← Chapters

တရားမဲ့

Vol. 10 Ch. 912

တရားမဲ့

Vol. 10 Ch. 912

ဆန်းလျန်က လက်တစ်ဖက်ကို ခပ်ဖြည်းဖြည်းပင် အသာ ပင့်မြှောက်လိုက်လေသည်။ ထို့နောက် ပြန်ချလိုက်လေ၏။

နတ်ဘုရားများအားလုံးက ကြောက်ရွံ့တုန်လှုပ်နေကြပြီး ဆန်းလျန် အဘယ့်ကြောင့် ထိုသို့ပြုလုပ်သည်ကို မည်သူမှ မသိကြပေ။

မကြာမီတွင်တော့ မိုးကောင်းကင်တံခါးမှ ရေကဲ့သို့ကြည်လင်သည့်အလင်းရောင်များသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် ချက်ချင်းပေါင်းစပ်သွားသည်ကို တွေ့မြင်လိုက်ကြရလေသည်။ ထို့နောက် ပြိုင်ဘက်ကင်း နတ်ဘုရားအရံအတားတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဘုရားများအားလုံးကို ထောင်ချောက်ဆင် ပိတ်ဆို့ထားလိုက်လေတော့သည်။

ရုတ်တရက်… သူတို့၏ မြင်ကွင်းထဲမှ ဆန်းလျန် ပျောက်ကွယ်သွားလေသည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါးက…

"မကြောက်ကြနဲ့ ၊ ဒီအရံအတားကို ကျုပ်တို့တွေ အတူတူ ဖျက်စီးပစ်ကြမယ် ၊ မိုးကောင်းကင်တံခါးဆိုတာ တန်ဖိုးကြီးတဲ့ မှော်ဝင်ပစ္စည်းတစ်ခုပဲ ၊ သူ ရသွားလို့ မဖြစ်ဘူး…"

ဆန်းလျန်ကတော့ မိုးကောင်းကင်တံခါးအနားသို့ ရောက်ရှိနေလေသည်။

ခုံရွှမ်းနှင့်တိုက်ပွဲက သူ့အတွက် မလွယ်ကူခဲ့ပေ။ ထို့ကြောင့် သူက အခြားနတ်ဘုရားများနှင့် ထပ်မံတိုက်ခိုက်လိုခြင်း မရှိတော့သည့်အတွက် အရံအတားတစ်ခု ပြုလုပ်ကာ နတ်ဘုရားများကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်လေသည်။

ထိုနတ်ဘုရားများ သူ့ကိုတားဆီးနေလျှင် သူ့အနေဖြင့် မိုးကောင်းကင်တံခါးကို ရယူရန် အချိန်နှောင့်နှေးသွားမည် ဖြစ်သည်။

ရေကဲ့သို့ကြည်လင်သည့်အလင်းတန်းများက နဂါးငွေ့တန်းအလား မြင့်တက်လာပြီး မိုးကောင်းကင်ခုံရုံးတစ်ခုလုံးကိုပင် ဖုံးလွှမ်းတော့မည့်အလား ဖြစ်လေသည်။

ရွှမ်ဟွမ်မိုးနတ်မင်း၏မျက်နှာက အေးစက်နေလေ၏။

သူက ချက်ချင်းပင် သူ့ကိုယ်သူ ထိုက်ချိယင်ယန် ပန်းချီကားအသွင်သို့ ပြောင်းလိုက်ပြီး မိုးကောင်းကင်ခုံရုံးကို နယ်ချဲ့လာသည့် နဂါးငွေ့တန်းမြစ်ရေများကို တားဆီးထားလိုက်လေသည်။

ထို နဂါးငွေ့တန်းမြစ်ရေများသည် တာအိုဆရာ လီချင်းဆွေ၏ တန်ခိုးစွမ်းအားများဖြစ်လေသည်။

ယခုအချိန်တွင်… တာအိုဆရာယွိတင်က မိုးကောင်းကင်တံခါးနောက်သို့လိုက်နေလေသည်။ ရွှမ်ဟွမ်မိုးနတ်မင်းလည်း မိုးကောင်းကင်တံခါးနောက်သို့ လိုက်နေမည်ဆိုပါက ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ လီချင်းဆွေရောက်လာကာ မီးအိမ် (၂)လုံးကို ယူသွားရန် အခွင့်အရေးရသွားနိုင်လေသည်။

ထိုသို့တွေးမိသည့်အတွက် ရွှမ်ဟွမ်မိုးနတ်မင်းက ဘုရင်ရှစ်ပါးနန်းတော်တွင် ရှိနေခဲ့ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်… ရွှမ်ဟွမ်မိုးနတ်မင်း အလွန်အမင်း ဒေါသထွက်နေလေသည်။ တာအိုဆရာယွိတင်က သူ မိုးကောင်းကင်တံခါးကို ရရှိသွားမည်စိုးရိမ်သည့်အတွက် အရင်ဦးအောင် ခြေတစ်လှမ်းစောကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

သူ့အနေဖြင့် မိုးကောင်းကင်တံခါးကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိမှတော့ မိုးကောင်းကင်ခုံရုံးကိုသာ ဆက်လက်တည်ငြိမ်အောင်လုပ်သည်က သူ့အတွက် အကောင်းဆုံး ဖြစ်လေသည်။

သူက ဘုရင်မကြီးဖြစ်သည့် မယ်တော်ဝမ်မူကိုပင် တိုက်ခိုက်ခဲ့ပြီး တစ်လောကလုံး၏ ဘုရင်ဖြစ်ကြောင်းသက်သေပြခဲ့ပြီးပြီ ဖြစ်သည်။ သို့သော်… ဘုရင်မကြီး၏ လက်ချက်ကြောင့် သူ၏ မိုးကောင်းကင်ခုံရုံး အခြေခံအုတ်မြစ် အတော်များများ ပျက်စီးသွားခဲ့ရလေသည်။

ရွှမ်ဟွမ်မိုးနတ်မင်းက ဆုံးဖြတ်ချက်ချပြီးသည်နှင့်…

"လီချင်းဆွေ မင်းက ကျုပ်ရဲ့ မိုးကောင်းကင်ခုံရုံးကို  ရေလွှမ်းမိုးစေမယ်ဆိုရင် ကျုပ်က မင်းကို မီးလောင်တိုက်သွင်းပစ်မယ်…"

လီချင်းဆွေထံမှ မည်သည့်တုံ့ပြန်သံမှ မကြားရပေ။ သို့သော်… နဂါးငွေ့တန်းကတော့ ဒီရေအလား မြင့်တက်လာလေသည်။

သို့သော်… လီချင်းဆွေထံမှ မည်သည့်တုံ့ပြန်သံမှ မကြားရပေ။

ရွှမ်တုတောက်ကျွင်းက စိတ်ဆိုးဒေါသထွက်ခြင်း မရှိတော့ဘဲ အေးစက်စွာ တစ်ချက်ပြုံးလိုက်ပြီး ဘုရင်ရှစ်ပါးနန်းတော်ရှိရာသို့ ပြန်လှည့်သွားလေသည်။

သူက ထိုက်ချိယင်ယန်ပန်းချီကားဖြင့် ပေါင်းစပ်ထားသူတစ်ယောက် ဖြစ်သည့်အတွက် မိုးကောင်းကင်တံခါးကို ရယူချင်သည်ဆိုလျှင်လည်း သိပ်တော့မခက်ခဲလှပေ။ သို့သော်… တာအိုဆရာလီချင်းဆွေနှင့် တကယ်တမ်းထိပ်တိုက်ရင်ဆိုင်ရန်မှာတော့ တာအိုဆရာသခင်ထိုက်ယီကို သတိထားရမည် ဖြစ်လေသည်။ တာအိုဆရာသခင်ထိုက်ယီက မည်သည့်တွက်ချက်မှုများကို ပြုလုပ်ထားသည်လဲ သူ မသိနိုင်ပေ။

သူ့အနေဖြင့် တာအိုဆရာသခင်ထိုက်ယီနှင့်ယှဉ်ပြီး မိုက်ရလောက်အောင်တော့ မတန်ဟု ယူဆထားလေသည်။

အရာရာတိုင်းတွင် အကြောင်းနှင့်အကျိုး ရှိလေသည်။ မဟာတာအိုလမ်းစဉ်သည် အစဉ်အမြဲ သဘာဝကျသည့် လမ်းစဉ် ဖြစ်လေ၏။

ယနေ့ ပြုမူသည့် အပြုအမူများအတွက် လီချင်းဆွေ နောင်တရလေမည်လားဆိုသည်ကိုတော့ သူလည်း သေချာ မသိပေ။

***

နတ်ဘုရားတိုင်း မိုးကောင်းကင်တံခါးကို ရရှိရန် တိုက်ခိုက်နေကြသည့်အချိန်….

လင်စန်းတောင် ၊ တာ့လေယင်းကျောင်းတော်အတွင်းသို့ ဘုန်းတော်ကြီးတစ်ပါး ဝင်ရောက်လာလေသည်။ ထိုဘုန်းတော်ကြီးမှာ တိကျန်ဗောဓိသကျ ဖြစ်လေ၏။

ကျောင်းတော်ထဲတွင် မီလဲ့ကိုယ်တော်လည်း ရှိနေလေသည်။

မီလဲ့ကိုယ်တော်က အဖြူရောင်ကြာပလ္လင်ထက်တွင် ထိုင်နေလေသည်။ သူ၏ပုံစံက သတ္တဝါများကို ဒုက္ခအပေါင်းမှ ကယ်တင်တော့မည့်အလား မျက်နှာက တည်ကြည်လေးနက်လျှက်ရှိသည်။

မီလဲ့ကိုယ်တော်က…

"မင်းရောက်လာပြီပေါ့…"

တိကျန်ဗောဓိသကျက ပြုံးလိုက်ရင်း…

"ဒီနေ့ လူတိုင်းအလုပ်ရှုတ်နေကြတာ ၊ အဲဒါ အခွင့်ကောင်းပဲ…"

မီလဲ့ကိုယ်တော်က…

"ကျုပ်လည်း အဲဒီလို ခန့်မှန်းထားပါတယ်…"

တိကျန်ဗောဓိသကျက…

"ကျုပ်ရောက်လာတာ အချိန်ကောင်းပေါ့…"

မီလဲ့ကိုယ်တော်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"ဘာအချိန်ကောင်းလဲ ၊ လင်စန်းတောင်နဲ့ တာ့လေယင်းကျောင်းတော်ကို ဖျက်စီးပစ်ဖို့ အချိန်ကောင်းလို့ ပြောချင်တာလား…"

တိကျန်ဗောဓိသကျက…

"ဗုဒ္ဓက အသင်္ချေသော သာဝကတွေရဲ့ ဆရာသခင်ပါ  ၊ သူ့ရဲ့ကြီးမြတ်မှုကို သံသယဝင်စရာ မလိုပါဘူး ၊ ဒါပေမဲ့ အခု ဗုဒ္ဓမှမရှိတော့တာ ၊ လင်စန်းတောင်နဲ့ တာ့လေယင်းကျောင်းတော်ကို ချန်ထားပြီးတော့ ဘာလုပ်ဦးမှာလဲ ၊ ကျုပ် လင်စန်းတောင်ကို ဖျက်စီးတယ်ဆိုတာ ဗုဒ္ဓကို လေးစားလွန်းလို့ လုပ်ရတာပါ ၊ ဒါဆိုရင် အားလုံးလည်း သန့်စင်သွားမယ်…"

မီလဲ့ကိုယ်တော်က…

"ဒါဆိုရင် ဗုဒ္ဓက ဘာလို့ သုခဘုံကို မဖျက်စီးခဲ့ရတာလဲ ၊ ဘာလို့ ရွှီမီစန်းတောင်ကိုလည်း မဖျက်စီးရတာလဲ ၊ မင်းရဲ့လုပ်ရပ်တွေက တရားမဝင်တာကို တရားဝင်သလိုလို လှည့်စားပြောဆို မနေပါနဲ့တော့…"

တိကျန်ဗောဓိသကျက တည်ကြည်သည့် မျက်နှာထားဖြင့်….

"ဒါကအသေးအဖွဲလေးပါ ၊ တကယ်ဆို သေချာကြိုးစားရင် လူတိုင်းဗုဒ္ဓဖြစ်နိုင်တာပဲလေ ၊ ပြီးတော့… ကျုပ်က မင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး ၊ လင်စန်းတောင်နဲ့ တာ့လေယင်းကျောင်းတော်ကို ဖျက်စီးပြီးရင် မင်းကို အလွတ်ပေးပါ့မယ်…"

မီလဲ့ကိုယ်တော်က နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

မြေပြင်တွင် ဗုဒ္ဓလမ်းစဉ်က ရှိနေဆဲ ဖြစ်လေသည်။

သို့သော်… တိကျန်ဗောဓိသကျ၏ အပြုအမူများက စေ့စပ်သေချာမှုရှိလေသည်။ သူက ဗုဒ္ဓချမှတ်ထားသည့် လမ်းစဉ်များကိုပင် ဖီဆန်ကာ လောကတစ်ခုလုံးကို အပိုင်သိမ်းလိုခြင်း ဖြစ်သည်။

သို့သော်… မီလဲ့ကိုယ်တော်က ဗုဒ္ဓ၏လမ်းစဉ်ကို စောင့်ရှောက်နေသည့်အတွက် တိကျန်ဗောဓိသကျနှင့် လားရာဆန့်ကျင်လျှက် ရှိလေသည်။

ထို့ကြောင့် မီလဲ့ကိုယ်တော်နှင့်တိကျန်ဗောဓိသကျတို့၏တိုက်ပွဲသည် အနှေးနှင့်အမြန် ရောက်လာမည်ပဲ ဖြစ်လေသည်။

သို့သော်… ယနေ့ တိုက်ခိုက်ကြလျှင်တော့ အကောင်းဆုံးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်… မီလဲ့ကိုယ်တော်ကို အကူအညီပေးနိုင်သူအများစုမှာ မိုးကောင်းကင်တံခါးသို့ အာရုံရောက်နေကြသောကြောင့် ဖြစ်သည်။

ထို့ပြင်… ဆန်းလျန် ၊ ရွှမ်ဟွမ်မိုးနတ်မင်းတို့မှာလည်း ကိုယ့်ကိစ္စနှင့်ကို ရှုတ်နေကြသည့်အချိန် ဖြစ်လေသည်။ ထို့ကြောင့် တိကျန်ဗောဓိသကျအတွက် မီလဲ့ကိုယ်တော်ကို တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။

မီလဲ့ကိုယ်တော်က…

"ဒါဖြင့်လည်း လက်တွေ့ကျကျ လုပ်ကြရအောင်…"

မီလဲ့ကိုယ်တော်အနေဖြင့် တိကျန်ဗောဓိသကျကို အနိုင်ယူနိုင်ရန် မလွယ်လှပေ။

တိကျန်ဗောဓိသကျ၏နောက်တွင် အသူရာချောက် (၉)ထပ်၏ တန်ခိုးစွမ်းအားများက ထောက်ပံ့ပေးထားလေသည်။

သူ၏ဓမ္မသည် အသူရာချောက် (၉)ထပ်ဖြစ်ပြီး သူ၏ နတ်ဘုရားခန္ဓာသည်လည်း အသူရာချောက်မှ တန်ခိုးစွမ်းအား ဖြစ်လေသည်။

မီလဲ့ကိုုယ်တော်က ကျင့်စဉ်လမ်းတွင် ထိပ်ဆုံးအဆင့်သို့ မရောက်ရှိသေးသည့်အပြင် လော်ဝါဒ၏သူတော်စင်မိန်းမပျို ကျောက်ရှောင်ယွီနှင့် တိုက်ခိုက်သည့်ပွဲတွင်လည်း ဒဏ်ရာရထားသေးသည်။

သူ့ကိုကူညီပေးနိုင်သူဆို၍ ဘုရင်မကြီးသာ ရှိလေသည်။ သို့သော်… လက်ရှိအခြေအနေတွင် တိကျန်ဗောဓိသကျ၏အခြေအနေက ပြီးပြည့်စုံနေသည့်အတွက် ဘုရင်မကြီးရောက်လာလျှင်ပင် အနိုင်ရနိုင်မည် မဟုတ်ပေ။

မီလဲ့ကိုယ်တော် တိကျန်ဗောဓိသကျနှင့် ရင်ဆိုင်နေရချိန်တွင် မိုးကောင်းကင်ခုံရုံးမှ နတ်ဘုရားအုပ်စုမှာတော့ ဆန်းလျန်ပြုလုပ်ထားသည့်အရံအတားထဲတွင် ပိတ်မိနေကြလေသည်။

"မြန်မြန်လုပ်ကြ ၊ ဆန်းလျန်ထျန်းကျွင်းက ကျုပ်တို့အားလုံးကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ဒီအရံအတားက ကျုပ်တို့ရဲ့ အမြင်အာရုံနဲ့အကြားအာရုံတွေကို ရှုတ်ထွေးအောင်ပဲ လုပ်နိုင်တယ်…"

ထိုစကားကိုပြောလိုက်သူက တုန်းဟွာတောက်ကျွင်း ဖြစ်လေသည်။

သူ မည်သည့်အချိန်ကတည်းက ရောက်နေသည်ကို မည်သူမှ မသိကြပေ။ အခြားသောနတ်ဘုရားများက သူ့ကို လှမ်းကြည့်လိုက်ကြလေသည်။

"တုန်းဟွာတောက်ကျွင်းပြောတာမှန်တယ် ၊ ဒါပေမဲ့ ဒီအရံအတားက မြူခိုးတွေနဲ့ပြည့်နေတာ ၊ အချိန်တိုတိုနဲ့ ကျုပ်တို့ ဘယ်လိုလုပ်တွန်းလှန်နိုင်မလဲ…"

နတ်ဘုရားတစ်ပါးက တုန်းဟွာတောက်ကျွင်း၏ စကားကို တုန့်ပြန်လိုက်သည်။

ထိုနတ်ဘုရားက အနက်ရောင်ဝတ်ဆင်ထားသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော်… မြူခိုးများဝေနေသဖြင့် အခြားသူများက သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်း မရှိပေ။

ကျန်းဝူနတ်ဘုရားကတော့ ထိုနတ်ဘုရားကို တစ်ချက်ကြည့်ကာ အလေးအနက် တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။

တုန်းဟွာတောက်ကျွင်းက…

"မိတ်ဆွေပိုင်ကျဲ့ ၊ မင်းရောက်နေတယ်ဆိုလည်း ဘာလို့ ထွက်မလာရတာလဲ…"

စကားသံဆုံးသွားသည်နှင့် လေထုထဲတွင် လှိုင်းများထလာပြီး ခြင်္သေ့တစ်ကောင်၏ခန္ဓာ ၊ ဆိတ်ဦးချိုများပါရှိပြီး ၊ နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် သားရဲတစ်ကောင် ထွက်ပေါ်လာလေသည်။

ထို့နောက် ထိုသားရဲက အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ပုံစံပြောင်းလဲသွားလေသည်။

ထိုသူက…

"မုကုန်းကတော့လေ… အရင်အတိုင်း တော်နေဆဲပဲ…"

တုန်းဟွာတောက်ကျွင်းက ပြုံးလိုက်ရင်း…

"ကျုပ်တစ်ယောက်တည်းတော်တာမဟုတ်ဘူးနော် ၊ မင်းရောက်နေတာ ကျုပ်လိုပဲ သိတဲ့သူတွေ ရှိသေးတယ်…"

ထို့နောက် တုန်းဟွာတောက်ကျွင်းက အနက်ရောင်ဝတ်ဆင်ထားသူကို လှည့်ကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်လေသည်။

အနက်ရောင်ဝတ်ဆင်ထားသူက ခပ်တည်တည်မျက်နှာထားဖြင့်ပင် ရပ်နေလေ၏။ သို့သော်… သူက တုန်းဟွာတောက်ကျွင်းကို လက်ဖဝါးတစ်ဖက်ဖြန့်ပြလိုက်လေရာ သူ့လက်ထဲတွင် အဖြူရောင်အမွှေးတစ်ချို့ ရှိနေသည်ကို တွေ့မြင်လိုက်ကြရလေသည်။

အဖြူရောင်အမွှေးများကို တွေ့မြင်လိုက်ရသည့်အခါ ပိုင်ကျဲ့မှာ အံ့သြမှင်တက်သွားရလေသည်။ သူ့အမွှေးများ မည်သည့်အချိန်က အနှုတ်ခံလိုက်ရလေသနည်း။ သူလုံး၀ သိရှိခဲ့ခြင်းမရှိပေ။

ထိုသူက သူ့ကို အမွှေးနှုတ်ရုံသာမဟုတ်ဘဲ သတ်သွးမည်ဆိုလျှင်လည်း သူခံလိုက်ရမည် ဖြစ်လေသည်။

သူက အနက်ရောင်ဝတ်စုံနှင့်သူ မည်သူဖြစ်သည်ကို သိရှိရန် တန်ခိုးစွမ်းအားအသုံးပြုကာ ကြည့်လိုက်လေသည်။ သို့သော်… သူ၏စိတ်အာရုံထဲတွင် အနက်ရောင်မြူခိုးများကိုသာ တွေ့မြင်လိုက်ရပြီး သူ၏တန်ခိုးစွမ်းအားများကို တွင်းနက်ကြီးတစ်ခုက စုပ်ယူပစ်လိုက်လေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ မည်သူဖြစ်သည်ကို သူ ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက်… သူ့ရင်ထဲတွင် ဓားနှင့်ထိုးစိုက်လိုက်သည့်အလား စူးရှမှုကို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ချလိုက်လေသည်။

ပိုင်ကျဲ့က…

"ဒါက… ဒါက…"

သို့သော်… အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသူက ပိုင်ကျဲ့ကို တစ်ချက်ကြည့်လိုက်လေရာ ပိုင်ကျဲ့မှာ သူပြောချင်သည့်စကားများကို ဆက်မပြောရဲတော့ဘဲ စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်ရလေတော့သည်။

***

All Chapters