အခန်း (၃၁၉-၃၂၀)
Vol. 32 Ch. 319-320
အခန်း။ ၃၁၉
အမည်းရောင် လက်သည်းပိုင်ရှင်မှာ မတ်တတ်ရပ် လမ်းလျှောက်နိုင်သော ဧရာမ ကြွက်နက်ကြီးတစ်ကောင် ဖြစ်နေသည်။
၎င်းသည် အရပ်ရှစ်ပေခန့် မြင့်မားပြီး တိုတောင်းတောင့်တင်းသော ခြေလက်အစုံရှိကာ သတ္တုရောင် တဖျတ်ဖျတ် တောက်ပနေသည့် ထက်မြက်သော လက်သည်းနက်ကြီးများ ရှိသည်။ ထွက်ပြူးနေသော ရင်ဘတ်ကြွက်သားများနှင့် သွေးရောင်လွှမ်းသော မျက်ဝန်းအစုံမှာ တစ်ဖက်လူကို ဝါးမြိုတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းလှသည်။
"မင်း... အွတ်"
ကျန်းကျီချန်းသည် မျှော်လင့်ချက်မဲ့စွာ ညည်းတွားရင်း သွေးများအန်ကာ လဲကျသွားတော့သည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ နောက်ထပ် အဖွဲ့ဝင်တစ်ဦး ထပ်မံ အသက်ဆုံးရှုံးခဲ့ရပြန်ပြီ ဖြစ်သည်။
"ဝိညာဉ်သားရဲရဲ့ မြေလျှိုးအတတ်လား"
တုရှန်း၏ မျက်နှာပေးမှာ အလွန်ပင် ခက်ထန်နေသည်။ မြေလျှိုးနိုင်သော ဝိညာဉ်သားရဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို သူ မသိရှိခဲ့သည်မဟုတ်။ သို့သော် ၎င်း၏အဆင့်မှာ ချီစွမ်းအား အလယ်အလတ်အဆင့်မျှသာ ရှိလိမ့်မည်ဟု ယူဆကာ လုံးဝ လျစ်လျူရှုခဲ့မိခြင်းပင်။ အကယ်၍ တုရှန်းသည် မြေအောက်အန္တရာယ်ကို သတိထားမိခဲ့လျှင်ပင် ဤမျှအထိ သေချာစွာ ပြင်ဆင်ထားသော ခြုံခိုတိုက်ခိုက်မှုကို တားဆီးနိုင်ရန်မှာ ခဲယဉ်းလှသည်။
"ဟီးဟီး... မင်းတို့ သတိမထားမိအောင်လို့ ငါ့ရဲ့ ဝိညာဉ်သားရဲကို ဆယ်ပေအနက်အထိ မြေအောက်မှာ လှိုဏ်ခေါင်းတူးခိုင်းပြီး မှော်လက်နက်တွေကို အဲ့ဒီမှာ မြှုပ်ထားခဲ့တာ။ မင်းတို့ ရောက်လာတဲ့ အချိန်ကျမှ အချိန်ကိုက် ဖော်ထုတ်လိုက်တာဆိုတော့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးတွေတောင် သတိထားမိဖို့ ခဲယဉ်းလိမ့်မယ်"
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် "အထူးသဖြင့် မင်းလို ကိုယ်ခံပညာရှင်တစ်ယောက်ပေါ့။ မင်းရဲ့ ဝိညာဉ်အာရုံက ဘယ်လောက်ပဲ ထူးခြားနေပါစေဦး။ ဆယ်ပေအနက် မြေအောက်က ခြုံခိုတိုက်ခိုက်မှုကို ဘယ်လိုလုပ် ရှာဖွေတွေ့ရှိနိုင်မှာလဲ"
လုံယီ၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ယခင်က သေဆုံးသွားသော မိစ္ဆာကျင့်ကြံသူမှာ ဤလူ ထုတ်လွှတ်ထားသော ငါးစာမျှသာ ဖြစ်ကြောင်း သူ အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ သူနှင့် သူ၏ အပေါင်းအသင်းများ၏ တိုက်ခိုက်ရေး နည်းဗျူဟာများကို လေ့လာစောင့်ကြည့်ရန်ပင်။
ယခုအခါ ပေါ်ထွက်လာရဲသည်မှာ သူတို့အဖွဲ့၏ အစွမ်းအစကို အပြည့်အဝ နားလည်သွားပြီဟု ယူဆကာ အနိုင်ဖဲကို လက်ဝယ်ပိုင်ဆိုင်ထားပြီဟု ယုံကြည်နေခြင်းကြောင့်ပင်။
ရန်ဟိုင်ရင်းသည် မြေဓာတ်ကျင့်ကြံသူဖြစ်ပြီး မြေလျှိုးဝိညာဉ်သားရဲကို တန်ပြန်နိုင်သည့် နည်းလမ်းများ ရှိနေနိုင်သဖြင့် သူမကို ပထမဆုံး သတ်ဖြတ်ခဲ့ခြင်းပင်။ တကယ်ကို ပါးနပ်လွန်းပြီး သတိကြီးလွန်းသည့် နည်းဗျူဟာရှင်တစ်ဦးပင်။ ကျင့်ကြံခြင်းလောက၏ တိုက်ပွဲများမှာ မည်မျှအထိ ရက်စက်ကြမ်းကြုတ်လှသည်ကို လုံယီ ပိုမို၍ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့သည်။
ထိုခဏ၌ပင် တုရှန်းက စတင်လှုပ်ရှားလိုက်သည်။
ရှူး
သူ၏ လက်မောင်းအတွင်းမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဝေးရှိ မိစ္ဆာကျင့်ကြံသူထံသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
မိစ္ဆာကျင့်ကြံသူသည် အစွမ်းထက်လှသော ပျံလွှားဓားတိုက်ကွက်ကို ပေါ့ဆ၍မရမှန်း သိသဖြင့် အမည်းရောင်သံမှိုကို ထိန်းချုပ်ကာ ခုခံလိုက်သည်။
ဘုန်း….
နှစ်ခုစလုံး ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြပြီး လေထုထဲတွင် ဟိန်းထွက်သွားသော ပေါက်ကွဲသံကြီးနှင့်အတူ အနီရောင်နှင့် အမည်းရောင် အလင်းကွင်းများ ရောယှက်သွားကာ ဖြူဖွေးသော လေလှိုင်းများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
“အွတ်”
တုရှန်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ ခုနက ထိပ်တိုက်ရင်ဆိုင်မှုတွင် သူသည် လုံးဝ အသာစီးမရခဲ့သည်မှာ ထင်ရှားလှသည်။ သို့သော် သူ၏မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အမူအရာများ ရှိနေဆဲဖြစ်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ယုတ်မာတဲ့ မိစ္ဆာကောင် ဂျူနီယာညီလေးလုံ၊ ဂျူနီယာညီမလေးယို့... ငါတို့အားလုံး စုပေါင်းပြီး ကျင့်ကြံဖော်ရန်နဲ့ တခြားသူတွေအတွက် ကရင်စားချေကြရအောင်”
သူသည် အဆောင်စက္ကူတစ်ရွက်ကို လေထဲသို့ ထပ်မံပစ်လွှတ်လိုက်ရာ ကြီးမားသော မီးခိုးရောင် ချီမြားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားတော့သည်။ ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူက လက်ကိုမြှောက်ကာ မှော်လက်နက်ဖြင့် ခုခံလိုက်ရင်း ဘေးသို့ အမြန်ရှောင်တိမ်းလိုက်သည်။
သို့သော် ထိုခဏ၌ပင် မိစ္ဆာကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်ပေါက်လာတော့သည်။ အကြောင်းမှာ ပြင်းထန်သော ကြွေးကြော်သံများ ပြုလုပ်ခဲ့ပြီးနောက် တုရှန်းသည် သူ၏ ရဲဘော်ရဲဘက်များကို မဆိုင်းမတွပင် ပစ်ပယ်ထားခဲ့ကာ နောက်သို့လှည့်၍ အသည်းအသန် ထွက်ပြေးသွားခြင်းကြောင့်ပင်။
မိစ္ဆာကျင့်ကြံသူကို ယှဉ်နိုင်စွမ်းမရှိမှန်း သိလိုက်သည်နှင့် သူသည် ထွက်ပြေးရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ခြင်းပင်။ တုရှန်းသည် သူ၏ခြေထောက်နှစ်ဖက်လုံးတွင် စိမ်းဖန့်ဖန့် နတ်မင်းခြေလှမ်းအဆောင်များကို ကပ်လိုက်ရာ သူ၏အရှိန်မှာ သိသိသာသာ မြန်ဆန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
“မင်း ပြေးနိုင်ပါ့မလား”
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏အကြည့်ကို လုံယီနှင့် ယို့ချင်းယီတို့ထံသို့ လွှဲပြောင်းလိုက်သည်။
တုရှန်း၏ ရည်ရွယ်ချက်မှာ လုံယီနှင့် ယို့ချင်းယီတို့ကို အသုံးချ၍ အချိန်ဆွဲခိုင်းပြီး သူကိုယ်တိုင် အသက်ရှင်လွတ်မြောက်ရန် အခွင့်အရေးရှာခြင်းဖြစ်သည်ကို သူ ကောင်းကောင်းနားလည်သည်။ ရှက်ဖွယ်ကောင်းလှသော်လည်း ထိရောက်သော နည်းလမ်းပင်။
ဒါပေမဲ့ ဒီလို အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေးတွေက သူ့ကို ဘယ်လောက်တောင် ကြာကြာ တားဆီးထားနိုင်မှာလဲ။
နေဦး…
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူမှာ ထိတ်လန့်ဒေါသထွက်စွာဖြင့် ကြည့်နေမိသည်။ လုံယီသည် ယို့ချင်းယီကို လျင်မြန်စွာ ပွေ့ချီလိုက်ပြီး သူ၏ ပုခုံးပေါ်သို့ ထမ်းတင်လိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။
မြေပြင်ကို အားပြင်းစွာ နင်းခြေလိုက်သဖြင့် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီးနောက် လုံယီ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုပမာ အဝေးသို့ လွင့်ပျံထွက်သွားတော့သည်။ သူ၏အရှိန်မှာ ထွက်ပြေးနှင့်ပြီးသော တုရှန်းထက်ပင် သာလွန်နေသေးသည်။
"ဘယ်ကို ပြေးနိုင်မှာလဲ"
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူက ဒေါသတကြီး ဟိန်းဟောက်ကာ နောက်မှနေ၍ အသည်းအသန် လိုက်လံတိုက်ခိုက်တော့သည်။
ဒီဂိုဏ်းကြီးကလူတွေက ဘာလို့ ဒီလောက်တောင် ပါးနပ်နေကြတာလဲ။
ရှူး…
မိစ္ဆာကျင့်ကြံသူ ထိန်းချုပ်လိုက်သော အမည်းရောင်သံမှိုမှာ လုံယီ၏ ကျောပြင်ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်။
လုံယီမှာမူ ကျောဘက်တွင် မျက်စိပါသကဲ့သို့ပင် ပုဆိန်ကို ဝှေ့ယမ်းကာ အမည်းရောင်သံမှိုကို တိကျစွာ ရိုက်ထုတ်လိုက်သည်။ သို့သော် သူ၏ မျက်မှောင်မှာ ကြုတ်သွားရသည်။ ဥက္ကာခဲသံဖြင့် သွန်းလုပ်ထားသော သူ၏ပုဆိန်မှာ ယခုအခါ ထောင့်တစ်ခု ပဲ့ထွက်သွားပြီ ဖြစ်သည်။
ချီစွမ်းအားကျင့်ကြံခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ဦး အသုံးပြုသော မှော်လက်နက်မှာ အမှန်တကယ်ပင် ထူးခြားလှပြီး ဥက္ကာခဲသံကိုပင် ပျက်စီးစေနိုင်စွမ်း ရှိသည်။
လုံယီ နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ပြေးရခြင်းမှာ ပြိုင်ဘက်သည် အချိန်အတော်ကြာကတည်းက စနစ်တကျ ကြံစည်ထားခြင်းဖြစ်ပြီး အခြေအနေအရ သူတို့မှာ အဆင်သင့်မဖြစ်ဘဲ အသာစီးရနေသူမှာ မိစ္ဆာကျင့်ကြံသူ ဖြစ်နေခြင်းကြောင့်ပင်။ ထို့ပြင် ပြိုင်ဘက်မှာ နောက်ဆုံးအဆင့် ကျင့်ကြံသူလည်း ဖြစ်နေသဖြင့် ဤကဲ့သို့သော အခြေအနေဆိုးထဲသို့ သူ ဇွတ်တိုးဝင်ရန် မလိုအပ်ပေ။
"မင်း လွတ်အောင် မပြေးနိုင်ပါဘူး"
မိစ္ဆာကျင့်ကြံသူ၏ ယုတ်မာလှသော အသံမှာ နောက်ဘက်မှ ဝေဝါးစွာ ထွက်ပေါ်လာသည်။
အထက်ကောင်းကင်တွင်လည်း အမည်းရောင်သံမှို မှော်လက်နက် အချို့မှာ အချိန်မရွေး ထိုးနှက်ရန် အသင့်ဖြစ်နေသည့် နတ်ဘုရားဓားအလား သူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေသည်။
ပြေးလို့ မလွတ်နိုင်တော့ဘူး။
ခဏမျှ ပြေးလွှားပြီးနောက် လုံယီမှာ အခြေအနေကို သုံးသပ်မိကာ ခြေလှမ်းများကို ရပ်တန့်
လိုက်ပြီး ယို့ချင်းယီကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။ ထို့နောက် သူမကို ပြောလိုက်သည် "နင် အရင်သွားနှင့်... ငါ သူ့ကို တားထားလိုက်မယ်"
သူမ ဘေးနားတွင် ရှိနေခြင်းမှာ လုံယီအတွက် လှုပ်ရှားရ ခက်ခဲစေရုံသာမက သူ၏ ဝှက်ဖဲအချို့ကိုလည်း လူအများကြီး မြင်တွေ့သွားမည်ကို သူ မလိုလားပေ။
လုံယီ၏ ပုခုံးပေါ်တွင် ထမ်းပိုးခံခဲ့ရသော ယို့ချင်းယီမှာ မူးဝေနောက်ကျိနေခဲ့ပြီ ဖြစ်သည်။
လုံယီ၏ "နင် အရင်သွားနှင့်" ဟူသော စကားကို ကြားလိုက်ရချိန်တွင် သူမမှာ မှင်တက်သွားပြီး သူ့ကို စူးစိုက်ကြည့်လိုက်မိသည်။
ထိုခဏ၌ သစ်ရွက်များကြားမှ ဖြာကျလာသော နေရောင်ခြည် အစအနများသည် လုံယီ၏ အပေါ်သို့ ကျရောက်နေသည်။ ၎င်းက သူ့ကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့်အလား ထင်မှတ်ရစေပြီး ထူးခြားသော မြင့်မြတ်မှုအရှိန်အဝါတစ်ခုကို ပေးစွမ်းနေတော့သည်။
သူက ငါ့အတွက်နဲ့ သူ့အသက်ကို ရင်းနေတာပဲ။
ယို့ချင်းယီမှာ တုန်လှုပ်သွားရပြီး သူမ၏ ရင်ထဲတွင် မကြုံစဖူးသော ခံစားချက်တစ်ခု ပြင်းထန်စွာ တိုးဝှေ့လာခဲ့သည်။
သူမအပေါ် အမြဲအေးစက်ခဲ့သော မိသားစု၊ အချင်းချင်း တိုက်ခိုက်နေကြသည့် အကြံအစည်များ၊ တင်းကျပ်လှသော ဖခင်နှင့် မိသားစုဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ပုခုံးပေါ်ရှိ လေးလံလှသော ဝန်ထုပ်ဝန်ပိုးများ...
ထိုအရာအားလုံးသည် လုံယီ၏ "နင် အရင်သွားနှင့်" ဟူသော စကားတစ်ခွန်းအောက်တွင် အရေးမပါတော့သကဲ့သို့ ဖြစ်သွားရသည်။
"မြန်မြန်သွားတော့"
လုံယီက စိတ်မရှည်စွာ ပြောလိုက်သည်။
ပုံမှန်ဆိုရင် အရမ်းပါးနပ်တဲ့ ယို့ချင်းယီက အခုမှ ဘာလို့ ဒီလောက် တွေဝေနှောင့်နှေးနေရတာလဲ။
သို့သော် သူက စိတ်မရှည်လေလေ ယို့ချင်းယီမှာ ပို၍ ငိုချင်လာလေလေ ဖြစ်ရသည်။
"ငါ နင့်နားမှာပဲ နေမယ်..."
"မရဘူး အဲ့ဒါ သေတွင်းထဲ ဆင်းတာပဲ"
လုံယီက ပြတ်သားစွာ ဟန့်တားလိုက်သည်။
"အခုချက်ချင်း သွားတော့"
ယို့ချင်းယီ၏ မျက်ဝန်းများ နီမြန်းလာသည်။ သူမသည် ငိုချင်စိတ်ကို အောင့်အည်းလိုက်ပြီး လုံယီ၏ပုံရိပ်ကို မှတ်ဉာဏ်ထဲတွင် ထာဝရစွဲထင်ကျန်ရစ်စေရန် တစ်ဝကြီး စိုက်ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ ထွက်ပြေးသွားတော့သည်။
"မင်း ထွက်ပြေးချင်တာလား"
မိစ္ဆာကျင့်ကြံသူ၏ လှောင်ပြောင်သံက တောအုပ်အတွင်း ဟိန်းထွက်သွားသည်။
ဧရာမကြွက်မိစ္ဆာကြီးသည် ယို့ချင်းယီ၏ ရှေ့ရှိ မြေပြင်ပေါ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မြေစာများကို လွင့်စင်သွားစေသည်။ ၎င်းသည် လက်သည်းများကို ဝှေ့ယမ်းကာ သူမကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ခိုင်မာလှသော အဖြူရောင် လေဆင်နှာမောင်းတိုင်ကြီးတစ်ခုက အဝေးမှနေ၍ ၎င်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သဖြင့် ကြွက်မိစ္ဆာကြီးမှာ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရသည်။
"ဝူး..."
ကြွက်မိစ္ဆာကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ တိရစ္ဆာန်ဗီဇများမှာ ပေါက်ကွဲထွက်လာတော့သည်။ ၎င်းသည် ယို့ချင်းယီနောက်သို့ လိုက်နေခြင်းကို စွန့်လွှတ်လိုက်ပြီး လုံယီထံသို့သာ ဦးတည်တိုက်ခိုက်တော့သည်။
သတ္တုရောင် တဖျတ်ဖျတ်တောက်ပနေသော အမည်းရောင် လက်သည်းချွန်ကြီးနှစ်ဖက်က လျှပ်စီးပမာ ပြေးဝင်လာသည်။ လုံယီမှာလည်း အလျော့မပေးဘဲ သူ၏ပုဆိန်ကြီးကို ဝှေ့ယမ်းကာ တုံ့ပြန်လိုက်သည်။
ချွင်... ချွင်... ချွင်
ဘုန်း... ဘုန်း... ဘုန်း
သူတို့၏ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် သံချင်းရိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မီးပွင့်များပင် လွင့်စင်နေတော့သည်။
"အို... မထင်မှတ်ထားဘဲ ရှားပါးတဲ့ ကိုယ်ခံပညာ အဆင့်မြင့်ဆရာကြီးတစ်ယောက် ဖြစ်နေတာလား"
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူက နောက်ဘက်မှ ပေါ်ထွက်လာသည်။
သို့သော် သူသည် လုံယီအနားသို့ ချဉ်းကပ်မလာဘဲ ဘေးကင်းသော အကွာအဝေးတစ်ခုမှသာ သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။ သူသည် ကိုယ်ခံပညာရှင်များကို အထင်သေးလေ့ရှိသော်လည်း အနီးကပ်တိုက်ပွဲများတွင် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ကောင်းကောင်းသိရှိထားသည်။ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူများမှာ ကိုယ်ခံပညာရှင်များ၏ အနီးကပ်တိုက်ခိုက်မှုကြောင့် အရေးနိမ့်သွားရသည်မှာ မဆန်းလှပေ။
အခန်း။ ၃၂၀
မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်သားရဲက လုံယီကို မဖမ်းဆီးနိုင်သေးသည်ကို မြင်သောအခါ သူ၏မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ အရိပ်အယောင် ပေါ်လာတော့သည်။
သူသည် သူ၏ မှော်လက်နက်ကို စတင်ထိန်းချုပ်လိုက်သည်။ အမည်းရောင်အလင်းတန်းများ နောက်ကွယ်မှ ပါလာသည့် သံမှိုပုံသဏ္ဌာန် မှော်လက်နက်လေးခုမှာ လေထုထဲတွင် အဆက်မပြတ် ပျံသန်းနေပြီး လုံယီ၏ ခန္ဓာကိုယ်ဆီသို့ ပစ်မှတ်ထားနေတော့သည်။
ဒေါင်... ဒေါင်... ဒေါင်... ဒေါင်
သံမှိုပုံသဏ္ဌာန် မှော်လက်နက်များ၏ တိုက်ခိုက်မှုတိုင်းကို လုံယီက တိကျစွာ ဟန့်တားကာ ရိုက်ထုတ်ပစ်လိုက်သည်။ လုံယီ၏ ခံနိုင်ရည်စွမ်းမှာ မိစ္ဆာကျင့်ကြံသူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသည်။ ကြွက်မိစ္ဆာကြီးနှင့် မှော်လက်နက်လေးခု၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း သူ၏ ခုခံမှုမှာ ဟာကွက်မရှိဘဲ စနစ်တကျ ရှိလှသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မိစ္ဆာကျင့်ကြံသူက ဒေါသထွက်စွာ တွေးတောနေမိသည်။ သာမန်လက်နက်တစ်ခုကို အသုံးပြုပြီး မှော်လက်နက်များကို တားဆီးနိုင်သူမျိုး သူ တစ်ခါမျှ မတွေ့ဖူးချေ။
မှော်လက်နက်များ၏ အရှိန်မှာ သာမန်မြားများထက် များစွာ မြန်ဆန်လှပြီး သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းသော အကန့်အသတ်ကိုပင် ကျော်လွန်နေသည်။ လက်နက်တစ်ခုဖြင့် မှော်လက်နက်ကို ကြားဖြတ်တားဆီးခြင်းမှာ ကျည်ဆန်ကို လက်ဗလာဖြင့် ဖမ်းခြင်းနှင့် မခြားပေ။
သို့သော် လုံယီ၏ ခန္ဓာကိုယ်မှာ သာမန်ကိုယ်ခံပညာရှင်တစ်ဦး၏ အကန့်အသတ်ထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။ သူ၏ အမြင်အာရုံ၊ အကြားအာရုံ၊ အရသာခံစားမှု၊ အထိအတွေ့နှင့် အာရုံကြောတုံ့ပြန်မှု အရှိန်တို့မှာ သာမန်လူတို့ စိတ်ကူး၍မရသော နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စူးရှထက်မြက်သော အာရုံငါးပါးနှင့် အားကောင်းလှသော ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းဆောင်ရည်မှာ လုံယီ၏ ယခင်ဘဝက ကာတွန်းများထဲမှ ဇီဝကမ္မလူသားတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
မိစ္ဆာကျင့်ကြံသူသည် အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း မအောင်မြင်သဖြင့် စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်လာသည်။ မှော်လက်နက်ကို အချိန်အတော်ကြာ ထိန်းချုပ်နေရသဖြင့် ခေါင်းကိုက်သလို ခံစားလာရပြီး သူ၏ သတ်ဖြတ်လိုစိတ်မှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
သူ၏မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာပြီးနောက် ပျစ်ခဲလှသော အနီရောင်အဆီအနှစ်သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရာ ၎င်းမှာ အမည်းရောင်သံမှို မှော်လက်နက်ပေါ်သို့ ကျရောက်သွားတော့သည်။ ထိုသွေးကို အန်ထုတ်ပြီးနောက်တွင်မူ သူ၏ ထူးကဲချီမှာ ပြင်းထန်စွာ ထိခိုက်သွားသကဲ့သို့ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
သို့သော်လည်း အမည်းရောင်သံမှို မှော်လက်နက်မှာမူ ပိုမိုတောက်ပလာခဲ့သည်။ အမည်းရောင်သံမှိုလေးခုမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး အမည်းရောင်နှင့် ခရမ်းရောင် ရောယှက်နေသော သံမှိုပုံသဏ္ဌာန် မှော်လက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုမှော်လက်နက်၏ ပတ်လည်တွင် မီးခိုးရောင် မြူခိုးများ လွင့်ပျံလာပြီး ၎င်းအထဲတွင် တစ်စုံတစ်ခုမှာ အစဉ်မပြတ် လှုပ်ရှားနေသကဲ့သို့ပင်။
ထို့နောက် မြူခိုးများထဲမှနေ၍ ရက်စက်ကြမ်းကြုတ်သော ဦးခေါင်းပုံသဏ္ဌာန်များမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ တစ်ချိန်တည်းမှာပင် လေထုထဲ၌ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံများ၊ သေဆုံးသူများ၏ ညည်းတွားသံများ၊ ကြောက်မက်ဖွယ်ကောင်းသော ငိုရှိုက်သံများ၊ ရူးသွပ်သော ရယ်မောသံများနှင့် အဆိပ်အတောက်ဖြစ်စေသော ကျိန်စာတိုက်သံများဖြင့် ပြည့်နှက်သွားတော့သည်။
အမည်းရောင်နှင့် ခရမ်းရောင် ရောယှက်နေသော မှော်လက်နက်မှာ ဥက္ကာခဲတစ်ခုအလား ပိုမိုမြန်ဆန်သော အရှိန်ဖြင့် လုံယီ၏ အနီးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းပတ်လည်ရှိ ဆန်းကြယ်သော မီးခိုးရောင်မြူခိုးများ၏ သက်ရောက်မှုကြောင့် လုံယီ၏ မျက်ဝန်းများမှာ ခေတ္တမျှ ဝေဝါးသွားရသည်။ သူ၏ လက်ထဲမှ ပုဆိန်ကို ဝှေ့ယမ်းသည့် လှုပ်ရှားမှုမှာလည်း သိသိသာသာ နှေးကွေးသွားပြီး ထိခိုက်မှုရှိနေသည်မှာ ထင်ရှားလှသည်။
ပညာရှင်အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမှာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ကျသွားလေ့ရှိသည်။
အမည်းရောင် သံမှိုပုံသဏ္ဌာန် မှော်လက်နက်သည် အခွင့်ကောင်းကို လက်လွတ်မခံဘဲ လုံယီ၏ ပုဆိန်ကို ကျော်ဖြတ်ကာ သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။
“သေစမ်း”
ဝတ်ရုံနက်နှင့် မိစ္ဆာကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ရူးသွပ်သော သွေးဆာမှုများ အရိပ်ထင်လာသည်။
လုံယီ၏ ခန္ဓာကိုယ်ကို အမည်းရောင်သံမှိုက ဖောက်ထွက်သွားပြီး ခြေလက်များ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်ကာ သွေးများအားလုံး ခမ်းခြောက်သွားမည့် မြင်ကွင်းကို သူ ကြိုတင်မြင်ယောင်နေသကဲ့သို့ပင်။ သို့သော် နောက်တစ်ခဏ၌ သူ၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
“မဖြစ်နိုင်တာ”
သူသည် မယုံကြည်နိုင်လောက်သော အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
လွန်ခဲ့သော ခဏချင်းအတွင်း၌ပင် လုံယီသည် အမည်းရောင်သံမှိုနှင့် ရင်ဆိုင်ခဲ့ရသည်။ မှော်လက်နက်ကို ဝန်းရံထားသော မီးခိုးရောင်မြူခိုးများက သူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေပြီး သူ၏ အသိစိတ်များကို တဖြည်းဖြည်း ဝေဝါးပျက်စီးစေခဲ့သည်။ သို့သော် သူ၏ စိတ်အာရုံထဲ၌မူ မြင့်မြတ်လှသော ဧရာမလင်းယုန်ကြီးမှာ အမွှေးအမျှင်များ ထောင်ထလာပြီး မျက်ဝန်းထဲတွင် မကြုံစဖူးသော ဒေါသများ ပြည့်နှက်လာခဲ့ပြီ ဖြစ်သည်။
စီးးးးးးး
စူးရှလှသော အော်ဟစ်သံနှင့်အတူ လုံယီ၏ အသိစိတ်များမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည် နိုးကြားလာခဲ့သည်။ သို့သော် အမည်းရောင်သံမှိုမှာ ပုဆိန်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ဘတ်ပေါ်ရှိ အရေပြားမှာ သံမှိုဦး၏ အေးစက်မှုကိုပင် ခံစားနေရပြီဖြစ်ရာ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်သေးသော်လည်း စူးရှသော နာကျင်မှုမှာ ရူးသွပ်ချင်စရာပင်။
ရှောင်တိမ်းရန် အချိန် လုံးဝမရှိတော့သော်လည်း လုံယီ၏ စိတ်အစဉ်မှာမူ တည်ငြိမ်နေဆဲပင်။
“အနက်ရောင် အရေပြား"
အရေပြားသန့်စင်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို လှုံ့ဆော်ကာ ကြွက်သားအားလုံးကို ချက်ချင်း တင်းကျပ်လိုက်သည်။ ကြွက်သားများ၏ ကျစ်လျစ်မှုနှင့် ခိုင်ခံ့မှုမှာ သိသိသာသာ မြင့်တက်လာပြီး အရေပြားအရောင်မှာ သတ္တုရောင် လွှမ်းသော မီးခိုးနက်ရောင်သို့ ပြောင်းလဲသွားတော့သည်။ ဤအပြောင်းအလဲတစ်ခုတည်းနှင့်ပင် သာမန်သံမဏိများမှာ သူ၏ ခုခံမှုကို မဖောက်ထွင်းနိုင်တော့ချေ။
“ကျောက်သားအသွင်ပြောင်းခြင်း"
အသစ်တိုးတက်လာသော မီးခိုးနက်ရောင် ရင်ဘတ်အရေပြားမှာ ချက်ချင်းပင် ရွှေရောင်သန်းသော မီးခိုးရောင် ကျောက်သားအသွင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ကျောက်သားအသွင်ပြောင်းခြင်း၏ စတုတ္ထအဆင့်ဖြစ်ပြီး ၎င်း၏ မာကျောမှုမှာ လုံယီကိုယ်တိုင်ပင် စိတ်ကူးမယဉ်နိုင်လောက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခင်က တတိယအဆင့် အသွင်ပြောင်းမှုမှာပင် ဥက္ကာခဲသံဖြင့် ပြုလုပ်ထားသော လက်နက်များကိုပင် တားဆီးနိုင်ခဲ့သည်။
ဤမျှနှင့် မရပ်တန့်သေးဘဲ သူသည် တတိယမြောက် ကာကွယ်ရေးအဆင့်ကိုပါ ထပ်မံ အသုံးပြုလိုက်သည်။
“ရွှေရောင်ချပ်ဝတ်"
ဝူကျူးနယ်မြေရှိ အင်းဆက်များထံမှ ရရှိထားသော စွမ်းရည်သစ်ကြောင့် လုံယီ၏ ရင်ဘတ်ပေါ်တွင် ထူထဲလှသော ရွှေရောင်အလွှာတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
နောက်ဆုံးတွင် စတုတ္ထမြောက် အပြောင်းအလဲ ရှိနေသေးသည်။
အဝါရောင်အထွတ်အထိပ် အသက်ရှူကျင့်စဉ်ကို ခန္ဓာကိုယ်အတွင်း၌ အပြင်းအထန် လှည့်ပတ်လိုက်ပြီးနောက် စစ်မှန်သော ခွန်အားများကို သူ၏ ရင်ဘတ်ဆီသို့ ချက်ချင်း စုစည်းလိုက်သည်။ ရွှေရောင်အလွှာ၏ အပေါ်တွင် နီရဲသော ချီအမြှေးပါးအလွှာတစ်ခုကိုပါ ထပ်မံ ထည့်သွင်းလိုက်တော့သည်။
စစ်မှန်သောခွန်အားကို ခန္ဓာကိုယ်ပြင်ပအထိ ထုတ်လွှတ်နိုင်ခြင်းမှာ ကိုယ်ခံပညာရှင်တစ်ဦး၏ အထွတ်အထိပ် နည်းဗျူဟာပင်။
လေးထပ်ဆင့် ကာကွယ်ရေးအလွှာများက လုံယီကို မကြုံစဖူးသော လုံခြုံမှုအသိကို ပေးစွမ်းနေသည်။ ပေါက်ကွဲထွက်လုမတတ် အရှိန်ပြင်းလှသော အမည်းရောင်သံမှို မှော်လက်နက်သည် သူ၏ ခန္ဓာကိုယ်နားသို့ ချဉ်းကပ်လာချိန်တွင်ပင် သူသည် တောင်ကြီးတစ်တောင်ကဲ့သို့ တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေဆဲပင်။
လုံယီ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
အမည်းရောင်သံမှို မှော်လက်နက်၏ လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်သည် ကိုယ်ခံပညာရှင်၏ စစ်မှန်သောခွန်အားကို စတင်ဖောက်ဝင်ချိန်မှာပင် ထက်ဝက်ကျော်ခန့် လျော့ကျသွားခဲ့သည်။ ထို့နောက် ရင်ဘတ်ပေါ်ရှိ ထူထဲလှသော ရွှေရောင်အလွှာကို ထပ်မံတိုးဝင်ချိန်တွင် ၎င်း၏အရှိန်မှာ နောက်တစ်ကြိမ် ထပ်မံနှေးကွေးသွားပြန်သည်။
ကျောက်သားအသွင်ပြောင်းထားသော အရေပြားပေါ်သို့ ရောက်ရှိချိန်တွင်မူ ၎င်း၏ စွမ်းအားမှာ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။
ချွင်ဟူသော ကျယ်လောင်လှသော အသံကြီးကိုသာ ကြားလိုက်ရတော့သည်။
အမှန်တကယ်ပင် အမည်းရောင်သံမှိုမှာ လုံယီ၏ ရင်ဘတ်ပေါ်မှနေ၍ အဝေးသို့ လွင့်စင်ထွက်သွားခဲ့ရသည်။ ဖျက်ဆီး၍မရသော မဟာတောင်ကြီးတစ်တောင်ကို သွားရောက်တိုက်မိသကဲ့သို့ပင်။
"မဖြစ်နိုင်တာ"
မိစ္ဆာကျင့်ကြံသူမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
သူ၏ ကမ္ဘာအမြင်တစ်ခုလုံး ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
မှော်အတတ်လည်း မသုံးဘူး ဘယ်လို ရှားပါးချပ်ဝတ်တန်ဆာမှလည်း ဝတ်မထားဘဲနဲ့... ဒီအတိုင်း အသားအရေ သက်သက်နဲ့တင် ငါ့သွေးနဲ့ ပူဇော်ပြီး စွမ်းအားမြှင့်ထားတဲ့ မှော်
လက်နက်ကို တားရုံတင်မကဘဲ ပြန်ကန်ထွက်သွားအောင် လုပ်လိုက်တာလား။
သူ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားနေသည့် ထိုခဏကို လုံယီက အမိအရ ဆုပ်ကိုင်လိုက်သည်။
လုံယီ၏ တန်ပြန်တိုက်စစ် စတင်ပြီဖြစ်ကာ သူ၏ ခါးနှင့် ကျောပြင်မှ ခွန်အားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီး လက်ထဲရှိ ဥက္ကာခဲသံပုဆိန်ကြီးကို အားကုန်လွှဲ၍ ပစ်ပေါက်လိုက်တော့သည်။
ဝူး... ဝူး... ဝူး
ပုဆိန်ကြီးသည် လေထုကို ခွဲခြမ်း၍ အရှိန်အဟုန်ဖြင့် လည်ပတ်ပျံသန်းသွားသည်။ ၎င်းတိုးဝင်သွားသည့် လမ်းတစ်လျှောက်တွင် ဖြူဖွေးသော လေလှိုင်းများက ဘေးတစ်ဖက်တစ်ချက်မှ ဝရုန်းသုန်းကား ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဆိုးကြီးတစ်ကောင် အော်ဟစ်နေသကဲ့သို့ အသံများ မြည်ဟည်းနေတော့သည်။
မိစ္ဆာကျင့်ကြံသူသည် ပုဆိန်ကြီး၏ အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ ချီစွမ်းအားများကို အဆမတန် ထုတ်လွှတ်လိုက်ကာ ပုဆိန်၏ လမ်းကြောင်းကို ပိတ်ဆို့ရန် သူ၏ရှေ့တွင် ထူထဲလှသော မြေတံတိုင်းများကို ဆက်တိုက် ဖန်တီးလိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်းဟူသော ပြိုလဲသံကြီးများနှင့်အတူ မြေတံတိုင်းများမှာ တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ထိုအခွင့်အရေးကို အသုံးပြု၍ မိစ္ဆာကျင့်ကြံသူသည် ပုဆိန်၏ လမ်းကြောင်းနှင့် လွတ်ကင်းရာ အခြားတစ်ဖက်သို့ အမြန်ဆုံး တိမ်းရှောင်လိုက်သည်။
သို့သော် သူ အသက်ဝဝပင် ရှူခွင့်မရလိုက်သေးချေ။
ပုဆိန်ကြီးသည် မိစ္ဆာကျင့်ကြံသူ၏ ဘေးမှ ဖြတ်ကျော်သွားပြီးနောက် ရုတ်တရက် ရူပဗေဒနိယာမများကို ဆန့်ကျင်လျက် လေထဲတွင် တန့်ခနဲ ရပ်သွားပြီးနောက် ယခင်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် နောက်သို့ ပြန်လည် ဦးတည်လာတော့သည်။
မိစ္ဆာကျင့်ကြံသူမှာ ထိတ်လန့်သွားပြီး သူ၏ ခြေထောက်နှစ်ဖက်တွင် နတ်မင်းခြေလှမ်းအဆောင်နှစ်ရွက်ကို အမြန်ဆုံး ကပ်လိုက်ကာ အရှိန်မြှင့်တင်ပြီး ဥက္ကာခဲသံပုဆိန်၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်ရသည်။
သူ ကိုယ်ဟန်မပြင်နိုင်သေးမီမှာပင် ပုဆိန်ကြီးမှာ လေထဲ၌ လှပသော အကွေးအဝိုက်တစ်ခုကို ပုံဖော်လိုက်ပြီးနောက် အလိုအလျောက် ခြေရာခံစနစ် တပ်ဆင်ထားသည့်အလား သူ့ထံသို့ ထပ်မံ လိုက်လံခုတ်ပိုင်းလာပြန်သည်။
ဤတစ်ကြိမ်တွင်မူ အတင်းအဓမ္မ ရှောင်တိမ်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
မိစ္ဆာကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာပြီးနောက် သွေးတစ်လုပ်ကို ထပ်မံ အန်ထုတ်လိုက်ပြန်သည်။ ခုနက အသုံးပြုခဲ့သော အမည်းရောင်သံမှို မှော်လက်နက်ကို အမြန်ဆုံး ပြန်လည်ခေါ်ယူလိုက်ပြီး သူ့၏ ရှေ့တွင် ကာကွယ်ရန် ချထားလိုက်လေတော့သည်။
ချွင်….
အမည်းရောင်သံမှို မှော်လက်နက်သည် အလင်းတန်းများ တဖြဖြတောက်ပလာပြီး လုံယီ၏ ဥက္ကာခဲသံပုဆိန်ကို သီသီလေး ခုခံလိုက်နိုင်သည်။
“ချပ်ဝတ်ဖောက်ထွင်းခြင်း"
လုံယီ၏ တိုးညှင်းသော ရွတ်ဆိုသံနှင့်အတူ ဥက္ကာခဲသံပုဆိန်မှ အနှိုင်းမဲ့ထက်မြက်လှသော မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာကျင့်ကြံသူ၏ ဦးခေါင်းအတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ ၎င်းမှာ တစ်စုံတစ်ယောက်က သူ၏ ဦးနှောက်ကို တုတ်အကြီးကြီးဖြင့် မွှေနှောက်နေသကဲ့သို့ပင်။
“အား...”
မိစ္ဆာကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ မျက်နှာပေါ်ရှိ အပေါက်တိုင်းမှ သွေးများ ပန်းထွက်လာတော့သည်။ ဝေဝါးနေသော အမြင်အာရုံကြားမှ သူ မြင်လိုက်ရသည်မှာ လုံယီက သူ့ထံသို့ လက်နှစ်ဖက်ကို မြှောက်ကာ လက်ချောင်းများကို ဖြန့်ထားခြင်းပင်။
ရှူး... ရှူး... ရှူး
နီရဲနေသည့် စစ်မှန်သောခွန်အားအလင်းတန်း ဆယ်ခုမှာ လေဆာတန်း ဆယ်ခု တစ်ပြိုင်နက်
တည်း ပစ်ခတ်လိုက်သကဲ့သို့ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။
ဖောက်... ဖောက်... ဖောက်
မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး ချီစွမ်းအား အလွှာမှာ ပါးလွှာသော အမြှေးပါးတစ်ခုကဲ့သို့ အလွယ်တကူ ဖောက်ထွက်ခံလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ အပေါက်ပေါင်းများစွာဖြင့် ဗရပွ ဖြစ်သွားတော့သည်။ သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်
နှက်သွားပြီး ဒူးတစ်ဖက် ထောက်ကျသွားကာ ထို့နောက်တွင်မူ ဦးခေါင်းနှင့် မြေပြင်မှာ အလွန်တရာ ရင်းနှီးစွာ ထိကပ်သွားပြီးနောက် ထာဝရ တိတ်ဆိတ်သွားတော့သည်။
ချီစွမ်းအားကျင့်ကြံခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ဦး သေဆုံးသွားတော့သည်။
အလင်းတန်း ဆယ်ခုတောင် ပစ်ဖို့ မလိုလောက်ဘူး ထင်တယ်။
လုံယီက တွေးမိလိုက်သည်။ သူသည် စစ်မှန်သောခွန်အား၏ စွမ်းပကားကို အတော်လေး လျှော့တွက်မိခဲ့ကြောင်း နားလည်လိုက်ပြီ ဖြစ်သည်။
ခုနက မိစ္ဆာကျင့်ကြံသူနှင့် တိုက်ပွဲတွင် သူသည် စမ်းသပ်လိုသော စိတ်ဖြင့် အတော်လေး ထိန်းသိမ်းကာ တိုက်ခိုက်ခဲ့ခြင်းပင်။ ထိုသို့သာ မဟုတ်ပါက ချီစွမ်းအားကျင့်ကြံခြင်း နောက်ဆုံးအဆင့်၏ စွမ်းဆောင်ရည်များကို သူ အပြည့်အဝ နားလည်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ထိုမိစ္ဆာကျင့်ကြံသူ၏ ခွန်အားမှာ ဂိုဏ်းကြီးများမှ ကျင့်ကြံသူများနှင့် မယှဉ်နိုင်သဖြင့် လုံယီအတွက် အကောင်းဆုံး စမ်းသပ်ကျောက်တုံးတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ ထိုမိစ္ဆာကျင့်ကြံသူသာ လုံယီ၏ အတွေးကို သိခဲ့မည်ဆိုပါက သေသွားလျှင်ပင် မျက်စိမှိတ်နိုင်မည် မဟုတ်ချေ။
“ဘုန်း”
သူ၏ သခင် ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ ကြွက်မိစ္ဆာကြီးသည် နောက်သို့လှည့်၍ လုံယီထံသို့ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်ပြန်သည်။
“နင့်ကို ခုနက မြူဆွယ်ပြီးကစားနေတာပါ။ တကယ်ပဲ ငါ နင့်ကို မနိုင်ဘူးလို့ ထင်နေတာလား”
လုံယီက ခေါင်းယမ်းလိုက်ပြီး သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အရိုးအဆစ်များကို ချက်ချင်း လှုံ့ဆော်လိုက်ရာ သွေးစွမ်းအင်များမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး လူသားပုံသဏ္ဌာန် နေမင်းငယ်လေးတစ်စင်းအလား တောက်ပလာတော့သည်။ ပေါင်ပေါင်း ရှစ်သောင်းရှစ်ထောင်ရှိသော ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားမှာ အမှတ်တစ်ခုတည်း၌ စုစည်းသွားပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်း….
ကြွက်မိစ္ဆာကြီး၏ တိုတောင်းသော လက်မောင်းနှစ်ဖက်မှာ ချက်ချင်း ကျိုးပဲ့သွားပြီးနောက် မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် ၎င်း၏ ရင်ဘတ်မှာ ရွှေရောင်လူသားလက်တစ်ဖက်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ လက်ချောင်းများကြားမှ သွေးများစွာ စီးကျလာတော့သည်။ ထိုလက်က တစ်ဖန် ပြန်လည် ခါယမ်းလိုက်သောအခါ ကြွက်မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲထွက်သွားပြီး မြေပြင်ပေါ်၌ အသားနုပ်နုပ်စင်းများအဖြစ် ပြန့်ကျဲသွားတော့သည်။
“နင်သာ ထွက်ပြေးခဲ့ရင် ငါ တကယ်ပဲ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
လုံယီက ခေါင်းခါရင်း ပြောလိုက်သည်။
“တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ အသိဉာဏ်မဲ့ပြီး မိုက်မဲလွန်းတယ်”
ကြွက်မိစ္ဆာကြီးသည် မြေလျှိုးအတတ်ဖြင့် လွတ်အောင် ပြေးနိုင်သော်လည်း ၎င်း၏သခင်
အပေါ် သစ္စာရှိစွာ ကာကွယ်လိုသည့် စိတ်ကြောင့် လုံယီကို အသေတိုက်ရန် ရွေးချယ်ခဲ့ခြင်းပင်။ ၎င်းနှင့် ၎င်း၏သခင်တို့ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက်တွင်မူ စွမ်းရည်ပြမျက်နှာပြင်ပေါ်၌ အကြောင်းကြားချက် နှစ်ခု ဆက်တိုက် ခုန်တက်လာတော့သည်။
လုံယီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သူ အသစ်ရရှိလိုက်သော ဆုလာဘ်များကို စတင်လေ့လာတော့သည်။