← Chapters

ရောက်ရှိရန်ခက်ခဲသော

Vol. 10 Ch. 911

ရောက်ရှိရန်ခက်ခဲသော

Vol. 10 Ch. 911

ဆန်းလျန်၏ ပြီးပြည့်စုံသော လက်ဟန်မုဒြာကိုကြည့်ရင်း နတ်ဘုရားများအားလုံးမှာ ထူးဆန်းသည့် တန်ခိုးစွမ်းအားများက သူတို့အားလုံးအပေါ်တွင် သက်ရောက်နေသည့်အလား ခံစားလိုက်ကြရလေသည်။

ထိုတန်ခိုးစွမ်းအားများက နတ်ဘုရားတစ်ပါးချင်းစီတိုင်း၏ ကိုယ်ပိုင်ဓမ္မခန္ဓာဝိညာဉ်အတွင်းမှ တန်ခိုးစွမ်းအားများကို ပျက်စီးစေတော့မည့်အလား ခံစားလိုက်ကြရသည်။

နတ်ဘုရားအားလုံး စိတ်ပျက်မှုကို ခံစားလိုက်ကြရပြီး သူတို့၏တန်ခိုးစွမ်းအားများကို ထုတ်ဖော်ကာ ခုခံကာကွယ်ထားလိုက်ကြလေသည်။

ထို့နောက် သူတို့က ခုံရွှမ်းနှင့် ဆန်းလျန်၏ အခြေခံတိုက်ကွက်များကို တစ်ခုမကျန် နားလည်နိုင်ရန် ကြိုးစားပြီး ကြည့်ရှုလိုက်ကြလေသည်။ ထိုသူ (၂)ယောက်၏ တိုက်ပွဲကိုသာ သူတို့ နားလည်လျှင် သူတို့သည်လည်း တိုးတက်လာနိုင်မည် ဖြစ်လေသည်။

ကျင့်ကြံခြင်းဆိုသည်က တောင်တက်ရသကဲ့သို့ ဖြစ်လေသည်။ အမြင့်သို့ရောက်လေ တက်ရသည်က ခက်ခဲလာလေဖြစ်လေသည်။

ယခု ဆန်းလျန်နှင့် ခုံရွှမ်းတို့က တောင်၏ အမြင့်ပိုင်းသို့ ရောက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် တောင်ထိပ်သို့ရောက်ရန် ကျောက်တုံးလှေကားထစ်များကို ထွင်းထုရမည့် အခြေအနေမျိုး ဖြစ်လေသည်။

ထို့ကြောင့် မည်သူမှ ထိုအခွင့်အရေးကို လက်လွှတ်လိုကြခြင်း မရှိပေ။

ကောင်းကင်တံခါးသည် ထာဝရတည်ရှိသည့်အရာတစ်ခုအလား မလှုပ်မယှက် ငြိမ်သက်နေလေသည်။

ထို့ပြင် မိုးကောင်းကင်တံခါးမှ အံ့သြစရာကောင်းသည့် တန်ခိုးစွမ်းအားများကလည်း သဘာဝအတိုင်း ထွက်ပေါ်လျှက် ရှိလေသည်။

တိုက်ပွဲကြောင့် တုန်လှုပ်နေသည့် လေထုက မိုးကောင်းကင်တံခါးကို ထိခိုက်မိသည့်အခါ မိုးကောင်းကင်တံခါးသည် ရေစင်အလားတောက်ပလာလေသည်။

နတ်ဘုရားများအားလုံးထဲတွင် တာအိုဆရာယွိတင်က အတည်ငြိမ်ဆုံး ဖြစ်လေသည်။

သူက ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်ရုံသာမက သူ၏လက်ထဲတွင်လည်း ဖန်ကူအလံရှိနေလေသည်။

သူက ဖန်ကူအလံကို အသုံးပြုကာ ဆန်းလျန်နှင့် ခုံရွှမ်း၏တိုက်ပွဲကို လွယ်လွယ်ပင် ဝင်ရောက်နှောက်ယှက်နိုင်စွမ်း ရှိလေသည်။

ဖန်ကူအလံသည် တာအိုဆရာသခင်ကြီး ယွမ်စီထျန်းကျွင်း၏ မှော်ဝင်ပစ္စည်းဖြစ်လေသည်။ ရှေးအကျဆုံး ၊ သုံးလောကတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ၊ အရာအားလုံး၏အစပြုရာလည်း ဖြစ်လေသည်။

အချိန်နှင့်နေရာ ၊ ကံတရား ၊ အလင်း ၊ အမှောင် အားလုံးသည် "မရှိမှု" မှ စတင်လေသည်။

ဖန်ကူအလံဆိုသည်က သုံးလောကတွင် ပထမဆုံး ယာဇ်ပူဇော်ရာ လက်နက်တစ်ခု ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ကူအလံသည် သန့်စင်သည့် ကမ္ဘာဦးတန်ခိုးစွမ်းအားများနှင့် ပြည့်နက်နေသောကြောင့် ဖြစ်လေသည်။

ဖန်ကူအလံသည် တည်ရှိမှုအားလုံးကိုလည်း "မရှိမှု" အဖြစ်သို့ ပြောင်းလဲ ပစ်နိုင်လေသည်။ ဖန်ကူအလံသည် နတ်ဘုရားတစ်ပါး၏ သင်္ကေတအဖြစ်လည်း ပြောင်းလဲပစ်နိုုင်စွမ်း ရှိလေသည်။

သို့သော်… တာအိုဆရာယွိတင်ကတော့ ဆန်းလျန်နှင့် ခုံရွှမ်း၏တိုက်ပွဲကို ဖျက်စီးရန်အတွက် ဖန်ကူအလံကို အရေမရ အဖတ်မရ အသလွတ် အသုံးပြုမည် မဟုတ်ပေ။

သူက ဖန်ကူအလံကိုကိုင်ပြီး မိုးကောင်းကင်တံခါးရှိရာသို့ ခက်ခက်ခဲခဲ ချဉ်းကပ်လာလေသည်။ သူ၏ နတ်ဘုရားခန္ဓာတစ်ခုလုံး ပျက်စီးသွားရမည်ဆိုလျှင်တောင်မှ သူက မိုးကောင်းကင်တံခါးကို ရအောင်ယူမည် ဖြစ်လေသည်။

ယန်ကျန်းကတော့ တာအိုဆရာယွိတင်ကို မကူညီနိုင်တော့ပေ။ သူက ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်လေသည်။ ဆန်းလျန်နှင့် ခုံရွှမ်းတိုက်ခိုက်နေသည့်အချိန်တွင် အခွင့်ကောင်းယူကာ ဒဏ်ရာကို ပြန်လည်ကုသထားနိုင်သဖြင့်သာ လုံးဝလဲကျမသွားရသေးခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ခုံရွှမ်းနှင့်တိုက်ခိုက်နေရင်း မိုးကောင်းကင်တံခါးအနားသို့ အသာအယာချဉ်းကပ်သွားသည်ကို ရိပ်မိလိုက်သူက တာအိုဆရာယွိတင် ဖြစ်လေသည်။

ထို့ကြောင့် တာအိုဆရာယွိတင်က ဖန်ကူအလံမှ တန်ခိုးစွမ်းအားများကို တိတ်တဆိတ်ဖော်ထုတ်ကာ ဆန်းလျန်ကို ထိန်းချုပ်ထားလိုက်လေသည်။

တာအိုဆရာယွိတင်၏ ထိန်းချုပ်လိုက်မှုကြောင့် ဆန်းလျန် အနည်းငယ်တော့ တုံ့ဆိုင်းသွားရလေသည်။

ဆန်းလျန် တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ကို တာအိုဆရာယွိတင် အသိဆုံး ဖြစ်လေသည်။ ထို့ကြောင့် သူက ဆန်းလျန်နှင့် ပေါ်ပေါ်တင်တင် တိုက်ခိုက်ရန်တော့ မည်သည့်အခါမှ စဉ်းစားမထားခဲ့ပေ။

ထို့ပြင်… ယခု ဆန်းလျန်နှင့် တိုက်ခိုက်နေသည့် ခုံရွှမ်းသည်လည်း ဆန်းလျန်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။

ဆန်းလျန်၏ ထက်ရှသည့်စက်ဝန်းပုံသဏ္ဍန် ထိုက်ချိတန်ခိုးစွမ်းအားစုကြီးအောက်တွင် သူတို့ (၂)ယောက်လုံး၏ နေနှင့်လကဲ့သို့ တောက်ပနေသည့် တန်ခိုးစွမ်းအားတို့က အလွှာလိုက်ကွာကျကုန်လေသည်။ အချိန်နှင့်နေရာ တုန်လှုပ်နေမှုများကလည်း တဖြည်းဖြည်းပို၍သိသာထင်ရှားလာလေ၏။

မိုးကောင်းကင်တံခါးကတော့ မိုးကောင်းကင်ခုံရုံးအလယ်ဗဟိုတွင် အဆက်မပြတ်လှည့်ပတ်နေပြီး အချိန်၏စွမ်းအားများကို ဖြည်းဖြည်းချင်းစုပ်ယူနေလေသည်။ မိုးကောင်းကင်တံခါးကို ဖုံးလွှမ်းနေသည့် ရေကဲ့သို့ကြည်လင်သည့် အလင်းရောင်က ကြည်လင်သည်ထက်ကြည်လင်လာပြီး အံ့သြစရာ စစ်မှန်သည့် တာအိုတရားများ ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရပေလိမ့်မည်။

ထို တာအိုတရားမှာ မိုးနှင့်မြေ ၊ တောင်တောင်နှင့်မြစ်ရေ ၊ သားရဲများနှင့် ငှက်သတ္တဝါများ ၊ ငါးများနှင့် အင်းဆက်ပိုးမွှားများနှင့် များပြားလှစွာသော သက်ရှိသက်မဲ့အရာအားလုံး၏ဆင့်ကဲဖြစ်စဉ် ဖြစ်လေသည်။

မပြည့်စုံသေးသည့် အသစ်သောစကြာဝဠာဖွင့်လှစ်တော့မည့်အလား ဖြစ်လေသည်။

ထိုသို့သော အံ့သြစရာများကြုံတွေ့လိုက်ကြရသည့်အတွက် နတ်ဘုရားများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

မိုးကောင်းကင်တံခါးကိုကြည့်သည်နှင့် ပထမမိုးနတ်မင်း၏တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ကို သိရှိသွားကြလေသည်။ မိုးကောင်းကင်တံခါးဆိုသည်က အလွန် ထူးခြားဆန်းကျယ်လှသည့် ပစ္စည်းတစ်ခု ဖြစ်နေလေသည်။

ရွှမ်ဟွမ်မိုးနတ်မင်းနှင့် တာအိုဆရာယွိတင်တို့မှာ မိုးကောင်းကင်တံခါးကိုကြည့်ပြီး မနာလိုစိတ်များပင် ဖြစ်လာကြလေသည်။ သူတို့၏ ဖန်ကူအလံနှင့် ထိုက်ချိယင်ယန်ပန်းချီကားများကဲ့သို့ပင် မိုးကောင်းကင်တံခါးက တန်ခိုးစွမ်းအား မြင့်မားနေသောကြောင့် ဖြစ်လေသည်။

ရွှမ်ဟွမ်မိုးနတ်မင်းဆိုလျှင် ထိုက်ချိယင်ယန်ပန်းချီကားနှင့် တစ်သားတည်းပင် ပေါင်းစပ်ထားပြီး ဖြစ်လေသည်။ သို့တိုင်အောင်… သူ့စိတ်ထဲတွင် အကြောက်တရားအနည်းငယ်ကို ခံစားလိုက်ရသည်။

ဆန်းလျန်၏ ထိုက်ချိတန်ခိုးစွမ်းအားစက်ဝန်းမှ မီးတောက်များလင်းလက်လာလေသည်။ ထိုမီးတောက်များမှာ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားမီးတောက်များ ဖြစ်လေသည်။

ထိုမီးတောက်များထွက်ပေါ်လာသည်နှင့် ခုံရွှမ်း နောက်သို့ အသာခုန်ဆုတ်လိုက်ရလေသည်။ သူပြုလုပ်ထားသည့် တာအိုအကာအရံများအားလုံး ပျောက်ကွယ်သွားပြီး မရှိသလောက် ဖြစ်သွားရလေသည်။

နောက်ဆုံးတော့ လေထုတစ်ခုလုံး ကြမ်းတမ်းသည့် တုန်လှုပ်မှုများဖြစ်ပေါ်လာပြီး တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာ မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိကြတော့ဘဲ သူတို့ရှေ့မှ မြင်ကွင်းများ ပျောက်ကွယ်သွားလေသည်။

ထို့နောက်တွင်တော့…

မြင်ကွင်းများ ပြန်လည်ကြည်လင်သွားလေသည်။

ခုံရွှမ်းတစ်ကိုယ်လုံးသွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ့မျက်ဝန်းများထဲတွင် အလင်းရောင် ပျောက်ကွယ်နေလေသည်။ ဝိညာဉ်အထိ အပြင်းအထန်ထိုးနှက်ခံလိုက်ရသည့်အတွက် သူ၏ရုပ်ဆင်းခန္ဓာပါ ပျက်စီးသွားရခြင်း ဖြစ်လေသည်။

ယွင်ရှောင်းနတ်သမီးက ခုံရွှမ်းအနားသို့ အလျှင်အမြန်သွားလိုက်ပြီး လက်ဖဝါးဖြင့် တစ်ချက် ရိုက်ချလိုက်လေသည်။ ယွင်ရှောင်း၏ လက်ဖဝါးထက်မှ စွမ်းအားမြင့်မားလှသည့် တန်ခိုးစွမ်းအားထွက်ပေါ်လာပြီး ခုံရွှမ်း၏ တန်ခိုးစွမ်းအားများ အားလုံးကို ဖျက်စီးပစ်လိုက်လေသည်။

သူမက ခုံရွှမ်း၏ကိုယ်ထဲသို့ဝင်သွားသည့် ဆန်းလျန်၏ထိုက်ချိစွမ်းအားများကို ဖျက်စီးပစ်လိုက်ခြင်းဖြစ်သည်။ ဆန်းလျန်၏ ထိုက်ချိစွမ်းအားများနှင့်အတူ ခုံရွှမ်း၏ တန်ခိုးစွမ်းအားများပါ ပျက်စီးသွားရခြင်း ဖြစ်လေသည်။

ယွင်ရှောင်းက တောင်းတောင်းပန်ပန်လေသံဖြင့် စကားဆိုလိုက်သည်။

"မင်းအသက်ဆက်ရှင်ဖို့ ဒီတစ်နည်းပဲရှိလို့ လုပ်လိုက်ရတာပါ…"

ခုံရွှမ်းခေါင်းညိတ်ပြလိုက်လေသည်။

ဆန်းလျန်၏ ထိုက်ချိစွမ်းအားများက သူ၏ကိုယ်ထဲတွင် အဆက်မပြတ်ကြီးထွားလာနေသည်ကို သူကိုယ်တိုင်လည်း သိလေသည်။ ထိုတန်ခိုးစွမ်းအားများက သူ၏နတ်ဘုရားခန္ဓာထဲတွင် အမြစ်ကုပ်ယူပြီး အဆက်မပြတ်မြင့်တက်လျှက် ရှိနေပြီး သူ၏အသက်ဓာတ်စွမ်းအားများကို ဖျက်စီးပစ်နေခြင်း ဖြစ်လေသည်။

ထို့ကြောင့် ယွင်ရှောင်းနတ်သမီးက ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ခုံရွှမ်း၏တန်ခိုးစွမ်းအားများအားလုံးကို ဖျက်စီးပစ်သည့် နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

ယခုတော့… ခုံရွှမ်းဘဝအဆုံးသတ်မသွားအောင် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

အသက်ရှင်နေသည့်တိုင် ယခင်ကကဲ့သို့ ကျင့်ကြံခြင်းအဆင့်မျိုး ပြန်လည်ရရှိနိုင်ပါတော့မည်လားဆိုသည်ကိုတော့ မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ခုံရွှမ်း၏စိတ်ထဲတွင် နောင်တရနေမိလေသည်။

သူက ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ရန် အနည်းငယ်သာ လိုတော့သည်။ သူသာ ဟွင့်ယွမ်ဝူကျီအဆင့် အောင်မြင်ပြီးသူတစ်ယောက်သာဆိုလျှင် ဆန်းလျန်ကို ရှုံးနိမ့်ခဲ့လျှင်တောင်မှ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်က ခုံရွှမ်းကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထိုအချိန်မှာပင်…. တာအိုဆရာယွိတင်အပါအဝင် အခြားသောနတ်ဘုရားများအားလုံးထံမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများစွာ ထွက်ပေါ်လာပြီး ဆန်းလျန်ကို တိုက်ခိုက်ရန်ခက်ခဲအောင် ထိန်းချုပ်ထားလိုက်ကြလေသည်။

ဆန်းလျန်၏ပုံစံက ကြယ်စင်များအားလုံး၏အထက်တွင်ရှိနေသည့် ထိပ်တန်းအဆင့် နတ်ဘုရားတစ်ပါးနှင့်ဆင်တူလှလေသည်။ သူ့ကို ရင်ဆိုင်လိုသည့် မည်သည့်နတ်ဘုရားမဆို နတ်ဘုရားတို့၏အရှင်သခင်ကို ရင်ဆိုင်ရသည့်အလား ခံစားရမည်ဖြစ်သည်။

ယွင်ရှောင်းနတ်သမီးက ဆန်းလျန်ကို လှမ်းကြည့်လိုက်လေသည်။ သူမ၏ပုံစံက ကောင်းကင်ထက်တွင် လွင့်မျောနေသည့် တိမ်တိုက်များအလား ကောင်းကင်ဘုံ (၉)ထပ်တွင် လွင့်မျောနေသည့်အလား ဖြစ်လေ၏။

ယွင်ရှောင်းနတ်သမီးက…

"တာအိုရောင်းရင်းဆန်းလျန်… ရှင်က ခုံရွှမ်းကို အလွတ်ပေးတယ်ဆိုတာ ဒီလိုပုံစံမျိုးလား…"

ခွန်လွန်တောင်အောက်တွင် အကျဉ်းချခံထားရသည့် နှစ်များအတွင်းတွင် ယွင်ရှောင်းနတ်သမီးနှင့် ခုံရွှမ်းတို့ အလွန်ပင် ခင်မင်ရင်းနှီးခဲ့ကြလေသည်။

ထို့ကြောင့် ခုံရွှမ်း ယခုကဲ့သို့ ခံစားနေရသည်ကို တွေ့မြင်ရသည့်အခါ သူမအနေဖြင့် မည်သည့်နည်းနှင့်မှ သည်းခံနိုင်ခြင်း မရှိတော့ပေ။

ယွင်ရှောင်းနတ်သမီးနှင့်မနီးမဝေးတစ်နေရာတွင် ကျန်းဝူနတ်ဘုရားရှိနေလေသည်။ နတ်ဘုရားများစွာကြားတွင် ကျန်းဝူနတ်ဘုရား၏ တန်ခိုးစွမ်းအားက မည်မျှနက်ရှိုင်းသည်ကို သူ့ပုံစံကို ကြည့်ရုံဖြင့်ပင် သိရှိနိုင်သည်။

သူကတော့ ခုံရွှမ်းနှင့်ပတ်သက်ပြီး စိတ်ခံစားချက်ကို ထုတ်ဖော်ပြသခြင်း မရှိဘဲ တည်ငြိမ်နေလေ၏။

ဆန်းလျန်က ကျန်းဝူနတ်ဘုရားကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ယွင်ရှောင်းနတ်သမီးနှင့် ခုံရွှမ်းတို့ကို ပြန်ကြည့်လိုက်လေသည်။

ဆန်းလျန်က စိတ်ပျက်လက်ပျက်လေသံဖြင့်…

"သူ့ကို ကျုပ် တစ်ကြိမ်အခွင့်အရေးပေးခဲ့သားပဲ ၊ ဒါပေမယ့် သူက ကျုပ် အခွင့်အရေးပေးတဲ့အချိန်မှာ တိုက်ပွဲကို မရပ်ဘဲ ခေါင်းမာပြီး ဆက်တိုက်နေတာကိုးဗျာ… ၊ အခုလည်း ကျုပ်ကတိအတိုင်း သူ့ကို သတ်မှာ မဟုတ်ပါဘူး…"

ဆန်းလျန်က စကားကိုခဏရပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"စိတ်မကောင်းစရာပဲ ၊ စိတ်မကောင်းစရာပဲ…"

ဆန်းလျန် ဘာတွေစိတ်မကောင်းဖြစ်နေသည်ကို ယွင်ရှောင်း နားမလည်ခဲ့ပေ။ သို့သော်… ခုံရွှမ်းကတော့ နားလည်ခဲ့လေသည်။

ခုံရွှမ်းက ဆန်းလျန်၏ ပြိုင်ဘက်မဟုတ်ပါဘဲ ဆန်းလျန်ကို တိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန်ရသွားရသည်မှာ မတန်လေခြင်းဟု ဆန်းလျန်က သနားနေခြင်း ဖြစ်ကြောင်း ခုံရွှမ်း သိရှိလေသည်။ မာနကြီးလွန်းသော ခုံရွှမ်းအတွက်တော့ အမုန်းတရားထက် အရှက်တရားကို ပိုပြီးခံစားနေရလေတော့သည်။

သို့သော်… ခုံရွှမ်း ဒေါသထွက်မိခြင်း မရှိခဲ့ပါပေ။

လက်တစ်ဖက်မြှောက်လိုက်ရုံမျှဖြင့် လောကကို ဖျက်စီးပစ်နိုင်သည့် တန်ခိုးစွမ်းအားများကိုပိုင်ဆိုင်လေသူ ဆန်းလျန်ကို နတ်ဘုရားများအားလုံးကလည်း နက်နက်ရှိုင်းရှိုင်းပင် ကြောက်ရွံ့လျှက် ရှိကြလေသည်။

ထို့ကြောင့် နတ်ဘုရားများထဲတွင် ဆန်းလျန်ကို မည်သူမှ စတင်တိုက်ခိုက်ရဲခြင်း မရှိကြသေးပေ။

***

All Chapters