အခန်း (၆၅၃-၆၅၅)
Vol. 44 Ch. 653-655
အခန်း ၆၅၃ - အသက်သွေးကြော အဆောင်လက်မှတ်များ
ဆယ်စုနှစ်တစ်ခုကြာမှ ပြန်လည်ဆုံတွေ့ကြရသော်လည်း ယီယွင်နှင့် ကျန်းရှောင်ယုတို့မှာ အတိတ်ဟောင်းများကို လွမ်းမောတသနေရန် အချိန်မရှိကြချေ။ သူတို့သည် ဝိညာဉ်သင်္ချိုင်းအတွင်း၌ ရှိနေဆဲဖြစ်ပြီး ရန်လိုသော သွေးလမင်းနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
နိုးထတော့မည့် ယင်မိစ္ဆာ အမြောက်အမြားကို ဟန့်တားရန်အတွက် သူတို့သည် ယင်မိစ္ဆာများ ကျိန်းစက်ရာမြေသို့ ချက်ချင်းသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရန် လိုအပ်သည်။
ဝိညာဉ်သင်္ချိုင်းကို ကာကွယ်ရန်အတွက် အလွှာလိုက် အကာအကွယ်များ ပြုလုပ်ထားသဖြင့် အလွန်ပင် လုံခြုံလှသည်။
ဝိညာဉ်သင်္ချိုင်း အပြင်ဘက်ရှိ အစီရင်ကြီးမှာ အတွင်းကမ္ဘာကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည်။ ယင်မိစ္ဆာများ ကျိန်းစက်ရာမြေတွင်လည်း ဟင်းလင်းပြင်ဝင်္ကပါများနှင့် လှည့်စားခြင်း အစီရင် များစွာ ရှိနေသည်။ ထိုနေရာ၏ အဝင်ဝမှာပင် ခဏခဏ ပြောင်းလဲနေတတ်သည်။
မျက်နှာဖုံးစွပ်လူသား၏ မှတ်ဉာဏ်များ ရှိနေသော်လည်း တကယ့်တည်နေရာအတိအကျကို ရှာဖွေရန်မှာ အချိန်များစွာ ပေးရပေလိမ့်မည်။
ကံကောင်းသည်မှာ ယီယွင်သည် ၎င်းကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ သူသည် ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ မိစ္ဆာစွမ်းအင်ကို ထည့်သွင်းပေးလိုက်ခြင်းဖြင့် အမှတ်အသားတစ်ခု ပြုလုပ်ခဲ့သည်။
ဤအမှတ်အသားမှာ မှောင်မိုက်ခြင်းထဲတွင် တောက်ပနေသော မီးတောက်တစ်ခုကဲ့သို့ပင်။ ၎င်းက ယီယွင်ကို ရှုပ်ထွေးလှသော အစီရင်များကြားမှ ယင်မိစ္ဆာများ ကျိန်းစက်ရာမြေသို့ လျင်မြန်စွာ ရောက်ရှိအောင် လမ်းပြပေးလိမ့်မည်။
"ဒဏ်ရာရတဲ့သူတွေကို ကြည့်ဖို့ ၁၀ ယောက် ချန်ထားခဲ့ပါ။ ကျန်တဲ့သူတွေ အားလုံး ငါ့နောက် လိုက်ခဲ့"
ယီယွင်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ပျက်စီးခြင်းမျိုးနွယ်ဝင်များသည် ယီယွင်အပေါ် ခံစားချက်မျိုးစုံ ရှိနေကြသည်။ ကျန်းရှောင်ယုတွင် လူသားမောင်လေးတစ်ယောက်ရှိကြောင်းနှင့် ထိုမောင်လေးအတွက် သူမ များစွာ စတေးခဲ့ရကြောင်း သူတို့ သိထားကြသည်။ ကျန်းရှောင်ယုကို ပျက်စီးခြင်းမျိုးနွယ်ထဲသို့ အပြည့်အဝ လက်ခံရန်အတွက်ပင် လမ်းပြလူငယ် က အသက်စွန့်ပြီး ယီယွင်ကို ကယ်တင်ပေးခဲ့ရဖူးသည်။
ထို့ကြောင့် ပျက်စီးခြင်းမျိုးနွယ် လူငယ်အချို့မှာ ယီယွင်အပေါ် အမြင်မကြည်ကြချေ။ အချို့ဆိုလျှင် ယီယွင်ကို မနာလိုပင် ဖြစ်နေကြသည်။ သို့သော် ယနေ့ ယီယွင် ပြသခဲ့သော ခွန်အားများကြောင့် သူတို့အားလုံးမှာ အသိအမှတ်ပြုသွားကြရပြီ ဖြစ်သည်။
လူသားတစ်ဦးဖြစ်သော်လည်း ယီယွင်၏ အမိန့်ကို နာခံရန်မှာ သူတို့အတွက် သဘာဝကျသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
ဤအချိန်တွင် ယင်မိစ္ဆာများ ကျိန်းစက်ရာမြေ၌ ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များမှာ မြင့်မားသော ကျောက်တိုင်ကြီးများနှင့် ၎င်းတို့ပေါ်ရှိ ပိုးအိမ်ကြီးများကို စိတ်ဝင်တစား ကြည့်နေကြသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ ဒီပိုးအိမ်ကြီးတွေထဲမှာ ဘာတွေရှိနေတာလဲ
"သခင်လေး ဖုန်းမင်... ကျွန်တော်တို့ကို ဘာလို့ ဒီကို ပို့လိုက်တာလဲ။ ဟိုသစ္စာဖောက် ယီယွင် သေသွားပြီလား"
အဖွဲ့ဝင်အချို့က ယီယွင်၏ အခြေအနေကို မေးမြန်းနေစဉ်မှာပင် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ကျူးလုံ ထွက်ပေါ်လာသည်။
ယခုအခါ ကျူးလုံ၏ မျက်ခုံးကြားရှိ သွေးကြောမျှင်များ ပျောက်ကွယ်သွားပြီး၊ လောင်ကျွမ်းနေသော မီးတောက်ပုံသဏ္ဌာန် အမာရွတ်တစ်ခု အစားထိုးဝင်ရောက်လာသည်။ ဤအမာရွတ်မှာ မဟာမိတ်သိုင်းအဖွဲ့ ခေါင်းဆောင်၏ မျက်ခုံးကြားရှိ အမာရွတ်နှင့် ဆင်တူကြောင်း အချို့က သတိပြုမိလိုက်ကြသည်။
၎င်းမှာ နတ်ဘုရားတို့၏ သွေးကို အသုံးပြု၍ မိမိကိုယ်ကို အစွမ်းမြှင့်တင်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော အမှတ်အသားပင်။
ကျူးလုံ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေပြီး သူ၏ အရှိန်အဝါမှာလည်း များစွာ အားနည်းသွားပုံရသည်။ သူသည် ဖုန်းမင်ထံသို့ စိတ်အာရုံဖြင့် စကားလှမ်းပြောလိုက်သည်။
"ဒုတိယမြောက် အသက်သွေးကြော အဆောင်လက်မှတ် ကို ဖျက်ဆီးရမယ် ဟုတ်လား"
ဖုန်းမင် အံ့အားသင့်သွားသည်။
ကျူးလုံနှင့် ပြန်လည်ဝင်စားသူများသည် ဝိညာဉ်သင်္ချိုင်းသို့ ဝင်ရောက်လာစဉ်က ဌာနချုပ်နှင့် ဆက်သွယ်ရန်အတွက် အသက်သွေးကြော အဆောင်လက်မှတ် ၃ ခု ရရှိခဲ့ကြသည်။ ဝိညာဉ်သင်္ချိုင်းမှာ သီးခြားကမ္ဘာတစ်ခုဖြစ်ပြီး အပြင်ဘက်ရှိ ရှေးဟောင်းအစီရင်ကြောင့် သတင်းပို့ရန် အလွန်ခက်ခဲသည်။
ဤအဆောင်လက်မှတ်များမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေပြီး တစ်ခုကို ဖျက်ဆီးလိုက်ပါက အခြားတစ်ဖက်ရှိ အဆောင်လက်မှတ်မှာလည်း အလိုအလျောက် ပျက်စီးသွားမည် ဖြစ်သည်။
ပထမအဆောင်လက်မှတ်ကို ဖျက်ဆီးခြင်းမှာ "အရာရာ အဆင်ပြေချောမွေ့နေပြီး တာဝန်ပြီးမြောက်တော့မည်" ဟု အဓိပ္ပာယ်ရသည်။ ဒုတိယအဆောင်လက်မှတ်မှာ "မမျှော်လင့်ထားသော အခြေအနေနှင့် ကြုံတွေ့နေရပြီး ပြင်းထန်စွာ တိုက်ခိုက်နေရသည်" ဟု ဆိုလိုသည်။
နောက်ဆုံးအဆောင်လက်မှတ်မှာမူ "တာဝန် လုံးဝ ကျရှုံးသွားပြီ" ဟု အဓိပ္ပာယ်ရသည်။
သွေးလမင်း၏ ပြန်လည်ဝင်စားသူများအတွက် ဤမျှ အင်အားတောင့်တင်းသော လူစာရင်းဖြင့် လာခဲ့ပါလျက် ဒုတိယအဆောင်လက်မှတ်ကို သုံးရမည်ဆိုသည်မှာ လက်ခံရန် ခက်ခဲလှသည်။
"သခင်လေး ကျူးလုံ... ခင်ဗျား ဖန်တီးခဲ့တဲ့ အခြားကမ္ဘာဦးနယ်ပယ်က ယီယွင်ကို အပြတ်မရှင်းနိုင်ဘူးလား။ သူက ဟင်းလင်းပြင်အစီရင်ကို ဖောက်ထွက်နိုင်စွမ်း ရှိတယ်လို့ ခင်ဗျား ထင်နေတာလား" ဖုန်းမင်မှာ အရှက်ရမည်စိုးသဖြင့် ဒုတိယလက်မှတ်ကို မဖျက်ဆီးချင်ပေ။
"ငါကတော့ ယီယွင်နဲ့ အသေအလဲ တိုက်ခဲ့ရလို့ သူ့ခွန်အားကို သိတယ်။ ငါ့ရဲ့နယ်ပယ်က သူ့ကို ထောင်ချောက်ဆင်ထားနိုင်ရမယ်..." ကျူးလုံက ပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ခန့်မှန်းချက်အရ ယီယွင်ကို နာရီအနည်းငယ်မျှ ပိတ်လှောင်ထားနိုင်ပါက သူတို့၏ ပူးကပ်သိမ်းပိုက်ခြင်း အစီအစဉ်မှာ အောင်မြင်သွားပေလိမ့်မည်။ ယင်မိစ္ဆာများ နိုးထလာပါက အရာအားလုံး အဆင်ပြေသွားမည် ဖြစ်သော်လည်း ကျူးလုံ၏ စိတ်ထဲတွင် တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ မကောင်းသော အငွေ့အသက်ကို ခံစားနေရသည်။
"ဒါဆိုရင်တော့ သခင်လေး စိုးရိမ်စရာ မလိုပါဘူး။ ယီယွင်က အဲဒီနယ်ပယ်ကို မဖောက်နိုင်တာကို ထားဦး၊ ဖောက်နိုင်ခဲ့ရင်တောင် ရှုပ်ထွေးလှတဲ့ လှည့်စားခြင်း အစီရင်တွေကြားမှာ ငါတို့ တည်နေရာကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ငါ အစီရင်ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲထားပြီးပြီ။
ယီယွင်က ၄ နာရီအတွင်းမှာ ဒီအစီရင်ကို မဖောက်နိုင်ပါဘူး" ဖုန်းမင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"သခင်လေး... ပထမဆုံး အဆောင်လက်မှတ်ကိုပဲ အရင်ဖျက်ဆီးလိုက်ရအောင်။ တကယ်လို့ ယီယွင်က ငါတို့အစီအစဉ်ကို လာဖျက်ဆီးနိုင်ခဲ့မှ ဒုတိယလက်မှတ်ကို သုံးတာလည်း မနှောင်းပါဘူး" ဟု ရှဲ့ကျိက ဆိုသည်။
ကျူးလုံ ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ ဖြစ်နိုင်သော ရွေးချယ်မှုတစ်ခုပင်။
ဖုန်းမင်က ပထမအဆောင်လက်မှတ်ကို ဖျက်ဆီးလိုက်သည်။ ၎င်းမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ဖုန်းမင် ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များဘက်သို့ လှည့်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် သားကောင်ကို ကြည့်နေသော မြွေတစ်ကောင်ကဲ့သို့ လောဘရိပ်များ ဖြတ်ပြေးသွားသော်လည်း သူသည် ၎င်းကို သေချာစွာ ဖုံးကွယ်ထားလိုက်သည်။
"ယီယွင်က အခု အခြားကမ္ဘာဦးနယ်ပယ်ထဲမှာ ပိတ်မိနေပြီ။ ချက်ချင်း မသေပေမယ့် သေဖို့ လမ်းပေါ်ရောက်နေပါပြီ။ နောက် နာရီအနည်းငယ်အတွင်းမှာ ငါတို့အားလုံး စုပေါင်းပြီး အစီရင်ကို ဖွင့်လိုက်တဲ့အခါ မဟာမိတ်သိုင်းအဖွဲ့ရဲ့ နောက်ဆုံး လျှို့ဝှက်အင်အားတွေ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ယီယွင်ကို သတ်ဖို့ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်သွားမှာပါ"
မဟာမိတ်သိုင်းအဖွဲ့၏ လျှို့ဝှက်အင်အား
အားလုံးမှာ ထိုစကားကို ကြားရသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားကြသည်။ မဟာမိတ်သိုင်းအဖွဲ့မှာ ဤမျှအထိ အင်အားတောင့်တင်းနေသည်တောင် လျှို့ဝှက်အင်အားများ ရှိနေသေးသည်လား နှစ်သန်းပေါင်းများစွာ တည်တံ့လာခဲ့သော ဤအဖွဲ့အစည်း၏ အမွေအနှစ်မှာ လူတို့ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေပေလိမ့်မည်။
အခန်း ၆၅၄ - မြေပုံကို ဖြန့်လိုက်ချိန်တွင် ပေါ်ထွက်လာသော ဓားမြှောင်
"ဒီလိုကိုး... ဒါဆိုရင်တော့ ငါတို့ စိတ်အေးရပြီ။ အဲဒီသစ္စာဖောက် ယီယွင်ကို အလွယ်တကူ အသေမခံသင့်ဘူး"
"မှန်တယ်... အဲဒီလိုလူမျိုးကို ဝိညာဉ်ကို ထုတ်ယူပြီး ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရမယ်။ သူ့ဝိညာဉ်ကို လုံးဝ ပျက်စီးမသွားခင် နှစ်ပေါင်းတစ်ရာလောက် နှိပ်စက်ပစ်ရမယ်"
"မဟာမိတ်သိုင်းအဖွဲ့ရဲ့ လျှို့ဝှက်အင်အားတွေက ဘာတွေဖြစ်မလဲ ငါ တကယ်ကို ကြည့်ချင်လှပြီ"
ဖုန်းမင်၏ စကားကို ကြားရသောအခါ လူတိုင်း စိတ်သက်သာရာရသွားကြပြီး အတော်လေး တက်ကြွလာကြသည်။
ဖုန်းမင်၏ သဘောကောင်းလှသော မျက်နှာနောက်ကွယ်တွင် လှည့်ဖြားမှုနှင့် မကောင်းသောအကြံအစည်များ ပြည့်နှက်နေသည့် ပြုံးစိစိအမူအရာတစ်ခု ရှိနေသည်။
သူသည် သူ၏ အမှတ်အသားဖြစ်သော ခေါက်ယပ်တောင်ကို ဖြန့်ကာ အသာအယာ ခတ်လိုက်ရင်း သူ၏ အနောက်ရှိ ကျောက်တိုင်များကို ညွှန်ပြကာ ပြောလိုက်သည်။ "ဒီပိုးအိမ်တွေက ဘာလဲဆိုတာ မင်းတို့ သိချင်နေကြတာလား အခု ငါပြောပြမယ်... ဒီပိုးအိမ်တွေဟာ မဟာမိတ်သိုင်းအဖွဲ့က ချိတ်ပိတ်ထားတဲ့ လျှို့ဝှက်အင်အားတွေပဲ"
"အို..."
လူတိုင်းသည် တောက်ပသော မျက်ဝန်းများဖြင့် ပိုးအိမ်ကြီးများကို ကြည့်လိုက်ကြသည်။
"ဒါတွေလား ငါတို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲဆိုတာ အခုမှ နားလည်တော့တယ်" "မဟာမိတ်သိုင်းအဖွဲ့ရဲ့ လျှို့ဝှက်အင်အားတွေက ဘာတွေများ ဖြစ်မလဲ"
လူအများအပြားက မျှော်လင့်တကြီး ရှိနေကြသော်လည်း ဝေချီဝေ၊ ချူညီအစ်မများနှင့် အပေါင်းအဖော်များကဲ့သို့ တိတ်တဆိတ် ထိတ်လန့်နေသူ အနည်းငယ်လည်း ရှိနေသည်။ သူတို့ ခြောက်ယောက်မှာ ယီယွင်၏ သစ္စာဖောက်မှု တွင် ကြံရာပါများအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။
သူတို့သည် မဟာမိတ်သိုင်းအဖွဲ့၏ အပယ်ခံရမည် သို့မဟုတ် အသတ်ခံရမည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုမူ မေးမြန်းခြင်းပင် မခံရဘဲ ပြန်လည်ဝင်စားသူများက သူတို့ကိုပါ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်ထိလည်း ပြန်လည်ဝင်စားသူများက သူတို့ကို လေလှိုင်းများကဲ့သို့ သဘောထားကာ ဂရုမစိုက်ကြသေးချေ။
ဖုန်းမင်က ဆက်ပြောသည်။
"ဒီပိုးအိမ်ကြီးတွေပေါ်က ချိတ်ပိတ်မှုတွေက အချိန်အကြာကြီး ရှိနေခဲ့တာ။ ဒါတွေကို တစ်ပြိုင်နက်တည်း ဖယ်ရှားဖို့ လိုအပ်တယ်၊ ဒါကြောင့် မင်းတို့ရဲ့ အကူအညီ လိုလိမ့်မယ်"
"အခု ငါ နာမည်ခေါ်မယ်... နာမည်ခေါ်ခံရတဲ့သူက သတ်မှတ်ထားတဲ့ ပိုးအိမ်ဆီသွားပြီး တရားထိုင်ရမယ်"
"ပထမဆုံး... ဖန်ယွမ်ဟိုင် ..."
ဖုန်းမင်က နာမည်များကို စတင်ခေါ်ဆိုတော့သည်။ နာမည်ခေါ်ခံရသော စစ်သည်တိုင်းကို ချုံချီ သို့မဟုတ် ရှဲ့ကျိက ပိုးအိမ်ကြီးများရှိရာသို့ ခေါ်ဆောင်သွားသည်။ ထိုလူများသည် ဘာလုပ်ရမှန်းမသိဘဲ သက်ဆိုင်ရာ ပိုးအိမ်များအနီးတွင် ထိုင်ကာ တရားထိုင်နေကြတော့သည်။
ယင်မိစ္ဆာများ ကျိန်းစက်ရာမြေရှိ ပိုးအိမ်တိုင်းတွင် အင်အားအမျိုးမျိုးရှိသော ယင်မိစ္ဆာတစ်ကောင်စီ ရှိနေသည်။ သွေးလမင်းသည် ယင်မိစ္ဆာ၏ အင်အားနှင့် ကိုက်ညီမည့် ခန္ဓာကိုယ်များကို ခွဲဝေပေးခြင်းဖြင့် အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ရန် ကြံစည်ထားခြင်း ဖြစ်သည်။
ဝေချီဝေနှင့် ချူညီအစ်မများ အပါအဝင် နာမည်အားလုံးကို ခေါ်ဆိုပြီးချိန်တွင် မိနစ် ၃၀ ခန့် ကြာသွားခဲ့သည်။ သူတို့ တစ်ယောက်ချင်းစီအား ပိုးအိမ်တစ်ခုစီ သတ်မှတ်ပေးထားသည်။
သက်ဆိုင်ရာ ပိုးအိမ်များအပေါ်တွင် ထိုင်နေရင်း ချူညီအစ်မများသည် ပိုးအိမ်များအတွင်းမှ ထွက်ပေါ်လာသော အားနည်းသော မိစ္ဆာအရှိန်အဝါကို ခံစားလိုက်ရသဖြင့် ကျောချမ်းသွားကြသည်။
ဤသည်မှာ ဘာလဲ အဘယ်ကြောင့် သူတို့ကို နောက်ဆုံးစီမံကိန်းတွင် ပါဝင်ခွင့် ပေးထားရသနည်း
သူတို့သည် ဝေချီဝေနှင့် ကတုံးလူငယ်ကို လှည့်ကြည့်လိုက်သည်။ ထိုနှစ်ဦးစလုံးမှာလည်း အားကောင်းသော ကမ္ဘာဦးသားရဲကြီးတစ်ကောင်၏ အပေါ်တွင် ထိုင်နေရသကဲ့သို့ မသက်မသာ ဖြစ်နေကြသည်။
"ကောင်းပြီ... ဒီချိတ်ပိတ်မှုတွေကို ဖယ်ရှားခြင်းက မင်းတို့ကို ထိုက်တန်တဲ့ ဆုလာဘ်တွေ ရရှိစေမှာပါ။ ဒါကြောင့် ငါတို့ မဟာမိတ်သိုင်းအဖွဲ့ရဲ့ နောက်ဆုံးလျှို့ဝှက်အင်အားတွေကို လွှတ်ထုတ်နိုင်ဖို့ ကြိုးစားကြပါ။
ဒါဟာ ဒီကျေက်နက်စမ်းသပ်ပွဲရဲ့ နောက်ဆုံးရည်မှန်းချက်ပဲ" ဖုန်းမင်က နူးညံ့သိမ်မွေ့သော အသံဖြင့် ပြောဆိုလိုက်ရာ ၎င်းမှာ လူငယ်များကို တက်ကြွစေသော အာနိသင် ရှိနေသည်။
မဟာမိတ်သိုင်းအဖွဲ့၏ ဆုလာဘ်များမှာ ဤလူငယ်များ နှစ်ပေါင်းများစွာ စွဲလန်းတောင့်တခဲ့ရသော အရာများပင်။
"မင်းတို့အနားက ပိုးအိမ်ထဲက ချိတ်ပိတ်မှုကို သေချာအာရုံခံပါ။ အဲဒီထဲကို မင်းတို့ရဲ့ စွမ်းအင်တွေကို တတ်နိုင်သလောက် ထည့်သွင်းပြီး ချိတ်ပိတ်မှုကို ဖယ်ရှားလိုက်ပါ" ဖုန်းမင်က အမိန့်ပေးလိုက်သည်။
လူတိုင်းသည် သူတို့၏ စိတ်အာရုံကို ပိုးအိမ်များအတွင်းသို့ ပို့လွှတ်ကာ ချိတ်ပိတ်မှုကို အာရုံခံလိုက်ကြသည်။ အများစုမှာ မည်သည့်သံသယမျှ မရှိဘဲ သူတို့၏ ယွမ်ချီစွမ်းအင်များကို အတိုင်းအဆမရှိ ထည့်သွင်းတော့သည်။
သို့သော်လည်း အနည်းငယ်သော သူများမှာမူ ဝေခွဲမရ ဖြစ်နေကြသည်။ အန္တရာယ်များလှသော ဝိညာဉ်သင်္ချိုင်းအတွင်း၌ မိမိကိုယ်ကို အားနည်းသွားစေမည့် စွမ်းအင်အမြောက်အမြားကို ပိုးအိမ်ထဲ ထည့်သွင်းခြင်းမှာ ဘေးကင်းသော ကိစ္စမဟုတ်ပေ။ ထို့ပြင် ဤချိတ်ပိတ်မှု ဖယ်ရှားနည်းကလည်း သူတို့ကို တွန့်ဆုတ်စေသည်။ ပိုးအိမ်ထဲတွင် ဘာကို ချိတ်ပိတ်ထားသနည်း လက်နက်လော သို့မဟုတ် ရှေးဟောင်း သက်ရှိတစ်ခုခုလော
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ချိတ်ပိတ်ထားသော အရာတစ်ခုက ယခုတိုင် အားကောင်းနေဆဲလား ထိုအရာနှင့် ဤမျှနီးကပ်နေခြင်းက အန္တရာယ် မရှိနိုင်ဘူးလား
သို့သော် ယခုအချိန်တွင် ထိုအရာများကို စဉ်းစားနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။
သူတို့သည် ဝိညာဉ်စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သဖြင့် မဟာမိတ်သိုင်းအဖွဲ့၏ အမိန့်ကို ဗြောင်ကျကျ ငြင်းဆန်၍ မရချေ။ သူတို့၏ အပေါင်းအဖော်များက ဆုလာဘ်များကို မျှော်ကိုးကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသည်ကို မြင်သောအခါ ထိုလူများလည်း နောက်ကျမကျန်စေရန် လိုက်ပါလုပ်ဆောင်ကြတော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လူအများအပြားမှာ ချွေးများ ပြန်လာကြသည်။ စွမ်းအင်များကို အလွန်အမင်း ထုတ်သုံးလိုက်ရသဖြင့် သူတို့၏ ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးများကို ခံစားလာရပြီ ဖြစ်သည်။
ကျူးလုံမှာ မည်သည့် ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေသော်လည်း၊ ဖုန်းမင်၏ နှုတ်ခမ်းတွင်မူ ပြုံးရိပ်တစ်ခု သန်းနေသည်။ သူသည် လူတိုင်း၏ စွမ်းအင်ကုန်ဆုံးမှု အခြေအနေကို တွက်ချက်နေခြင်း ဖြစ်သည်။
သူတို့ စွမ်းအင်များ ပိုကုန်လေ၊ ပိုးအိမ်ထဲမှ ယင်မိစ္ဆာများထံ စွမ်းအင်များ ပိုရောက်လေဖြစ်ပြီး ပူးကပ်သိမ်းပိုက်မှုမှာ ပိုမိုချောမွေ့စေမည် ဖြစ်သည်။
"စတော့"
ကျူးလုံက အသံလွှင့်လိုက်သည်။
"ကောင်းပြီ"
ဖုန်းမင်၊ ရှဲ့ကျိ နှင့် ချုံချီ တို့သည် တြိဂံပုံစံ ရပ်လိုက်ကြသည်။ သူတို့ သုံးဦး စုပေါင်းကာ အစီရင် ချိတ်တံဆိပ် များစွာကို ဖန်တီးလိုက်ကြသည်။ ထိုချိတ်တံဆိပ်များမှာ ရေလှိုင်းများကဲ့သို့ ရှေ့သို့ ပျံ့နှံ့သွားပြီး ကျောက်တိုင်ရှိ ပိုးအိမ်များနှင့် ထိတွေ့သည်နှင့် ပိုးအိမ်များက ၎င်းတို့ကို ချက်ချင်း စုပ်ယူလိုက်သည်။
ချိတ်တံဆိပ်များ ထိတွေ့လိုက်သည်နှင့် ပိုးအိမ်များမှာ အသက်ဝင်လာသကဲ့သို့ ရှိနေသည်။ ပိုးအိမ်များထံမှ အားနည်းသော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အချို့သော ပိုးအိမ်ငယ်များအတွင်း၌ ဝိညာဉ်တစ်ခု လှည့်ပတ်သွားလာနေသည်ကိုပင် မြင်တွေ့နေရသည်။
"ချိတ်ပိတ်မှုက ပြုတ်တော့မှာလား"
ဖုန်းမင်တို့က သူတို့ကို "ကူညီ" နေသည်ဟု ထင်မှတ်ကာ လူတိုင်းမှာ သူတို့၏ စွမ်းအင်များကို ပို၍ အားစိုက်ကာ ထည့်သွင်းကြတော့သည်။
သူတို့မှာ ချိတ်ပိတ်မှုကို ပထမဆုံး ဖယ်ရှားနိုင်သူ ဖြစ်ချင်နေကြသည်။
ထိုအချိန်တွင်...
"အား......"
ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်တစ်ဦးက စူးရှစွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏ ဦးခေါင်းအတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ သူ၏အောက်ရှိ ပိုးအိမ်မှာ အရာရာကို ဝါးမြိုမည့် မိစ္ဆာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
မူလက သူက စွမ်းအင်များကို ထည့်သွင်းပေးနေခြင်း ဖြစ်သော်လည်း၊ ယခုမူ ပိုးအိမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို အတင်းအကျပ် စုပ်ယူနေခြင်း ဖြစ်သည်။
စွမ်းအင်တင်မကဘဲ သူ၏ ဝိညာဉ်ခွန်အား ကိုပါ စုပ်ယူနေခြင်း ဖြစ်သည်။ စစ်သည်များ၏ ခန္ဓာကိုယ်မှာ သန်မာသော်လည်း ဝိညာဉ်မှာမူ အားနည်းလှသည်။ ၎င်း ထိခိုက်သွားပါက ကုသရန် အလွန်ခက်ခဲသည်။
ထိုပြင်းထန်သော စုပ်ယူမှုကို ခုခံရန် နည်းလမ်းမရှိပေ။ ပိုးအိမ်မှာ အရာရာကို ဝါးမြိုမည့် ငတ်မွတ်နေသော ကမ္ဘာဦးသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
စုပ်ယူမှု ပိုပြင်းထန်လာသည်နှင့်အမျှ ထိုအဖွဲ့ဝင်၏ မျက်နှာမှာ ဖြူလျော်သွားသည်။ သူ၏ ဝိညာဉ်ပင်လယ်မှာ အတင်းအကျပ် ဆွဲဖြဲခံနေရသကဲ့သို့ နာကျင်မှုကြောင့် သူ၏ မျက်နှာမှာ ပုံပျက်နေတော့သည်။ သူသည် သူ၏ ဦးခေါင်းကို ခွဲထုတ်ပြီး ထိုဆက်နွှယ်မှုကို ဖြတ်တောက်လိုက်ချင်စိတ်ပင် ပေါက်နေသည်။
သူ၏ အသက်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို သိလိုက်ရသဖြင့် သူ အလွန်အမင်း ထိတ်လန့်သွားသည်။
"ကယ်ကြပါဦး ကျွန်တော့်ကို ကယ်ကြပါဦး" သူ အော်ဟစ်လိုက်သည်။
သို့သော်လည်း အခြားသူများ၏ နာကျင်စွာ အော်ဟစ်သံများကိုသာ သူ ပြန်ကြားလိုက်ရသည်။
အမှန်စင်စစ် ဤပိုးအိမ်များအတွင်း၌ အစီရင်ထောင်ချောက်များ ရှိနေသည်။ ပြန်လည်ဝင်စားသူ သုံးဦး၏ ထိန်းချုပ်မှုအောက်တွင် အားနည်းနေသော ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များမှာ မည်သို့မျှ မတောင့်ခံနိုင်ကြချေ။
ထို့ပြင် ပိုးအိမ်ထဲမှ ယင်မိစ္ဆာများထံမှ တိုက်ရိုက် ဝိညာဉ်တိုက်ခိုက်မှုများပါ ရောက်ရှိလာသည်။
"သခင်လေး ကျူးလုံ သခင်လေး ဖုန်းမင်"
ဤအရာအားလုံးမှာ မဟာမိတ်သိုင်းအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အချို့က ရိပ်မိလိုက်သော်လည်း သူတို့မှာ အမှန်တရားကို လက်မခံချင်ကြသေးပေ။ သူတို့သည် ကျူးလုံနှင့် ဖုန်းမင်တို့ကို သူတို့၏ နောက်ဆုံး အသက်ကယ်တင်ရှင်များအဖြစ် ယူဆကာ အကူအညီ တောင်းနေကြဆဲ ဖြစ်သည်။
အကယ်၍ ဤလူများသာ ကြံရာပါများ ဖြစ်နေပါက သူတို့မှာ လုံးဝ ပျက်စီးရတော့မည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ထိုလူငယ်များ၏ မျှော်လင့်ချက်မှာ ခဏချင်းအတွင်းမှာပင် ရက်စက်စွာ ရိုက်ချိုးခံလိုက်ရသည်။
ကျူးလုံက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေပြီး၊ ဖုန်းမင်ကမူ သူ၏ ရှေ့မှ ဖြစ်ပျက်နေသည်များကို သဘောကျနေဟန်ဖြင့် ပြုံးနေသည်။ နာကျင်မှုကြောင့် သတိလစ်သွားလိုက်၊ ပြန်နိုးလာလိုက်နှင့် ၁၅ မိနစ်ခန့် ကြာပြီးနောက်တွင်မူ ကျူးလုံက အေးအေးဆေးဆေး စတင်ပြောဆိုလိုက်သည်။
"စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ အချိန်ယူရပေမဲ့ အသုံးချဖို့ကတော့ ခဏလေးပါပဲ။ အခု မင်းတို့ အသုံးချခံရမယ့် အချိန်ရောက်ပြီ။ ဝိညာဉ်သင်္ချိုင်းထဲမှာ အိပ်စက်နေတဲ့ ယင်မိစ္ဆာတွေကို နှိုးဖို့အတွက် မင်းတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အကောင်းဆုံး လက်ခံကိရိယာတွေပဲ။ ရုန်းကန်မနေပါနဲ့၊ အဲဒါက မင်းတို့ကို ပိုပြီး နာကျင်စေရုံပဲ ရှိလိမ့်မယ်။ အဓိပ္ပာယ် မရှိဘူး"
"လူသားမျိုးနွယ်ရဲ့ ကပ်ဘေးက စတင်တော့မှာ ဖြစ်ပြီး မင်းတို့က အဲဒီရဲ့ ရှေ့တန်းကနေ ပါဝင်ရမှာပါ။ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို ဒီအနာဂတ် လမ်းပြသူတွေရဲ့ လက်ထဲမှာ ပိုပြီး ကောင်းကောင်း အသုံးချသွားမှာပါ။ နောင်တစ်ချိန်မှာ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက နတ်ဘုရားတွေ ဖြစ်လာနိုင်တယ်။ အဲဒီအတွက် ဂုဏ်ယူသင့်ပါတယ်..." ကျူးလုံက အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်စွာ ဆိုလိုက်သည်။
သို့သော် ထိုစကားများမှာ ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များအတွက်မူ လျှပ်စစ်နှင့် တို့လိုက်သကဲ့သို့ အေးစက်တုန်လှုပ်သွားစေသည်။
သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ပျက်စီးသွားပြီ....
ပိုးအိမ်ထဲမှ ယင်မိစ္ဆာများက သူတို့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်တော့မည် ဖြစ်ပြီး၊ သူတို့၏ ဝိညာဉ်များမှာ ထိုယင်မိစ္ဆာများအတွက် အစာဖြစ်သွားတော့မည်။ နောင်တွင် သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မည့်သူမှာ သူတို့ကိုယ်တိုင် မဟုတ်တော့ဘဲ မိစ္ဆာဝိညာဉ်များသာ ဖြစ်ပေလိမ့်မည်။
မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ထိုဝိညာဉ်များက မိမိ၏ မိသားစုနှင့် သူငယ်ချင်းများကို လှည့်ဖြားမည်၊ မိမိ၏ အမျိုးသမီးများကို ပျော်ပါးမည်ဟု တွေးလိုက်မိရုံနှင့် လူတိုင်း ဒေါသကြောင့် တုန်ရီလာကြသည်။
ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ၎င်းအတွက် သူတို့က ဂုဏ်ယူရမည်ဟု ကျူးလုံက ပြောလိုက်ခြင်းပင်။
ဂုဏ်ယူရမယ် ဘယ်လောက်တောင် ရယ်စရာကောင်းသလဲ......
လူတိုင်းသည် ဒေါသကြောင့် အံကြိတ်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကြသည်။ ဤသည်မှာ မဟာမိတ်သိုင်းအဖွဲ့ အထက်ပိုင်း၏ အမိန့်လော ကျေက်နက်စမ်းသပ်ပွဲဆိုသည်မှာ အစကတည်းက ထောင်ချောက်တစ်ခုလား သူတို့ကို သူတို့၏ ခန္ဓာကိုယ်များအတွက်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ သတ်ဖြတ်ရန် မွေးမြူထားသော ဝက်များကဲ့သို့ပင်။
"ကျူးလုံ မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား ငါ့မိသားစုက ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး" "မဟာမိတ်သိုင်းအဖွဲ့က အားကောင်းချင်ကောင်းမယ်၊ ဒါပေမဲ့ လူထုဒေါသနဲ့ တွေ့ရင် ပျက်စီးသွားမှာပဲ"
"မင်း သေတာတောင် သေလမ်းဖြောင့်မှာ မဟုတ်ဘူး"
လူအများအပြားက အော်ဟစ် ခြိမ်းခြောက်နေကြသော်လည်း ကျူးလုံကမူ ဘာမှမကြားသကဲ့သို့ ဂရုမစိုက်ဘဲ ရှိနေတော့သည်။
အခန်း ၆၅၅ - အနက်ရောင်ချပ်ဝတ် မိစ္ဆာနတ်ဘုရား
ဝိညာဉ်သင်္ချိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မိုင်ပေါင်းသန်းချီဝေးကွာသော ပြန်လမ်းမဲံ ပင်လယ် ၌...
ငြိမ်သက်သော်လည်း သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသော ပြန်လမ်းမဲ့ပင်လယ်ပြင်ထက်တွင် အနက်ရောင်တောင်တန်း ခုနစ်လုံးသည် ဟင်းလင်းပြင်ကြီး၏ အဆုံး၌ မတ်မတ်ထောင်လျက် ရှိနေသည်။
ဤတောင် ခုနစ်လုံးမှာ လူသားပုံသဏ္ဌာန်များ ဖြစ်ကြသည်။
အလယ်ဗဟိုရှိ တောင်မှာမူ အနက်ရောင် တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ၎င်းကို တောင်ဟု ခေါ်မည့်အစား ကျောက်ဆစ်ရုပ်တုကြီးတစ်ခုဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ကောင်းကင်ယံမှ ငွေရောင်ကြယ်အလင်းတန်းများ ကျဆင်းလာသည်။ ထျန်းယွမ်ကမ္ဘာတွင် နေ့ခင်းဘက်ဖြစ်နေသော်လည်း ဤနတ်ဘုရားတောင် ခုနစ်လုံးရှိရာ အရပ်တွင်မူ ထာဝရမှောင်မိုက်နေသည်။ ကြယ်အလင်းတန်းများသည် ရေကဲ့သို့ စီးဆင်းလာပြီး အလယ်တောင်ဆီသို့ စီးဝင်သွားသည်။
ဤတောင် ခုနစ်လုံးမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မိစ္ဆာတပည့် ခုနစ်ဦးပင် ဖြစ်သည်။
အလယ်တောင်နှင့် ပတ်သက်၍မူ... ယီယွင်သာ ဤနေရာတွင် ရှိနေခဲ့ပါက လွန်ခဲ့သော ခုနစ်နှစ်ကျော်က နတ်မျှော်စင်အတွင်း၌ သူတွေ့ခဲ့ရသော မှတ်တမ်းဗီဒီယိုထဲမှ နီလာယန်သခင်နှင့် တိုက်ခိုက်ခဲ့သည့် အနက်ရောင်ချပ်ဝတ်စစ်သည်မှန်း ချက်ချင်း သိလိုက်ပေလိမ့်မည်။
ထိုဗီဒီယိုထဲတွင် နီလာယန်သခင်၏ အံ့မခန်းဓားကွက်မှာ ယီယွင်ကို သိမြင်မှုများစွာ ပေးခဲ့သည်။ ထိုအနက်ရောင်ချပ်ဝတ်စစ်သည်မှာ နီလာယန်သခင်ကို ရှုံးနိမ့်ခဲ့သော်လည်း သူ၏ အရှိန်အဝါမှာ ယီယွင်၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။
ယနေ့တွင် အနက်ရောင်ဝတ်ရုံခြုံထားသော လူတစ်စုသည် ထိုစစ်သည်တော်ရုပ်တုကြီး၏ အနီးအနားသို့ ရောက်ရှိလာကြသည်။ သူတို့၏ ဝတ်ရုံရင်ဘတ်များပေါ်တွင် သွေးလမင်းပုံသဏ္ဌာန်ကို ချည်ထိုးထားသည်။
သူတို့မှာ သွေးလမင်း၏ ပြန်လည်ဝင်စားသူများ ဖြစ်ကြပြီး သွေးလမင်း၏ အဆင့်မြင့်လူကြီးပိုင်းများလည်း ဖြစ်ကြသည်။
သူတို့ကို ဦးဆောင်လာသူမှာ နဖူးတွင် မီးတောက်အမာရွတ်ရှိသောသူ ဖြစ်သည်။ သူသည် ပထမမျိုးဆက် သွေးလမင်းအဖွဲ့ဝင်တစ်ဦးဖြစ်သလို၊ မဟာမိတ်သိုင်းအဖွဲ့၏ မဟာမိတ်ခေါင်းဆောင်လည်း ဖြစ်သည်။ လက်ရှိတွင် သွေးလမင်းကို အုပ်ချုပ်နေသူလည်း ဖြစ်သည်။
စုစုပေါင်း လူ ၁၃ ယောက် ရှိသည်။ ယခုအချိန်တွင် သူတို့သည် အသက်ဝင်လုနီးပါး ဖြစ်နေသော အနက်ရောင်ချပ်ဝတ်စစ်သည်ကြီးကို တည်ငြိမ်စွာ ကြည့်နေကြသည်။
"ဒီအတိုင်းဆိုရင် အနက်ရောင်ချပ်ဝတ် မိစ္ဆာနတ်ဘုရား က မကြာခင် နိုးထလာတော့မယ်..." ဟု
ပြန်လည်ဝင်စားသူတစ်ဦးက ရုပ်တုကြီးကို ကြည့်ရင်း ပြောလိုက်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မိစ္ဆာတပည့် ခုနစ်ဦးကို နီလာယန်သခင်က ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ မိုးမြေစွမ်းအားများနှင့် စကြာဝဠာစွမ်းအင်များက ထိုချိတ်ပိတ်မှုများကို တဖြည်းဖြည်း အားနည်းသွားစေသည်။
ထို့ပြင် လွန်ခဲ့သော ခုနစ်နှစ်က ထာဝရဝဲဂယက်အောက်တွင် ဖျက်ဆီးခြင်းမျက်လုံပေါ်လာချိန်မှစ၍ ၎င်း၏ လှုပ်ရှားမှုများက မိစ္ဆာနတ်ဘုရား နိုးထလာမှုကို ပိုမိုမြန်ဆန်စေခဲ့သည်။
မိစ္ဆာနတ်ဘုရား နိုးထလာခြင်းမှာ သွေးလမင်း အဆင့်မြင့်လူကြီးပိုင်းများ ကြာမြင့်စွာကတည်းက စီစဉ်ထားပြီး မျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။ သို့သော်... ယခုမှာ အချိန်မဟုတ်သေးပေ။
"မိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားတွေကို ချိတ်ပိတ်ဖို့ အစီရင်တစ်ခု တည်ဆောက်လိုက်ကြ။ သူ့ကို နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ပြီး အိပ်စက်ခိုင်းထားရမယ်..." ဟု နဖူးတွင် မီးတောက်အမာရွတ်ရှိသော အမျိုးသားက အမိန့်ပေးလိုက်သည်။
သူ၏ စကားကြောင့် နှစ်သန်းမပြည့်သေးသော ပြန်လည်ဝင်စားသူအချို့မှာ အံ့အားသင့်သွားကြသည်။
"မိစ္ဆာနတ်ဘုရားရဲ့ အသိစိတ်ကို ဘာလို့ ပြန်ပြီး ချိတ်ပိတ်ရမှာလဲ..."
နှစ်ပေါင်းများစွာအတွင်း သွေးလမင်းသည် ထျန်းယွမ်ကမ္ဘာတွင် တိတ်တဆိတ် အမြစ်တွယ်ခဲ့သည်။ ယင်မိစ္ဆာများကို မွေးမြူပြီး ပြန်လည်ဝင်စားသူများကို ပြုစုပျိုးထောင်ခဲ့သည်မှာလည်း ယနေ့အတွက် ဖြစ်သည်။ ယခုအခါ မိစ္ဆာနတ်ဘုရား နိုးထလာတော့မည်ဆိုပါက အရာရာမှာ ပြည့်စုံသွားပြီ ဖြစ်သည်။
ပျက်စီးခြင်းမျိုးနွယ်မှာလည်း မိစ္ဆာနတ်ဘုရားကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုမူ... မဟာမိတ်ခေါင်းဆောင်က မိစ္ဆာနတ်ဘုရား၏ အသိစိတ်ကို ယာယီပြန်လည် ချိတ်ပိတ်ရန် အမိန့်ပေးလိုက်သည်။ ခေါင်းဆောင်၏ ဘေးတွင်ရှိနေသော လူအနည်းငယ်မှာမူ ဤအမိန့်အတွက် အံ့သြပုံမရဘဲ သဘာဝကျသည်ဟု ယူဆနေကြသည်။ ၎င်းမှာ အခြားပြန်လည်ဝင်စားသူများကို ဇဝေဇဝါ ဖြစ်စေသည်။
"မိစ္ဆာနတ်ဘုရား နိုးထလာခြင်းက နတ်ဘုရားသခင် ဒီလောကထဲကို ပြန်လာဖို့ ပိုမြန်စေမှာ မဟုတ်ဘူးလား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။ သွေးလမင်းမှာ အဖွဲ့အစည်းတစ်ခုဖြစ်သလို ဘာသာရေးအဖွဲ့တစ်ခုလည်း ဖြစ်သည်။ "နတ်ဘုရားသခင်" ဆိုသည်မှာ သွေးလမင်း၏ ကိုးကွယ်ရာ "ဘုရားသခင်" ပင် ဖြစ်သည်။
"နိုးထလာမယ်"
မီးတောက်အမာရွတ်နှင့် အမျိုးသားက ခေါင်းခါလိုက်ပြီး ဘာမှထပ်မရှင်းပြချေ။
သို့သော် သူ၏ဘေးတွင်ရှိသော ပိန်ပါးသော အမျိုးသားတစ်ဦးက ပြုံးကာ ပြောလိုက်သည်။ "နတ်ဘုရားသခင်ဟာ ရှေးခေတ်ကတည်းက ချိတ်ပိတ်မှုကို တစ်ခါမှ မဖောက်ထွက်နိုင်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကလည်း ကျန့်ချင်းယန် က သူ့ကို ထပ်ပြီး ချိတ်ပိတ်ခဲ့ပြန်တယ်။
နတ်ဘုရားသခင် အပြည့်အဝ နိုးထလာပြီး အကျဉ်းချခံထားရတဲ့ သံခြေကျင်းတွေကို ချိုးဖျက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး"
"ဒါ့အပြင်... ငါတို့က ဘာလို့ ဘုရားသခင်တစ်ပါးကို ဖိတ်ခေါ်ပြီး သူ့ကို ကိုးကွယ်ပြီးတော့ သူ့ရဲ့ ကျွန်တွေအဖြစ် လိုလိုလားလား နေကြမှာလဲ"
"အို"
ထိုစကားက ကျန်ရှိနေသောသူများကို တုန်လှုပ်သွားစေသည်။ ဤသည်မှာ ဘာကို ဆိုလိုခြင်းနည်း
ပိန်ပါးသောအမျိုးသားက ဆက်ပြောသည်။ "ငါတို့ရဲ့ သွေးလမင်း အဖွဲ့အစည်းကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မိစ္ဆာတပည့် ခုနစ်ဦးက တည်ထောင်ခဲ့တာ။ အဲဒီတုန်းက တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်က ကျန့်ချင်းယန်နဲ့ ပျက်စီးခြင်းမျိုးနွယ် စစ်တပ်ကို ခုခံဖို့ပဲ"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ သွေးလမင်းဆိုတာ မိစ္ဆာတပည့်တွေရဲ့ အသုံးချခံ ကိရိယာတွေပဲ။ အတိတ်က သွေးလမင်းဟာ အခုထက် အများကြီး ပိုပြီး အင်အားတောင့်တင်းခဲ့တယ်။ ဒါပေမဲ့ ပျက်စီးခြင်းမျိုးနွယ်နဲ့ စစ်ပွဲတွေ၊ အချိန်ကာလတွေ ကြာလာပြီးတဲ့နောက်မှာတော့ သွေးလမင်းဟာ အခုလို အခြေအနေ ရောက်လာခဲ့တာပဲ။ ပြန်လည်ဝင်စားသူတွေနဲ့ ယင်မိစ္ဆာတွေပဲ ကျန်တော့ပြီး အဆုံးမရှိတဲ့ အိပ်စက်ခြင်းတွေနဲ့ ဆက်ရှင်သန်နေရတာ..."
"သူတို့ရဲ့ ကိရိယာတွေအဖြစ် နေရတာ အခုထိ မဝသေးဘူးလား အခု ဖျက်ဆီးခြင်းမျက်လုံးက ချိတ်ပိတ်ခံထားရဆဲပဲ၊ မိစ္ဆာတပည့် ခုနစ်ဦးကလည်း အိပ်စက်နေတုန်းပဲ။ မင်းတို့က သူတို့ကို နှိုးပြီး သူတို့ရဲ့ ကိရိယာတွေအဖြစ် ဆက်နေချင်သေးတာလား ဒါမှမဟုတ် အမိန့်သစ်တစ်ခုကို တည်ထောင်ပြီး ဒီလောကရဲ့ အရှင်သခင်တွေအဖြစ် မင်းတို့ဘာသာ မင်းတို့ နေချင်တာလား"
ထိုစကားများက ပြန်လည်ဝင်စားသူများ၏ နှလုံးသားကို တုန်ခါသွားစေသည်။ ဤလောက၏ အရှင်သခင်တွေအဖြစ် ကိုယ်တိုင် နေထိုင်ရမယ်။
သူတို့ ထိုမျှအထိ မတွေးခဲ့ဖူးချေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် သွေးလမင်း၏ အဆင့်မြင့်လူကြီးပိုင်းများသည် လွန်ခဲ့သော အချိန်များစွာကတည်းက ရည်မှန်းချက် အသစ်များ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
အမှန်ပင်... သူတို့မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အသုံးချခံခဲ့ရသည့် နယ်ရုပ်များသာ ဖြစ်သည်။ ဖျက်ဆီးခြင်းမျက်လုံးဆိုသည်မှာလည်း သူတို့အတွက် ကျေးဇူးရှင် မဟုတ်ရာ ဘာကြောင့် သူ့အတွက် ဆက်လက် အလုပ်အကျွေး ပြုနေရမည်နည်း။
"အဲဒီ ချိတ်ပိတ်မှုကရော..." တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။
ထာဝရဝဲဂယက်အတွင်းရှိ ချိတ်ပိတ်မှုမှာ မည်မျှ ခိုင်မာသည်ကို သူတို့ မသိကြချေ။ အကယ်၍ နတ်ဘုရားသခင်သာ သူ့အလိုအလျောက် နိုးထလာပါက သူတို့အားလုံး ပျက်စီးရပေလိမ့်မည်။
ထိုအခါ မီးတောက်အမာရွတ်နှင့် အမျိုးသားက ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မိစ္ဆာတပည့် ခုနစ်ဦးဟာ ကျန့်ချင်းယန်ကို အထင်သေးခဲ့ကြတယ်။ အဲဒီတုန်းက နတ်ဘုရားသခင်ဟာ နိုးထခါစပဲ ရှိသေးပြီး ရှေးဟောင်းချိတ်ပိတ်မှုရဲ့ ဟန့်တားခြင်းကို ခံနေရတုန်းပဲ။ ဒါပေမဲ့ သူက ကျန့်ချင်းယန်နဲ့ အဲဒီအမျိုးသမီး (မဟာဧကရီ) ကို ဆွဲဆောင်နိုင်ခဲ့တယ်။
သူတို့နှစ်ယောက်က ထာဝရဝဲဂယက်ထဲကို အတူတူ ဝင်သွားပြီး နတ်ဘုရားသခင်ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးနိုင်ခဲ့တယ်။ အဲဒီ ရှေးဟောင်းချိတ်ပိတ်မှုအပြင် နတ်ဘုရားသခင်ရဲ့ အသိစိတ်ဟာလည်း ဒဏ်ရာရသွားခဲ့တယ်... လွန်ခဲ့တဲ့ ခုနစ်နှစ်က နတ်ဘုရားသခင်ရဲ့ ပုံရိပ်ယောင် ပေါ်လာတာဟာ မဟာဧကရီ နက်နဲသောနယ်မြေ ပွင့်လာလို့ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတစ်ခု သက်သက်ပဲ..."