← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း။ ၃၁၇

လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ထက်ရှိ ဤမှော်အတတ်အပေါ် အကြည့်ပို့လိုက်ရာ ၎င်း၏ ဖော်ပြချက်မှာ အလိုအလျောက် ပေါ်ထွက်လာတော့သည်။

[သွေးနှောင်ကျင့်စဉ်: ပြိုင်ဘက်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးလည်ပတ်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံမှုအဆင့် အလှမ်းကွာခြားလွန်းသည့် အခြေအနေမျိုးတွင်သာ အသုံးချနိုင်ပြီး ပြိုင်ဘက်၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ထင်ရှားသော ဒဏ်ရာများ ရှိနေရန် လိုအပ်သည်]

လုံယီသည် ဝေချိန်မြို့ရှိ ကျန်းအိမ်တော်တွင် တွေ့ခဲ့ရသော အလောင်းများ၏ သေဆုံးပုံကို မလွဲမသွေ ပြန်လည်အမှတ်ရမိသွားသည်။ အမှန်စင်စစ် ထိုအလောင်းများအားလုံးတွင် အနည်းနှင့်အများဆိုသလို ဒဏ်ရာများ ရှိနေခဲ့ကြသည်။

ထိုမိစ္ဆာကျင့်ကြံသူသည် သာမန်လူသားများ၏ ခုခံမှုကို ဦးစွာချိုးဖျက်ပြီးနောက် သွေးနှောင်ကျင့်စဉ်ကို အသုံးပြုကာ သူတို့၏ သွေးများကို စုပ်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ရရှိလာသော သွေးများကို မည်သို့ ဆက်လက်အသုံးချသည်ဆိုသည်မှာမူ ၎င်းနှင့် ဆက်စပ်နေသည့် အခြားသော မိစ္ဆာပညာရပ်တစ်ခုခု ရှိနေပေဦးမည်။

မိတ်ဆက်ဖော်ပြချက်အရ ဤ သွေးနှောင်ကျင့်စဉ်သည် အားနည်းသူကို နှိပ်စက်ရန်အတွက်သာ အားသာသည့် ပညာရပ်ဖြစ်ပြီး မျှော်လင့်ထားသလောက် အစွမ်းမထက်လှပေ။ သို့သော် လုံယီ၏ လက်ရှိ ယင်ဝိညာဉ်အမြစ်အခြေအနေမှာ ယခင်အတွေ့အကြုံများအရ ခုံမင်မှုကို အဆပေါင်းများစွာ မြှင့်တင်နိုင်မှသာ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ရာ ဤကျင့်စဉ်ကို စမ်းသပ်ကြည့်ရန်သာ သူ ဆုံးဖြတ်လိုက်သည်။

ထို့ပြင် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းအတွင်း၌ မည်သည့်မှော်ပညာကိုမဆို လဲလှယ်ယူမည်ဆိုပါက အကျိုးဆောင်မှတ်အနည်းဆုံး ဆယ်ဂဏန်းကျော် ပေးဆောင်ရမည် ဖြစ်သည်။ အဖက်ဖက်မှ တွေးတောပြီးနောက် လုံယီသည် သွေးနှောင်ကျင့်စဉ်ကိုသာ ရွေးချယ်လိုက်တော့သည်။

ယခုအခါ ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသဖြင့် နောက်မှသာ အေးအေးဆေးဆေး ပြန်လည်လေ့လာရန် သူ စိတ်ကူးထားလိုက်သည်။

“ဒီမိစ္ဆာကောင်က ငါထင်ထားတာထက် အများကြီး ပိုအားနည်းနေတာပဲ”

အပြန်လမ်းတွင် ကျန်းကျီချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

“လေလွင့်ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်အထိ အစွမ်းထက်နိုင်မှာမို့လို့လဲ”

တုရှန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ငါတစ်ယောက်တည်းနဲ့တင် သူ့ကို သတ်လို့ရတယ်”

အခြားသူများကလည်း ထိုစကားကို ကြားသောအခါ ခေါင်းညိတ်၍ ထောက်ခံကြသည်။ မိစ္ဆာကျင့်ကြံသူအဖြစ်သို့ ရောက်ရှိသွားသူများမှာ များသောအားဖြင့် လေလွင့်ကျင့်ကြံသူများသာ ဖြစ်ကြပြီး ဂိုဏ်းကြီးများမှ တပည့်များနှင့် နှိုင်းယှဉ်ပါက ကျင့်စဉ်ပိုင်းရော၊ မှော်လက်နက်ပိုင်းမှာပါ များစွာ နောက်ကျကျန်နေတတ်သည်။ ကြီးမားသော ဂိုဏ်းကြီးများမှ တပည့်များသည် အဆင့်တူ လေလွင့်ကျင့်ကြံသူများကို အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိကြသည်။

မကြာမီမှာပင် သူတို့အဖွဲ့သည် ဝေချိန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မြို့တော်ဝန်သည် မိစ္ဆာကျင့်ကြံသူ ခေါင်းဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ကြားသိရသောအခါ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ သူသည် နတ်မင်းအရှင်များအတွက် သူ၏ အိမ်တော်ဝင်းအတွင်းရှိ အဆောင်ခန်းငါးခန်းကို အမြန်ဆုံး စီစဉ်ပေးလိုက်ပြီး အစေခံများကလည်း အိပ်ရာနေရာများကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပေးထားကြသည်။

လုံယီသည် အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူ၏ ရင်ဘတ်အိတ်ကပ်အတွင်းမှ ကြိုးအသေးလေးဖြင့် ချည်ထားသော တောဖားတစ်ကောင်ကို ထုတ်ယူလိုက်လေတော့သည်။

အပြန်လမ်းတွင် ဖမ်းဆီးလာခဲ့သော ထိုဖားမှာ အသစ်ရရှိထားသည့် မှော်ပညာရပ်ကို စမ်းသပ်ရန်အတွက်ပင်။ ပါးစပ်ကို ပိတ်ထားခြင်းခံရသော ထိုဖားသည် လုံယီကို ၎င်း၏ ပြူးထွက်နေသော မျက်လုံးနက်လေးများဖြင့် အပြစ်ကင်းစင်စွာ စိုက်ကြည့်နေရှာသည်။

စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သောအခါ မှော်အတတ်ကဏ္ဍတွင် သွေးနှောင်ကျင့်စဉ် (အစမပြုရသေး)ဟူသော စာသားအသစ်တစ်ခု တိုးလာသည်ကို တွေ့ရသည်။ လုံယီသည် ၎င်းကျင့်စဉ်အပေါ် အာရုံစူးစိုက်လိုက်ရာ စိတ်ပိုင်းဆိုင်ရာ အဆောင်ဂါထာများမှာ သူ၏ အသိစိတ်ထဲ၌ အလိုအလျောက် ပေါ်ထွက်လာတော့သည်။

သွေးကို အဆောင်အသွင်ပြောင်း၍၊ မိစ္ဆာစွမ်းအင်ကို အဆင်တန်ဆာအဖြစ် စုစည်းကာ၊ အဆီအနှစ်ကို သင်္ကေတများအဖြစ် ပြောင်းလဲလျက် နက်ရှိုင်းသော တံခါးဝကို ထိန်းချုပ်လော့...

သွေးနှောင်ကျင့်စဉ်၏ အဓိကသော့ချက်မှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ထူးခြားသော အဆီအနှစ်သွေးတစ်မျိုးကို သန့်စင်ထုတ်ယူနိုင်ရန် ဖြစ်သည်။ ထိုသွေးသည် ရှေးဟောင်းစာပေများနှင့် ဆင်တူပြီး အချို့သော နိယာမတရားများ ပါဝင်နေသည့် ထူးခြားသော တည်ဆောက်ပုံမျိုး ရှိနေသည်။ ၎င်းကို ပိုင်ဆိုင်ထားမှသာ အခြားသူများ၏ သွေးနှင့် ပဲ့တင်ထပ်စေပြီး ထိန်းချုပ်နိုင်သည့် အကျိုးသက်ရောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

သို့သော် ဤနည်းလမ်းမှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ လုံယီသည် အချိန်အတော်ကြာ စဉ်းစားတွေးတောနေသော်လည်း ရှေးဟောင်းစာသားများနှင့်တူသော အဆီအနှစ်သွေးကို ခန္ဓာကိုယ်အတွင်း၌ ပုံဖော်နိုင်ခြင်း မရှိသေးပေ။ အစမပြုနိုင်သေးသဖြင့် စွမ်းရည်ပြမျက်နှာပြင်ကို အသုံးပြု၍ အဆင့်မြှင့်တင်ရန်မှာလည်း မဖြစ်နိုင်သေးချေ။ သို့သော် လုံယီသည် လောမကြီးဘဲ အေးအေးဆေးဆေးပင် အချိန်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုဖားကိုမူ လောလောဆယ် အသုံးမဝင်သေးသဖြင့် ပြန်လွှတ်ပေးလိုက်တော့သည်။

လုံယီ၏ ဘေးခန်းတွင်မူ ယို့ချင်းယီသည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေသည်။ သူမ၏ တောက်ပနက်မှောင်သော ဆံနွယ်များမှာ ပုခုံးပေါ်သို့ ဝဲကျနေပြီး ခါးအလှမှာလည်း တစ်ဖက်သူ ဖက်တွယ်ချင်စရာကောင်းလောက်အောင် သွယ်လျလှသည်။ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ထားသဖြင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းဥနေသော သူမ၏ ခြေဖဝါးအစုံမှာလည်း ပေါ်လွင်နေသည်။

သူမ၏ စိတ်အစဉ်မှာ ရှုပ်ထွေးနေသဖြင့် မည်သို့မျှ ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ စီနီယာအစ်မဖြစ်သူ ရန်ဟိုင်ရင်းက အချစ်ရေးကိစ္စများတွင် အလွယ်တကူ မပတ်သက်မိစေရန်သတိပေးခဲ့သည်ကို သူမ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်နေမိသည်။

ထို့နောက် ခဏတာမျှက လုံယီသည် ယင်အငွေ့အသက်မြားပေါင်းများစွာကို တစ်ပြိုင်နက်တည်း အစွမ်းကုန် ထုတ်လွှတ်လိုက်သည့် မြင်ကွင်းကိုလည်း ပြန်လည် မြင်ယောင်နေမိသည်။

သူက ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။ မိုးခေါ်ကျင့်စဉ်နဲ့ အလောင်းထိန်းချုပ်ခြင်း ကျင့်စဉ်တွေမှာ အားကောင်းတာက တစ်ကြောင်းပေါ့... ဒါပေမဲ့ ယင်အငွေ့အသက်မြားကိုတောင် ဒီလောက်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တာကတော့ အံ့ဩစရာပဲ။ တခြား စီနီယာအစ်ကို၊ အစ်မတွေထက်တောင် သာလွန်နေဦးမယ်။

နှမြောစရာကောင်းတာက သူ့ရဲ့ ဝိညာဉ်အမြစ်က အလွန်ညံ့ဖျင်းနေတာပဲ။ မဟုတ်ရင်တော့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိ တောက်ပနေမှာ သေချာတယ်။

သူသာ ထူးချွန်တဲ့ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင်... နတ်ဘုရားလမ်းစဉ်ကို အတူလက်တွဲပြီး လျှောက်လှမ်းဖို့ဆိုတာလည်း မဖြစ်နိုင်စရာ မရှိဘူးပေါ့...

သွား…သွားး..သွား….ငါ ဘာတွေ လျှောက်တွေးနေတာလဲ။

ယို့ချင်းယီ... နင် နင့်အဖေကို ကတိပေးထားတယ်မဟုတ်လား။ နင့်နှလုံးသားထဲမှာ တာအိုကျင့်စဉ်တစ်ခုပဲ ရှိရမယ်။ ရွှေအမြုတေအဆင့်ကို မရောက်မချင်း အိမ်ပြန်လို့မဖြစ်ဘူးလေ...

မရဘူး... ငါ ဒီလောကီသံယောဇဉ်တွေကို အချိန်မီ ဖြတ်တောက်ရမယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အဟန့်အတား အဖြစ်မခံနိုင်ဘူး။

ဤသို့တွေးတောရင်း ယို့ချင်းယီသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏မျက်ဝန်းထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ လက်ယှက်ထွက်ပေါ်လာသည်။ သူမသည် အခန်းထဲမှ ထွက်လာပြီး လုံယီ၏ အခန်းတံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူမ၏လက်ကို မြှောက်ကာ တံခါးခေါက်ရန် ပြင်လိုက်သော်လည်း လေထဲတွင်တင် ရပ်တန့်သွားပြီး အောက်သို့ ချမရဘဲ ဖြစ်နေပြန်သည်။

ငါသာ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် သူ့ရဲ့ ခံစားချက်ကို ထိခိုက်သွားစေမလား။ ငါ့ကြောင့် သူ စိတ်ဓာတ်ကျသွားရင် ငါ့အမှား ဖြစ်သွားမှာပေါ့...

ယို့ချင်းယီသည် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် မပြတ်နိုင်သော စိတ်ဖြင့် နောက်သို့ ပြန်လှည့်လာပြန်သည်။

ငါ သူ့ကို ပြောကို ပြောရမယ်။ အချိန်ဆွဲနေရင် ပိုပြီး ရှုပ်ထွေးကုန်မှာ။

မဟုတ်သေးဘူး... မဟုတ်သေးဘူး... သူက ငါ့အသက်သခင်လေ။ ငါ ဒီလောက်အထိ အတ္တမကြီးသင့်ဘူး။

ယို့ချင်းယီ... နင် နောက်ဆုံးတော့ ဘာလုပ်မှာလဲ။

ယို့ချင်းယီ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးမှာ အကြိမ်ကြိမ် မြှောက်လိုက် ပြန်ချ

လိုက် ဖြစ်နေပြီး နောက်ဆုံးတွင် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့်

သူမအခန်းသို့သာ ပြန်သွားတော့သည်။

သူမ မသိရှိသည်မှာ သူမ၏ လှုပ်ရှားမှုအားလုံးကို အလွန်အမင်း အာရုံစူးရှသော လုံယီက သူ့ရှေ့တွင် မြင်တွေ့နေရသကဲ့သို့ အကုန်အစင် သိရှိနေခြင်းပင်။

ယို့ချင်းယီက ဘာလုပ်ဖို့ ကြံစည်နေတာပါလိမ့်။

လုံယီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

မိန်းမသားတွေရဲ့ စိတ်ဆိုတာ သမုဒ္ဒရာလိုပဲ နက်နဲတာဆိုတော့... တစ်ဖက်လူရဲ့ စိတ်ထဲမှာ ဖြစ်

ပျက်နေတဲ့ ဇာတ်လမ်းပေါင်းစုံကို ငါက ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်ပါ့မလဲ။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး သွေးနှောင်ကျင့်စဉ်ကိုသာ ပြန်လည်လေ့လာနေလိုက်တော့သည်။

နောက်ထပ် နှစ်ရက်တာ ကာလအတွင်း တာဝန်ပြီးမြောက်သွားပြီဖြစ်ရာ လုံယီ၊ ယို့ချင်းယီနှင့် အခြားသူများသည် ဝေချိန်မြို့အတွင်း လှည့်လည်ကြည့်ရှုကြပြီးမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ကျင့်ကြံခြင်းလမ်းစဉ်သည် အလွန် ငြီးငွေ့ဖွယ်ကောင်းလှသဖြင့် ရံဖန်ရံခါ လူသားလောကအတွင်း လှည့်လည်ခြင်းမှာ စိတ်အပန်းဖြေစရာ ဖြစ်စေပြီး တင်းကျပ်နေသော စိတ်အာရုံများကို ခေတ္တမျှ လျော့ပါးစေနိုင်သည်။

သို့သော် လုံယီ သတိထားမိသည်မှာ လွန်ခဲ့သော နှစ်ရက်အတွင်း ယို့ချင်းယီ၏ သူ့အပေါ် ထားရှိသော သဘောထားမှာ ယခင်ကထက်ပင် ပိုမိုပြင်းထန်လာခြင်းပင်။ သူမသည် စကားမပြောရုံတင်မကဘဲ မျက်လုံးချင်းပင် မဆုံတော့ဘဲ သူတို့နှစ်ဦးမှာ လုံးဝ သူစိမ်းများကဲ့သို့ပင် ဖြစ်သွားတော့သည်။

ဒီကောင်မလေး ဘာတွေဖြစ်နေတာပါလိမ့်။

ထိုအချက်ကို အသာထားလျှင် သွေးနှောင်ကျင့်စဉ်မှာမူ မည်သို့မျှ တိုးတက်မှု မရှိသေးချေ။ ၎င်း၏ ခက်ခဲနက်နဲမှုမှာ လုံယီ ယခင်က ကြုံတွေ့ခဲ့ဖူးသမျှသော ပညာရပ်အားလုံးထက် များစွာ သာလွန်နေသည်။

လုံယီနှင့် အဖွဲ့သားများ ဂိုဏ်းသို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် မြို့တော်ဝန်သည် ထိတ်လန့်

တုန်လှုပ်စွာဖြင့် တစ်ဖန် ပြေးလွှားကာ ရောက်ရှိလာပြန်သည်။

"နတ်မင်းအရှင်တို့ခင်ဗျာ... မပြန်ကြပါနဲ့ဦး။ နောက်ထပ် လူသေမှုတစ်ခု ထပ်ဖြစ်ပွားပြန်ပါပြီ။ အရင်က သူဌေးကြီးကျန်း မိသားစု သေဆုံးပုံနဲ့ တစ်ပုံစံတည်းပါပဲ"

"ဘာ"

ထိုစကားကို ကြားလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

တုရှန်းက မျက်မှောင်ကြုတ်လျက် "အဲ့ဒီ မိစ္ဆာကျင့်ကြံသူကို ငါတို့ သတ်ပစ်လိုက်ပြီလေ။ ဒါက အခုမှ သေဆုံးတဲ့ အလောင်းအသစ်ဆိုတာ သေချာရဲ့လား" ဟု မေးမြန်းလိုက်သည်။

"သေချာပါတယ်ခင်ဗျာ"

ဝဖြိုးသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကြွက်မြီးနှုတ်ခမ်းမွေးလေးများ တလှုပ်လှုပ်ဖြစ်နေသော မြို့တော်ဝန်၏ ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းနေသော်လည်း သူ၏မျက်နှာမှာမူ အလွနပင် ပျာယာခတ်နေသည်။

"မနေ့ကတင် အဖိုးကြီးဆွီတစ်ယောက် အပြင်မှာ လမ်းလျှောက်နေတာကို မြင်လိုက်တဲ့သူတွေ ရှိပါတယ်။ အခုတော့ သူနဲ့ သူ့မိသားစုဝင်တွေအားလုံး အသက်ပျောက်နေကြပါပြီ"

"နောက်ထပ် ဒုတိယမြောက် မိစ္ဆာကျင့်ကြံသူ တစ်ယောက် ရှိနေတာလား"

ကျန်းကျီချန်းက ခန့်မှန်းလိုက်သည်။

"တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် သတ်ရမှာပဲ။ မြန်မြန်ဆန်ဆန် ဖြေရှင်းကြစို့။ ငါ ဂိုဏ်းကိုပြန်ပြီး ကျင့်ကြံဖို့ လိုသေးတယ်"

တုရှန်းက စိတ်မရှည်စွာ ပြောလိုက်သည်။

သူ့အတွက်မူ မိစ္ဆာကျင့်ကြံသူ၏ ခွန်အားမှာ ထူးခြားလှသည် မဟုတ်ပေ။ အဆုံးစွန်၌ သူတို့မှာ လေလွင့်ကျင့်ကြံသူများသာ ဖြစ်သဖြင့် ဂုဏ်သိက္ခာကြီးမားသော ဂိုဏ်းကြီးများ၏ နည်းစနစ်များထက် များစွာ နိမ့်ပါးကြသည်။

အဖွဲ့သားများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြရာ ၎င်းမှာ ခြံဝင်းနှင့် နှစ်ထပ်ကျောက်အိမ်လေးတစ်ခု ဖြစ်ပြီး သာမန်လူတန်းစားများထက် များစွာ အခြေအနေကောင်းသည်။ သားသတ်သမား အဖိုးကြီးဆွီမှာ အနီးနားရှိ ကျေးရွာများတွင် လူမိုက်အဖြစ် နာမည်ကျော်ကြားသူဖြစ်ပြီး လုံယီ၏ အိမ်နီးချင်းဟောင်း ချီမိသားစုကဲ့သို့ပင် သူ၏မိသားစုမှာလည်း လူရှစ်ဦးခန့် ရှိသည်။

သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ ခြောက်ကပ်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့အိမ်မှာ သူဌေးကြီးကျန်း၏ မိသားစု သုတ်သင်ခံရသည့် နေရာနှင့် ကီလိုမီတာ ၂၀ ခန့် ကွာဝေးသည်။ အဖိုးကြီးဆွီနှင့် သူ၏မိသားစုဝင်များ ရင်နာဖွယ် သေဆုံးနေမှုကို မြင်တွေ့ရသောအခါ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှ တပည့်များမှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားကြတော့သည်။

"ဒီယုတ်မာတဲ့ မိစ္ဆာကောင်... သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရင်တောင် အားရမှာမဟုတ်ဘူး"

"ဒီတစ်ခါတော့ သူ့ကို မြန်မြန်ဆန်ဆန် မသတ်ကြနဲ့ဦး။ အဖော်တွေ ရှိမရှိ သိရအောင် အရှင်ဖမ်းတာက ပိုကောင်းလိမ့်မယ်"

ယို့ချင်းယီက အကြံပြုလိုက်သည်။

ထိုစကားကို ကြားသောအခါ တုရှန်း၊ ရန်ဟိုင်ရင်းနှင့် အခြားသူများ၏ မျက်ဝန်းများမှာ တောက်ပသွားကြသည်။ မိစ္ဆာကျင့်ကြံသူ တစ်ဦးတည်းကို သတ်ခြင်းနှင့် အဖွဲ့လိုက် သုတ်သင်ခြင်းမှာ ရရှိမည့် အကျိုးဆောင်မှတ်ခြင်း ကွာခြားပေလိမ့်မည်။

လုံယီ တစ်ဦးတည်းသာ မျက်မှောင်ကြုတ်နေမိသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားနေရသည်။

သို့သော် အခြားသူများ၏ တက်ကြွနေမှုကို မြင်သောအခါ လုံယီမှာ စကားစရန် ပြင်လိုက်သော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို ပြန်လည် ထိန်းသိမ်းထားလိုက်သည်။ အဆုံးစွန်၌ သူသည် ချီစွမ်းအား ဒုတိယအဆင့်မျှသာ ဖြစ်သဖြင့် သူ၏စကားမှာ ဩဇာသက်ရောက်မှု နည်းပါးလှသည်။

ရန်ဟိုင်ရင်းသည် နှမြောတသသော အမူအရာဖြင့် ဝါကျင်ကျင် အဆောင်စက္ကူတစ်ရွက်ကို ထုတ်ယူကာ "ဒီခြေရာခံအဆောင်က အရမ်းတန်ဖိုးရှိတာ ဒါ ငါ့ရဲ့ နောက်ဆုံးတစ်ရွက်ပဲ" ဟု ပြောလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော တုရှန်းမှာ အားရကျေနပ်သွားပြီး "ကျင့်ကြံဖော်ရန်... မင်း တကယ်ပဲ အစွမ်းကုန် ကြိုးစားတာပဲ။ ဒီတစ်ခါ မိစ္ဆာကောင်ကို သုတ်သင်နိုင်ရင် မင်းကို အကြီးမားဆုံး အကျိုးဆောင်သူအဖြစ် သတ်မှတ်ပေးရမှာပဲ" ဟု ပြောလိုက်တော့သည်။

အခန်း။ ၃၁၈

လွန်ခဲ့သော နှစ်ရက်ခန့်က မိစ္ဆာကျင့်ကြံသူကို သုတ်သင်ပြီးနောက် လုံယီသည် ခြေရာခံအဆောင်နှင့် ပတ်သက်သော အချက်အလက်အချို့ကို ကျန်းကျီချန်းထံတွင် အထူးတလည် မေးမြန်းစုံစမ်းခဲ့ဖူးသည်။

ခြေရာခံအဆောင်သည် အဆင့်နိမ့်အဆောင်များအနက် ဖော်စပ်ရန် အခက်ခဲဆုံး အမျိုးအစားတွင် ပါဝင်ပြီး ဂိုဏ်းအတွင်း၌ပင် ဤအတတ်ပညာကို ကျွမ်းကျင်သူ အလွန်ရှားပါးကြောင်း သူ သိရှိခဲ့ရသည်။ ထို့ပြင် ၎င်း၏ တန်ဖိုးမှာလည်း သင့်တင့်လျောက်ပတ်လှသဖြင့် ပေါ်လာတိုင်း ချက်ချင်းပင် ဝယ်ယူခြင်း ခံရလေ့ရှိရာ အကျိုးဆောင်မှတ်များ ရှိနေလျှင်ပင် လဲလှယ်ရန် ခဲယဉ်းလှသည်။

ယခုရောက်ရှိနေသော အတွင်းစည်းတပည့် လေးဦးအနက် ရန်ဟိုင်ရင်း တစ်ဦးတည်း၌သာ ဤအဆောင် ရှိနေခြင်းကပင် ၎င်း၏ ရှားပါးမှုကို သက်သေပြနေခြင်းပင်။ တုရှန်း၏ ကတိစကားကို ကြားလိုက်ရချိန်တွင် ရန်ဟိုင်ရင်း၏ နှမြောတသဖြစ်နေသော မျက်နှာပေးမှာ အနည်းငယ် ပြေလျော့သွားသော်လည်း သူမက "အဓိက အကျိုးဆောင်သူဖြစ်ဖို့ထက် မိစ္ဆာကျင့်ကြံသူကို ရှာဖွေတွေ့ရှိဖို့က ပိုပြီး အရေးကြီးပါတယ်" ဟု ပြောလိုက်သည်။

သူမသည် အဆောင်စက္ကူကို လေထဲသို့ မြှောက်တင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆန်းကြယ်သော လက်ကွက်များကို ဖော်ဆောင်ကာ ဂါထာများကို ရွတ်ပြောလိုက်သည်။ အဆောင်စက္ကူ၏ အမြီးပိုင်းမှာ တဖြည်းဖြည်း လောင်ကျွမ်းလာပြီး မိစ္ဆာကျင့်ကြံသူ ချန်ထားခဲ့သော အငွေ့အသက်များကို နမ်းရှုပ်လိုက်ပြီးနောက် ရှူးကနဲ အသံနှင့်အတူ အဝေးသို့ ပျံထွက်သွားတော့သည်။

"လိုက်ကြ"

အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် ခြေရာခံအဆောင်၏ နောက်သို့ လိုက်ပါလာကြရာ အဖွဲ့သားများသည် လူသူကင်းဝေးသော မြေကုန်းလေးတစ်ခု ရှေ့သို့ ရောက်ရှိလာကြပြီး ၎င်းကို ဖြတ်ကျော်ရန် ပြင်ဆင်လိုက်ကြသည်။

စီးးးးးးးးးးး

ထိုခဏ၌ပင် လုံယီ၏ အသိစိတ်ထဲရှိ လင်းယုန်ငှက်မှာ ရုတ်တရက် အော်ဟစ်လိုက်သည်။ ၎င်း၏ မျက်ဝန်းများသည် မြေကုန်းလေး၏ တစ်ဖက်ကမ်းရှိ နေရာတစ်ခုသို့ သတိကြီးစွာဖြင့် စိုက်ကြည့်နေပြီး အမွှေးအမျှင်များမှာလည်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသကဲ့သို့ ထောင်ထနေတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေပြီ။

ဤသည်မှာ သူ၏ ဝိညာဉ်အာရုံက အန္တရာယ်ရှိနေကြောင်း သတိပေးနေခြင်းဖြစ်သည်ကို လုံယီ နားလည်လိုက်သည်။ သူ၏ ကိုယ်ခံပညာကျင့်ကြံမှုမှာ မကြုံစဖူးသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အာရုံငါးပါးမှာ သာမန်ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သော ဆဋ္ဌမအာရုံမှာလည်း သဘာဝအတိုင်းပင် ပိုမို စူးရှထက်မြက်လာခဲ့သည်။

"ခဏလောက် စောင့်ကြပါဦး"

လုံယီက အခြားသူများ ဆက်လက်မသွားနိုင်ရန် အော်ဟစ်တားဆီးလိုက်သည်။

"ဘာဖြစ်လို့လဲ"

တုရှန်းက စိတ်မရှည်စွာ မေးမြန်းလိုက်သည်။

"ဒီမြေကုန်းရဲ့ တစ်ဖက်မှာ အန္တရာယ် ရှိနေနိုင်တယ်"

"အန္တရာယ် ဘယ်မှာလဲ အန္တရာယ်က"

တုရှန်းက ဘာအဆီးအတားမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသည့် ရှေ့မြင်ကွင်းကို ကြည့်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"ဒါမှမဟုတ် ကိုယ်ခံပညာရှင်တွေမှာ ငါတို့မမြင်နိုင်တဲ့ အန္တရာယ်တွေကို မြင်နိုင်စွမ်းတဲ့ ထူးခြားတဲ့ အာရုံတွေ ရှိနေလို့လား"

"ခြေရာခံအဆောင်က အစွမ်းကုန်တော့မယ်"

ရန်ဟိုင်ရင်းက စိုးရိမ်တကြီး တိုက်တွန်းလိုက်သည်။

"တစ်ခုခု မှားယွင်းတာမျိုး မဖြစ်ရအောင် အသက်သွေးကြေအလောင်းတွေကို အရှေ့ကနေ အရင်လွှတ်ပြီး ကင်းထောက်ခိုင်းရအောင်"

ကျန်းကျီချန်းက အတော်အတန် ဘေးကင်းမည့် နည်းလမ်းကို အကြံပြုလိုက်သည်။

"ကောင်းပြီလေ"

အခြားသူများကလည်း စဉ်းစားကြည့်ပြီးနောက် ကန့်ကွက်ရန်မရှိသဖြင့် သူတို့၏ အလောင်းသိုလှောင်အိတ်များအတွင်းမှ အသက်သွေးကြောအလောင်းများကို ရှေ့တန်းမှ ဦးဆောင်ရန် ထုတ်လွှတ်လိုက်ကြသည်။

လုံယီ၏ မျက်ဝန်းများထဲတွင် အနီရောင်အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာပြီး မြေပြင်အောက်ခြေအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို သတိကြီးစွာဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း အကွာအဝေးတစ်ခုအထိသာ အာရုံခံနိုင်သည်။ အမှန်တကယ်ပင် ပုန်းအောင်းနေသူ မည်သူ့ကိုမျှ မတွေ့ရချေ။

ငါရဲ့ အာရုံခံစားမှုတွေကပဲ မှားယွင်းနေတာလား။

မျက်စိက လှည့်စားနိုင်သော်လည်း အတွင်းစိတ်အာရုံကမူ မလှည့်စားနိုင်ချေ။ လုံယီ၏ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာသည်။ ထိုစဉ် ယို့ချင်းယီက သူ့ကို ဇဝေဇဝါဖြင့် လှမ်းကြည့်နေသည်ကို သတိပြုမိသဖြင့် သူမကို ခေါင်းယမ်းပြလိုက်သည်။ ၎င်းကို မြင်သောအခါ ယို့ချင်းယီသည်လည်း သူမ၏ ခြေလှမ်းများကို လျှော့ချလိုက်တော့သည်။

နောက်တစ်ခဏတွင်မူ...

ဝုန်း

မြေစာပုံများ လွင့်စင်သွားပြီး ကြီးမားသော အမည်းရောင်အလင်းတန်းကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ ထို့နောက် အနည်းငယ်သေးငယ်သော အမည်းရောင်အလင်းတန်း လေးခုအဖြစ် ကွဲထွက်သွားပြီး အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

"မဖြစ်နိုင်တာ... ဒါက ထောင်ချောက်ပဲ"

"ရှောင်ကြဦး"

တုရှန်း၏အဖွဲ့ထဲမှ မြေကုန်း၏ တစ်ဖက်ကမ်းသို့ ရောက်ရှိနေသူများသည် ထိုအမည်းရောင်အလင်းတန်းများ၏ ရိုက်ခတ်မှုကို တစ်ယောက်ပြီးတစ်ယောက် ခံလိုက်ရပြီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။

ခြေရာခံအဆောင်၏ ပိုင်ရှင်ဖြစ်သူ ရန်ဟိုင်ရင်းမှာ ရှေ့ဆုံးတွင် ရှိနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် အမည်းရောင်အလင်းတန်း လေးခုအနက် အကြီးမားဆုံးတစ်ခုနှင့် တိုက်ရိုက်ထိမှန်သွားပြီး တစ်စစီ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရသည်။

တုရှန်းမှာမူ ပါးနပ်သူဖြစ်သဖြင့် သူ၏ အသက်သွေးကြောအလောင်း နောက်ကွယ်သို့ အမြန်ဆုံး ခိုလှုံလိုက်သည်။ သူ၏ အသက်သွေးကြောအလောင်းမှာ မိုးကြိုးကျင့်စဉ်များဖြင့် လေ့ကျင့်သန့်စင်ထားခြင်း ဖြစ်ရာ လူသားလောကရှိ သံမဏိများထက်ပင် ပိုမိုခိုင်မာပေလိမ့်မည်။

သို့သော် ထိုအမည်းရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် သံမဏိအလောင်းမှာ မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ နောက်သို့ လွင့်စင်သွားကာ ကိုက် ၂၀ ကျော်ခန့် လွင့်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။ အလွန်ခိုင်မာလှသော ၎င်း၏ ရင်ဘတ်မှာ လုံးဝ ချိုင့်ဝင်သွားပြီး အပြင်းအထန် ဒဏ်ရာရရှိကာ ပြန်လည် ထမလာနိုင်တော့ချေ။

ဝဖြိုးသော ကျန်းကျီချန်းမှာမူ ရုတ်တရက် အခြေအနေပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ထူးခြားဆန်းပြားပုံရသော သိုးရေဟောင်းဖြင့် ပြုလုပ်ထားသည့် မီးခိုးဝါရောင် အဆောင်စက္ကူတစ်

ရွက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ထိုအဆောင်သည် ဝါကျင်ကျင် တစ်ပိုင်းတစ်စသည် ပွင့်လင်းမြင်သာသော အလင်းဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းကျီချန်းကို လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။ အမည်းရောင်အလင်းတန်းက ထိုဒိုင်းကို ပြင်းထန်စွာ ရိုက်ခတ်နေသော်လည်း ခေတ္တခဏအတွင်း သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ရန်မှာ ခဲယဉ်းလှသည်။

စတုတ္ထမြောက် အမည်းရောင်အလင်းတန်းမှာမူ အနည်းငယ် အလှမ်းကွာဝေးသော နေရာတွင် ရှိနေသည့် ယို့ချင်းယီထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။ ဤကဲ့သို့ သေရေးရှင်ရေး အကျပ်အတည်းတွင် ယို့ချင်းယီသည် သူမ တတ်မြောက်ထားသော တစ်ခုတည်းသော ကာကွယ်ရေးမှော်အတတ်ဖြစ်သည့် ယင်အလင်းဒိုင်းကိုသာ ဗီဇအရ အသည်းအသန် ထုတ်ဖော်လိုက်ရတော့သည်။

သူမ၏ ခန္ဓာကိုယ်ရှေ့ ငါးပေအကွာတွင် မီးခိုးရောင် အလင်းစက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ သူမ၏ မပြတ်သော လက်ကွက်များနှင့် ဂါထာရွတ်ဆိုမှုများကြောင့် ထိုမီးခိုးရောင်အလင်းမှာ လျင်မြန်စွာ ပြန့်ကားလာခဲ့သည်။ မကြာမီမှာပင် ၎င်းသည် သာမန်ချပ်ဝတ်တန်ဆာနှင့် ဆင်တူသော တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသည့် မီးခိုးရောင် ချီအလင်းဒိုင်းတစ်ခုအဖြစ် ပုံပေါ်လာတော့သည်။ ထိုဒိုင်း၏ မျက်နှာပြင်ပေါ်တွင် ဝေဝါးသော ရှေးဟောင်းသင်္ကေတများမှာ မှိန်ပျပျ တောက်ပနေပြီး အစဉ်မပြတ် လှုပ်ရှားနေသကဲ့သို့ပင်။

ဖောက်

သို့သော်လည်း ထက်မြက်လှသော အမည်းရောင်အလင်းတန်း၏ တိုက်ခိုက်မှုအောက်တွင် ထိုမှော်ဒိုင်းမှာ တစ်ခဏမျှပင် မခံဘဲ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။ အမည်းရောင်အလင်းတန်းသည် အဟန့်အတားမရှိဘဲ ယို့ချင်းယီထံသို့ ဆက်လက် တိုးဝင်လာခဲ့ပြီ ဖြစ်သည်။

ယို့ချင်းယီ၏ မျက်နှာမှာ ထိတ်လန့်လွန်းသဖြင့် ဖြူလျော်သွားပြီး ဦးနှောက်တစ်ခုလုံးမှာလည်း ဗလာဖြစ်သွားရသည်။

ငါ သေရတော့မှာလား။ ငါ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကိုတောင် မရောက်သေးဘူး။ ရွှေအမြုတေကိုလည်း မရသေးဘူး။ ငါ့ရဲ့ ယို့မိသားစု ဂုဏ်သိက္ခာကို မြှင့်တင်ပေးဖို့တောင် အချိန်မရလိုက်ပါလား...

သေခါနီးအချိန်တွင် အတွေးပေါင်းစုံမှာ လျှပ်စီးလက်သကဲ့သို့ သူမ၏ စိတ်ထဲ၌ ဖြတ်ပြေးသွားခဲ့သည်။

ဝုန်း

ပြင်းထန်သော အသံကြီးတစ်ခုက ယို့ချင်းယီ၏ လွင့်စင်နေသော အတွေးများကို လက်တွေ့လောကသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ သူမ၏ ရှေ့တွင် ရင်းနှီးသော ပုံရိပ်တစ်ခု မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်မှာ အလွန်ပင် တည်ကြည်ဖြောင့်မတ်လှသဖြင့် ယို့ချင်းယီအတွက် မကြုံစဖူးသော လုံခြုံမှု အသိတစ်ခုကို ပေးစွမ်းနေတော့သည်။

သူမ၏ မျက်လုံးထောင့်မှနေ၍ ကြည့်လိုက်သောအခါ သူသည် အမည်းရောင် ပုဆိန်ကြီးတစ်လက်ကို ဝှေ့ယမ်းကာ အန္တရာယ်ကြီးမားလှသော အမည်းရောင်အလင်းတန်းကို အားကုန်လွှဲရိုက်၍ ဖယ်ရှားပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါမှသာ အခင်းဖြစ်ပွားရာနေရာရှိ လူအားလုံးမှာ ၎င်း၏ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော အမည်းရောင် သံမှိုပုံစံ မှော်လက်နက်တစ်ခု ဖြစ်နေပေသည် အမည်းရောင်အလင်းတန်း လေးခုဟူသည်မှာ အကြီးတစ်ခုနှင့် အသေးသုံးခုပါဝင်သော အမည်းရောင်သံမှို မှော်လက်နက် လေးခုပင်။ ၎င်းမှာ ကျင့်ကြံခြင်းလောကတွင် တွေ့ရခဲလှသည့် သားအမိမှော်လက်နက် အစုံလိုက်မျိုး ဖြစ်နေသည်။

စီစဉ်ထားသည့်အတိုင်း တိုက်ခိုက်ပြီးနောက်တွင်မူ အမည်းရောင်အလင်းမှာ စွမ်းအင်ကုန်ခမ်းသွားပုံရသည်။ ၎င်းသည် ရှူးကနဲ အသံနှင့်အတူ နောက်ကွယ်ရှိ ထူထပ်လှသော တောအုပ်ဆီသို့ ပျံသန်းသွားပြီး ပိုင်ရှင်ဖြစ်သူ၏ ဘေးသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"အို..."

အံ့ဩသွားသည့် အသံတစ်ခုမှာ တောအုပ်အတွင်းမှ ထွက်ပေါ်လာသည်။

ထို့နောက် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော သာမန်ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ပုံစံမှာ ယခင်က တွေ့ခဲ့ရသည့် ပါးပြင်ပေါ်တွင် ကင်းမြီးကောက်တက်တူးနှင့် မိစ္ဆာကျင့်ကြံသူထက် များစွာ ပို၍ အပြစ်ကင်းစင်ပုံ ပေါက်နေသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် တုရှန်းနှင့် အခြားသူများမှာ မျက်နှာပျက်သွားကြရသည်။

"ချီစွမ်းအား သတ္တမအဆင့်လား"

တုရှန်းက ထိုမိစ္ဆာကျင့်ကြံသူကို ကြည့်ကာ မသေချာသကဲ့သို့ ပြောလိုက်သည်။

ချီစွမ်းအား သတ္တမအဆင့်ဆိုသည်မှာ သူ၏အဆင့်ထက် တစ်ဆင့်သာ မြင့်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ခွန်အားကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။ တစ်ဦးမှာ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ဦးမှာမူ ချီစွမ်းအား အလယ်အလတ်အဆင့်၌သာ ရှိနေသေးသည်။

အလယ်အလတ်အဆင့် ကျင့်ကြံသူများသည် ခန္ဓာကိုယ်အတွင်းရှိ အကြောအခြင်အများစုကိုသာ ဆက်သွယ်ထားနိုင်ကြသေးသည်။ သို့သော် နောက်ဆုံးအဆင့် ကျင့်ကြံသူများမှာမူ တန်းထျန်းအလယ်ဗဟိုတွင် ချီစွမ်းအား ဝဲဂယက်တစ်ခုကို တည်ဆောက်နိုင်ပြီဖြစ်ရာ သူတို့၏ စုစုပေါင်း ချီစွမ်းအားမှာ အလယ်အလတ်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။

"သူ့ကို မကြောက်ကြနဲ့။ သူက လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ခုနက တိုက်ကွက်က သူ့ရဲ့ ချီစွမ်းအားတွေကို တော်တော်လေး ကုန်ခမ်းသွားစေမှာ သေချာတယ်။ ငါတို့ လူအများကြီးရှိတာပဲ ပြန်တိုက်လို့ရတယ်"

ကျန်းကျီချန်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ရန်ဟိုင်ရင်း၏ အလောင်းကို ကြည့်ကာ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ဝေဖန်ထွက်ပေါ်နေတော့သည်။

ထို့ပြင် ယို့ချင်းယီ၏ မျက်ဝန်းများမှာလည်း နီမြန်းနေပြီး မီးခိုးရောင် အဆောင်စက္ကူကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တိုက်ပွဲအတွက် အသင့်ပြင်ထားသည်။

"အဲ့လိုလား"

မိစ္ဆာကျင့်ကြံသူက လှောင်ပြုံးပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဘုန်း….

ဝါကျင်ကျင် ပုံရိပ်တစ်ခု မြေပြင်အောက်မှ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကျန်းကျီချန်း၏ ဘေးသို့ ရောက်ရှိသွားတော့သည်။ အေးစက်သော အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည့် ထက်မြက်လှသော အမည်းရောင် လက်သည်းနှစ်ဖက်ဖြင့် သူ၏ ကာကွယ်ရေးအလင်းဒိုင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

အချိန်အနည်းငယ် ကြာမြင့်သွားပြီဖြစ်ရာ အလင်းဒိုင်းမှာ သိသိသာသာ ပါးလွှာနေပြီ ဖြစ်သည်။ ကျန်းကျီချန်း၏ ထိတ်လန့်သွားမှုနှင့် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုတို့ကြောင့် အလင်းဒိုင်းမှာ ပိုမိုအားနည်းသွားရပြီး အမည်းရောင်လက်သည်းများမှာ တိုက်ရိုက်ပင် ဖောက်ထွက်သွားတော့သည်။

ဖတ်

ထို့နောက် ထိုအမည်းရောင်လက်သည်းများသည် သူ၏ ဘယ်ဘက်ရင်အုံကို တို့ဟူးတုံးကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ ထိုးခွဲလိုက်သည်။ ထို့နောက် သွေးရဲရဲသံရဲရဲနှင့် တုန်ခါနေဆဲဖြစ်သော နှလုံးသားတစ်လုံးကို ဆွဲထုတ်ယူလိုက်လေတော့သည်။

All Chapters