အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း။ ၃၁၅
"ဒီကျင့်ကြံသူကတော့ တကယ့်ကို ရက်စက်ယုတ်မာလွန်းတာပဲ"
တုရှန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ရူးနေတာပဲ... ဒါကတော့ အသေအချာကို ရူးသွပ်နေတာ"
ကျန်းကျီချန်း၏ အသံမှာ တုန်ရီနေသည်။ ဝဖြိုးပြီး ဖြူလျော့နေသော သူ၏မျက်နှာမှာ ဒေါသကြောင့် သွေးရောင်လွှမ်းကာ နီမြန်းနေတော့သည်။
"ဒီကောင်ကို တရားစီရင်ရေးရှေ့မှောက် မဖြစ်မနေ ခေါ်လာရမယ်"
အမြဲတမ်း တိတ်ဆိတ်နေတတ်သော ယို့ချင်းယီပင်လျှင် ယခုအခါ အေးစက်လှသော မျက်နှာပေးနှင့်အတူ ဖုံးကွယ်ထားခြင်းမရှိသည့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
ရန်ဟိုင်ရင်းနှင့် လုံယီတို့နှစ်ဦးစလုံးမှာလည်း အလွန်ပင် တည်ကြည်လေးနက်နေကြသည်။ သူတို့သည် လူသေအလောင်းပေါင်းများစွာကို မြင်ဖူးခဲ့ကြသော်လည်း ယခုကဲ့သို့ ခန္ဓာကိုယ်အတွင်းရှိ အဆီအနှစ်အားလုံး စုပ်ယူခံရပြီး ခြောက်ကပ်နေသော အလောင်းများအဖြစ် သေဆုံးရသည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းမျိုးကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းဟူသော အမည်မှာ ကြားရသည်မှာ တစ်မျိုးဖြစ်နေနိုင်သော်လည်း ၎င်းမှာ စည်းကမ်းကြီးမားပြီး ဆရာသမားကို ရိုသေလေးစားမှုကို အလေးထားသည့် စစ်မှန်သော တရားဓမ္မဂိုဏ်းတစ်ခု ဖြစ်သည်။ တပည့်များသည် အရပ်မျက်နှာအနှံ့ ခရီးဆန့်ကာ မိစ္ဆာများကို နှိမ်နင်းလေ့ရှိပြီး ကျောက်နိုင်ငံသူ နိုင်ငံသားများ အေးချမ်းသာယာစေရန်အတွက် များစွာ အကျိုးပြုနေကြသူများ ဖြစ်သည်။
ကျောက်နိုင်ငံသည်လည်း အလောင်းထိန်းချုပ်ခြင်းဂိုဏ်းအတွက် အကြီးမားဆုံးသော သက်စောင့်အားအရင်းအမြစ် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အနှစ်သာရကို ခြိမ်းခြောက်လာသည့် မည်သည့်အရာကိုမဆို ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေနိုင်သည့် အန္တရာယ်အဖြစ် သတ်မှတ်ကာ ပေါ့ဆ၍ မရပေ။
"အဲ့ဒီ မိစ္ဆာကျင့်ကြံသူရဲ့ သဲလွန်စကို တစ်ခုခု တွေ့ထားတာရှိလား"
တုရှန်းက ဘေးရှိ ဦးစီးမှူးလီကို မေးလိုက်သည်။
ဦးစီးမှူးလီက ဦးညွှတ်လျက် "နတ်မင်းအရှင်... ဒီမိစ္ဆာက အမြဲတမ်း ခြေရာဖျောက်တတ်လွန်းလို့ ကျွန်တော်မျိုးတို့ တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးသေးပါဘူး။ တစ်စုံတစ်ယောက်က လာတိုင်တောမှသာ အဖြစ်ဆိုးကြီး ဖြစ်သွားပြီဆိုတာကို သိကြရတာပါ"
"အသုံးမကျတဲ့ အကောင်တွေ"
တုရှန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ ထိုစကားကြောင့် ဦးစီးမှူးလီမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ခေါင်းကို ပို၍ငုံ့ထားကာ မည်သည့်စကားမျှ ပြန်မပြောရဲတော့ချေ။
"ငါ တစ်ချက် စမ်းကြည့်လိုက်မယ်"
ယို့ချင်းယီ၏ စီနီယာအစ်မဖြစ်သူ ရန်ဟိုင်ရင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူမ၏ ဖြူဝင်းသော လက်ဖဝါးထက်တွင် ဝါကျင်ကျင် အဆောင်စက္ကူတစ်ရွက် ရုတ်တရက် ပေါ်ပေါက်လာသည်။ ချီစွမ်းအားများကို ထိုစက္ကူအတွင်းသို့ စီးဆင်းစေလိုက်သောအခါ စက္ကူမှ ဖျော့တော့သော အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး အလယ်တွင် ဆန်းကြယ်သော သင်္ကေတတစ်ခု ပေါ်လာတော့သည်။ ထို့နောက် ထိုအဆောင်စက္ကူမှာ အလောင်းများ၏ အထက်တွင် ဝဲပျံနေသည်။
အဆောင်စက္ကူသည် ခြောက်ကပ်နေသော အလောင်းများအနီးသို့ တိုးကပ်သွားပြီး ကျန်ရှိနေသော အငွေ့အသက်များကို နမ်းရှုပ်နေသကဲ့သို့ တစ်ခါတစ်ရံ ခေါက်တုံ့ခေါက်ပြန်၊ တစ်ခါတစ်ရံ ဆန့်ထွက်လျက် လှုပ်ရှားနေသည်။
"ခြေရာခံအဆောင်လား"
တုရှန်းက ဝမ်းသာအားရ ပြောလိုက်သည်။
"ကျင့်ကြံဖော်ရန်မှာ ဒီလို ရတနာအဆောင်မျိုး ရှိနေမယ်လို့ မထင်ထားမိဘူး။ ဒီတစ်ခါတော့ အဲ့ဒီမိစ္ဆာကောင် သေတွင်းကနေ လွတ်မှာမဟုတ်တော့ဘူး"
တုရှန်း၏ စကားအဆုံးမှာပင် ခြေရာခံအဆောင်၏ နမ်းရှုပ်နေသော လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် လိုအပ်သော သတင်းအချက်အလက်များကို လုံလောက်စွာ ရရှိသွားပုံရသည်။ ထို့နောက် ၎င်းသည် အရှေ့ဘက်သို့ လူတစ်ယောက် အားကုန်ပြေးသည်ထက်ပင် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် လွင့်ပျံသွားတော့သည်။
"နောက်က လိုက်ကြ"
ရန်ဟိုင်ရင်းက အသံကျယ်ကျယ်ဖြင့် တိုက်တွန်းလိုက်သည်။
သူတို့ငါးဦးစလုံးသည် သူဌေးကြီးကျန်း၏ အိမ်တော်အတွင်းမှ ချက်ချင်းပြေးထွက်ခဲ့ကြပြီး ဝါကျင်ကျင် အဆောင်စက္ကူနောက်သို့ လိုက်ပါသွားကြသည်။ အဆောင်ကို ထိန်းချုပ်ထားသူ ရန်ဟိုင်ရင်းက ရှေ့ဆုံးမှ ဦးဆောင်ပြီး ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သည့် တုရှန်းက သူမ၏နောက်မှ ကပ်လျက် လိုက်ပါလာသည်။
လုံယီနှင့် ယို့ချင်းယီတို့မှာ အလယ်တွင်ရှိနေသော်လည်း ယို့ချင်းယီမှာ လုံယီ၏ ရှေ့သို့ ကိုယ်တစ်ခြမ်းခန့် သာနေသည်။
"ခဏနေ တိုက်ပွဲဖြစ်ရင် ငါ့နောက်မှာပဲ ပုန်းနေ စိတ်လိုက်မာန်ပါ ဘာမှမလုပ်နဲ့"
ရှေ့မှ မိန်းကလေး၏ ခပ်တိုးတိုး ပြောသံကို ကြားလိုက်ရချိန်တွင် လုံယီ၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ယို့ချင်းယီသည် သူ့ကို လှည့်မကြည့်ဘဲ အမူအရာကင်းမဲ့သော မျက်နှာပေးနှင့် ရှိနေသော်လည်း သူမ၏ စိတ်ထဲ၌မူ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိနေဆဲပင်။
ကျန်းကျီချန်းမှာမူ အနောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။ ကြည့်ရသည်မှာ သူသည် နောက်တန်းကို တာဝန်ယူ စောင့်ရှောက်နေပုံရသော်လည်း အမှန်စင်စစ်တွင်မူ သူသည် ကိုယ်အလေးချိန်များလွန်းသဖြင့် ခဏမျှ ပြေးရုံနှင့်ပင် အသက်ရှူမဝဘဲ နဖူးတွင် ချွေးစက်များဖြင့် ပြည့်နှက်နေခြင်းပင်။ သူသည် အံတင်းတင်းကြိတ်လျက် ရင်ဘတ်အတွင်းမှ စိမ်းဖန့်ဖန့် အဆောင်စက္ကူတစ်ရွက်ကို ထုတ်ယူကာ ခြေထောက်တွင် ရိုက်ကပ်လိုက်သည်။ ရုတ်တရက် သူ၏ ခြေထောက်များတွင် လေညင်းလေးများ ဝန်းရံလာသကဲ့သို့ ခံစားလိုက်ရပြီး အရှိန်မှာလည်း သိသိသာသာ မြင့်တက်လာကာ ကိုယ်ခန္ဓာမှာ များစွာ ပေါ့ပါးသွားတော့သည်။
ဝါကျင်ကျင် ခြေရာခံအဆောင်သည် လမ်းအနည်းငယ်ကို လျင်မြန်စွာ ဖြတ်ကျော်ပျံသန်းသွားပြီးနောက် မြို့ထဲရှိ ဆိတ်ငြိမ်သော တစ်ထပ်တိုက်ဟောင်းလေးတစ်ခု ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ထိုအိမ်လေးမှာ ကျောက်အုတ်များဖြင့် တည်ဆောက်ထားပြီး အတော်ပင် ဟောင်းနွမ်းနေပြီ ဖြစ်သည်။ အပြင်ဘက် တံတိုင်းများပေါ်မှ အဖြူရောင်ဆေးများမှာလည်း အကုန်နီးပါး ကွာကျနေပြီ ဖြစ်သည်။
"မိစ္ဆာကျင့်ကြံသူက အထဲမှာ ရှိနေဖို့ များတယ်"
ရန်ဟိုင်ရင်းက အိမ်နှင့် ငါးကိုက် ခြောက်ကိုက်ခန့် အကွာမှနေ၍ သတိကြီးစွာဖြင့် ပြောလိုက်သည်။ သူမသည် ရှေ့သို့ ထပ်မံ မတိုးတော့ဘဲ အကဲခတ်နေသည်။
"ဘာလှုပ်ရှားမှုမှ ရှိပုံမရဘူးနော်"
ကျန်းကျီချန်းက ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် မိုးမှာ မှောင်စပြုနေပြီဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်နေတော့သည်။ ထိုထူးဆန်းသောအိမ်လေးအတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်မလာသဖြင့် လူရှိမရှိကို မည်သူမျှ အသေအချာ မပြောနိုင်ကြချေ။
"အထဲမှာ ဘယ်သူမှ မရှိတော့ဘူး"
လုံယီက ရုတ်တရက် လှမ်းပြောလိုက်ရာ အားလုံး၏ အကြည့်များမှာ သူ့ထံသို့ စုပြုံရောက်ရှိလာတော့သည်။
"မင်းက ဘယ်လိုလုပ် သိတာလဲ"
တုရှန်းက အထင်သေးသော လေသံဖြင့် မေးလိုက်သည်။
သူ့စိတ်ထဲတွင် လုံယီကို အသိအကျွမ်း အဆက်အသွယ်ကောင်း၍ အကျိုးဆောင်မှတ် လာဖြတ်စားသည့် လူပိုတစ်ယောက်အဖြစ် အစွဲရှိနေသဖြင့် လုံယီပြောသမျှကို မယုံကြည်နိုင်ဘဲ ဖြစ်နေခြင်းပင်။ အခြားသူများလည်း ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ လုံယီက ရိုးရှင်းစွာပင် ရှင်းပြလိုက်သည်။
"ကျွန်တော် ကိုယ်ခံပညာကို နှစ်အတော်ကြာ လေ့ကျင့်ခဲ့တာဆိုတော့ အကြားအာရုံနဲ့ အမြင်အာရုံက သာမန်ထက် ပိုစူးရှလို့ပါ"
"လူရှိမရှိဆိုတာ စမ်းကြည့်လိုက်ရင် သိသာတာပဲ"
တုရှန်းက ပြောရင်း သူ၏ ဝတ်စုံလက်မောင်းကို မြှောက်လိုက်ရာ ရဲရဲနီသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်သွားပြီး အိမ်ဟောင်းလေးဆီသို့ ပြေးဝင်သွားတော့သည်။
ဝုန်း…
တုရှန်း၏ ပြင်းထန်လှသော တိုက်ကွက်အောက်တွင် ထိုအိမ်လေးမှာ မြေပုံအတိ ဖြစ်သွားတော့သည်။ ပျက်စီးသွားသော စားပွဲများ၊ လဲကျနေသည့် သစ်သားကုတင်နှင့် အုတ်ပုံများအကြားတွင် မည်သည့်လူရိပ်လူယောင်မျှ မတွေ့ရချေ။
ထို့နောက် ထိုအနီရောင်အလင်းတန်းမှာ တုရှန်း၏ဘေးသို့ ပြန်လည်ရောက်ရှိလာပြီး လက်ဝါးခန့် အရွယ်အစားရှိကာ လက်ကိုင်မပါသော အနီရောင်ဓားငယ်လေးတစ်စင်းအဖြစ် အသွင်ပြောင်းသွားသည်။ ၎င်းသည် တုရှန်း၏ပတ်လည်တွင် ငါးလေးတစ်ကောင်အလား လှပစွာ ဝဲပျံနေသည်။
ဒါက ပျံလွှားဓားလား။
လုံယီသည် တုရှန်း၏ ဓားကို တစ်ချက်ကြည့်လိုက်မိသည်။
သူ ယခင်က ရရှိထားသော အမျိုးသမီးကျင့်ကြံသူ၏ ဓားနှင့် စိတ်ထဲမှ နှိုင်းယှဉ်ကြည့်ရာ အရှိန်အဝါပိုင်းတွင် ဤဓားက အနည်းငယ် နိမ့်ပါးနေသကဲ့သို့ ခံစားရသည်။
"ကျင့်ကြံဖော်တုက ပျံလွှားဓားကိုတောင် သန့်စင်ပြီးသားဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ မိစ္ဆာကောင်အတွက် တကယ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ"
ကျန်းကျီချန်းက ချီးကျူးလိုက်သည်။ ဘေးရှိ ရန်ဟိုင်ရင်းကလည်း ထိုစကားကို ထောက်ခံသည့် အမူအရာ ပြလိုက်သည်။ ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးနည်းလမ်းများထဲတွင် ပျံလွှားဓားမှာ မြန်ဆန်ပြတ်သားခြင်း၊ စူးရှခြင်းနှင့် ရန်သူကို မလွတ်တမ်း လိုက်လံတိုက်ခိုက်နိုင်ခြင်းတို့ကြောင့် အမြဲတမ်း ရှေ့တန်းက ပါဝင်လေ့ရှိသည်။
"မိစ္ဆာကျင့်ကြံသူကို အရင်ရှာကြတာပေါ့"
တုရှန်းက ပြောရင်း လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ၏ အသက်သွေးကြောအလောင်း ပေါ်လာသည်။ ၎င်းမှာ အရပ်အလွန်ရှည်ပြီး တစ်ကိုယ်လုံးတွင် သံမဏိကဲ့သို့ မီးခိုးရင့်ရောင် အဆင်းရှိရာ သံမဏိအလောင်းအဆင့်မှာ ရှိနေသည်မှာ သေချာလှသည်။
ထိုသံမဏိအလောင်းမှာ ပျက်စီးနေသော အိမ်အပျက်အစီးများထဲသို့ ဝင်ရောက်သွားပြီး ခေတ္တအကြာတွင် သွေးစွန်းနေသော အပြာနက်ရောင် ဝတ်ရုံတစ်ခုကို ကိုင်ဆောင်ကာ ပြန်ထွက်လာခဲ့သည်။ ဝတ်ရုံပေါ်မှ သွေးစွန်းကွက်များမှာ လုံးဝမခြောက်သေးဘဲ လရောင်အောက်တွင် ဖျော့တော့စွာ တောက်ပနေသည်။
"တောက်... ငါတို့ အရူးလုပ်ခံလိုက်ရပြီ"
တုရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏သွေးစွန်းနေသော ဝတ်ရုံကို အသုံးပြုကာ သူ၏ အရှိန်အဝါကို လွှဲပြောင်းဟန်ဆောင်ပြီး ရန်သူကို လမ်းမှားအောင် ပြုလုပ်သည့် ဤနည်းဗျူဟာမှာ ကျင့်ကြံခြင်းလောကတွင် အသုံးမနည်းလှပေ။
"မိစ္ဆာကောင်က တကယ်ကို လျင်တာပဲ"
ရန်ဟိုင်ရင်းကလည်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"သူက ကောက်ကျစ်စဉ်းလဲတယ်ဆိုပေမဲ့ ကြောက်ရွံ့နေတာကတော့ အထင်အရှားပဲ"
ယို့ချင်းယီ၏ အေးစက်လှပသော အသံမှာ ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးလေးများ ကျလာသကဲ့သို့ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
"ဒါကိုကြည့်ရင် သူ့ရဲ့ခွန်အားက သာမန်အဆင့်ပဲရှိတာကို သိသာစေတယ်။ အခွင့်အရေးရတာနဲ့ သူ့ကို အလွယ်တကူ သုတ်သင်နိုင်မှာပါ"
"ငါ့ညီမလေးရဲ့ အကဲခတ်ချက်က မှန်ကန်ပါတယ်"
ရန်ဟိုင်ရင်းက ပြုံးလျက် "ဒီတာဝန်ကသာ လွယ်ကူနေမယ်ဆိုရင် ငါတို့ဆီ ရောက်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ နည်းလမ်းတွေက ဒီလောက်နဲ့တင် ဆုံးသွားပြီလို့ အဲ့ဒီမိစ္ဆာကောင်က ထင်နေရင်တော့ သူ တကယ်ကို နုနယ်လွန်းသေးတာပဲ"
ထိုသို့ပြောပြီးနောက် သူမ၏လက်ထဲတွင် ဝါကျင်ကျင် ခြေရာခံအဆောင်တစ်ရွက် ထပ်မံပေါ်ပေါက်လာပြီး ချီစွမ်းအားများကို အရှိန်အဟုန်ဖြင့် စီးဆင်းစေလိုက်သည်။ အဆောင်စက္ကူမှာ ရုတ်တရက် တောက်ပလာပြီး အပြာနက်ရောင်ဝတ်ရုံပေါ်ရှိ သွေးစွန်းကွက်များကို တစ်ဖန်ပြန်၍ နမ်းရှုပ်လိုက်ပြန်သည်။
ထို့နောက်တွင်မူ ၎င်းသည် ရှူးကနဲ အသံနှင့်အတူ ယခင်ကထက် သိသိသာသာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။ ဝါကျင်ကျင် အဆောင်စက္ကူ၏ အမြီးပိုင်းမှ ပြာလွလွ မီးခိုးငွေ့များ ထွက်ပေါ်နေသည်မှာ တစ်စုံတစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင်။ ၎င်း၏ အရွယ်အစားမှာလည်း မျက်မြင်ကိုယ်တွေ့ပင် တဖြည်းဖြည်း သေးငယ်လာနေသည်။
"ငါ ဒီခြေရာခံအဆောင်ရဲ့ စွမ်းအားအကုန်လုံးကို ထုတ်သုံးလိုက်ပြီ။ ဒါက အကြာကြီး ခံမှာမဟုတ်ဘူး မြန်မြန်လိုက်ကြ"
ရန်ဟိုင်ရင်းက အသံကျယ်ကျယ်ဖြင့် တိုက်တွန်းလိုက်သည်။
"ကျင့်ကြံဖော်ရန်ကတော့ ဒီတစ်ခါ တကယ်ကို အစွမ်းကုန် ကြိုးစားတာပဲ"
ကျန်းကျီချန်းက မှတ်ချက်ပေးသည်ာာ
"ဒီလို ခြေရာခံအဆောင်မျိုးတွေက တကယ်ကို ရှားပါးတာ ဈေးကွက်ထဲရောက်တာနဲ့ ချက်ချင်း ရောင်းကုန်သွားတာမျိုး။ ငါတောင် တစ်ခါမှ မကိုင်ဖူးသေးဘူး"
အဆောင်စက္ကူနောက်သို့ လိုက်ပါလာကြရာ သူတို့သည် မြစ်ကမ်းပါးတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။ လရောင်အောက်တွင် မြစ်ရေမျက်နှာပြင်မှာ တဖျတ်ဖျတ် တောက်ပနေပြီး ရေလှိုင်းများက ရွှံ့နွံထူထပ်သော ကမ်းပါးကို ရိုက်ခတ်နေသံများမှာလည်း ရံဖန်ရံခါ ထွက်ပေါ်နေသည်။ ထိုအချိန်တွင် အစွမ်းကုန် အလုပ်လုပ်ခဲ့သော ခြေရာခံအဆောင်မှာလည်း လုံးဝလောင်ကျွမ်းသွားပြီး ၎င်း၏ စွမ်းအင်များ ဆုံးရှုံးသွားတော့သည်။
"ဒီနေရာမှာ ခြေရာပျောက်သွားပြီ"
ရန်ဟိုင်ရင်းမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ်ပင် ဖြစ်သွားရသည်။ ရန်သူက ရေလမ်းကို အသုံးပြုကာ ခြေရာဖျောက်သွားလိမ့်မည်ဟု သူမ မထင်ထားမိချေ။ ရေသည် ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ အစအနအားလုံးကို ဆေးကြောပစ်နိုင်သဖြင့် မိစ္ဆာကျင့်ကြံသူ၏ သဲလွန်စကို ပြန်လည်ရှာဖွေရန်မှာ များစွာ ခက်ခဲသွားပြီ ဖြစ်သည်။
လူတိုင်းမှာ စိတ်ပျက်အားလျော့သွားကြပြီး ဤတာဝန်မှာ ရေရှည်တိုက်ပွဲအဖြစ် ပြင်ဆင်ရတော့မည်ကို နားလည်လိုက်ကြသည်။ လုံယီမှာမူ ဘာမှမပြောဘဲ သူ၏ မျက်ဝန်းများထဲတွင် အနီရောင်အလင်းတန်းများ ပေါ်ပေါက်လာပြီး သူ မြင်တွေ့နေရသော ကမ္ဘာကြီးမှာလည်း အသွင်ပြောင်းသွားတော့သည်။
မြစ်ရေ၊ မြက်ပင်များ၊ သစ်ပင်များနှင့် အခြားသော သက်မဲ့ဝတ္ထုအားလုံးမှာ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ရေထဲ၌ ကူးခတ်နေသော ငါးများ၊ မြက်တောထဲမှ ပိုးမွှားများနှင့် သစ်ကိုင်းများပေါ်မှ ငှက်များမှာမူ ဝါကျင်ကျင်နှင့် နီရဲသော အလင်းတန်းများအဖြစ် တောက်ပနေကြသည်။
မြစ်ကမ်းဘေးရှိ ချုံပုတ်ထူထပ်သော နေရာတစ်ခုတွင် လူသဏ္ဌာန် အနီရောင် ပုံရိပ်တစ်ခုမှာ သေဆုံးနေသကဲ့သို့ မလှုပ်မယှက် ရှိနေသည်ကို သူ တွေ့လိုက်ရသည်။
"ဟိုမှာ"
လုံယီက ရုတ်တရက် အချို့သော အရပ်မျက်နှာသို့ လက်ညှိုးညွှန်ပြလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သူသည် ရှေ့သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ လက်သီးဆုပ်ရှေ့တွင် ဖြူလွလွ လေလှိုင်းအဟုန်တစ်ခု ဖြစ်ပေါ်သွားပြီး မိစ္ဆာကောင် ပုန်းအောင်းနေသည့် နေရာသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။
ဝုန်း…
ချုံပုတ်များမှာ အစိတ်စိတ်အမွှာမွှာ လွင့်စင်သွားပြီး ဖုန်မှုန့်များအကြားမှ အမည်းရောင် ပုံရိပ်တစ်ခုမှာ အသည်းအသန် ခုန်ထွက်လာတော့သည်။
အခန်း။ ၃၁၆
“ဟျောင့်... မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ”
ထိုပုံရိပ်သည် မြေပြင်မှ အသည်းအသန် ထရပ်လိုက်ရာ သူ၏ ရုပ်သွင်အစစ်အမှန် ပေါ်ထွက်လာတော့သည်။
သူသည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာမှာ ဖြူလျော်ကာ နှုတ်ခမ်းများမှာ ခရမ်းရောင် သန်းနေသည်။ သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံမှာမူ တစ်ဖက်လူကို ဝါးမြိုတော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ ဘယ်ဘက်ပါးပြင်ပေါ်တွင်မူ အနက်ရောင်ဖြင့် ထိုးနှံထားသော ကိန်းဂဏန်းပုံစံ ကင်းမြီးကောက် တက်တူးတစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်ပင် အသက်ဝင်လှရာ သူ၏ မျက်နှာကြွက်သားများ လှုပ်ရှားလိုက်တိုင်း ထိုကင်းမြီးကောက်ကြီးမှာ တကယ်ပင် တွားသွားနေသကဲ့သို့ ထင်မှတ်ရသဖြင့် မြင်ရသူအဖို့ ကျောစိမ့်ဖွယ်ပင်။
လုံယီကတော့ ထိုမေးခွန်းကို ပြန်လည်ဖြေကြားရန် စိတ်မဝင်စားပေ။ တပည့်များ၏ ရှေ့ဆုံးတွင်ရှိနေသော တုရှန်းကမူ အသံကျယ်ကျယ်ဖြင့် မာန်မဲလိုက်သည်။
“မင်းလို မိစ္ဆာကောင်... မရေမတွက်နိုင်တဲ့ ယုတ်မာမှုတွေကို ကျူးလွန်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ။ ဒီနေ့ ငါတို့ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက မင်းကို တရားစီရင်ပြီး တခြားသူတွေအတွက် သင်ခန်းစာပေးဖို့ ရောက်လာတာပဲ”
မိစ္ဆာကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူတိုင်း၏ ဘေးတွင် အရပ်ရှည်ရှည် ပုံရိပ်ကြီးများ အသီးသီး ပေါ်ပေါက်လာကြသည်။ ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသားများကို အနီးကပ် ချဉ်းကပ်၍မရပေ။ အသက်သွေးကြောအလောင်းများသည် ကာကွယ်သူများအဖြစ် ရှိနေပြီး မည်သူ့ကိုမျှ အနားသို့ အလွယ်တကူ ကပ်ခွင့်ပေးမည်မဟုတ်ပေ။
“ဆူညံလိုက်တာ”
ကင်းမြီးကောက်တက်တူးနှင့်လူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လက်ကို မြှောက်ကာ မီးခိုးရောင် မြူခိုးထုကြီးတစ်ခုကို ဖန်တီးလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။ ထိုမြူထုကြားတွင် ဖျော့တော့သော ပုံရိပ်တစ်ခုမှာ မြစ်ကြီးရှိရာဘက်သို့ လျင်မြန်စွာ ဦးတည်ပြေးလွှားနေသည်မှာ အဖမ်းမခံရစေရန် မြစ်ထဲသို့ ခုန်ချပြီး ထွက်ပြေးရန် ကြံစည်နေခြင်းမှာ ထင်ရှားလှသည်။
“ဘယ်ကို ပြေးမလို့လဲ”
ဝဖြိုးပြီး အသားဖြူသော ကျန်းကျီချန်း၏ လက်ထဲတွင် အပြာရောင် အဆောင်စက္ကူတစ်ရွက် အချိန်ကိုက် ပေါ်ပေါက်လာပြီး စကားလုံးအချို့ကို တိုးတိတ်စွာ ရွတ်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အပြာရောင် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
ထိုအဆောင်စက္ကူမှာ ဆယ်ပေကျော် မြင့်မားသော လခြမ်းပုံသဏ္ဌာန် အပြာရောင် အလင်းတန်း သုံးခုအဖြစ် ချက်ချင်း အသွင်ပြောင်းသွားပြီး ထိုပုံရိပ်ဆီသို့ လျင်မြန်စွာ ပျံဝဲကာ ခုတ်ပိုင်းလိုက်တော့သည်။
အပြာရောင် အလင်းဓားတစ်စင်းမှာ ပုံရိပ်တည့်တည့်သို့ ဦးတည်နေပြီး ကျန်နှစ်စင်းမှာမူ ရှေ့ခြေလှမ်းအနည်းငယ်အကွာတွင် ပိတ်ဆို့ထားလိုက်ရာ မိစ္ဆာကျင့်ကြံသူ၏ ထွက်ပြေးမည့်
လမ်းကြောင်းကို အတင်းအကျပ် ဟန့်တားလိုက်သကဲ့သို့ပင်။
ကျန်းကျီချန်းမှာ အမှန်စင်စစ်တွင် လေဓာတ်ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
သူ ထုတ်လွှတ်လိုက်သော အပြာရောင် အလင်းဓား သုံးစင်းမှာ ယခင်က လုံယီ ရင်ဆိုင်ခဲ့ဖူးသော အတောင်ပံပါး ကျားသစ်၏ တိုက်ကွက်ထက်ပင် ပိုမိုကြီးမားပြီး အစွမ်းထက်လှသည်။
၎င်းသည် ကျန်းကျီချန်း၏ နက်ရှိုင်းသော ကျင့်ကြံမှုကို ဖော်ပြနေခြင်းဖြစ်ပြီး ချီစွမ်းအား အလယ်အလတ်အဆင့်တွင်ပင် သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။
မီးခိုးရောင်မြူထုအတွင်း၌ မိစ္ဆာကျင့်ကြံသူ၏ ထွက်ပြေးမည့်လမ်းကြောင်းမှာ ကျန်းကျီချန်းကြောင့် ပိတ်ဆို့ခံလိုက်ရသဖြင့် သူသည် အရပ်မျက်နှာပြောင်း၍ အခြားတစ်ဖက်မှ ဖောက်ထွက်ရန် ကြံစည်သည်။ ထိုခဏ၌ပင် ရန်ဟိုင်ရင်းက စတင်လှုပ်ရှားတော့သည်။
သူမသည် ညိုဝါရောင် အဆောင်စက္ကူတစ်ရွက်ကို လက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ကာ ချီစွမ်းအားများဖြင့် မိစ္ဆာကျင့်ကြံသူ၏ အထက်သို့ ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုအဆောင်မှာ ကျယ်ပြန့်လှသော ဝါကျင်ကျင် သဲမုန်တိုင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အဆိုးရွားဆုံး သဲကန္တာရမုန်တိုင်းထက်ပင် ပိုမိုပြင်းထန်လှသည်။ ၎င်းသည် အမည်းရောင်မြူထုကို တိုက်စားပစ်ရုံသာမက မိစ္ဆာကျင့်ကြံသူကိုပါ သဲထုအတွင်း ဝါးမြိုပစ်လိုက်သည်။ သူ၏ အမြင်အာရုံတစ်ခုလုံးမှာ ဝါကျင်ကျင်သဲများဖြင့်သာ ဖုံးလွှမ်းသွားပြီး အရှေ့အနောက် တောင်မြောက်ကိုပင် ခွဲခြား၍မရတော့ချေ။
ရန်ဟိုင်ရင်းမှာ ဝမ်သောက်တောင်ထိပ်မှ ဆင်းသက်လာသူဖြစ်ပုံရပြီး မြေဓာတ်ကျင့်ကြံသူတစ်ဦးပင်။
“မင်းတို့ ငါ့ကို အတင်းအကျပ် လုပ်နေတာပဲ”
မိစ္ဆာကျင့်ကြံသူမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီမြန်းလာတော့သည်။ သူသည် ရင်ဘတ်အတွင်းမှ ကျိုးပဲ့နေသော အရိုးတစ်ခုကို ထုတ်ယူလိုက်ပြီး ဖွတ်ကနဲ အသံနှင့်အတူ သူ၏ အဆီအနှစ်သွေးကို ထိုအရိုးပေါ်သို့ ထွေးထုတ်လိုက်သည်။
ထိုအရိုးမှ ပြင်းထန်လှသော အမည်းရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာရာ နွားပေါက်တစ်ကောင်ခန့် အရွယ်အစားရှိသော ကြီးမားသည့် အရိုးလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအရိုးလက်သည်းကြီးမှာ အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး အချိန်ကာလကြာမြင့်စွာ တိုက်စားခံထားရသည့် အရိပ်အယောင်များ ရှိနေသည်။ လက်ဆစ်များတွင်မူ စက်ဆုပ်ဖွယ်ရာ အနံ့အသက်များ ထွက်ပေါ်နေသည့် အမည်းရောင် သွေးပုပ်များ စွန်းထင်နေသည်။
ဝုန်း
အရိုးလက်သည်းကြီးမှာ လွှဲယမ်းလိုက်ရုံမျှဖြင့် ကြီးမားလှသော သဲမုန်တိုင်းကို အလွယ်တကူ ဖယ်ရှားပစ်လိုက်နိုင်ရာ မိစ္ဆာကျင့်ကြံသူမှာ ပုံမှန်အမြင်အာရုံကို ပြန်လည်ရရှိသွားတော့သည်။ သူသည် ထိုအဖွဲ့နှင့် အချိန်ကုန်ခံ တိုက်ခိုက်ရန် ဆန္ဒမရှိဘဲ ထပ်မံထွက်ပြေးရန် ပြင်ဆင်သည်။
ရှူး... ရှူး... ရှူး...
မြားတစ်စင်းကဲ့သို့ ချွန်ထက်လှသော မီးခိုးရောင် ယင်အငွေ့အသက် မြားတံအချို့မှာ သူ၏ရှေ့တွင် ပေါ်ပေါက်လာပြီး လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားလာသည်။ သို့သော် ထိုမြားတံများမှာ သူထိန်းချုပ်ထားသော အရိုးလက်သည်းကြီးနှင့် ထိမှန်ကာ ဖောက်... ဖောက်ဟူသော အသံများနှင့်အတူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြရပြီး အရိုးကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ချေ။
ထိုယင်အငွေ့အသက်မြားများကို ထုတ်လွှတ်လိုက်သူမှာ မီးခိုးရောင် အဆောင်စက္ကူတစ်ရွက်ကို ကိုင်ဆောင်ထားသည့် ယို့ချင်းယီပင်။ သူမ၏ ဖြူလျော်သော မျက်နှာထက်တွင် သွေးရောင်အနည်းငယ် လွှမ်းနေတော့သည်။ မိစ္ဆာကျင့်ကြံသူက သူမ၏ တိုက်ကွက်ကို အလွယ်တကူ ကာကွယ်သွားနိုင်သည်ကို မြင်သောအခါ ယို့ချင်းယီမှာ နောက်ထပ် အဆောင်တစ်ခုကို ထပ်မံထုတ်ဖော်ရန် ပြင်လိုက်ပြန်သည်။
သို့သော် လုံယီက လက်တစ်ချက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံသာ ရှိသေးသည်။
တစ်ခဏချင်းမှာပင် ယခင်ကထက် ပိုမိုကြီးမားပြီး ပိုမိုခိုင်မာသော ပုံသဏ္ဌာန်ရှိသည့် ယင်
အငွေ့အသက်မြားဆယ်စင်းကျော် ရုတ်တရက် ပေါ်ပေါက်လာပြီး ရှူး... ရှူး... ရှူးဟူသော အသံများနှင့်အတူ တစ်ရစပ် ပစ်ခတ်လိုက်တော့သည်။ ယို့ချင်းယီကို အံ့အားသင့်သွားစေသည့်
အချက်မှာ ထိုမြားတံများမှာ စုပြုံ၍ တိုးဝှေ့မသွားခြင်းပင်။
ထိန်းချုပ်သူ၏ စိတ်အာရုံအောက်တွင် ထိုမြားတံများမှာ စနစ်တကျ ပြန့်ကားသွားကြသည်။ အချို့မှာ မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသော်လည်း အချို့မှာမူ မိစ္ဆာကျင့်ကြံသူကို ဗဟိုပြု၍ စက်ဝိုင်းပုံစံဖြင့် အရပ်မျက်နှာအသီးသီးတွင် နေရာယူလိုက်ကြသည်။ မြားဦးများမှာ သူ့ထံသို့ ထောင့်ပေါင်းစုံမှ ပစ်မှတ်ထားနေကြရာ သူ မည်သည့်ဘက်သို့ ထွက်ပြေးရန် ကြိုးစားသည်ဖြစ်စေ အနည်းဆုံး မြားတစ်စင်း သို့မဟုတ် နှစ်စင်း၏ ထိမှန်မှုကို မလွဲမသွေ ခံစားရမည် ဖြစ်သည်။
ဤသည်မှာ အထွတ်အထိပ်အဆင့်ရှိသော ယင်အငွေ့အသက်မြား ပညာရပ်ပင်။ ဤကဲ့သို့ အနုပညာဆန်လှသော ထုတ်ဖော်မှုကို တစ်ဂိုဏ်းလုံးတွင် မည်သူမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။ လုံယီအတွက် တစ်ခုတည်းသော ကန့်သတ်ချက်မှာ သူ၏ ချီစွမ်းအား ဒုတိယအဆင့်သာ ဖြစ်သည်။ ဤအဆောင်ကို ထုတ်ဖော်ပြီးနောက် သူ၏ ချီစွမ်းအားများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ သူသည် ရင်ဘတ်အတွင်းမှ ကျောက်စိမ်းပုလင်းငယ်ကို ထုတ်ယူကာ ချီစုပ်ယူဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ အမြန်ပစ်ထည့်လိုက်ရာ ချီစွမ်းအားများ ချက်ချင်း ပြန်လည် ပြည့်ဝလာတော့သည်။
“တောက်”
လုံယီ၏ ယင်အငွေ့အသက်မြားကြောင့် မိစ္ဆာကျင့်ကြံသူမှာ ထိတ်လန့်သွားရသည်။ သူသည် အရိုးလက်သည်းကြီးဖြင့် အသည်းအသန် ကာကွယ်လိုက်ရာ မြားအများစုကို တားဆီးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် မြားနှစ်စင်းမှာ ဟာကွက်မှ ဖောက်ထွက်သွားပြီး ဘုန်း... ဘုန်းဟူသော အသံများနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှ အမည်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မြားတံများကို ဟန့်တားထားနိုင်သော်လည်း ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် သူ၏မျက်နှာမှာ ဖြူလျော်သွားပြီး ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားကာ ခေတ္တမျှ မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားတော့သည်။
ရှူး
ဤရွှေရောင်အခွင့်အရေးကို လက်လွတ်မခံဘဲ တုရှန်းက နောက်ဆုံးတွင် စတင်တိုက်ခိုက်
လိုက်ကာ သူ၏ လက်မောင်းအတွင်းမှ ပျံလွှားဓားမှာ အံ့ဩဖွယ်ကောင်းသော အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးအလား မြန်ဆန်သော အရှိန်ဖြင့် မိစ္ဆာကျင့်ကြံသူ၏ ဘေးသို့ ရောက်ရှိသွားကာ လည်ပင်းကို အသာအယာ ဝှေ့ယမ်းကာ ဖြတ်တောက်လိုက်သည်။
ဖတ်
ဦးခေါင်းတစ်ခုမှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားပြီး ဘောလုံးတစ်လုံးပမာ မြေပြင်ပေါ်သို့ ကျဆင်းကာ နှစ်ချက်ခန့် တုန်ခါသွားတော့သည်။
ကျောက်နိုင်ငံ ဝေချိန်မြို့အတွင်း သောင်းကျန်းနေသော မိစ္ဆာကျင့်ကြံသူသည် လုံယီနှင့် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသားများ၏ စုပေါင်းအားထုတ်မှုအောက်တွင် အလွယ်တကူပင် အသက်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
"ဒီမိစ္ဆာကောင်က ထင်သလောက်တော့ မဟုတ်ပါလား"
မိစ္ဆာကျင့်ကြံသူ သေဆုံးသွားသည်ကို မြင်သောအခါ အားလုံးက သက်ပြင်းချနိုင်သွားကြပြီး ကျန်းကျီချန်းကပင် ရယ်မောရင်း မှတ်ချက်ပေးလိုက်သည်။
"သူ့မှာ ဝိညာဉ်သားရဲတစ်ကောင်လည်း ရှိရမှာမဟုတ်ဘူးလား မတွေ့မိပါလား"
လုံယီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒီကောင်က တကယ်တော့ ဒဏ်ရာရထားတာပဲ။ သူ့ရဲ့ ဝိညာဉ်သားရဲကလည်း သေဆုံးပြီးသား ဖြစ်နေမှာပေါ့"
ရန်ဟိုင်ရင်းက ရယ်မော၍ ပြန်လည်ဖြေကြားသည်။
"ဒီညမှာတင် မိစ္ဆာကောင်ကို အပြတ်ရှင်းနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီညတော့ အားလုံး ကောင်းမွန်စွာ အနားယူကြတာပေါ့။ ဝေချိန်မြို့မှာ ရက်အနည်းငယ်လောက် နေထိုင်သွားလို့ ရသေးတာပဲ။ ဒီမြို့က သစ်သီးဝလံတွေနဲ့ ဖျော်ရည်တွေက အရသာ အရမ်းရှိတယ်လို့ ကြားဖူးတယ်။ ငါတို့က တောင်ပေါ်မှာပဲ အနေများတော့ ဒီလိုမျိုး မြည်းစမ်းဖို့ဆိုတာ ခဲယဉ်းတယ်လေ" တာဝန်ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် တုရှန်း၏ တင်းမာနေသော မျက်နှာပေးမှာ သိသိသာသာ ပြေလျော့သွားခဲ့သည်။
သူသည် အဆက်အသွယ်ဖြင့် ပါလာသူဟု အထင်ခံထားရသော လုံယီအပေါ်တွင်လည်း အမြင်မကြည်လင်မှုများ မရှိတော့ပေ။ အမှန်စင်စစ် ခုနက တိုက်ပွဲတွင် လုံယီ၏ စွမ်းဆောင်
ရည်မှာ အထင်အရှားပင်။ သူ ထုတ်လွှတ်လိုက်သော ယင်အငွေ့အသက်မြားများက မိစ္ဆာကျင့်ကြံသူကို သုတ်သင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သတ်ဖြတ်ပြီးနောက်တွင် အလောင်းကို ရှာဖွေစစ်ဆေးရာ မိစ္ဆာကျင့်ကြံသူထံမှ အသုံးဝင်မည့် ပစ္စည်း ၃ ခုကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့မှာ နွမ်းဖတ်နေသော အမည်းရောင် သိုလှောင်အိတ် တစ်လုံး၊ ခုနက သူအသုံးပြုခဲ့သော မှော်လက်နက်ဖြစ်သည့် အရိုးကျိုးတစ်ခုနှင့် အရှိန်ကို အနည်းငယ် မြှင့်တင်ပေးနိုင်သော လေလိုက်ဖိနပ်ဟု ခေါ်သည့် အဆင့်နိမ့် မှော်လက်နက် ဖိနပ်တစ်စုံတို့ ဖြစ်သည်။
"သိုလှောင်အိတ်ပေါ်မှာ သူ့ရဲ့ အဆီအနှစ်သွေး တံဆိပ်ခတ်နှိပ်မှုရှိနေတော့ ငါတို့ ဖွင့်လို့မရဘူး။ ဒါကို ဂိုဏ်းထဲက အကြီးအကဲတွေကိုပဲ ကိုင်တွယ်ခိုင်းရလိမ့်မယ်"
တုရှန်းက ပြောသည်။
"သိုလှောင်အိတ် ပွင့်သွားပြီး ပစ္စည်းတွေကို ရေတွက်ပြီးပြီဆိုရင်တော့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ အားလုံးကို ခွဲဝေပေးမှာပါ"
တုရှန်း၏ ဆုံးဖြတ်ချက်ကို အားလုံးက ကန့်ကွက်မှုမရှိဘဲ သဘောတူ ခေါင်းညိတ်လိုက်ကြသည်။
အဆီအနှစ်သွေး တံဆိပ်ခတ်နှိပ်မှု ဟုတ်လား...
လုံယီသည် ငါးပါးဓာတ်ဂိုဏ်းက အမျိုးသမီးကျင့်ကြံသူထံမှ ရရှိခဲ့သော သိုလှောင်အိတ်ကို သတိရသွားသည်။ ထိုအိတ်တွင်လည်း ဤကဲ့သို့သော တံဆိပ်ရှိနေ၍သာ သူ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မပွင့်ခဲ့ခြင်းပင်။
သို့သော် ဂိုဏ်းအတွင်း၌ သူနှင့် ရင်းနှီးသော အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ ဟူ၍ မရှိပေ။ အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို အမှတ်တမဲ့ အကူအညီတောင်းမိ၍ ထိုအိတ်မှာ လုံကျန်းမြစ်တစ်ဖက်ကမ်းရှိ ငါးပါးဓာတ်ဂိုဏ်း၏ ပစ္စည်းဖြစ်နေသည်ကို သိရှိသွားပါက မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရပြီး ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။
ထားလိုက်ပါတော့လေ... နောက်မှပဲ နည်းလမ်းရှာရမှာပဲ။
လုံယီသည် သူ့ရှေ့ရှိ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။ ဤခရီးစဉ်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ ယခုမှ ပေါ်လာခြင်းပင်။
[ပြန်လည်ရယူနိုင်သော ပစ္စည်းတစ်ခုအား တွေ့ရှိပါပြီ။ အောက်ပါတို့မှ တစ်ခုကို ရွေးချယ်ပါ][စွမ်းအင်: ၅၅ မှတ်]
[ယင်ဓာတ် ခုံမင်မှု အနည်းငယ် တိုးမြှင့်ခြင်း]
[သွေးနှောင်ကျင့်စဉ်]
[ရွေးချယ်မလား]
သွေးနှောင်ကျင့်စဉ်လား။