← Chapters

ထိုက်ချိ

Vol. 10 Ch. 910

ထိုက်ချိ

Vol. 10 Ch. 910

ခုံရွှမ်း ပထမဆုံး လက်ဝါးရိုက်ချက်ကို အသုံးပြုလိုက်လေသည်။ သူအသုံးပြုလိုက်သည့် လက်ဝါးရိုက်ချက်က ပုံသဏ္ဍန်တွေ့မြင်ရခြင်း မရှိပေ။

သို့သော်… လက်ဝါးချက်က ပြင်းထန်လွန်းပြီး သုံးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။

ထိုအချိန်မှာပင်…

မိုးကောင်းကင်အနောက်ဘက်တွင် အနက်ရောင်မြစ်တစ်စင်းစီးဆင်းလာလေသည်။

ထိုမြစ်မှာ အသူရာချောက်မှ ဝိညာဉ်မြစ်မဟုတ်ပေ။ သို့သော်… မရဏစွမ်းအားများဖြင့် ပြည့်ဝလျှက်ရှိလေသည်။ ထိုမြစ်ရေအတွင်းသို့ကျဆင်းသွားရသည့် သက်ရှိ ၊ သက်မဲ့အရာအားလုံး ပျက်သုဉ်းသွားနိုင်လေသည်။ ရေမျက်နှာပြင်မှာတော့ ထူးဆန်းသည့်အရာတစ်ခုဖြင့်ဖုံးလွှမ်းထားလေသည်။

မြစ်ရေအတွင်းမှ လူရိပ်တစ်ရိပ်ပျံသန်းထွက်ခွာလာလေသည်။ ထိုသူ၏နောက်ကျောတွင် အနက်ရောင်အတောင်တစ်စုံ ပါရှိလေသည်။

ထိုသူက အတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ မြူမှုံ ၊ ဖုန်မှုံများအားလုံး သန့်စင်ကြည်လင်သွားလေသည်။

သူ၏မျက်ခုံးများက ဖြောင့်တန်းနေပြီး ကိုယ်ဟန်အနေအထားက အချိုးအစားကျ ပြေပြစ်လှပလွန်းသည်။ ဖန်ဆင်းခြင်းတရားများထဲတွင် အလှပဆုံးဟု ဆိုနိုင်လေသည်။

ထိုသူ ထွက်ပေါ်လာသည်နှင့် မိုးကောင်းကင်အနောက်ဘက်တစ်ခြမ်းလုံး မှောင်အတိကျသွားလေသည်။

ထိုအချိန်မှာပင်… အရှေ့ဘက် ကောင်းကင်ဆီမှ အလင်းရောင်များလင်းလက်လာပြီး အဖြူရောင်ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူ၏လက်ထဲတွင် ရာဇလှံတံတစ်လက်ကိုင်ဆောင်ထားပြီး မျက်နှာတွင်တော့ ရှည်လျားသည့် အဖြူရောင်မုတ်ဆိတ်မွေးများ ရှိနေလေသည်။

သူ၏ပုံစံက ခမ်းနားလှပြီး သူ၏အနောက်ဘက်တွင်တော့ ငွေရောင်အတောင်ပံများပိုင်ဆိုင်သည့် ကောင်းကင်တမာန်အုပ်စု လိုက်ပါလာသည်ကို တွေ့မြင်ရမည် ဖြစ်လေ၏။

အနက်ရောင်အတောင်ပံများကိုပိုင်ဆိုင်ထားသူမှာ ကောင်းကင်တမာန်တော်ချုပ်တစ်ပါးဖြစ်ပြီး တာ့လော်အဆင့် ကျင့်ကြံသူတစ်ယောက်အလား တန်ခိုးစွမ်းအားမြင့်မားလွန်းလေသည်။

ရာဇလှံတံကိုင်ဆောင်ထားသူကတော့ အားလော်ဟယ်ပင် ဖြစ်လေသည်။

သူက အနက်ရောင်တောင်ပံနှင့်လူကို ကြည့်လိုက်ပြီး…

"စေတန်…"

ဟု ခေါ်လိုက်လေသည်။

အနက်ရောင်အတောင်ပံများပိုင်ရှင်က မျက်ခုံးများကို တစ်ချက်ပင့်လိုက်ရင်း…

"နောက်ဆုံးတော့ ကံကြမ္မာလမ်းကနေ ကျုပ် လွတ်မြောက်သွားပြီ ၊ ဒါပေမဲ့ မင်းနဲ့တွေ့ရမယ်လို့ ထင်မထားမိဘူး အားလော်ဟယ်…."

လေထုတစ်ခုလုံးက ပို၍ပို၍ တုန်လှုပ်လာလေသည်။

မိုးကောင်းကင်ခုံရုံးတွင်တော့… ခုံရွှမ်း၏ ဒဿမမြောက်လက်ဖဝါးသိုင်းက တန်ခိုးစွမ်းအားမြင့်မားလွန်းလှပြီး စကြာဝဠာနှောင်ကြိုးများကိုပင် ဖြတ်တောက်သွားစေမည့်အလား ထင်မှတ်ရလေသည်။

စေတန်က မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး…

"ဖန်ဆင်းရှင်က ဘာလို့ ဒီကိုရောက်လာရတာလဲ…"

"ဖန်ဆင်းရှင်" ဆိုသည့်စကားလုံးမှာ အားလော်ဟယ်ကို ခေါ်ဝေါ်ကြသည့် အခေါ်အဝေါ်ဖြစ်လေသည်။

သို့သော်… ယခု စေတန်က ဖန်ဆင်းရှင်ဟု ခေါ်လိုက်သည်မှာ သူ့ကိုခေါ်ခြင်းမဟုတ်ကြောင်း အားလော်ဟယ် ချက်ချင်းသိလိုက်သည်။

အားလော်ဟယ်က…

"မင်းပြောတဲ့ ဖန်ဆင်းရှင်ဆိုတာ ဆန်းလျန်ကို ပြောတာလား…"

စေတန်၏မျက်ဝန်းများက ကြယ်စင်များအလား တစ်လက်လက် တောက်ပလာလေသည်။

စေတန်ဆိုသည်က မာရ်နတ်၏ ကိုယ်ခွဲတစ်ခုပင် ဖြစ်လေရကား အမြဲတမ်း တွက်ချက်ပြီးလုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်လေသည်။

စေတန်က စိတ်ထဲတွင်တွေးလိုက်သည်။

"ငါက ကံကြမ္မာလမ်းထဲက မူလအမှတ်အသားအတိုုင်း လိုက်လာတာပဲ ၊ ဒါပေမဲ့ ထင်မထားမိတာက ငါနောက်ဆုံးချန်ထားခဲ့တဲ့ အမှတ်အသားက လုံး၀ ပျောက်ကွယ်သွားတယ် ၊ အခုတော့ သူက ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို တိုက်နေတယ် ၊ ပြီးတော့ သူက အမြင့်ဆုံးနတ်ဘုရားတစ်ပါးလည်း ဖြစ်တယ် ၊ မဟုတ်သေးဘူး ၊ ကြည့်ရတာ… နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ် ၊ အဲဒီက ထွက်ပေါ်နေတဲ့ တန်ခိုးစွမ်းအား (၂)ခုလုံးက သူနဲ့မတူဘဲ သိပ်ကို သိသာထင်ရှားလွန်းနေတယ်…"

စေတန် တွေးတောနေရင်း သူ့စိတ်ထဲတွင် အံ့အားသင့်နေမိလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ သူမျှော်လင့်ထားသည်ထက်ပိုပြီး ကျော်လွန်နေခဲ့လေသည်။

စေတန်က ပြန်မဖြေသည့်အတွက် အားလော်ဟယ်က စကားထပ်ပြောလိုက်လေသည်။

"မင်းက ကျုပ်ရဲ့လူတွေကို တစ်လျှောက်လုံး အနှောက်အယှက်ပေးလာတာ ၊ မင်းက ကျုပ်ရဲ့ ကောင်းကင်တိုင်းပြည်ကို နှောက်ယှက်ချင်သေးတာလား…"

စေတန်က ပြုံးလိုက်ရင်း…

"အားလော်ဟယ်… ၊ အခု ကျုပ်ကလည်း မင်းလောက်တန်ခိုးစွမ်းအားမြင့်မားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေပါပြီ ၊ ကျုပ်က မင်းဖန်ဆင်းခဲ့တဲ့အရာတစ်ခု လုံးဝမဟုတ်တော့ဘူး ၊ မင်း ကျုပ်ကို ဒေါသထွက်တယ်ဆိုရင်တောင်မှ အပြစ်တင်ဖို့တော့ မစဉ်းစားနဲ့ ၊ ပြီးတော့ မင်းရဲ့ ကောင်းကင်တိုင်းပြည်ကလည်း ပျက်စီးသွားတော့မှာပါ ၊ ကျုပ်က အဲဒီမြင်ကွင်းကို ကြယ်စင်တွေပေါ်မှာထိုင်ပြီး အရသာခံပြီးတော့ကို ကြည့်ဦးမှာ…"

အားလော်ဟယ် တိတ်ဆိတ်နေလေသည်။

စေတန်က အစကတည်းက ထူးခြားသူတစ်ယောက်ဖြစ်သည်ကို သူ သိရှိထားပြီးသား ဖြစ်သည်။ ထို့ပြင်… စေတန်၏ တန်ခိုးစွမ်းအားများက အားလော်ဟယ် မနာလိုဖြစ်ရသည်အထိပင် အဆမတန် မြင့်မားလျှက် ရှိလေသည်။

သို့သော်… စေတန်လိုအကောင်မျိုးကတော့ သူ့ဘဝတွင် အနိုင်မယူနိုင်စရာ အကြောင်းမရှိပေ။ ဆန်းလျန်ဆိုလျှင်တော့ သူ နိုင်ချင်မှ နိုင်ပေလိမ့်မည်။

အားလော်ဟယ်က သူ၏ရာဇလှံတံကို ကိုင်မြှောက်လိုက်သည်နှင့် အမှောင်ထုကိုခွင်းကာ အလင်းရောင်များ ပြန်လည်တောက်ပလာလေသည်။

ထို့နောက် အားလော်ဟယ်က စေတန်ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေသည်။

သို့သော်… အားလော်ဟယ် စတင်မတိုက်ခိုက်နိုင်မီမှာပင် ကောင်းကင်တိုင်းပြည်တစ်ခုလုံး ငလျှင်လှုပ်သည့်အလား တုန်လှုပ်လာလေသည်။

ထိုအချက်ကို အခွင့်ကောင်းယူကာ စေတန်က ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်လိုက်လေသည်။

စေတန်ဆိုသည့်လူမျိုးက ပါးစပ်ကသာအပြောကြီးပြီး တကယ်တမ်းတွင် သူရဲဘောကြောင်တတ်သူမျိုး ဖြစ်လေသည်။ ထွက်ပြေးသည်ဆိုသည်က သူ့စရိုက်ပင် ဖြစ်သည်။

စေတန်က စေတန်ပါပဲဟု အားလော်ဟယ်က စိတ်ထဲမှ တွေးလိုက်မိသည်။

ရုတ်တရက်… စေတန်ထွက်ပေါ်လာသည့်အတွက် အားလော်ဟယ် မိုးကောင်းကင်တံခါးကို စိတ်ဝင်စားမှု လျော့သွားလေသည်။

အားလော်ဟယ် မိုးကောင်းကင်တံခါးကို အစကတည်းက သိပ်ပြီး စိတ်မဝင်စားခဲ့ပေ။ စိတ်မဝင်စားရသည်မှာ မိုးကောင်းကင်တံခါးက သူ့အတွက် အရေးမပါသောကြောင့် မဟုတ်ပေ။ သို့သော်… သူ့အနေဖြင့် မိုးကောင်းကင်တံခါးကို ရယူရန် အခွင့်မသာသောကြောင့် ဖြစ်လေသည်။

ထိုနတ်ဘုရားများ တိုက်ခိုက်နေကြသော ရွှံ့တောထဲသို့ မဝင်လေ သူ့အတွက် အန္တရယ်နည်းလေဖြစ်သည် မဟုတ်ပါလား။

အားလော်ဟယ်က သူ၏ ရာဇလှံတံကို ကောင်းကင်တိုင်းပြည်တွင် ထောက်တိုင်တစ်ခုအဖြစ် စိုက်ကာ ထောက်ခံထားလိုက်လေသည်။ ထိုအခါ တုန်လှုပ်နေသည့် ကောင်းကင်တိုင်းပြည်မှာ ပြန်လည် တည်ငြိမ်သွားလေတော့သည်။

ထို့နောက်… အားလော်ဟယ်သည် ချက်ချင်းပင် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စေတန်နောက်သို့ လိုက်ပါသွားလေတော့သည်။

စေတန်ကပြေး ၊ အားလော်ဟယ်ကလိုက်နှင့် အချိန်နှင့်နေရာ မည်မျှ ဖြတ်သန်းခဲ့သည်ကို သူတို့ မသိနိုင်ကြတော့ပေ။

စကြာဝဠာကြီးက ရေကန်တစ်ခုသာဆိုလျှင် သူတို့ (၂)ယောက်က ရေကန်ထဲတွင် ကူးခတ်ရင်း လိုက်တမ်းပြေးတမ်းကစားနေကြသည့် ငါး (၂)ကောင်အလား ဖြစ်လေသည်။

စေတန်က လှစ်ခနဲ လှစ်ခနဲ ပြေးနေပြီး အားလော်ဟယ်က သူ့ကို ဖမ်းမိရန် ခက်ခဲလျှက် ရှိလေသည်။

သူတို့ (၂)ယောက် ပြေးနေ လိုက်နေသည်ကို ကြည့်ခြင်းအားဖြင့် (၂)ယောက်လုံး တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို သိရှိနိုင်လေသည်။ သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားသာ ပေါင်းစပ်လိုက်မည်ဆိုလျှင် နတ်ဘုရားများစွာ၏ စိတ်ဝင်စားမှုကို ခံရမည် ဖြစ်လေသည်။

သို့သော်… လောလောဆယ်အချိန်တွင်တော့ အားလုံးက ခုံရွှမ်းနှင့် ဆန်းလျန်၏ တိုက်ပွဲကို အာရုံစိုက်နေမိကြလေသည်။ ထို့ကြောင့် အားလော်ဟယ်နှင့် စေတန်ကို သိပ်ပြီး အရေးမစိုက်မိကြပေ။

မိုးကောင်းကင်ခုံရုံးတွင် ရှေးဟောင်းနတ်ဘုရားနယ်မြေတစ်ခု ဖြစ်ပေါ်လာလေသည်။

မိုးနှင့်မြေမှ အသက်ဓာတ်စွမ်းအားများက ဒီရေအလား အဆက်မပြတ်မြင့်တက်လျှက်ရှိသည်။ ထိုသို့ဖြစ်လာစေရန် ခုံရွှမ်းက တမင်တကာ ပြုလုပ်နေသည်တော့ မဟုတ်ခဲ့ပေ။

ခုံရွှမ်း၏ တန်ခိုးစွမ်းအားများက ကြမ်းတမ်းသည့် သမုဒ္ဒရာရေပြင်အလားဖြစ်ပြီး အခြားသော တန်ခိုးစွမ်းအားများကလည်း ပင်လယ်ရေအလား သမုဒ္ဒရာအတွင်းသို့ စီးဆင်းဝင်ရောက်လာကြလေသည်။

ကြောက်မက်ဖွယ်ရာပင် ကောင်းလှသည်။ တန်ခိုးစွမ်းအား ဒီရေလှိုင်းများက စကြာဝဠာ၏ အကန့်အသတ်ကိုပင် ချိုးဖျက်သွားလေသည်။

နတ်ဘုရားအုပ်စု၏အမြင်တွင် ဆန်းလျန်နှင့် ခုံရွှမ်း၏ တိုက်ပွဲမှာ နေနှင့်လ တိုက်ခိုက်နေသည့် တိုက်ပွဲအလား ဖြစ်လေသည်။ ပြီးပြည့်စုံမှုကိုလည်း ဖော်ကျူးလျှက် ရှိသည်။

နတ်ဘုရားများအားလုံး စိတ်လှုပ်ရှားလျှက် ရှိကြလေသည်။ ခုံရွှမ်း၏ တန်ခိုးစွမ်းအားများက သူတို့ရင်ကို ထိရှစေလေသည်။

ထိုသို့ ထိရှခံစားရခြင်းမှာ တကယ်တမ်းတော့ ခံစားချက်တစ်ခုမဟုတ်ပေ။ နတ်ဘုရားများ၏ ပင်ကိုယ်သိစိတ်အတိုင်း ခံစားလိုက်ကြရခြင်း ဖြစ်လေသည်။

ခုံရွှမ်း၏ တန်ခိုးစွမ်းအားများက ယခုအချိန်တွင် ဟွင့်ယွမ်ဝူကျီအဆင့်နှင့် တန်းတူဖြစ်နေလေသည်။ သူသာ ယနေ့တိုက်ပွဲတွင် ဆန်းလျန်လက်ချက်ဖြင့် မသေဘူးဆိုလျှင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိလျှင်တောင်မှ ကျန့်ယွမ်ကျီနတ်မင်းကြီးထက် သာလွန်သည့်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။

ထိုမျှလောက် မြင့်မားလွန်းသော တန်ခိုးစွမ်းအားကို ရင်ဆိုင်လိုက်ရသည့်တိုင် ဆန်းလျန်ကတော့ တည်ငြိမ်အေးဆေးနေဆြဲဖစ်လေသည်။

ဆန်းလျန်က ခုံရွှမ်း၏ ထူးဆန်းသည့် လက်ဖဝါးရိုက်ချက်ကို အသာအယာပင် ခုခံလိုက်လေသည်။

ဆန်းလျန်ထံမှ ထွက်ပေါ်လာသည့်တန်ခိုးစွမ်းအားက စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်သွားလေသည်။

သို့သော်… သေသေချာချာကြည့်မည်ဆိုလျှင် ထိုစက်ဝန်းသည် အလွန်အမင်းထက်ရှနေသည်ကို တွေ့ရမည် ဖြစ်သည်။

ထိုအရာက သံဘောလုံးတစ်ခုနှင့်ဆင်တူပြီး တကယ်တမ်းတွင် မရေမတွက်နိုင်သည့် သံစူးလေးများနှင့် ပြုလုပ်ထားသည့်အလားဖြစ်ပြီး ဟာကွက်တစ်ကွက်လေးပင် မရှိပေ။

နတ်ဘုရားများအားလုံးမှာ အံ့သြထိတ်လန့်သွားကြသလို လေးလည်းလေးစားသွားမိကြလေသည်။

နတ်ဘုရားများအားလုံးသည် ထိုက်ချိယင်ယန်သဘောတရားများကို ကောင်းကောင်းနားလည်နိုင်ကြသည့် အဆင့်များဖြစ်ကြလေသည်။ သို့သော်… ဆန်းလျန်၏ တန်ခိုးစွမ်းအားကို တွေ့မြင်လိုက်ကြရသည့်အခါ မည်သည့် ထိုက်ချိယင်ယန်သဘောတရားကို အသုံးပြုလိုက်သည်ကို သူတို့အားလုံး နားလည်နိုင်ခြင်း မရှိကြတော့ပေ။

ကြည့်ရသည်မှာ… သူတို့အားလုံး ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့ကြသည့်တိုင် သူတို့နားလည်ထားမှုများသည် အလွန်ပင် နည်းပါးလွန်းလှသည်ကိုသဘောပေါက်လိုက်ကြလေသည်။

ယခုတော့ အမှန်တရားကို နားလည်ဆုပ်ကိုင်လိုက်နိုင်ကြပြီ ဖြစ်လေသည်။

***

All Chapters