားခြင်း ဖြစ်သည်။
မြေခွေး၏ လက်သည်းချက်မှာ ပါရမီရှင်များ၏ တုံ့ပြန်မှုထက် ပို၍ မြန်ဆန်လှသည်။ ၎င်းတွင် ပျက်စီးခြင်းမျိုးနွယ်ဝင်များ၏ ဒေါသများ အားလုံး ပါဝင်နေသည်။
ဝုန်း.......
တောရိုင်းစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ လူသားတို့၏ စွမ်းအင်များကို မြေခွေးလက်သည်းက ထိုးဖောက်ဖျက်ဆီးပစ်လိုက်ပြီး လူအုပ်ထဲသို့ ဝင်ရောက်သွားသည်။
ချွန်ထက်သော လက်သည်းများက လူငါးဦးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ ထိုငါးဦး၏ ကာကွယ်ရေး စွမ်းအင်များမှာ စက္ကူကဲ့သို့ပင် ပျက်စီးသွားသည်။ စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ အချို့မှာ လည်ပင်းကျိုးသွားပြီး အချို့မှာ ရင်ဘတ်များ ပွင့်ထွက်ကုန်သည်။
သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။
"ဂျူနီယာညီလေး ဆန်း"
"တတိယအစ်ကို"
ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော လူသားများတွင် ကောင်းကင်လမ်းစဉ်သမဂ္ဂ၌ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများ ရှိနေကြသည်။ သူတို့၏ ချစ်ခင်ရသူများ အပြင်းအထန် တိုက်ခိုက်ခံရသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ ရဲရဲနီသွားကြသည်။
ဝိညာဉ်သင်္ချိုင်းထဲသို့ ဝင်လာကတည်းက သူတို့သည် ယင်ဝိညာဉ်များကို သတ်ဖြတ်လာခဲ့သော်လည်း တစ်ဦးမျှ ဒဏ်ရာ မရခဲ့ပေ။ သို့သော် ပျက်စီးခြင်းမျိုးနွယ်နှင့် တိုက်ခိုက်ချိန်တွင်မူ အစကတည်းက အသေအပျောက်များစွာ ကြုံတွေ့လိုက်ရသည်။
ဤလူများမှာ ထျန်းယွမ်ကမ္ဘာ၏ ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ ဖြစ်ကြသဖြင့် သေဆုံးသူ တစ်ဦးစီမှာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။
"မလန့်ကြနဲ့"
ထိုအချိန်တွင် ကျူးလုံ၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။ သူ၏ အသံမှာ တည်ငြိမ်နေသည်။ "ပျက်စီးခြင်းမျိုးနွယ်ရဲ့ တာယန်အစီရင်က အစွမ်းထက်တယ်ဆိုပေမဲ့ မင်းတို့သာ စွမ်းအင်စုစည်းပြီး အစီရင်တစ်ခု ခင်းကျင်းမယ်ဆိုရင် လွယ်လွယ်နဲ့ ခုခံနိုင်ပါတယ်။
အသက်စွန့်သွားရတဲ့ သူတွေအတွက်လည်း စိတ်မပူနဲ့။ သူတို့ မသေသေးဘူး"
ကျူးလုံက ပြောရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ဒဏ်ရာပြင်းထန်နေသော လူငါးဦးမှာ သူ၏ထံသို့ ဆွဲခေါ်ခံလိုက်ရသည်။ သူတို့၏ ပျက်စီးနေသော ခန္ဓာကိုယ်များမှာ ထူးဆန်းသော စွမ်းအင်တစ်ခု၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း နာကျင်နေပုံရသည်။
"ဝိညာဉ်တွေ... ထွက်လာခဲ့စမ်း"
ကျူးလုံက အော်လိုက်ရာ ထိုငါးဦး၏ ခန္ဓာကိုယ်များမှာ တဆတ်ဆတ် တုန်ခါသွားပြီး သူတို့၏ ဝိညာဉ်များမှာ ဦးခေါင်းမှတစ်ဆင့် အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။
"အား... အား... အား"
"ကျွန်တော် မသေချင်ဘူး"
ဝိညာဉ်အချို့က ရုန်းကန်နေကြသည်။ သူတို့၏ ဝိညာဉ်များ ခန္ဓာကိုယ်မှ ထွက်သွားသော်လည်း အတွေးအခေါ်များ ရှိနေဆဲပင်။
၎င်းကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြသည်။ တစ်ယောက်မှာ ခေါင်းပြတ်သွားသည်တောင်မှ ကျူးလုံက သူတို့၏ ဝိညာဉ်များကို ထိန်းသိမ်းထားနိုင်သလော။
ကောင်းကင်လမ်းစဉ် ပြန်လည်ဝင်စားခြင်း မဟာပညာရပ် နဲ့ဆိုရင် ဒါဟာ မင်းတို့အတွက် အဆုံးသတ် မဟုတ်သေးပါဘူး။ ငါ မင်းတို့ရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းထားပေးမယ်။ အကယ်၍ မင်းတို့မှာ ကုသိုလ်ရှိခဲ့မယ်ဆိုရင် ဒီပညာရပ်ကို ကျင့်ကြံပြီး မင်းတို့ရဲ့ ဝိညာဉ်တွေနဲ့ ပြန်လည်ဝင်စားခွင့် ရပါလိမ့်မယ်။
အဲဒီအခါကျရင် မင်းတို့ဟာ ပြန်လည်ဝင်စားသူတွေ ဖြစ်လာကြမှာပါ"
ကျူးလုံက ပြောရင်း သူတို့၏ ခန္ဓာကိုယ်များကိုပါ သိမ်းဆည်းလိုက်သည်။
"ဝိညာဉ်တွေနဲ့ ပြန်လည်ဝင်စားမယ် ဟုတ်လား"
အင်အားနည်းနေသော ဝိညာဉ်များသည် ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။ သူတို့မှာ ပြန်လည်ဝင်စားသူ ဖြစ်လာရန် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလား။
သူတို့ မသိသည်မှာ ခန္ဓာကိုယ် ဆုံးရှုံးသွားသူများသည် ထိုပညာရပ်ကို မည်သို့မျှ ကျင့်ကြံ၍ မရနိုင်ခြင်း ဖြစ်သည်။ ကျူးလုံက သူတို့၏ ဝိညာဉ်များကို သိမ်းဆည်းထားခြင်းမှာ ဝိညာဉ်ဆိုင်ရာ ဥပဒေသများကြောင့် မဟုတ်ဘဲ သေခြင်းတရားဆိုင်ရာ ဥပဒေသများကြောင့် ဖြစ်သည်။
သေခါနီး လူတစ်ယောက်ကို ကယ်တင်ရန်မှာ ခက်ခဲသော်လည်း သေခြင်းတရား ဥပဒေသများကို အသုံးပြုရန်မှာမူ ပို၍ လွယ်ကူသည်။ သို့သော် ထိုသူများကို စောင့်ကြိုနေသည့် ကံကြမ္မာမှာ ပြန်လည်ဝင်စားခြင်း မဟုတ်ဘဲ ယင်ဝိညာဉ်ဆိုးများ ဖြစ်လာရန်သာ ရှိတော့သည်။
သူတို့၏ ခန္ဓာကိုယ်များကိုမူ ယင်ဝိညာဉ်များအတွက် ခိုအောင်းရာ ခန္ဓာကိုယ်များအဖြစ် အသုံးပြုလိမ့်မည် ဖြစ်သည်။
"ငါတို့ရဲ့ သူငယ်ချင်းတွေအတွက် ကမ္ဘာ့ရန် ကြေရအောင်။ ပျက်စီးခြင်းမျိုးနွယ်တွေကို ဖျက်ဆီးကြ၊ ကျန်းရှောင်ယုကို သတ်ကြ"
"ညီအစ်ကိုတို့... အစီရင်ကို ခင်းကျင်းကြစမ်း"
လူသားပါရမီရှင်များသည် သူတို့၏ ထိတ်လန့်မှုများမှ လျင်မြန်စွာ ပြန်လည် နိုးထလာကြသည်။
ပျက်စီးခြင်းမျိုးနွယ်၏ တာယန်အစီရင်မှာ ပထမအကြိမ် တိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ်အတွက် ပြန်လည် ပြင်ဆင်နေချိန် ဖြစ်သည်။
သခင်လေး ချုန်းချီသည် ရုတ်တရက် ခုန်တက်လိုက်သည်။ "အောက်တန်းစား အတတ်ပညာလေးနဲ့ ဒီလောက် မောက်မာမနေနဲ့"
သူသည် လက်ထဲတွင် ချိတ်ပါသော သံကြိုးတစ်ခုကို ကိုင်ဆောင်ထားပြီး တာယန်အစီရင် ပြင်ဆင်နေခိုက် ပျက်စီးခြင်းမျိုးနွယ် ပါရမီရှင်အချို့ကို သတ်ဖြတ်ရန် ရည်ရွယ်ကာ မြေခွေးကြီးထံသို့ ပြေးဝင်သွားသည်။
သို့သော် သူ ပြေးဝင်သွားချိန်တွင် ကြာပွတ်ရှည်ကြီးတစ်ခုက သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
ချုန်းချီ လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ယုက သူ့ကို အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နင့်ရဲ့ ပြိုင်ဘက်က ငါပဲ"
"နင် တစ်ယောက်တည်းနဲ့ ပြန်လည်ဝင်စားသူ အများကြီးကို တားနိုင်မယ်လို့ ထင်နေတာလား" ရှဲ့ကျိက လှောင်ပြောင်လိုက်သည်။
တာယန်အစီရင်၏ စွမ်းအားမှာ ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များကို ကိုင်တွယ်ရန် လုံလောက်သော်လည်း၊ ကျန်းရှောင်ယု တစ်ယောက်တည်းက ပြန်လည်ဝင်စားသူ အများအပြားကို ယှဉ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
"ဘာလို့ ဒီလောက် စောစောစီးစီး သေချင်နေရတာလဲ" ရှဲ့ကျိက ရယ်မောလိုက်သည်။
ကျန်းရှောင်ယု အသာအယာ သက်ပြင်းချလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။ "လူ့ဘဝက တိုတောင်းလှပါတယ်။ သေခြင်းတရားကို ဘာလို့ ကြောက်နေရမှာလဲ နင်တို့လိုမျိုး အသက်ရှင်နေရတာကမှ တကယ့် ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်အပျက်ပါ"